ပျော်တော်ဆက်သာဂိ – ခြံထွက်တွေနဲ့ ရောင်းတဲ့ ဈေး ရှုံးရှုံးမြတ်မြတ် တဲ့လား လျှပ်စစ်မီတာ

March 4, 2017

ပျော်တော်ဆက်သာဂိ – ခြံထွက်တွေနဲ့ ရောင်းတဲ့ ဈေး ရှုံးရှုံးမြတ်မြတ် တဲ့လား လျှပ်စစ်မီတာ
(မိုးမခ) မတ် ၄၊ ၂၀၁၇

“ပရိသတ်ကြီး မင်္ဂလာပါ” ။ ဒါက ဗမာပြည်က ကြံ့ဖွတ်မဲဆွယ်ပွဲမှာ ပြောတဲ့ နှုတ်ခွန်းဆက်။ ဒီရက်အတွင်း လျှပ်စစ်မီတာဘီလ်တွေ ၃ ဆ ဈေးတက်မယ်ဆိုလို့ ဘကြီးဖြိုးတို့ တရွာလုံး မျက်ဖြူဆိုက်ကုန်တယ် ကြားပါတယ်။ ဘကြီးဖြိုးတို့ရွာက ၂၀၁၇ နှစ်ဆန်းကတည်းက ဖြစ်ရပ်ဆန်းတွေနဲ့ စည်ကားနေလိုက်တာ အမေရိကားက ဒေါ်နယ်ထွန်းနဲ့ နင်လား ငါလား ဖြစ်နေတယ် ဆိုပါတယ်။

သာဂိတို့ ဘကြီးဖြိုးရွာကို သွားတော့ မီးဆရာ ကိုကြီးကျော်နဲ့ အမှိုက်တွန်းလှည်းဆရာ ဦးမော်ကြီးတို့နဲ့ ဆုံခဲ့ပါသေးတယ်။ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတဲ့နေရာမှာ လူထုရဲ့ မျက်စောင်းဒဏ်ကို ပြင်းထန်စွာ ခံစားနေရတဲ့ ၀န်ကြီးတွေ၊ အမတ်တွေ၊ ၀န်ထမ်းတွေနဲ့ ပညာရှင်တွေရဲ့ ဘ၀ကို တစေ့တစောင်း လေ့လာခွင့် ရခဲ့ပါတယ်။

မီးဆရာကိုကြီးကျော်က ပညာရှင်ပါ။ ဘကြီးဖြိုးက သူ့ကို အတိုင်ပင်ခံခန့်ထားတော့ လျှပ်စစ်မီး ဖွံဖြိုးတိုးတက်ရေးအတွက် အကြံကောင်းဥာဏ်ကောင်းတွေ ပေးရင်း ပေးရင်း လျှာတွေ ထွက်ပြီး အာတွေ ပေါက်နေရှာပါတယ်။ အမှိုက်တွန်းလှည်းဆရာ ဦးမော်ကြီးကတော့ ၀ါရင့်ဝန်ထမ်းတဦး ဖြစ်ပါတယ်။ သူ့ခင်ဗျာလည်း ဘကြီးဖြိုးတို့ တရွာလုံး သန့်ရှင်းစည်ပင်ရေးအတွက် အမှိုက်ကောက်လိုက် တပြက်စည်းလှည်းလိုက်နဲ့ မအားရရှာပါ။ သူများတွေ သန့်ရှင်းရေးလုပ်ရင်းနဲ့ သူကိုယ်တိုင်တောင် ရေချိုးဖို့ မေ့နေသလား မှတ်လို့ သူငယ်ချင်းတွေက သတိပေးနေရသူပါ။

မီးဆရာကိုကြီးကျော်က မီးကောင်းကောင်းလာအောင် ပြုပြင် ပြင်ဆင်ချင်တယ်။ သို့သော် ခေါက်ရိုးကျိုးနေတဲ့ ၀န်ထမ်းတွေကို လုပ်ထုံးလုပ်နည်းတွေကို ပြင်ဆင်ဖို့ ခက်နေတယ်။ အမှိုက်ဆရာကြီးက ၀န်ထမ်းဝါရင့်ကြီးပီပီ ‘ဘောင်’အတွင်းကနေ အမှိုက်ကင်းစင်ရေးကို အစွမ်းကုန် ဆောင်ရွက်တယ်။ သို့သော် ပြည်သူတွေက သူတို့ဝန်ထမ်းကောင်းတွေရဲ့ စေတနာကို နားမလည်ကြဘူး။ အပြစ်ချည်းပဲ မြင်ကြတယ်လို့ ပြောပါတယ်။

ကိုကြီးကျော်ကတော့ သည်လိုစဉ်းစားတယ်၊ ဘကြီးဖြိုးလောက်နဲ့ စကားမပေါက်တော့ဘူး၊ ဟိုးအပေါ်က ဘွားတော် စုကို တိုက်ရိုက် ဦးတိုက်လိုက်နိုင်ရင် ကောင်းမလား တဖွဖွ ပြောဆို ညည်းညူပါတယ်။ ဦးမော်ကြီးက ရှိနေ ရောက်နေတဲ့ နေရာဌာနကနေ အစွမ်းကုန် တိုးချဲ့ တွန်းတိုက်ပြီး လုပ်ရင်း အနံ့ဆိုးတွေ ရှင်းပြီး ကောင်းသတင်းအနံ့တွေနဲ့ လွှမ်းမိုးစေရမယ်လို့ အထင်ရောက်နေပါတယ်။ သူတို့က ကျောင်းနေဘက် သူငယ်ချင်း ၂ယောက်ဆိုတော့ တဦးနဲ့ တဦးဆုံကြရင် အားမနာတမ်း ဝေဖန် ပြစ်တင် သုံးသပ် ဆုံးဖြတ်နေကြတာ စိတ်ဝင်စားစရာပါ။

သာဂိတွေးမိတဲ့အချက်တခုကတော့ သည်လိုပါ။ ဆေးဆရာဦးတုတ်ကြီးပြောတဲ့ ပုံပြင်ထဲကလိုပေါ့ ခင်ဗျာ။ ရွာတရွာမှာ ဒေါ်ရွှေမိက ခြံထဲမှာ စိုက်ထားတဲ့ အုန်းပင်ကသီးတဲ့ အုန်းသီးတွေ ခူးပြီး ခြံဝမှာ ထွက်လို့ အုန်းနို့ခေါက်ဆွဲ ဆိုင်ထွက်ရောင်းပါသတဲ့။ ခြံထဲကထွက်တဲ့ အုန်းသီးကို အရင်းစိုက်ပြီး ဈေးရောင်းတာဆိုတော့ ဘယ်လိုတွက်တွက် ရောင်းသမျှ အမြတ်ကြီးပဲလို့ သဘောထားပါသတဲ့။ ခြံထဲက အုန်းသီး၊ ခြံထဲက ကြက်သွန်၊ ခြံထဲက ကြက်၊ ခြံထဲက ဘုံဘိုင်ရေ၊ ခြံထဲက အိုးခွက်ပန်းကန်၊ ခြံထဲက ကိုယ့်ကလေးတွေက ခိုင်းတာမှန်သမျှ လုပ်၊ ခြံထဲက ထင်းကို ဆိုက် … ဆိုတော့ ရောင်းသမျှ အကုန်မြတ်နေတာချည်းပဲလို့ ဒေါ်ရွှေမိ သဘောထားတယ်။ ဟဲ့ အုန်းနို့ခေါက်ဆွဲ တပွဲ တမတ်ဆိုလည်း ရောင်း။ တကျပ်ဆိုလည်း ရောင်း။ ဟင်းရည်အဆစ်ကလည်း ပေးလိုက်သေး။ သည်တော့ ဆေးဆရာတုတ်ကြီးက ပြောပါတယ်၊ ရွှေမိတို့က ခြံထွက်တွေ ဘာရောင်းရောင်း အကုန်ထွက်တာ အမြတ်တွေချည်းပဲ ထင်နေရှာတယ် … တဲ့။ မင်းတို့တွေလည်း ဘ၀မှာ ဘာလုပ်လုပ် ခြံထွက်နဲ့ အရင်းစိုက်တိုင်း အမြတ်ထွက်တယ် ထင်နေကြမယ် မထင်နဲ့တဲ့ ခင်ဗျ။

သာဂိကတော့ အဲသည်ဥပမာကို ကိုကြီးကျော်နဲ့ ဦးမော်ကြီးကို ပြောပြပါတယ်။ လျှပ်စစ်တွေကို ပြည်သူတွေထံ ထုတ်ရောင်းပေးနေတာ ခြံထွက်တဲ့အုန်းသီးနဲ့ ဈေးရောင်းနေသလို တမီတာ ၂၅ ကျပ်နဲ့ လျော့ဈေးချထားတာဆိုတော့ အစိုးရက တမီတာရောင်းတိုင်း ၁၀၀ ကျပ် ကျရင် သူတို့ ၇၅ ကျပ်ဖိုး အရှုံးခံ ရောင်းပေးနေတာ မသိသင့်ဖူးလား ပေါ့ခင်ဗျာ။ ဦးမော်ကြီးတို့ စည်ပင်အမှိုက်ခွန်ဆိုတာကလည်း တလမှ ၁၅ ကျပ် (ဆိုကြပါစို့) ၊ တကယ်တမ်း ၀န်ထမ်းတွေ ပစ္စည်းစာရိတ်တွေနဲ့ဆိုရင် တလကို ၁၀၀ ကျပ်လောက်တော့ အမှိုက်ခွန် ကောက်သင့်တယ်လို့များ ပြည်သူလူထုကို တင်ပြသင့်တယ် မထင်ဖူးလားပေါ့။ သည်မှာတင် အဆိုပါ စကားဝိုင်းကို နဘေးက နားစွင့်နေတဲ့ ကွမ်းယာသည် ကိုမြင့်၏ အိမ်သူ မပုက ခွန်နှစ်သံ ချီပြီး သဘောထားကို ထုတ်ဖော်တော့တာပါပဲ။

ခရိုနီတွေ စားထား ခိုးထားတာတွေ၊ အစိုးရပရိုဂျက်တွေမှာ ဘုံးထားတာတွေ၊ ခြစားထားတာတွေတော့ လုပ်ဖို့ မစဥ်းစားကြဘူး။ ၀န်ထမ်းတွေ အကျင့်ပျက်နေတာကို လူထုက ခွံ့နေရ၊ ကြို့နေရတာကိုတော့ အရေးယူဖို့ မတွေးကြဘူး။ တဆိတ်ရှိ ဟောသည်က မပုတို့လို အပြစ်မဲ့ ပြည်သူတွေကို မီတာဘိုး၊ အမှိုက်ဘိုးတွေ တိုးကောက်ဖို့ ၀န်ထုပ်ဝန်ပိုးတွေ ပိုပိဖို့ပဲ လုပ်နေကြသတဲ့။ ကောင်းကြသေးရဲ့လား အရပ်ကတို့ရေတဲ့ ခင်ဗျ။

သည်နေရာမှာ သာဂိက မြို့ကြီးသားပီပီ တောသားတွေ ကြိုက်မှန်း မကြိုက်မှန်း မသိ၊ ကိုယ့်အတွေ့အကြုံကို ၀င် ဝေမျှမိပြန်ပါတယ်။ အခွန်ဆိုတာ ပြည်သူကပေးပြီး အစိုးရအတွက် ဘဏ္ဍာဖြစ်လာတဲ့အကြောင်း၊ နိုင်ငံတော်က အားလုံးပိုင်တဲ့ အရင်းအမြစ်တွေအပြင် အခြားက ပံ့ပိုးတဲ့ ကူငွေတွေ ချေးငွေတွေလည်း ရှိတဲ့အကြောင်း၊ ဒါတွေနဲ့ နိုင်ငံတော်ဟာ သူ့အိမ်စာရိတ်၊ ခြံစာရိတ်ကို လည်ပတ်ရသမို့ အားလုံး သက်သာချောင်ချိအောင်လည်း လုပ်ရသလို ခြိုးခြံချွေတာရေးလည်း လုပ်ရပါကြောင်း။ မလောက်မငှဖြစ်လာရင် အားလုံးက ထည့်ဝင် စိုက်ထုတ်ကြရသမို့ အကျင့်ပျက် ခြစား ခိုးထား ၀ှက်ထားတာတွေနောက် လိုက်လံ ဖော်ထုတ်တောင်းဆိုနေရသလို တပြိုင်နက်တည်းမှာလည်း အခြေခံလူတန်းစားတွေကလည်း အခွန်ငွေလေး၊ မီတာဘီလ်လေး တတ်နိုင်သလောက် တိုးထည့်သင့်ပါကြောင်းပေါ့လေ။ ပြောမိပါတယ်။

မပုတို့ကတော့ အိတ်ပေါက်နဲ့ ဖားကောက်နေရတာတွေကြောင့် အခွန်တိုးတိုင်းလည်း တိုင်းပြည်ချမ်းသာလာမယ် မထင်ကြောင်း နှုတ်ခမ်းတလံ ပန်းတလံနဲ့ ဆက်ပြီး နှုတ်လှန်ထိုးပါတယ်။ မီးဆရာ ကိုကြီးကျော်နဲ့ အမှိုက်တွန်းလှည်းဆရာ ဦးမော်ကြီးတို့ခင်မျာ ကွမ်းယာသည်ကိုမြင့် မေတ္တာနဲ့ ယာကျွေးတဲ့ ကွမ်းကို တမြုံ့မြုံ့ မြိုနေမိသမို့ အာစေးမိနေသလို ကျီးကြည့် ကြောင်ကြည့် ဖြစ်နေရတာပေါ့ ခင်ဗျာ။

မီတာဘီ ၂၅ ကျပ်၊ အမှိုက်ခွန် ၁၅ ကျပ်နဲ့ နေသားကျနေသူ သက်သာချောင်ချိခွင့်ရနေတဲ့ ဘကြီးဖြိုး ရွာသူ ရွာသားတွေအတွက် ဈေးတက်မယ်ဆိုတာက လက်ငင်းပြသနာပါ။ ဘကြီးဖြိုးကလည်း ခြိုးခြံချွေတာရေးတွေ လုပ်နေသော်လည်း ယခင်ဆိုးမွေတွေကြောင့် ပြင်ချင်တိုင်း ပြင်မရ၊ ဖျက်ချင်တိုင်း ဖျက်မရတဲ့ အသိုင်းအ၀ိုင်း အစုအဝေးကြီးကို ထွေးလို့မရ အန်ထုတ်လို့ မရ ဖြစ်နေရရှာတာပါ။ ကိုကြီးကျော်တို့လို ကြီးတော်နွားကျောင်းချင်သူတွေ၊ ဦးမော်ကြီးတို့လို ၀န်ထမ်းဖြောင့်ဖြောင့်လုပ်ချင်သူတွေမှာလည်း မပုတို့လို လူထုမျက်မှောက်မှာ မျက်နှာမရ ခြေထောက်ရ ဖြစ်နေရပါတယ်။

ငါတို့ခေါင်း တောက်နေတဲ့ မီးနဲ့ လူတွေကို အလင်းပေးလိုက်ရရင် မီးဘိုးလည်း သက်သာသွားနိုင်သကွလို့ ကိုကြီးကျော်က ဖြေတွေးလေး တွေးပါတယ်။ ဖေ့စ်ဘွတ်မှာ ကင်ဆာပျောက်တဲ့နည်းတွေ မှိုပေါက်သလို ပေါ်လာသလိုမျိုး အမှိုက်တွေကို ချက်စားလို့ ရတဲ့နည်းလေး ဘာလေး ပေါ်လာရင်လည်း မဆိုးဘူး၊ ငါတို့တွေတောင် အမှိုက်ကောက်နေစရာမလိုဘူးလို့ ဦးမော်ကြီးကလည်း စိတ်ကူးယဉ်ပါတယ်။ သာဂိကတော့ မပုတို့လို ပြည်သူတွေဆီ စကားပေါက်အောင် ပြောနိုင်ရင်တော့ သိပ်မဆိုးလောက်ဘူးလို့ အထင်ရောက်မိပြန်ပါတယ်။

ခက်တာက ဒေါ်ရွှေမိခြံထဲက ထွက်တဲ့ အုန်းသီးနဲ့ ချက်ရောင်းတဲ့ အုန်းနို့ခေါက်ဆွဲကို ရပ်ကွက်ထဲက လူတွေခင်မျာ တပွဲ တမတ်ထက်လည်း ပိုမှ မပေးနိုင်သေးတာကိုးလေ။ ဆေးဆရာဦးတုတ်ကြီး ပုံပြင်ထဲကလို ဆိုရင်တော့ သည်ပုံပြင်ကို ဘယ်လိုဆက်ပြီး သင်ခန်းစာထုတ် ပြောလို့ ရလေမလဲ။ အုန်းနို့ခေါက်ဆွဲ တပွဲ တမတ်နဲ့ ဆက်ရောင်းလို့ရအောင် ရပ်ကွက်ထဲက အမှန်တကယ်စားသုံးသူတွေက ဒေါ်ရွှေမိခြံထဲက အုန်းသီးတွေ ကူခူးပေး၊ ခြံထဲက ကြက်တွေ ၀ိုင်းကူသတ်ပြီး လုပ်အားပေးကြတာမျိုး လုပ်ခိုင်းကြမှနဲ့ တူပါရဲ့။ အုန်းနို့ခေါက်ဆွဲ တပွဲ တမတ်နဲ့ ဈေးနှိမ်ဝယ်ပြီး တခြားရပ်ကွက်ထဲ တပွဲ တကျပ် လှည့်ရောင်းနေတဲ့ ၀ိသမမှောင်ခိုသမားတွေကိုတော့ မပုတို့ အားကိုးနဲ့ လိုက်ဖော်ပြီး ရွာထဲက နှင်ထုတ်မှ တော်မယ် ထင်ပါရဲ့လေ။

ကဲ … တော်သေးပြီ ပရိသတ်ကြီး။ ဗိုလ်အောင်ဒင် ကက်ဆက်ဇာတ်လမ်းထဲကလို နိဂုံးချုပ်ရမယ်ဆိုရင်ဖြင့် ဒီမယ် မမြ၀င်း … ဒီလှေနံနှစ်ဘက်မှာ … ကျုပ် ဗိုလ်အောင်ဒင်ဘက်ကိုသာ သာသာထိုးထိုးလေး နင်းလိုက်စမ်းပါပေါ့။ ကြားဖြတ်ရွေးကောက်ပွဲမှာလည်း ဘာပဲပြောပြော ဗိုလ်အောင်ဒင် … အဲလေ ဘွားတော်စုတို့ ပါတီပဲ နိုင်ကြစီ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သာဂိ, သရော်စာ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်