နိုင်ဝင်းသီ​ ● အင်းယားကို သက်သေတည်၍

March 6, 2017

နိုင်ဝင်းသီ​ ● အင်းယားကို သက်သေတည်၍

(မိုးမခ) မတ် ၆၊ ၂၀၁၇

၁၉၈၀/၈၁ ဝန်းကျင်လောက်က ရန်ကုန်မြို့ အင်းယားကန်နဖူးပေါ် တွင်ရှိသော လှေလှော်ရွက်တိုက်စခန်း တခုတွင် မောင် ဥက္ကာ နှစ်နှစ်ကျော်လောက် သောင်တင်ခဲ့ဖူးပါသည်။ အဲသည်တုန်းက အင်းယားကန်ဝန်းကျင် တခွင် လုံး မောင်ဥက္ကာတို့ ခြေရာတွေထပ်ခဲ့သလို အင်းယားရေပြင်စိမ်းစိမ်းမြမြထဲ မှာလည်း မောင်ဥက္ကာတို့ လှေရာတွေ ထပ်ခဲ့ဖူးသည်ပေါ့။

ကိုယ်တွေက ဌာနကြီးတခုကို ကိုယ်စားပြုထားသော လှေလှော်ရွက်တိုက် အားကစားသမားများဖြစ်လေရာ နေ့တိုင်းလိုလို အင်းယားကို လာရပါသည်။ နေ့တဒူဝ အင်းယားရေပြင်ထဲမှာ လှေဆင်းဆင်းလှော်ရပါသည်။ (လှေလှော်တယ်ဆိုတဲ့နေရာမှာ လည်းအနောက်တိုင်းလှေပေါ့ခင်ဗျာ။ နှစ်ယောက်တွဲဆို နှစ်တက်၊ လေးယောက်တွဲဆို လေးတက်၊ ရှစ်ယောက်တွဲဆို ရှစ် တက်ပေါ့) လှေလှော်ရွက်တိုက်စခန်းကို ကယောင်ကတမ်းနဲ့ ရောက်လာတဲ့မောင်ဥက္ကာဟာ အားကစားနဲ့ပတ်သက်တာ ဆို လို့ ငယ်ငယ်တုန်းက အုန်းသီးလုတာတို့ ၊ ခေါင်းအုံးရိုက်ခဲ့ဖူးတာတို့လောက်ပဲရှိတာပါ။ သို့ငြား လှေလှော်ရွက်တိုက်စခန်းကို ရောက်လာပြီးတဲ့အခါမှာတော့ ဆရာသမားတွေရဲ့ အပီအပြင် ထိန်းကျောင်းမောင်းနှင်မှုကြောင့် အမျိုးသားတံခွန်စိုက် အ ငယ်တန်း လေးတက် (မီတာ ၁၀၀၀ လား၊ ၁၅၀၀ လား မမှတ်မိတော့) ပြိုင်ပွဲမှာ ရွှေတံဆိပ်ရရှိခဲ့ဖူးပါတယ်ခင်ဗျ။

ပြောကြစတမ်းဆိုလျှင် ထိုစဉ်က အင်းယားကန်အနေအထားနှင့် ယခုအင်းယားကန်အနေအထားသည် ပုံသဏ္ဌာန်တမျိုးစီ ဖြစ်ပါသည်။ ကန်ဝန်းကျင်အနေအထားနှင့် အခင်းအကျင်းပြောင်းလဲသွားသည်ကို ၇၉ / ၈၀ ဝန်းကျင်က အင်းယားကန်တဝိုက် တွင် အပီအပြင်ကဲခဲ့၊ သည်းခဲ့ဖူးသော ကိုကို မမတွေက ပိုပြီးတော့ သိကြပါလိမ့်မည်။ အဲဒီတုန်းက သည်းနေ ကဲနေ အချစ် နာလန်ထနေသောအတွဲတွေဆိုလျှင် မောင်ဥက္ကာတို့အုပ်စု မမြင်ချင်မှအဆုံးဖြစ်သည်။ အဲဒီ အသွေးအရောင်အမျိုးမျိုး၊ အ ရွယ်အစားအဖုံဖုံသော အတွဲပေါင်းစုံကို မောင်ဥက္ကာတို့ သစ်ပင်ပေါ်မှလည်း တက်ချောင်းခဲ့ဖူးသည်။ ချုံနွယ်ပိတ်ပေါင်းတွေ ထဲမှလည်း ခါချဉ်တွေအကိုက်ခံ၊ ပုရွက်ဆိတ်တွေ အလုံးအရင်းနှင့်ကိုက်ခဲတာကို အံကြိတ်ခံပြီး မျက်တောင်တချက် မခတ်စတမ်း ရှုစားအားပေးခဲ့ဖူးပါသည်။

ကနဦးက သစ်ပင်ချုံနွယ်တွေထဲကို အတွဲတတွဲ ဝင်လာပြီဆိုလျှင် နေရာကောင်းရရန် သူ့ထက်ငါ အလုအယက်ပြေးလွှား လေ့ရှိသော်လည်း ဆားဗစ်အတော်အတန်ရင့်လာသည့်အခါမှာတော့ အတွဲတိုင်းကို မောင်ဥက္ကာလိုက်ပြီး မချောင်းတော့ပါ။

အဓိကဇာတ်လိုက်ဖြစ်သည့်ယောင်္ကျားလေး၏ နဖူးရေဒူးရေနှင့် ရုပ်ဆင်းအင်္ဂါကြန်အင်လက္ခဏာကို အကဲဖြတ်ပြီးတော့မှသာ ချောင်းမြောင်းကြည့်ရှုပါလေတော့သည်။ ဟုတ်မလိုလိုနှင့် အဖျားရှူးသွားသောအတွဲမျိုးတွေရှိသလို စကားတွေ အေးအေးဆေးဆေးထိုင်ပြောနေရာကနေပြီး ရုတ်ချည်း ဇာတ်ရှိန်တက်သွားသော အတွဲမျိုးတွေလည်း ရှိနေသည်မဟုတ်ပါလား။ ကနဦး ကပြောထားသလို လိုင်းနပ်ချတာ မှန်ဖို့ပဲလိုပါသည်။ လိုင်းနပ်ချတာ မှန်ကန်သွားလျှင်တော့ ထိုနေ့အတွက် သင်ဟာ ကံထူး ရှင်ဖြစ်သွားပါပြီ။ အဲ…အဲ…လိုင်းနပ်ချတာ မမှန်ဘူးဆိုလျှင်တော့ …..။

× × × × ×
လှေလှေရွက်တိုက်စခန်းတွင် တွဲထားသော မောင်ဥက္ကာတို့လူပျိုအုပ်စုထဲတွင် စစ်တွေသား သန်းဝင်းနှင့် ရန်ကုန်သား ကြီးမြင့်တို့မှာ နာမည်တလုံးနှင့်ဖြစ်ပါသည်။ အားကစားဘက်မှာတော့ မဟုတ်ပါ။ အတွဲချောင်းသည့်နေရာတွင် ရွပ်ရွပ်ချွံချွံနှင့် စွမ်းစွမ်းတမံချောင်းတတ်သောကြောင့် ဖြစ်ပါသည်။စစ်တွေသား သန်းဝင်းဆိုလျှင် အတွဲတတွဲကို ချောင်းမြောင်းနေရာမှ အသည်းတွေယားလာပြီး သစ်ပင်ပေါ်ကနေ ဖုတ်ကနဲပြုတ်ကျလာခဲ့ဖူးပါသည်။

ရန်ကုန်သား ကြီးမြင့်ကတော့ စိတ်ရှည်ရုံတင်မက ဇွဲနပဲလည်း ကောင်းလှသည်။ တခါက အတွဲတတွဲ၏ ဇာတ်ရှိန်တက်ခန်း
ကို စိတ်ရှည်လက်ရှည် မျှော်စောင့်နေရင်းနှင့်ချုံပုတ်ထဲမှာ တရှူးရှူးနှင့် အိပ်ပျော်သွားခဲ့ဖူးပါသည်။

ကြီးမြင့် တရေးနိုးပြီးထလာတော့ သူ့တကိုယ်လုံးမှာ ပရွက်ဆိတ်တွေ အုံနှင့်ကျင်းနှင့် ကိုက်ခဲထားသောကြောင့် အင်ပြင်ကွက်
တွေထနေသလိုပင် ဖြစ်နေရှာသည်။ သူချောင်းနေသည့်အတွဲကတော့ ဘယ်အချိန်ကတည်းက ထပြန်သွားမှန်းတောင် သူ သိလိုက်ပုံမရရှာပါ။ သည်တုန်းက ဖုံအလူးလူးနှင့် တကိုယ်လုံး ကုတ်ဖဲ့ပြီးထလာသော ကြီးမြင့်ကို မောင်ဥက္ကာတို့ သူငယ်ချင်း တသိုက်က ဝိုင်းပြီးပြောကြပါသည်။

“မင်းကိုကြည့်ရတာ ပင်ပန်းလိုက်တာကြီးမြင့်ရာ။ တော်ရုံကြိုးစားပါကွ သူငယ်ချင်းရ။ တော်ကြာ မြွေကိုက်သေနေလို့ ကျော်မကောင်းကြားမကောင်းဖြစ်နေပါဦးမယ်ကွာ” ပြောလည်း ပြောတုန်းခဏပဲဖြစ်သည်။

သူ့အပြောအရဆို မင်္ဂလာအချိန်သို့ ကျရောက်လာပြီဆိုလျှင်တော့ ကြီးမြင့်တယောက် စခန်းထဲမှာ ဘယ်လိုမှနေလို့မရတော့ ပါ။ ချုံထူထူထဲကို လေးဘက်ထောက်ပြီးဝင်လျှင်ဝင်၊ ဒီလိုမှမဟုတ်လျှင် ကင်းလိပ်ရှောတကောင်လို လျှောကနဲ လျှောကနဲ နှင့် တရွေ့ရွေ့တိုးဝင်သွားတာပဲဖြစ်သည်။ ခါတရံကျတော့လည်း ကြီးမြင့်ကို တောက်တဲ့တကောင်လို သစ်ပင်ပေါ်မှာ ငြိမ် သက်နေသောအနေအထားနှင့် မြင်တွေ့ရပြန်သည်။ မောင်ဥက္ကာစိတ်ထင် တောက်တဲ့အစစ်တောင် ကြီးမြင့်လောက် ငြိမ် ချက်သားကောင်းနိုင်မှာ မဟုတ်ပါ။ ကီးမြှင့်တဲ့နေရာမှာတော့ မောင်ဥက္ကာတို့ရဲ့ ကိုရွှေကြီးမြင့်က အဲသလို နာမည်တလုံး နှင့်ဖြစ်ပါသည်။
× × × × ×

လှေလှော်ရွက်တိုက်စခန်းမှာ လူစုံတက်စုံရှိနေသော နံနက်ခင်းတခုမှာတော့ ပြူးတူးပြဲတဲအမူအရာဖြင့် ဝရုန်းသုန်းကား ပြေးဝင်လာသော ကြီးမြင့်ကြောင့် အကုန်လုံး အထိတ်တလန့်ဖြစ်သွားရပါသည်။

“သူငယ်ချင်းတို့ရေ …မပြောမရှိနဲ့နော်၊ ငါတို့ဘက်ထဲကို အမှန်အကန်အတွဲတတွဲဝင်လာလို့ကွ။ ယောင်္ကျားက အသား မည်းမည်း ဒေါင်ကောင်းကောင်းနဲ့ တာတေကြီးလိုရုပ်မျိုးကွ။ မိန်းကလေးကတော့ နုနက်အုအက်ပြီး မှုန်နေအောင်ကို ချော လိုက်တာကွာ။ ထိရက်ကိုင်ရက်စရာတောင် မရှိဘူး။ အဟေး…ဟေး …ကာယကံရှင်တွေတော့ ဘယ်လိုနေတယ်မပြော တတ်ဘူး။ ငါ့မှာတော့ ရင်တွေတအားခုန်နေပြီ သူငယ်ချင်းတို့ရာ “မထိတ်သာ မလန့်သာရှိလှသော်လည်း ကြီးမြင့်ယူဆောင် လာသည့် ဇာတ်လမ်းက အတော့်ကိုစိတ်ဝင်စားစရာကောင်းသည့် ဇာတ်လမ်းမျိုးဖြစ်နေသည်။ သည့်ပြင်မကြည့်ပါလေနှင့်။အတွဲအကြောင်းပြောလျှင် နားရွက်တချက်ခတ်ဖော်မရသော လူပျိုကြီး ကိုဝင်းကြည်ပင်လျှင် သည်တကြိမ်မှာတော့ ဆတ် ကနဲ ခေါင်းထောင်လာလေသည်။

သည်လိုဇာတ်လမ်းဇာတ်ကွက်မျိုးဆို အထူးဝီရိယကောင်းလှသော မောင်ဥက္ကာကတော့ ကြီးမြင့်နောက်ကို ချက်ခြင်းထလိုက် ဖို့အသင့်အနေအထားနှင့် ပြင်ဆင်ထားပြီးဖြစ်သည်။

“ငါလည်းလိုက်မယ်ကွာ” ဆိုပြီး တိုးတိုးတိတ်တိတ်လေး အဆိုပြုလာသူက လူပျိုကြီးကိုဝင်းကြည်။ အောင်မယ် … အရေးထဲ မှာ ကိုယ့်လူက ရှက်သွေးတွေဖြာနေလိုက်သေးသည်။ နောက်ဆုံးတယောက်ကတော့ ပွဲတိုင်းကျော်စစ်တွေသား သန်းဝင်း ပင်။

ကြီးမြင့်က ကြောင်တကောင်၏ လျင်မြန်ခြင်းမျိုးဖြင့် ဖျပ်ကနဲခုန်ထွက်သွားတော့ မောင်ဥက္ကာတို့ အုပ်စုဟာလည်း ဘာပြော ကောင်းမှာလဲ။ ကြီးမြင့်နောက်ကနေပြီး တန်းလန်းတန်းလန်းနှင့် အမျှင်တန်းပြီးပါသွားပြီပေါ့။ ရှေ့ဆုံးက ဦးဆောင်ချီတက် နေသောကြီးမြင့်၏ ခြေလှမ်းတွေ တုန့်ကနဲ ရပ်ဆိုင်းသွားသည်နှင့် မောင်ဥက္ကာတို့အုပ်စုကလည်းဇာတ်တိုက်ထားသလို တိကနဲ ရပ်လိုက်ရသည်။

ကြီးမြင့်ကြီးက မလှမ်းမကမ်းမှာရှိသောသရက်ပင်ကြီးကို မေးငေါ့ပြလိုက်တော့ မောင်ဥက္ကာတို့၏ ကျင့်သားရနေပြီးဖြစ်သော မျက်လုံးတွေက အထာပေါက်ပြီးသား ဖြစ်နေသည်။ချုံထူထူတခုကို အကာအကွယ်ယူပြီး ထိုင်နေသော အတွဲကတော့ သူတို့ကိုယ်သူတို့ လုံခြုံလှပြီဟု ထင်ကောင်းထင်နေမှာသေချာလှ၏။ သူတို့နှင့် ပေနှစ်ဆယ်လောက်ပဲ ကွာမည့် အခြားချုံပုတ် တခုထဲမှာ မောင်ဥက္ကာတို့အဖွဲ့အလုံးအရင်းနှင့် အားပေးဖို့ရောက်ရှိနေသည်ကိုတော့ သူတို့ သိပုံမရပါ။ ယောင်္ကျားဖြစ်သူမှာ မည်းမည်းသည်းသည်းနှင့် တကယ့်ကို မုန့်ကျွဲသဲတုန်းကြီးဖြစ်ပါသည်။ လူကသာ တာတေကြီးလိုလို သရဲတစ္ဆေတကောင် လိုလိုနှင့် ပုံတချက်ကလေးမလာသော်လည်း ဝတ်စားဆင်ယင်ထားပုံကတော့ တကယ့်ကို အပျံစားဖြစ်သည်။ ငါးရှဥ့်သွေး ရောင် စပို့ရှပ်လက်တိုကို နက်ပြာရောင်တက်ထရက်စ်ဘောင်းဘီရှည်နှင့် စတိုင်ကျကျဝတ်စားထားရုံမကနက်မှောင်ပြောင်လက်နေသော ရှူးဘိနပ်ကိုလည်း သပ်သပ်ရပ်ရပ်လေး စီးထားလိုက်သေးသည်။ ဆိုက်ကောင်းဂိုက်ကောင်းသော်လည်း မျက်နှာမြင်လျှင် ရိုက်ချင်ပါစေဆိုသည့်ဆုနှင့် အလိုလိုနေရင်း ပြည်စုံနေသည့် လူမျိုးဖြစ်မှန်းတော့ မောင်ဥက္ကာတို့ ကောင်းစွာ သဘောပေါက်ပါသည်။ သူလိုလူနှင့် ယှဉ်တွဲပြီး ဆွတ်ဖြူနုမြနေသည့် ကောင်မလေးကို မြင်တွေ့နေရသောအခါ ကြားထဲ ကနေပြီး အဲဒီငတိကြီးကို တတ်သလောက်မှတ်သလောက် မေတ္တာပို့သလိုက်သေးသည်။

ငတိကြီးက ကောင်မလေး၏ ဆံညိုနုမျှင်တွေကို ဝင်းမွတ်နေသော နဖူးပြင်ပေါ်မှအသာအယာသပ်တင်ပေးပြီး လည်တိုင် ကျော့ကျော့လေးကို ငုံ့နမ်းမည့်ဟန်ပြင်လိုက်သောအခါ မောင်ဥက္ကာတို့အဖွဲ့ အသက်ရှူဖို့ပင် မေ့လျှော့သွားလေတော့ သည်။တကယ့်ကို ရင်ဖိုစရာ ပြကွက်မျိုးပေါ့ခင်ဗျာ။ ဇာတ်လမ်းဇာတ်ကွက်က စဖွင့်လိုက်သည်နှင့် ရွှေပွဲလာပရိသတ်တွေကို ဟာကနဲဟင်ကနဲဖြစ်သွားစေသော ဇာတ်ကွက်မျိုးခင်ဗျ။

သို့ငြား ငတားကြီးက ကောင်မလေး၏ကျော့ရှင်းခိုင်မတ်နေသောလည်တိုင်ကျော့ကျော့ကို နမ်းမည့်ဟန်ပြင်ပြီးမှ လူချင်းပြန် ခွာသွားသောအခါ ကောင်မလေးက မျက်စောင်းလဲ့လဲ့ထိုးလိုက်လေသည်။

“ကိုကိုနော် …ဒါပဲနော် …ကဲဖို့တော့စိတ်မကူးနဲ့နော်”

“အဟဲ …ဟဲ … ဟဲ”

သည်လောက်အရေးကြီးတဲ့ အချိန်မျိုးကို ရောက်နေတာတောင်မှ ငတားကြီးက တဟဲဟဲနှင့် ရယ်မောနေလိုက်သေးသည်။
တကယ့်လူကြီးဗျာ။သူကသာ တဟဲဟဲနှင့် ရယ်မောနေနိုင်သော်လည်း မောင်ဥက္ကာတို့အဖွဲ့ကတော့သူ့ကိုကြည့်ပြီး ရေဆာ သလိုလို …ရေငတ်သလိုလို ဖြစ်၍လာလေသည်။ ရင်ထဲမှာလည်းဂလုံဂလွမ် …ဂလုံဂလွမ်နှင့်။

“ကိုကိုနော် …ပြောနေရက်သားနဲ့ ကဲဖို့စိတ်မကူးလာနဲ့နော်”

“အဟီး ဟီး ဟီး”

အတွဲချောင်းလာသည့် အတွေ့အကြုံအရဆိုလျှင်တော့ ကောင်မလေးဟာ သက်သက်မူနွဲ့နေခြင်းသာဖြစ်သည်။

အရေးကြီးတာက မောင်ဥက္ကာတို့ အားပေးနေသော ဇာတ်လိုက်ကျော်၏ သွက်လက်ချက်ချာမှုပင်ဖြစ်သည်။ ငတားကြီး၏ ခြေတွေလက်တွေ၊ နှာခေါင်းတွေ၊နှုတ်ခမ်းတွေက အခုလိုအချိန်မျိုးမှာ စက်သေနတ်ပစ်လိုက်သလိုတဒိုင်းဒိုင်း တဒက်ဒက်နှင့် အဆက်မပြတ်ပစ်ခတ်နေရမှာ ဖြစ်သည်။ အဲသလို မပစ်ခတ်ဘဲနှင့် အပိုးမကျိုးသည့်မျက်နှာဖြင့် တဟဲဟဲရယ်မောနေလို့ ကတော့ မောင်ဥက္ကာတို့အဖွဲ့ တွက်ချေကိုက်မှာမဟုတ်ပါ။

“ကိုကိုကလည်း …လူချင်းတွေ့တာနဲ့ဘာမှန်းလဲသိဝူး။ ဟိုကိုင်ဒီကိုင်နဲ့”

“အဟီး ဟီး ဟီး”

မိန်းကလေးဘက်က ရေလာမြောင်းပေးလုပ်နေတာတော်မှ မောင်ဥက္ကာတို့ ဇာတ်လိုက်ကျော်က တဟီဟီနှင့် ရယ်ကောင်း တုန်းဖြစ်သည်။

ကြီးမြင့်က အံကြိတ်ပြီး မောင်ဥက္ကာတို့ဘက်သို့လှည့်၍ လေသံငွေ့ငွေ့လေးနှင့် …

“ဒီလူကြီးကိုကြည့်ပြီး ငါတော့ အူယားလာပြီကွာ”

ကြီးမြင့်ကြီးက အူတမျိုးတည်း ယားလာတာဖြစ်သည်။ မောင်ဥက္ကာတို့ကတော့ အူတင်မက အသည်းနှလုံးတွေရော၊ ကလီစာ တွေရော၊ အရေပြားတွေပါ ယားယံလာတာဖြစ်သည်။

ကြည့်လေ။ မိနစ်နှစ်ဆယ်လောက်ကြာမြင့်သွားသည်အထိ ဇာတ်လမ်းဇာတ်ကွက်က ထူးမခြားနားက တက်မှမတက်သေး တာဆိုတော့ မောင်ဥက္ကာတို့ မပြောနှင့်။ ပန်းကလေးတပွင့်လို နူးညံ့လှပနေသောကောင်မလေးပင်လျှင် မချင့်မရဲ ဖြစ်လာပုံရ သည်။

“ကြည့်ပါလား။ ကိုကိုကလဲ …ဘာမှန်းလည်းသိဘူး။ စကားလည်း တခွန်းမှ ပြောသေးဘူး”

“အဟဲ …ဟဲ … ဟဲ”

“ကဲဖို့တော့ စိတ်မကူးနဲ့နော် ။ ကဲရင်တော့ စိတ်တွေဆိုးပစ်လိုက်မှာနော်”

“အဟေး…ဟေး …ဟေး”

အနေအထားက အတော့်ကို ဒေါသထွက်ချင်စရာကောင်းသည့် အနေအထားမျိုး ဖြစ်နေသည်။

ကြီးမြင့်တယောက် မေးကြောကြီးတွေ ထောင်ထနေအောင် အံကိုတင်းတင်းကြိတ်ထားသည့် ကြားထဲက “တောက်”ပြင်းပြင်း တချက် ခေါက်လိုက်ပါသည်။ မချင့်မရဲဖြစ်လွန်း၍ ဒေါသတွေပေါက်ကွဲပြီး တောက်ခေါက်လိုက်ခြင်းပင်။ကြီးမြင့်ကြီး၏ မာကျောပြတ်တောက်သော တောက်ခေါက်သံကို ကြားလိုက်ရသောအခါ အဲဟို ငတားကြီး၏ ဟီတိုက်နေသောမျက်နှာက ချက်ခြင်းတည်သွားသည်။ အခြေအနေအရပ်ရပ်ကိုလည်း ခြုံငုံပြီး သဘောပေါက်သွားပုံရသည်။ပြေးဖို့တာစူနေသော မောင် ဥက္ကာတို့ကတော့ အဲဒီလူကြီး မြရာချုံကို လှမ်းကြည့်လိုက်ကတည်းက အောင်မြင်စွာဆုတ်ခွာဖို့ပြင်ဆင်နေကြပြီဖြစ်သည်။

ဟိုငတားကြီးကလည်း လှုပ်လှုပ်ရွရွဖြစ်သွားသော မြရာချုံပုတ်ကို မျက်ထောင့်နီကြီးဖြင့် လှမ်းကြည့်လိုက်ပြီး အံကို ကြိတ် လိုက်သည်။ သူ့ဘေးမှာ ပြန့်ကြဲနေသော ခြတောင်ပို့ပုံသဏ္ဌာန် မြေမို့မို့လေးတွေကို သူ့ရှူးဘိနပ်ဖြင့် ကန်ကျောက် ဖဲ့ချ လိုက်သည်။

ပြီးတော့ ရွှေပွဲလာပရိသတ်တွေဖြစ်သည့်မောင်ဥက္ကာတို့ဆီကို တလုံးပြီးတလုံး၊ အပီအပြင်လှမ်း၍ ထုပါလေတော့သည်။ မြေကြီးကျစ်စာခဲတွေက လက်သီးဆုပ်အရွယ်မှဥသျှစ်သီးအရွယ်လောက်အထိ ပါနေလေရာထိလိုက်လို့ကတော့ သိပ်ချောင် မှာ မဟုတ်ပါ။ဇာတ်ညွှန်းထဲမှာ ဘယ်လိုမှ မပါဝင်သော ခဲလုံးမိုး တဝေါဝေါနှင့် ရွာချလာသောကြောင့် ဖြစ်လိမ့်မည်။ မြရာချုံ ထဲကတိုးအထွက်မှာ တယောက်နှင့်တယောက်တိုက်မိပြီး အလဲလဲအပြိုပြိုပင် ဖြစ်လိုက်သေးသည်။ အနေအထားက ပြေးနိုင်မှ လွတ်မည့်ကိန်းမျိုးဖြစ်ပါသည်။

စနစ်တကျမှတ်တမ်းတင်ထားသော စံချိန်စံညွှန်းများမရှိသော်လည်း ထိုနေ့က လှေလှော်ရွက်တိုက်စခန်းထဲသို့ အူယားဖား ယားနှင့် ပန်းဝင်လာသူတွေထဲမှာ လူပျိုကြီး ကိုဝင်းကြည်က ပထမ၊ မောင်ဥက္ကာက ဒုတိယ၊ စစ်တွေသားသန်းဝင်းနှင့် တောက်ခေါက်သူ ကြီးမြင့်ကြီးက ပူးတွဲတတိယ ရရှိခဲ့ကြောင်း တွေ့ရှိရပါသည်။ ။

(နိုင်ဝင်းသီ)
သောကြာမဂ္ဂဇင်းမှာ မူလပုံနှိပ်ခဲ့ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သရော်စာ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …


MoeMaKa Monthly MARCH 2017 ထွက်ပြန်ဘီ တဲ့..

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ

By

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ (မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၇ တရားမျှတဖို့ အတွက်...

Read more »

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့ အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်

By

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့  အိမ်အရောက် ပို့ဆောင်ပေးနေပါတယ် (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇ ၂၀၁၆...

Read more »

မိုးမခ နိုဝင်ဘာကို အိမ်အရောက် မှာယူပါ

By

” ကဗျာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ စာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ တရွေ့ရွေ့နဲ့ ရှေ့တန်းရောက်လာတဲ့ မဂ္ဂဇင်း .....

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သင်းလဲ့ဝင်း (Myanmar Now) သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်