လင်းသက်ငြိမ် ● အပြာရောင် ကက်ဆက်ကလေး

March 7, 2017

● အပြာရောင် ကက်ဆက်ကလေး
(မိုးမခ) မတ် ၇၊ ၂ဝ၁၇

ကျနော့်မှာ ကက်ဆက်တလုံး ရှိခဲ့ဖူးပါသည်။ လွန်ခဲ့သောလေးငါးနှစ်ခန့်က ကက်ဆက်တလုံး ကျနော့်မှာရှိခဲ့ဖူးပါသည်။

အိမ်နဲ့အဝေးကြီးက ဆယ်ကျော်သက်လူငယ်တစ်ယောက်ရဲ့ကျောင်းဟာ ကက်ဆက်တလုံးဖြစ်ပြီး၊ အဖော်ကောင်းလည်း ဖြစ်၏။ ကျနော့်ကက်ဆက်ကလေးရဲ့အရောင်က အပြာရောင်ဖြစ်ပါသည်။ အပြာရောင်ကက်ဆက်ကလေးကို အလုပ်ထဲက အစ်ကိုတယောက်ဆီကနေ ပေါချောင်ကောင်းနဲ့ ဝယ်ယူခဲ့တာပဲဖြစ်ပါသည်။ ဈေးနူန်းကိုမမှတ်မိတော့ပေမယ့် အရှည်ဆယ် လက်မခန့်နှင့် အမြင့်ခြောက်လက်မခန့်ရှိတဲ့ ကက်ဆက်ကလေးဖြစ်ပါသည်။

တံဆိပ်တွေပျက်နေသဖြင့် အမျိုးအစားကိုလည်း ကျနော်မသိပါ။ ကက်ဆက်ကလေးသည် သူ့လက်ထဲမှာကတည်းကပင် ဖွတ်ဖွတ်ကြေနေတော့ ကျနော့်ဆီမှာလည်း မကြာခဏပျက်တတ်၏။

မကြာခဏပျက်လေ့ရှိသည့်အတွက်လည်း ကက်ဆက်ကလေး၏ ပျက်လေ့ရှိတဲ့အစိတ်အပိုင်း အတော်များများကို ကျနော် သိနေပါတော့ သည်။ ပန်ကာကြိုးလဲခြင်း၊ ဟက်ဆေးခြင်း၊ ခဲဂဟေတို့ခြင်း စသည်တို့မှာ ကျနော် မကြာခဏ ကုသပေးရသည့် ကက်ဆက်ကလေး၏ နာဖျားမှုများပဲဖြစ်ပါသည်။ တခါတရံ ခဲဂဟေဂေါက်ငှားမရသည့်အခါများတွင် ဖယောင်းစက်များချ ကာ ကက်ဆက်ကလေးဖွင့်လို့ရအောင် ကျနော်ကြိုးစားပါသည်။ ကက်ဆက်ကလေးသည် နေ့လည်တွေမှာ အသံသိပ်မကျယ် ပေမယ့် ညတွေမှာ အသံကျယ်တတ်လို့ ညပိုင်းတွင်အသံကို လျှော့ပြီးဖွင့်ရသည်။ ကက်ဆက်ကလေးက ခဏ ခဏ ပျက် တော့ မူလီအရစ်အထိုင်များပြုန်းသွားပြီးနောက် သားရေကွင်းနဲ့သာပတ်ထားရတော့သည်။ ညအိပ်ပြီဆို ခြင်ထောင်ထဲယူပြီး ဖွင့်ရင်း အိပ်တတ်တော့ မနက်မိုးလင်းရင် ကက်ဆေးကလေးမှာ ခေါင်းရင်းမှာ တခြမ်း၊ ခြေရင်းမှာ တခြမ်း ဖြစ်နေတတ်၏။

အခုလို စီဒီတွေ ဗွီစီဒီတွေ တွင်တွင်ကျယ်မရှိသေးသည့်အချိန်ကာလမို့ ကျနော့်ကက်ဆက်ကလေးကို ကျနော်အရမ်းမြတ် နိုးပါသည်။ ကက်ဆက်ကလေးသည် ကျနော့်ညရဲ့ အဖော်မွန်ဖြစ်ပြီး တယောက်တည်းနေရခြင်းရဲ့ ဖြေဆည်ရာကမ္ဘာလည်း ဖြစ်ပါသည်။ ကက်ဆက်ကလေးထဲက စိုင်းထီးဆိုင်သီချင်းတွေဟာ ကျနော့်အတွက် ဆုံးမစာများဖြစ်ပြီး ခွန်အားပေးသောဆေးဝါးများလည်းဖြစ်သည်။ ဆင်းရဲသားအတွေးနဲ့ ကျနော့်ရဲ့ဘဝကို ကျနော် နှစ်သိမ့်ခဲ့သည်။ တာဝေးသမား သီချင်းနဲ့ ကျနော့်ကိုယ် ကျနော် ခွန်အားပေးခဲ့သည်။ ပလက်ဖောင်းမင်းသား၊ အရိုင်းဂီတာ၊ ကြွက်၊ ခြင်၊ ယင်နဲ့ လူတွေအကြောင်း၊ ဒီထက်ပိုပြီး မတတ်နိုင်ဘူး၊ တရုတ်တန်းဈေး အဖြစ်အပျက်လေး၊ အညာကိုပြန်ချင်တယ်၊ ချယ်ရီပင်အောက် နောက်တ ခေါက်ပြန်တွေ့တဲ့အထိ စတဲ့သီချင်းတွေကို ရူးသွပ်စွာ ကျနော်ခံစားရသည်။

သီချင်းတွေ ကျနော့်ဘဝရဲ့ လမ်းပြအဖြစ် ကျနော်ယုံကြည်ခဲ့သည်။ စိုင်းထီးဆိုင်ရဲ့ထွက်သမျှစီးရီးတိုင်းကို ဝယ်နားထောင် ဖြစ်ခဲ့သည်။ စိုင်းခမ်းလိတ်ရဲ့ အရေးအသားတွေကို အရမ်းလေးစားခဲ့ရသည်။ စိုင်းထီးဆိုင်ရဲ့သီဆိုမှုကို တိမ်းညွတ်ယစ်မူး ခဲ့ရသည်။

စိုင်းထီးဆိုင်ထွက်သမျှခွေတိုင်း ကျနော်ဝယ်ပါသည်။ မူရင်းခွေတော့မဟုတ်ပါ။ ရန်ကုန်လူလေးက ပြန်ကူးထားတဲ့ ငါးရာတန် တိပ်ခွေများဖြစ်ပါသည်။ မူရင်းခွေဆိုင်များမှာလည်း စိုင်းထီးဆိုင်ခွေများ အပြည့်အစုံမရှိပါ။ စိုင်းထီးဆိုင်ခွေများတွင် ပါ လာတတ်သည့် စောသိမ်းဝင်း၊ ဆွန်ကျဲအို၊ စိုင်းခမ်းသီစတဲ့အဆိုတော်များရဲ့သီချင်းတွေကိုလည်း ကြိုက်ခဲ့ရ၏။ စိုင်းထီး ဆိုင်ကနေပြီးတော့ ကျနော့်ကက်ဆက်ကလေးထဲကို လေးဖြူရောက်လာခဲ့သည်။ ထွက်ပေါက်၊ ကမ္ဘာကြီးကလုံးပြီး ဝိုင်းနေ တော့၊ ရင်ဆိုင်မယ် စတဲ့သီချင်းတွေကနေ အတောင်ပံတစ်စုံရဲ့စွမ်းအား ခဏလေးများအထိ လေးဖြူခွေတွေလည်း ဝယ် စုဖြစ်ခဲ့သည်။

လွှမ်းမိုး၊ ခိုင်ထူး၊ ဘိုဖြူ၊ အယ်နောင်း၊ မျိုးကြီး၊ အငဲ၊ ဗစ်တာခင်ညို၊ ခင်ဝမ်း၊ မဒီ၊ အနိုင်၊ စိုးပိုင်၊ ထူးအိမ်သင် ကျနော့်ကက် ဆက်ကလေးထဲကသီချင်းသံတွေ ကျနော့်အိပ်ရာဘေးမှာ တိပ်ခွေများအပုံလိုက်။ ကျနော့်အိမ်ကိုအပြန် ကက်ဆက်ခွေတွေ အများကြီးကို ပုဆိုးနဲ့ထုပ်ပြီး ရထားပေါ်သယ်လာခဲ့သည်။ ရထားပေါ်ကရှာဖွေရေးအဖွဲ့သည် ကျနော့်ကို မသင်္ကာသည့် မျက်နှာထားနှင့်မေးခွန်းများစွာမေးပါသည်။ အကျိုးအကြောင်းရှင်းပြတော့မှ ရှုပ်ပွအောင်မွေနှောက်ပြီး ပြန်ထွက်သွားကြသည်။

အိမ်က တီဗွီနဲ့ ဗွီစီဒီစက်တွေဝယ်လိုက်တော့ အရုပ်ကော အသံပါခံစားရသည့်ဘက်ကို ကျနော်ပြောင်းလဲသွားခဲ့သည်။ ကက်ဆက်ကလေးကို ကျနော်မေ့လျော့နေခဲ့တဲ့ကက်ဆက်ကလေးကို ညီတော်မောင်က လက်စဖျောက် ကလိလိုက်တာ လား၊ အိမ်မှာ အစုတ်တွေမထားကောင်းဘူးဆိုတဲ့ဗေဒင်ကြောင့်ပဲလား၊ ကျနော် သေချာမမှတ်မိတော့ပေမယ့်ကက်ဆက် ကလေးမရှိတော့တာကတော့ သေချာပါသည်။ အရုပ်နဲ့အသံကို တွဲဖက်ကြည့်ရတဲ့အခါ သီချင်းစာသားအမှားတွေ မကြာ ခဏ စာတန်းထိုးပါလာလေ့ရှိသည်ကို စိတ်ပျက်ရသည်။ သီချင်းနဲ့ဘာမှမသက်ဆိုင်သည့် သရုပ်ဆောင်ကွက်များကို စိတ် ပျက်ရသည်။ ကက်ဆက်ကလေးနဲ့ နားထောင်တုန်းကအရသာကို မရသလိုခံစားလာရချိန်မှာ ကက်ဆက်ကလေး ကျနော့် ဆီမှာမရှိတော့ပါ။ ကက်ဆက်တိပ်ခွေများသည် ဖုံများနှင့်ညစ်ပေနေကြပြီး တိပ်သားများမှာ ကပ်ကုန်ကြသည်။ အမေက ကက်ဆက်ခေတ်မှမဟုတ်တော့တာ ပစ်လိုက်တော့လို့ပြောပေမယ့် ကျနော် လွင့်မပစ်ရက်ပါ။

အိမ်လွမ်းနာနဲ့ ငိုခဲ့ဖူးတဲ့တေးသွားတွေ၊ ကိုယ့်စိတ်ကိုယ်သံပတ်တင်းနိုင်ခဲ့တဲ့ တေးသွားတွေ၊ ကြည်နူးရခြင်း၊ ဝမ်းနည်းရခြင်း တွေ ပြည့်သိပ်နေတဲ့တိပ်ခွေတွေက ကျနော့် အမှတ်တရတွေပဲဖြစ်ပါသည်။ စင်ကလေးတစင်ရိုက်ကာ တိပ်ခွေများကို သန့် ရှင်းရေးလုပ်ပြီး စီထားဖြစ်ပါသည်။ ကျနော်အိမ်ပြန်ရောက်သည့်ကာလတခုကျ ကက်ဆက်ကလေးတလုံးပြန်ဝယ်ဦးမည်။ကက်ဆက်ရောင်းသည့်ဆိုင် ရှိ/မရှိတော့ ကျနော်မသိသေးပါ။ ထိုအခါ ဝယ်မည့်ကက်ဆက်ကလေးရဲ့အရောင်မှာ အပြာ ရောင်ကလေးပဲဖြစ်ပါလိမ့်မည်။ ကက်ဆက်ရောင်းသည့်ဆိုင်၌ အပြာရောင်ကက်ဆက် ရှိ/မရှိကိုလည်း ကျနော် သေချာမသိသေးပါ။ ကက်ဆက်အပြာလေးဝယ်လို့ရခဲ့ရင်ကော အိမ်က တိပ်ခွေတွေက ဖွင့်လို့ရပါဦးမလား။ စိုးရိမ်စိတ်နဲ့ အိမ် ကတိပ်ခွေကလေးတွေကို အခုစာရေးနေရင်း လွမ်းနေမိပါသည်။

လင်းသက်ငြိမ်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်