အောင်မော်ဦး ● ဝတ္ထုများ၊ ဇာတ်ကောင်များ၊ နောက်ခံကားချပ်များ

March 7, 2017

အောင်မော်ဦး ● ဝတ္ထုများ၊ ဇာတ်ကောင်များ၊ နောက်ခံကားချပ်များ

(စာအုပ်အတွေး၊ စာအုပ်အရေး)
(မိုးမခ) မတ် ၇၊ ၂၀၁၇

(၁)
“အပြင်စာတွေမဖတ်နဲ့၊ ကျောင်းစာပဲဖတ်”ဟု မိဘတော်တော်များများ ပြောဆိုဆုံးမလေ့ရှိတတ်သည်။ ကျောင်းစာ မလိုက် နိုင်မှာစိုးသဖြင့် မတတ်သာ၍ လုပ်ရရှာသည့် မိဘများအား စာနာနားလည်မိသည်။ ထို့ကြောင့် အတောင်အလက်စုံသည်အထိ အပြင်စာ မဖတ်ဘူးသည့် ကျောင်းနေဖက် တချို့ကို တွေ့ခဲ့ဖူးသည်။ တချို့မိဘများကျတော့ အရွယ်နှင့်မျှသည့် အပြင်စာများ ကို ရွေးချယ်ပေးကြသည်။ ထို့ကြောင့် ကျောင်းစာရော၊ အပြင်စာပါ တွဲဖတ်သည့် ကျောင်းနေဖက်တချို့ကိုလည်း တွေ့ခဲ့ဖူး သည်။

တတိယအစုမှာမူ မိဘက မလုပ်နှင့်ဟုဆိုလျှင် လုပ်ချင်သည့် လူငယ်စိတ်ကြောင့် ခိုးဖတ်ကြသည့်လူငယ်များပင် ဖြစ်သည်။ မည်သို့ပင်ဆိုစေ အပြင်စာဖတ်ခွင့် မရကြရှာသည့် လူငယ်များ၏ ပျိုနုစဉ်ကာလများကား နှမြောစရာ ကောင်းလှပေသည်။ သူတို့ခမြာ လူမှုလက်တွေ့ဘဝသည် မေးခွန်းရော၊ အဖြေပါတွဲပါနေသည့် ပြဋ္ဌာန်းစာအုပ်များနှယ် စာမျက်နှာစဉ်လိုက် အစီအစဉ် မကျကြောင်း တကယ်တန်းသိတော့ အတော့်ကို ကြီးကောင်ဝင်နေကြပြီ။

ဝတ္ထုများကို ကလေးဘဝမှစတင်ဖတ်ရှုခဲ့သော ဂျူးသည် “ကျမဖတ်ခဲ့သော စာအုပ်များ”ဟု အမည်ရသည့် စာအုပ်ထဲ၌ ငယ် စဉ်ကဖတ်ခဲ့ဖူးသည့်ဝတ္ထုများကို ကလေးတဦးခံစားရသလိုပင် ရိုးရိုးစင်းစင်း ခံစားပြထားသည်။

ထိုမှ လူငယ်၊ လူလတ် စသဖြင့် အရွယ်အလိုက် အဆင့်ဆင့် ခံစားပြသွားသည်။ ငယ်နုစဉ်ကတော့ ဇာတ်လမ်းကိုအဓိကထား၍ ခံစားခဲ့ကြသလို၊ ရင့်ကျက်လာတော့ ဇာတ်လမ်းထက် ဇာတ်ကောင်၊ လူ့စရိုက်၊ လူ့သဘာဝ၊ သမိုင်းနောက်ခံကားချပ်၊ ခေတ်ပြိုင်ခံစားမှု၊ အဖွဲ့အနွဲ့၊ တင်ပြပုံ၊ စာရေးသူ၏ စေတနာ၊ သက်ရောက်မှု စသဖြင့် ကျယ်ကျယ်ပြန့်ပြန့် ခံစားပြသွားသည်။

စာဖတ်သူတယောက်အနေနှင့်သာမက စာရေးသူတယောက် အနေနှင့်ပါ ဝင်၍ ဖတ်ပြသွားပုံမှာ ဤစာအုပ်ကို ရေးသားသည့် ဂျူး၏ရည်ရွယ်ရင်းပင် ဖြစ်ပေလိမ့်မည်။ ထို့ကြောင့်ပင် ထင်၏။ ကျနော်သည် ကျနော်ကိုယ်တိုင် စာဖတ်နေသည်ကိုပင် မေ့သွားပြီး ဂျူးဖတ်သွားပုံကို အမှတ်မဲ့ လိုက်ကြည့်နေမိလျက်သား ဖြစ်သွားသည်။

ဂျူးဟူသည့် ဇာတ်လိုက်အမျိုးသမီးတဦး မြန်မာဝတ္ထုတွေ အကြားရောက်သွားလိုက်၊ အာရှဝတ္ထုတွေ အကြား ရောက်သွား လိုက်၊ အင်္ဂလိပ်ဝတ္ထုတွေအကြား ရောက်သွားလိုက်၊ အမေရိကန်ဝတ္ထုတွေအကြားရောက်သွားလိုက်၊ အီတာလျံ၊ ပြင်သစ် ဝတ္ထုတွေအကြား ရောက်သွားလိုက်နှင့် ယဉ်ကျေးမှုတွေအကြား ဟိုမှသည် ကူးလူးသွားလာနေခြင်းကို စိတ်ဝင်တစား ကြည့်နေမိတော့သည်။

(၂)
ကျနော်တို့အနေနှင့် ဖတ်ခဲ့ပြီးသည်များကို ပြန်ဖတ်ဖြစ်ကြမည်။ သို့တည်းမဟုတ် မဖတ်ရသေးသည်များကို ရှာဖွေဖတ်ရှုမိကြ မည်။ မည်သို့ပင်ဆိုစေ ဟိုစဉ်က ခံစားမှုမျိုးနှင့်တော့ ထပ်တူထပ်မျှ တူနိုင်တော့ဦးမည်မထင်။

ပုံမှန်အားဖြင့်ဆိုလျှင် ဖတ်ပြီးသား စာအုပ်တအုပ်ကို တော်တော်နှင့် ပြန်ဖတ်ဖြစ်ကြမည် မဟုတ်တာ သေချာသည်။ အနည်း ဆုံး သုံးလေးငါးနှစ်လောက်ကြာမှ မှတ်မှတ်ရရ ပြန်ဖတ်ဖြစ်လျှင်ဖြစ်မည်။ သို့တည်းမဟုတ် အချက်အလက်ရှာဖွေရန်၊ ကိုး ကားရန် ပြန်ဖတ်ဖြစ်လျှင် ဖြစ်မည်။ သို့တည်းမဟုတ် စကားစပ်မိ၍ဖြစ်စေ၊ ပြန်လည်ပုံနှိပ်၍ ဖြစ်စေ အကြောင်းကိစ္စ တိုက်ဆိုင်၍သာလျှင် ဖတ်မိကောင်း ဖတ်မိကြပေမည်။

ထိုအခါ မူလဖတ်စဉ်က ခံစားမှုမျိုးနှင့် အလုံးစုံ မတူနိုင်တော့။ မူလဖတ်စဉ်က ကြည့်မြင်ပုံမျိုးနှင့် အလုံးစုံ မတူနိုင်တော့။ တွေးဒေါင့်သစ်တခုမှ တွေးမိ၍၊ မြင်ဒေါင့်သစ်တခုမှ မြင်မိနိုင်သည်။ အသက်အရွယ်နှင့် အတွေ့အကြုံတို့ကြောင့်ပေလား။ သို့တည်းမဟုတ် သမိုင်းနောက်ခံကားချပ်၏ လှုပ်ရှားမှု၊ အလျဉ်သဘောကြောင့်ပေလား။ ဤသည်ကပင် လေးနက်သည့် ခံစားမှုသစ်ကို ပေးစွမ်းနိုင်စွမ်းရှိသည့် ရသစာပေ၏ ထူးခြားမှုတခုဟု ဆို၍ ရမည်ထင်သည်။

“ဆုံးရှုံးမှုတွေများပြီး ရွေးချယ်ရန် လိုအပ်လာသောအခါ အစားထိုးမရသော ဆုံးရှုံးမှုကို တန်ဖိုးထားကာကွယ်ရန် ကျမကို ဤစာအုပ်က သင်ပေးခဲ့ပါသည်။ ဘဝတွင် လူတို့သည် အရာများစွာကို ဆုံးရှုံးရနိုင်သည်။ ရွေးချယ်ရန်အကြောင်းများစွာ ပေါ်ပေါက်လာနိုင်သည်။ ထိုအထဲမှ ဘာကိုရွေးချယ်မလဲ။ ထိုအချက်သည် လူ့ဘဝတွင် အလွန်အရေးကြီးသော အချက် ဖြစ်ပါသည်။

လူတယောက်သည် သူ့ဘဝတွင် အရေးကြီးဆုံး အရာ၊ အဆုံးအရှုံးမခံနိုင်ဆုံးသောအရာကို ကျိုးကြောင်း ဆင်ခြင်တတ်စွာ သိတတ်ဖို့လိုသည်ဟု ကျမထင်ပါသည်။ စာအုပ်များသည် ကျမကို ကြောင်းကျိုးဆင်ခြင်ဆက်စပ်မှုပေးခဲ့ရုံသာ မကဘဲ ခွန် အားများစွာကိုလည်း ပေးခဲ့သေးသည်” ဟူ၍ တက္ကသိုလ်ဘုန်းနိုင်၏ ချစ်သောဤကမ္ဘာဝတ္ထုကို ဖတ်စဉ်က သူခံစားခဲ့ရသည့် ခံစားမှုကို ဂျူးက ရင်ဖွင့်ပြသည်။

(၃)
စာဖတ်ခြင်း၏ အဓိပ္ပာယ်ကို ကောင်းစွာခွဲခြားသိရှိရန် ခဲယဉ်းမည်ဖြစ်သော်လည်း ခုံခုံမင်မင်ဖတ်ကြသည်ကား အမှန်ပင်။ သို့သော် စာဖတ်သူချင်း တူကြသော်ငြား စာဖတ်ပုံချင်းကား မတူ၊ ရည်ရွယ်ချက်ချင်းကား မတူကြ။ တချို့က ဦးနှောက် အာဟာရအတွက် ဖတ်ကြသည်။ တချို့က နှလုံးသား အာဟာရအတွက် ဖတ်ကြသည်။

အများစုမှာ ကိုးကားကြရန်၊ ပြောဆိုဆွေးနွေးကြရန်၊ ဝေဖန်ဆန်းစစ်ကြရန် ဖတ်ကြသည်။ တိတိကျကျပြောရလျှင် စာကို အသုံးချရန် ဖတ်ကြခြင်းပင်။ သို့သော်လည်း “ရသစာပေ” ကိုမူ နှလုံးသားနှင့်မှ ဖန်တီး၍ ရနိုင်ပေသည်။

“ကံကောင်းသောလူငယ်များသည် သူ့ဘဝတွင် ဘယ်စာကိုဖတ်၊ ဘယ်စာကို မဖတ်နဲ့ဟူသော အကြံပေးချက်မျိုး ရရှိခဲ့၏။ ကံဆိုးသောလူငယ်များသည် ဘာအကြံပေးချက်မှ မရရှိပါ။ ထိုအမျိုးအစားထဲမှ စိတ်ဓာတ်အင်အားပြည့်စုံသော လူငယ်များ၊ ကြိုးစားလိုသောလူငယ်များ၊ ရှာဖွေစူးစမ်းလိုသော လူငယ်များသည် မည်သူ့အကူအညီမျှ မပါဝင်ဘဲ မိမိတို့ဘာသာ သင့် တော်ရာရာကို ရွေးချယ်သွားတတ်ကြသည်။ တချို့ကတော့ သူတို့ဘာလိုချင်မှန်း သူတို့ကိုယ်တိုင် မသိသူများ ဖြစ်ကြပါသည်။

လောကတွင် မိမိဘာလိုချင်သည်ဟု မှန်ကန်စွာသိ၍ မိမိလိုချင်သောအရာကို ရအောင်ယူနိုင်သော လူငယ်များလည်း ရှိကြပါသည်။ လူတယောက် မိမိဘဝတွင် ဘာလိုချင်သည်ဟု အတိအကျသိလာရန် စာအုပ်များစွာက တွန်းအားပေးနိုင် သည်ဟု ကျမထင်ပါသည်” ဟူ၍ ဂျူးက လူငယ်နှင့် စာပေ၏ အခန်းကဏ္ဍကို တင်ပြထားပါသည်။

မည်သည့် စာအမျိုးအစားများကို ဖတ်သနည်းဟူသည့်အချက်သည် အရေးကြီးသည်ဟုယူဆပါက၊ မည်သို့ဖတ်သည် ဟူသည့် အချက်သည်လည်း အရေးပါကြောင်း ထည့်သွင်းစဉ်းစားရပေမည်။ သေချာသည့်အချက်မှာ မကောင်းသည့် စာဟူ၍မရှိနိုင်၊ မကြိုက်သည့်စာ ဟူ၍သာ ရှိနိုင်ပါသည်။ ရင့်ကျက်သည့် စာဖတ်သက်က စာကို သမ္ဘာနှင့်ယှဉ်ကာ ရွေး၍ ရွေး၍ သွားပေလိမ့်မည်။ စာကို များများနှင့် စုံအောင် ဖတ်ဖို့သာ လိုသည်ဟုထင်ပါသည်။

(၄)
ရသစာပေတွင် ဝတ္ထုသည် အေးအေးဆေးဆေးနှင့် အချိန်ယူ၍ နားလည်အောင် ပြောပြသည့် သဘောမျိုးဆောင်သည်ဟု ထင်သည်။ ဝတ္ထုတပုဒ်ကို အချိန်မပေးဘဲ ဖတ်၍မရ။ ထို့ကြောင့် စာဖတ်သူသည် အေးအေးဆေးဆေးနှင့် အချိန်ယူ၍ တစိမ့်စိမ့် ခံစားဖတ်ရှုရပေမည်။

စာရေးဆရာသည် သူ့ခေတ်ကို သူ မျက်ကွယ်မပြုနိုင်။ သူ့ခံစားချက်သည်ပင် သူဖြစ်တည်နေသည့် သမိုင်းခေတ်မှ ပေါက် ဖွားလာရသည်။ ထို့ကြောင့် သူ့ခေတ်ကို သူ သရုပ်ဖော်တော့သည်။ သူ့ခေတ်ပြိုင် ခံစားမှုသည် သူ့ဇာတ်ညွှန်း။ သူ့ဇာတ် အိမ်သည် သူ့တိုင်းပြည်၊ သူ့ကမ္ဘာ။ သူ့အတူနေလူသားများ သည် သူ့ဇာတ်ကောင်များ စသဖြင့် ဖြစ်လာကြသည်။ သက် ဝင်လှုပ်ရှားလာကြသည်။ သို့နှင့် သူသည် မင်ဖြင့် မရေးဖြစ်၊ ရင်နှင့် ရေးဖြစ်သွားတော့သည်။

“ပါရီမြို့ကြီး ကိုယ်တခြမ်းသေနေပြီ” ဟု အီလျာအာရင်ဘတ်က ပြောသည်။ တကယ်လည်း ထို့ထက်မက ဆုံးရှုံးခဲ့ပါသည်။ သို့သော် ကျမတို့ သူ့ကို ပြန်လည် ဆေးကုသပေးရမည်။ မည်သည့်ဆေးဝါးဖြင့် ကုသခဲ့သလဲဆိုတာကိုတော့ သမိုင်းမှာ ဘယ်လိုမှ လိမ်ညာ၍မရသော အခန်းကဏ္ဍဖြစ်ပါသည်။

မြို့ကြီးတမြို့၊ နိုင်ငံကြီးတနိုင်ငံ ပြန်လည်ကျန်းမာလာဖို့ မြို့သူ မြို့သား၊ နိုင်ငံသူနိုင်ငံသားများ၏ ကိုယ်ကျင့်သိက္ခာ၊ ဖြောင့် မှန်ကြိုးစားမှု၊ ဇွဲသတ္တိနှင့် ခေါင်းမာမှုများ လိုအပ်ပါသည်။ ထို့အပြင် အချိန်ကာလလည်း များစွာလိုပါသည်။

နိုင်ငံတနိုင်ငံ ပြန်လည် ကျန်းမာလာဖို့ ဘယ်အချိန်မှာ ကုသမှုပေးရမလဲဟူသည့် မေးခွန်းမှာ မေးစရာပင်မလိုပါ။ လက်ရှိ အခြေအနေ၊ လက်ရှိအချိန်အခါသည် အကောင်းဆုံးဖြစ်သည်” ဟူ၍ ပါရီကျဆုံးခန်းဝတ္ထုထဲတွင် အီလျာအာရင်ဘတ်က ဖော်ပြထားသည်ကို ကျမရင်ထဲ ခုထိစွဲနေဆဲရှိပါသည်။

အလားတူပင် စနစ်ဆိုးတခု၏ ဝါးမျိုမှုသည် ရောဂါကပ်တခု၏ ဝါးမျိုမှုကဲ့သို့ပင် ကြောက်မက်ဖွယ်ကောင်း၏။ ရောဂါကပ်ကို တွန်းလှန်ရန် ကြာသော အချိန်ထက်၊ စနစ်ဆိုးတခုကို တွန်းလှန်ရန် ကြာသောအချိန်က အဆပေါင်းများစွာ ပိုပါသည်။

ဝတ္ထုများကို ဖတ်ကြသည့်အခါ ဇာတ်လိုက်နေရာမှဝင်၍ လိုက်ပါခံစားရင်း ရုပ်ရှင်ကြည့်ပရိတ်သတ် တဦးနှယ် ဇာတ်လမ်း နောက် တကောက်ကောက်လိုက်တတ်ကြသည်မှာ လူ့သဘာဝပင်။ ကြာတော့ ဇာတ်လိုက်သည် မိမိ၏ “စံ” ဖြစ်လာသည်။ ဖြစ်နိုင်လျှင် မိမိကိုယ်တိုင် ထို “စံ” နှင့် ကိုက်ညီချင်လာသည်။ မကိုက်ညီလျှင်လည်း မိမိစိတ်ထဲ၌ ရင်းရင်းနှီးနှီး ရှိနေခဲ့သူ တဦးဦးကို ကိုက်ညီစေချင်လာသည်။

အကြောင်းမှာ ဝတ္ထုထဲမှ ဇာတ်လိုက်ကို အပြင်၌ တကယ်တွေ့ချင် မြင်ချင်စိတ်ကြောင့်ဖြစ်သည်။ ဤဇာတ်လိုက်မျိုး တကယ် ရှိသည်ဟူသည့် ထင်မှတ်စိတ်ကို ယုံကြည်မှုအဖြစ်သို့ ပြောင်းလဲလိုခြင်းကြောင့် ဖြစ်သည်။

သို့သော် ကျနော်တို့သည် ကိုယ်ကိုယ်တိုင် ဇာတ်လိုက်အဖြစ် သရုပ်ဆောင်နေရသည့် လောကဇာတ်ခုံကို မေ့လျော့နေကြ သည်။ ထို့ထက်မက မိမိတို့ကိုယ်တိုင်ကိုက သမိုင်းရေးသူများလည်း ဖြစ်နေကြပြန်သည် ဟူသည့်အချက်ကိုပါ (ကျနော်တို့) မေ့လျော့နေကြပုံရပေသည်။

အောင်မော်ဦး
(၂ဝဝ၄ နှစ်တွင် ခေတ်ပြိုင်အွန်လိုင်း၌ ဗဟုလှိုင်းဟူသည့် ဘုံအမည်ဖြင့် ဖော်ပြခဲ့ဖူးပါသည်)

စာအုပ်အမည် – “ကျမဖတ်ခဲ့သော စာအုပ်များ”
စာရေးသူ – ဂျူး
ထုတ်ဝေ – ဂျူးစာပေ
ပုံနှိပ် – ပထမအကြိမ်၊ ၁၉၉၉၊ ဒီဇင်ဘာ။
မျက်နှာဖုံးပုံနှိပ် – ဦးမြသိန်း (ဝ၁၄၂၇) သိန်းမြင့်ဝင်းအော့ဖ်ဆက်၊ အမှတ်(၉၆)၊ ၁၁ လမ်း၊ ရန်ကုန်။
အတွင်းပုံနှိပ် – ကလျာအောဖ့်ဆက်၊ (၁၅၂) ကျွန်းရွှေမြိုင်လမ်း၊ သုဝဏ္ဏ၊ ရန်ကုန်။
ထုတ်ဝေသူ – ဦးမိုးကြည် (မိုးကြည်စာပေ)၊ အမှတ်-၃၈၇၊ (၇) ရပ်ကွက်၊ ဖျာပုံလမ်း။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာအုပ်စင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

MoeMaKa Monthly July 2017 ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်