မောင်မောင်စိုး ● နှင်းဆီနီနီအိပ်မက်များ – အပိုင်း (၁၃)

March 7, 2017

မောင်မောင်စိုး ● နှင်းဆီနီနီအိပ်မက်များ – အပိုင်း (၁၃)
(မိုးမခ) မတ် ၇၊ ၂၀၁၇

● နမ့်ခမ်း – မန်း
နောက်တနေ့ မနက်စောစော ကားဂိတ်သို့ထွက်ခဲ့သည်။ မန္တလေးမှာပူခဲ့သလောက် လားရှိုးမှာတော့ နေလို့ကောင်းသည့် ရာသီဥတုဖြစ်သည်။ စောစောစီးစီးပေမဲ့ ကားဂိတ်တွင် လူစည်နေပေပြီ။ ကားဂိတ်နံမည်က နမ့်ခမ်း – မန်းဆိုသော်လည်း လား ရှိုးမှ နမ့်ခန်းသို့ထွက်ခွာသောကားဖြစ်သည်။ ထိုစဉ်က လားရှိုးမှ မန္တလေးသို့လည်း ထိုကားလိုင်းဆွဲပုံရသည်။ ဆွဲ – မဆွဲတော့ မိမိလည်း စူးစမ်းမကြည့်အားခဲ့။ ကိုယ့်အပူနှင့်ကိုယ်ဖြစ်နေသည်။

ဒုတိယကမ္ဘာစစ်ကျန် ချက်ဗလက်ခေါင်းတို ဘတ်စကားများ မြန်မာပြည်အနှံ့တွင် အလုပ်ဖြစ်နေဆဲ ဖြစ်သကဲ့သို့ ထိုစဉ်ကာလ မြန်မာပြည်သယ်ယူပို့ဆောင်ရေးတွင် အရေးပါဆဲဖြစ်သည်။ စစ်ကျန် ချက်ဗလက်ခေါင်းတိုများသည် ရန်ကုန်တွင် လိုင်းကား ပြေးဆွဲနေသကဲ့သို့ အနယ်နယ်အရပ်ရပ်တွင်လည်း ပြေးဆွဲနေဆဲဖြစ်သည်။ ယခု မိမိစီးရမည့် လားရှိုး – နမ့်ခမ်းပြေးဆွဲမည့်လိုင်း ကားကလည်း စစ်ကျန် ချက်ဗလက်ခေါင်းတို ဘတ်စကားဖြစ်တော့သည်။

မိမိရောက်တော့ ကားက ဂိတ်တွင်ရောက်နေပြီ။ လူတက်ခွင့်မပေးသေးပါ။ ကုန်တင်ကောင်းတုန်းဖြစ်သည်။ လူစီးလိုင်းကား ဆိုပေမဲ့ ထိုင်ခုံအောက်အပြည့် ကုန်တင်လိုက်သည်မှာ ကားတစီးလုံးအပြည့်ဖြစ်သည်။ ကားအမိုးပေါ်တွင်လည်း တင်သေး သည်။ လူတွေကားပေါ်တက်တော့ သစ်သားထိုင်ခုံများပေါ်ထိုင်ခွင့်ရသော်လည်း ခြေချစရာနေရာမရှိ။ အပြည့်တင်ထားသော ကုန်များပေါ် ခြေချရ၍ ဒူးနှင့်မျက်နှာအပ်ရသည်။ မိမိက ကားနောက်ပိုင်းတနေရာရသည်။ မိမိအခြေအနေနှင့် ရသည့်နေ ရာတွင် ခပ်ကုပ်ကုပ်လေးထိုင်လိုက်ရုံသာ တတ်နိုင်သည်။ မိမိအဖို့ သတ်မှတ်ထားသည့်အတိုင်း လားရှိုးမှ နမ့်ခမ်းထွက်သည့် မနက်ကားဖြင့် လိုက်ပါနိုင်ဖို့က အရေးကြီးသည်။ မည်သည့်နေရာတွင် မည်သို့ထိုင်ရသည်က အရေးမကြီးပေ။ မိမိနှင့်အတူ ပါလာသူကို အကဲခတ်ကြည့်သော်လည်း ရှာမတွေ့။ တနေရာရာရာက ပါလာလိမ့်မည်ဟုသာ သဘောထားပြီး ကားပေါ် တက်ခဲ့ရတော့သည်။ သို့နှင့်အချိန်တန်တော့ လားရှိုးမှ ကားထွက်လာခဲ့တော့သည်။

တကယ်တမ်းဆိုလျင် မိမိ ဝရမ်းပြေးအဖြစ်နှင့် ပြေးလွှားနေသည်မှာ တနှစ်ခန့်ရှိပြီဖြစ်ရာ စိုးရိမ်စိတ်ရှိသည်ဆိုသော်လည်း သေမထူး နေမထူး ခပ်ထုံထုံတော့ဖြစ်နေပေပြီ။ အစောပိုင်းက အဖမ်းခံရမည်ကို လွန်စွာစိုးရိမ်ခဲ့သော်လည်း ယခုတော့ ဘာ ဖြစ်ဖြစ် သေမထူးနေမထူး စိတ်ပေါ်နေပြီဖြစ်သည်။ စိုးရိမ်စိတ်တော့ သိပ်မရှိတော့။ မိမိရည်မှန်းချက်သို့ရောက်တော့မည့် စိတ်လှုပ်ရှားမှုရှိသည်။ ရောက်ခါနီးမှ လွဲချော်မည်ကို စိုးရိမ်ပူပန်မှုသာရှိပေတော့သည်။

သို့နှင့် နံနက် (၇) နာရီခန့်တွင် လားရှိုးမှ မိမိတို့ကားထွက်ခွာလာခဲ့သည်။ လားရှိုးပြီးတော့ သိန္နီသို့ရောက်သည်။ သိန္နီမ ရောက်မီ ရေပူစမ်းကားစာရေးဆရာ သိန်းဖေမြင့် စာအရေးအသားကောင်းမွန်မှုကြောင့် မိမိစိတ်ဝင်စားသည့်နေရာဖြစ်သည်။ သိန်းဖေမြင့်၏ အရှေ့မြောက်တိုင်းတခွင်သည် ထိုအရပ်ဒေသနှင့်မိမိတို့အား များစွာမိတ်ဆက်ပေးခဲ့သည်။ ထို့အတူ သူ၏ စာအရေးအသားအဖွဲ့အနွဲ့ကောင်းမှုကြောင့် သိန္နီရေပူစမ်းတွင် စားသောက်ဆိုင်ဖွင့်ထားသော ရှမ်းမလေး အဲနွေးအား တွေ့ ဖူးချင်သည်ကလည်း အမှန်ပင်။

အင်္ဂလိပ်ဟာသတပုဒ်ကိုသွားသတိရမိသည်။ အဖိုးကြီးတဦးက သူ၏ဇနီးသည် အဖွားကြီးအား အချစ်စမ်း၍ မေးခွန်းတခွန်း တခု မေးလေသည်။ “ငါ့အပြင် နောက်လင်မြင်သေးသလားကွယ်” ဟူ၏။ အဖွားကြီးက “နောက်လင်လဲမမြင်ဘူး ရှင့်လဲ မမြင်ဘူး” ပြန်ပြောသည်ဟု ဆိုသည်။ အဖွားကြီးကား အသက်ကြီး၍ မျက်စေ့အာရုံ မကောင်းတော့ပြီ။ အလားတူပင် မိမိ လည်း မျက်မှန်ချွတ်ထားသည်ဖြစ်ရာ အဲနွေးလည်းမမြင် အခြားရှမ်းပျိုမချောချောလည်း မမြင်နိုင်ခဲ့ပါ။

ကားပေါ်တွင် ဗမာစကားပြောသံ သိပ်မကြားရပါ။ တိုင်းရင်းသားဘာသာစကားတို့ အသံသာလွှမ်းမိုးနေသည်။ ရှမ်းစကား ကချင်စကားများဖြစ်ပုံရသည်။ တရုတ်စကားသံလည်း ပါမည်ထင်သည်။ ထိုစဉ်က ထိုဘာသာစကားများကို ခွဲခြား၍ မသိ သေးရာ မိမိမသိသော ဘာသာစကားများအလယ်စတင်၍ ရောက်ရှိသွားပေရာ မျက်စေ့သူငယ် နားသူငယ်နှင့်ဟုဆိုရပါမည်။

လမ်းကလည်းသိပ်မကောင်း ကုန်အပြည့်ကားအိုကြီးကလည်း တအိအိဆိုတော့ ခရီးကသိပ်မတွင်လှပေ။ လမ်းခရီး၌ ခပ်ဝေးဝေးက သေနတ်အချို့ကြားရခဲ့သေးသည်။ ဆူညံစွာစကားပြောနေသည့် ခရီးသည်တို့ အသံများတိတ်ဆိတ်သွားသည်။ ကားလည်း အတန်ငယ်နှေးသွားသည်။ သို့သော်သိပ်မကြာခင် သေနတ်သံတိတ်သွား၍ ကားအရှိန်မြှင့်၍ ဆက်မောင်းပြန်ပါ သည်။ သို့သော် ကားလမ်းသည် တောင်ကြားများ တောင်ကမ်းပါးယံများကြားတွင် ပတ်၍ဖေါက်ထားပေးရာ ကားသည် လိုသလောက်တော့ မြန်မြန်မောင်း၍မရခဲ့ပါ။

● စစ်ဆေးရေးဂိတ်များ
ထိုစဉ်အခါက တလမ်းလုံးအစစ်ဆေးကများလွန်းလှသည်။ မြို့အဝင်အထွက်ဂိတ်များသာမက တံတားများတွင် အစစ်ဆေးရှိ သည်။ အချို့ဂိတ်များတွင် လမ်းဆင်းလျှောက်ပေးသည်။ အစစ်ဆေးခံပြီးမှ ကားပေါ်ပြန်တက်ရသည်။ အထူးသဖြင့် အ ရေးပါသော တံတားများတွင် ကားပေါ်ဆင်းလျှောက်ပြီး တံတားကျော်မှ ကားပေါ်ပြန်တက်ရသည်။ နန့်ခိုင်တံတား နန့် ပေါ်တံတားတို့သည် ထိုစဉ် အလွန်လုံခြုံရေး စစ်ဆေးရေးတင်းကြပ်သော တံတားများဖြစ်သည်။ သို့သော် မန္တလေးမြေ အောက်အဖွဲ့မှ တာဝန်ယူလုပ်ပေးလိုက်သော မှတ်ပုံတင်အတုသည် အတော်လက်ရာမြောက်ပုံရသည်။ မိမိမှတ်ပုံတင် အတုအား သံသယဝင်သည်မရှိဘဲ ရှောရှောရှူရှူ လွတ်မြောက်ခဲ့သည်။

လမ်းဘေးရှိတောင်ကုန်းတချို့တွင် ကင်းတာဝန်ယူထားသော စစ်သားတချို့လည်း ကားကိုတားတတ်သည်။ သူတို့တား သည်က စစ်ဆေးဖို့တော့မဟုတ် တချို့က ဆေးလိပ်တောင်းတတ်ကြသည်။ အချို့မုန့်တောင်းတတ်ကြသည်။ ကားပေါ်ပါ ခရီးသည်တချို့နှင့် ကားသမားတို့က ၎င်းကိစ္စကို လွယ်လွယ်ဖြေရှင်းနိုင်ကြသည်။ သူတို့၏ နိစ္စဓူဝခရီးစဉ်တွင် ကြုံနေကြ ဖြစ်ပုံရသည်။

● မူစယ်
ဒါက သိန္နီမရောက်ခင်က ရေပူစမ်း ဒါက ကွတ်ခိုင်အဝင် လွိုင်ဆမ်ဆစ်လို့ခေါ်တဲ့ တောင်သုံးဆယ် စသဖြင့် ဖြတ်သန်းခဲ့ရသမျှ နားဖြင့်မှတ်ရသည်။ သိန္နီမှ ကွတ်ခိုင်သို့ တောင်တက်ကြမ်းသည်။ ကွတ်ခိုင်ကား ပင်လယ်ရေပြင်ထက် အမြင့်ပေ ၄ဝဝဝ ကျော်တွင်တည်ထားသဖြင့် ပတ်ဝန်းကျင်မြို့များတွင် အအေးဆုံးဖြစ်သည်။ သို့ပေမဲ့ ကွတ်ခိုင်ပြီးတော့လည်း ကားလမ်း ကားဆက်၍ တက်ကောင်းနေဆဲဖြစ်သည်။ အတက်ကြမ်းကြမ်း အဆင်းခက်ခက်ဖြင့် ခရီးဆက်ရသည်။

ကွတ်ခိုင်အလွန် တတောင်ဆင်း တတောင်တက်ဖြတ်ပြီးတော့ နန့်ခိုင်တံတား ထိုမှ နန့်ဖတ်ကာသို့ ဝင်သည်။ ထို့နောက် နန့် ပေါ်တံတားဖြတ်သည်။ ထို့နောက် မော်တောင်းဈေးရွာ မိုင်းယုလေးတို့အားဖြတ်၍ မူစယ်သို့ဝင်သည်။ မိုင်းယုလေးကို ယခု တော့ ၁ဝ၅ မိုင်ဟု လူသိများသည်။ ထိုစဉ်က တရုတ်ပြည်လည်း တံခါးပိတ်ထားဆဲဖြစ်သည်။ နယ်စပ်ကုန်သွယ်ရေးက မပွင့်သေး။ လမ်းတွင် ခရီးသွားရော ကားပါသိပ်မများလှပေ။ လမ်းတလျှောက် ခပ်ကြာကြာနေမှ ကားတစီးတလေ တွေ့ရ သည်။ ယခုအချိန်မတော့ ကားကြီးကားငယ်အသွယ်ဖြင့် လမ်းများပင် ပိတ်ဆို့နေသည်။ မိမိသွားစဉ်ကာလက ခြောက်တီး ခြောက်ကပ် တလမ်းလုံး တိတ်ဆိတ်မှုက ကြီးစိုးနေသည်။

မူစယ်ဂိတ်တွင် အစစ်ဆေးခံပြီးတော့ အတော်လေးပေါ့ပါးသွားခဲ့သည်။ မိမိအတွက် နောက်ဆုံးဂိတ်မဟုတ်ပါလား။ နမ့်ခမ်း အဝင်တွင် ဂိတ်တခုကျန်သေးသော်လည်း မိမိတို့ပူစရာမလိုတော့။ မိမိတို့က နမ့်ခမ်းအထိလိုက်မည်မဟုတ်ပေ။ မူစယ် ရောက်တော့ ညနေ ၃ နာရီခန့်ရှိပေပြီ။ မူစယ်တွင် ကားပေါ်က ကုန်တွေချစရာရှိသဖြင့် မိမိတို့ခရီးသည်များအား လဘက်ရည် ဆိုင်တဆိုင်တွင် စောင့်ခိုင်းထားခဲ့သည်။

မိမိအတူပါလာသူက မိမိအား “လာဗျ လဘက်ရည်သောက်ရအောင်” ဟု ပြုံးရွှင်စွာလာခေါ်သည်။ မန္တလေးကထွက်လာက တည်းက စကားမပြောပဲ တနေရာစီထိုင်၍ ထွက်လာသူနှစ်ယောက် မူစယ်ရောက်မှ လဘက်ရည်ဆိုင်အတူထိုင်ဖြစ်သည်။ သူလည်း စစ်ဆေးဂိတ်အားလုံးဖြတ်ကျော်နိုင်ခဲ့ပြီမို့ စိတ်လက်ပေါ့ပါးသွားပုံရသည်။ မူစယ်တွင် တနာရီနီးပါးခန့်ကြာသည်ဟု ထင်သည်။ ညနေ ၄ နာရီခန့်မှ မူစယ်မှထွက်နိုင်သည်။ မူစယ်ထွက်ပြီး မကြာခင်မှာပင် ဆယ်လန့်သို့ရောက်သည်။ စောမွန် လှ၏ရွာဟု အဆိုရှိကြသည်။

● ရွှေလီ
မူစယ်က ထွက်လာကထဲက ကားလမ်းနှင့်အပြိုင် ရွှေလီမြစ်က စီးဆင်းနေသည်။ မူစယ်နှင့်နမ့်ခမ်းကြားကားလမ်းနှင့် ပြိုင်၍ ရွှေလီမြစ်က စီးဆင်းသည်ဟု သိရသည်။ ဗမာစကားဖြင့် ရွှေလီဟုခေါ်ပြီး ရှမ်းစကားဖြင့် နမ့်မောဝ်ဟု ခေါ်ကြသည်။ တရုတ် တွေက ရွေ့လိဟုခေါ်ကြသည်။ တရုတ်ပြည်တွင်းမှ မြစ်ဖျားခံစီးဆင်းလာသော ရွှေလီမြစ်သည် မူစယ်အနီးမှစ၍ မြန်မာ ပြည်တွင်းစီးဝင်ပြီး ဧရာဝတီသို့ ပေါင်းစည်းဝင်ရောက်သည့် မြစ်တစင်းဖြစ်သည်။ မူစယ် နမ့်ခမ်းကားလမ်းတလျှောက် ရွာစဉ်မပြတ်ပေ။ရှမ်းရွာအများစုရှိပြီး ကချင်ရွာအချို့လည်းရှိသည်။ ကားလမ်းနှင့် ရွှေလီမြစ်ကြားကား လယ်ကွင်းပြင်များဖြစ်သည်။ ကားလမ်း၏ အခြားဘက်ဖြမ်းကား မြင့်မားသောတောင်ကြောတည်ရှိသည်။

မိမိတို့ကား ဆယ်လန့်ကျော်လာပြီးနောက် မိမိနှင့်ပါလာသူက ကားကို ရပ်ခိုင်းလိုက်ပြီး “ဒီမှာဆင်းမယ်” ဟု ယာဉ်နောက် လိုက်အား ပြောလိုက်သည်။ကားပေါ်က သူဆင်းသည်နှင့် မိမိလည်း နောက်မှလိုက်ဆင်းလိုက်ရာ ယာဉ်နောက်လိုက်က မိမိအား “သြ ခင်ဗျားရော ဆင်းမှာလား” အံ့သြသံနှင့်မေးလိုက်ရာ “ဟုတ်တယ်” ဟု မိမိလည်း သံပြတ်နှင့် ပြန်ဖြေလိုက် သည်။ တလမ်းလုံးတနေရာစီထိုင်ပြီး ကားပေါ်တွင် စကားတခွန်းမှမပြောသော မိမိတို့နှစ်ယောက် အတူတကွ တနေရာထဲ ဆင်းမည်ဆို၍ ယာဉ်နောက်လိုက် အံ့သြသွားပုံရသည်။ ထိုပြင် ရွာမရှိသော ကားလမ်းတနေရာတွင် ဆင်းသွားသော ဗမာ မှန်းသိသာအောင် အသားညိုသော မိမိတို့နှစ်ယောက်အား အတန်ငယ်အံ့သြသွားပုံရသည်။

မိမိလူက လယ်ကွင်းကိုဖြတ်၍ ရွှေလီမြစ်ဆီသို့ဦးတည်၍ ခပ်သွက်သွက်လျှောက်၍ လိုက်ရသည်။ လယ်ကန်သင်းပေါ်မှ လျှောက်နေရသဖြင့် ချော်မကျအောင် သတိထားနေရသည်။ မိမိတို့စီးလာသည့် နမ့်ခမ်း- မန်းကားသည် မိမိတို့ ရွှေလီမြစ် ကမ်းပါးရောက်သည်အထိ ကားမထွက်သေး။ မိမိတို့ဘယ်သွားသနည်း လှမ်းမြော်စူးစမ်းနေပုံရသည်။ မိမိတို့ ရွှေလီးကမ်းပါးမှ မြစ်ကမ်းစပ်သို့ဆင်းလိုက်မှ ကားထွက်သွားသည်ကိုတွေ့ရသည်။ မိမိတို့ ဘယ်သွားမည်ကို သူတို့ခန့်မှန်းမိသွားပုံရသည်။

မိမိတို့ ရွှေလီမြစ်ကမ်းရောက်တော့ ကူးတို့ဖေါင်က ဒီဘက်ကမ်းမှာမရှိ။ တဖက်ကမ်းရောက်နေ၍ လက်ခုပ်တီးအသံပြု၍ လှမ်းခေါ်ရသည်။ ” စိတ်ချလို့ မရသေးဘူးဗျ။ ဆယ်လန့်မှာ အစိုးရစစ်တပ်စခန်း” ရှိသည်ဟု ဆိုသည်။ သို့နှင့် တဖက်ကမ်း က မိမိတို့ဆီလာနေသည့် ကူးတို့ဖေါင်အား မျှော်ကြည့်ရင်းနောက်ဖက်ကိုလည်း လှမ်းကြည့်အကဲခတ်နေရသည်။ သို့သော် စစ်သားအရိပ်အယောင်မဆိုထားနှင့် လူသူအရိပ်ယောင်ပင်မတွေ့ရ။ ဇွန်လဆန်းလယ်ထဲဆင်းနေသည့် တောင်သူများပင် ပြန်ကုန်ကြပြီထင်သည်။

ကူးတို့ဝါးဖေါင် မိမိတို့ဘက်ကမ်းသို့ရောက်လာတော့ မိမိတို့နှစ်ဦး ခပ်သွက်သွက်တက်လိုက်ကြပြီး ဟိုဘက်ကမ်းသို့ လက် ညှိုးထိုးပြလိုက်သည်။ သူပြောသည့် ရှမ်းစကားလည်း မိမိတို့နားမလည်ချေ။ ကူးတို့ဝါးဖေါင်ကားဝါးဘိုး ၆ လုံးစီခန့်အား နှစ် ထပ်ထား၍ ချ ည်နှောင်ထားသည့် ဝါးဖေါင်ဖြစ်သည်။ ဖေါင်ပေါ်သို့မိမိတို့နှစ်ယောက်တက်လိုက်သည်နှင့် ဝါးဖေါင်အနည်းငယ် အိသွားပြီး ခြေထောက်အား ရေစိုတော့သည်။ ကူးတို့ဆရာကတော့ ဝါးလုံးတလုံးကိုင်၍ ရေအောက်သို့လှမ်းထောက်ကာ တွန်း၍ ရေစီးနှင့်မျော၍ လှော်သည်။ သို့နှင့်ပင် တဖက်ကမ်းသို့ရောက်ရှိသွားတော့သည်။

ဟိုဖက်ကမ်းသို့ရောက်သည်နှင့် မိမိလည်း လက်တဖက်နှင့် မြေကြီးတဆုပ်ကောက်ကိုင်လိုက်ပြီး ရေး … ဟူ၍ အသားကုန် ကုန်းအော်လိုက်တော့သည်။ မိမိနှင့်ပါလာသူက မိမိအားပြုံး၍ ကြည်နေသည်။ ကူးတို့သမားကြီးကတော့ ဘာလဲဟဆိုသည့် အဓိပ္ပါယ်ဖြင့် မိမိအားလှမ်းကြည့်သည်။ ၁၉၇၅ ဇွန်လ ၁ဝ ရက်နေ့ ရွှေတိဂုံဘုရား တောင်ဖက်မုခ်မှ ထွက်လာပြီး တနှစ်အကြာ ၁၉၇၆ ဇွန်လဆန်းတွင် CPB ၏ အရှေ့မြောက်အခြေခံဒေသတခုသို့ မိမိရောက်လာခဲ့ပေပြီ။ မိမိအတွက် ဘဝအသစ်တခု အစပြုချေပြီ။

ဆက်လက်ဖေါ်ပြပါမည်
မောင်မောင်စိုး (Mg Mg Soe)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခေတ်ပြိုင်အတွေ့အကြုံ, မောင်မောင်စိုး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်