မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၁၄)

March 10, 2017

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၁၄)
(မိုးမခ) မတ် ၁၀၊ ၂၀၁၇

● ရှမ်းပြည်ရောက် ဗမာတယောက်
မိမိ ၁၉၇၅ ခုနှစ် ဇွန်လ ၁ဝ ရက်နေ့ ရွှေတိဂုံဘုရားတောင်ဖက်မုခ်မှတင်ထွက်လာခဲ့မှာ တနှစ်ခန့်ရှိပေပြီ။ မြန်မာပြည် အထက်အောက် အတော်နှံ့ခဲ့သည်။ ရောက်သည့်နေရာတိုင်း ဒေသတိုင်းတွင် သီချင်းတပုဒ် အမြဲကြားရသည်။ မြန်မာ ပြည်တပြည်လုံး ပေါက်နေသည့်သီချင်းဟု ဆိုရမည်။ စိုင်းထီးဆိုင်၏ “မန္တလေးရောက် ရှမ်းတယောက်” ဆိုသည့်သီချင်းဖြစ် သည်။ “လမ်းတကာလျှောက်တိုင်းလဲ ကလေးလေးတွေက နောင်ဗိန်နောင်လို့စကြတယ် ” ဆိုသည့် ဗိုလ်ထီး၏သီချင်းက ဘယ်နေရာရောက်ရောက်ကြားနေရ၍ နားထဲစွဲနေသည်။ လောလောဆယ် မိမိကတော့ ဗိုလ်ထီးသီချင်းနှင့်ဗြောင်းပြန်ဖြစ်ပါသည်။ ရှမ်းပြည်ရောက် ဗမာတယောက်ဟု ဆိုရပါမည်။

● မန်ရှိုး
မန်းရှိုးဆိုသည်က အနီးစပ်ဆုံးအသံဖြစ်ပါသည်။ အတိအကျတော့ မဟုတ်ပါ။ ရှမ်းသံနှင့်ဆိုလျင် ရှိုးဆိုသည့်အသံတွင် သသံ ဟသံ ဟတ်ထိုးသံတို့ တွဲ၍ပါဝင်သည်။ ထို့ကြောင့်လည်း အစိုးရက မန်ဟီးရိုးဟု သုံးနှုန်းလေ့ရှိသည်။ မန်ရှိုးသည် အိမ်ခြေ ၂ဝဝ အထက်တွင်ရှိသော ရှမ်းရွာကြီးဖြစ်သည်။ မူဆယ်နမ့်ခမ်းကားလမ်းနှင့်အပြိုင် ရွှေလီမြစ်တဖက်ကမ်းရှိ တရုတ်မြန်မာနယ်စပ်နှင့်ကပ်လျက်ရှိ ရှမ်းရွာကြီး နှစ်ဆယ်ခန့်ရှိသည့် ဒေသဖြစ်သည်။ တိန်းဟေး၊ ခါးလျံ၊ မန်ရှိုး၊ ကောက်ကွတ်၊ ဘန်ခွမ်၊ နောင်မ၊ ကွန်ဟိုင်း စသည့် ရှမ်းရွာပေါင်း ၂ဝ ခန့်ရှိသည့်ဒေသဖြစ်သည်။ ရွှေလီမြစ်ကမ်းဘေးရှိ ပြန့်ပြူးသောဒေသတွင်ရှိပြီး ကျယ်ပြန့်သောလယ်ကွင်းများရှိကြသည်။ နယ်စပ်တဖက် တရုတ်ပြည်ပိုင်နက်တွင်လည်း ရှမ်းရွာများစွာရှိသည်။ ဆက်စပ် နယ်နမိတ်ဒေသဖြစ်သည်။

ထိုရွာ ၂ဝ ခန့်ဒေသတွင် CPB အရှေ့မြောက်စစ်ဒေသ နမ့်ခမ်းခရိုင်၏ ထိန်းချုပ်မှုအောက်တွင်ရှိသည့် ပါတီ၏အခြေခံဒေသ လွတ်မြောက်ဒေသလည်း ဖြစ်သည်။ မဆလစစ်အစိုးရ အုပ်ချုပ်မှုအောက်မှကင်းလွတ်သည်။ CPB အရှေ့မြောက်စစ်ဒေသ နမ့်ခမ်းခရိုင်ရုံးသည် မန်ရှိုး၌ ရုံးစိုက်သည်။ မိမိတို့ရွှေလီမြစ်ကမ်းပါးမှသည် မန်ရှိုးသို့ဦးတည်၍ ၄၅ မီးနစ် တနာရီနီးပါးခန့် လမ်းလျှောက်လိုက်ရသည်။ မန်ရှိုးရောက်တော့ မှောင်စပျိုးပေပြီ။ မိမိနှင့်သူနှင့်ဆက်သွယ်ရမည့်သူထံ သွားဆက်သွယ်သည်။ မြို့ ပေါ်လာရောက်သူများကို ဧည့်ခံနေရာချထားရေး လုံခြုံရေးတာဝန်ယူပေးမည့်သူကို ဆက်သွယ်ရသည်။ သူအမည်က ရဲဘော်အိုက်အောင်ဖြစ်သည်။ သူသည် ပါတီဗဟိုမှတော့မဟုတ်။ နမ့်ခမ်းခရိုင်မှ မြို့ နယ်အဆင့် ကေဒါတဦးဖြစ်သည်။ မြို့ပေါ်မှ လာရောက်ဆက်သွယ်သူများအား ကြိုဆိုရေးသက်သက် တာဝန်ပေးထားခံရသူဖြစ်သည်။

ရဲဘော်အိုက်အောင်က မိမိတို့အား ရွာ၏အစွန် တနေရာရှိ ရှမ်းအိမ်တအိမ်တွင် နေရာချပေးထားသည်။ ထိုရှမ်းမိသားစုက မိမိတို့ စားသောက်ရေးပါ တာဝန်ယူပေးပါသည်။ ထိုရှမ်းအိမ်၏ဧည့်ခန်းတွင် မိမိတို့အိပ်ဖို့ ပြင်ပေးသည်။ မိမိတို့ အရောက် နောက်ကျ၍ ညစာထမင်းကို ည ၈ နာရီခန့်မှ စားရသည်။ အိမ်ရှင် ရှမ်းလင်မယားက ပျူငှာဖော်ရွေစွာ ဧည့်ခံကြသော်လည်း ပြဿနာကား “စကားမပေါက်ခြင်း” ပင်ဖြစ်သည်။ မိမိတို့ကလည်း ရှမ်းလိုမတတ်။ သူတို့ကလည်း ဗမာလိုမတတ်။ ခြေဟန် လက်ဟန်နှင့်သာ ကျော်လွှားကြရသည်။ ထမင်းဝိုင်းတွင် ပေါင်းထားသည့် ရှမ်းဆန်စေးစေး စားရသည်မှာ ကောက်ညှင်း စားရသကဲ့သို့ပင်။ ဟင်းတွေက ရှမ်းဟင်းများ။ မော်တိတ်တုန်းကနဲ့ ခပ်ဆင်ဆင်ဟု ခံစားရသည်။ ပုဂံလုံးနှင့်တူနှင့် ထမင်း စားရသည်မှာလည်း အသားမကျသေးသဖြင့် ခြေဟန်လက်ဟန်နှင့် ဇွန်းတောင်း၍ စားလိုက်ရသည်။

ထမင်းစားပြီးတော့ အိမ်ပေါ်သို့ပြန်တက်ပြီး အိမ်ရှင်က ရေနွေးတည်၍ လဘက်ရည်ကြမ်းနှင့်ဧည့်ခံသည်။ အိမ်ပေါ် ဧည့်ခန်းဟုခေါ်နိုင်သောအပြင်ခန်းတွင် ကြမ်းပြင်နှင့် တပြေးညီ လေးဒေါင့်ကွက်ဖောက်၍ မြေသားထည့်ပြီး မီးဖိုလုပ်ထားသည်။ ထို မြေသားပေါ်တွင် သုံးချောင်းထောက် မီးဖိုခနောင့်တင်၍ ရေနွေးတည်ပြီး ဧည့်ခံခြင်းဖြစ်သည်။ ထမင်းဟင်းချက်စားသည့် မီးဖိုဆောင်က အိမ်ကောက်ထပ်တွင်ရှိသည် အပေါ်ထပ်က မီးဖိုကဧည့်သည်ဧည်ခံရင်း ရေနွေးကြိုသည့်နေရာဖြစ်သကဲ့သို့ ချမ်းအေးသောအချိန်များတွင် မီးလှုံကြသောနေရာလည်းဖြစ်သည်။

နောင်တွင်တွေ့ရသည်မှ အိမ်ရှေ့ခန်း၌ မီးဖိုရှိသည်မှာ ရှမ်းရွာတွင်သာမက ကချင်ရွာ တအာင်းပလောင်ရွာရှိ အိမ်တိုင်းလိုလို တွင် တွေ့ရသည်။ အေးမြသောရာသီဥတုနှင့်ကိုက်ညီသော အိမ်ဖွဲ့စည်းမှုဟုဆိုရပါမည်။ ထိုဧည့်ခန်းရှိ မီးဖိုဘေးတွင် ထိုင် ရာ၌လည်း သတ်မှတ်ချက်ရှိသည်။ မီးဖို၏တဖက်ခြမ်း အိမ်အတွင်းခန်းအား ကျောပေးထားသည့်နေရာသည် အိမ်ရှင် အိမ် ထောင်ဦးစီး အိမ်ရှင်သားကြီးစသည့် အိမ်ရှင်မိသားစုဝင်များသာ ထိုင်ခွင့်ရှိသည်။ ဧည့်သည်များက ကျန် ၃ ဖက်တွင်သာ ထိုင်ခွင့်ရှိပြီး အိမ်ရှင်၏နေရာအားဝင်ရောက်ထိုင်ခွင့်မရှိ။ ထို့ပြင် အိမ်အောက်ထပ်တွင် သီးသန့်ပြုလုပ်ထားသည့် မီးဖိုဆောင်သို့အိမ်အတွင်းပိုင်းမှ လှေခါးပြုလုပ်ထားသော်လည်း ဧည့်သည်များ အတက်အဆင်းလုပ်ခွင့်မရှိ။ ဧည့်သည်များက အိမ်ရှေ့ လှေခါးမှ အဆင်းအတက်ပြု မီးဖိုဆောင်သို့ အိမ်မကြီးအား ပတ်၍သွားရသည်။

အိမ်ရှင်က မိမိတို့အား ရေနွေးကြမ်းတိုက်ပြီး အိပ်ရန် ခြေပြလက်ပြပြောဆိုပြီး ပြုံး၍ အခန်းထဲသို့ဝင်သွားသည်။ သူဆက်ထိုင် နေလည်း ဘာသာစကားမပေါက်မှုကြောင့် မိမိတို့ကြား ပြောစရာစကားမရှိပါချေ။ မတူကွဲပြားသောလမျိုး မတူကွဲပြားသော ဘာသာစကား မတူကွဲပြားသောယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာရှိကြသော တိုင်းရင်းသားလူမျိုးများကြား မိမိတို့နှင့် မတူသောကြည့်မြင်ချဉ်းကပ်မှုများ စဉ်းစားတွေးတောမှုများ ရှိလိမ့်မည်ကို ထိုစဉ်က များစွာလေးနက်ခဲ့ခြင်းတော့ မရှိသေးပါ။ ဘာသာစကားအခက်အခဲကို ကျော်လွှားနိုင်ပါက ဖြေရှင်းနိုင်မည်ဟု ယူဆခဲ့ပါသည်။ မိမိတို့အကျွမ်းဝင်နေသော တမြေထဲနေ တရေထဲသောက် ညီနောင်သားချင်းတွေဆိုသောစကားလုံးများ ပြည်ထောင်စုကြီးနှင့် ပြည်ထောင်စုစိတ်ဓာတ်ဆိုသည့် စ ကားလုံးများအရသော်လည်းကောင်း၊ လက်ရှိ မိမိစွဲကိုင်ထားသော လူတန်းစားတိုက်ပွဲသဘောတရားအရလည်းကောင်း၊ ဖြေရှင်း၍ ရနိုင်မည်ဟု ယူဆခဲ့သည်။ အမျိုးသားရေးသီးခြားလက္ခဏာကို ထည့်သွင်း စဉ်းစားနိုင်ခြင်းမရှိခဲ့သေးပါ။

နောက်တနေ့မနက် ကိုအိုက်အောင်က မိမိတို့ အဆင်ပြေမပြေလာကြည့်ရင်း ရှမ်းစကားပြောစာအုပ်တအုပ်ပေးသွားသည်။ သို့နှင့် မိမိတို့နှစ်ယောက်လည်း စတင်ကျက်မှတ်ကြပါတော့သည်။ “ကျင်ခေါက်” ထမင်းစားဟူသော စကားလုံးနှင့် “မဟုခ” မသိဘူးခင်ဗျဆိုသော စကားနှစ်ခွန်းကို ဦးစွာတတ်ခဲ့ပေတော့သည်။

● ကိုရန်နိုင်
မိမိအားလိုက်ပို့ရင်း ပါတီသို့မြေအောက်လုပ်ငန်းကိစ္စများလာရောက်အစီရင်ခံသူမှာ မန္တလေးမြေအောက်အဖွဲ့အစည်းမှ ဦး ဆောင်ကော်မတီဝင်တဦးဖြစ်သည့် ကိုရန်နိုင်ဖြစ်သည်။ ထိုစဉ်ကတော့ မြေအောက်စည်းမျဉ်းစည်းကမ်းများအရ မိမိအား နာမည်ရင်းမပြောခဲ့ပါ။ နောက်ပိုင်းပြန်လည်သိရှိရသည်အချက်များဖြစ်သည်။ အသားခပ်ညိုညို မျက်နှာချိုသော ကိုရန်နိုင်နှင့် မိမိထိုစဉ်ကာလက တွေ့ပြီးနောက်ပိုင်း တကြိမ်တခါမှမဆုံတော့သည်မှာ သူကွယ်လွန်သွားသည်အထိဖြစ်ပေသည်။

နောက်တွင် ပြန်လည်သိရသမျှမှာ မန္တလေး CPB မြေအောက်ဦးဆောင်အဖွဲ့အစည်းအားဦးဆောင်သည့် ကော်မတီဝင်များ အား လက်လှမ်းမှီသမျှပြန်လည်ဖေါ်ပြရလျင် ကိုမောင်မောင် ခေါ် ကိုကျော်စိုး (ယခု စာရေးဆရာ နေဦးဝေ)၊ ခင်မောင်သိန်း၊ ကိုကျော်ဇံလှ (ယခု စာရေးဆရာ ညီစေမင်း)၊ ကိုရန်နိုင်(ကွယ်လွန်) နှင့် ကိုအောင်ဝင်း (ကွယ်လွန်) တို့ဟု သိရသည်။ မိမိ မန္တလေးရောက်နေစဉ်က ကိုကျော်စိုးခေါ် ကိုမောင်မောင်က အရှေ့မြောက်ပါတီဗဟိုသို့သွားရောက်အစီရင်ခံနေ၍ ခင်မောင် သိန်းက တာဝန်ခံအဖြစ်တာဝန်ယူနေစဉ်ကာလဖြစ်သည်။ သို့သော် အရှေ့မြောက်ပါတီဗဟိုမှပြန်လာသည့် ကိုကျော်စိုးမှ ရွှေလီချိုင့်ဝှမ်းဂွင်အတွင် KIA နှင့်ဖြစ်ပွားသည့်တိုက်ပွဲတွင် ခြေထောက်ဒဏ်ရာရပြီး ခြေတဖက်ဖြတ်လိုက်ရသဖြင့် မန္တလေး သို့ပြန်မလာနိုင်တော့ဘဲ အရှေ့မြောက်တွင်နေခဲ့ရပေတော့ရာ ခင်မောင်သိန်းကပဲ ဆက်တာဝန်ယူဖို့ ဖြစ်သွားပုံရပါသည်။

ထိုမန္တလေးမြေအောက်အဖွဲ့လည်း ၁၉၇၈ တွင် အားလုံးလိုလို ထောင်ထဲရောက်ကြသည်။ ရန်ကုန်မှအစရ၍ ဆွဲထုတ်ရာမှာ ပျဉ်းမနားမှ ထပ်ဖမ်း၊ ထို့နောက် မန္တလေး ခင်မောင်သိန်းရှိရောက်ချိန်တွင် အားလုံးဖော်လိုက်သဖြင့် မန္တလေး မြင်းခြံ ပြည် ရန်ကုန်စသည်တို့မှ လူ ၁ဝဝ ကျော်ခန့် ထောင်ထဲဝင်ခဲ့ရသည်။ တကယ်တော့ ဖမ်းဆီးမှုစစဉ်က ခင်မောင်သိန်းအချိန်ရ၍ ပုန်းရှောင်၍လွတ်နေသေးသည်။ သို့သော် ထောက်လှမ်းရေးက သူ့ဖခင်အားဖမ်းဆီးလိုက်သောအခါ ထွက်အဖမ်းခံသည်။ ထွက်အဖမ်းရုံသာမက အားလုံးဖော်ကောင်လုပ်လိုက်၍ လူရာနှင့်ချီ၍ အဖမ်းခံခဲ့ရတော့သည်။ မန္တလေးမြို့ပေါ်ကပင် ၅ဝ ခန့်ပါသွားခဲ့သည်။ မြေအောက်ဦးဆောင်ကော်မတီထဲက ကိုအောင်ဝင်း (ကွယ်လွန်) နှင့် လူအချို့တော့လွတ်ပြီး ပါတီအခြေ ခံဒေသသို့ ရောက်သွားခဲ့ကြသည်။

မိမိနှင့်အတူပါလာသည့် ကိုရန်နိုင်လည်း အဖမ်းခံခဲ့ရသည်။ ထိုစဉ်က ခင်မောင်သိန်း ထွက်အဖမ်းမခံခင် ပုန်းအောင်းသည့် အိမ်က မိမိနောက်ဆုံးနေခဲ့သည် ရထောင်က အိမ်ဖြစ်သည်။ ထိုအိမ်နှင့်ပတ်သက်ပြီး ခင်မောင်သိန်းအား မိမိပြောပြခဲ့ခြင်း ဖြစ်ရာ နောင်သိရသောအချိန်တွင် မပြောဘဲနေခဲ့ရကောင်းသားဟု တွေးမိပြီးများစွာစိတ်မကောင်းဖြစ်ရမိသည်။ ဤသို့ မန္တ လေးမြေအောက်အဖွဲ့များအဖမ်းခံရခြင်းမှာ ၁၉၇၈ ခုနှစ်ဖြစ်ပြီး မိမိ မန်ရှိုးအခြေခံဒေသရောက်ရှိသည့် ၁၉၇၆ ခုနှစ် နောက် ၂ နှစ်အကြာတွင်ဖြစ်သည်။

သို့သော် မိမိတို့ မန်ရှိုးရောက်သည့် ၁၉၇၆ ဇွန်လဆန်းကာလတွင်မူ ရန်ကုန် မန္တလေးစသည့်မြို့ကြီးများအပါ တပြည်အလုံး အနှံ့တွင် ပါတီထောက်ခံသော ပါတီလိုလားသော အင်အားစုများရှိနေသည်။ စနစ်တကျဖွဲ့စည်းလှုပ်ရှားနေသော မြေ အောက်အစုအဖွဲ့များလည်း ရှိနေသည်။ ထိုအစုအဖွဲ့များသည် တဖြည်းဖြည်းနှင့် အရှေ့မြောက်နှင့် ချိတ်ဆက်မိလာနေသည်။ မဆလအစိုးရဆန့်ကျင်သည့် နိုင်ငံရေးလှုပ်ရှားမှုများသည်လည်း အဆက်မပြတ်ဖြစ်နေသည်။ အရှေ့မြောက်နယ်စပ်တွင် လည်း လူဦးရေသိန်းအချို့နေထိုင်သည့် လွတ်မြောက်ဒေသ အခြေခံဒေသများကို တည်ထောင်ထားနိုင်သည့် လက်နက်ကိုင် တပ်ဖွဲ့အင်အား နှစ်သောင်းခန့်ရှိသည့် ဗမာပြည်ကွန်မြူနစ်ပါတီ CPB ရှိနေသည်။

ထိုစဉ် ထိုအကြောင်းအချက်များအောက်တွင် မန်ရှိုးတွင် သုံးလေး ရက်ခန့်နေရစဉ်အတောအတွင်း မိမိနှင့် ကိုရန်နိုင်တို့နှစ်ဦး စိတ်ဓာတ်တက်ကြွနေသည်မှာ အထူးပြောရန်ပင်မလိုပါ။ မိမိတို့နှစ်ဦးသား၏ စကားဝိုင်းတွင်အောင်ပွဲနှင့်အနာဂါတ်သည် တောက်ပ၍နေပါသည်။ မဆလအစိုးရ အုပ်ချုပ်သည့် ဒေသမှာကဲ့သို့ ပုန်းလျှိုး ကွယ်လျှိုး ပြောရန်မလို။ အသံနှိမ့်၍ တီးတိုး ပြောရန်မလို။ မိမိတို့ပြောချင်သည်များကို လွတ်လပ်ပေါ့စွာပြောနိုင်သည့်ဒေသသို့ မိမိတို့ရောက်နေပြီ မဟုတ်ပါလော။ လွတ်မြောက်ဒေသသို့ရောက်နေကြပြီ မဟုတ်ပါလော။

● ရဲဘော်အောင်ကြီး
ထွက်ပြေးနေရသော တနှစ်တာကာလအတွင်း တနေရာရောက် တခါပြောင်းဖြင့် နာမည် အခါနှစ်ဆယ်ခန့် ပြောင်းခဲ့ရသည်။ နံမည် ခဏခဏပြောင်းရသဖြင့် ထိုနာမည်အများစုကို မမှတ်မိတော့။ အတန်ငယ်လွတ်လပ်စွာနေခဲ့ရသည့် မော်တိတ်တွင် နေစဉ်က ပြောင်းထားသည့်နာမည်မှာ ခေါ်ဝေါ်သူများသဖြင့် ထိုရွာတွင်ပေးခဲ့သည့် ကိုဦးဆိုသည့်အမည်သာ မှတ်မိတော့ သည်။ မန္တလေးကအလာပြုလုပ်လာသည့် မှတ်ပုံတင်ထဲကအမည်ပင် ထိုစဉ်က တလမ်းလုံးကျက်မှတ်လာခဲ့သော်လည်း မန်ရှိုးရောက်တော့ အပျော်လွန်သွားပြီး ခေါင်းထဲမရှိတော့ပေ။

ယခု ပါတီအခြေခံဒေသရောက်တော့ နာမည်တခုပေးပါဟု ဆိုသည်။ ပါတီအခြေခံဒေသသို့ မည်သူမည်ဝါရောက်ရှိနေသည်ကို မဆလစစ်အစိုးရမှအလွယ်တကူ မသိရန်ရည်ရွယ်ပုံရပါသည်။ ပါတီအခြေခံဒေသသို့ရောက်ရှိနေသူများနှင့် အဆက်အစပ် ရှိသော မြို့ပေါ်ကသူများ အထိအခိုက်မရှိရန် ရည်ရွယ်ပုံရသည်။ သို့နှင့် မိမိလည်း အောင်ကြီးဟူသော နာမည်ပေးခဲ့ပါ သည်။ ပဲခူးရိုးမတွင်ကျဆုံးသွားသည့် ဘေကျင်းပြန် ရဲဘော်အောင်ကြီးအား လေးစားသူဖြစ်၍ သူ့အမည်ကိုယူလိုက်သည် မှန်သော်လည်း ထိုအမည် မြဲလိမ့်မည်ဟူ၍ မိမိထင်မထားပါ။ ထပ်ပြောင်းရလိမ့်အုံးမည်ဟု ထင်မှတ်ထားခဲ့သည်။

သို့သော် ထိုမန်ရှိုးတွင် ပေးလိုက်သည့်အမည်က မြဲသွားတော့သည်။ ရဲဘော်အောင်ကြီးဆိုသည့်အမည်သည် အနှစ် ၂ဝ ခန့် သုံးခဲ့သည့်အမည်ဖြစ်ခဲ့ပြီး အဆိုပါအရပ်ဒေသ၌ မိမိအမည်ရင်းပင် သိသူမရှိ။ အောင်ကြီးဆိုသည့် အမည်သာ သိကြတော့ သည်။ မောင်မောင်စိုးအမည်နှင့် အနှစ် ၂ဝ ခန့်ဖြတ်သန်းပြီးသကာလ နောက်အနှစ် ၂ဝ ကား ရဲဘော်အောင်ကြီးအမည်ဖြင့် ဖြတ်သန်းရသည့်ကာလဟု ဆိုရမည်။

မောင်မောင်စိုးနှင့်ရဲဘော်အောင်ကြီးသည် လူတယောက်တည်းဖြစ်သော်လည်း ဖြတ်သန်းရသည့်ဘဝက ကွာခြားသည်။ ရုန်းကန်ရှင်သန်ရသည်ကလည်း ကွာခြားခဲ့သည်။ မောင်မောင်စိုးက ကလောင်ကိုင်၍ ကြီးပြင်းခဲ့သူဖြစ်သည်။ ရဲဘော်အောင် ကြီးကတော့ သေနတ်ကိုင်၍ ရုန်းကန်ရှင်သန်ခဲ့သူဖြစ်သည်။ မောင်မောင်စိုးက ကတ္တရာလမ်းမပေါ်မှာ တက္ကသိုလ်ပရဝုဏ် တွင်းမှာ ကြွေးကြော်သံများဖြင့် တိုက်ပွဲဝင်ခဲ့သူဖြစ်သည်။ ရဲဘော်အောင်ကြီးကတော့ တောင်တန်းလျှိုမြောင်များကြား အ မြောက်သံဗုံးသံကြား တိုက်ပွဲဝင်ခဲ့ရသူဖြစ်သည်။ မောင်မောင်စိုးကား ဘဝအနာဂါတ်ရွေးချယ်စရာများစွာကို ရွေးချယ်ခွင့်ရှိ သူဖြစ်ခဲ့သည်။ ရဲဘော်အောင်ကြီးကတော့ လှပခမ်းနားသောအိပ်မက်များစွာကိုသာ ပိုင်ဆိုင်ခဲ့သူဖြစ်သည်။

ထိုကြောင့်လည်း မောင်မောင်စိုး၏ အနှစ် ၂ဝ သည် လွမ်းရစ်ဝေနေ့များညများ ဖြစ်ခဲ့သည်။ ထိုအတူ ရဲဘော်အောင်ကြီး၏ အနှစ် ၂ဝ သည် နှင်းဆီနီနီအိပ်မက်များဖြစ်ခဲ့ပါသည်။ အမှန်ပင် မိမိသည်ထိုစဉ်အခါက လှပသော အစွမ်းကုန်ဖူးပွင့် မွှေးပျံ့ နေသော နှင်းဆီနီနီအိပ်မက်များကို ထွေးပွေ့ထားခဲ့ပါသည်။

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး (Mg Mg Soe)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခေတ်ပြိုင်အတွေ့အကြုံ, မောင်မောင်စိုး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်