မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၁၅)

March 12, 2017
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၁၅)
(မိုးမခ) မတ် ၁၂၊ ၂၀၁၇

● ရဲဘော်ထွန်း
မိမိတို့နှစ်ယောက် မန်းရှိုးတွင် သုံးလေးရက်ခန့် ကြာပါသည်။ ကြာရသည့်အကြောင်းမှာ မိမိအားခေါ်လာပေးပေးသူ ကို ရန်နိုင်မှာ မန္တလေးမြေအောက်ခေါင်းဆောင်တဦးဖြစ်ရာ မြေအောက်လုပ်ငန်းနှင့်ပတ်သက်၍ ပါတီဗဟိုကို အစီရင်ခံရန်နှင့် ပါတီဗဟို၏ ညွှန်ကြားချက်များကိုလက်ခံရန်အတွက် ပါတီဗဟိုမှ မြေအောက်တာဝန်ခံအလာကို စောင့်ဆိုင်းနေရခြင်းဖြစ် သည်။ မိမိနှင့်မဆိုင်သော်လည်း အတူပါလာသူဖြစ်၍ မိမိပါစောင့်ဆိုင်းနေရခြင်းဖြစ်သည်။

ဗမာပြည်ကွန်မြူနစ်ပါတီ၏ဖွဲ့စည်းပုံအရ ပါတီကွန်ဂရက်သည် အမြင့်ဆုံးဖြစ်သည်။ ပါတီကွန်ဂရက်တခုနှင့်တခု ကွန်ဂရက် က တင်မြှောက်လိုက်သည့် ဗဟိုကော်မတီက တာဝန်ယူခေါင်းဆောင်ပါသည်။ CPB အနေနှင့် စစ်ရေးအခြေအနေကြောင့် ဒုတိယအကြိမ် ကွန်ဂရက်ပြီးကထဲက ပါတီကွန်ဂရက်မကျင်းပနိုင်သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ ပါတီဥက္ကဌနှစ်ဦးလည်းကျ ဆုံးထားသည့်အခြေအနေတွင် တဗိုလ်ကျ တဗိုလ်တက်စနစ်ဖြင့် ခေါင်းဆောင်နေရသည့် အခြေအနေဖြစ်သည်။

လက်ရှိအခြေအနေတွင် ပြည်တွင်းရှိ ပါတီဗဟိုကျဆုံးသွားသည့်အခြေအနေအောက်တွင် တရုတ်ပြည်သို့ရောက်နေပြီး အ ရှေ့မြောက်စစ်ဒေသကိုဦးဆောင်နေသည့် ဒုဥက္ကဌ သခင်ဗသိန်းတင်ဦးစီးသည့် အဝေးရောက်ဗဟိုကော်မတီမှ ပါတီဗဟို ခေါင်းဆောင်အသစ်ကို ပြန်လည်ဖွဲ့စည်းထားခြင်းဖြစ်သည်။ အများစုမှ အရှေ့မြောက်မှဖြစ်သော်လည်း ပြည်တွင်းရှိကျန် နေသော ခေါင်းဆောင်များကိုလည်း ထည့်သွင်းဖွဲ့စည်းထားသည်။ ပြည်နယ်မှ ရဲဘော်ကျော်မြ အနောက်မြောက်တိုင်းမှ ဗိုလ်သက်ထွန်း တနင်္သာရီတိုင်းမှ ရဲဘော်စောဟန်၊ ရှမ်းပြည်အလယ်ပိုင်းမှ ရဲဘော်ကျင်မောင်၊ ပဲခူးရိုးမမှ ရဲဘော်စိုးကြည်တို့ ပါဝင်ကြသည်။ ရဲဘော်စိုးကြည်ကတော့ ဗဟိုကော်မတီစာရင်းတွင်ပါဝင်ပြီးမကြာမီမှာပင် ပဲခူးရိုးမ၌ ကျဆုံးခဲ့သည်။ ပဲခူးရိုးမတိုင်းကော်မတီတဦးဖြစ်သည် ဗိုလ်ဘုန်းကျော်အား ဗဟိုကော်မတီစာရင်းတွင်ထည့်ရန် လျာထားသော်လည်း အသက်ရှင် လျက် ရှိ/မရှိ မသေချာ၍ အမည်မထည့်သွင်းဘဲ လျာထားသည့်စာရင်းတွင်သာ ထားခဲ့ရသည်ဟု သိရသည်။ ဗိုလ်ဘုန်းကျော် လည်း ၁၉၇၅ မေလ ဗဟိုဖွဲ့စည်းပြီး မကြာခင်မှာပင် ပဲခူးရိုးမ၌ကျဆုံးသွားခဲ့ပြီး သူ့အား ၁၉၇၅ ဗဟိုကော်မတီတွင် ထည့်သွင်း ရန် လျာထားသည်ကို သိသွားဟန်မတူပေ။

CPB တွင် ဗဟိုကော်မတီအပြင် ဗဟိုကော်မတီအထက်အဆင့်အဖြစ် နိုင်ငံရေးဦးဆောင်အဖွဲ့ ပေါလစ်ဗျူရို (PB) အား ဖွဲ့ စည်းထားသည်။ ဗဟိုကော်မတီဝင်များ နေရာအနှံ့အပြား၌ တာဝန်ယူနေစဉ် PB က ပါတီအာဏာပိုင်ဖြစ်သည်။ ထိုစဉ်က PB (၇) ဦး ရှိသည်။

၁။ သခင်ဗသိန်းတင် ဥက္ကဌ
၂။ သခင်ဖေတင့် ဒုဥက္ကဌ
၃။ ရဲဘော်ခင်မောင်ကြီး ခေါ် ကူဖန်း ဒုဥက္ကဌ
၎။ ရဲဘော်ကျော်မြ
၅။ ရဲဘော်အောင် ခေါ် ရဲဘော်မျိုးမြင့် (အသားမဲ)
၆။ ရဲဘော်ထွန်း ခေါ် ရဲဘော်ကျင်မောင်
၇။ ရဲဘော်တင်ရီ ခေါ် ဗိုလ်နေဝင်း ခေါ် ယန်ကွမ်းတို့ ဖြစ်ကြပါသည်။

ထို PB (၇) ဦးအနက် ရဲဘော်ထွန်းသည် မြေအောက်လုပ်ငန်းတာဝန်ခံဖြစ်ပေရာ မိမိတို့ သူ့အားစောင့်ဆိုင်းနေရခြင်းဖြစ်ပါ သည်။ PB အဖွဲ့ဝင် ၇ ဦးအနက် ရဲဘော်ထွန်း ရဲဘော်အောင်နှင့် ရဲဘော်ကျော်မြ ၃ ဦးကတော့ ဘေကျင်းပြန်များမဟုတ်ကြပါ။ ရဲဘော်ကျော်မြက ရခိုင်ပြည်နယ်မှဖြစ်ပြီး ၁၉၇၆ ခုနှစ် မိမိတို့ရောက်သည့်အချိန်ထိ အရှေ့မြောက်သို့ ရောက်မလာသေးပါ။ ရဲဘော်အောင်ကတော့ မြစ်ဖျားတိုင်းမှဖြစ်ပြီး ပဲခူးရိုးမမှနေ၍ ရှမ်းပြည်နယ်အလယ်ပိုင်းမှတဆင့် အရှေ့မြောက်သို့ ရောက် လာသူဖြစ်သည်။

ရဲဘော်ထွန်းကတော့ မူလ အရှေ့မြောက်မဖွင့်မီ ရှမ်းပြည်နယ်မှဖြစ်သည်။ ထိုစဉ် ရှမ်းပြည်နယ်တာဝန်ခံမှာ သခင်တင်ထွန်း (ကျဆုံး) ဖြစ်ပြီး သူ၏အောက်တွင် ရှမ်းပြည်တောင်ပိုင်းနှင့် အလယ်ပိုင်းအား ဗိုလ်ပု (ကျဆုံး) နှင့် ဗိုလ်စိုးမောင် (ကျဆုံး)တို့ က တာဝန်ယူခဲ့ကြသည်။ ရဲဘော်ထွန်း ခေါ်ဗိုလ်ကျင်မောင်က ရှမ်းပြည်မြောက်ပိုင်းအား တာဝန်ယူခဲ့သူဖြစ်သည်။ ၁၉၆၈ ခုနှစ် အရှေ့မြောက်စစ်ဒေသ ဖွင့်ပြီးနောက်ပိုင်း မူလရှမ်းပြည်နယ်မှ တာဝန်ယူထားသူများဖြစ်သည့် ရဲဘော်ထွန်းဦးစီး၍ အ ရှေ့မြောက်သို့ လာရောက်ဆက်သွယ်ခဲ့ကြသည်။ အရှေ့မြောက်မှ မိုးကုတ်ဒေသသို့ပြန်အဆင်းတွင် ခါးမျက်ပြီး လမ်းမ လျှောက်နိုင်တော့၍ အရှေ့မြောက်နယ်စပ် အဝေးရောက်ဗဟိုတွင်ကျန်နေပြီး တာဝန်ယူခဲ့သည်ဟုသိရသည်။

ရဲဘော်ထွန်းသည် အရပ်ခပ်မြင့်မြင့် ထောင်ထောင်မောင်းမောင်းရှိသော လူပုဂ္ဂိုလ်တယောက်ဖြစ်သည်။ ခေါင်းကတော့ အ တော်လေးဖြူနေပြီ။ မျက်ခုံးမွှေးခပ်ထူထူနှင့် ရဲဘော်ထွန်းအားစတွေ့တော့ ရုပ်ရှင်မင်းသား ဇေယျကြီးအား ပြေးသတိရ မိသည်။  တကယ်ပင် ရိုရိုးကြီးဇေယျနှင့် ဂိုက်ဆိုက်သွင်ပြင်တူသည်ဟု ဆိုရမည်။ လေအေးလေးဖြင့်ပြောတတ်သည့် ရဲဘော် ထွန်းနှင့်မိမိ ခဏသာ နှုတ်ဆက်စကားပြောပြီး မိမိအိမ်အောက်သို့ ဆင်း၍ရှောင်ပေးခဲ့သည်။ မိမိက အပြီးရောက်လာသူဖြစ် ၍ မြေအောက်လုပ်ငန်းနှင့်ပတ်သက်၍ စကားပြောစရာမရှိပေ။ သူနှင့် ကိုရန်နိုင်တို့နှစ်ဦးသား မြေအောက်လုပ်ငန်းကိစ္စပြောဆိုနေကြစဉ် မိမိနှင့်ကိုအိုက်အောင်တို့က အိမ်အောက်တွင် ထွေရာလေးပါး ပြောကြသည်။

ကိုအိုက်အောင်သည် မိမိတိမ်းရှောင်ခဲ့ရာ မော်တိတ်ဒေသအပါ မြစ်ဖျားတိုင်းမှ တိုင်းတပ်တွင် တပ်မှူးတာဝန်ယူခဲ့သူဖြစ် သည်။ ထိုဒေသ၌ သူ့အား ရဲဘော်ယုအောင်ဟု လူသိများပါသည်။ ၁၉၇၀ ဝန်းကျင် မြစ်ဖျားတိုင်းပျက်သည့်အချိန် အရှေ့ မြောက်သို့ဆုတ်ခွာလာခဲ့သူတဦးဖြစ်ပြီး လက်ရှိ နမ့်ခမ်းခရိုင်တွင် တာဝန်ယူနေသူဖြစ်သည်။ ပါတီတွင်းအခြေအနေနှင့်ပတ် သက်၍ သူတွင်ပြောစရာစကားများစွာရှိပုံရပါသည်။ မိမိတို့နှင့် မန်ရှိုးတွင်တွေ့စဉ်ကာလ သုံးလေးရက်အတွင်း တတိယ အကြိမ် ပါတီကွန်ဂရက်ကျရင် ရှင်းကြတာပေါ့ဗျာဟူ၍ နေ့စဉ်လိုပြောခဲ့သူဖြစ်သည်။ သို့သော် အသေးစိတ်တော့ ပြောပြခြင်း မရှိပေ။ သို့ပေမဲ့ သူတွင် လိပ်ခဲတင်းတင်း ပြောစရာဖြစ်နေသည့် ပါတီတွင်းပြဿနာများရှိနေသည်ဆိုသည်ကိုတော့ ခန့် မှန်းမိသည်။

● ဦးထုပ်ပေါ်က ကြယ်နီ
ရဲဘော်ထွန်းပြန်သွားပြီးနောက် မိမိတို့နှစ်ဦးစလုံးအား မုန်းကိုးသို့ပို့ဆောင်ရေးစီစဉ်ရေးစီစဉ်ပေးရန် ကိုအိုက်အောင်အား မှာသွားခဲ့သည်။ ကိုရန်နိုင်က မန္တလေးပြန်ဆင်းရမည့်သူဖြစ်သော်လည်း မုန်းကိုးအထိလိုက်ခဲ့ခြင်းမှာ ခြေတဖက်ဖြတ်လိုက်ရပြီး မန္တလေးပြန်မဆင်းနိုင်တော့သည့် ကိုကျော်စိုးအား လိုက်တွေ့ပုံရသည်။

ရဲဘော်ထွန်းပြန်သွားပြီး မကြာမှီ ကိုအိုက်အောင် မိမိတို့အား စစ်ဝတ်စုံများ ထုတ်ပေးပါသည်။ တောက်ပြောင်စိမ်းစိုနေသော စစ်အင်္ကျီ စစ်ဘောင်းဘီ စစ်ဖိနပ် ကျောပိုးအိတ် မိုးကာမှအစ ပြည့်ပြည့်စုံစုံထုတ်ပေးခဲ့သည်။ စစ်ဦးထုပ်ကား တရုတ်ပုံစံလျှာ ထိုးအဝိုင်းဖြစ်ပြီး ပလပ်စတဖြင့်ပြုလုပ်ထားသည့် ကြယ်နီတခု သီးသန့်ထုတ်ပေးသည်။ ကြယ်နီနောက်တွင်ပါသည့် ချိတ်ဖြင့် ဦးထုပ်တွင် ချိတ်လိုက်ရသည်။ ဤသို့ဖြင့် ဦးထုပ်တွင်ကြယ်နီတပ်ထားသည့် CPB ၏ပြည်သူ့တပ်မတော်သားဘဝသို့ စတင် ရောက်ရှိသွားပေတော့သည်။ ထိုနေ့က မိမိတို့နှစ်ယောက်သား စစ်ဝတ်စုံဝတ်ကြည့်လိုက်ပြီး အပြန်အလှန်လိုအပ်သည်များ ပြောကြ ကျောပိုးအိတ်ပြင်ကြဖြင့် တက်ကြွ၍ မဆုံးဖြစ်နေခဲ့တော့သည်။

နောက်တနေ့ မနက်စောစော မန်ရှိုးမှ စထွက်သည်။ မိမိတို့အား နမ့်ခမ်းခရိုင်မှ ဗမာစကားတတ်သည့် ကချင်ရဲဘော်တဦးက လိုက်ပို့ပါသည်။ ခါးတိုပစ္စတိုချိတ်ထားပြီး ပစ္စတိုကိုပတ်ထားသသည့် အဝတ်နီစက ပစ္စတိုအိတ်တွင်းမှ ထိုးထွက်နေသည်။ တော်လှန်ရေး၏ အနီရင့်ရင့်အား ပစ္စတိုတလက်နှင့်တွေ့ရသည်မှာ ကဗျာဆန်လှပေစွဟု ခံစားခဲ့ရသည်။

ခရီးထွက်မည်ဆို၍ စောစောထကြသည်။ စောစောမထလည်း မန်ရှိုးရောက်ကတည်းက စောစောနိုးနေသည်။ မိမိတို့တည်း နေသည့်အိမ်က တရုတ်နယ်စပ်နားကပ်ရက်ဖြစ်သည်။ မိမိတို့တိုင်းပြည်နှင့် အချိန်တနာရီခွဲစောသော တရုတ်ပြည်ဘက်မှ မြန်မာ ၄ နာရီ တရုတ်စံတော်ချိန် မနက် ၅ နာရီခွဲမှစ၍အသံချဲ့စက်ဖြင့် ပါတီသီချင်း တော်လှန်ရေးသီချင်းများ ဖွင့်နေပြီ။ ထိုစဉ်က တရုတ်ဘက်ခြမ်းရှိ ရှမ်းရွာများအား ဘုံအဖွဲ့များဖွဲ့ထားပြီဖြစ်၍ ဘုံအဖွဲ့ဝင်ရွာသားအားလုံး အလုပ်ဆင်းကြဖို့ ဆော်သြနေခြင်းလည်းဖြစ်သည်။

မိမိတို့သည် မန်ရှိုးမှ ကြူကုတ် ပန်ဆိုင်းသို့လည်းကောင်း၊ ထိုမှတဆင့် မုန်းကိုးသို့လည်းကောင်း ခရီးဆက်ရမည်ဖြစ်သည်။ မန်ရှိုးမှ ကြူကုတ်ပန်ဆိုင်းအသွား တရုတ်ပြည်ပိုင်နက်ကို ဖြတ်သန်းသွားရမည်ဖြစ်သည်။ ထိုစဉ်က CPB တပ်သားများဖြတ် သန်းသွားခွင့်ကို တရုတ်တို့ မျက်စေ့မှိတ်ခွင့်ပြုထားချိန်ဖြစ်သည်။ သို့သော် အတိအလင်း သေနတ်ကိုင်ခြင်းကိုတော့ ခွင့်မပြု။ ပုန်းလျှိုးကွယ်လျှိုးသယ်၍တော့ရသည်။ မိမိတို့အား လိုက်ပို့မည့်ရဲဘော်က သူပစ္စတိုသေနတ်ကိုအင်္ကျီဖြင့် ဖုံးထားသည်။ အထူးတော့ဖုံးစရာမလို။ ထိုနေ့က မနက်ကတည်းက မိုးရွာနေသဖြင့် အားလုံးကိုယ်စီ မိုးကာခြုံထားရသည်။

● မူစယ်နှင့်ရွှေလီ

မနက်စထွက်ကထဲ မိုးကရွာနေသည်။ တရုတ်ပြည်ထဲကလမ်းပေမဲ့ မြေသားဖို့ကာစလမ်းဖြစ်၍ ရွှံ့အလူးလူးနှင့်ဖြစ်၏။ မိုး ကာခြုံထားသော်လည်း အောက်ပိုင်း ဘောင်းဘီနှင့်စစ်ဖိနပ်ကတော့ ရေတို့နှင့်စိုရွှဲနေသကဲ့သို့ ရွှံ့ဗွက်တို့ဖြင့်ပေကျံ၍ နေ သည်။ မိုးအေးအေးနှင့်မို့ သိပ်မမောလှဟုခံစားရသော်လည်း တနာရီခန့်လျှောက်လာရပြီးနောက် ချွေးနှင့်မိုးစက်များ ရော ယှက်၍လာတော့သည်။

မန်ရှိုးကစထွက်ခါစက ရွှေလီမြစ်နှင့် အနဲငယ်အလှမ်းဝေးနေသေးသော်လည်း ရွှေလီနှင့်မူစယ်ကြားသို့ရောက်သောအခါ ရွှေလီမြစ်နှင့် အတန်ငယ်နီး၍လာတော့သည်။ ရွှေလီနားရောက်တော့ ဆောက်လက်စစက်ရုံတခုတွေ့ရသည်။ သကြားစက် ဟုသိရသည်။ ပြည်ပကသကြား အဝင်မခံနှင့်ဟူ၍တရုတ်စာ စာလုံးကြီးကပ်၍ လှုံ့ဆော်ထားသည်ကို တွေ့ရသည်။ သကြား စက်ရုံအတွက်ပြင်ဆင်သည့် ကြံခင်းများစတင်စိုက်ပျိုးထားသည်ကို လယ်ကွင်းများကြားတွေ့ရသည်။ ရွှေလီအနီးဖြတ်သွား နေသောလမ်း၌ လူသွားလူလာမရှိ။ မည်သည့်ကုန်သွယ်မှုမှ မရှိသေး။ တရုတ်ပိုင်ရွှေလီကွင်းအတွင်းရှိ ရှမ်းရွာများသည် ကိုယ့်လယ်ယာအလုပ်နှင့် အလုပ်ရှုပ်ချိန်ဖြစ်၍ လမ်း၌ လူသိပ်မတွေ့ရပေ။

“ဟိုမှာ ရွှေလီ” ဟုမိမိတို့အားလိုက်ပို့သည့် ကချင်ရဲဘော်ကလက်ညှိုးထိုး ညွှန်ပြသည်။ ဝါးရုံအုပ်အုပ်ကြားမှ အုတ်တိုက်ဖြူ ဖြူကလေးများ တွေ့ရသည်။ အိမ်ခြေ ငါးဆယ် တရာခန့်သာရှိပေမည်။ အထပ်မြင့်တိုက်မပြောနှင့် နှစ်ထပ်တိုက်တောင် နှစ်လုံးဘဲရှိသည်ဟု သိရသည်။ မိမိတို့လှမ်းတွေ့ရသော အုတ်တိုက်ဖြူဖြူလေးများမှာလည်း မိမိတို့မြန်မာပြည်ကဲ့သို့ မီးဖုတ် ထားသော အုတ်ဘိလပ်မြေတို့နှင့်ဆောက်ထားသည်မဟုတ်ဟု သိရသည်။ ရွှံ့နှင့်ကောက်ရိုးဖြတ်စများ ရောနယ်ထားသည့် နေလှမ်းရွှံ့အုတ်များကို ရွှံ့ထုံးတို့ဖြင့် သရိုးကိုင်၍ ဆောက်ထားသည်ဟု သိရသည်။ အမိုးကို အုတ်ကျွတ်အပြားငယ်လေးများ ဆက်၍ မိုးထားကြသည်။ ရွှေလီမြို့ ကတ္တရာလမ်းကောင်းကောင်းမရှိသေးဟု သိရသည်။ ကား ဆိုင်ကယ်မတွေ့ရ။ စက်ဘီး တောင်မှ ရှားပါးပစ္စည်းဟု သိရသည်။ ဝယ်ချင်တိုင်း ဝယ်မရသေးပေ။

ရွှေလီမြစ်တဖက်ကမ်းက မူစယ်မြို့က တောင်စောင်းတွင်တည်ထားသည်။ ထိုနားရောက်ချိန် မိုးစဲနေသဖြင့် မူစယ်အားရှင်း လင်း စွာမြင်ရသည်။ သွပ်မိုးမိုးပြောင်ပြောင်နှင့် နှစ်ထပ်တိုက်များတွေ့နေရသည်။ ယခုစည်ကားနေသည့် ကျယ်ဂေါင်ဆိုသည့် နေရာကား လယ်ကွင်းပြင် အတိဖြစ်သည်။ ထိုစဉ်က မူစယ်နှင့်ရွှေလီ နှိုင်းယှဉ်လျင် မူစယ်က ပို၍ ဖွံ့ဖြိုးသည်။ မူစယ်မြို့တွင်း၌ ကတ္တရာလမ်းလည်းရှိပေရာ မူစယ်က ပိုသာသည်ဟု ပြော၍ရသည်။ ရွှေလီသည် ဇနပုဒ်သာရှိသေးသည်။ ဝါးရုံအုပ်ကြားတွင် မြုပ်နေဆဲ ရွာငယ်လေးမျှသာဖြစ်သည်။ ယခု အနှစ် ၄၀ ကြာသွားသောအခါ ထိုစဉ်က မူစယ်သည် ရွှေလီထက်သာသည်ဟု ပြောလျင်ယုံကြည်ဖို့ ခက်ခဲသွားပေပြီ။

ရွှေလီဟု မိမိတို့မြန်မာတို့ခေါ်သော်လည်း ရှမ်းတို့ မုန်းမောဝ်ဟုခေါ်သည်။ ယခင်က မုန်းမောဝ်စော်ဘွားအုပ်ချုပ်သည်။ တရုတ်ကွန်မြူနစ်တို့အာဏာရပြီး စော်ဘွားတို့အာဏာလက်မဲ့ ပိုင်ဆိုင်မှု လက်မဲ့ဖြစ်သွားပုံရသည်။ မုန်းမောဝ်စော်ဘွားမိုးကောင်းစဉ်ကလည်း မလွယ်လှ။ ထိုစော်ဘွား၏နာမည်ကျော်ဟင်းလျာမှာ ဘဲရေယက်ဟုဆိုသည်။ ဘဲခြေထောက် ခြေချောင်း တခုနှင့်တခုကြားရှိ ရေယက်ကို ဟင်းချက်ခြင်းဖြစ်ရာ ဟင်းတပွဲရဖို့ ဘဲအကောင် ၂၀၀ သတ်ရသည်ဟု ဆိုကြသည်။ သူတို့ သည်လည်း မိုးကောင်းစဉ်က အတော်ရွာခဲ့ကြပုံရသည်။

ရွှေလီမြို့ကို မဝင်ဘဲဘေးမှ ဖြတ်ကျော်ပြီးနောက် ရွှေလီမြစ်နှင့် ပိုနီးလာသည်။ ရွှေလီမြစ်တဖက်ကမ်း မူစယ်အပေါ်ဖက်ရှိ ဟိုဆောင်၊ တော်ရွတ် စသည့်ရွာများကို လှမ်းမြင်နေရသည်။ တရုတ်ဘက်ကမ်းတွင် ရွှေလီမြစ်ဘေးတဝိုက် လယ်များရှိသော် လည်း အပေါ်ဖက်ခြမ်းတွင် တောကျော ခင်တန်းငယ်များစတွေ့ရပြီး ရာဘာပင်များစိုက်ထားသည်ကို တွေ့ရသည်။ ထိုအခါ မိမိတို့လမ်းလည်း ရာဘာတောအုပ်ကို ဖြတ်သန်းရသည်။ မိုးသက်လေနှင့်မိုးစက်များအောက်တွင် မိမိအတွက် အရာရာသည် အသစ်အဆန်းဖြစ်နေပေတော့သည်။

 

ဆက်လက်ဖေါ်ပြပါမည်
မောင်မောင်စိုး (Mg Mg Soe)

ဓာတ်ပုံ – ရဲဘော်ထွန်း ခေါ် ဗိုလ်ကျင်မောင် (CPB ပေါလစ်ဗျူရိုအဖွဲ့ဝင်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခေတ်ပြိုင်အတွေ့အကြုံ, မောင်မောင်စိုး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်