အာဏာရှင်ရဲ့ လမ်းခုလတ်မဟုတ်ဘူး၊ ဒီမိုကရေစီသို့ လမ်းခွဲ (ဦးဝင်းတင်နဲ့ မိုးမခအင်တာဗျူး)

March 12, 2017

 10171017_746585292038828_140474596301349200_n

အာဏာရှင်ရဲ့ လမ်းခုလတ်မဟုတ်ဘူး၊ ဒီမိုကရေစီသို့ လမ်းခွဲ (ဦးဝင်းတင်နဲ့ မိုးမခအင်တာဗျူး)

မိုးမခ ပြန်လည်ဆန်းသစ်ခြင်း၊ (ဦးဝင်းတင် (၁၉၃၀-၂၀၁၄) ကဏ္ဍ) ကွယ်လွန်ခြင်း ၃ နှစ်ပြည့်

(ဓာတ်ပုံ – ၂၀၁၄ ဧပြီ ၂၂၊ ဦးဝင်းတင်ဈာပနအကြို ဂါရ၀ပြုအခမ်းအနား၊ ယုဒသန်ရိပ်သာ၊ ရန်ကုန်တွင် ချိတ်ဆွဲထားသည့် ပိုစတာ)

(လမ်းခုလတ် ၂၀၁၃ ) – ဟံသာဝတီဦးဝင်းတင်နဲ့ စကားလက်ဆုံ

မိုးမခ၊ ဒီဇင်ဘာ ၃၀၊ ၂၀၁၃

နိုဝင်ဘာ ၁၉ ရက်နေ့၊ ရန်ကုန်မြို့၊ ကျောက်ကုန်းက နေအိမ်မှာ ဆရာဦးဝင်းတင်နဲ့ မိုးမခ၀ိုင်းတော်သားတွေ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် ဆုံတွေ့ခွင့်ရခဲ့တယ်။ ဆရာဦးဝင်းတင်ရဲ့ အင်တာဗျုးတွေ၊ စာအုပ်တွေ ရေးသားထုတ်ဝေခဲ့ကြတဲ့ဆီမှာ ဦးဝင်းတင် အကျဉ်းထောင်က လွတ်မြောက်ချိန်ကစပြီး အဝေးကနေ ပြောဆို ဆွေးနွေး ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။ ယခုအခါမှာတော့ ဆရာနဲ့ မိုးမခ၀ိုင်းတော်သားအချို့တို့ မျက်နှာချင်းဆိုင် လက်တကမ်းမှာ တွေ့ဆုံခဲ့ကြရပါပြီ။ ကျန်းမာရွှင်လန်းနေတဲ့ ဆရာ့ကို တွေ့ရလို့ ကျနော်တို့အားလုံးက ၀မ်းသာကြသလို ဆရာကလည်း မတွေ့ခဲ့ကြတဲ့ အဝေးရောက်စာနယ်ဇင်းမျိုးဆက်သစ်တွေနဲ့ ဆုံရလို့ ၀မ်းမြောက်နေပါတယ်။ ဆရာနဲ့ စကားလက်ဆုံ ပြောကြရာက ကောက်နုတ်ဖော်ပြရသည် ရှိသော် …

အခုခေတ် မျိုးဆက်သစ်တွေရဲ့ စာဖတ်အား စာရေးအား

အခုခေတ်က computer literacy က အရမ်းမြင့်သလို ဖြစ်နေတယ်။ ချက်ချင်း ရေး၊ ချက်ချင်းတင် ဆိုသလိုဖြစ်နေတာပေါ့။ စာဖတ်အားနည်းတယ်။ အချက်အလက်တွေ အများကြီး သိသလိုတော့ ဖြစ်နေတယ်။ စာအုပ် ၁၀၀ ကို သိတယ်။ စာအုပ် ၁၀၀ တော့ မဖတ်ဖူးဘူး။ ဒို့တုန်းက စာအုပ်တအုပ်လောက်ကို အကြာကြီးဖတ်တာပေါ့။ သူတို့တွေစာဖတ်အားနည်းတော့ စာရေးအားလည်း လျော့တာပေါ့။ ဥပမာ တလောက ဂျာနယ်တစောင်က ကလေးတယောက်က အင်တာလာဗျုးတယ်။ ငါတို့တုန်းက သတင်းစာသမားပေါက်စဆိုရင် လူကြီးတွေနဲ့ တွေ့ဖို့ သိပ်ခဲယဉ်းတာ။ လူကြီးတွေကို ကပ်လို့မရဘူး။ တွေ့ခွင့်ရရင်လည်း သိပ်အချိန်ပေးပြီး ရှင်းပြတာတို့ မရှိဘူး။ ငါတို့က လူကြီးတွေနဲ့တွေ့တဲ့အခါ ကျကျနန ဂရုစိုက်ပြီး လုပ်ရတာ၊ မှတ်စုထုတ်ရတယ်။ ပြင်ဆင်ရတယ်။ ရေးရတယ်။ အခုလူငယ်တွေက ဘာဖြစ်နေလဲဆိုတော့ အသံဖမ်းစက်ချထားတယ်။ မှတ်စုလိုက်ရေးတော့လည်း သူတို့ အရေးကြီးတယ် ထင်တဲ့ ပွိုင့်လောက်ပဲ ချရေးထားတာ။ ပြီးတော့မှ အင်တာဗျုးကို ဖြည်တယ်ပေါ့ကွာ။ ပြန်ရေးတာပေါ့။ အဲဒီမှာ သူတို့ပြန်ရေးတဲ့အခါကျတော့ စာတွေက မချောဘူး။ စာမချောတဲ့အပြင် တချို့မေးခွန်းတွေက မဆိုင်တာတွေလည်း ပါတယ်။ မဆိုင်တာတွေဆိုရင် ငါတို့က နားမလည်ဘူး။ မဖြေနိုင်ဘူး၊ နားမလည်ဘူးဆိုလည်း မရဘူး၊ အတင်းမေးတယ်။ ဒါမျိုးတွေ။ ဒို့ကိုယ်တိုင်ကလည်း အိုးနင်းခွက်နင်းပြောတာတွေရှိတာပဲ။ အဲဒါတွေကိုလည်း သူတို့က ချောအောင် ပြင်ရမှာပေါ့ကွာ။ ပြီးတော့ သူတို့မှာ ဗဟုသုတအားနည်းတော့ ငါတို့က ပြန်ရှင်းပြနေရတာတွေတောင် ရှိတယ်။ ငါ့သဘောကတော့ စာဖတ်တဲ့သူတွေဆီ ရောက်ဖို့ ဘယ်လိုပဲဖြစ်ဖြစ် ပြောနေရတာပေါ့ကွာ။

ကိုယ်ရေးတဲ့စာ၊ ကိုယ့်အင်တာဗျုးတွေအပေါ် စာဖတ်သူတုန့်ပြန်ချက်ကို နားစွင့်သလား

အင်တာဗျူးပဲ ပါပါ၊ ကိုယ့်အမှာစာပဲ ဖြစ်ဖြစ်၊ စာဖတ်သူတွေက ဘာပြန်ပြောကြလဲ၊ ဘယ်လို ထင်မြင်ယူဆလဲဆိုတာ ငါအခုလည်း ဂရုစိုက်တယ်။ နားစွင့်တယ်။ ကိုယ်ကိုယ်တိုင် ဖတ်ရတဲ့စာတွေ ဆိုရင်လည်း ကိုယ်သဘောကျတဲ့စာဖတ်ရရင် စာရေးသူတွေကို တိုက်ရိုက်ထင်မြင်ချက် ပေးရင်ပေး၊ မပေးနိုင်ရင် လူကြုံကနေ တဆင့် ပြောခိုင်းလေ့ရှိတယ်။ အခုကွယ်လွန်ခဲ့ပြီဖြစ်တဲ့ စာရေးဆရာကြီး ဦးအေးမောင်ရဲ့ စာတွေ ထောင်ထဲမှာ ဖတ်ရတော့ မဟာစည်ဆရာတော်ကြီးရဲ့ ထေရုပ္ဗတ္တိကို အင်္ဂလိပ်လို သူက ပြန်ရေးတဲ့စာအုပ်ပေါ့။ ငါက သူ့စာအုပ်ကို ကြိုက်နှစ်သက်ကြောင်း လူကြုံကနေတဆင့်တောင် ပြောခိုင်းဖူးတယ်။ သူ့မိသားစုတွေဆီ ပြောဖြစ်သလား၊ မပြောဖြစ်ဖူးလားတော့ ငါလည်း ပြန်မသိနိုင်ဘူးလေ။

ကိုယ့် စာရေးအား၊ စာဖတ်အားကကော အခုအချိန်မှာ ဘယ်လိုလဲ။

စာရေးတာ ငါက ကိုယ်တိုင် လက်နဲ့ ရေးတယ်။ အသံသွင်းပြီး သူများပြန်ရေးခိုင်းတာလည်း မလုပ်ချင်ဘူး။ ငါ့လက်ရေးကလည်း ဆိုးတော့ ကွန်ပျူတာစာရိုက်သမားကလည်း သိပ်မဖတ်တတ်ဘူး။ သည်တော့ သူတို့ရိုက်ထားပြီးရင် ကိုယ်တိုင် ပြန်ဖတ်၊ ပြန်ပြင်ရတယ်။ ပြီးတော့ ကိုယ့်စာကို ပြန်ဖတ်ပြီး စာကို ပြန်ပြန်ပြီး ပြင်ရေးလေ့ရှိတယ်။ ခုနောက်ပိုင်းက စာရေး ပျင်းလာတယ်။ စာအုပ်အမှာစာတွေကတော့ လာတောင်းနေကြတုန်းပဲ။

စာဖတ်တာကတော့ ငါ့အိပ်ခန်ထဲမှာ စာအုပ်တွေ စင်နဲ့ ထားပြီး ဖတ်တာ။ အခု ကျန်းမာရေးကြောင့် စာအုပ်တွေက ဖုံတွေ၊ မှိုတွေ ရှိလို့ဆိုပြီး စာအုပ်ဟောင်းတွေရော၊ အသစ်တွေရော အထုတ်တွေနဲ့ ထုတ်ပြီး ဟိုက ဂိုဒေါင်ထဲ သွားသိမ်းလိုက်ကြတော့ ဖတ်မယ်ဆိုပြီး တေးထား မှတ်ထားတဲ့ စာအုပ်တွေလည်း ဘယ်ရှာရမှန်း မသိတော့ဘူး။

နောက်တခုကတော့ အခုအရွယ်မှာ လူက ပျင်းလာတယ်။ ပြီးတော့ ဖျင်းလာတယ်။ ပျင်းလာတော့ စာရေးစာပွဲ သိပ်မထိုင်ဖြစ်တော့ဘူး။ ဖျင်းလာတယ် ဆိုတာက စာရေးဖို့အတွက် အာရုံစူးစိုက်လို့ မရတော့ဘူး။ ဧည့်သည်တွေနဲ့ စကားပြောရတာတွေ ရှိတယ်။ အချိန်တွေ ပေးရတယ်။ အရင်တုန်းက ဒီလှိုင်းမှာ ၁ပတ် ၁ပုဒ်၊ တလ ၄ ပုဒ် ရေးဖြစ်နေတာ၊ အခု မရေးတော့ဘူး။ တလကို ၂ ပုဒ် ပဲ ရေးတော့တယ်။ အစက တလ ၁ ပုဒ်ပဲ ရေးတော့မယ် လုပ်နေတာ။ မိတ်ဆွေတွေက တောင်းတာတွေ ရှိတယ်။ မရေးဖြစ်ဖူးကွာ။

ဒါဆိုရင် ဆရာက ဘယ်လိုမျိုး ဆက်သွားမှာလဲ

ငါ့ကို ပြောကြတာရှိတယ်။ သေသည်အထိ ဆရာ စာရေးသွားပါ။ စကားတွေ ပြောပါ။ တချို့တွေက နိုင်ငံရေးလုပ်တယ်။ ပါတီဘက်မှာ ရပ်ပြီးတော့ လုပ်တယ်။ ပါတီမှာ တာဝန်ယူမယ်။ ပါတီမှာ နောက်ဆုံးအချိန်အထိ နေသွားမယ်။ ဒါမျိုးတွေ ပြောကြတယ်။

အဲသည်မှာ ငါ့အနေနဲ့ ကြုံခဲ့တာတွေထဲက ပြန်ပြောရရင် … စာရေးဆရာကြီး ဇေယျပေါ့။ သူမသေခင်က သွားတွေ့တော့ သတိသိပ်မကောင်းတော့ဘူး။ သတိက မေ့စပြုနေတာ တွေ့နေရပြီ။ ၁၉၆၉ လောက်တုန်းက ငါက ဟံသာဝတီသတင်းစာအတွက် ဆောင်းပါးအသစ် ရေးပေးဖို့ တောင်းတယ်။ ဆရာဇေယျဆီက။ သူ အရင်က ရေးခဲ့တဲ့စာတွေထဲက ကြိုက်တာ ယူသုံးဖို့ပြောတယ်။ စာအသစ် မရေးနိုင်တော့ဘူးတဲ့။ စာရေးတယ်ဆိုတာ ရင်ထဲက ပါမှ ရေးလို့ရတာတဲ့။ ရင်ထဲကလာတာကို ဦးနှောက်ဆီကို ပို့၊ ဦးနှောက်က စိစစ်လက်ခံပြီးမှာ စာအဖြစ် လက်ထဲကနေ စာရွက်ပေါ်ကို စီးဆင်းလာရတာ တဲ့။ စကားနဲ့ ပြောတာတွေ မှတ်ပြီး ပြန်ရေးတာတွေကို သူရေးတဲ့စာတွေလို့ မသတ်မှတ်ဘူးတဲ့။ အခု အဲသည်လိုမျိုး စာမရေးနိုင်တော့တဲ့အတွက် အရင်ကရေးခဲ့တာတွေကို ကြိုက်သလို ကိုဝင်းတင်က ယူပြီး သုံးပါတဲ့။ အဲလို သူက ပြောတယ်။

နောက်တဦးကတော့ … ဆရာကြီးရွှေဥဒေါင်း။ ၁၉၆၉ ဒီဇင်ဘာလောက်မှာ ရန်ကုန်ကနေ မန္တလေးကို ပြန်လာတယ်။ ဆရာကြီး ပြန်ရောက်လာတော့ ငါကလည်း ဟံသာဝတီသတင်းစာအတွက် စာမူတောင်းတယ်။ သူက “ကိုဝင်းတင်တဲ့ … ဒီအရွယ်မှာ ကျနော် မရေးတော့ဘူး” တဲ့။ “ရေးသင့်တဲ့ဟာ၊ မရေးသင့်တဲ့ဟာလည်း မရှိတော့ဘူး” တဲ့။ သူက အသက် ၈၀ လောက်ရှိပြီပေါ့။ ဘယ်လိုမှ တောင်းလို့ မရတော့ဘူး။ ရေးမယ်ရေးတော့လည်း သူမကွယ်လွန်မီမှာ နောက်ဆုံး သူ့သဘောထားလေး ရေးပြီး ဟံသာဝတီမှာ ထည့်နိုင်ရင် ထည့်ပေးပါတဲ့ ခိုင်းတယ်။ ဘာရေးလဲ ဆိုတော့ … “ကျုပ်ဟာ အရင်တုန်းက လူတွေကို တော်တော်များများကို သိတယ်။ အခုချိန်မှာတော့ ဘယ်သူကိုမှ မသိချင်တော့ဘူး …” အဲသလို သဘောသွားမျိုး အနီးစပ်ဆုံးပေါ့။ အခု အတိအကျ ပြန်ရှာလို့ မရသေးဘူး။ အဲဒါကို ဟံသာဝတီသတင်းစာက စာမျက်နှာ ၃ မှာ ဘောင်ခတ်ပြီး ထည့်ပေးရတာပေါ့ကွာ။

ငါ့အနေနဲ့ကတော့ သူတို့အထဲကို ရောက်သွားမှာ စိုးတာပေါ့။ ဒါပေမယ့်လည်း ငါအနေနဲ့ opinion piece ထင်မြင်ချက်တွေ၊ တုန့်ပြန်ချက်တွေ ရေးတဲ့အခါက အခုဆိုရင် စိတ်ကို စုစည်းလို့မရတော့ ခက်လာတယ်။ အချက်အလက်တွေကိုတော့ သိနေတယ်။ စာအဖြစ် ပြန်ပြီး အသေးစိတ်ပြန်ရေးလို့မရတော့ဘူး။ သည်တော့ ငါ့အနေနဲ့က သရော်စာလိုမျိုး ပြန်ရေးနေရတာပေါ့ကွာ။ ပေါ့ပေါ့ပါးပါးပေါ့။ ကိုယ်ပြန်ပြောချင်တာလေးတွေကို သရော်စာအဖြစ် ရယ်စရာ မောစရာလိုလို ရေးပြိး တုန့်ပြန်ရတာပေါ့။ ဒါပေမယ့် နိုင်ငံရေးဆိုတာကလည်း အမြဲတမ်း ရယ်စရာတွေ ချည်းမှ မဟုတ်တာ။

လူငယ်တွေကို ပြောချင်တာက ငယ်တုန်း ရေးနိုင်တုန်း ရေးကြပါ။

ဒါဆိုရင် အခုချိန်မှာ ဘာ ဇောနဲု့ လုပ်နေတာလဲ။ သတင်းစာသမားရဲ့ ဇောလား၊ နိုင်ငံရေးဇောနဲ့ ဆက်ပြီး ရှင်သန်တာလား။

နိုင်ငံရေးဇောပေါ့ကွာ။ သတင်းစာသမားဇောကတော့ နည်းသွားပြီပေါ့။ သတင်းစာအလုပ်ဆိုတာက ခုခေတ်နည်းပညာတွေနောက် မလိုက်နိုင်တော့ဘူးကွ။ လုပ်သမျှလည်း အားမရဘူး၊ ကြိုက်လှတယ်ရယ်လို့ မဟုတ်ဘူး။ စာရေးတယ်ဆိုတာ ကိုယ်ရေးလိုက်တာကို အားရသွားမှ၊ ကောင်းတာ မကောင်းတာ တပိုင်း၊ လူများ ကြိုက်တာ မကြိုက်တာ တပိုင်း၊ အရေးကြီးတာက ကိုယ့်စာကို ပြည့်စုံမှု ရှိတယ်လို့ ထင်ရမယ်။ မပြည့်စုံဘူးလို့ထင်ရင် ကိုယ်က အဲသည်စာကို မလွှတ်ချင်တော့ဘူး။

စာရေးတဲ့ဆီမှာ ဆရာက ပြည့်စုံမှုကို ဖြစ်စေချင်တယ်ဆိုတော့ ဆရာက နိုင်ငံရေးလုပ်တဲ့ဆီမှာ ပြည့်စုံမှု Perfect ဖြစ်မှုကို လိုချင်ပြီးတော့ လုပ်နေတာမျိုး ဖြစ်နေသလား။

အဲလိုတော့ မဟုတ်ပါဘူး။ Perfectionist ဆိုတာထက် ဖြစ်သင့်တဲ့ ပုံစံ၊ ပြည့်စုံမှု တစုံတရာတော့ ရှိရမယ်လို့ ငါက အမြဲတမ်း ယုံကြည်တာကွ။ အဲလောက်မှ မရှိရင်တော့ အလုပ်မဖြစ်ဘူးကွ။

ဒါဆိုရင် NLD ပါတီကကော …

ငါလည်း အင်န်အယ်ဒီပါတီကို ဝေဖန်စရာရှိရင် ဝေဖန်တာပဲလေ။ ဒါက အခုမှ မဟုတ်ဘူး။ ပြောစရာရှိတာ ပြောခဲ့တာပဲ။ ပါတီထောင်စတုန်းက အောင်၊စု၊တင် ဆိုပြီး ဖွဲ့ကြမယ်ဆိုတော့ ဦးတင်ဦးကို လက်ခံပါတယ်။ ဦးအောင်ကြီးပါရင်တော့ မဖြစ်ဘူးဆိုပြီး သဘောထားပေးခဲ့တာပဲ။ ငါက သတင်းစာသမားအနေနဲ့ နိုင်ငံရေးကို ကြားသိ၊ မြင်သိပဲ ရှိတာ။ နိုင်ငံရေးကို ကိုယ်တိုင်လုပ်တဲ့ အသိမရှိဘူး၊ ငါမလုပ်ချင်ဘူး၊ မပါချင်ဘူးလို့လဲ ပြောခဲ့တာပဲ။ အဲသည်မှာ ဒေါ်အောင်ဆန်းစုကြည်က သူလည်း အိမ်ရှင်မပဲ၊ ကျမတို့တတွေ လုပ်ကြမယ်။ ဆရာတို့လည်း ပါကြပါဆိုပြီး လုပ်ခဲ့ကြတာ။ ငါရယ် မောင်မိုးသူရယ် အဲသည်တုန်းက၊ ငါထက်စာရင် မောင်မိုးသူက နိုင်ငံရေးသမားပိုပီသတယ်ကွ။ နိုင်ငံရေးသမားရဲ့ စိတ်ကော၊ သည်းခံစိတ်ကော ငါ့ထက် ပိုရှိတယ်။ အဲသည်လိုမျိုး။ အဲသည်တုန်းကလည်း ဝေဖန်တာပဲ၊ အခုလည်း ဝေဖန်တာပဲ။ အခုဆိုရင် ပါတီက ဒေါ်အောင်ဆန်းစုကြည်ပါတီ ဖြစ်နေပြီလို့ ပြောကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ရင် ဘုန်းကြီးထိပ်ခေါက်သလိုပဲ မခံမရပ်နိုင် ဖြစ်ကြတဲ့သူတွေ ရှိတယ်။ ငါပြောတာတွေထဲမှာ တခုက ဒေါ်အောင်ဆန်းစုကြည်ကနေ မီဒီယာတွေကို ဆုံးမစကားပြောတယ်ဆိုလို့ ငါက ဘယ်လို ပြန်ပြောသလဲဆိုရင် ဒေါ်အောင်ဆန်းစုကြည်က မီဒီယာသမားတွေကို ဆုံးမတာထက် ဦးသိန်းစိန်အစိုးရကို ဆုံးမရမယ်လို့ ပြောတာမျိုးတွေ ရှိခဲ့တာပေါ့ကွာ။

အခု ကျနော်တို့ မိုးမခအွန်လိုင်းက ရန်ကုန်မှာ လစဉ်ပုံနှိပ်စာစောင်လေး ထုတ်ဖို့ စဉ်းစားထားတယ်။ ပြင်ဆင်နေတယ် ဆရာရယ်။ ကျနော်တို့ရဲ့ ဒီကမိတ်ဆွေတွေက ပြည်တွင်းကကော၊ ပြည်ပက စာရေးသူတွေကောရဲ့ စာတွေကို စုစည်းပြီး ပုံနှိပ်စာအုပ်ပေါ့။ မြန်မာပြည်မှာက အွန်လိုင်းထက်စာရင် ပုံနှိပ်မီဒီယာက လူတွေအားလုံးလက်ထဲ ပြန့်နှံအောင် လုပ်နိုင်တယ်လို့ ထင်တယ်လေ။ လက်ရှိ အခြေအနေအရလည်း ကျနော်တို့ လုပ်ဖို့ ဖြစ်နိုင်မယ် လို့ ယူဆတယ်။

အေး၊ ကောင်းပါတယ်။ တခုပဲရှိတယ်။ ငါအင်တာဗျူးတခုမှာ ပြောခဲ့တာပေါ့။ လူတွေက ဦးသိန်းစိန်ခင်းတဲ့လမ်းကို လျောက်နေကြတယ်။ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် လာလျောက်နေကြတာပေါ့ကွာ။ နိုင်ငံရေးပါတီတွေကော၊ တိုင်းရင်းသားအဖွဲ့အစည်းတွေကော၊ ကျောင်းသားတွေကော၊ မီဒီယာတွေကော၊ တဦးချင်းစီကော စသည်ဖြင့်ပေါ့။ သည်တော့ မင်းတို့လည်း ဦးသိန်းစိန်ခင်းတဲ့လမ်းကို လျောက်ကြတယ်ဆိုရင် ဘယ်လောက်ထိ လျောက်နိုင်မှာလဲဆိုတာ ကြည့်ကြသေးတာပေါ့ကွာ။

ကျနော်တို့သဘောကတော့ ဦးသိန်းစိန်ခင်းတဲ့ လမ်းမဟုတ်ပါဘူးဆရာရယ်၊ ပြည်သူတွေ လျောက်နေတဲ့လမ်း၊ ဆရာတို့အပါအ၀င် ပြည်သူတွေခင်းတဲ့လမ်းကို ကျနော်တို့ အတူတူ လျောက်နေကြတယ်လို့ပဲ ယူဆပါတယ်။

ဒါကတော့ ဒီလိုပေါ့ကွာ။ ငါပြောတဲ့ ဦးသိန်းစိန်ခင်းတဲ့လမ်းဆိုတာက ဒေါ်အောင်ဆန်းစုကြည်နဲ့ သူတွေ့ကြတော့ ပြောတဲ့စကားပေါ့။ အခုလက်ရှိအစိုးရပြောနေတဲ့ စကားပေါ့။ သဘောထား။ “တူတာတွေ တွဲလုပ်ကြမယ်၊ မတူတာတွေ ခွဲလုပ်ကြ” ဆိုတာ။ အဲသည်အတိုင်း နိုင်ငံရေးအစုအဖွဲ့တွေက အစိုးရနဲ့ တွဲလုပ်လာကြတယ်လေ။ တကယ်တမ်း ကြည့်လိုက်တော့ ငါတို့ ဒီမိုကရေစီအင်အားစုတွေက အစိုးရနဲ့ တူတာတွေတော့ တွဲလုပ်တာမှန်ပါရဲ့၊ မတူတာတွေကျတော့ ခွဲလုပ်ကြတာ ဖြစ်လာမယ့်အစား “မတူတာတွေ ဘေးဖယ်ထား” ဆိုတာ ဖြစ်လာတယ်။ အခုအချိန်မှာ သူတို့နဲ့ တူတဲ့အလုပ်က နည်းနည်းလေးပဲ ရှိတယ်ကွ။ မတူတာတွေ ဘေးဖယ်ထားလိုက်ဆိုတော့ လက်ရှိမြန်မာနိုင်ငံရေးမှာ နိုင်ငံရေးအမှိုက်ပုံကြီးလို ဖြစ်နေတယ်။ ဒါတွေကိုတော့ ပြောဆို ထောက်ပြ ဝေဖန်ရမှာပဲ။ ငါကတော့ ပြောနေတာပဲ။ ငါကတော့ ဝေဖန်နေတာ၊ ရေးနေတာပေါ့ကွာ။ မင်းတို့လည်း လုပ်စရာရှိတာ လုပ်ကြရမှာပဲ။ စဉ်းစားစရာအဖြစ် ငါကပြောတာပါ။

ကဲ … ကောင်းပါပြီ။ ၂၀၁၃ ခုနှစ်ဟာ ဆရာအနေနဲ့ လျောက်နေတဲ့လမ်းမှာ လမ်းခုလတ်တခု ဆိုလို့ရှိရင် ဆရာ့အနေနဲ့ ဘယ်လို သဘောထားသလဲ။

လမ်းခုလတ်ကို အရင်ဆုံး အဓိပ္ဗါယ်သတ်မှတ်ချက် လုပ်ရလိမ့်မယ် ထင်တယ်။ ၂၀၁၃ မှ မဟုတ်ဘူးပေါ့လေ၊ တလျောက်လုံးကို ပြန်ကြည့်ရင် … လမ်းခုလတ်ဆိုတာ ဒီအစိုးရပြောင်းလာတဲ့ဆီမှာ နိုင်ငံရေးအပြောင်းအလဲတွေ ဖြစ်ပေါ်လာတဲ့ဆီမှာ တပ်မတော်က လုပ်ပေးတာ၊ သူတို့ဖော်ဆောင်ပေးတာလို့ ပြောတာမျိုး ရှိတယ်။ ဥပမာ လိုင်ဇာတိုင်းရင်းသားညီလာခံမှာ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးကနေ ပြောတဲ့ သဘောထားပေါ့။ အာဏာရှင်စနစ်ကနေ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ဖြစ်အောင် ကွပ်ညပ်ပြီးတော့ ပိတ်ဆို့ပြီးတော့ လုပ်တာ။ အာဏာရှင်စနစ်ရဲ့ လမ်းခုလတ်ဖြစ်တယ်လို့ မြင်တယ်။ ဒီမိုကရေစီသမားတွေရဲ့ လမ်းခုလတ်မဟုတ်ဘူး။ အာဏာရှင်သမားတွေရဲ့ လမ်းခုလတ်ပဲ။ အဲဒီလမ်းခုလတ်ကို ငါတို့ ဘယ်လိုရင်ဆိုင်မလဲ။ ငါတို့က အဲသည်လမ်းခုလတ်ကနေ ခွဲထွက်ရမယ်။ ဒီမိုကရေစီစနစ်ကို သွားဖို့ လမ်းခွဲဖြစ်ရလိမ့်မယ်။ အခုဟာက ညောင်ညိုပင်စခန်းမှာ သူတို့က ခဏလေး နားနေတာပဲ။ တိုင်းပြည်အတွက် အကြောင်းမထူးဘူး၊ နိုင်ငံရေးသမားတွေအတွက် အကြောင်းမထူးဘူး။ လူမှုရေးအတွက်လည်း အကြောင်းမထူးဘူး။ အပြောင်းအလဲတွေအတွက်လည်း အကြောင်းမထူးပါဘူး။ အာဏာရှင်စနစ်ရဲ့ ဖြစ်ပေါ်တိုးတက်မှုလမ်းပေါ်က လမ်းခုလတ်ကနေ လမ်းခွဲကြမှ ဖြစ်မယ်လို့ ထင်တယ်။

လမ်းခွဲဆိုရင်ကော ဘာတွေလို့ ထင်သလဲ။

လမ်းခွဲပေါ်နိုင်တဲ့လမ်းဟာ ဥပမာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ လုပ်နေတဲ့လမ်း၊ အစိုးရ အပစ်အခတ်ရပ်စဲရေးကို လက်မှတ်ထိုးပါလို့ ပြောနေသော်လည်း သူတို့က မထိုးဘူး။ သူတို့ဖာသာ စုစည်းပြီးတော့ ဘုံသဘောတူညီချက်တွေ ရယူတယ်။ ဖက်ဒရယ်စနစ် ပေါ်ပေါက်ရေး၊ လက်ခံရေး၊ နိုင်ငံရေးအခြေအနေတရပ် ပေါ်လာဖို့ကို တောင်းဆိုတယ်။ နောက်တခုက ၈လေးလုံးအရေးတော်ပုံကြီး နှစ်ပတ်လည်အခမ်းအနားလုပ်တဲ့ဆီမှာ အစိုးရက ခွင့်ပြုတာတွေ၊ လုပ်ကိုင်ပေးတာတွေ ရှိနေသော်လည်း မန္တလေးမှာ လုပ်တဲ့ ၈လေးလုံးအခမ်းအနားလိုမျိုးပေါ့။ ကိုလေး (အင်းဝဂုဏ်ရည်) ပြောသလိုဆိုရင် “ပြည့်တန်ဆာပပျောက်ရေး လှုပ်ရှားမှုပွဲကြီး” ပေါ့။ အဲသည်လိုင်းပေါ့။ ငါကတော့ ရန်ကုန်ကော၊ မန္တလေးကိုကော ၂ ခုစလုံး တက်ပါတယ်။ လမ်းခွဲဆိုတာ ဒေါ်အောင်ဆန်းစုကြည်တို့အနေနဲ့အခြေခံဥပဒေပြင်ဆင်နိုင်ရေးဟာ နိုင်ငံရေးအခြေအနေတရပ် ဖြစ်ပေါ်လာရေး အတွက် လမ်းခွဲဖြစ်ပါတယ်။ ဒါကိုလည်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တတ်နိုင်သလောက်တော့ တွန်းမှာပဲလေ။ အဲသည်လိုမျိုး မြင်ပါတယ်။

ဟုတ်ကဲ့ပါဆရာ။ ကျေးဇူးတင်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဟံသာဝတီ ဦးဝင်းတင်, ဦးဝင်းတင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်