မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၁၆)

March 14, 2017

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၁၆)
(မိုးမခ) မတ် ၁၄၊ ၂၀၁၇

● ရွှေလီရာဘာတော
ရွှေလီအလွန် စိမ်းစိုသော ရာဘာတောအုပ်တနေရာတွင် အလုပ်လုပ်နေကြသော တရုတ်အလုပ်သမားတဖွဲ့ကိုတွေရ သည်။ အင်္ကျီတွေကပွပွ ဘောင်းဘီတွေကခပ်ပွပွ ဝတ်ထားကြသည်။ ဘောင်ဘီကို ဒူးနာထိအောင် လိပ်တင်ထားကြသည်။ ယောက်ျားတွေက ဆံပင်ခပ်တိုတို အမျိုးသမီးတွေက ဆံပင်ကို ပုခုံးအထက် တိနေအောင်ဖြတ်ထားကြသည်။ မြင်သာထင် သာအောင်ပြောရမည်ဆိုလျင် တရုတ်ခေါင်းဆောင် မော်စီတုန်း၏ဇနီး ကျန်ချင်း၏ ဆံပင်ပုံစံတူတွေဟု ဆိုနိုင်သည်။ ထိုဆံ ပင်ပုံစံမျိုးသည်သာ တော်လှန်ရေးဆန်သည်ဟု ယူဆထားကြပုံရသည်။တပုံစံတည်းလိုလို ဖြစ်နေကြသည်။ ရုတ်တရက် တော့ သက်ရွယ်ကြီးရင့်သကဲ့သို့ ထင်ရသော်လည်း အနားရောက်တော့ အသက်သိပ်မကြီးသေးသည့် လူငယ်များဖြစ်သည်ကို တွေ့ရသည်။

ထို့ပြင် သူတို့ပုံပန်းသဏ္ဌာန်က လမ်း၌တွေ့ခဲ့သော ဒေသခံရှမ်းများနှင့် သိပ်ပြီးမတူသလို ခံစားရသည်။ ထိုသူတို့ကား ယဉ် ကျေးမှုတော်လှန်ရေးကာလက မြို့ ပေါ်ပညာတတ်များအား ကျေးလက်သို့ပို့၍ အလုပ်လုပ်ခိုင်းထားသော အဖွဲ့များဖြစ်သည်။ ဖောက်ပြန်သော ပညာတတ်ညာဉ်အားဖယ်ရှားပြီး အလုပ်သမား လယ်သမားဘဝ ခံယူခိုင်းထားသူများဖြစ်သည်ဟု ဆို သည်။ ၁၉၆၆/၆၇ ကစတင်ခဲ့သော တရုတ်ယဉ်ကျေးမှုတော်လှန်ရေး၏ အရှိန်အဟုန်သည် အရှိန်မကုန်သေးဘဲ ဝှေ့ရမ်းနေ သည်ကို တရုတ်နယ်စပ် ရာဘာတောအုပ်ထဲတွင် တွေ့ခဲ့ရသည်ဟု ဆိုရပါမည်။

● ပန်ဆိုင်း
ထို့နောက် မူစယ်၏မြောက်ဘက်တနေရာတွင် ရွှေလီမြစ်ကို ဝါးဖေါင်ငယ်ဖြင့်ဖြတ်သည်။ သည်မှာဘက်ကမ်းက တရုတ်ပိုင် ဖြစ်သော်လည်း တဖက်ကမ်းကတော့ မြန်မာပိုင်ဖြစ်သည်။ မြန်မာပိုင်ဘက်ကမ်းတွင် ပထမဆုံးတွေ့ရသည့်ရွာကတော့ ကောင်းခန်ရွာဖြစ်သည်။ မြန်မာပိုင်ဆိုပေမဲ့ မဆလအစိုးရထိမ်းချုပ်မှုအောက်တွင်မရှိပေ။ CPB အရှေ့မြောက်စစ်ဒေသ၏ ထိန်းချုပ်မှုအောက်တွင်ရှိသည်။ ထိုရွာလေးသည် မူစယ်အထွက် ထိုစဉ်က မဆလအစိုးရတပ်ရင်းရုံးထိုင်သည့် ပွိုင့် ၃၁၂၇ ခေါ် လွယ်တိန်းခန်း၏ မြောက်ဖက် ၃ မိုင်ခန့်တွင်ရှိသည်။ ပန်ဆိုင်းမြို့၏ အနောက်ဖက်တည့်တည့်တွင်ရှိသည်။

မန်ရှိုးမှ ရွှေလီမြစ်တလျှောက် ဖြတ်လာခဲ့စဉ်က ကွင်းမြေပြန့်များကိုသာ ဖြတ်လာခဲ့ရသော်လည်း ကောင်းခန်ရောက်သည်နှင့် တောင်ကြောများစတင်တွေ့ရသည်။ သိပ်အမြင့်ကြီးတော့မဟုတ်လှ။ သို့သော် တောင်တက်ခရီးတော့ မစသေးပေ။ ကောင်း ခန်မှစ၍ နွမ်းအိမ်၊ ကျင်ယန်းတုံ၊ ကျင်းယန်လွယ် စသည့်ရှမ်းရွာ ရွာစဉ်ကို တောင်ခြေမှပတ်၍ လျှောက်ရသည်။ထိုရွာချင်း ဆက်လမ်း၏တောင်ဖက်ခြမ်းတွင်တောင်ကြောရှိပြီး မြောက်ဖက်တွင် လယ်ကွင်းများရှိသည်။ တောင်ကြောများကားသိပ်မ မြင့်လှသည့်အပြင် တောလည်းမထူလှပေ။ တောင်ကတုံးများ ပေါသည်။ လမ်း၏မြောက်ဖက်ခြမ်း မြန်မာပိုင် လယ်ကွင်းများအဆုံးတွင်အရှေ့မှအနောက်သို့ စီးဆင်းနေသော ဝမ်တိန်ချောင်းရှိသည်။ ထိုချောင်းကမြန်မာတရုတ်နယ်စပ်ကို ပိုင်းခြားထား ပေးထားသည်။ ချောင်းတဖက်ကမ်းရှိ လယ်ကွင်းများနှင့်ရွာများကား တရုတ်ပိုင်ဖြစ်ချေတော့သည်။ ပန်ဆိုင်းအထိရွာချင်းဆက် လမ်းသည် ဝမ်တိန်ချောင်းနှင့်အပြိုင် ဖြစ်တော့သည်။

ပန်ဆိုင်းဝင်ခါနီးတွင် မန်မောင်ရွာရှိသည်။ ထိုရှမ်းရွာမှ ဝါးရုံပင်များက ရှေ့ကိုလှမ်းမမြင်နိုင်လောက်အောင် ကာဆီးထားသည်။ အချိန်ကား မှောင်ရီပျိုးစပြုလေပြီ။ မနက်ကတည်းက လမ်းလျှောက်လာသော မိမိတို့လည်း မောလှပေပြီ။ နေ့လည်ပိုင်းကစ၍ မကြာခဏနားရသည်။ မိမိတို့ကိုလိုက်ပို့သော ကချင်ရဲဘော်ကတော့ မိမိတို့ကို စိတ်ရှည်လက်ရှည် စောင့်ခေါ်ရှာပါသည်။” ဒီဝါးရုံကျော်ရင် ပန်ဆိုင်းရောက်ပြီဗျ၊ ဒီမှာညအိပ်မယ်” ဟု ကချင်ရဲဘော်က မိမိတို့အား လှမ်းပြောလိုက်သည်။ သူ့စကား ကြားလိုက်၍ မိမိခြေလှမ်းအနည်းငယ် ပိုသွက်သွားသည်။ ရောက်တော့မည် နားရတော့မည်မဟုတ်ပါလော။ တနေကုန်ဆို တော့ မောလှပေပြီ။

“ဘာလို့ ပန်ဆိုင်းလို့ခေါ်တာလဲဗျ ” ဟု မိမိအမေးကို ဒေသခံတဦးကပြန်ဖြေပါသည်။ “အရင် အစိုးတပ်ရှိတုန်းက အစိုးရရုံးနဲ့ ကျောင်းတွေရှိတဲ့ဘက်ကတော့ ကြူကုတ်ပါ။ ၁၉၇၀ ခုနှစ် CPB သိမ်းပြီးတဲ့နောက်ပိုင်းတော့ ကျနော် ပန်ဆိုင်းရွာဘက်ခြမ်းဘဲ လူနေများပြီး စည်ကားလာလို့ပန်ဆိုင်းလို့ဘဲ အများက ခေါ်ကြတာပါ။ ကြူကုတ်ဘက်ခြမ်းက မစည်တော့ဘူး။ လူနေလဲ ကျဲ သွားပြီလေ” ဟု ဆိုပါသည်။ အဆိုပါ ကြူကုတ်မြို့အား CPB တပ်ဖွဲ့များက ၁၉၇၀ ခုနှစ်တွင် တိုက်ခိုက်သိမ်းပိုက်ထားခြင်း ဖြစ်သည်။ မဆလအစိုးရ ကြေညာချက်များအရ ကြူကုတ်ဟူ၍သာ သိလာသောမြို့ကလေးအား ဒေသခံများက ပန်ဆိုင်း ဟူ၍သာခေါ်နေကြ၍ မိမိမေးကြည့်ခဲ့ရခြင်းဖြစ်သည်။ နောက်တနေ့မနက် ပန်ဆိုင်းမှထွက်ချိန်တွင် လူနေကျဲသော ကြူ ကုတ်ဘက်ခြမ်းကိုဖြတ်မှ ထိုဒေသခံများပြောသည်ကို ပိုသဘောပေါက်ခဲ့ရသည်။ ယခုတော့ ကြူကုတ် ပန်ဆိုင်းဟု ခေါ်ကြ သည်။

● ဟေမုန်လုံ (သို့မဟုတ်) မုန်လုံတောင်
နောက်နေ့မနက်တွင် မုန်းကိုးသို့ ခရီးဆက်သည်။ မုန်းကိုးသည် ပန်ဆိုင်း၏အရှေ့စူးစူးတွင်ရှိပြီး မိမိတို့က နယ်စပ်မျဉ်း နှင့်အပြိုင်လျှောက်ကြရမည်ဖြစ်သည်။ ပန်ဆိုင်းကအထွက် ၃ မိုင်ခန့်အကွာတွင် မန်ကျယ်ဟုခေါ်သော ရှမ်းရွာလေးတရွာရှိသည်။ ထိုရွာမှရှမ်းများသည် မန်ရှိုးဘက်ကရှမ်းများနှင့် ဝတ်စားပုံမတူကြတော့ပေ။ မန်ရှိုးဘက်ကရှမ်းများကို ရှမ်းဘာသာဖြင့် တိုင် မောဝ် ဗမာလို မောရှမ်းဟုခေါ်ဆိုကြပြီး ယခု ပန်ဆိုင်းအထွက်က ရှမ်းရွာက ရှမ်းများကတော့ ရှမ်းဘာသာဖြင့် တိုင်းလေ ဝါ တိုင်းချယ်ဟုခေါ်ကြပြီး ဗမာလို ရှမ်းတရုတ်ဟုခေါ်ကြပါသည်။ ရှမ်းတရုတ်ဆို၍ ရှမ်းနှင့်တရုတ်ကပြားများတော့ မဟုတ်ကြ ပေ။ ရှမ်းမျိုးနွယ်တခုသာဖြစ်ကြသည်။

မန်ကျယ်ကျော်တော့ ဖိုင်ကောင်း ကချင်ရွာကို လှမ်းမြင်ရသည်။ ဖိုင်ကောင်းရွာက လမ်း၏အပေါ်တောင်ကြောပေါ်တွင်ရှိရာ အဝေးကသာလှမ်းမြင်ရသည်။ ဖိုင်ကောင်းရွာကျော်သွားလျင် မုန်လုံတောင်ခြေသို့ရောက်သည်။ တောင်ခြေတွင် ကြည်လင် သောစမ်းချောင်းလေးတခု ဖြတ်သန်းစီးဆင်းနေသည်။ စမ်းချောင်းလေးအားဖြတ်၍ တရုတ်ပုံစံ ကျောက်တုံးတံတားတခု ဖြတ်ဆောက်ထားသည်။ မိမိတို့လည်း တံတားအုတ်ခုံဘောင်ပေါ်တွင် ခေတ္တထိုင်၍ အပမ်းဖြေကြသည်။

မိမိတို့အားလိုက်ပို့သော ကချင်ရဲဘော်က စမ်းချောင်းအပေါ်ဘက်သို့ လက်ညှိုးထိုးပြ၍ “အဲဒါ ရေပူစမ်းလေ” ဟုဆိုပါသည်။ တံတားအပေါ်ဘက်မလှမ်းမကမ်းတွင် အုတ်ကန်ငယ်တခုနှင့် အမိုးမိုးထားသော အဆောင်တခုအားတွေ့ရသည်။ လူသူ တော့မတွေ့ရ။ “ခုချိန်တော့ လူသိပ်မလာကြဘူး၊ နှစ်သစ်ကူးတို့ ခရစ္စမတ်တို့ဆိုရင်တော့ လူစည်တယ်” ဟု ဆိုပါသည်။ နောင်တွင် ထိုဒေသတကြောတွင် ရေပူစမ်းများကို ဟိုနား ဒီနား မကြာခဏတွေ့ရပါသည်။ အေးမြသော ရှမ်းတောင်တန်း များအတွက် သဘာဝကပေးသည့် လက်ဆောင်ဟု ဆိုရပါမည်။

တောင်ခြေက စမ်းချောင်းလေးကိုကျော်သည်နှင့် တောင်စတက်တော့သည်။ မနက်ခင်းပေမို့ ခွန်အားအပြည့်ရှိနေဆဲဖြစ်သော မိမိတို့၏ တောင်တက်စခြေလှမ်းများသည် သွက်လက်ဆဲဖြစ်သည်။ တောင်ပတ်လမ်းတလျှောက် မိမိစတင်သတိထား မိသည်က ချဉ်ပင်ပေါင်ကဲ့သို့ အပင်များဖြစ်သည်။ သတိထားမိလောက်ပင် လမ်းတလျောက် ထူထပ်စွာပေါက်နေကြသည်။ ရိုးတန်က နီညိုရင့်ရင့် အရွက်ကလည်းစိမ်းစိမ်း ချဉ်ပေါင်ရွက်နှင့်ခပ်ဆင်ဆင်ဖြစ်၍ စတွေ့စက အလေ့ကျ ချဉ်ပေါင်ပင်တွေ များလှချည်းလားဟု ထင်မိသေးသည်။ သေချာကြည့်တော့ ချဉ်ပေါင်ရွက်နှင့်ဆင်သော်လည်းချဉ်ပေါင်ရွက်မဟုတ်။ ထို့ပြင် ချဉ်ပေါင်ပင်ကဲ့သို့ ကိုင်းများဖြာ၍မထွက်ချေ။ ပင်စည်ရိုးတန်တခုတည်းမှ အရွက်များဖြာထွက်နေခြင်းဖြစ်သည်။ အမြင့်က ပေါင်လယ်မှသည် ရင်ခေါင်းလောက်အထိ ရှိတတ်သည်။

ထိုအပင်ကို ဂျာမဏီပင်ဟု ခေါ်ကြသည်ဟုဆိုသည်။ နောက်ပိုင်းတွင် ဒေသခံများက ကွန်မြူနစ်တပ်အပင် ဝါ ဗကပပင်ဟု လည်းခေါ်ကြသည်။ အကြောင်းမှာ ၁၉၆၈ ခုနှစ်မတိုင်မှီက ထိုဒေသတွင် ထိုအပင်မျိုးမရှိဟု ဆိုသည်။ ၁၉၆၈ ခုနှစ် CPB တပ်ဖွဲ့များဝင်ရောက်လာပြီးမှ ပေါက်သောအပင်ဖြစ်၍ ဗကပပင်ဟု ခေါ်ကြသည်ဟု ဆိုသည်။ အကြောင်းမှာ ၁၉၆၈ ခုနှစ် CPB တပ်များဝင်ရောက်လာသောအခါ လက်နက်ကြီး ခဲယမ်းစသည်တို့ တင်ဆောင်သည့် လားမြင်းများကို တရုတ်ပြည်ပေါက် လားမြင်းများ ယူလာခဲ့ခြင်းဖြစ်ရာ ထိုလားမြင်းများ မစင်မှတဆင့် ထိုအပင်များ ထိုဒေသတွင် ပွားများပေါက်ရောက်လာခြင်းဖြစ် သည်ဟုဆိုသည်။

နောင်ထိုဒေသတလျောက်တွင် ဂျာမဏီပင်များစွာတွေ့ရသကဲ့သို့ မိမိတို့တပ်ဖွဲ့ဝင်များအတွက်လည်း တောတောင်ထဲတွင် အသုံးတည့်သော အပင်ဖြစ်၍နေသည်။ ထိုအပင်သည် လူစား၍မရသော်လည်း ပျော့ပြောင်းသော အရိုးနှင့် အရွက်များသာရှိပြီး ဆူးမရှိသဖြင့် ထိုအပင်များကို ရုံလိုက်ခုတ်၍ မြေကြီးပေါ်ခင်းအိပ်ကြရသည်။ တောတောင်ထဲတွင် အိပ် ကြရသောအခါ ဗကပတပ်ဖွဲ့များအတွက် အသုံးတည့်သော ဗကပပင်ဟု ဆိုရပါမည်။

ပန်ဆိုင်းနှင့်မုန်းကိုးကြား အဓိကဖြတ်သန်းကျော်လွှားရမည်မှာ မုန်လုံခေါ် ဟေမုန်လုံတောင်ကြီးဖြစ်သည်။ ဟေမုန်လုံဆို သည်မှာ တရုတ်နာမည်ဖြစ်ပြီး ကချင်ဘာသာဖြင့် လွယ်ဂျုံဘွမ်ဟုခေါ်သည်။ ရှမ်းပြည်မြောက်ပိုင်းတွင် အမြင့်ဆုံးတောင်ဖြစ်ပြီး ပေ ၇၀၀၀ ကျော်မြင့်သည်။ မုန်လုံတောင်၏အနောက်ဖက်တွင် ပန်ဆိုင်းအရှေ့ဖက်တွင် မုန်းကိုးမြောက်ဖက်တွင် တရုတ် ပြည် တောင်ဖက်တွင် မုန်းပေါ်ကြီး မြင်တန်တောင်နှင့် နမ့်တောင်းတို့ရှိကြသည်။ ထိုဒေသတွင် မိုးထိုးနေသောတောင်ဖြစ်သည်။

တောင်ထိပ်အား ရာသီဥတုသာယာမှသာ မြင်တွေ့နိုင်သည်။ များသောအားဖြင့် မြူများဆိုင်းနေတတ်သကဲ့သို့ တိမ်များလည်း အုပ်ဆိုင်းနေတတ်သည်။ တောင်ထိပ်တွင် တိမ်များအုံ့ဆိုင်းနေသည်ကို ဒေသခံများက တောင်ထိပ်တွင် မိုးသားစွဲသည်ဟုဆိုကြပြီး မုန်လုံတောင်ထိပ်မိုးသားစွဲလျင် ထိုတောင်ပတ်ဝန်းကျင်ဒေသများ မိုးရွာသွန်းသည်ဟု မှတ်ယူထားသည်။ မုန်လုံတောင်သည် ထိုဒေသ၏ မိုးလေဝသအမှတ်အသားလည်းဖြစ်သည်ဟု ဆိုရပါမည်။

မုန်းကိုးသို့ သွားသည့် မုန်လုံတောင်အား တောင်ခါးပန်းမှဖြတ်ပါသည်။ ခန့်မှန်းခြေ ပေ ၃၀၀၀ ကျော်ခန့်မှ ဖြတ်သွားသည်။ အတက်ကတော့မုန်လုံရွာတွင် ပြီးဆုံးသည်။ ၂ နာရီခွဲ ၃ နာရီခန့်တက်ပြီးနောက် မုန်လုံဈေးရွာသို့ရောက်သည်။ ထိုအရပ် ဒေသတွင် ဈေးရွာဆိုသည့် ထူးခြားသည့်ဝိသေသရှိသည့် ရွာများရှိသည်။ ထိုဈေးရွာများသည် ထိုဒေသ ပတ်ဝန်းကျင်ရွာ များအတွက် အချက်အခြာကျသည်ဟု ဆိုနိုင်သည်။ ဈေးက ၅ ရက်တဈေးဖြစ်ပါသည်။ ဈေးနေ့များတွင် ပတ်ဝန်းကျင်ရှိ ရွာ များမှ လာရောက်ရောင်းဝယ်ကြသည်။ မုန်လုံဈေးသည် မုန်လုံတောင်ပေါ်ရှိရွာများအတွက် အချက်အခြာကျပုံရပါသည်။

မုန်လုံသည် တရုတ်ရွာဖြစ်သည်။ ထိုဒေသတွင် တိုင်းရင်းသားတို့၏ရွာများသာမက တရုတ်ရွာများကိုပါ ကြိုကြား ကြို ကြား တွေ့ရသည်။ အစဉ်အ ဆက်နေထိုင်လာကြသည့် တောင်ယာလုပ်ကိုင်စားကြသည့် တရုတ်လယ်သ မားရွာများဖြစ်ကြသည်။ သတို့၏တရုတ်စကားသည် ဒေသိယစကားဖြစ်သည်။ ဖူထုံးဟွာဟုခေါ်သည့် တရုတ်စံစကားနှင့် အနည်းငယ်ကွဲလွဲသည်။ မုံလုံကို မိမိတို့ရောက်သည့်နေ့က ဈေးနေ့မဟုတ်၍ ဈေးဆိုင်ခန်းများတွင် လူမရှိပေ။ ခြောက်ကပ်နေသည်။ တောင်ကြော ဆင်ခြေလျောတလျောက် ဆောက်လုပ်ထားသောမုန်လုံရွာသည် အတန်ငယ်ကြီးသည့်ရွာဟု ဆိုရမည်။ ယခုကဲ့သို့ မိုးကျ စကာလသည် တောင်သူတို့ အလုပ်ရှုပ်သည့်အချိန်မို့ ရွာတွင်း၌ လူသိပ်မတွေ့ရ။ ဆေးလိပ်နှင့် သရေစာအနည်းငယ်ရောင်း သော အိမ်ဆိုင်သေးသေးလေး နှစ်ဆိုင် သုံးဆိုင်ခန့်သာ ဖွင့်ထားသည်ကို တွေ့ရသည်။

မုန်လုံ၏မြောက်ဖက်ကား တရုတ်ပြည်ဖြစ်သည်။ နယ်စပ်မျဉ်းကတော့ မုန်လုံရွာမှ တနာရီခန့်ဆင်းရသည့် တောင်ခြေရှိ ချောင်းဖြစ်ပေသည်။ တရုတ်ပြည်ဘက် မုန်လုံနှင့်မျက်နှာချင်းဆိုင်ရှိတောင်ကား မုန်လုံရွာနှင့် ရေချိန်တူလောက်ဖြစ်၍ ပေ ၃၀၀၀ ခန့်လောက်သာမြင့်မည်ဟု ယူဆရသည်။ ထိုတောင်ထိပ်တွင် တရုတ်ပိုင် ဘန်ဒတ်ဆိုသောရွာရှိပြီး တရုတ်ရဲကင်း တခုရှိသည်ဟု ဆိုသည်။ လျှိုခြားနေ၍ ခပ်ပြပြသာမြင်ရသည်။

မုန်လုံကထွက်ကထဲက တောင်ဆင်းဖြစ်သွားသည်။ အတက်တုန်းကလို သိပ်မမောတော့။ သက်တောင့်သက်သာ လျှောက် နိုင်သည်။ တောင်ပတ်လမ်းအပေါ်တွင် ရွာတချို့ တွေ့ရသည်။ ကချင်ရွာများဟု သိရသည်။ လမ်းအပေါ်မှာဆိုတော့ လှမ်းမျှော်၍သာ ကြည့်ခဲ့ရသည်။ မြို့ပြတွင်သာကြီးပြင်းလာခဲ့သူ မိမိအဖို့ စိမ်းမြသော တောတောင်များတွင် ဒုတိယမြောက်နေ့ အဖြစ် လမ်းလျှောက်ရင်း စိုရွှဲနေသော ချွေးစက်များ အေးမြသောမိုးရေစက်များ မြူများ တိမ်များ လျိုမြောင်များ တောင် တန်းများကြား ပျော်မွေ့၍နေပေတော့သည်။

တနာရီခွဲခန့်ဆင်းလာပြီးနောက် ညာဘက်ကွေ့တက်သွားသော လမ်းငယ်လေးတခုတွေ့ရသည်။ “အဲဒါ နမ်ဆူ ကချင်ရွာကို သွားတဲ့လမ်းဗျ” ဟု ဆိုပါသည်။ ထိုလမ်းခွဲကို ကျော်သွားသောအခါ ဝါးရုံပင်အုပ်အုပ်နှင့် ရွာငယ်လေးများ အဆင့်အဆင့်နှင့် လှေခါးထစ်လယ်များ စီးမြောနေသော စမ်းချောင်းငယ်လေးများဖြင့် လှပနေသော တောင်ကြားပြန့်ကွင်းငယ်ကလေးတခုကို လှမ်းတွေ့ရသည်။ ထိုကွင်းငယ်လေးသည် “မုန်းကိုးပါ” ဟုခေါ်ကြသည့် မုန်းကိုးကွင်းငယ်လေးဖြစ်ပေတော့သည်။

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး (Mg Mg Soe)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခေတ်ပြိုင်အတွေ့အကြုံ, မောင်မောင်စိုး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်