လှကျော်ဇော ● ကျွန်မဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ – ဆောင်းပါးအမှတ် (၄၂)

March 15, 2017

 လှကျော်ဇော ● ကျွန်မဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ – ဆောင်းပါးအမှတ် (၄၂)

(မိုးမခ) မတ် ၁၅၊ ၂ဝ၁၇

● လွမ်းလေသမျှ
၁၉၉ဝ ခုနှစ်ရွေးကောက်ပွဲများအပြီးမှာ ခရမ်းက ဒီချုပ်အမတ် ဦးတင်မောင်ဝင်းအကြောင်း စတင်ကြားသိလာရပါတယ်။သူတို့ ညီအစ်ကိုတွေရဲ့ ဒဏ္ဍာရီပုံပြင်ဆန်တဲ့အကြောင်းအရာတွေပါ။ နောက်ဆက်တိုက်ဆိုသလိုပင် အဖမ်းခံရပုံများ၊ထောင် ထဲမှာပဲကျဆုံးကွယ်လွန်သွားပုံများကို မပြတ်ကြားလိုက်ရပါတော့တယ်။ ဦးတင်မောင်ဝင်းအကြောင်းစကြားရကတည်းက ဖေဖေ က အဲဒါ ဖေဖေနဲ့ ဦးထွန်းတင်တို့ကယ်ထုတ်လာတဲ့ ကျောင်းသားခေါင်းဆောင်လေးလားမသိဘူးလို့ ဆိုပါတယ်။ သိပ်မသေ ချာပါဘူး။ ဒါ့ကြောင့်ပဲ ဖေဖေက သူ့စာအုပ်မှာ ကျွန်တော်နှင့်ပါလာသောကျောင်းသားခေါင်းဆောင်မှာ ကျွန်တော့်အိမ်တွင် နှစ်ရက်ခန့်နေပြီးမှ အဆက်အသွယ်ရရာ လူအချို့လာရောက်ခေါ်ယူသွားပါသည်။ နောင်တွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ခရမ်းအမတ်ဦးတင်မောင်ဝင်းဖြစ်လာသူမှာ ထိုသူပင်ဖြစ်ဟန်ရှိပါသည်။ (ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော၊ ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့ … (ဖြိုးမောက်သာစာပေ)-နှာ-၂၅၆) လို့ ရေးထားတာပါ။

၂ဝ၁၄ ခုနှစ်ကထုတ်ဝေခဲ့တဲ့ (ဒေါ်) ခင်လှိုင်ကြူရဲ့”လွမ်းလေသမျှ” စာအုပ်ဖတ်ရတော့မှပဲ (ကျွန်မ တလောကမှရတာပါ) ဖေဖေတို့ ၁၉၆၃ ခုနှစ်က တက္ကသိုလ်ဝင်းထဲကကယ်ထုတ်လာသူဟာ ဦးတင်မောင်ဝင်းပဲဖြစ်တယ်ဆိုတာ သေချာသွားပါ တော့တယ်။ သူဘယ်လိုလွတ်မြောက်လာခဲ့တယ်ဆိုတဲ့ အသေးစိတ်အဖြစ်အပျက်ကိုတော့ သူက ပြန်ပြောပြထားပုံမရပါဘူး။ ဒါ့ကြောင့် ကျွန်မမှတ်မိသလောက် ထပ်ရေးလိုက်ပါတယ်။ ဖေဖေက သူ့စာအုပ်ထဲမှာလည်း ရေးတန်သလောက်တော့ ရေးထားပါတယ်။ ဒါတွေဟာ သမိုင်းဝင်ဖြစ်ရပ်များဖြစ်တဲ့အတွက် သေချာတိကျစွာ မှတ်တမ်းတင်ထားဖို့လည်း လိုအပ်ပါ တယ်။ ရက်စွဲများ အနည်းငယ်ကွဲလွဲမှုတွေရှိနေတာကိုလည်း (တွေ့ရှိသူများက) ပြင်ဆင်ပြုပြင်ပေးသင့်တယ် ထင်ပါတယ်။ အထူးသဖြင့် နိုင်ငံရေးနောက်ခံအဖြစ်အပျက်များကို ရှင်းရှင်းလင်းလင်းမြင်ဖို့ဖြစ်ပါတယ်။

အဖြစ်အပျက်အစကတော့ ၁၉၆၃ ခုနှစ် ဇူလိုင် (၇) ရက်နေ့က စတင်ပါတယ်။ ၇-၇-၆၂ တနှစ်ပြည့်အခမ်းအနားကို ဒိုင်းန မိုက် ဖေါက်ခွဲပြီးဖြိုချခံလိုက်ရတဲ့ တက္ကသိုလ်သမဂွအဆောက်အဦးနေရာမှာ ကျင်းပခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ကျောင်း သားလှုပ်ရှားမှုတွေ ပြန်လည်နိုးထလာပါတယ်။ ကျောင်းသားများက အဓိပတိလမ်းမတံခါးပေါက်ကိုပိတ်ထားပြီး ကျောင်းဝင်း အတွင်းမှာတော့ ၇ ရက်ဇူလိုင်အမှတ်တရ လက်ကမ်းစာစောင်၊ စာတမ်းများ၊ စစ်အစိုးရဆန့်ကျင်ရေးပိုစတာများ၊ ဟောပြောပွဲ များနဲ့ စည်ကားနေပါတယ်။ အဲဒီကာလက ဗိုလ်နေဝင်းရဲ့တော်လှန်ရေးကောင်စီအုပ်ချုပ်နေတဲ့ကာလပါ။ ၁၉၆၂ ခုနှစ် ဇူလိုင် (၇) ရက်နေ့မှာ စစ်အာဏာသိမ်းမှုကို ပြတ်ပြတ်သားသား ဆန့်ကျင်ဆန္ဒပြနေတဲ့ကျောင်းသားများကို ပစ်ခတ်သတ်ဖြတ်ပြီး နောက်နေ့ (၈-၇-၁၉၆၂) နေ့မှာ ကျောင်းသားသမဂ္ဂအဆောက်အဦးကြီးကို ဖေါက်ခွဲဖျက်ဆီးခဲ့ပါတယ်။ အဲဒီနေ့ကို အထိမ်း အမှတ်ပြုပြီး ယာယီငြိမ်သက်သွားတဲ့ ကျောင်းသား လှုပ်ရှားမှုကိုပြန်ဖေါ်ဖို့ကြိုးစားလာတဲ့ ဖြစ်စဉ်တရပ်ပါ။

ကျောင်းသားများကို ရာချီသတ်ဖြတ်လိုက်လို့ ပြည်တွင်းမှာရော နိုင်ငံတကာမှာပါ ပုံရိပ်ဆိုးဝါးသွားတဲ့ အာဏာသိမ်း တော် လှန်ရေးကောင်စီဟာ ပြည်သူလူထုကြီးတရပ်လုံးရဲ့ သည်းခြေကြိုက် ငြိမ်းချမ်းရေးကြွေးကြော်သံကိုကောက်ကိုင်ပြီး ၁၉၆၃ ခုနှစ် ဇွန်လ (၁၁) ရက်မှာ တောတွင်းလက်နက်ကိုင်အဖွဲ့အစည်းများကို ဆွေးနွေးဖို့ ကမ်းလှမ်းချက်ထုတ်ပြန်လိုက်ပါတယ်။ဒီမှာတင် တောတွင်းအဖွဲ့အစည်းများ တသုတ်ပြီးတသုတ် ရန်ကုန်ကိုရောက်လာကြပြီး တော်လှန်ရေးကောင်စီနဲ့ ဆွေးနွေး ပွဲများပေါ်ထွက်လာပါတယ်။ တချိန်ထဲမှာပဲ တပြည်လုံးမှာ ငြိမ်းချမ်းရေးလူထုလှုပ်ရှားမှုကြီး ပေါ်ပေါက်လာပါတယ်။ နိုင်ငံရေး အင်အားစုအားလုံးနီးပါး ပါဝင်ပူးပေါင်းဆောင်ရွက်ကြလို့ အတော်ညီညွတ်ပြီး အင်အားလည်းကြီးလာပါတယ်။ တော်လှန် ရေးကောင်စီက ငြိမ်းချမ်းရေးအတွက်ဆွေးနွေးဖို့ ဖိတ်ခေါ်တဲ့ရည်ရွယ်ချက်ကိုက သူတို့ရဲ့စစ်ဘီးလူးပုံရိပ်ကို လျှော့ချဖို့သာ ဖြစ်လို့ တကြောင်း၊ တောတွင်းအဖွဲ့အစည်းများနဲ့စကားပြောနေစဉ်အတွင်း ပြည်သူတွေကို တစုံတရာလွတ်လပ်ခွင့်ပေးထား ရလို့ နိုင်ငံရေးအဖွဲ့အစည်းအသီးသီးက (စစ်အာဏာရှင်စနစ်ရဲ့အန္တရာယ်ကိုမြင်လာလို့) ပြည်သူတွေကိုစည်းရုံးနိုင်ပြီး ပြည်တွင်းငြိမ်းချမ်းရေးတောင်းဆိုတဲ့လှုပ်ရှားမှုကြီး ကြီးမားကျယ်ပြန့်လာလို့တကြောင်း၊ စေ့စပ်ဆွေးနွေးပွဲတွေကို ယောင်ပြ လ အချို့သာလုပ်ဆောင်ခဲ့ပြီး ၁၉၆၃ ခုနှစ် နိုဝင်ဘာ (၁၄) ရက်မှာ တော်လှန်ရေးကောင်စီက တဖက်သတ်ရပ်ဆိုင်းပစ်လိုက် ပါတယ်။

ဒီနောက်မှာတော့ စစ်တပ်ရဲ့စစ်ဘီလူးရုပ် ပြန်ပေါ်လာပါတော့တယ်။ တောတွင်းပြန်ဝင်သွားတဲ့သူများ နောက်စစ်တပ်က ဒလကြမ်း လိုက်တိုက်ခိုက်သတ်ဖြတ်သလို မြို့ပေါ်က တက်ကြွလှုပ်ရှားတဲ့ နိုင်ငံရေးသမားအများအပြားကိုလည်း ပိုက်စိပ် တိုက် ရှာဖွေဖမ်းဆီးခဲ့ပါတယ်။ ဒီမှာတင် ၇ ရက်ဇူလိုင် ၁ နှစ်ပြည့်အခမ်းအနားကစပြီး တက္ကသိုလ်ပရဝုဏ်အတွင်း ပြန်လည် လှုပ်ရှားလာနေတဲ့ ကျောင်းသားလှုပ်ရှားမှုများကို စတင်နှိမ်နှင်းဖို့ လုပ်ဆောင်လာပါတော့တယ်။ ကျောင်းသားတွေပိတ် ထားတဲ့တံခါးကြီးကို ဖွင့်ပေးဖို့ ရာဇသံပေးလာပါတယ်။ ကျောင်းသားထုဘက်ကလည်း နဲနဲမှလျှော့မပေးနိုင်ဖြစ်နေပါတယ်။ ကျောင်းသားခေါင်းဆောင်အများစုကတော့ အကန့်အသတ်နဲ့ နောက်ဆုတ်သင့်တယ်လို့မြင်ကြပေမယ့် ကျောင်းသားထုကိုနားဝင်အောင်မလုပ်နိုင်တော့။ စစ်တပ်ဘက်ကလည်း အကြမ်းဖက်ဖြေရှင်းဖို့ ပြင်ဆင်ထားပြီးသား။ ဒီတော့ ကျောင်းသား ခေါင်းဆောင်တချို့ ကျွန်မတို့အိမ်ရောက်လာပါတယ်။ ၁၉၆၃ ခုနှစ် နိုဝင်ဘာ (၂၈) ရက်၊ ည ၉ နာရီလောက်မှာ ကျောင်း သားခေါင်းဆောင် ၃ ယောက် ကျွန်မတို့ရဲ့စမ်းချောင်း ဆီဆုံလမ်းအိမ်အမှတ် (၃၆) ကို ရောက်လာပါတယ်။ တက္ကသိုလ်မှာနိုင်ငံရေးဟောပြောပွဲများ လုပ်နိုင်တုန်းက ဖေဖေကို တကသကျောင်းသားအဖွဲ့အစည်းက မကြာခဏ ဖိတ်ဖူးပါတယ်။ ၁၉၆ဝ ရွေးကောက်ပွဲဝင်တုန်းကလည်း လာကူညီဖူးသူတွေရှိပါတယ်။ အဲဒီကာလတွေကတည်းက ဖေဖေနဲ့ရင်းနှီးသူများရှိ ပါတယ်။ အဲဒီအဆက်နဲ့ သူတို့ရောက်လာတာပါ။


သူတို့က ဖေဖေ့ကို အခြေအနေတွေပြောပြပြီး ဆရာကြီးမှိုင်းအမည်နဲ့ ကြားဝင်စေ့စပ်ပေးဖို့တောင်းဆိုပါတယ်။ စစ်တပ်က တံခါးကြီးကို ည (၁၂) နာရီနောက်ဆုံးထားဖွင့်ပေးဖို့ ရာဇသံပေးထားပြီးသားပါ။ ဖေဖေက ကျောင်းသားခေါင်းဆောင်များရဲ့ တောင်းဆိုချက်ကို လက်ခံလိုက်ပြီး သူတို့ကိုလည်း အမြန်ဆုံးရှောင်ခိုင်းလိုက်ပါတယ်။ ကျောင်းကိုပြန်မသွားနဲ့တော့၊ တို့ပဲ သွားလိုက်တော့မယ်လို့ ပြောပါတယ်။ တဆက်တည်း အန်ကယ်ဦးထွန်းတင် (ကျွန်မတို့ရဲ့ဟိုဘက်လမ်း စမ်းချောင်းလမ်းမှာ နေသူ လွှတ်တော်ရှေ့နေကြီး နောက်ပိုင်း ဒီချုပ်ခေါင်းဆောင် – ကွယ်လွန်) ကို ဖုန်းဆက်လှမ်းခေါ်ပြီး ဆွေးနွေးကြပါတယ်။ ပြီးမှ ဆရာကြီးရဲ့သဘောထားသွားယူဖို့ ဆရာကြီးအိမ် (ချမ်းသာလမ်း) ကို ထွက်သွားပါတယ်။ ဖေဖေကမထွက်ခင် အန် ကယ်ဦးထွန်းတင်ကို လမ်းခရီးမှာ ဘယ်လိုသတိထားပြီး ကားမောင်းဖို့မှာပါတယ်။ ခင်ဗျားကားကိုပဲဂရုစိုက်ပြီး ဖြေးဖြေး မောင်း။ ဘေးပတ်ဝန်းကျင်ကို ကျွန်တော်ကြည့်မယ်။ ရပ်ဆိုတဲ့အသံကြားရင်၊ ကားကိုချက်ချင်းရပ်၊ လူကိုကားအောက်လျှော ဆင်းလိုက်။ နားစွင့်ထား။ ဘာသံကြားကြား ကားချက်ချင်းရပ်နော် …. ပြောပြီး သူတို့ (၂) ယောက်သား ထွက်သွားကြပါတယ်။

အဲဒီကာလက နေဝင်မီးငြိမ်း အမိန့်ထုတ်ထားတဲ့ကာလပါ။ ဒါကြောင့် ဖေဖေက အလွန်သတိရှိနေတာပါ။ ဖေဖေတို့ အိမ်က ထွက်သွားတော့ ည (၁ဝ) နာရီနီပါးဖြစ်နေပါပြီ။

ဖေဖေတို့ထွက်သွားပြီးကတည်းက မေမေနဲ့ ကျွန်မ အိမ်တံခါးတွေပိတ်၊ မီးတွေအကုန်ပိတ်ပြီး မှောင်ထဲထိုင်ပြီး ဖေဖေတို့ အပြန်ကို စောင့်နေမိပါတယ်။ မေမေကတော့ ဒါမျိုးရိုးနေဟန်တူပါတယ်။ ခပ်အေးအေးပါပဲ။ ကျွန်မကသာ ကားသံကြားသ လိုလို၊ ကားမီးရောင်မြင်သလိုလိုဖြစ်လိုက်၊ ထလိုက် ထိုင်လိုက်နဲ့ ငြိမ်ငြိမ်ကိုထိုင်မနေနိုင်ခဲ့ပါဘူး။ မေမေက ကျွန်မကိုကြည့်ပြီး “အခုတော့ မေမေကို ကိုယ်ချင်းစာနိုင်ပြီမဟုတ်လား”တဲ့။

မနက်မိုးစင်စင်လင်းမှ ဖေဖေတို့ပြန်ရောက်လာပါတယ်။ ဖေဖေနဲ့အတူ လူတယောက်ပါလာပါတယ်။ ဖေဖေတို့ (၂) ယောက် ကို ချပေးခဲ့ပြီးနောက် အန်ကယ်ဦးထွန်းတင်ကကားပေါ်ကမဆင်းဘဲ ပြန်ထွက်သွားပါတယ်။ ဖေဖေကသူနဲ့ပါလာတဲ့သူကို အိမ်အပေါ်ထပ် ထပ်ခိုးလေးပေါ်ခေါ်သွားပါတယ်။ နောက်မှ အကျိုးအကြောင်းပြောပြပါတယ်။ (အဲဒီအကြောင်းအရာတွေကို ဖေဖေ ကသူစာအုပ်ထဲမှာ အပြည့်အစုံတော့ရေးထားပါတယ်။ ဒါပေမဲ့ အဲဒီစာအုပ်ကို အလှမ်းမမီသူများအတွက် အကျဉ်းရုံး ရေးပါဦးမယ်။)

ဖေဖေနဲ့ အန်ကယ်ဦးထွန်းတင်တို့ (၂) ယောက် ဆရာကြီးမှိုင်းအိမ်ဝင်အခြေအနေတွေပြောပြပြီး တက္ကသိုလ်ဘက်ပြည်လမ်း မကြီးအတိုင်းထွက်လာရာမှာ မြန်မာ့အသံရှေ့ရောက်တော့ စစ်တပ်က ဘယ်ကားမှ ဆက်သွားခွင့်မပြုတော့ပါဘူး။ ဖေဖေ ကအဲဒီက စစ်ဗိုလ်လေး (ဗိုလ်ကြီးအဆင့်) ကို သူ ဘယ်သူဘယ်ဝါဖြစ်ကြောင်း၊ ကျောင်းသားတွေဆီသွားပြီး ဖြောင်းဖျဖို့ ဆရာကြီးက လွှတ်လိုက်ကြောင်းပြောပြတော့ အဲဒီစစ်ဗိုလ်လေးက အသံလွှင့်ရုံထဲပြေးဝင်သွားပြီး အထဲမှာရှိတဲ့ တော်လှန် ရေးကောင်စီဝင်တွေနဲ့ သွားတွေ့ခွင့်တောင်းပြီး ဖေဖေတို့ကို သွားခွင့်ပြုလိုက်ပါတယ်။ ဖေဖေတို့ ကျောင်းတံခါးပေါက်ကြီးဆီရောက်တော့ ကျောင်းသားတွေက ဖေဖေ့တို့ကားဆီ ဝိုင်းအုံလာပါတယ်။ နာမည်ကြီး ကျောင်းသားခေါင်းဆောင် အတော်များများ ရှောင်တိမ်းသွားပြီဖြစ်လို့ အဲဒီကျန်ကျောင်းသားအုပ်ကိုပဲ ဖေဖေက ဆရာကြီးမှိုင်းက တံခါးများဖွင့်ပေးလိုက်ဖို့ မေတ္တာရပ်ခံကြောင်း ပြောပြပါတယ်။ ကျောင်းသားတွေက အချက် (၂) ချက်တောင်းဆိုပါတယ်။ (၁) ကျောင်းဝင်းထဲ စစ်သားတွေ ဝင်မလာဘို့နဲ့ (၂) သူတို့ကျောင်းသားများကို မဖမ်းဆီးဖို့ … တဲ့။

ဖေဖေတို့က မြန်မာ့အသံကို တခေါက်ပြန်ပြီး ကျောင်းသားတွေရဲ့တောင်းဆိုချက်တွေကို ပြောပြပါတယ်။ သူတို့က အဲဒါတွေ ကိုလက်ခံလိုက်လို့ ဖေဖေတို့က ကျောင်းပြန်ပြီး တံခါးတွေကို ဖွင့်ခိုင်းလိုက်ပါတော့တယ်။ ဖေဖေတို့အပြန်မှာတော့ ကျောင်း သားတွေက သူတို့ခေါင်းဆောင်တယောက်ကို ထုတ်သွားပေးပါဆိုပြီး ကိုတင်မောင်ဝင်းကို ကားပေါ်တင်ပေးလိုက်ပါတယ်။
(ကိုတင်မောင်ဝင်းရဲ့ချစ်သူဆီပေးစာမှာ ရေးထားတဲ့အချိန်က ၂၉.၁၁. 3.30 a.m တဲ့။ ခုနှစ်ရေးမထားပေမယ့် ၁၉၆၃ ပါ။ ခင်လှိုင်ကြူရဲ့လွမ်းလေသမျှမှာ ၁၉၆၄ လို့ ရေးထားပါတယ်။ နှာ(၆ဝ-၆၄)။ ပူးတွဲဖေါ်ပြထားတဲ့ ကိုတင်မောင်ဝင်းအဖမ်းခံလိုက် ရတဲ့သတင်းဖေါ်ပြထားတဲ့ ၁၉၆၃ က သတင်းစာဖြတ်ပိုင်းဟောင်းများကို ကြည့်ပါ။)

ဖေဖေတို့က သူ့ကို ကားနောက်ခန်းထဲ ဝှက်ခေါ်လာပါတယ်။ ဖေဖေတို့ မြေနီကုန်းရောက်တော့ လူတယောက်က ကားကို တားပြီး ကျွန်မတို့လမ်းထိပ်တွေမှာ စစ်ကားတွေအဆင်သင့်စောင့်နေကြောင်း၊ ဆီးဖမ်းမှာဖြစ်ကြောင်းပြောလို့ ဖေဖေတို့က အိမ်တန်းမပြန်တော့ဘဲ ဆရာကြီးမှိုင်းအိမ်သွားလိုက်ပြီး စစ်ကားတွေပြန်ရုပ်သွားပြီးဆိုတဲ့သတင်းရမှ (မိုးလင်းမှ) အိမ်ပြန် လာကြတာပါ။

ဖေဖေတို့ကားထဲ ကျောင်းသားခေါင်းဆောင်တွေပါသွားတယ်။ ဆိုတဲ့သတင်းရထားလို့ စောင့်နေတာတဲ့။ မဖမ်းပါဘူးလို့ ကတိပေးထားလို့ မှောင်ရိပ်ခိုဖမ်းဖို့လုပ်တာ။  ကိုတင်မောင်ဝင်း ကျွန်မတို့ အိမ်အပေါ်ထပ် ထပ်ခိုးလေးမှာ (၂) ရက်နေသွား ပါ တယ်။ အဲဒီကမှ သူ ဖုန်းဆက်အကြောင်းကြားခိုင်းတဲ့ အိမ်က လာခေါ်သွားပါတယ်။ သိပ်မကြာခင်မှာဘဲ သူကိုဖမ်းမိသွား တယ်ဆိုတဲ့သတင်း ကြားလိုက်ရပါတယ်။ ဒိနောက်တော့ ကျွန်မတို့ လုံးဝအဆက်အသွယ်ပြတ်သွားပါတယ်။ (မှတ်ချက်။ ဖေဖေက သူ့စာအုပ်မှာဆက်ရေးထားတာက ထိုနောက်မှာတော့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တော်လှန်ရေးကောင်စီ ကကမ်းလှမ်းသဖြင့် အထက်ပါစာအုပ်-နှာ-၂၅၆-လို့ ပါလာပါတယ်။ ဒီမှာလည်း ကွဲလွဲမှုများရှိပါတယ်။ တကယ်တော့ အဲဒီ ကာလက (၁၉၆၃-နိုဝင်ဘာ-၂၉ ရက်မှာ) ဖြစ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများတောင် နိုဝင်ဘာ (၁၄) မှာ ပျက်သွားပြီးပါပြီ။ အမှားပြင်ဆင်ချက်ဖြစ်ပါတယ်) ဒါတွေကတော့ ကိုတင်မောင်ဝင်းရဲ့ကျန်ရစ်သူမိသားစုများ မသိရှိသေးတဲ့ အကြောင်း အရာတွေပါ။ မြန်မာနိုင်ငံဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ရှိရေးအတွက် အစဉ်တစိုက်တိုက်ပွဲဝင်ခဲ့သူ ဦးတင်မောင်ဝင်းရဲ့ ကျန်ရစ်သူမိသားစုဝင်များအနေနဲ့လည်း မိမိတို့ရဲ့ စွန့်လွှတ်ရမှုများအပေါ် ဂုဏ်ယူနှစ်သိမ့်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါ တယ်။

အဲသလိုဖေဖေတို့ရဲ့ (ဆရာကြီးမှိုင်း မေတ္တာရပ်ခံချက်နဲ့) ဝင်ရောက်ဖြေရှင်းပေးမှုကြောင့် ကျောင်းသားအရေး သွေးထွက် သံယိုမဖြစ်ပဲ၊ ပြေလည်သွားပြီးနောက် ကျွန်မတို့အိမ်မှာ လူစည်ကားလာပါတယ်။ အဲဒီနေ့ညက ဖေဖေက အဓိပတိလမ်းက တံခါးပေါက်ရှေ့မှာ အန်ကယ်ဦးထွန်းတင်ရဲ့ မောရစ်မိုင်နာကားလေးပေါ်တက် ကျောင်းသားတွေကိုစကားပြောနေတဲ့ပုံ သတင်းစာတွေထဲမှာပါထားတာဖြစ်လို့ သားသမီးတွေကိုပြန်ခေါ်ဖို့နယ်ကလာကြတဲ့ မိဘများဟာ ကျွန်မတို့အိမ်ဝင်လာကြပြီး ဖေဖေကို ကျေးဇူးတင်စကားဆိုခဲ့ကြပါတယ်။ ပါလာတဲ့ သားတွေ သမီးတွေကိုလည်း ဖေဖေကို ကန်တော့ခိုင်းပါတယ်။ တချို့ သူတွေက ဖေဖေ နယ်တွေလှည့် ငြိမ်းချမ်းရေးတရားဟောစဉ်က (၁၉၆ဝ-၁၉၆၂) သိရှိခဲ့သူများပါ။

ဖေဖေက နောက်ပိုင်းမှာတော့ သူတို့အဲသလိုသွားတားတာမှားတယ်လို့ ဆိုဘူးပါတယ်။ ဖေဖေနောင်တရလည်း ရစရာပါပဲ။အခုဒီဆောင်းပါးနဲ့အတူဖေါ်ပြထားတဲ့ ၁၉၆၃ ခုနှစ်က သတင်းစာဖြတ်ပိုင်းဟောင်းများကိုကြည့်ပါ။


၁၉၆၃ ခုနှစ် နိုဝင်ဘာ (၂၈-၂၉) ရက်နေ့များက မြန်မာ့အသံမှာရှိနေကြတဲ့တော်လှန်ရေးကောင်စီဝင်များက ပေးခဲ့တဲ့ကတိများ ဘယ်လောက်တည်သလဲဆိုတာ ကြည့်ပါ။ နိုဝင်ဘာ (၃ဝ) ရက်နေ့သတင်းစာမှာ (၂၉) ရက်နေ့ နေ့လည် (၃) နာရီမှာ တ ကျောင်းလုံးကိုဝိုင်းဝန်းပိတ်ဆို့လိုက်ပြီး ထောက်လှန်းရေးတွေက ကျောင်းဆောင်တွေထဲဝင် ဖမ်းချင်တဲ့သူတွေ ဖမ်း၊ နယ် တွေ အတင်းပြန်ပို့နဲ့ လုပ်ချင်သလိုလုပ်ခဲ့ကြတယ်။

ဒါ့အပြင် ဒီဇင်ဘာ (၁) ရက်နေ့မှာ ကျောင်းသားခေါင်းဆောင်နှစ်ဦးဖြစ်တဲ့ ကိုဘိုးထင်နဲ့ကိုတင်မောင်ဝင်းကိုဖမ်းမိကြောင်း ကြေညာထားတာ တွေ့ရပါတယ်။ (မှတ်ချက်။ ဒီနေရာမှာလည်း ကွဲလွဲချက်တခုတွေ့ရပါတယ်။ ခင်လှိုင်ကြူစာအုပ်မှာ ကို တင်မောင်ဝင်းအဖမ်းခံရတာ ၁၉၆၄ ဇန်နဝါရီလ (၁၄) ရက် (နှာ-၆၇) လို့ ရေးထားပါတယ်။)

အဲသလိုခေတ်အဆက်ဆက်ဗိုလ်ချုပ်ကြီးများ (တော်လှန်ရေးကောင်စီ၊ မဆလ၊ နဝတ၊ နအဖ) ကတိမတည်မှုကြောင့် ဗမာ တပြည်လုံးက ပြည်သူများ (တိုင်းရင်းသားများအပါ) က ဘယ်ဗိုလ်ချုပ် (အခု ကာချုပ်အပါ) စကားမှ မယုံကြည်ကြတာပါ။ ကာချုပ်ကြီးပြောသလို တိုင်းရင်းသားခေါင်းဆောင်များရဲ့ အမြင်ကျဉ်းမြောင်းမှုကြောင့် မဟုတ်ပါဘူး။

ကာချုပ်မင်းအောင်လှိုင်အနေနဲ့ အမြင်ကျယ်ကြောင်း သဘောထားကြီးကြောင်းပြသချင်ရင်ဖြင့် အပစ်အခတ်ရပ်စဲရေးကို ဗမာ့တပ်မတော်က အရင်ကြေညာပေးလိုက်ရုံပါဘဲ။ ဒီလိုဆိုပြန်တော့လည်း ပြည်တွင်းငြိမ်းချမ်းရေးရသွားမှာစိုးရသေးတယ် လေ။ ဒါ့ကြောင့် မင်းအောင်လှိုင်ခမျာ တနေ့တမျိုး မရိုးရအောင် ဆင်ခြေ ဆင်လက်အမျိုးမျိုးတွေကို မျက်နှာပြောင်တိုက် ပေးနေရတာပါ။

ဒီနေရာမှာ စစ်အာဏာရှင်စနစ်ကို ဆက်လက်ကိုင်စွဲချင်သူများကို သတိပေးလိုပါတယ်။ ဖေဖေရေးခဲ့အတဲ့ အကြောင်းအရာ တရပ်ပါ။ — ထို့ပြင် ဗိုလ်နေဝင်းသည် တကယ်စစ်မှန်သော မျိုးချစ်ပြည်ချစ်တို့သည် မိမိတိုင်းပြည်ဆင်းရဲခြင်းမှ လွတ်ကင်း၍ ချမ်း သာကြွယ်ဝလာမှုကို လိုလားပြီး မနေမနားကြိုးစားတတ်သည့်သဘောကို မစဉ်းစားမိပေ။ နားလည်း နားမလည်နိုင်ပေး။ မိမိပင်ကိုယ်စိတ်နှင့် နှိုင်း၍စဉ်းစားပုံရသည် … တဲ့ ..။

(အထက်ပါစာအုပ်- နှာ၂၇၆)

 

လှကျော်ဇော။၂၂-၁-၂ဝ၁၇။

မှတ်ချက်
၁။ ၁၉၆၃ ခုနှစ် ငြိမ်းချမ်းရေးဖြစ်စဉ်များအတွင်းက ရက်စွဲများကို လွတ်လပ်ရေးရွှေရတု (အောင်စောဦး) စာအုပ်မှ ရယူပါ တယ်။

၂ ။ အရေးတော်ပုံဂျာနယ်၊ အတွဲ(၂)၊ အမှတ် (၉) မှ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, လူများ၊ ရုပ်ပုံလွှာများ

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့်

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …


MoeMaKa Monthly MARCH 2017 ထွက်ပြန်ဘီ တဲ့..

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ

By

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ (မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၇ တရားမျှတဖို့ အတွက်...

Read more »

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့ အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်

By

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့  အိမ်အရောက် ပို့ဆောင်ပေးနေပါတယ် (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇ ၂၀၁၆...

Read more »

မိုးမခ နိုဝင်ဘာကို အိမ်အရောက် မှာယူပါ

By

” ကဗျာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ စာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ တရွေ့ရွေ့နဲ့ ရှေ့တန်းရောက်လာတဲ့ မဂ္ဂဇင်း .....

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သင်းလဲ့ဝင်း (Myanmar Now) သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်