မောင်မောင်စိုး ● နှင်းဆီနီနီအိပ်မက်များ – အပိုင်း (၁၇)

March 15, 2017

မောင်မောင်စိုး ● နှင်းဆီနီနီအိပ်မက်များ – အပိုင်း (၁၇)
(မိုးမခ) မတ် ၁၅၊ ၂၀၁၇

● မုန်းကိုး
၂ဝ၁၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် ရှမ်းပြည်မြောက်ပိုင်း၌ ဖြစ်ပွားခဲ့သောစစ်ပွဲများအတွင် နာမည်ကျော် လူသိများခဲသော မုန်းကိုး အား လွန်ခဲ့သောအနှစ် ၄ဝ ကျော် ၁၉၇၆ ခုနှစ် ဇွန်လအတွင်း၌ မိမိစတင်မြင်တွေ့ရောက်ရှိခဲ့ပေတော့သည်။

မုန်းကိုးသည့် ရှမ်းပြည်မြောက်ပိုင်းရှိ တောင်များပတ်လည်ဝိုင်းရံထားသည့် ကွင်းငယ်လေးတခုဖြစ်သည်။ ရှမ်းပြည်တောင်တန်းဒေသတွင်ထိုသို့သော ကွင်းငယ်လေးများကို အနှံ့အပြား တွေ့နိုင်သည်။ ထိုကွင်းငယ်လေးသည် မြေပြန့်ဒေသကဲ့သို့ ပြန့်ပြူးမနေသော်လည်း ဆင်ခြေလျောကွင်းငယ်လေးများဖြစ်ပြီး ပတ်လည်တောင်တန်းများမှ စမ်းချောင်း ကြီးငယ်တို့ဖြတ် သန်းစီးဆင်းနေသဖြင့် လှေခါးထစ်လယ်များပြု လုပ်စိုက်ပျိုးလုပ်ကိုင်ရန်အဆင်ပြေကြသဖြင့် အခြေချနေထိုင်မှု များကြ သည်။

မုန်းကိုးကွင်း၏ထူးခြားချက်မှာ တရုတ်မြန်မာနယ်စပ်တွင် ရှိနေခြင်းဖြစ်သည်။ အရှေ့အနောက်စီးဆင်းနေသော မုန်းကိုး ချောင်း (မန်ဟိုင်းချောင်း) က နယ်စပ်ကို ပိုင်းခြားထားသည်။ မုန်းကိုးချောင်း၏တောင်ဖက်ခြမ်းသည် မြန်မာပြည်ဖြစ်၍ မြောက်ဘက်ခြမ်းသည် တရုတ်ပိုင်ဖြစ်သည်။ တရုတ်ပိုင်နက်တွင် မန်ဟိုင်းရှမ်းရွာရှိသည်။ မန်ဟိုင်းဘက်မှ ဆင်းလာသည့် လှေခါးထစ်လယ်များနှင့် မုန်းကိုးဘက်မှဆင်းလာသည့် လှေခါးထစ်လယ်များကို မုန်းကိုးချောင်းက ပိုင်းခြားပေးထားသည်။

မုန်းကိုးကွင်း၏ အနောက်တောင်ဖက်တွင် မန်ကန်တောင်တန်းနှင့် မန်ကန်ရွာရှိသည်။ ထိုနောက်အနောက်တောင်အတိုင်းဆက်သွားက နောင်ဖိုင်ရွာရှိသည့် နောင်ဖိုင်တောင်ကြောအတိုင်းသွားလျင် မုန်းပေါ်ကွင်းသို့ရောက်သည်။ မုန်းပေါ်ကွင်းသည် ထိုအနီးအနား၌ အကြီးဆုံးကွင်းဟု ဆို၍ရသည်။ ကွင်းအလယ်၌ ဖြတ်စီးဆင်းနေသည့် မုန်းပေါ်ချောင်း၏ တဖက် တချက် တွင် ရှမ်းရွာ ကချင်ရွာများစွာရှိသည်။ အဆိုပါ မုန်းပေါ်ကွင်းမှတဆင့် စီစီဝမ် တာပန်တောင်ကြော မြောက်ဖက်မှ ဖြတ်ဆင်း လျင် နမ့်တောင်း (ရှမ်း/ကချင်ရွာ) သို့ရောက်သည်။ နမ့်တောင်းမှ တောင်ဖက်ဆက်ဆင်းလျင် လုံခန်ကိုဖြတ်၍ ၁ဝ၅ မိုင်နှင့် မူစယ်သို့ရောက်သည်။ နမ့်တောင်းသည် လမ်းဆုံလည်းဖြစ်သည်။ နယ်စပ်ရှိ ကြူကုတ် ပန်ဆိုင်းမှ မူဆယ်သို့သွားသည့် ကားလမ်းသည်လည်း နမ့်တောင်းသို့ဖြတ်၍ လုံခန် ၁ဝ၅ မိုင်ကိုဖြတ်၍ မူဆယ်သို့သွားသည်။

မုန်းကိုးကွင်း၏တောင်ဖက်တွင် ဘန်ဟုတ် တောင်ကြောရှိသည်။ မန်ဂျပ် ဘန်ဟုတ် ဘန်ဆတ် စသည့် အများစု ကချင်ရွာ များရှိသည် တောင်ကြောအားကျော်လျင် မုန်းယားကွင်းသို့ ရောက်သည်။

မုန်းကိုးကွင်း၏အရှေ့ဖက်တွင် နယ်စပ်အတိုင်း ဖောင်းဆိုင်၊ မန်ကောင်း၊ ဟွေထိုစမ်း စသည် ရွာများရှိသည့်တောင်ကြော သည် သံလွင်မြစ်ကမ်းပါးသို့ ရောက်သည်။ သံလွင်အရှေ့ဖက်ကမ်းတောင်ကြောပေါ်တွင် ကိုးကန့်ဒေသမှ ချုံကန်းကျေးရွာရှိ သည်။ ချုံကန်း၏မြောက်ဖက်တွင် မော်ထိုက် (မြို့နယ်ခွဲရုံး) ရှိပြီး တောင်ဖက်တွင် ကုန်းကြမ်း (မြို့နယ်ရုံး) ရှိသည်။

နမ်ဆူလမ်းခွဲအလွန်တောင်ကုန်းငယ်တခုပေါ်တွင်ထိုင်၍ မိမိတို့ မုန်းကိုးကွင်းအားလှမ်းမျှော်ကြည့်ကြသည်။ စိမ်းလန်းသော မြင့်မားသောတောင်တန်းများကြားမှ မုန်းကိုးကွင်းသည် လှေခါးထစ်လယ်ကွင်းများ စမ်းချောင်းငယ်များ ဝါးရုံအုပ်အုပ်နှင့် ရွာကလေးများနှင့် လှပ၍နေသည်။ ဤအရပ်ဒေသရှိရွာကလေးများတွင် ထူးခြားချက်မှာ ရွာတိုင်းအိမ်တိုင်းတွင် ဝါးပင်ကြီး ငယ်များစွာ စိုက်ပျိုးထားလေ့ရှိသည်။ သတို့အိမ်ဆောက်လုပ်ရာတွင် လိုအပ်သောဝါးပင်များကို ကိုယ်တိုင်စိုက်ပျိုးထားလေ့ရှိကြသည်။ ချင်ဝါး တန်းဝါး အကာနှင့်အခင်းအတွက် သဲ့ပြားပေါက်သည့် ဝါးပိုးဝါးမှသည် နှီးဝါးမကျန် စိုက်ပျိုးထားလေ့ ရှိကြသည်။ ကျေလက်၏ မိမိဖါသာဖူလုံအောင်ဆောင်ရွက်ထားလေ့ရှိသည့် သဘာဝ အသက်မွေးဝမ်းကြောင်းဟု ဆိုရမည်။ သို့ဖြစ်ရာ ရွာတရွာကိုလှမ်းမြင်လိုက်လျင် မြင့်မားကိုင်းညွှတ်၍ လေအလာတွင် ကွေးညွှတ်ဝှေ့ရမ်းနေသော ဝါးရုံပင်များကို အရင်ဆုံး မြင်တွေ့ရလေ့ရှိသည်။ ထိုဒေသ၏တောတောင်ထဲတွင် အလေ့ကျပေါက်သော ဝါးရုံများရှိသော်လည်း သယ် ဆောင်ရန်မလွယ်သဖြင့် မိမိရွာတွင်ပင် စိုက်ပျိုးထားကြပုံရသည်။

မိမိတို့ထိုင်နေသည့် နေရာမှ လှမ်းတွေ့ရသည့် မုန်လုံတောင်မှအဆင်း ညာဖက်ခြမ်းတောင်ခြေရှိရွာကလေး နှစ်ရွာမှာ မန် ကျယ်နှင့် ကောင်းကန်ရွာဟု သိရသည်။ မုန်းကိုးဈေးရွာအား မုန်းကိုးကွင်း၏ အလယ်ခန့် မုန်းကိုးချောင်းနှင့် မနီးမဝေးတွင် တွေ့ရသည်။ ဈေး၏ အရှေ့ဖက်ခပ်လှမ်းလှမ်းတွင် အုတ်တံတတိုင်းခတ်ထားသော ဝင်းကျယ်အတွင်း သွပ်မိုးသစ်သားအ ဆောင်တခုအား တွေ့ရသည်။ “အဲဒါ မုန်းကိုး ဒူဝါအိမ်ဗျ၊ ၆၈ ခုနှစ် ပါတီတပ်တွေဝင်လာပြီး မုန်းကိုးဒူဝါလည်း ထွက်ပြေးသွား တယ်။ ခုတော စစ်ဒေသခွဲ ထောက်ပံ့ရေးဂိုဒေါင်လုပ်တယ်” ဟု မိမိတို့အားလိုက်ပို့သည့် ရဲဘော်က ဆိုပါသည်။

မုန်းကိုးဈေးရွာ အရှေ့ဖက် တမိုင်ကျော်ခန့်အကွာ မုန်းကိုချောင်းဘေးလယ်ကွင်းများနှင့်ကပ်ရက်ရွာက မန်ပန်ရွာဖြစ်သည်။ မန်ပန်၏ အရှေ့တောင် ဖက်ယွန်းယွန်း တမိုင်ခန့်အကွာတွင် ရှိသောရွာက နောင်ခမ်းရွာဖြစ်သည်ဟု သိရသည်။ မန်ပန်နှင့် နောင်ခမ်းရွာနှစ်ရွာသည် တိုင်လေရှမ်းရွာများဖြစ်ကြသည်။ နောင်ခမ်းအပေါ် ဘန်ဟုတ် ဘန်ဆတ်တောင်ကြောပေါ်သို့ တက်သည့်လမ်းတွင်တွေ့ရသည့် ကချင်ရွာလေးက မန်ဂျပ်ရွာဖြစ်သည်ဟုဆိုပါသည်။

မုန်ကိုးကွင်းသည် အလျား ၅ မိုင်ခန့် ရှည်လျားနိုင်ပါသည်။ မုန်းကိုးကွင်းအရှေ့ဖက်အဆုံး တောင်ကြောအစတွင် ကောင်းဒပ် ကချင်ရွာကိုတွေ့ရသည်။ ကောင်းဒပ်ရွာအပေါ်ဘက်တောင်ကြောတွင် ကောင်းလုံ ကချင်ရွာလေးကိုလှမ်းတွေ့ရသည်။ ကောင်းဒပ်တွင် အရှေ့မြောက်စစ်ဒေသ ကွတ်ခိုင်ခရိုင်ရုံးစိုက်သည်ဟု သိရသည်။ နောင်ခမ်းရွာအနီး၌ နယ်စပ်ဒေသ အုပ် ချုပ်ရေးရုံးစိုက်ပြီး အရှေ့မြောက်စစ်ဒေသခွဲ၏ နိုင်ငံရေးဌာနရုံးကတော့ မန်ပန်ရွာအနီး ရုံးစိုက်သည်ဟု သိရသည်။ မိမိတို့နှင့် အကျွမ်းမဝင်သေးသည့်ဒေသအား လိုက်ပို့သည့် ရဲဘော်ကလက်ညှိုးထိုး၍ ရှင်းပြပါသည်။ မုန်းကိုးမှ မန်ကန်သို့ တက်သည့် လမ်း မုန်းကိုးမှ ဘတ်ဟုတ် ဘန်ဆတ်တောင်ကြောသို့ တက်သည့်လမ်း မုန်းကိုးမှ ကောင်းဒပ်ဘက်သို့တက်သည့်လမ်းများကိုလည်း လှမ်း၍ တွေ့မြင်နေရသည်။

မုန်းကိုးသည် ရှမ်းပြည်မြောက်ပိုင်း၌ ရှမ်း တအန်းပလောင်နှင့်တရုတ်တို့ စုပေါင်းနေထိုင်ကြသည့် ဒေသတခုဖြစ် သည်။ ထိုဒေသသည် ယခင်ခေတ်ကာလ အစဉ်အလာသမိုင်းကြောင်းအရ ရှမ်းမြောက်ကို အုပ်ချုပ်သည့် သိန္နီစော်ဘွားလက် အောက်ခံနယ်ပယ်များဖြစ်သည်။ သို့သော် ထိုဒေသကို လက်တွေ့အုပ်ချုပ်သူကတော့ မုန်းကိုးဒူဝါဖြစ်သည်။ ရှမ်းပြည် မြောက်ပိုင်းရှိ ကချင်ဒူဝါများ နယ်ပယ်အလိုက်အုပ်ချုပ်ခဲ့ကြသည့် နယ်ပယ်တခုဖြစ်ခဲ့သည်။ CPB ဝင်ရောက်လာပြီးနောက် ဒေသခံဒူဝါများထွက်ပြေးကြရပြီး ဒူဝါတို့၏အုပ်ချုပ်ရေးအဆုံးသတ်သွားသည်။ အဆိုပါဒေသမှ ထွက်ပြေးကြရသည့် ဒူဝါများအနက် မုန်းကိုး ဒူဝါနှင့် ဖေါင်းဆိုင်ဒူဝါနှစ်ဦးက အစိုးရနှင့် ပူးပေါင်းသွားခဲ့သည်။ ထိုနှစ်ဦးအနက် ဖေါင်းဒူဝါ၏ ဖေါင်း ဆိုင် သကဆဖခေါ် သောင်းကျန်းသူဆန့်ကျင်ရေးအဖွဲ့က ပိုစွာသည်ဟု ဆိုကြပါသည်။

မုန်လုံတောင်ကြော နမ်ဆူရွာအနီးမှ လမ်းမြင်နေရသည့် မုန်းကိုးသို့ နောက်ထပ်တနာရီကျော်ကြာအောင် မိမိတို့ လမ်း လျှောက်လိုက်ရသေးသည်။ ထို့ကြောင့်လည်း အမြင်နီးခရီးဝေးသည့်တောင်ဟု ဆိုကြခြင်းဖြစ်ပုံရသည်။ မိမိတို့ခေါ်လာ သည့်ရဲဘော်က မိမိတို့အား မန်ပန်ရွာအနီးရှိ မုန်ကိုးနိုင်ငံရေးဌာနသို့ခေါ်ဆောင်ပြီး လွှဲပြောင်းပေးသည်။ မိမိတို့အား အသီး သီးကြိုဆိုမည့်သူများ အဆင်သင့်စောင့်နေကြသည်။ မိမိနှင့် ကိုရန်နိုင်လည်း ထိုနေရာ၌ လမ်းခွဲကြရသည်။ သူကွယ် လွန်သွားသည်အထိ ပြန်၍မဆုံခဲ့ကြတော့ပေ။

၁၉၆၈ ခုနှစ် ဇန္နဝါရီ ၁ ရက်နေ့တွင်စတင်ခဲ့သော မုန်းကိုးတိုက်ပွဲဖြင့် CPB ၏အရှေ့မြောက်စစ်ဒေသပေါ်ထွန်းခဲ့သည်။ အဖြစ်အပျက် အကြောင်းအချင်းအရာမျိုးစုံကို ကြုံခဲ့ရသည့် မုန်းကိုးသည် အနှစ် ၅ဝ နီးပါးကြာသည့်တိုင်အောင် စစ်ပွဲနှင့် မကင်းနိုင်သေးပေ။ မြန်မာပြည် စစ်ပွဲသမိုင်းတွင် မုန်းကိုးသည် အရေးပါလှသည် အမည်ကျော်ကြားလှသည်ဟု ဆိုရပါမည်။ အနှီမုန်းကိုး ထိုမုန်းကိုးသို့ မိမိ လွန်ခဲ့သော အနှစ် ၄ဝ ကျော် ၁၉၇၆ ဇွန်လအတွင်း စတင်ခြေချရောက်ရှိခဲ့ပါတော့သည်။

● အဝေးရောက်ဗဟို
၁၉၅ဝ ခုနှစ်များအတွင်း CPB သည် နိုင်ငံတကာကွန်မြူ နစ်ပါတီများနှင့်ဆက်သွယ်ရန်ကြိုးစားဆောင်ရွက်ရာ CPB ဒုဥက္ကဌ သခင်ဗသိန်းတင်ဗဟိုကော်မတီဝင်များဖြစ်ကြသည့် သခင်ဖေတင့် သခင်သန်းမြိုင် ဗိုလ်ဇေယျရဲဘော်အောင်ကြီး ခေါင်း ဆောင်သော စုစုပေါင်းအင်အား ၁ဝဝ ဝန်းကျင်ခန့်သည် အသုတ်လိုက်ခွဲ၍ တရုတ်ပြည်သို့ရောက်ရှိခဲ့ကြသည်။ ထိုအရေ အတွက်ထဲမှ တဝက်ခန့်သည် ပါတီအဆင့်မြင့်ကေဒါများဖြစ်ပြီး တရုတ်ပြည်နှင့် နိုင်ငံရပ်ခြားတွင် သင်တန်းတက်ရောက်ရန် စေလွှတ်ခဲ့သူများဖြစ်ပြီး တဝက်ခန့်မှာ သူတို့အားလိုက်ပို့သည့် လမ်းတလျောက် လုံခြုံရေးတာဝန်ယူကြသည့် ဗဟိုကင်းတပ်ဖွဲ့ဝင်များဖြစ်ကြသည်။

တရုတ်ပြည်ရောက်ပြီးနောက် အဆိုပါဗဟိုကင်းတပ်ဖွဲ့ဝင်များပါ မပြန်ဖြစ်ဘဲ တရုတ်ပြည်တွင်း၌သာ လေ့ကျင့်ခဲ့ကြရသည်။ ပါတီကေဒါများအားလေ့ကျင့်ရာ၌ တရုတ်ပြည် စစ်ချွမ်းပြည်နယ်တွင် ထားရှိလေ့ကျင့်ခဲ့သည်။ ဆိုဗီယက်ရုရှားသို့ လူအရေ အတွက် အနည်းငယ်သာ စေလွှတ်ခဲ့သည်။ ၁၉၆၀ ဝန်းကျင် တရုတ် ရုရှားသဘောတရားရေးကွဲလွဲသော ရုရှားနှင့် ဥရော ပရှိ ပါတီကေဒါအားလုံးအား တရုတ်ပြည်သို့ ပြန်လည်ခေါ်ယူခဲ့သည်။ CPB ပါတီကေဒါများသည် စစ်ချွမ်းပြည်နယ်ရှိ မတ် – လီနင်ဝါဒတက္ကသိုလ်တက်ရောက်သင်ကြားလေ့ကျင့်ခဲ့ကြသည်။

တရုတ်ပြည်တွင်း နိုင်ငံရေးအခြေအနေများကြောင့် CPB ပါတီကေဒါများ ဗမာပြည်ပြန်ရန် လမ်းမပွင့်ခဲ့ပေ။ ထိုသို့မပြန်နိုင်ရ ခြင်းမှာ လျူရှောက်ချီဂိုဏ်းကြောင့် အဆိုပါပါတီရဲဘေယ်ဟောင်းများက ဆိုကြသည်။ သို့ဖြစ်ရာ မည်သည့်အချိန်တွင် ပြန်ခွင့် ရမည် မသေချာသဖြင့် ထိုဒေသရှိ ဒေသခံတရုတ်အမျိုးသမီးများနှင့် အိမ်ထောင်ပြုခွင့်အား CPB နှင့် တရုတ်ကွန်မြူ နစ်ပါ တီတို့ ညှိနှိုင်းခွင့်ပြုခဲ့ကြရသည်ဟု ဆိုပါသည်။ CPB တပ်ဖွဲ့ဝင်များအနေနှင့် ပြန်ခွင့်မရကြသော်လည်း တရုတ်ကွန်မြူ နစ်ပါ တီ၏ ညီနောင်ပါတီသဘောထားကြောင့် ကောင်းစွာအထောက်အပံ့ရခဲ့ကြပါသည်။

၁၉၆၃ ခုနှစ် ငြိမ်းချမ်းဆွေးနွေးကာလတွင် တရုတ်ပြည်ရောက် CPBခေါင်းဆောင်များထဲမှ ဗိုလ်ဇေယျနှင့် ရဲဘော်အောင်ကြီး ခေါင်းဆောင်သည့် ပါတီကေဒါအချို့ မြန်မာပြည်ပြန်ခွင့်ကြုံပြီး ပဲခူးရိုးမပါတီဗဟိုသို့ ရောက်ရှိသွားခဲ့ကြပါသည်။ ထိုကာလ တွင် တရုတ်ပြည်တွင်ကျန်နေခဲ့သော အဝေးရောက်ပါတီဗဟိုကော်မတီအား သခင်ဗသိန်းတင် သခင်ဖေတင့် သခင်သန်းမြို င်တို့အပြင် ဗိုလ်သန်းရွှေအားလည်း ထပ်မံအားဖြည့်ခဲ့သည်။ ဗိုလ်သန်းရွှေသည် ဂျပန်ခေတ်ဗိုလ်သင်တန်းကျောင်းတွင် နည်းပြဆရာအဖြစ်လည်းကောင်း၊ အဆိုပါဗိုလ်သင်တန်းကျောင်းတွဲဖက်ထားသော လူငယ် (မူလတန်း)  ကျောင်း ဒုကျောင်း အုပ်အဖြစ်လည်းကောင်း တာဝန်ယူဖူးသူဖြစ်သည်။

၁၉၆၆ ခုနှစ်တွင် စတင်ခဲ့သည့် တရုတ်ပြည်ယဉ်ကျေးမှုတော်လှန်ရေးသည် တရုတ်ပြည်တွင်း၌သာ အပြောင်းအလဲဖြစ်စေ သည်သာမက CPB အတွက်လည်း အပြောင်းအလဲကြီးဖြစ်စေခဲ့သည်။ တရုတ်ပြည်ကွန်မြူနစ်ပါတီသည် နိုင်ငံတကာရှိပစ္စည်းမဲ့များနှင့်အဖိနှိပ်ခံပြည်သူများ သွေးစည်းကြဟူသော ကြွေးကြော်သံကို ထုတ်ပြန်ခဲ့သည်။ အမေရိကန်နယ်ချဲ့သမား သာမက မတ်ဝါဒသဘောတရားရေးအရ အကြီးအကျယ်ကွဲလွဲခဲ့ပြီဖြစ်သောဆိုဗီယက်ရုရှား ပြန်လည်ပြင်ဆင်ရေးဝါဒီများအဖြစ်စာရင်းသွင်းပြီး ဆိုရှယ်နယ်ချဲ့အဖြစ် သတ်မှတ်ဆန့်ကျင်ခဲ့သည်။

အဆိုပါ ပြန်လည်ပြင်ဆင်ရေးဝါဒဆန့်ကျင်ရေးတိုက်ပွဲတွင် မော်စီတုန်းအတွေးအခေါ်နှင့်အတူ ရှေ့တန်းရောက်သည်ဟု သတ်မှတ်ခံရသော ABC ကွန်မြူနစ်ပါတီ ၃ ပါတီပေါ်ထွက်ခဲ့သည်။ A မှာ အယ်ဘေးနီးယား၊ B မှာ ဗမာပြည်နှင့် C မှာ တ ရုတ် ပြည်တို့ဖြစ်ကြသည်။ သို့နှင့် တရုတ်ကွန်မြူနစ်ပါတီသည် ဗမာပြည်တော်လှန်ရေးအား ဘက်စုံမှအကူအညီပေးရန် ဆုံြး ဖတ်ခဲ့သည်။ ထို့အတူ တရုတ်ပြည်မှ လွယ်ကူစွာကူညီပံ့ပိုးပေးနိုင်ရန် တရုတ်မြန်မာနယ်စပ်တွင် CPB ၏ အခြေခံဒေသတခု ဖွင့်ရန် ပြင်ဆင်ခဲ့ကြသည်။ ဤသို့ပြင်ဆင်နိုင်ရန် အကြောင်းများကလည်း ရှိနေပေသည်။ ပြည်တွင်းကွန်မြူနစ်ဆန့်ကျင်ရေးနှင့်ဆန်ပြသနာကို လမ်းလွှဲနိုင်ရန်အတွက် ဗိုလ်နေဝင်း ဖန်တီးလိုက်သည့် တရုတ်ဗမာအရေးအခင်းကလည်း မီးလောင်ရာ လေပင့်ခဲ့သည်ဟု ဆိုရပါမည်။

သို့ဖြစ်ရာ တရုတ်ပြည်တွင်းရှိ သခင်ဗသိန်းတင်ခေါင်းဆောင်သည့်အဝေးရောက်ဗဟိုကော်မတီအား အမတေအဖြစ်သဘော ထား၍ နယ်စပ်အခြေခံဒေသဖွင့်လှစ်ရန် ပြင်ဆင်ခဲ့ကြတော့သည်။ ထိုသို့ အရှေ့မြောက်အခြေခံဒေသ ဖွင့်လှစ်ခါနီးတွင် အဝေးရောက်ဗဟိုကော်မတီတွင် သခင်သန်းမြိုင် ပါဝင်နိုင်ခြင်းမရှိတော့ပေ။ ပါတီတွင်း အယူအဆကွဲလွဲမှုများကြောင့် ဖယ်ရှားခံခဲ့ရပြီဖြစ်သည်။

ဆက်လက်ဖေါ်ပြပါမည်
မောင်မောင်စိုး (Mg Mg Soe)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခေတ်ပြိုင်အတွေ့အကြုံ, မောင်မောင်စိုး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်