မိချမ်းဝေ – ဖေ့ဘွတ်ရုံးချုပ်နှင့် မိတ်ဆွေကြီးဂျန်းကင်း

March 17, 2017


မိချမ်းဝေ – ဖေ့ဘွတ်ရုံးချုပ်နှင့် မိတ်ဆွေကြီးဂျန်းကင်း 

(မိုးမခ) မတ် ၁၇၊ ၂၀၁၇ဗွေးတုတ်ရေ… ဆန်ဖရန်စစ္စကိုကို စာပေဟောပြောပွဲခရီးစဉ်မှာ စာပေဟောပြောရန်သာမဟုတ် ရောက်သင့်ရောက်အပ်ရာများ ပို့ဆောင်ရန် တာဝန်ခွဲထားသည်မှာ BADA အဖွဲ့၏ ထူးခြားမှုလို့ဆိုရမှာပဲ။ BADA အဖွဲ့နဲ့ ပူးပေါင်းပါဝင်တဲ့ One Myanmar လူမှုရေးအဖွဲ့ဥက္ကဌ ကိုချိုဦးတဲ့၊ ဒီအဖွဲ့နှစ်ဖွဲ့ဟာ ဧည့်ခံကြိုဆိုနေရာချထားတာရော၊ စာရေးဆရာမတွေ အမေရိကန်တခွင် ခရီးလှည့်လည်စဉ်မှာ အသက်အာမခံဝယ်ထားတာရော၊ မမေ့မလျော့ဆောင်ရွက်သူတွေပါ၊

အစပထမမှာတော့ သဘောမပေါက်လှဘူး၊ ဒီတိုင်းပြည်မှာ တစ်ခု ခုဖြစ်ရင် ဆေးရုံစရိတ်သိပ်ကြီးတယ်၊ ဒေါ်လာ ၁ သိန်းလောက်ကုန်ကျနိုင်သတဲ့၊ အာမခံကြေး တစ်ဦးကို ဒေါ်လာ ၂၀၀(တစ်လအတွက်) ဝယ်ထားရင်တော့ ဆေးရုံစရိတ်မယူတော့ဘူးပေါ့၊ ဒီလိုအရှည်မျှော်တွေးပြီး ဆောင်ရွက်ပေးတဲ့အဖွဲ့ကို ကျေးဇူးတင်ဖွယ်ကောင်းလှပါတယ်။

ဒေသန္တရလေ့လာရေးတာဝန်ကျသူတွေက ကိုနန္ဒနဲ့ မဥမ္မာရွှေတဲ့။ သူတို့ဟာ အလွန်ဖျတ်လတ်သွက်လက်တဲ့ လူရွယ်လူလတ်စုံတွဲပါပဲ၊ မဥမ္မာအမျိုးသားက ကားမောင်းတယ်၊ မဥမ္မာက ဒီမှာ လူကြီးလူအိုတွေ ပြုစုစောင့်ရှောက်တဲ့အလုပ်လုပ်ပါတယ်၊ ဝင်ငွေလည်းကောင်းပါတယ်၊ အသက်ကြီးမှ အိမ်ထောင်ကျတဲ့အတွက် သားသမီးလည်းမယူနိုင်တော့၊ သို့ပေမယ့် သူတို့ကိုကြည့်ရတာ လွတ်လပ်ပေါ့ပါးပျော်ရွှင်နေလို့ပါပဲ။

အိမ်ထောင်ရေးမှာသားသမီးက ချည်နှောင်တဲ့ကြိုးလို့ အယူအဆရှိပေမယ့် သားသမီးမရနိုင်တော့သူတွေ အပြန်အလှန်နားလည်နှောင်တွယ်ခြင်းကြိုးနဲ့ ချည်ထားနိုင်တယ်ဆိုတာ ကိုနန္ဒနဲ့ မဥမ္မာတို့စုံတွဲကပြနေပါတော့တယ်။ အခုမဥမ္မာတို့ဇနီးမောင်နှံက ဧည့်သည်စာရေးဆရာတွေကို ဖေ့စ်ဘွတ်ရုံးချုပ်ကို ပို့ပေးမှာလို့ဆိုပါတယ်။

ဖေ့စ်ဘွတ်ဆိုလို့ မြန်မာပြည်တနံတလလျား မြင်မြင်သမျှလူတွေ ဖေ့စ်ဘွတ်သုံးကုန်တာတောင် ကိုယ်တော့ဖြင့် မသုံးဖြစ်တာ အတော်ကြာတယ်၊ ဗွေးတုတ်ရေ…။ ကိုယ်က ခေတ်ပေါ်အသုံးအဆောင်ပစ္စည်းတွေနဲ့ သိပ်ပြီးသဟဇာတမဖြစ်လှဘူး၊ တို့တိုင်းပြည်မှာ ကက်ဆက်တွေပေါ်တော့ ကိုယ်တို့အပျိုပေါက်အရွယ်ပဲရှိသေးတယ်၊ အဖေနဲ့အမေဟာ အဲဒီကက်ဆက်ဆိုတာကြီးကို နှစ်တွေအတော်ကြာကြာ လက်မခံပဲနေခဲ့တာပါ။

အဖေတို့အမေတို့မှာ ဂီတနားမရှိဘူး၊ ဒါကြောင့် အိမ်မှာကက်ဆက်မဝယ်ဘူး၊ အဖေက သူ့ရေဒီယို( ကြံ့ခိုင်ရေးရေဒီယို)ကလေးကိုပဲ ကလိတယ်၊ သတင်းဖွင့်တယ်၊ သတင်းဖွင့်ပြီးရင် ဂျောက်ခနဲပိတ်လိုက်ရော။ သီချင်းကြီးသရုပ်ဖော်လာမည့်ညဆိုရင် အဖေတို့အမေတို့ကျေနပ်အောင် အိမ်အလုပ်တွေပြီးအောင်လုပ်၊ အိမ်စာတွေပြီးအောင်လုပ် မြဝတီမင်းကြီးဦးစတို့ခေတ်က သီချင်းကြီးသရုပ်ဖော်ကဏ္ဍဟာ သောတရှင်တွေကို ဆွဲဆောင်အားကောင်းလေတော့ ကိုယ်တို့မောင်နှမတွေမှာ အဲဒီအချိန်ကလေးကို မျှော်ရတာအမော။

ကက်ဆက်တွေပေါ်လာတော့ ကက်ဆက်ဇာတ်လမ်းတွေ သီချင်းတွေဆိုတာ သူများတွေအိမ်ကအသံကိုသာ နားစွင့်ခဲ့ရတာပါ။ ကိုင်ဇာတို့ လွှမ်းမိုးတို့ တစ်ခေတ် ဘယ်နားမှာမှ ရင်မခုန်လိုက်ရပါဘူးကွယ်။ သူတပါးအိမ်တွေမှာ ကက်ဆက်သံတညံညံဆူနေတဲ့အချိန်မှာ ကိုယ်တို့အိမ်မှာတော့ ဘုန်းကြီးကျောင်း သီလရှင် ဇရပ်လို တိတ်ဆိတ်ငြိမ်သက်နေတော့တယ်။ ဒါ့ကြောင့်လားမသိ ကိုယ်တို့မောင်နှမတွေ ဂီတမှာမမွေ့လျော် မပျော်ဝင်ကြဘူး၊ နောက်ပိုင်းမြိတ်မြို့လို မှောင်ခိုပစ္စည်းပေါများလှိုင်ကြွယ်တဲ့ နေရာရောက်မှ အဲဒီကက်ဆက်ဆိုတာကြီးနဲ့ နီးစပ်ရတာပါ။

အခုတယ်လီဖုန်းတွေပေါ်လာ FB လို့ခေါ်တဲ့ face book (ဖေ့စ်ဘွတ်) ပါပေါ်လာတော့လည်း ဘာကိုစိုးရိမ်မှန်းမသိ စိုးရိမ်တဲ့စိတ်နဲ့ မသုံးဖြစ်ခဲ့ဘူး။ Pen Myanmar အဖွဲ့အစည်းပေါ်လာတော့ ဖေ့စ်ဘွတ်သုံးဖို့စတင်တိုက်တွန်းသူဟာ ဆရာမ မသီတာ(စမ်းချောင်း)ပါပဲ။

“အမကလည်း ဖေ့စ်ဘွတ်သုံးလေ.. ဒါမှ ဆက်သွယ်ရလွယ်ကူအောင်”

ဟုတ်တယ် ဗွေးတုတ်ရယ် ခေတ်ကြီးကပြောင်းသွားပြီ၊ စာအုပ်မိတ်ဆက်ပွဲ ဖိတ်စာ ဖေ့စ်ဘွတ်ကနေပို့သတဲ့။ ဟောပြောပွဲဖိတ်တော့လည်း ဖေ့စ်ဘွတ်ကနေ ဖိတ်သတဲ့၊ သူ့ရဲ့ဆိုးကျိုးတွေနဲ့အတူ ကောင်းကျိုးသတင်းတွေ ပျံ့လွှင့်လာလိုက်တာ နော်ကဆုံးတော့ လက်မခံချင်ပဲလက်ခံလိုက်ရတယ်၊ အခုဆို ကိုယ်နဲ့ဖေ့စ်ဘွတ်က နေသားကျနေပါပြီ။

အခု ဆန်ဖရန်စစ္စကို ရောက်တော့ အိမ်နဲ့ဖုန်းမပြောရရင်တောင် လိုင်းပေါ်မှာစာပို့လို့ရနေပြီကိုး။ အရသာတွေ့ပြီပေါ့၊ ကျေးဇူးရှိတယ်၊ ကျေးဇူးရှိတယ်လို့ မြည်တမ်းမိပါပေါ့။ အဲဒီဖေ့စ်ဘွတ်ကိုတီထွင်ခဲ့သူဟာ အမေရိကန်လူငယ်လေး Mark Zuckerberg ဆိုတဲ့ လူငယ်လေးတဲ့ကွယ်၊ တော်လိုက်တာနော် အံ့မခန်းတီထွင်မှုပါပဲ။

ကိုနန္ဒ-မဥမ္မာကျေးဇူးနဲ့ face book ရုံးချုပ်ကိုရောက်ခဲ့ပါပြီ၊ ကိုယ်တွေထင်ထားသလိုကြီးကျယ်ခမ်းနားမှုတွေနဲ့ ဝင့်ထည်မနေတာဟာလည်း အံ့သြစရာပါ၊ သာမန်အဆောက်အအုံ၊ သာမန်ဝန်းကျင်အနေအထားပါပဲ၊ ဝင်းထဲဝင် ကားပတ်မောင်းကြည့်ပေမယ့် လူသူလေးပါးမမြင်ရပါဘူး၊ အလုပ်သမား အဝင်အထွက်မရှိတာ စနေ တနင်္ဂနွေရုံးပိတ်ရက်ကြောင့်ပါတဲ့။

ဗွေးတုတ်ရေ…. တီဗီမှာမကြာခဏပေါ်လာတဲ့ face book အမှတ်အသား လက်မထောင် ရုပ်ပုံရှေ့မှာတော့ အမှတ်တရပုံတွေရိုက်ဖြစ်ခဲ့ပါတယ်။ မမနှင်းက (စာရေးဆရာမကြီး ရွှေကူမေနှင်း) တော့ တီထွင်သူ ဇူကဘတ် ဆိုသူကိုမတွေ့ခဲ့ရတာ နာသကွာလို့ ရေရွတ်နေလေရဲ့၊ မမနှင်းက ဇူကာဘတ်ကို လွမ်းသော်လည်း face book ကို သိပ်ဘဝင်မကျသူတွေထဲမှာ ရှေ့ဆုံးကပါတယ်။

“ဆရာမတို့ ဖေ့စ်ဘွတ်သုံးလား၊ ဘာအကောင့်နဲ့လဲ” တစ်ယောက်ယောက်မေးရင် မမနှင်းမှာတော့ မသုံးကြောင်း ခပ်မြန်မြန်ပြန်ဖြေလေ့ရှိတယ်။

“ကျေးလက်ရော မြို့ပြရော ကမ္ဘာတဝှမ်းလုံးဆက်သွယ်ရေးတွေ ကောင်းမွန်လာပေမယ့် ဖေ့စ်ဘွတ်မှာ ရိုင်းနေတာတော့မကြိုက်ဘူး၊ အလကားအာရုံနောက်တယ်၊ တချို့ ကိုယ့်ဓါတ်ာပုံတောင်မဟုတ်ပဲ အကောင့်တုတွေနဲ့ ရိုင်းတာဆဲတာတွေလုပ်နေကြတာ ဘဝင်မကျဘူး။ မမနှင်းကတော့ ကိုယ်သဘောကျတဲ့ လူရဲ့ပေ့ခ်ျကို ရိုက်ထည့်ထားလိုက်တယ်။ ဖတ်ချင်ရင် သူ့စာတွေဖတ်၊ ကြည့်ချင်ရင် သူ့လှုပ်ရှားမှုတွေကြည့်၊ လူအများကြီးနဲ့ face book ကနေ မဆက်ဆံချင်ဘူး။

မမနှင်းက လူကြီးဆိုတော့ ဟုတ်ပေမှာပေါ့၊ ကိုယ်တွေတောင် comment ကိုအရမ်းဝင်မရေးရဲဘူး၊ တခါတလေဘာမဟုတ်တာလေးနဲ့ ကိုယ့်စကားတစ်ခွန်းကြောင့် တဖက်ကစိတ်ဆိုးသွားရော၊ ဒါကြောင့် သိပ်မရင်းနှီးရင် comment ဝင်မရေးတာကောင်းတယ်၊ တစ်စုံတစ်ယောက်က သူ့သဘောထားတွေ တင်ထားလည်း ကိုယ်နဲ့မရင်းနှီးရင် ဖတ်ကိုမဖတ်ဖြစ်ပါဘူး။ ကိုယ်နဲ့မဆိုင်တာရေးထားရင် ခပ်မြန်မြန်လေးရွေ့အောင် တွန်းလိုက်တယ်၊ အချိန်လည်းကုန်တယ်လေ၊ ကိုယ့်မိတ်ဆွေအချင်းချင်းတော့ သာရေး နာရေး သတင်းပေး သတင်းယူလောက်တော့သုံးဖြစ်ပါတယ်။

တခြားအင်တာနက်ဆိုးကျိုးတွေလည်းအများကြီးပါ၊ ဆယ်ကျော်သက်တွေအတွက် အန္တရာယ်များလာတဲ့ကိစ္စတွေ၊ ဖိုမဆက်ဆံရေးရှုပ်ထွေးလာတာတွေ နောက်ဆုံးတော့ နည်းပညာရဲ့ညှို့ချက်မှာ လူတွေအမိခံလိုက်ရတာပါပဲ။ ကိုယ့်မှာရှိတဲ့ ဥာဏ်ပညာနဲ့ ချွန်းအုပ်နိုင်မှ တော်ကာကျတာမဟုတ်လား၊ ဘာပဲဖြစ်ဖြစ် ဇူကာဘတ်ကို ကျေးဇူးတင်ပါတယ်။

အပြန်မှာတော့ မဥမ္မမာတို့ဇနီးမောင်နှံက တက္ကသိုလ်ကျောင်းတစ်ကျောင်းကို ဝင်ပို့ပါသေးတယ်၊ ကျောင်းပိတ်ရက်ဆိုတော့ ကျောင်းသားတွေမရှိပါဘူး၊ အပြင်ကဧည့်သည်တွေသာ ဟိုတစ်စု သည်တစ်စု၊ ကောင်းကင်ပြာကြီးအောက်က မြက်ခင်းစိမ်းစိမ်း တိုးဖွဖွလေပြည်က ညှင်းသွဲ့သွဲ့၊ ဒီကလူတွေက ဖောရာသီလို့ခေါ်တဲ့ အရွက်ကြွေရာသီမို့ အရွက်ကုန်နေတဲ့အပင်နဲ့ အပင်အောက်မှာကြွေနေတဲ့ အရွက်ကြွေတွေဟာ လွမ်းမောဆွတ်ပျံ့ဖွယ်ခံစားချက်တွေကို သယ်ဆောင်လာပြန်တယ်။

ဒီအချိန်မှာပဲ မိုးဖွဲဖွဲကလေးတွေ မှုံမှုံကြွေလာပါရော၊ မိုးဖွဲရွာတာမဟုတ်ဖူးနော်၊ မိုးမှုံကြွေတာပါ၊ တကယ့်ဖွဲဖွဲ မှုံမှုံကလေး၊ ဒီမှာ ဒီလိုပဲ ဒီလောက်ပဲရွာတဲ့နေ့ရှိသတဲ့၊ မိုးရွာမယ်ကြေညာထားရင်လည်း အဲဒီနေ့ အနည်းနဲ့အများရွာကိုရွာတာတဲ့၊ မိုးမှုံကြွေလာတာနဲ့ ကျောင်းသူကျောင်းသားတွေရဲ့ နားနေဆောင်ထဲ ဝင်နားကြတယ်။

အဲဒီနေ့က မဥမ္မာတို့ဇနီးမောင်နှံဝယ်ကျွေးတဲ့ နံနက်စာစားပြီး တည်းခိုရာ ဘုန်းကြီးကျောင်း(မုဒိတာ ရွှေကျောင်း) ကိုပြန်ခဲ့ကြတယ်၊ မုဒိတာရွှေကျောင်းဆိုတာ မြန်မာပြည်ကရောက်လာတဲ့ စာရေးဆရာတွေကို တည်းခိုစေတဲ့ကျောင်းပါ၊ နည်းနည်းတော့မြို့စွန်ကျပါတယ်၊ ကာလဒေသမသိပဲနဲ့ ကိုယ်နဲ့မမနှင်းလေ မနက်အစောကြီး လမ်းထလျှောက်ကြတယ်၊ ကျောင်းရှေ့ကဖြတ်သွားတဲ့ မီးရထားလမ်းပေါ်တက်ပြီး ဆရာရဲသျှမ်း၊ ဆရာစိုးလှိုင်တင့်၊ ဆရာမြင့်ခေါင်ကြည်တို့ကိုလည်း လွမ်းကောင်းကောင်းနဲ့ လွမ်းပါရဲ့။

နောက်တော့ ပွဲစီစဉ်သူတစ်ယောက်ကသတိပေးတယ်၊ “ဆရာမတို့ အတင့်ရဲပြီး အစောကြီးလမ်းထမလျှောက်ကြနဲ့နော်၊ ဒီနေရာက သိပ်စိတ်မချရဘူး၊ ဆေးစွဲနေတဲ့ အမည်းတွေလုယက်တာတွေ ဘာတွေရှိတယ်၊ လုံခြုံရေးကိုယ့်ဖာသာဂရုစိုက်ရတဲ့နေရာ”

ဟုတ်ပါရဲ့ သူတပါးနေရာမှာ အကြောင်းမသိ အပေါင်းမသိနဲ့လေ။ ထိုသူပြောမှ သတိထားမိတယ်၊ ဘုန်းကြီးကျောင်းဝင်းတံခါးလေ အထဲကဖွင့်ပေးမှ အော်တိုဖွင့်ပိတ်လို့ရတဲ့ တံခါးကြီးနဲ့။ အော် ဒါကြောင့်ကိုး ။

ညနေတော့ အစီအစဉ်တစ်မျိုးနဲ့ ဆရာမောင်ရစ်လာခေါ်ပါတယ်၊ ဆရာမောင်ရစ်ဆိုတာ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်ရဲ့မြေးဖြစ်ပြီး မိုးမခ ဝက်ဘ်ဆိုက်ကိုထူထောင်သူအဖြစ် လူသိများပါတယ်၊ လွန်ခဲ့တဲ့သုံးနှစ်ခန့်က မိုးမခမဂ္ဂဇင်းကို စတင်လုပ်ကိုင်တော့ ဖွင့်ပွဲမှာ ဆရာမောင်ရစ်ကို စတင်မြင်ဖူးခြင်းပါ၊ အရပ်ထောင်ထောင်မောင်းမောင်း ဥာဏ်ရည်ဥာဏ်သွေးထက်မြက်ပုံရတဲ့ ရုပ်လက္ခဏာနဲ့ အပြောအဟောလည်းကောင်းပါတယ်၊

မမနှင်းနဲ့ သူ့အဘိုးအဘွားများလက်ထက်ကတည်းက မိတ်ဟောင်းဆွေဟောင်းတွေမို့ စကားတွေပြော၍မကုန်ပါ၊ ရှေးဟောင်းနှောင်းဖြစ်များထဲမှာ အလွမ်းတွေလည်းပါတယ်၊ အောက်မေ့တသခြင်းတွေလည်းပါတယ်၊ ရင်မောစရာတွေလည်းပါတယ်၊ လူ့ဘဝကြီးကိုက အသက်အရွယ်ရလာတာနဲ့အမျှ အတိတ်ဟာရှည်လျားပြီး အနာဂတ်ဟာ တိုတောင်းလာပြီမဟုတ်လား။

ဆရာမောင်ရစ်ရဲ့အိမ်ကိုမြင်တော့ ဗွေးတုတ်ရေ လွမ်းတာဆွေးတာတွေ မေ့ပျောက်သွားပါရော၊ မြို့ပြင်ကတောင်ကုန်းကလေး တောင်တက်လမ်း ကွေ့ကောက်ကလေးတွေနဲ့ ရောက်သွားတဲ့ တိုက်ပြားပြားကလေးဟာ ချစ်စရာအိမ်ကလေးဖြစ်နေပါရော့လား။ ဒီမြို့ကအိမ်တွေ ဒီလိုတစ်ထပ်တိုက်၊ ပြားပြားကလေးတွေများတာ ငလျင်ဒဏ်ကာကွယ်ဖို့လား။ မြို့ထဲမှာ နှစ်ထပ်အိမ်လှလှတွေကလည်း ဆန်ဖရန်စတိုင်ဖြစ်နေပါပြီ။

ကိုယ်ဟာ အိမ်ရူးပါဗွေးတုတ်ရယ်၊ မသေခင်ခြံကလေး ဝင်းကလေးနဲ့နေချင်စိတ်ဟာ နှစ်အတော်ကြာ တံ့ဆည်မထားနိုင်ခဲ့ဘူး၊ အခုအသက်အရွယ်အတန်အသင့်ရလာတဲ့ကာလမှာ စိတ်ကိုထိန်ကျောင်းပြုပြင်လို့ နေတတ်နေပါပြီ၊ အိမ်ကောင်းရာကောင်းနဲ့နေရဖို့ဆိုတာ အတိတ်ကံနဲ့လည်းဆိုင်ပါတယ်။

ကိုယ့်လောက်မှမနေနိုင်တဲ့ ဘေးတွဲကလေး အဖီလေးတွေနဲ့နေရတဲ့ ဘဝတွေကိုမြင်ဖန်များတဲ့အခါ လက်ရှိဘဝကို လက်ခံလာနိုင်ပါပြီ၊ အိမ်ရာတိုက်ခန်းနဲ့တောင်မနေနိုင်တဲ့ လူတွေရှိနေတာမို့ ဒီလောက်ကလေးနေရတာကိုပဲ ကံကြမ္မာကို ကျေးဇူးတင်ရပြန်ရော။

ဘာပဲဖြစ်ဖြစ်ဗွေးတုတ်ရယ် ဆရာမောင်ရစ်အိမ်မြင်တော့ ရောဂါဟောင်းပြန်ထလာသလို အိမ်ရူးစိတ်တွေပြန်ပေါက်လာပြန်တယ်၊ အိမ်ထဲမှာမီးလင်းဖိုနဲ့ ခေတ်မှီမီးဖိုချောင်နဲ့ ဧည့်ခန်း အိပ်ခန်း ပြတင်းတံခါးကမြင်ရတဲ့ တောင်ယာခင်းကလေး၊ လွမ်းဖွယ်သီကရီပါပဲလား ဗွေးတုတ်ရယ်။

ဆရာမောင်ရစ်အမျိုးသမီးက ဒေါ်မေသန်းဌေးတဲ့၊ ချိုသာကြည်ရွှင်တဲ့မျက်နှာထားပိုင်ရှင်၊ သူတို့မှာတက္ကသိုလ်ဒုတိယနှစ်အရွယ် သမီးလေးရှိသတဲ့၊ သူတို့လက်ထပ်ပြီး စင်င်္ကာပူကိုအရင်ထွက်ပြီး အဲဒီကမှတဆင့် အမေရိကားကိုရောက်လာတဲ့အကြောင်းတွေပြောပြပါတယ်။ ဒေါ်မေသန်းဌေးက အရင်က ကလေးတစ်ဖက်နဲ့ ကျောင်းဆရာမအလုပ် လုပ်သေးတာတဲ့၊ အခုတော့ ကိုယ်ပိုင်အလုပ် လုပ်ချင်လို့ ဆူရှီဆိုင်ကလေးဖွင့်ဖြစ်တဲ့အကြောင်းတွေလည်းပါ ပါတယ်။

မောင်ရစ်ကိုယ်တိုင်က RIT ကျောင်းသားဖြစ်ပြီး နိုင်ငံရေးလုပ်ရင်း စင်္ကာပူထွက်ပြီးမှ ဒီရောက်လာပြီး ကွန်ပြူတာအလုပ် လုပ်တယ်လို့ဆိုပါတယ်။ မျိုးရိုးဂုဏ်ကြီးမြင့်ခြင်းနဲ့ စာပေစိတ်ထက်သန်ခြင်းက လေးစားဖွယ်ရာပါ။ ယနေ့ခေတ်မဂ္ဂဇင်းတွေ ဗုံးဗုံးလဲနေချိန် မိုးမခ မဂ္ဂဇင်းရဲ့ အသက်ရှူသံကို ကိုယ်တို့ စိုးရိမ်တကြီးစောင့်ကြည့်နေရမှာပါ။

အဲဒီနေ့က တက္ကသိုလ်ကျောင်းသူသမီးလေးနဲ့မတွေ့ခဲ့ရပေမယ့် ဒေါ်မေသန်းဌေးနဲ့ စကားတွေအများကြီးပြောခဲ့ရတယ်၊ ဒေါ်ထည့်ခေါ်နေရတာ အားနာပါရဲ့ဗွေးတုတ်ရယ်.. သူလည်း တစ်ချိန်က RIT ကျောင်းသူပေမို့ ထက်မြက်သွက်လက်ခဲ့ပေလိမ့်မယ်၊ ရင့်ကျက်တည်ငြိမ်တဲ့မိန်းကလေး(အမျိုးသမီး) တစ်ယောက်ရဲ့ ကျက်သရေကို ပိုင်ဆိုင်ထားသူပါ။

အဲဒီအိမ်မှာ ကိုယ့်မိတ်ဆွေတစ်ယောက်တိုးခဲ့ရတယ်၊ ဂျန်းကင်းဆိုတဲ့ကြောင်ကြီးပါ၊ သူတို့လင်မယားရဲ့အချစ်တော်ပေါ့၊ ကိုယ်လည်းကြောင်ချစ်သူမို့ တစ်ကောင်လို့တောင် မသုံးရက်ပါဘူး၊ ကြောင်တွေကသိတယ်နော်၊ ကြောင်ချစ်သူမှာကြောင်နံ့ရှိတယ်ထင်ပါရဲ့၊ ကောင်းကောင်းအကိုင်ခံတယ်။

ခိုပြာရင့်ရောင် သူ့အမွှေးနုတွေဟာ နူးညံ့သိမ်မွေ့ပြီး စူးတောက်တောက်မျက်ဝန်းအစုံဟာ ကိုယ့်ကိုယဉ်ပါးဟန်ပြနေတယ်။

သားသားက ၂၀၀၉ အေပရယ် ၁၇ မြန်မာနှစ်ဆန်း ၁ရက်နေ့မှာ သူ့ကို ယာယီစောင့်ရှောက်ထားတဲ့စခန်းကနေ လာပို့တာပါ၊ သူက(၂)နှစ်ခွဲရှိပြီး Short Hair, Snow Shoe အမျိုးအစားပေါ့၊ စနေ တနင်္ဂနွေလိုနေ့တွေမှာ ဆန်မေတီးယိုက ရှောပင်းမောထဲက စတိုးဆိုင်ကြီးမှာ အခန်းလေးတွေနဲ့ ပြထားလေ့ရှိတယ်၊ သူတို့နာမည်၊ အသက်ခန့်မှန်းခြေ၊ သူတို့သဘာဝစရိုက်အပြုအမူတွေကို ဖောပြထားတယ်။

မေတို့ရောက်သွားတော့ နေလည်အချိန် ကြောင်လေးတွေအိပ်နေတယ်၊ သူက သူ့အခင်းလေးနဲ့ဖာသာ ဆော့နေတာ၊ မြင်ပြီးသဘောကျသွားတာ၊ အဲဒီတုန်းက မေတို့ ဆန်ဖရန် State University နဲ့ ကပ်လျက်တိုက်ခန်းမှာနေကြတော့ အိမ်သာကိစ္စစိတ်ပူပြီး toilet trained လုပ်ထားလားမေးတော့ မဟုတ်ဘူးတဲ့၊ အဲဒါဆို သူတို့ဘယ်လိုသွားလဲမေးတော့မှ ကိုယ်မေးတဲ့အသုံးနှုန်းမှာနေတာ Litter Box trained လို့ခေါ်တယ်တဲ့၊ သူ့ပုံးလေးမှာသူ့ဖာသာ အိမ်သာတက်တတ်သတဲ့။

အဲဒီတိုက်ခန်းမှာနေပြီး နှစ်ဝက်လောက်ကြာတော့ အခုဒီ Richmond မြို့ကိုပြောင်းလာတာ၊ သူ့ကိုလိုက်ပို့တဲ့ တာဝန်ခံက တသက်လုံးစောင့်ရှောက်ဖို့မလုပ်နိုင်တော့ရင် ဂေဟာကိုပြန်ပို့ဖို့ပြောပြီး မျက်ရည်ကျတယ်၊ သူကလည်း လိမ္မာတယ်လေ၊ အခုအိမ်သားတစ်ယောက်လိုဖြစ်နေပြီ၊ အိမ်ကလူကုန်ကို ခိုင်းတတ်တယ်၊ အစာကျွေးခိုင်း၊ အိမ်သာသန့်ရှင်းရေးလုပ်ခိုင်း၊ ဘုံဘိုင်ကရေကို မျှင်းမျှင်းဖွင့်ခိုင်း၊ အပြင်ကများ မေတို့ညကြီးမိုးချုပ်မှပြန်ရင် အထဲကတံခါးဝမှာ မတ်တပ်နဲ့သော့ဖွင့်သလို လာပြီးကြိုတယ်၊ ပြီးတော့သူက သဒ္ဒါတရားလည်းကောင်းတယ်။ ဆရာမကြည့်….ဟော အပြင်မှာ သူ့လိုအကောင်တွေ အရပ်ထဲကအကောင်တွေ ပိုင်ရှင်မဲ့ လေလွှင့်သူတွေပေါ့၊ ဒီကောင်တွေလာရင် ရန်မလုပ်ဘူး၊ သူတို့ကိုအစာကျွေးရင် သူလည်းကျေနပ်တယ်။

မေကပြောပြောဆိုဆိုခြံထဲကို အစာဗူးကိုင်ပြီးဆင်းသွားတော့ ဟုတ်ပါရဲ့ ဗွေးတုတ်ရယ်၊ ခြံထဲမှာ ကြောင်ပေတူးလေးတွေဆိုတာ ဟိုမှာတစ်ကောင်၊ ဒီမှာတစ်ကောင် ထွက်လာကြတာ၊ မေကျွေးတဲ့ အစာကို နှစ်နှစ်ခြိုက်ခြိုက်စားလို့၊ ဂျန်းကင်းကလည်း သူ့ဘော်ဒါတွေကိုကြည့်လို့။

ချစ်စရာအိမ်ကလေးရယ်၊ ပျော်ရွှင်ဖွယ်မိသားစုကလေးရယ်၊ ထူးခြားတဲ့ရုပ်ရည်စရိုက်ပိုင်ရှင် ဂျန်းကင်းနဲ့ သူ့အပေါင်းပါတွေရယ် မမေ့နိုင်စရာနေ့လေးတစ်နေ့ပါပဲ၊ ဘဝမှာအလွန်သေးငယ်တဲ့ အစက်အပြောက်ကလေးပေမယ့် နှလုံးသားမှာကြီးမားစွာသော စွဲထင်မှုကြီး မမေ့နိုင်ဖြစ်သွားတာ ရှေးရေစက်ကြောင့်လို့ ကိုယ်တော့ယုံကြည်တယ် ဗွေးတုတ်ရေ….။

မိချမ်းဝေ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခေတ်ပြိုင်အတွေ့အကြုံ, ရေခြားမြေခြား မြန်မာများ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ

By

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ (မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၇ တရားမျှတဖို့ အတွက်...

Read more »

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့ အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်

By

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့  အိမ်အရောက် ပို့ဆောင်ပေးနေပါတယ် (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇ ၂၀၁၆...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်