မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၁၈)

March 18, 2017

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၁၈)
(မိုးမခ) မတ် ၁၈၊ ၂၀၁၇

● နယ်စပ်အခြေခံဒေသအတွက် ပြင်ဆင်ခြင်း
ဒုဥက္ကဌ သခင်ဗသိန်းတင်ခေါင်းဆောင်သည် အဝေးရောက်ဗဟို ကော်မတီက အရှေ့မြောက်အခြေခံဒေသအား ဖွင့်လှစ် နိုင်ခြင်းတွင် တရုတ်ကွန်မြူနစ်ပါတီ၏အကူအညီ များစွာပါဝင်ခဲ့သည်မှာ မှန်သော်လည်း ထိုသို့သော အခြေခံဒေသတခုဖြစ် ပေါ်လာနိုင်စေသည့် အင်အားစုများရှိနေပေသည်။ ထိုအင်အားစုများကို စည်းရုံးစုဖွဲ့နိုင်ခြင်းကလည်း အရေးပါခဲ့သည်။

ထိုစဉ်က တရုတ်ပြည်တွင်း၌ ညီနောင်ပါတီအဖြစ်ရောက်ရှိနေသော CPB တပ်ဖွဲ့ဝင်များအပြင် တရုတ်ပြည်၌ နိုင်ငံရေးခိုလှုံ ခွင့်တောင်း၍နေကြသော အဖွဲ့တဖွဲ့ရှိသည်။ ထိုအဖွဲ့မှာ ၁၉၅ဝ ခုနှစ် နှစ်ဆန်းပိုင်းက တရုတ်ပြည်တွင်းခိုလှုံ ဝင်ရောက် ခဲ့သည့် လဖိုင်နော်ဆိုင်းဦးစီး အင်အား ၅ဝဝ ခန့်ရှိသည့် ကချင်စစ်သည်များဖြစ်သည်။ ဖဆပလ အစိုးရလက်ထက် ကချင် သနက ၁ မှအစိုးရအားပုန်ကန်ခဲ့သော ဗိုလ်ကြီးအဆင့်ရှိ လဖိုင်နော်ဆိုင်းနှင့်အဖွဲ့သည် တရုတ်ပြည်တွင်းရောက်ရှိပြီးနောက် တရုတ်အစိုးရက နိုင်ငံရေးခိုလှုံခွင့်ပေးခဲ့ပြီး ကွေ့ကျိုးပြည်နယ်တွင် နေထိုင်လုပ်ကိုင် စားသောက်ခွင့်ပြုခဲ့သည်။ အဆိုပါ ဗိုလ်နော်ဆိုင်းအဖွဲ့နှင့် CPB အင်အားစုများသည် အရှေ့မြောက်စစ်ဒေသဖွင့်လှစ်နိုင်ရန် တရုတ်၏အောင်သွယ်ပေးမှုနှင့် ပထမဆုံးပူးပေါင်းနိုင်ခဲ့သည်။

ထို့ပြင် ရှမ်းပြည်အလယ်ပိုင်းရှိ အင်အားစုများနှင့် အဆက်အသွယ်ရပြီးနောက် CPB ရှမ်းပြည်အလယ်ပိုင်းရှိ မိုးကုတ်ခရိုင်ရှိ အင်အားစုများနှင့် ပူးပေါင်း၍ လှုပ်ရှားရန်လည်း ပြင်ဆင်ခဲ့သည်။ နောက်ထပ်အခြေအနေတခုမှာ ကိုးကန့်ဒေသရှိ အစိုးရအားပုန်ကန်တိုက်ခိုက်နေသည့် ကိုးကန့် ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည်။ ၁၉၆၇ ခုနှစ်တွင် ကိုးကန့်စော်ဘွား ဂျင်မီယန် လက်နက်ချပြီးနောက် ဖုန်ကြားစင်း ဖုန်ကြားဖူးတို့ခေါင်းဆောင်သည့် ကိုးကန့်ကာကွယ်ရေးတပ်ဖွဲ့များသည် တရုတ်နယ် စပ်တွင် ကပ်၍လှုပ်ရှားနေခဲ့ရာ ထိုအင်အားစုများကိုလည်း သိမ်းသွင်းစည်းရုံးနိုင်ခဲ့သည်။

ဤသို့ဖြင့် တရုတ်ပြည်တွင်း စစ်ချွမ်းပြည်နယ်ရှိ CPB အင်အားစုများနှင့် ကွေ့ကျိုးပြည်နယ်ရှိ ဗိုလ်နော်ဆိုင်းတပ်ဖွဲ့များ ပူး ပေါင်းပြီး စစ်ဒေသ ၃ ခုစတင်ဖွဲ့စည်းခဲ့သည်။ မိုးကုတ်ခရိုင်ရှိအင်အားစုများကိုအခြေပြု ပြီး တရုတ်ပြည်ရောက်အင်အားအချို့ ထပ်ဖြည့်၍ နမ့်ခမ်းနှင့် မိုးမိတ်ကြား ရွှေလီမြစ်ရိုးတလျှောက် (ရွှေလီချိုင့်ဝှမ်းဂွင်) အား ၂ဝ၂ စစ်ဒေသဟူ၍ ဖွဲ့စည်းခဲ့သည်။

သံလွင်မြစ်အနောက်ခြမ်း ကြူကုတ် ပန်ဆိုင်း မုန်းကိုး ဖေါင်းဆိုင်ဒေသအား ၃ဝ၃ စစ်ဒေသအဖြစ်သတ်မှတ်ခဲ့ပြီး အဓိက စစ်ဒေသအဖြစ် ဖွဲ့စည်းခဲ့သည်။ တရုတ်ပြည်ရှိ CPB နှင့်ဗိုလ်နော်ဆိုင်း တပ်အင်အားအများစုနှင့် ဖွဲ့စည်းခဲ့သည်။ ကိုးကန့် ဒေသရှိ ဖုန်ကြားစင်းတို့၏ ကာကွယ်ရေးတပ်ဖွဲ့အားအခြေပြု၍ တရုတ်ပြည်ရောက်အင်အားအချို့ ထပ်မန်ဖြည့်စွက်ကာ ကိုးကန့်ဒေသအား ၄ဝ၄ စစ်ဒေသဟု ဖွဲ့စည်းခဲ့သည်။

ဤသို့CPB ဘက်မှ ပြင်ဆင်နေချိန်တွင် ဒုဥက္ကဌသခင်ဗသိန်းတင်သည်တရုတ်ကွန်မြူ နစ်ပါတီခေါင်းဆောင် မော်စီတုန်းနှင့် ဆက်ဆံရေးလွန်စွာကောင်းမွန်ပြီး ဘေကျင်းမြို့တွင်နေထိုင်၍ စီမံကိန်းတခုလုံးအား ဦးဆောင်ပါသည်။ တရုတ်ကွန်မြူ နစ် ပါတီကလည်း CPB နှင့် ကောင်းမွန်စွာချိတ်ဆက်ကူညီနိုင်ရန် တရုတ်ကွန်မြူနစ်ပါတီ ပါတီဗဟိုကော်မတီဝင်တဦးအား နယ် စပ်သို့ စေလွှတ်တာဝန်ပေးခဲ့သည်။ ထိုကာလက တာဝန်ယူခဲ့သူမှာ မစ္စတာ လူနင့်ယိဟု သိရှိရသည်။

နောက်ဆုံးမြန်မာပြည်သို့ ပြန်လည်ထွက်ခွါ၍ တိုက်ပွဲဝင်ကြတော့မည့် CPB ရဲဘော်များအား ပြည်သူ့ခန်းမတွင် ညစာ စားပွဲဖြင့်တည်ခင်းဧည့်ခံပြီး တရုတ်ခေါင်းဆောင် ကြိုးအင်းလိုင် (ချူအင်လိုင်း) ကိုယ်တိုင်နှုတ်ဆက်ခဲ့သည်။ ထိုညစာစားပွဲ တွင် တရုတ်မြန်မာနယ်စပ်တွင် တိုင်းရင်းသားများနေထိုင်ကြကြောင်း တရုတ်ပိုင်နက်တွင်းရှိ တိုင်းရင်းသားများဖြစ်စေ မြန် မာပိုင်နက်ထဲရှိ တိုင်းရင်းသားများဖြစ်စေ နိုင်ငံကွဲသော်လည်း တိုင်းရင်းသားလူမျိုးတူများဖြစ်ကြကြောင်း မိမိတို့တရုတ်ပိုင်နက် ထဲရှိ တိုင်းရင်းသားလူမျိုးများအားလည်း ဗမာပြည်တော်လှန်ရေးတွင် ပါဝင်ဆင်နွှဲရန် လှုံ့ဆော်ပေးမည်ဖြစ်ကြောင်း ထည့် သွင်းပြောဆိုခဲ့သည်ဟု ဆိုပါသည်။

● အရှေ့မြောက်စစ်ဒေသ
ဤသို့ဖြင့် ၁၉၆၈ ခုနှစ် ဇန္နဝါရီလ ၁ ရက်နေ့၌ မုန်းကိုအား ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီး အရှေ့မြောက်အခြေခံဒေသများ စတင်ခဲ့သည်။ အဓိကအင်အားစုထားသော ၃ဝ၃ စစ်ဒေသ နိုင်ငံရေးမှူးမှာ ဗိုလ်သန်းရွှေဖြစ်ပြီး တပ်မှူးဖြစ်သူမှာ ဗိုလ်နော် ဆိုင်းဖြစ်သည်။ သို့နှင့် မုန်းကိုး မန်ကန် ဖေါင်းဆိုင်ဒေသများကို တိုက်ခိုက်သိမ်းပိုက်ပြီး ၁၉၇ဝ ခုနှစ်တွင် မုန်းပေါ်ကြီးနှင့် ကြူကုတ်မြို့များကို တိုက်ခိုက်သိမ်းပိုက်ခါ စီစီဝမ်တာပန်တောင်ကြော (ဒေသအခေါ် ရွှေကျင်ဝမ်တောင်ကြော) တွင် CPB တပ်များ အခြေချနိုင်ခဲ့ပါသည်။

တချိန်တည်းတွင် ၄ဝ၄ စစ်ဒေသမှာလည်း ကိုးကန့်ဒေသအား တိုက် ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ၁၉၇ဝ ခုနှစ်တွင် ကွန်လုံအနီး ဟိုက်ကဘား၌ ရက်၎ဝ ကြာတိုက်ပွဲကြီးများဖြစ်ပွါးခဲ့သည်။ နယ်စပ်နှင့်ဝေးကွာ၍ ရွှေလီချိုင့်ဝှမ်းဂွင်အတွင်း ထိုးဆင်းရသည့် ၂ဝ၂ စစ်ဒေသကတော့ သိပ်ကြီးထွားမလာချေ။ မူလအခြေခံအားထားရမည့် မိုးကုတ်ခရိုင်အတွင်းရေးမှူး ဗိုလ်စိန်မောင်ကအောက်ဆင်းသွားပြီးနောက် လက်နက်ချသွားသည်။ နယ်စပ်နှင့်နှင့်ဝေး၍ ထောက်ပံ့ရေးပစ္စည်းပို့ဆောင်ရန် အခက်အခဲရှိ သည်။ ၃ဝ၃ စစ်ဒေသက ၁၉၇ဝ ခုနှစ်တွင် ရှမ်းလက်နက်ကိုင် ဗိုလ်ကမ်းရွဲတပ်အား တဖက်ကတိုက်၊ တဖက်စည်းရုံးသိမ်းသွင်းပြီး မန်ရှိုးဒေသအား သိမ်းပိုက်လိုက်ပြီး ၂ဝ၂ စစ်ဒေသအား ထောက်ပို့ပေးနိုင်ရန် စီစဉ်ခဲ့သည်။

ထို့ပြင် ၁၉၆၈ နှစ်ဆန်းတွင် KIA ရင်း ၄ မှ ဗိုလ်ဇခုံတိန့်ယင်းနှင့် ဗိုလ်လယောက်ဇလွန်းဦးစီး လချိတ်ခေါ်လရှီနှင့် မရူခေါ် လော်ဝေါ် အင်အားအင်အား ၄ဝဝ ခန့်သည် KIA မှခွဲထွက်ပြီး CPB နှင့်ပူးပေါင်းခဲ့သည်။ ထိုတပ်ဖွဲ့အား လေ့ကျင့်ပြီး CPB နှင့် ဗိုလ်နော်ဆိုင်းတပ်မှ ကေဒါများအားဖြည့်ကာ ၁၉၆၉ ခုနှစ်တွင် ပန်ဝါ ဖီမော်ဒေသ ကန်ပိုင်တီးဒေသတို့တွင် ၁ဝ၁ စစ်ဒေသ အဖြစ် ဖွင့်လှစ်ခဲ့သည်။

၃ဝ၃ စစ်ဒေသနှင့် ၄ဝ၄ စစ်ဒေသတို့သည် နယ်မြေအချို့ သိမ်းပိုက်လာနိုင်သည့်နည်းတူ တချိန်တည်း တပ်အင်အားများလည်း တိုးလာသည်။ ရင်း၃ဝ၃၁/၃ဝ၃၃/ ၃ဝ၃၅/၃ဝ၃၇ တို့သည် ၃ဝ၃ စစ်ဒေသမှတိုးချဲ့ဖွဲ့လာသော တပ်ရင်းများဖြစ်ပြီး ရင်း ၄ဝ၄၅/၄ဝ၄၆/၄ဝ၄၇/၄ဝ၄၈ တို့သည့် ၄ဝ၄ စစ်ဒေသမှ တိုးချဲ့ဖွဲ့စည်းလိုက်သော တပ်ရင်းများ ဖြစ်လာခဲ့သည်။

၁၉၇ဝ ခုနှစ် ၃ဝ၃ စစ်ဒေသဘက်မှ လာရှိုးဘက်သို့ တိုးချဲ့ ထိုးဖေါက်ခြင်းနှင့် ၄ဝ၄ စစ်ဒေသဘက်မှ ကွန်လုံ ဟိုက်ကဘား တိုက်ပွဲအပြီးတွင် အစိုးရတပ်အင်အားတောင့်သော ဒေသများကို ရှောင်ရှားပြီး အင်အားနဲသောဒေသများဘက်သို့ ထိုး ဖောက်ရန် ပြောင်းလဲဆုံးဖြတ်ခဲ့ကြသည်။ စစ်ဒေသနှင့်ဖွဲ့စည်းပုံကို ပြောင်းလဲရန် ဆုံးဖြတ်ခဲ့သည်။ ၃ဝ၃ စစ်ဒေသနှင့် ၄ဝ၄ စစ်ဒေသအားပူးပေါင်း၍ အရှေ့မြောက်စစ်ဒေသအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ လက်ရှိသိမ်းပိုက်ထားနိုင်သော ဒေသများ အား ခရိုင် ၃ ခုအဖြစ် ဖွဲ့စည်းခဲ့သည်။

မန်ရှိုးဒေသ၌ မန်ရှိုးအားအခြေစိုက်၍ နမ့်ခမ်းခရိုင်အဖြစ်ဖွဲ့စည်းခဲ့ပြီး ခရိုင်အတွင်းရေးမှူးအဖြစ် ရဲဘော်ခွန်နော် ( ယခင် ဗိုလ်နော်ဆိုင်းတပ်မှ) တာဝန်ယူသည်။ ခရိုင်တပ်အဖြစ် ရင်း ၈ဝ၁ အားဖွဲ့စည်းခဲ့သည်။ မန်ရှိုးဒေသတွင် ပြည်သူ့စစ်များဖွဲ့စည်း တာဝန်ယူစေပြီး နမ့်ခမ်းခရိုင်တပ်အား နမ့်ခမ်းမြို့ တောင်ဖက်ရှိ မုန်းဝီးဒေသတွင် ဝင်ရောက်လှုပ်ရှားစေပြီး ၂ဝ၂ စစ်ဒေသနှင့် ချိတ်ဆက်ရန် ရည်ရွယ်ခဲ့သည်။

မုန်းကိုး ဖေါင်းဆိုင်ဒေသ မုန်းပေါ်ကြီးဒေသ မုန်ယားမုန်းဟောင်ဒေသ မုန်းစီး နားလယ်ဒေသတို့အား ကွတ်ခိုင်ခရိုင်အဖြစ်ဖွဲ့စည်းပြီး ခရိုင်ရုံးအား မုန်းကိုးကွင်းရှိ ကောင်းဒပ်ရွာအနီးအခြေပြုစေသည်။ ကွတ်ခိုင်ခရိုင်အတွင်းရေးမှူးအဖြစ် ရဲဘော်လှဖေ (စစ်ချွမ်းရဲဘော်ဟောင်း) ကဦးစီးသည်။ ခရိုင်တပ်အဖြစ်ရင်း ၆ဝ၁ အားဖွဲ့စည်းထားရှိသည်။ သို့သော် အဆိုပါဒေသ သည် အစိုးရတပ်အင်အားအများစုနှင့် ရင်ဆိုင်နေရ၍ အရှေ့မြောက်စစ်ဒေသ ရုံးခွဲ နိုင်ငံရေးဌာနအား မုန်ကိုးကွင်းရှိ မန်ပန်ကျေးရွာ အနီးအခြေပြုထားရှိပြီး စစ်ဒေသကော်မတီဝင်တဦးဖြစ်သော ရဲဘော်စိုးသိန်း ခေါ် ရဲဘော် လင်ထင်ကတာဝန်ယူသည်။ ထိုပြင် ဒေသကာကွယ်ရေးအတွက် တပ်မဟာ ၂ ဟူသောတပ်မဟာတခု ဖွဲ့စည်းခဲ့ပြီး တပ်မဟာ ၂ အောက်တွင် ရင်း ၃ဝ၃၁ /၃ဝ၃၃/၃ဝ၃၇/၁ဝ၇စသည့် တပ်ရင်း ၄ ရင်းထည့်သွင်းဖွဲ့စည်းခဲ့သည်။

ကိုးကန့်ဒေသအားလည်း ကိုးကန့်ခရိုင်အဖြစ် ဖွဲ့စည်းလိုက်ပြီးခရိုင်ရုံးအား လောက်ကိုင်တွင် အခြေပြုစေပြီး ဒေသကာကွယ်ရေးအတွက်ကိုးကန့်ခရိုင်တပ်ကို ဖွဲ့စည်းထားရှိခဲ့သည်။ ကိုးကန့်ခရိုင်အတွင်းရေးမှူးအဖြစ်တာဝန်ယူသူမှာ ဟွမ်ဝမ်လန် ဆိုသည့် အမျိုးသမီးတဦးကတာဝန်ယူသည် စစ်ချွမ်းရဲဘော်ဟောင်းတဦး၏ ဇနီးဟုသိရသည်။ ထိုစဉ်က CPB ရဲဘော်များမှာ တရုတ်ပြည်တွင်းနေစဉ်က စစ်ချွမ်းပြည်နယ်တွင် နေခဲ့ကြ၍ စစ်ချွမ်းရဲဘော်ဟောင်းများဟုခေါ်ပြီး ဗိုလ်နော်ဆိုင်းတပ်ဖွဲ့ ဝင်များမူ ကွေ့ကျိုးပြည်နယ်တွင်နေခဲ့၍ ကွေ့ကျိုးရဲဘော်များဟု ခေါ်ကြသည်။

ထို့နောက် အရှေ့မြောက်စစ်ဒေသ နှင့်တပ်ရင်းတပ်ဖွဲ့များသည် ၁၉၇ဝခုနှစ်နောက်ပိုင်းတွင် ဝ ဒေသသို့ တိုးချဲ့ ထိုးဖေါက်ခဲ့ သည်။ ဝ ဒေသသည်ခေတ်အဆက်ဆက် ပြည်မအစိုးရအုပ်ချုပ်မှု ကင်းလွတ်နယ်မြေဖြစ်ပြီး သူလူမျိုးအုပ်စုနှင့်သူရပ်တည်နေကြသူများဖြစ်သည်။ ၁၉၄၉ ခုနှစ် တရုတ်ပြည်လွတ်မြောက်ပြီးနောက် စစ်ရှုံးသော ကူမင်တန်တပ်အချို့သည် ဝဒေသသို့ ဖြတ်သန်း ဝင်ရောက်ခဲ့ပြီး ဝ အုပ်စုတချို့အား သိမ်းသွင်းခဲ့ပြီး တရုတ်ပြည်မအား နှောက်ယှက်ရေး ထောက်လှမ်းရေးတို့အတွက် အသုံးပြု ခဲ့ကြသည်။အဆိုပ် ကူမင်တန်တို့၏ ထိုးဖေါက်မှုကို တန်ပြန်နိုင်ရန် တရုတ်ပြည်မကလည်း နယ်တလျောက်ရှိ ဝ အချို့အား စည်းရုံးသိမ်းသွင်း လက်နက်ထုတ်ပေးပြီး ကူမင်တန်ဆန့်ကျင်ရေးအဖွဲ့များအဖြစ် ဖွဲ့စည်းထားခဲ့ရာ ထိုအဖွဲ့များ CPB တပ်ဖွဲ့ဝင်များ ဝ ဒေသသို့ထိုးဖေါက်ရာတွင် အဓိက အားကိုးအားထားပြု နိုင်သောအင်အားစုများဖြစ်ခဲ့သည်။

တချိန်တည်းတွင် ၁၉၇၁ ခုနှစ်၌ ကျို င်းတုံအရှေ့ဖက်ခြမ်းရှိ အခါဒေသအား CPB တပ်ဖွဲ့များစတင် ဝင်ရောက်ထိုးဖေါက်ခဲ့သည်။ ထိုဒေသအား၈၁၅ စစ်ဒေသအဖြစ်သတ်မှတ်ပြီး ရဲဘော်ဖေသောင်းကဦးစီးခဲ့သည်။ ၃ဝ၃ စစ်ဒေသဘက်မှ ပါတီကေဒါ အင် အားအချို့ကိုအခြေခံ၍ အဆိုပါဒေသတွင်ပြောက်ကျားတိုက်နေသော အခါပြောက်ကျားများကို စည်းရုံးတိုက်ခိုက်ခဲ့သည်။ မူလက အခါတောင်တန်းဒေသတွင်သာ လှုပ်ရှားခဲ့ရာမှ ၁၉၇၅ ခုနှစ်တွင် အရှေ့မြောက်စစ်ဒေသတပ်များနှင့် ပူးပေါင်း၍ ရှမ်းရွာများရှိသည့် မိုင်းမကွင်းပါသိမ်းပိုက်၍ နယ်မြေချဲ့ ထွင်နိုင်ခဲ့သည်။ ထိုစဉ်က မိုင်းလားသည်မိုင်းမကွင်းအတွင်းမှ ရှမ်းရွာ ငယ်တခုအဖြစ်သာ ရှိသေးသည်။

အရှေ့မြောက်စစ်တပ်များသည် ဝ နယ်အားသိမ်းပိုက်ပြီးနောက်ပန်ဆန်း၌ စစ်ဒေသဌာနချု ပ်အားဖွင့်လှစ်ခဲ့သည်။ ဝနယ်အား လည်း ခွင်းမားအခြေစိုက် ဝ မြောက်ခရိုင်နှင့် ပန်ဆန်းအခြေစိုက် ဝ တောင်ခရိုင်ဟု ခရိုင် ၂ခု ခွဲခြားသတ်မှတ်ခဲ့သည်။ အရှေ့ မြောက်စစ်ဒေသ အဓိကခေါင်းဆောင်ပိုင်းကတော့ အပြောင်းအလဲဖြစ်ခဲ့သည်။ နိုင်ငံရေးမှူးဗိုလ်သန်းရွှေမှာ ပါတီတွင်း အရေးယူခြင်းခံရပြီး တပ်မှူးဖြစ်သူ ဗိုလ်နော်ဆိုင်းမှာ ၁၉၇၂ ခုနှစ်တွင် ကွယ်လွန်သွားခဲ့၍ စစ်ဒေသနိုင်ငံရေးမှူးမှာ ရဲဘော် တင်ရီ ခေါ် ဗိုလ်နေဝင်းဖြစ်လာပြီး တပ်မှူးမှာ ဗိုလ်နော်ဆိုင်းတပ်မှ ရဲဘော်ဇော်မိုင်းဖြစ်လာခဲ့သည်။

● ပါတီဗဟို
၁၉၇၅ ခုနှစ် မတ်လ အတွင်း ဥက္ကဌသခင်ဇင်နှင့် အတွင်းရေးမှူးသခင်ချစ် မကျဆုံးမှီအထိ တရုတ်ပြည်ရှိ သခင်ဗသိန်းတင်ဦးစီး ဗဟိုကော်မတီများသည် အဝေးရောက် ဗဟိုအဖြစ်တည်ရှိခဲ့သည်။ သခင်ဗသိန်းတင်သည် မူလကတည်းက ပါတီကိုယ်စား လှယ် အဖြစ်နှင့် ဘေကျင်းတွင် နေထိုင်သည်။ ၁၉၆၈ ခုနှစ် အရှေ့မြောက်စခန်းများကို ဖွင့်လှစ်သောအခါ ထိုဒေသအား အနီးကပ်ကွပ်ကဲနိုင်ရန် တရုတ်နယ်စပ်နှင့် မနီးမဝေးတွင် CPB ပါတီဗဟိုစခန်းများ ဖွင့်လှစ်ရန် ခွင့်ပြု ကူညီပေးခဲ့သည်။

ထိုစဉ်က ပါတီစခန်းများဖွင့်လှစ်ပေးခဲ့သည့်နေရာမှာ ရွှေလီမြို့ မှကီလိုမိုင် ၈ဝ ခန့်အကွာတွင်ရှိသည့် တေဟုန်တိုင်း တိုင်းမြို့ ဖြစ်သော မန်စီခေါ် မုန်းခွမ် အနီးတွင်ဖြစ်သည်။ ထိုအနီးတွင် CPB ပါတီဗဟိုစခန်း ၃ ခုဖွင့်လှစ်ထားသည်။ တခုမှာ ၁ဝ၆ စခန်းဟုခေါ်သည်။ CPB ဗဟိုခေါင်းဆောင်များ ရုံးထိုင်သည်။ ၁၈၁ စခန်းမှာ ပြည်သူအသံဖြစ်သည်။ မိမိရောက်သည့် ၁၉၇၆ အထိ မီတာ ၆ဝ မှနေ၍ CPB ဗဟိုကော်မတီ၏ ကြွေးကြော်သံအဖြစ် အသံလွှင့်နေဆဲဖြစ်သည်။ ၁၈၂ စခန်းကတော့ စာသင်ကျောင်းဖြစ်သည်။ လက်ရှိအခြေခံဒေသများတွင် သွားရောက်တာဝန်ယူနေကြသော CPB နှင့် ဗိုလ်နော်ဆိုင်းတပ်မှ ရဲဘော်ဟောင်းမိသားစုများ၏ သားသမီးများကို စာသင်ကြားပေးသည့် စခန်းဖြစ်သည်။

၁၉၇၅ ခုနှစ် မေလအတွင်း ပါတီဗဟို ဖွဲ့ပြီးနောက်တွင် ဗဟိုရုံးသည်မန်စီအနီ ၁ဝ၆ စခန်းတွင် ရုံးစိုက်နေဆဲဖြစ်သည်။ မိမိတို့ နှစ်ဦးအားလာတွေ့သော ရဲဘော်ထွန်း တရုတ်ပြည်တွင်းရှိ ၁ဝ၆ စခန်းမှ လာရောက်တွေ့ဆုံခြင်းဖြစ်သည်။ မိမိတို့ရောက်ရှိ သည့်ကာလတွင် ပါတီဗဟိုရုံး ပြည်သူ့အသံတို့အား မြန်မာပြည်တွင်းသို့ ရွှေ့ပြောင်းရန် စတင်ပြင်ဆင်သည့်ကာလဖြစ်သည်။

ဤသည်တို့ကား မိမိရောက်ရှိသွားသည့် ၁၉၇၆ ခုနှစ်ပတ်ဝန်းကျင်အချိန်ကာလက အရှေ့မြောက်ဗဟိုနှင့် အရှေ့မြောက် အခြေခံစခန်းများ၏ဖြစ်တည်လာပုံနှင့် တည်ရှိနေသည့် အကြမ်းပြင်းအခြေအနေဖြစ်ပေတော့သည်။ ဤသို့လျင်မြန်စွာ ဖြစ် တည်လာသည့်အကြောင်းများအနက် တရုတ်ကွန်မြူနစ်ပါတီ၏ ရုပ်ဝတ္တုပစ္စည်းထောက်ပံ့မှုကလည်း အရေးပါသည်။

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး ( Mg Mg Soe )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခေတ်ပြိုင်အတွေ့အကြုံ, မောင်မောင်စိုး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်