ဒေါက်တာသိန်းလွင် (NNER) ● ပညာရေးဝန်ကြီးဌာန၏ အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) အပေါ် ဝေဖန်ချက်

March 18, 2017

ဒေါက်တာသိန်းလွင် (NNER) ● ပညာရေးဝန်ကြီးဌာန၏ အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) အပေါ် ဝေဖန်ချက်
(မိုးမခ) မတ် ၁၈၊ ၂၀၁၇

စာတမ်းရှင် – ဒေါက်တာသိန်းလွင် (NNER)

(ဤစာတမ်းကို ရေးသားသူ ဒေါက်တာသိန်းလွင် (NNER) သည် အင်္ဂလန်နိုင်ငံရှိ နယူးကာဆယ်တက္ကသိုလ်မှ ပညာရေးဆိုင်ရာမူဝါဒနှင့် သင်ရိုး ညွှန်းတမ်း ဖွံ့ဖြိုးရေးဘာသာရပ်များ ဖြင့် ပညာရေးဆိုင်ရာ မဟာဘွဲ့နှင့် ပါရဂူဘွဲ့များ ရရှိထားသူဖြစ်သည်။

ဝေဖန်ပိုင်းခြားစဉ်းစားခြင်းကို အားပေးသောဆရာအတတ်ပညာ သင်တန်း (Thinking Classroom Foundation) ကိုတည်ထောင်ခဲ့သူဖြစ် ပြီး၊ ပညာရေးစနစ် ပြုပြင်ပြောင်းလဲ ရေးနိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) ၏အဖွဲ့ဝင်တဦးလည်းဖြစ်သည်။)

ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာသည့် “အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁” ကို မူကြမ်းရေးဆွဲစဉ်က ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) အား အသိပေး ဖိတ်ကြားခြင်းမရှိခဲ့ပါ။ NNER သည် အစိုးရမဟုတ်သော လူထုပညာရေး အဖွဲ့အစည်းများစွာနှင့် ပညာရှင်များပါဝင်သော ကွန်ရက်ဖြစ်ပါသည်။ NNER တွင်ပါဝင်သော အဖွဲ့ အစည်းများနှင့် အဖွဲ့ဝင်များသည် ပညာရေး မဟာဗျူဟာစီမံကိန်းအတွက် အကြံဉာဏ်များ ပေးခွင့်မရခဲ့ပါ။ Global Partnership for Education (GPE) ၏ အတိုင်ပင်ခံပုဂ္ဂိုလ် Mr. Mathias Rwehere ရန်ကုန်မြို့သို့ ရောက်ရှိစဉ် ၂၀၁၇ ဇန်န၀ါရီလ (၂၂) ရက်နေ့တွင် NNER အဖွဲ့ဝင်များနှင့် တွေ့ဆုံမှသာ အထက်ပါ ပညာ ရေးမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) ကို စတင်သိရှိရပါသည်။ မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာနက GPE ထံမှ ပညာရေးထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ သန်း (၇၀) ကျော် လျှောက်ထားသဖြင့် GPE  အတိုင်ပင်ခံပုဂ္ဂိုလ်က အစိုးရမဟုတ်သော လူထုအဖွဲ့  အစည်းများနှင့် တွေ့ဆုံ၍ ပညာရေးဝန်ကြီးဌာန၏ မဟာဗျူဟာ စီမံကိန်းအကြောင်း လာရောက်မေးမြန်းစဉ် တွေ့ဆုံခြင်း ဖြစ်ပါသည်။

GPE ၏ လိုအပ်ချက်အရ ပညာရေးမဟာဗျူဟာစီမံကိန်းကို အကောင်အထည်ဖော်ရန်အတွက် ပညာရေးကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (ESCC) ကို ဖွဲ့စည်းရာတွင် လူထုပညာရေးအဖွဲ့ အစည်းများမှ ရွေးချယ်စေလွှတ်သော ကိုယ်စားလှယ် (၂) ဦး ပါဝင်ရန်ကိုလည်း GPE က အဆိုပြုထား ပါသည်။ သို့ရာတွင် NNER သည် အသင်းအဖွဲ့အဖြစ် မှတ်ပုံတင်ထားခြင်းမရှိဟူသော အကြောင်းပြချက်ဖြင့် ESCC တွင် ပါဝင်ခွင့်မရှိဟု ပညာရေးဝန်ကြီးဌာနမှ ကန့်သတ်ထားကြောင်း သိရှိရပါသည်။

NNER အနေဖြင့် ပေါင်းစပ်ညှိနှိုင်းရေးလမ်းကြောင်းမှနေ၍ ပညာရေးဝန်ကြီးဌာနအား ဝေဖန် အကြံပြုခွင့် မရရှိသဖြင့် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်းအပေါ် ဝေဖန်သုံးသပ်ချက်ကို ရေးသား ဖော်ပြလိုက်ပါ သည်။

(၁) လူထုအဖွဲ့အစည်းများ၏ အခန်းကဏ္ဍ မှေးမှိန်နေဆဲ
ပထမဦးစွာ ဝေဖန်ထောက်ပြလိုသည့်အချက်မှာ အစိုးရ၏ ပညာရေးလုပ်ငန်းများတွင် လူထုအဖွဲ့ အစည်းများ၏ ပါဝင်နိုင်မှု အခွင့်အလမ်း နည်းပါးနေခြင်း ဖြစ်ပါသည်။ ကမ္ဘာ့ကုလသမဂ္ဂမှ ဦးဆောင်သည့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးရေးအတွက် ပညာရေး (SDG-4) နှင့် မြန်မာနိုင်ငံဌာနေ တိုင်းရင်းသားများ၏ ပညာရေးအခွင့်အရေးဆိုင်ရာကိစ္စများကို တိုင်ပင်ဆွေးနွေးရန်အတွက် NNER သည် ၂၀၁၆ အောက်တို ဘာလတွင် ပညာရေးဝန်ကြီးဌာနသို့ တွေ့ဆုံခွင့်တောင်းခဲ့ပါသည်။ ယနေ့အထိ အကြောင်းပြန်ကြားခြင်း မရှိသေးပါ။

ထို့ပြင် လူထုအဖွဲ့အစည်းများ၏ ပညာရေးပြုပြင်ပြောင်းလဲရေး ကြိုးပမ်းအားထုတ်မှုများကိုလည်း အသိအမှတ်ပြုခြင်းမရှိပါ။ အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) အနှစ်ချုပ် စာမျက်နှာ (၁၂) စာပိုဒ် (၄.၂) တွင် “အမျိုးသားပညာရေးဥပဒေ ပိုမိုခိုင်မာစေရန်အတွက် ၂၀၁၅ ခုနှစ်တွင် အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကိုလည်း ပြဋ္ဌာန်းပေးခဲ့ပါသည်” ဟု ဖော်ပြထားသည်။ အမျိုးသားပညာရေးဥပဒေ ကို ပြင်ဆင်သည့်ဥပဒေ (၂၀၁၅) ပေါ်ပေါက်လာခြင်းမှာ ၂၀၁၅ ဖေဖော်ဝါရီလ အတွင်း ကျင်းပခဲ့သည့် အစိုးရ၊ လွှတ်တော်၊ ဒီမိုကရေစီပညာရေးသပိတ်ကော်မတီနှင့် NNER တို့ ပါဝင်ခဲ့ သည့် လေးပွင့်ဆိုင်ဆွေးနွေးပွဲ၏ ရလဒ်များကို လွှတ်တော်သို့ တင်သွင်းခဲ့သဖြင့်၊ လွှတ်တော်မှ ပြင်ဆင် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပါသည်။ လေးပွင့်ဆိုင် ဆွေးနွေးပွဲပေါ်ပေါက်လာခြင်းမှာလည်း အမျိုးသားပညာရေးဥပဒေ (၂၀၁၄) ကို ပြင်ဆင်ရေးအတွက် သပိတ်မှောက်ကျောင်းသားများက တွေ့ဆုံဆွေးနွေးရန် တောင်းဆိုခဲ့ ကြခြင်းကြောင့် ဖြစ်ပါသည်။ ဤအဖြစ်အပျက်များသည် မြန်မာနိုင်ငံပညာရေးသမိုင်းတွင် ထင်ထင်ရှားရှား ပေါ်ပေါက်ခဲ့သဖြင့် ပညာရေးဝန်ကြီးဌာနအနေဖြင့် ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ သမိုင်း အဖြစ် အပျက်များကို ထိမ်ချန်မထားသင့်ပါ။

(၂) လူမျိုးများဆိုင်ရာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ပါဝင်ခြင်းမရှိ
ဒုတိယဝေဖန်လိုသည့်အချက်မှာ ပညာရေးမဟာဗျူဟာစီမံကိန်းတွင် ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံ စနစ်ကို ဦးတည်သည့် ပညာရေးပြုပြင်ပြောင်းလဲမှုများ ပါဝင်ခြင်းမရှိပါ။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဦးဆောင်သော ၂၁ ရာစုပင်လုံငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျင်းပကာ ဒီမိုကရေစီ ဖက်ဒရယ် ပြည် ထောင်စုထူထောင်ရန် ပြင်ဆင်နေသည့်ကာလတွင်၊ ပညာရေးပြုပြင်ပြောင်းလဲမှုသည် တိုင်းရင်းသားလူမျိုး များ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ဦးတည်သင့်သည်။ အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးလျက်ရှိကြသော တိုင်းရင်းသား လက်နက်ကိုင်တော်လှန် ရေးအဖွဲ့များသည် သက်ဆိုင်ရာဒေသအသီးသီးတွင် စာသင်ကျောင်း များတည်ထောင်၍ ကလေးများ၏ ပညာရေးကို ဆောင်ရွက်ခဲ့ကြသည်မှာ နှစ်ပေါင်းများစွာ ကြာရှိပြီ ဖြစ်ပါသည်။ အခြေခံပညာပြီးဆုံး၍ နိုင်ငံခြားတက္ကသိုလ်များတွင် သွားရောက်ပညာသင်ကြားသူများ၊ ရပ်ရွာ ဖွံ့ဖြိုးရေး ဆောင်ရွက်နေသူများလည်း အများအပြား ရှိကြပါသည်။ အဆိုပါ တိုင်းရင်းသားဒေသ ပညာရေး ကို အသိအမှတ်ပြုရန် ပညာရေးမဟာဗျူဟာ စီမံကိန်းတွင် ပါဝင်ခြင်းမရှိပါ။

မြန်မာနိုင်ငံအစိုးရသည် ဌာနေတိုင်းရင်းသားများ၏ အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ၏ ကြေညာ စာတမ်း (UNDRIP) ကိုလည်းသဘောတူလက်မှတ်ရေးထိုးထားကြောင်း သိရပါသည်။ အဆိုပါ သဘော တူညီချက်အရလည်း ဌာနေတိုင်းရင်းသားများ ထူထောင်ထားသော ကျောင်းများ၊ ဒေသဆိုင်ရာ သင်ရိုး ညွှန်းတမ်းများ၊ ဆရာဆရာမများ၊ ကျောင်းသားများကို အသိအမှတ်ပြုရပါမည်။ အစိုးရ၏ အသိအမှတ်ပြုမှု မခံရသောကြောင့် ဌာနေတိုင်းရင်းသားကျောင်းများမှ ကျောင်းသားများ အစိုးရကျောင်းများကို ပြောင်းရွှေ့ ရန်နှင့် ပြည်တွင်းတက္ကသိုလ်များတက်ရောက်ရန် အခက်အခဲများ ရင်ဆိုင်ကြရပါသည်။

(၃) ဒေသအလိုက် ရေးဆွဲသော သင်ရိုးညွှန်းတမ်း (Local Curriculum) များကို ခွင့်ပြရန်လိုအပ်
ပညာရေးမဟာဗျူဟာစီမံကိန်းတွင် သင်ရိုးညွှန်းတမ်းနှင့် ပတ်သက်၍ ၂၁ ရာစုဆိုင်ရာ ကျွမ်းကျင်မှု များကို အလေးပေးရန်၊ သင်ရိုးညွှန်းတမ်းရေးဆွဲသူများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးရန်နှင့် သင်ရိုး ညွှန်းတမ်းနှင့် ဖတ်စာအုပ်များကို အသုံးပြုတတ်ရန်အတွက် ဆရာဆရာမများကို သင်တန်းပေးရန်တို့ ပါရှိပါ သည်။ ဤဖော်ပြချက်သည် သင်ရိုးညွှန်းတမ်းကို ဗဟိုမှရေးဆွဲပြီး ဖတ်စာအုပ်များလည်း ဗဟိုမှပင်  ရေးဆွဲ မည်ဟု အဓိပ္ပာယ်ရပါသည်။ လက်တွေ့တွင်လည်း သူငယ်တန်းနှင့် ပထမတန်းဖတ်စာများကို အထက်ပါ အတိုင်း ရေးဆွဲထားပြီးဖြစ်သည်။ ပညာရေးဝန်ကြီးဌာနမှ အသစ်ရေးဆွဲမည့် သင်ရိုးညွှန်းတမ်းသည် ကျောင်းသားများ၏ ကျွမ်းကျင်မှုကိုပေးရန် ရည်ရွယ်သည်ဟုဆိုသော်လည်း၊ ဗဟိုမှ ရေးဆွဲသည့် သင်ရိုး ညွှန်းတမ်းသည် ဒေသဆိုင်ရာ လိုအပ်ချက်များနှင့် ကိုက်ညီမှုမရှိကြောင်းကို မြန်မာနိုင်ငံပညာရေးသမိုင်းက သက်သေပြပြီး ဖြစ်ပါသည်။

သင်ရိုးညွှန်းတမ်းကို ဗဟိုမှ ပြဋ္ဌာန်းပြီး ဗဟိုမှရေးသာ ဖတ်စာအုပ်တမျိုးတည်းကို မြန်မာနိုင်ငံ ဒေသအသီးသီးတွင် အသုံးပြုစေခြင်းကြောင့်၊ သင်ရိုးညွှန်းတမ်းရေးဆွဲသူတို့၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံနှင့် တန်ဖိုးထားမှုများက လွှမ်းမိုးနေကြောင်း တွေ့ရှိထားပြီး ဖြစ်ပါသည်။ ဗဟိုမှ ရေးဆွဲသော သင်ရိုးကြောင့် ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားကလေးငယ်များသည် ကျောင်းတွင် ပျော်ရွှင်မှုမရှိကြဘဲ၊ မူလတန်းပင် မပြီးမှီ ကျောင်းထွက်ကြပါသည်။

မြန်မာနိုင်ငံကဲ့သို့ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ဘာသာစကား ကွဲပြားသည့် တိုင်းရင်းသားလူမျိုးများ စုပေါင်းနေထိုင်သည့် နိုင်ငံတွင် ဒေသအလိုက် ရေးဆွဲသော သင်ရိုးညွှန်းတမ်းများကို ခွင့်ပြုသင့်ပါသည်။ ဒေသ တခုမှ တခုသို့ ပြောင်းရွှေ့ပညာသင်ယူရာတွင် အခက်အခဲ နည်းပါးစေရန်အတွက် ဒေသအားလုံး ပါဝင် ညှိနှိုင်းရေးဆွဲသော သင်ရိုးညွှန်းတမ်းကျောရိုး (Core Curriculum) လည်း ရှိသင့်ပါသည်။ အဆိုပါ သင်ရိုးညွှန်းတမ်း ကျောရိုးကို အခြေခံ၍ ဒေသအသီးသီးတွင် ဒေသလိုအပ်ချက်နှင့် ကိုက်ညီသော ဒေသ ဆိုင်ရာ အသိဉာဏ်များ (Local Wisdom) ပါဝင်သော သင်ရိုးညွှန်းတမ်းများကို ခွင့်ပြုလျှင် ပြည်နယ် အသီးသီးမှ ကလေးများ၏ ပညာရေးတိုးတက်လာပါမည်။

(၄)    မိခင်ဘာသာစကားအခြေပြု ဘာသာစကား (၃) မျိုးစနစ်ကို အားပေးသင့်  
ပညာရေးမဟာဗျူဟာစီမံကိန်း၏ အခြေခံပညာကဏ္ဍတွင် “တိုင်းရင်းသားဘာသာစကားနှင့် ယဉ် ကျေးမှုကို သင်ယူခွင့်ြ့ပုပြီး တိုင်းရင်းသားဘာသာစကားကို စာသင်ခန်းသုံး ဘာသာစကားအဖြစ် အသုံးပြု ရန် ခွင့်ပြုထားပါသည်” ဟု ဖော်ပြထားပါသည်။ ဤဖော်ပြချက်ကြောင့် တိုင်းရင်းသားဘာသာစကားများ သင်ကြားခွင့်ရှိပြီဟု ပြောဆိုကြသော်လည်း၊ ပညာရေးဝန်ကြီးဌာန၏ လက်တွေ့ဆောင်ရွက်ချက်များမှာ အခက်အခဲများစွာ ရှိနေပါသည်။ ကျောင်းချိန်ပြင်ပတွင်သာ တိုင်းရင်းသားဘာသာစကားသင်ကြားခြင်း၊ မြန်မာဖတ်စာများကို တိုင်းရင်းသားဘာသာများသို့ ပြန်ဆိုသင်ကြားခြင်း၊ သင်ကြားမည့်ဆရာမရှိခြင်း စ သည့် အခက်အခဲများနှင့် ရင်ဆိုင်နေရပါသည်။ ကျောင်းချိန်ပြင်ပသင်တန်းသို့ ကျောင်းသားများ စိတ်ဝင် စားမှုနည်းပါးပါသည်။ တနေ့တာလုံး စာသင်ခဲ့ရသဖြင့် ပင်ပန်းနွမ်းနယ်ခြင်း၊ မိသားစု၏ အလုပ်အကိုင် များကို ကူညိရန်ရှိခြင်း၊ ကျူရှင်တက်ရခြင်းတို့ကြောင့် ညနေသင်တန်းများကို စိတ်ဝင်စားမှုမရှိကြပါ။ သင် ကြားသည့် စာနှင့် အကြောင်းအရာများမှာလည်း မြန်မာဖတ်စာအုပ်ကို ဘာသာပြန်သင်ကြားရသဖြင့် တိုင်း ရင်းသားလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု၊ ဒေသဆိုင်ရာတို့နှင့် အဆက်အစပ်မရှိခြင်းကြောင့်လည်း သင် ယူရန် အခက်အခဲရှိပါသည်။ ထို့ပြင် အစိုးရကျောင်းများတွင် ဆရာခန့်ထားမှုမှာလည်း ဒေသခံများမှ ရွေးချယ်ခွင့် မရှိဘဲ ပညာရေးဝန်ကြီးဌာနမှ တိုက်ရိုက်ခန့်အပ်သဖြင့် ပြည်နယ်များသို့ လာရောက် တာဝန်ယူကြသော ဆရာဆရာမများသည် ဒေသခံဘာသာစကားနှင့် ယဉ်ကျေးမှုများကို နားလည် တတ်ကျွမ်းမှု မရှိကြပါ။

မြန်မာနိုင်ငံကဲ့သို့ ဘာသာစကားများစွာရှိသော နိုင်ငံများတွင် ကျင့်သုံးနေသည့် မိခင်ဘာသာ စကား အခြေပြုဘာသာစကားစုံ ပညာရေး (Mother Tongue Based Multilingual Education) စနစ်ကို အကောင် အထည်ဖော်ပြီး ဒေသခံများမှ ဆရာဆရာမခန့်အပ်မှုတွင် ပါဝင်ခွင့်ရှိလျှင် ပြည်နယ်အသီးသီးရှိ တိုင်းရင်းသား ကလေးငယ်များ၏ ပညာရေးအခွင့်အလမ်း ပိုမိုကောင်းမွန်လာမည်ဖြစ်ပါသည်။ ဘာသာ စကား သင်ကြားမှုဆိုင်ရာ ကျွမ်းကျင်သူများ၏ သုတေသနအရ မိခင်ဘာသာစကား အခြေပြု ဘာသာ စကားစုံ ပညာရေးစနစ်သည် ကလေးများကျောင်းတွင် ပျော်ရွှင်ခြင်း၊ သင်ကြားသင်ယူသော ဘာသာရပ် အသီးသီးကို နားလည်ခြင်း၊ မိမိဘာသာစကား၏ တည်ဆောက်ပုံကို နားလည်သဖြင့် ဒုတိယ၊ တတိယ ဘာသာစကားများ သင်ယူရန် လွယ်ကူခြင်း စသည့် အကျိုးကျေးဇူးများရရှိပါသည်။

“ဘာသာစကား ၁၃၅ မျိုးဘယ်လိုသင်မလဲ” ဟု စိုးရိမ်ကြသူများအတွက် နည်းလမ်းများရှိပါသည်။ ပြည်နယ်အသီးသီးရှိ ကျေးလက်နှင့် တောင်ပေါ်ဒေသများသည် ဘာသာစကားတူသူ လူမျိုးများသာ ကျေးရွာများတွင် စုပေါင်းနေထိုင်လေ့ရှိပါသည်။ ကလေးများတတ်ကျွမ်းသည့် ကျေးရွာသုံး ဘာသာစကား ကို မိခင်ဘာသာစကားအဖြစ် ရွေးချယ်၍ မိခင်ဘာသာစကား၊ မြန်မာဘာသာစကားနှင့် အင်္ဂလိပ်ဘာသာ စကား တို့ကို ကျောင်းသုံးဘာသာစကားများအဖြစ် သတ်မှတ်နိုင်ပါသည်။ မြို့ကြီးများတွင် နေထိုင်ကြသည့် တိုင်းရင်းသား  ကလေးငယ်များသည် များသောအားဖြင့် မြန်မာစကားတတ်ကျွမ်းပြီးဖြစ်၍၊ မြန်မာဘာသာ စကားကို မိခင်ဘာသာစကားအဖြစ် သတ်မှတ်နိုင်ပါသည်။ ဥပမာ – အင်းစိန်မြို့ရှိ ရပ်ကွက်တခုတွင် ကရင် တိုင်းရင်းသားများနှင့် ဗမာတိုင်းရင်းသားများ နေထိုင်ကြလျှင် အဆိုပါရပ်ကွက်ရှိ မူလတန်းကျောင်းတွင် မိခင်ဘာသာစကား (မြန်မာ)၊ ဒုတိယဘာသာစကား (ကရင်) နှင့် တတိယဘာသာစကား (အင်္ဂလိပ်) တို့ကို သင်ကြားသည့် ဘာသာစကား (၃) မျိုး စနစ်ကိုလည်း သုံးနိုင်ပါသည်။

စာသင်ကျောင်းတခုအတွက် မိခင်ဘာသာစကားကို ရွေးချယ်သတ်မှတ်ရာတွင် သက်ဆိုင်ရာ ကျောင်းမှ ဆရာဆရာမများ၊ ကျောင်းသားမိဘများနှင့် ရပ်ရွာမှ ပညာရေးဆောင်ရွက်သူများ ညှိနှိုင်းတိုင်ပင် ဆုံးဖြတ်သည့် ကျောင်းအခြေပြုစီမံခန့်ခွဲခွင့်ရှိသင့်ပါသည်။ ဆရာဆရာမများခန့်အပ်ရာတွင်လည်း ဗဟိုမှ ခန့်အပ်သည့် စနစ်အစား သက်ဆိုင်ရာ ဆရာဆရာမနှင့် ဒေသခံများ၏ ရွေးချယ်ခွင့်လည်း ရှိသင့်ပါသည်။ မိခင်ဘာသာစကားအခြေပြု ဘာသာစကားစုံပညာရေးသည် ကလေးများ၏ သင်ယူမှုကို အားပေးရာ ရောက်ပါသည်။ ပညာရေးတွင် ဒေသခံတို့၏ ပါဝင်ခွင့်ပိုမိုရရှိခြင်း၊ ဘာသာစကားနှင့် ယဉ်ကျေးမှုတို့ကို လေးစားတန်ဖိုးထားခြင်းသည် ငြိမ်းချမ်းရေးအတွက် အထောက်အကူဖြစ်သည်ဟု ယုံကြည်ပါသည်။

(၅) အဆုံးသတ်စာမေးပွဲများ လွှမ်းမိုးနေဆဲ
အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း၏ ပညာရည်စစ်ဆေးအကဲဖြတ်ခြင်းနှင့် စာမေးပွဲများ ကျင်းပခြင်းကဏ္ဍတွင် အကြောင်းအရာအချက်အလက်များကို အလွတ်ကျက်မှတ်ဖြေဆိုရသော စာမေးပွဲ စနစ်မှ ကျောင်းသားများ၏ ကျွမ်းကျင်မှုနှင့် ပညာရည်ဖွံ့ဖြိုးတိုးတက်မှုတို့ကို တိုင်းတာသော စာမေးပွဲစနစ် ပြုပြင်ပြောင်းလဲမည်ဟု ဖော်ပြထားသည်။ သို့ရာတွင် စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာလုပ်ငန်းစဉ်များသည် သင်ယူမှု၏ အဆုံးသတ်တွင် စစ်ဆေးသော စာမေးပွဲများကိုသာ ရည်ညွှန်းထားသည်ကို တွေ့ရသည်။ ပညာ ရေးဝန်ကြီးဌာန၏ တာဝန်ရှိသူတဦးက စစ်ဆေးအကဲဖြတ်ခြင်းနှင့် ပတ်သက်၍ အခန်းဆုံးစစ်ဆေးခြင်း များနှင့် လပတ်စာမေးပွဲရမှတ်များကို ပေါင်းပြီး အမှတ် (၈၀) အထက်ရလျှင် (A)၊ အမှတ် (၆၀) နှင့် (၈၀) ကြားတွင်ရ လျှင် (B)၊ အမှတ် (၆၀) အောက်ရလျှင် (C) စသည်ဖြင့် သတ်မှတ်မည်ဖြစ်ကြောင်း မကြာသေး ခင်က ရှင်းလင်းပြောကြားခဲ့သည်။ ဤစစ်ဆေးနည်းနှင့် အမှတ်ပေးနည်းများသည် အဆုံးသတ်စစ်ဆေးခြင်း (Summative Assessment) အမျိုးအစားသာဖြစ်သည်။ အဆုံးသတ်စစ်ဆေးခြင်းသည် သင်ပြီးသမျှ ဘယ် လောက် ရသွားသည် (ဘယ်လောက်မှတ်မိသည်) ကိုသာ တိုင်းတာခြင်း (Assessment of Learning)  သာဖြစ်သည်။ ပြောင်းလဲကျင့်သုံးသင့်သည့် စစ်ဆေးနည်းအမျိုးအစားများမှာ သင်ယူမှုကို အားပေးရန် စစ်ဆေးခြင်း (Assessment for Learning) နှင့် စစ်ဆေးမှုနှင့် သင်ယူမှုထပ်တူဖြစ်ခြင်း (Assessment as Learning) တို့ဖြစ်သည်။

စစ်ဆေးနည်းစနစ်များကို ပြောင်းလဲနိုင်ရန်အတွက် သင်ရိုးညွှန်းတမ်းနှင့် သင်ကြား/သင်ယူ နည်း စနစ်များကိုလည်း ပြောင်းရပါမည်။ သင်ရိုးညွှန်းတမ်းကို ယခုလက်ရှိ အချက်အလက်ပေးသော သင်ရိုးညွှန်း တမ်း အမျိုးအစား (Content Based) မှ ကျွမ်းကျင်မှုကို ပေးသော သင်ရိုးညွှန်းတမ်း (Competence Based) သို့ ပြောင်းရပါမည်။ သင်ကြား/သင်ယူနည်းစနစ်များကိုလည်း မှတ်စုပေး၊ အလွတ်ကျက်၊ အလွတ်ဖြေနည်းစနစ် အစား တင်ကြွစွာသင်ယူခြင်းနှင့် စဉ်းစားဆင်ခြင်ခြင်း (Active Learning and Critical Thinking) ရပ်ရွာအခြေပြု ကျောင်းပြင်ပတွင်သင်ယူခြင်း (Community Based Learning)၊ ရပ်ရွာအကျိုးပြုလုပ်ငန်းများတွင် ပါဝင်ခြင်းဖြင့် သင်ယူခြင်း (Service Learning)၊ စူးစမ်းလေ့လာ သင်ယူ ခြင်း (Enquiry Based Learning)၊ စီမံချက်များရေးဆွဲအကောင်အထည်ဖော်ခြင်းဖြင့် သင်ယူခြင်း (Project Based Learning) စသည်တို့ကို ပြောင်းလဲ ကျင့်သုံးမှသာ အဆိုပါ သင်ယူမှုများကို အထောက် အကူပြုသော စစ်ဆေးနည်းများကို အသုံးပြုနိုင်ပါမည်။

ထို့ပြင် တက္ကသိုလ်ဝင်ခွင့်ကိုလည်း ဆယ်တန်းအောင်မှတ်ဖြင့် ကန့်သတ်သည့်စနစ်ကို ပြင်သင့်ပါ သည်။ တက္ကသိုလ်အလိုက် ၀င်ခွင့်စနစ်ထားရှိပြီး၊ ကျောင်းသားများ ၀ါသနာပါရာဘာသာရပ်ကို ရွေးချယ် ခွင့်ရှိသင့်ပါ သည်။

(၆) ဆရာဆရာမများ၏ လွတ်လပ်ခွင့်ဆုံးရှုံးနေဆဲ
ပညာရေးမဟာဗျူဟာစီမံကိန်း၏ ဆရာဆရာမများကဏ္ဍတွင် ဆရာဆရာမများ ရာထူးတိုးမှုနှင့် ပတ်သက်၍ ယခင်က လုပ်သက်ပေါ်မူတည်၍ မူလတန်းပြမှ အလယ်တန်းပြ၊ အထက်တန်းပြ  အဆင့်ဆင့် ရာထူး တိုးမြှင့်သည့်စနစ်မှ စွမ်းဆောင်ရည်ပေါ်မူတည်၍ ရာထူးတိုးသည့်စနစ်သို့ ပြောင်းလဲမည် ဖြစ် ကြောင်း ဖော်ပြထားသည်။ ဤအချက်နှင့်ပတ်သက်၍ ပညာရေးဝန်ကြီးကလည်း စွမ်းဆောင်ရည် နည်း သည့် ဆရာ၊ဆရာမများကို ဝေးဝေးကိုပြောင်းရွှေ့မည်ဟု မကြာသေးခင်က မိန့်ခွန်းတခုတွင် ထည့်သွင်း ပြောကြားခဲ့သည်။ ညံ့သည်ဆရာ၊ ဆရာမများကို ဝေးလံခေါင်းဖျားဒေသနှင့် ပြည်နယ်များသို့ စေလွှတ် မည်ဟု အဓိပ္ပာယ်ရ၍ အဆိုပါဒေသများသည် ဆရာညံ့များနှင့်သာ ထိုက်တန်သည်ဟု ဆိုလိုရာရောက် သဖြင့် ဝေဖန်မှုများကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့သည်။

ပညာရေးမဟာဗျူဟာစီမံကိန်းဖော်ပြချက်နှင့် ၀န်ကြီး၏သဘောထားတို့သည် ဆရာ ဆရာမများ နှင့် ပတ်သက်သမျှ ဗဟိုကသာ ဆုံးဖြတ်မည့်အချက်မှာ ထင်ရှားပေါ်လွင်လျက်ရှိသည်။ ဆရာ ဆရာမများ၏ လွတ်လပ်ခွင့်များ ဆုံးရှုံးလျက်ရှိသည်။ ဆရာ ဆရာမတဦးသည် မိမိအလုပ်လုပ်လိုသည့် ဒေသနှင့် ကျောင်းကို ကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်မှုရှိသင့်သည်။ သက်ဆိုင်ရာဒေသနှင့် ကျောင်းများမှလည်း မိမိတို့ ဒေသ/ကျောင်းတို့၏ လိုအပ်ချက်နှင့်ကိုက်ညီမည့် ဆရာ၊ဆရာမများကို ရွေးချယ်ခန့်ထားနိုင်ခွင့် ရှိသင့် သည်။ ဆရာ၊ဆရာမများ၏ အလုပ်အကိုင်နေရာရွေးချယ်မှုကို ဗဟိုချုပ်ကိုင်မှုမပြုသင့်ပါ။

ထို့ပြင် သင်ကြားလိုသည့်ပညာရေးအဆင့် (မူ/လယ်/ထက်) နှင့် ဘာသာရပ်နယ်ပယ်ကိုလည်း ဆရာအတတ်ပညာ ကောလိပ်တက်ရောက်စဉ်ကတည်းက မိမိနှစ်သက်ရာကို ရွေးချယ်စေသင့်သည်။ ပညာရေးအဆင့် အသီးသီးရှိ ဆရာ ဆရာမများကိုလည်း တန်းတူတန်ဖိုးထားသင့်သည်။

(၇) ကျောင်းသားသမဂ္ဂမျာ လွတ်လပ်စွာဖွဲ့စည်းခွင့်မရသေး
ပညာရေးဝန်ကြီးဌာန၏ ပညာရေးမဟာဗျူဟာစီမံကိန်းတွင် ကျောင်းသားသမဂ္ဂများ ဖွဲ့စည်းရန် ကိစ္စ ပါဝင်ခြင်းမရှိပါ။ မဟာဗျူဟာစီမံကိန်း၏ အဆင့်မြင့်ပညာကဏ္ဍတွင် တက္ကသိုလ်ပဋိဥာဉ် ရေးဆွဲရန် အတွက် လုပ်ငန်းစဉ်တခုအနေဖြင့်သာ ထည့်သွင်းထားသည်။ အမျိုးသားပညာရေးဥပဒေ (၂၀၁၄) နှင့် ပြင်ဆင်သည့်ဥပဒေ (၂၀၁၅) တို့တွင် ကျောင်းသားသမဂ္ဂများကို တက္ကသိုလ်ပဋိဥာဉ်နှင့်အညီ ဖွဲ့စည်းရန် ပါဝင်သည်။ သို့ရာတွင် တက္ကသိုလ်ပဋိဥာဉ်များ မရှိသေးပါ။ ၅-နှစ် စီမံကိန်းအတွင်း ရေးဆွဲရန်အတွက် လုပ်ငန်းစဉ်အဖြစ်သာ ဖော်ပြထားသည်။

ဤကဲ့သို့ ကျောင်းသားသမဂ္ဂများ တရားဝင်ဖွဲ့စည်းရန်အတွက် တိကျသေချာသော ဥပဒေ ပြဋ္ဌာန်း ခြင်း မရှိသေးပဲ ရန်ကုန်တိုင်းအစိုးရနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူကြီးတချို့က ကျောင်းသားသမဂ္ဂ အဆောက်အဦကို ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အဦနေရာဟောင်းတွင် ဆောက်လုပ် ရန် ၂၀၁၇ ဖေဖော်ဝါရီလအတွင်းက ကြိုးပမ်းခဲ့ကြသည်။ ၁၉၆၂ တွင် ဗိုလ်ချုပ်နေ၀င်းခေါင်းဆောင်သည့် စစ်တပ်က အာဏာသိမ်းယူခဲ့ပြီးနောက် ကျောင်းသားသမဂ္ဂအဆောက်အဦကို မိုင်းခွဲဖျက်ဆီးခဲ့သည်။ ကျောင်းသားများစွာသေဆုံး ဒဏ်ရာရကြပြီး၊ အများအပြားဖမ်းဆီးခံခဲ့ကြရသည်။ စစ်အုပ်ချုပ်ရေးကာလ တလျှောက် ကျောင်းသားများက စစ်အာဏာရှင်စနစ်ကို ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြကျောင်းသား များစွာ ဖမ်းဆီး၊ ထောင်ချ၊ ကျောင်းထုတ်ခံကြရသည်။

နယ်ချဲ့ဆန့်ကျင်ရေး၊ လွတ်လပ်ရေး၊ ဒီမိုကရေစီရေး နှင့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး တိုက်ပွဲ များတွင် ပါဝင်ခဲ့သည့် သမိုင်းတန်းဖိုးကြီးမားလှသည့် ကျောင်းသားသမဂ္ဂ၏ အခန်းကဏ္ဍကို မျက်ကွယ် ပြု၍မရပါ။ အာဏာရပါတီနှင့် အစိုးရတို့အနေဖြင့် တိုက်ပွဲဝင်ကျောင်းသားမျိုးဆက်များနှင့် ကျယ်ကျယ် ပြန့်ပြန့် ဆွေးနွေးတိုင်ပင်ခြင်းမရှိဘဲ၊ ကျောင်းသားသမဂ္ဂအဆောက်အဦကိစ္စကို အလျင်စလို မဆုံးဖြတ်သင့် ပါ။ ကျောင်းသားများ၏ အသက်များ၊ ဘ၀များ၊ ဆုံးရှုံးပျက်စီးခံခဲ့ကြရသည့် သမိုင်းအဖြစ်အပျက်များကို အလေးအနက်ပြု၍ ကျောင်းသားများအစဉ်တစိုက် တောင်းဆိုခဲ့ကြသည့် ကျောင်းသားသမဂ္ဂများ လွတ် လပ်စွာ ဖွဲ့စည်းခွင့်ကို ဦးစွာဆောင်ရွက်သင့်ပါသည်။

(၈) မသန်စွမ်းကလေးငယ်များ ပညာသင်ကြားခွင့်တန်းတူမရှိသေး
မသန်စွမ်းကလေးငယ်အားလုံး ပညာသင်ကြားခွင့် အခွင့်အလမ်း အညီအမျှရရှိရန်အတွက် မည် သည့် ကျောင်းတွင်မဆို တက်ရောက်သင်ယူခွင့်ရှိသည့် ဥပဒေပြဋ္ဌာန်းရန်လိုအပ်ပါသည်။ အမျိုးသား ပညာရေးဥပဒေ တွင်လည်းကောင်း၊ ပြင်ဆင်သည့် ဥပဒေတွင်လည်းကောင်း၊ ပညာရေး မဟာဗျူဟာ စီမံကိန်းတွင်လည်းကောင်း၊ အထူးကျောင်းများကိုသာဦးစားပေးထားသည်ကို တွေ့ရသည်။ အထူးကျောင်း မရှိသောဒေသမှ မသန်စွမ်း ကလေးများအဖို့ ကျောင်းနေခွင့်ရရန် ခက်ခဲလျက်ရှိပါသည်။ မသန်စွမ်း ပညာရေးအဖွဲ့များ၏ လေ့လာတွေ့ရှိ ချက်အရ၊ ယမန်နှစ်ကျောင်းဖွင့်ရာသီတွင် မသန်စွမ်းကလေးများကို ကျောင်းများမှလက်ခံရန် ငြင်းပယ်သည့် အဖြစ်အပျက်များ များစွာရှိကြောင်းသိရှိရသည်။

ပညာရေးမဟာဗျူဟာစီမံကိန်းတွင် ရှေ့ပြေးစမ်းသပ်သည့်ကျောင်းများ၌ မသန်စွမ်းကလေးများ သွားနိုင်ရန် လမ်းများ ထည့်သွင်းဆောက်လုပ်ရန်၊ ဆရာ ဆရာမများကို သင်တန်းပေးရန်၊ ဆရာအတတ် သင်ကောလိပ်များတွင် မသန်စွမ်းကလေးများနှင့်ပတ်သက်၍ ထည့်သွင်းသင်ကြားရန်တို့ကို လုပ်ငန်းစဉ် အနေဖြင့် ထည့်သွင်းထားသည်ကိုတွေ့ရပါသည်။ သို့ရာတွင် မသန်စွမ်းကလေးများ မည်သည့်ကျောင်းမဆို တက်ရောက်နိုင်သည့် မူဝါဒနှင့်ဥပဒေပြဋ္ဌာန်းခြင်းမရှိသေးပါ။ ဥပဒေပြဋ္ဌာန်းခြင်းမရှိသေးသဖြင့် မသန်စွမ်း ကလေးများကို ကျောင်းများက အလွယ်တကူငြင်းပယ်လေ့ရှိပါသည်။ ထို့ပြင် မသန်စွမ်းကလေးများ အတွက် လေ့ကျင့်ထား သည့် ဆရာမရှိသေးသဖြင့်လည်း၊ မသန်စွမ်းကလေးများကို ငြင်းပယ်ခြင်းလည်း ဖြစ်နိုင်ပါသည်။ မြို့နယ်အလိုက် ကျောင်းတကျောင်းလျှင် အနည်းဆုံး ဆရာ၊ဆရာမ တဦးစီကိုဖိတ်ခေါ်၍ သင်တန်းများပို့ချပြီး လာမည့်စာသင်နှစ်တွင် မသန်စွမ်းကလေးများ မည်သည့်ကျောင်းမဆို တက်ရောက် နိုင်သည့် အခွင့်အလမ်းများ ဖန်တီးပေးသင့်ပါတယ်။

(၉) ဗဟိုမှချမှတ်သည့် အရည်အသွေးသည် ဒေသဆိုင်ရာနှင့် ကိုက်ညီမှုမရှိနိုင်
‘ပညာရေးဝန်ကြီးဌာန အရည်အသွေးအာမခံမှုစနစ်’ ကို မဟာဗျူဟာမြောက် တွန်းအားအဖြစ် အမျိုးသား ပညာရေးမဟာဗျူဟာစီမံကိန်းတွင် ထည့်သွင်းထားပါသည်။ ပညာရေးအရည်အသွေးကို ဗဟိုမှ ချမှတ် တိုင်းတာခြင်းသည် ဒေသဆိုင်ရာ၊ လူမျိုးဆိုင်ရာနှင့်တဦးချင်းဆိုင်ရာ လိုအပ်ချက်များနှင့် ကိုက်ညီမှု မရှိပါ။ မြန်မာနိုင်ငံ ပညာရေးတွင် လက်ရှိတိုင်းတာနေသောစနစ်မှာ အမှတ်များများ၊ ဂုဏ်ထူးများများ ပါ သော ကျောင်းသားအရည်အသွေးရှိသည်၊ အောင်ချက်ရာခိုင်နှုန်းများသောကျောင်း အရည်အသွေးရှိသည် ဟု ထင်မှတ်နေကြပါသည်။ အလွတ်ကျက်၊ အလွတ်ဖြေ၊ ခိုးချ၊ မသာမှုများစွာရှိသော စာမေးပွဲစနစ်ဖြင့် ကျောင်းသားများ၏ အရည်အသွေးကိုလည်းကောင်း၊ ဆရာ၊ဆရာမများ၏ အရည်အသွေးကိုလည်းကောင်း တိုင်းတာ၍မရနိုင်ပါ။

အရည်အသွေးဆိုင်ရာစံများကို တစုံတဦး (သို့မဟုတ်) တစုတဖွဲ့ကသတ်မှတ်လျှင် ထိုပုဂ္ဂိုလ် တို့၏ တန်ဖိုးထားမှုများကသာ လွှမ်းမိုးနေပြီး အခြားသူများ၏ တန်ဖိုးထားမှုများနှင့် ကိုက်ညီမှု မရှိနိုင်ပါ။ ထို့ကြောင့် အရည်အသွေးစံသတ်မှတ်ရာတွင် သက်ဆိုင်သူအားလုံး ပါဝင်ရန်လိုအပ်ပါသည်။ ကျောင်းသား များ၊ ဆရာများ၊ မိဘများ၊ ပညာရှင်များ၏ အရည်အသွေးဆိုင်ရာ အမြင်သဘောထားကို ရယူသင့်ပါသည်။ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ယုံကြည်မှုနှင့် တန်ဖိုးထားမှု ကွဲပြားသူများ၏ အမြင်များလည်း ထည့်သွင်းပါဝင် သင့်ပါသည်။

ယေဘုယျအနေဖြင့် အရည်အသွေးကို ရှုထောင့်မျိုးစုံမှကြည့်မြင်သင့်ပါသည်။ ကလေး၏ဉာဏ်ရည် ဉာဏ်သွေးတခုတည်းအပေါ် တိုင်းတာခြင်းသည် မပြည့်စုံပါ။ ကလေး၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ အစရှိသည့် ဘက်စုံဖွံ့ဖြိုးမှုကိုလည်း တိုင်းတာသင့်ပါသည်။ ထို့ပြင် ပညာရေး၏မဏ္ဍိုင်လေးရပ် (Four Pillars of Education) ဖြစ်သော အသိဉာဏ်မြင့်မားရေး (Learning to Know) ၊ အသုံးချစွမ်းရည်ရရှိရေး (Learning to Do)၊ ကျောင်းသား၏ဘ၀ရည်မှန်းချက်ကို ဖြည့်ဆည်းနိုင်ရေး (Learning to Be) နှင့် ပညာ ရေးအားဖြင့် မတူကွဲပြားမှုရှိသူများ ငြိမ်းချမ်းစွာ အတူတကွနေထိုင်နိုင်ရေး (Learning to Live Together) တို့ကိုလည်း အခြေခံထားသင့်ပါတယ်။

ထို့ပြင် ပညာရည်စစ်ဆေးတိုင်းတာမှု (Quality Assurance) ကို လွတ်လပ်သောပညာရှင်များဖြင့် ဆောင် ရွက်သင့်ပါသည်။ ဟာကွက်မရှိအောင် စဉ်းစားထားသော အရည်အသွေးဆိုင်ရာစံများကို စုပေါင်း ချမှတ်၍ အဂတိကင်းရှင်းစွာ တိုင်းတာသင့်ပါသည်။ ပညာရေးအရည်အသွေးတိုင်းတာမှုကို ပညာရေး အဆင့်အသီးသီးနှင့် ဒေသအသီးသီး၊ ကျောင်းအသီးသီးတွင် ထိထိရောက်ရောက် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သင့်ပါသည်။ ပညာရေးအရည်အသွေးတိုင်းတာမှုအတွက် ကုန်ကျစရိတ်ကို နိုင်ငံတော်ဘဏ္ဍာ မှ ကျခံသင့်ပါသည်။

(၁၀) အကြံပြုချက်များ
မြန်မာနိုင်ငံပညာရေး အောင်မြင်စွာ ပြုပြင်ပြောင်းလဲနိုင်ရေးအတွက် အောက်ပါအချက်များကို အကြံပြု အပ်ပါသည်။

o   ပညာရေးမူဝါဒနှင့် ဥပဒေများရေးဆွဲရာတွင် ပညာရေးလုပ်ငန်းများဆောင်ရွက်နေသည့် လူထုအဖွဲ့ အစည်းများ ပါဝင်ခွင့်ရှိသင့်သည်။ အကောင်အထည်ဖော်သည့်ကဏ္ဍတွင်လည်း အစိုးရပညာရေးဌာန များနှင့် လူထုအဖွဲ့အစည်းများ ညှိနှိုင်းဆောင်ရွက်သင့်သည်။ အစိုးရတာဝန်မယူနိုင်သေးသည့်ကဏ္ဍ များတွင် လူထုအဖွဲ့အစည်းများမှ ပါဝင်ဆောင်ရွက်နိုင်ပြီး၊ လူထုလိုလားချက်များကိုလည်း အစိုးရသို့ တင်ပြနိုင်ပါသည်။

o   မြန်မာနိုင်ငံ၏ ပညာရေးမူဝါဒသည် ဖက်ဒရယ်နိုင်ငံရေးစနစ်ကို ဦးတည်သည့် ပညာရေးလွတ်လပ်ခွင့် ရှိသင့်ပါသည်။ တိုင်းရင်းသားလူမျိုးများ စုပေါင်းနေထိုင်သည့် နိုင်ငံဖြစ်သည့်အလျှောက် လူမျိုးအသီး သီး၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ဒေသအလိုက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များရှိသင့်သည်။ ထို့ပြင် ဌာနေတိုင်း ရင်းသားများနှင့် လူထုအဖွဲ့အစည်းများက တည်ထောင်ထားသော ကျောင်းများနှင့် အစိုးရပညာရေး ဋ္ဌာနတို့ တွေ့ဆုံညှိနှိုင်းပြီး၊ အဆိုပါ ကျောင်းများကို တရားဝင်အသိအမှတ်ပြုနိုင်ရေးအတွက် စတင် ဆောင်ရွက်သင့်ပါသည်။

o   ဒေသအလိုက်ရေးဆွဲသော သင်ရိုးညွှန်းတမ်းများကို ခွင့်ပြုသင့်သည်။ သို့မှသာ ဒေသခံတို့၏ ယဉ်ကျေး မှု၊ ဓလေ့ထုံးစံ၊ တန်ဖိုးထားမှုများ၊ သမိုင်းအစဉ်အလာများနှင့် သက်ဆိုင်ရာလူမျိုးအသီးသီး၏ ပညာ ဉာဏ်များ (Local Wisdom) လေ့လာသင်ယူနိုင်ပါမည်။ သို့ရာတွင် ဒေသတခုနှင့်တခု ကလေးများ ကျောင်းပြောင်းရွှေ့ သင်ယူရာတွင် လွယ်ကူရန် ဘုံရည်မှန်းချက်များ ပါဝင်သော သင်ရိုးညွှန်းတမ်း (Core Curriculum) တခုလည်း ရှိသင့်ပါသည်။

o   မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးများစွာ စုပေါင်းနေထိုင်သည့် နိုင်ငံဖြစ်သည့်အလျှောက် မိခင် ဘာသာစကား အခြေပြုဘာသာစကား (၃) မျိုးစနစ်ကျင့်သုံးသင့်ပါသည်။ ကလေးများ ကျောင်းနေ ပျော်ပြီး ပညာရပ်များသင်ယူနိုင်ပါမည်။ မိခင်ဘာသာစကား၊ မြန်မာဘာသာစကားနှင့် အင်္ဂလိပ်ဘာသာ စကား (၃) မျိုးစလုံး ကျွမ်းကျင်စွာ တတ်မြောက်နိုင်သည့်စနစ် ဖြစ်ပါသည်။

o   မြန်မာနိုင်ငံ ဒေသအသီးသီးတွင် လူတိုင်းအကျုံးဝင်၍ (inclusive) ရာသက်ပန်သင်ယူနိုင်မှု (lifelong learning) ကို အားပေးသည့် အရည်အသွေးပညာရေး (quality) ကို ကလေးတိုင်း အညီအမျှ (equity) ရရှိစေရန် ဆောင်ရွက်သင့်သည်။ သင်ကြားနည်းစနစ်များ နှင့် စစ်ဆေးသည့် နည်းစနစ် များကိုလည်း ပြုပြင်သင့်သည်။ ကျောင်းသားများကိုယ်တိုင် အားထုတ်သင်ယူ၍ စဉ်းစားဆင်ခြင်မှုကို မြှင့်တင်သည့် သင်ကြားသင်ယူမှုများကို အားပေးသင့်သည်။ အလွတ်ကျက်မှတ်ဖြေဆိုရသည့် စာမေး ပွဲများအစား ကျောင်းသားများ၏သင်ယူမှုကို အားပေးမြှင့်တင်သည့် စစ်ဆေးနည်းများကို အသုံးပြုသင့် သည်။ တက္ကသိုလ်ဝင်ခွင့်စနစ်ကိုလည်း ပြုပြင်သင့်သည်။

o ဆရာဆရာမများ၏ အရည်အသွေးမြင့်မားရေးကိုလည်း ဦးစားပေးဆောင်ရွက်သင့်သည့် အခြား အသက်မွေးဝမ်းကျောင်းများ၏ လစာထက် မနိမ့်သော လုံလောက်သည့်လစာ ချီးမြှင့်သင့်သည်။ ဆရာ ဆရာမများ စိတ်ဝင်စားသည့် ပညာရေးကဏ္ဍနှင့် ဘာသာရပ်များ ရွေးချယ်ခွင့်နှင့် အလုပ်အကိုင်နေရာ ရွေးချယ်ခွင့်များ ရှိသင့်သည်။

o   မြန်မာနိုင်ငံသမိုင်းတွင် အစဉ်အလာကြီးမားသော ကျောင်းသားများ၏ အခန်းကဏ္ဍကို အလေးအနက် ထားသင့်သည်။ ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာဖွဲ့စည်းခွင့် ရှိသင့်သည်။

o   မသန်စွမ်းကလေးငယ်များ၏ ပညာရေးကိုလည်း ကျန်းမာရေးရှုထောင့်တမျိုးတည်းမှ ရှုမြင်ခြင်းထက် လူမှုရေးရှုထောင့်၊ ယဉ်ကျေးမှုရှုထောင့် အစရှိသည့် ရှုထောင့်အသီးသီးမှ ရှုမြင်၍ ကလေးအားလုံးနှင့် တန်းတူ မည်သည့်ကျောင်း၊ မည်သည့်ဘာသာရပ်၊ မည်သည့်ဒေသမဆို ပညာသင်ယူနိုင်မည့် အခွင့် အလမ်းများ ဖန်တည်းပေးသင့်သည်။ မသန်စွမ်းကလေးများသည် ကလေးအားလုံးနှင့်တန်းတူ အရည် အသွေးရှိသော ပညာရရှိရေး အတွက် လိုအပ်သောထောက်ပံ့ကူညီမှုများ ပေးသင့်သည်။

o   ပညာရေးအရည်အသွေး (Quality Assurance) တိုင်းတာရာတွင် အရည်အသွေးဆိုင်ရာစံများကို ဗဟို မှ ချမှတ်ခြင်းထက် ပညာရေးနှင့်သက်ဆိုင်သူအားလုံး ဒေသအားလုံး ပါဝင်ချမှတ်သည့် အရည်အသွေး စံ များဖြစ်သင့်သည်။ အရည်အသွေးကိုရှုမြင်ရာတွင် စီးပွားရေးတိုးတက်မှုအပြင် တခုသာမဖြစ်စေဘဲ၊ လူသား ဖွံ့ဖြိုးရေးဆိုင်ရာ အရည်အသွေးများ ပါဝင်သင့်သည်။

နိဂုံး။
မြန်မာနိုင်ငံ၏ ပညာရေးစနစ်သည် နိုင်ငံသားအားလုံး၏ ဘုံရည်မှန်းချက် (Common Goal) ကို ဦးတည်သင့်သည်။ အထူးသဖြင့် မြန်မာနိုင်ငံတွင် စုပေါင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးအသီးသီး၏ ရည် မှန်းချက်များထည့်သွင်း ပါဝင်သင့်သည်။

နိုင်ငံခေါင်းဆောင်တဦး (သို့မဟုတ်) အစိုးရတရပ်သည် မိမိ၏ပညာရေးရည်မှန်းချက်နောက်သို့ နိုင်ငံသားအားလုံး၊ တိုင်းရင်းသားလူမျိုးများအားလုံးကို လိုက်စေခြင်းသည်၊ လူမျိုးများ၏ လိုအပ်ချက်၊ နိုင်ငံ သားများ၏ လိုအပ်ချက်နှင့် ကိုက်ညီမှုမရှိနိုင်ပါ။ နိုင်ငံခေါင်းဆောင် (သို့မဟုတ်) အစိုးရ၏ ဆောင်ရွက် ချက်များသည် (နိုင်ငံသားများကိုချစ်၍ ဆောင်ရွက်သည်ဖြစ်စေ) အများ၏ ဆန္ဒနှင့် ထပ်တူမကျနိုင်ပါ။ မိသားစုတခုအတွင်း၌ပင် မိဘက သားသမီး၏ ဆန္ဒမပါဘဲ ဆူပူကြိမ်းမောင်းရိုက်နှက်၍ ကျောင်းသွားခိုင်း ခြင်းသည် သားသမီးကိုချစ်၍ ဆောင်ရွက်သည်ဆိုစေကာမူ၊ မိဘက သူ၏ဆန္ဒကိုသာ  ဦးစားပေးလုပ် ဆောင်ခြင်းဖြစ်သည်။ သားသမီး ကျောင်းမသွားလိုသည့် အခြေအနေအကြောင်းခြင်းရာကို လေ့လာစူးစမ်း မေးမြန်းသင့်သည်။ ကျောင်းတွင် မတရားအနိုင်ကျင့်ခံနေရသလား၊ ခွဲခြားဆက်ဆံခြင်းခံရသလား၊ ဘာသာ စကားအခက်အခဲရှိလား စသည်ဖြင့် သိအောင်လုပ်ပြီးမှသာ မိမိသားသမီးပျော်ပျော်ရွှင်ရွှင် ကျောင်းသွားနိုင် အောင် ဆောင်ရွက်ပေးသင့်သည်။

ပညာရေးတွင်လည်း နိုင်ငံသားများ၊ တိုင်းရင်းသားလူမျိုးများ၏ အတွေ့အကြုံခံစားချက်နှင့် ဆန္ဒ များကို သိရှိအောင်လုပ်ပြီးမှသာ မူဝါဒများ၊ ဥပဒေများ၊ အကောင်အထည်ဖော်မှုများ ဆောင်ရွက်သင့်သည်။ အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်းကိုလည်း နိုင်ငံသားများ၊ တိုင်းရင်းသားများနှင့် ဆွေးနွေးတိုင်ပင် ညှိနှိုင်းပြီးမှသာ ရေးဆွဲသင့်သည်။ အစိုးရနှင့်တကွ တိုင်းရင်းသားလူမျိုးများ၊ နိုင်ငံသားများ၏ ပညာရေး ဘုံရည်မှန်းချက်ကို ဦးတည်သော ပညာရေးမူဝါဒများချမှတ်ရန် အကြံပြုအပ်ပါသည်။

လေးစားစွာဖြင့်
ဒေါက်တာသိန်းလွင် (NNER)
၂၀၁၇ မတ်လ (၁၀) ရက်။

အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း (NESP) စာအုပ်များကို မြန်မာနိုင်အစိုးရ ပြန်ကြားရေးဝန်ကြီးဌာန Website အင်တာနက် စာမျက်နှာတွင် ရယူ ဖတ်ရှုနိုင်ပါသည်။

http://www.moe.gov.mm/?q=nesp-2016-2021


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မှတ်စုမှတ်တမ်း

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်