ထွန်းဝင်းငြိမ်း ● NCA က ငြိမ်းချမ်းရေးနဲ့ ၂ဝဝ၈ ပြင်ရေးကို အာမခံဖို့ လိုပါတယ်

March 19, 2017

ထွန်းဝင်းငြိမ်း ● NCA က ငြိမ်းချမ်းရေးနဲ့ ၂ဝဝ၈ ပြင်ရေးကို အာမခံဖို့ လိုပါတယ်
(မိုးမခ) မတ် ၁၉၊ ၂၀၁၇

● ငြိမ်းချမ်းရေးဆိုတာ
ငြိမ်းချမ်းရေးကို အဓိပ္ပါယ်ဖွင့်ဆိုတဲ့အခါ နိုင်ငံတိုင်းရဲ့သမိုင်းကြောင်းနဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံပေါ်မူတည်ပြီး ကွဲပြားကြပေမယ့် အတူတကွ ယှဉ်တွဲနေထိုင်မှု၊ တည်ငြိမ်အေးချမ်းမှု၊ ထိပ်တိုက်ရင်ဆိုင်အင်အားသုံးခြင်းမှ ကင်းဝေးမှု၊ လုံခြုံမှု စတာတွေ အား လုံးဟာ ငြိမ်းချမ်းရေးရဲ့ အနှစ်သာရတွေ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးကို ဥပဒေပညာရှင်တွေ ဖွင့်ဆိုတာကတော့ …
၁။ မတရားအကြမ်းဖက်ဖိုနှိပ်မှုများမရှိခြင်း။
၂။ တဦးချင်း အခွင့်အရေးကိုဖြစ်စေ၊ စုပေါင်း အခွင့်အရေးကိုဖြစ်စေ မတရားအကြမ်းဖက် ချိုးဖောက်မှုများမရှိခြင်း။
၃။ တကယ်လို့ မတရားဖိနှိပ်အကြမ်းဖက်ချိုးဖောက်မှုတွေရှိလာခဲ့ရင် ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်ဖို့ လွတ် လပ်ပြီး ဘက်မလိုက် ထက်မြက်တဲ့ တရားစီရင်ရေးစနစ် တည်ရှိခြင်း။

စတဲ့ အခြေအနေ သုံးရပ်တပြိုင်နက်တည်း အတူတကွတည်ရှိနေတယ်ဆိုရင် ငြိမ်းချမ်းရေးရပြီလို့ ယေဘုယျအားဖြင့် ဆိုကြ ပါတယ်။

ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဖော်ဆောင်ရာမှာတော့ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှု၊ သွေးစည်းညီညွတ်မှု၊ ရေရှည် ဖွံ့ဖြိုးတိုးတက်မှု၊ တွေ့ဆုံဆွေးနွေးမှုတွေနဲ့ တိုင်းသူပြည်သားတွေရဲ့ အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆီးပေးနိုင်မှု စတာတွေ အကောင်အထည်ပေါ်အောင် ဆောင်ရွက်ခြင်းပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံလူ့အဖွဲ့အစည်းမှာ ငြိမ်းချမ်းရေး ပျက်ပြားသွားရတာနဲ့ပတ်သက်ပြီး ဥပဒေရှုဒေါင့်အရ အဓိကအားဖြင့် အကြောင်း သုံးရပ်ကြောင့်လို့ ထောက်ပြကြပါတယ်။
၁။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ စစ်အာဏာရှင်စနစ်ကို ထည့်သွင်းပြီး အားကောင်းစွာ ကျင့်သုံးခြင်း။
၂။ မြန်မာအုပ်ချုပ်သူ လူစုများအတွင်း မဟာလမျိုးကြီးဝါဒအား ကျင့်သုံးမှုကြီးမားပြန့်ပွားလာခြင်း။
၃။ မြန်မာမဟုတ်သော အခြားတိုင်းရင်းသားလမျိုးများအတွင်း အစွန်းရောက် အမျိုးသားရေးဝါဒအား တည်ရှိစေရုံသာမက ကြီးထွားအောင် အားပေးလျက်ရှိခြင်းတို့ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

● နိုင်ငံရေးရဲ့အဆက်
မြန်မာနိုင်ငံပြည်တွင်းစစ်သမိုင်းမှာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေ စုပေါင်းပြီးတန်ပြန်ထိုးစစ်များ ဆင်နွှဲခြင်း မပြုခဲ့တာ နှစ်ပေါင်း အတော်ကြာခဲ့ပြီ ဖြစ်ပါတယ်။ မြောက်ပိုင်း မဟာမိတ်လက်နက်ကိုင် လေးဖွဲ့စုပေါင်းပြီးတန်ပြန်ထိုးစစ် များ ဆင်နွှဲလိုက်တဲ့အခါ မတူတဲ့ရှုဒေါင့်ကနေ မတူတဲ့အမြင်တွေ အမျိုးမျိုးပေါ်ထွက်ခဲ့ပါတယ်။ စစ်ပွဲတွေရပ်ချင်တယ်ဆိုရင်၊ ငြိမ်းချမ်းရေးကို တကယ်တည်ဆောက်ချင်တယ်ဆိုရင် ဘာကြောင့် ဒီလိုစစ်ပွဲတွေဖြစ်နေရတာလဲဆိုတဲ့ အရင်းခံ အကြောင်း တရားကို ရှာဖွေရမှာဖြစ်ပါတယ်။ လက်ရှိကျင်းပနေတဲ့ ၂၁ ရာစုပင်လုံ ညီလာခံနဲ့ NCA ဟာ စစ်ပွဲတွေပြန်ဖြစ်ရတဲ့ အရင်းခံ အကြောင်းတရားတွေဖြစ်နေတာမို့ NCA နဲ့ နိုင်ငံရေးဆွေးနွးမှုဆိုင်ရာ မူဘောင်တွေကို ပြင်ဆင်ဖို့လိုအပ်ပြီး အဲဒီအတိုင်း နှစ်ဖက်လိုက်နာကြဖို့ လိုပါတယ်။

မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ပြဿနာက နိုင်ငံရေးပြဿနာဖြစ်ပါတယ်။ စစ်အုပ်စု၊ စစ်အာဏာရှင်စနစ်ကြောင့် ဆုံရှုံးခဲ့ရတဲ့ ဒီမိုကရေစီအခွင့်အရေးတွေနဲ့ တိုင်းရင်းသားတွေရဲ့ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေး စတာ တွေအတွက် တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြရတာ ဖြစ်ပါတယ်။စစ်ဆိုတာလည်း နိုင်ငံရေးရဲ့အဆက်ဖြစ်ပါတယ်။ နိုင်ငံရေးအရ ထွက်ပေါက်မရှိတော့တဲ့အခါ စစ်ရေးနည်းကို မလွဲမရှောင်သာ ရွေးချယ်ပြီး ဖြေရှင်းဖို့ ကြိုးပမ်းရတဲ့အခါမျိုးလည်း ရှိနိုင်ပါ တယ်။

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ၊ ယင်းကို အခြေခံပြီး ပေါ်လာတဲ့ နိုင်ငံရေးဆွေးနွးမှုဆိုင်ရာ မူဘောင်၊ ၂၁ ရာစုပင်လုံခေါ် ငြိမ်းချမ်းရေးညီလာခံနဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေဟာ စစ်မှန်တဲ့ငြိမ်းချမ်းရေးကို ဖေါ်ဆောင်မယ့် နိုင်ငံရေးထွက်ပေါက် ဟုတ်ရဲ့လား။ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်ထဲမှာသာ ဝဲလည်နေစေမယ့် တိုင်းပြည်အတွက် အနှစ်သာရကင်းမဲ့တဲ့ နိုင်ငံရေးအယောင်ပြ ဖြစ်နေမယ့် လှုပ်ရှားမှုတွေလားဆိုတာ သုံးသပ်ရမှာဖြစ်ပါတယ်။ မြောက်ပိုင်း မဟာမိတ်အဖွဲ့အနေနဲ့ နိုင်ငံရေးထွက်ပေါက်ပိတ်နေပြီး စစ်ရေးအရ တဖက်သတ်ဖိအားပေးခံရတဲ့အတွက် တန် ပြန်ထိုးစစ်တွေဆင်နွှဲနေရတာလားဆိုတာလည်း ဆန်းစစ်ဖို့လိုပါတယ်။

● NCA နဲ့ နိုင်ငံရေးမူဘောင်
လက်ရှိမြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံကို တနိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA နဲ့ နိုင်ငံရေးဆွေးနွးမှုဆိုင်ရာ မူဘောင်တို့ရဲ့ အကန့်အသတ်အတွင်းက ကျင်းပနေ ရတာ ဖြစ်ပါတယ်။ NCA ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အသီးသီးနဲ့ အရင်ကချုပ်ဆိုခဲ့တဲ့စာချုပ်တွေအနက် အ သွင်သဏ္ဍာန်အရကောင်းမွန်ပြီး ဥပဒေပုံစံ အဝင်ဆုံးစာချုပ် ဖြစ်တယ်လို့ ဥပဒေပညာရှင်တွေက ဆိုပါတယ်။

“ – – – – ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများ၊ အာမခံချက်များ အပြည့်အဝရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကိုအခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များနှင့်အညီ တည်ဆောက် သွားရန်။” ဆိုတဲ့စကားက NCA ကို လက်မှတ်ထိုးပြီးနောက် စာချုပ်ကိုအခြေခံကာ နိုင်ငံရေးလုပ်ငန်းစဉ်တွေ ဆောင်ရွက်ကြ မယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအတွက် ဆွဲဆောင်မှုအရှိဆုံး ဝါကျဖြစ်ပါတယ်။ “နိုင်ငံရေးဆွေးနွေးပွဲရလဒ်များနှင့်အညီ” ဆိုတဲ့ ချွင်းချက်ပြဌာန်းချက်က အခရာဖြစ်ပါတယ်။ ဒီဝါကျမှာ တိုင်းရင်းသားခေါင်းဆောင်တွေ အလိုချင် ဆုံးဖြစ်တဲ့ ဖက်ဒရယ်အခွင့်အရေးတွေက နိုင်ငံရေးဆွေးနွေးပွဲရလဒ်များနှင့်အညီသာ ရနိုင်တယ်လို့ ဆိုတာပါ။ ဒါကြောင့် နိုင်ငံရေးဆွေးနွေးပွဲဆိုတာတွေဟာ NCA မှာပါဝင်တဲ့ တခြားသဘောတူညီချက်တွေနဲ့ဖြစ်စေ၊ NCA ကို အခြေခံပြီးပေါ် ပေါက်လာတဲ့ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်တွေနဲ့ ဖြစ်စေ ထိန်းချုပ်ခံရတဲ့အခါ ဖက်ဒရယ်စနစ်အတွက် ရလဒ်ကောင်း ဆိုတာ ဘယ်လိုမှ ပေါ်ထွက်လာဖို့ မရှိနိုင်တော့ပါဘူး။

အပိုဒ် ၃၂ က “ဤသဘောတူစာချုပ် အကောင်အထည်ဖေါ်မှုအပေါ် ဆန်းစစ်ရန်လိုအပ်ပါက နှစ်ဖက်ညှိနှိုင်းဆောင်ရွက်နိုင်သည်။” ဆိုတာ လည်း ဒုတိယဆွဲဆောင်မှု အရှိဆုံးစာပိုဒ် ဖြစ်ပါတယ်။ တကယ်တော့ အကောင်အထည်ဖေါ်မှုအပေါ် ဆန်းစစ်ဖို့ သက်သက်ပါပဲ။ NCA ပါ ဝေါဟာရတွေ၊ ဝါကျတွေ၊ သဘောတူညီချက်တွေကို ပြင်ဆင်ခြင်း၊ ပြောင်းလဲခြင်း၊ ဖြည့် စွက်ခြင်း ပြုနိုင်တယ်လို့ မပါရှိပါ။ မူရင်းသဘောတူညီချက်တွေကို မပြင်နိုင်ရင် အရင်အတိုင်း အကောင်အထည်ဖေါ်ရမှာပါ။ အပိုဒ် ၃၂ က ပေးထားသလိုလိုနဲ့ မရအောင်လုပ်ထားတဲ့ သဘောတူညီချက်ဖြစ်ပါတယ်။

NCA နဲ့ နိုင်ငံရေးဆွေးနွးမှုဆိုင်ရာ မူဘောင်တို့ရဲ့ ဦးတည်ချက်အစစ်အမှန်ကို NCA အပိုဒ် ၁(က)၊ အပိုဒ် ၂၁(ဃ)၊ အပိုဒ် ၂၂(ဃ)၊ မူဘောင် အပိုဒ် ၁ (ဃ)၊ အပိုဒ် ၄(၄.၂.၁)နဲ့ အပိုဒ် ၆(၆.၂)တို့မှာ ရှင်းရှင်းလင်းလင်းတွေ့နိုင်ပါတယ်။

NCA အပိုဒ် ၁ (က)မှာ “. . . ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အချာ အာဏာ တည်တံ့ခိုင်မြဲရေး တို့ကို ရှေ့ရှု၍ . . .” ဆိုတဲ့ စကားရပ်က ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ တည်တံ့ခိုင်မြဲရေးကို ရည်ရွယ် တာဖြစ်ပါတယ်။ အပိုဒ် ၂၁(ဃ)မှာ “ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အချာ အာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ထိခိုက်စေမည့်ကိစ္စရပ်များကိုရှောင်ရှား၍ . . .” ဆိုတဲ့ စကားရပ်က ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို မထိခိုက်စေရဆိုပြီး တားမြစ်လိုက်တာလည်း ဖြစ်ပါတယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၆ မှာ “(က) ပြည်ထောင်စုမပြိုကွဲရေး၊ (ခ) တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ (ဂ) အချုပ်အချာအာဏာ တည်တံ့ခိုင်မြဲရေး (ဃ) နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေး” ဆိုပြီး ထပ် လောင်း အတည်ပြုထားတာ ဖြစ်ပါတယ်။

NCA အပိုဒ် ၂၂ (ဃ) နဲ့ မူဘောင် အပိုဒ် ၁ (ဃ) တို့မှာ “ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှ ထွက်ပေါ်လာသော ဆုံးဖြတ် ချက်များအပေါ် အခြေခံ၍ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် ဥပဒေများအား လိုအပ်သလိုပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့် ပယ်ဖျက်ခြင်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားရန်” လို့ ဖေါ်ပြထားပါတယ်။ ဒါကြောင့် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ချင်ရင် ၂၁ ရာစုပင်လုံ ညီလာခံရဲ့ ဆုံးဖြတ်ချက်ရှိရမယ့်အပြင် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၂၊ ပုဒ်မ ၄၃၆(က)ပါ ပြဌာန်းချက်အတိုင်း လိုက်နာဆောင် ရွက်ရမှာ ဖြစ်ပါတယ်။

မူဘောင်အပိုဒ် ၄ အပိုဒ်ခွဲ (၄.၂.၁) အရ ၂၁ ရာစု ပင်လုံညီလာခံကို အစုအဖွဲ့ ၇ ဖွဲ့က ကိုယ်စားလှယ် စုစုပေါင်း ၇ဝဝ တက် ရောက်မှာပါ။ မူဘောင် အပိုဒ် ၆ အပိုဒ်ခွဲ (၆.၂) မှာ “ . . . ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံတော် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေး ကိစ္စရပ်များအပါအဝင် အရေးကြီးသောကိစ္စရပ်များကို ညီလာခံ တက်ရောက်သူ အစုအဖွဲ့ တဖွဲ့ချင်းစီမှ အနည်းဆုံး ၇၅ ရာခိုင်နှုန်း အထက်ထောက်ခံမဲ ရရှိ၍ တက်ရောက်သူ စုစုပေါင်း၏ အနည်းဆုံး ၇၅ ရာခိုင်နှုန်း အထက်ထောက်ခံမဲဖြင့် ဆုံးဖြတ်နိုင်သည်။” ဆိုပြီး ဖေါ်ပြထားပါတယ်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ (က)၊ NCA အပိုဒ် ၂၂ (ဃ)၊ မူဘောင်အပိုဒ် ၁ (ဃ)၊ အပိုဒ် ၄ (၄.၂.၁)နဲ့ အပိုဒ် ၆ (၆.၂) တို့အရဆိုရင် ၂၁ ရာစုပင်လုံညီလာခံမှာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေး ဆုံးဖြတ်ချက်တရပ် ချမှတ်နိုင်ဖို့ အနည်းဆုံး ၇၅ ရာခိုင်နှုန်းအထက် ထောက်ခံရမယ်ဆိုတဲ့ပြဌာန်းချက်ကို အစုအဖွဲ့ ၇ ခုရှိတဲ့အတွက် ၇ ကြိမ်၊ ညီလာခံ တက်ရောက်သူစုစုပေါင်းက မဲပေးဖို့ ၁ ကြိမ်၊ ၂ဝဝ၈ ဖွဲ့စည်း ပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ (က) အရ ပြည်ထောင်စုလွှတ်တော်မှာ ၁ ကြိမ် ဆုံးဖြတ်ရမှာဖြစ်တဲ့အတွက် ၉ ကြိမ် ၉ ခါ ရင်ဆိုင်ဖြတ်သန်းရမှာ ဖြစ်ပါတယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင် နိုင်အောင် တံတိုင်း ၉ ထပ်နဲ့ ကာဆီးထားတာ ဖြစ်ပါတယ်။

● အတည်ပြုချက်မရှိသေးတဲ့ မူကြမ်း
ဒါကြောင့် ၂၁ ရာစု ပင်လုံညီလာခံကနေပြီး ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိထိရောက်ရောက် ပြင်ဆင်နိုင်ရေးအတွက် မည်သည့် ဆုံးဖြတ်ချက် တစုံတရာမှထွက်ပေါ်လာနိုင်မှာ မဟုတ်ပါဘူး။ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်နိုင်ရင် ဒီမိုက ရက်တစ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်မှာမဟုတ်တဲ့အတွက် ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးလည်း မရနိုင်ပါ။ NCA နဲ့ မူဘောင်ကိုမပြင်ဘဲ NCA မှာ လက်မှတ်ထိုးခဲ့ရင် စစ်တပ်အလိုကျ နိုင်ငံရေးအရ ချည်နှောင်ခံလိုက်ရတဲ့ဘဝ ဖြစ်သွားမှာကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက စိုးရိမ်ကြပါတယ်။ ဒါကြောင့် သူတို့က NCA မှာ လက်မှတ်ထိုးဖို့ အလွယ် တကူ မဆုံးဖြတ်ကြတာဟာ NCA ပဉ္စမမူကြမ်းကို EAOs (Ethnic Arm Organization) ကွန်ဖရင့်က အတည်ပြုဖို့ လိုအပ် နေသေးတာကြောင့် ဖြစ်ပါတယ်။

NCA ပဉ္စမမူကြမ်းကို အတည်ပြုမူကြမ်းလို့ ခေါ်ဆိုနေကြပေမယ့် အတည်ပြုချက်မရှိသေးတဲ့ မူကြမ်းတစောင်အဖြစ်ရှိနေဆဲပါ။ NCA ပဉ္စမ မူကြမ်းကို အတည်ပြုမူကြမ်းကို လက်ခံနိုင်တဲ့အဖွဲ့များက အစိုးရနဲ့ လက်မှတ်ရေးထိုးခဲ့ကြပြီး NCA အတည် ပြုမူကြမ်းကို ဆက်လက်ပြီး ညှိနှိုင်းဖို့ လိုနေသေးတယ်လို့ ယူဆတဲ့အဖွဲ့တွေကတော့ လက်မှတ်ရေးထိုးခြင်းမပြုကြသေးပါဘူး။ NCA လက်မှတ်မထိုးသူတွေကို ငြိမ်းချမ်း ရေးမလိုလားသူများအဖြစ် ပုံဖော်နေတာ လုံးဝမဖြစ်သင့်ဘူးလို့ ယူဆပါတယ်။ ခိုင်မာပြီး နိုင်ငံရေးအာမခံချက်ပေးနိုင်တဲ့ စာချုပ်ဖြစ်စေချင်လို့ သေချာအောင် အနားသတ်ဆွေးနွေးနေကြတာလို့ မြင်ပါ တယ်။ ဒါကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ စတင်ချိန်ကတည်းက အစိုးရနဲ့ နိုင်ငံတကာလေ့လာသူတွေကို EAOs တွေ ဘက်က “NCA ထိုးပြီးနောက် စစ်ရေးပြင်ဆင်မှုများလုပ်ဖို့ လိုအပ်တဲ့အနေအထားမျိုး မဖြစ်စေချင်ဘူး” လို့ ဆိုခဲ့တာဖြစ်ပါ တယ်။

● အာမခံချက် မရှိ
ဒါကြောင့် NCA ဟာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ တည်တံ့ခိုင်မြဲအောင် အကာအကွယ်ပေးထားတာဖြစ်ကြောင်း ကောက် ချက်ချနိုင်ပါတယ်။ မူဘောင်တွေ မပြင်ဘဲ NCA ကို လက်မှတ်ထိုးတယ်ဆိုရင် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက် ခေါင်းငုံ့ဝင်ရောက်တာဖြစ်တဲ့အတွက် ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်မှုတွေ အလှမ်းဝေးနေဦးမှာ ဖြစ်ပါတယ်။ တကယ်တော့ ဒီမိုကရက်တစ်ဖက်ဒရယ် ပြည်ထောင်စုဟာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ ထူ ထောင်ဖို့ မဖြစ်နိုင်ဘူးဆိုတာ ဖေါ်ပြခဲ့တဲ့အချက်တွေက ညွှန်းဆိုနေပါတယ်။ ဒါ့ကြောင့်လည်း ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို အာမခံချက်မရှိတဲ့ ဘယ်ညီလာခံ၊ ဘယ်ဆွေးနွေးပွဲ၊ ဘယ်တွေ့ဆုံမှုမျိုးတွေကမှ တိုင်းပြည်အတွက် တကယ့် ငြိမ်းချမ်းရေးဆီကို မဆိုက်ရောက်နိုင်ပါကြောင်း တင်ပြလိုက်ရပါတယ်။

ထွန်းဝင်းငြိမ်း ၁၄၊ ၃၊ ၂ဝ၁၇

ကိုးကား
၁။ ငြိမ်းချမ်းရေးစစ်တမ်း ဦးအောင်ထူး (လူ့အခွင့်အရေးရှေ့နေ) ပထမအကြိမ်၊ ၂ဝ၁၇ ခုနှစ်၊ ဗမာအမျိုးသမီး စာပေ။
၂။ တတိကအကြိမ် မျက်နှာစုံညီအစည်းအဝေး (ပန်ခမ်း) သို့ ကယန်းပြည်သစ်ပါတီတင်ပြချက် (၂၁၊ ၂၊ ၂ဝ၁၇)

သရုပ်ဖော်ကာတွန်း – ကျော်သူရိန်

(၁၇၊ ၃၊ ၂ဝ၁၇ နေ့ထုတ် သံတော်ဆင့်ဂျာနယ်မှ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ထွန်းဝင်းငြိမ်း, သူတို့အာဘော်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်