သားကြီးမောင်ဇေယျ ● ကဗျာကလေးတပုဒ်အကြောင်း

March 22, 2017

သားကြီးမောင်ဇေယျ ● ကဗျာကလေးတပုဒ်အကြောင်း
(ကမ္ဘာ့ကဗျာနေ့ အမှတ်တရ)
(မိုးမခ) မတ် ၂၂၊ ၂ဝ၁၇

ဒို့တတွေမှာ တောင်ပံတွေ မရှိလေတော့ လေပေါ်ပျံတက်လို့မရဘူးပေါ့
ဒါပေမယ့် အမြင့်ကိုတက်လှမ်းဖို့တော့ ခြေထောက်တွေပါလေရဲ့
တဖြည်းဖြည်းချင်း တရွေ့ရွေ့နဲ့ ပိုမိုမြင့်မားတဲ့
တို့ခေတ်ရဲ့ ထိမ်ဖုံးတောင်ထွတ်တွေဆီသို့ …

 

ကဗျာဆရာ ကိုရွေးက ၂ဝ၁၇ ကမ္ဘာ့ကဗျာနေ့အတွက် UNESCO ညွှန်ကြားရေးမှူးချုပ် အိုင်ရီနား ဗိုကိုးဗားထံက သဝဏ်လွှာ ကို ယုဒသန်ခန်းမမှာ ဖတ်ကြားနေတာပါ။ ဒီစာသားကလေးကတော့ ကဗျာဆရာ ဟင်နရီဝဒ်စ် ဝေါသ်လောန်းဖဲလိုးရဲ့ စာ သားကလေးပါ။

ကဗျာဟာ ရင်သပ်ရှုမောဖွယ် လူသားတို့ရဲ့ဘဝကို လှမ်းမျှော်ကြည့်ရှုနိုင်တဲ့ ပြူတင်းပေါက်တခုလို့ အချို့က ဆိုပါတယ်။ ကဗျာဆရာတွေဟာ အဲဒီပြူတင်းပေါက်ကတဆင့် အတိတ်ကို သမင်လည်ပြန်ကြည့်တတ်သလို အနာဂတ်ကို လှမ်းမျှော် ကြည့်နိုင်သူတွေလည်း ဖြစ်ပါတယ်။ ဒါကို သတိပြုမိတဲ့ပညာရှင်တွေဟာ UNESCO ရဲ့ဦးဆောင်မှုနဲ့ ၁၉၉၉ ခုနှစ် မတ်လ ၂၁ ရက်နေ့ကစလို့ ခုလို ကမ္ဘာ့ကဗျာနေ့ကို ကျင်းပခဲ့တာပါ။  မြန်မာပြည်မှာတော့ ကဗျာနေ့ကို ကျင်းပခွင့်ရခဲ့တာ ငါးနှစ်ရှိခဲ့ပါပြီ။

ကျွန်တော်တို့ ကျောင်းသားဘဝ ၁၉၇၂ ဝန်းကျင်တုန်းက ကဗျာဝါသနာပါသူ၊ ကဗျာရေးသူ လူငယ်တွေကို အစိုးရဆန့် ကျင်ရေးသမားတွေ၊ ကွန်မြူနစ်တွေ၊ ကျောင်းသားဆိုးတွေ ဆိုတဲ့ ဆိုင်းဘုတ် အမျိုးမျိုးတတ်ပြီး ကျောင်ထုတ်၊ ထောင်ထဲထည့် ခံခဲ့ရပါတယ်။ ဒါပေမယ့် ကဗျာချစ်တဲ့လူငယ်တွေဟာ ဖယောင်စက္ကူပေါ်မှာ၊ ကျောင်းနံရံတွေပေါ်မှာ သူတို့ကဗျာတွေကို ရေးဖွဲ့ခဲ့ကြပါတယ်။ ထောင်ထဲရောက်တော့လည်း ထောင်နံရံတွေပေါ်မှာ သူတို့ရဲ့ကဗျာတွေကို သီကုံးခဲ့ကြပါတယ်။

၁၉၇၆ အမှောင်ခေတ် ရန်ကုန်တက္ကသိုလ်မှာ ကဗျာကြယ်ပွင့်တွေ တလက်လက်တောက်ပခဲ့ပါတယ်။ အဲဒီအချိန်မှာ သခင် ကိုယ်တော်မှိုင်းရာပြည့်အရေးခင်း ပေါ်ပေါက်ခဲ့ပြီး ကဗျာကြယ်ပွင့်တွေ ချွေနှင်းခံခဲ့ရပါတယ်။

မှတ်မှတ်ရရပါပဲ ခုလို ပူပြင်းတဲ့ နွေတနေ့၊ အင်းစိန်ထောင်မှာ လုံးတီးထမင်းအသိုးတွေ ကြွေးတာနဲ့ပတ်သက်ပြီး ကျောင်းသား တွေ အစာငတ်ခံ ဆန္ဒပြခဲ့ကြပါတယ်။

ပထမနေ့ အစာငတ်ခံ ဆန္ဒပြကျောင်သားတွေကို စစ်ခွေးတိုက်ကိုခေါ်သွားပြီး တိုက်ပိတ်လိုက်ပါတယ်။

ဒုတိယနေ့ ကျောင်သားတွေ ရေသောက်ပြီး ဆက်လက်ဆန္ဒပြနိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့  သောက်ရေအိုးတွေ ရိုက် ခွဲ လိုက်ပါတယ်။

တတိယနေ့ ကျောင်းသားတွေက သူတို့ရဲ့ကျင်ငယ်ရည်ကို ဂန်ဖလားမှာ စနစ်တကျစုဆောင်းထားပြီး ရေငတ်တဲ့အခါ ကျင် ငယ်ရည်ကိုသောက်ရင်း ဆက်လက်ဆန္ဒပြကြပါတယ်။

စတ္ထုထနေ့ ကျောင်းသားတွေကို ကိုယ်တုံးလုံးချွတ်ခိုင်းပြီး ပုံစံထိုင်ခိုင်းပါတယ်။ နောက် ဝါဒါတွေက ဒုတ်နဲ့ဝင်ရိုက်၊ စစ်ဖိနပ်နဲ့ ရင်ဝ ကန်၊ တယောက်ပြီးတယောက် ခြေထောက်ကဆွဲကာ အခန်းထဲက ဆွဲထုတ်ခဲ့တယ်လို့ ဆိုပါတယ်။

ကျွန်တော်ကတော့ ကံကောင်းပါတယ်။ ကျွန်တော့်ရင်ဝကို အားပြင်းပြင်းနဲ့ တချက် အကန်ခံလိုက်ရတာပဲ သိလိုက်ပါတယ်။ နောက်ထပ် ဘာမှမသိတော့ပါ။ အခန်ဖော်ကျောင်းသားတွေကပြောတော့ ကျွန်တော် သတိလစ်ပြီး အကြောဆွဲနေတာ အ ကြာကြီးပဲတဲ့။ နောက်တော့ ငြိမ်ကျသွားတယ်။ သေသွားပြီလို့ အားလုံးက ထင်နေကြတာတဲ့။

ကျွန်တော်သတိရလို့ ထကြည့်လိုက်တော့ ကျောင်းသား ဆယ်ယောက်လောက် ရှိတဲ့ကျွန်တော်တို့ အခန်းထဲမှာ ကျွန်တော်နဲ့ နောက် နှစ်ယောက်လောက်ပဲရှိပါတော့တယ်။ သူတို့က ပြန်ထလာတဲ့ကျွန်တော့်ကို တအံတသြကြည့်ရင်း စိုးရိမ်နေပုံရပါ တယ်။ ကျွန်တော်ကတော့ အညောင်းအညာ တော်တော်ပြေသွားသလိုလို၊ စိတ်တွေ လန်းဆန်းသွားသလိုလို ပေါ့ပါးတဲ့ ခံစားမှုတမျိုးကို ခံစားရပါတယ်။ အာခေါင်ခြောက်သလိုလိုဖြစ်လာလို့ ဂန်ဖလားထဲက ကျင်ငယ်ရည်ကို သောက်ဖို့ အခန်းထောင့်ကိုဖင်တရွတ်ဆွဲပြီးသွားပါတယ်။ ဂန်ဖလားထဲက ကျင်ငယ်ရည်ဟာ အနီရောင်သန်းနေပါပြီ။ ရေမသောက်ပဲ ကျင်ငယ် စွန့်ခဲ့ရလို့ထင်ပါရဲ့။ ကျင်ငယ်ရည်မှာ သွေးရောင်သမ်းနေတာဖြစ်ပါလိမ့်မယ်။ ကျင်ငယ်ရည်ကို အားပါးတရ သောက်မယ်ပြင် လိုက်တော့ ပါးစပ်က ဟလို့မရဘူးဆိုတာ သိလိုက်ရပါတယ်။ ကျင်ငယ်ရည်က အနည်တွေတောင်ထိုင်လို့။ အပေါ်ယံ အရည် ကြည်ကို လက်နဲ့ အသာတို့လိုက်၊ နှုတ်ခမ်းပေါ် အသာစွတ်လိုက် အခါခါ လုပ်မိပါတယ်။ တခါတခါ နှုတ်ခမ်းကွဲ အနာနဲ့ ထိ လိုက်တဲ့အခါ စပ်သလိုလို ဘာလိုလို။

ပဉ္စမနေ့  သတိရလို့မျက်စိဖွင့်ကြည့်လိုက်တော့ အခန်းထဲမှာ ကျွန်တော်တယောက်ထဲ။

ညနေစောင်းတော့ တခါးလာဖွင့်။ အခန်းပြောင်းမယ်တဲ့။ သူဆွဲခေါ်ရာနောက်ကို ဒရီးဒယိုင်ပါသွားပါတယ်။ ကျွန်တော့်ကို အခန်း ၂ ကနေ အခန် ၉ ကိုရွှေ့လိုက်ဖို့ အမိန့်ရတယ်တဲ့။

အခန်း ၉ တံခါးကို ဖွင့်လိုက်တော့ သွေးညှီနံတွေ နံနေတယ်။ နံရံမှာ သွေးတွေ အဖတ်လိုက်ကပ်နေတာတွေ့ရတယ်။ အခန်း ဒေါင့်မှာတော့ လူလိုလို သစ္ဆေလိုလို သတ္တဝါတကောင်။ ထောင်ဝါဒါက အခန်းတံခါးပိတ်ပြီး ထွက်သွားပြီ။ အဲဒီသတ္တဝါက တဖြည်းဖြည်းလှုပ်လာလာတယ်။ သူခေါင်းက ဆံပင်ရှည်မှာ သွေးတွေနဲ့ ကပ်နေပါတယ်။ သူခေါင်းက လူတယောက်ခေါင်း ထက် ၂ ဆလောက် ကြီးနေတယ်။ နဖူးက ဖုကြီးက မျက်စိကို ဖုံးနေတယ်။ မျက်လုံးတွေက ခေါင်းထဲကို ချိုင့်ဝင်နေတယ်။ သူက ဘယ်သူလဲလို့ မပီကလာ အသံဝါးဝါးနဲ့မေးလိုက်တဲ့အခါ ပါးစပ်ကသွေးတွေ ပွက်ကနဲ ထွက်ကျလာပါတယ်။

ကျွန်တော် သူ့အနားအရဲစွန့်ပြီး ကပ်သွားပါတယ်။

‘မင်းဘယ်သူလဲ’ လို့ ကျွန်တော်က ခပ်တိုးတိုးမေးပါတယ်။
‘ငါ သန်းလင်းပါ’
‘အာအိုင်တီက သန်းလင်းလား’
‘အေး’
‘ငါ ဇေယျကြီးပါ’
သူ ကျွန်တော့်လက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ထားရင်း

‘ကဗျာကလေး တပုဒ်ပါကွာ’ တဲ့ ။

ဒီအဖြစ်အပျက်ကလေးဟာ နှစ်ပေါင်းလေးဆယ်ကျောခဲ့ပါပြီ။ ခုတော့ ကမ္ဘာကြီးတခုလုံးမှာ မြန်မာပြည် တနံတလျားမှာ ကဗျာဆရာတွေ စုကြ ဝေးကြ။ ကဗျာတွေရွတ်ကြ။ ကဗျာကို အဓိပ္ပါယ်တွေဖွင့်ကြ။ ဘယ်သူတွေ ဘာပြောပြော သူငယ်ချင်း ပြောတဲ့ကဗျာကလေးကိုတော့ ကျွန်တော် အဓိပ္ပါယ်မဖွင့်ရက်နိုင်ပါ။

 

သားကြီးမောင်ဇေယျ

မတ် ၂၁၊ ၂၀၁၇


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို, သားကြီးမောင်ဇေယျ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်