အောင်သူငြိမ်း ● ကျနော်တို့ မြန်မာတွေ ပိုမိုပျော်ရွှင်လာကြပါသလား

March 22, 2017

 

ကျနော်တို့ မြန်မာတွေ ပိုမိုပျော်ရွှင်လာကြပါသလား
●—————————————————————

‘ပျော်ရွှင်မှု’ ကို အဓိပ္ပါယ်ဖွင့်ကြရာမှာ နယ်ပယ် ကိုးခု (9 domains) နဲ့ တိုင်းတာမှု ၃၃ ခုကို သတ်မှတ်ထားတာမျိုး တွေ့ရ ပါတယ်။ နယ်ပယ်တွေကတော့ (၁) ပညာရေး၊ (၂) ကျန်းမာရေး (၃) လူနေမှု အဆင့်အတန်း (၄) စိတ်ပိုင်းဆိုင်ရာ သာယာ ဝပြောမှု (၅) လူမှုရပ်ရွာ ရှင်သန်ဖွံ့ဖြိုးမှု (၆) ယဉ်ကျေးမှု စုံလင်ထွေပြားရှိခြင်းနှင့် ကြံ့ကြံ့ခံနိုင်မှု (၇) ဂေဟ သဘာဝဝန်းကျင် စုံလင်ထွေပြားမှုနှင့် ကြံ့ကြံ့ခံနိုင်မှု (၈) အချိန်အသုံးချမှု နဲ့ နောက်ဆုံး (၉) ကောင်းမွန်သော အစိုးရ အုပ်ချုပ်ရေး စနစ်.. စတာတွေ ထည့်သွင်းထားပါတယ်။

● အောင်သူငြိမ်း

Institute for Strategy and Policy- Myanmar  ၏ သင်တန်းရေးရာ ဒါရိုက်တာ ဦးအောင်သူငြိမ်းက ရေးသားခဲ့သည့် ဆောင်းပါးမှ ကောက်နုတ်ချက် ဖြစ်ပါသည်။ ဆောင်းပါး အပြည့်အစုံကို အောက်တွင် ဖတ်ရှုနိုင်ပါသည်။
________________________________________________


● ကျနော်တို့ မြန်မာတွေ ပိုမိုပျော်ရွှင်လာကြပါသလား
(မိုးမခ) မတ် ၂၂၊ ၂၀၁၇

Institute for Strategy and Policy- Myanmar

မနှစ်က ဒီအချိန်မျိုးမှာ ကျနော် ဒီမေးခွန်းပဲ မေးခဲ့ပါတယ်။ “ကျနော်တို့ မြန်မာတွေ ပိုမိုပျော်ရွှင်လာကြပါသလား”။ အဲဒါ အပြင် နီးစပ်ရာ မိတ်ဆွေ အချို့ကိုလည်း ဒီမေးခွန်း မေးကြည့်ဖြစ်ပါတယ်။ ပျော်ရင် ဘာကြောင့် ပိုမို ပျော်ရွှင်လာပါသလဲ။ မပျော်ရင် ဘာကြောင့် ဆိုပြီး မေးကြည့်တာပါ။ အကြောင်းကတော့ မနေ့က (မတ်လ ၂၀ ရက်) ဟာ “နိုင်ငံတကာ ပျော်ရွှင်မှုနေ့” (International Day of Happiness) လို့ ကမ္ဘာ့ ကုလသမဂ္ဂက သတ်မှတ် ထားပါတယ်။ ၂၀၁၂ ခုနှစ်၊ ကုလသမဂ္ဂ အထွေထွေ ညီလာခံကနေပြီး ဆုံးဖြတ်ချက် အမှတ် A/RES/66/281 နဲ့ သတ်မှတ်ခဲ့တာပါ။

အဲဒီ ဆုံးဖြတ်ချက်အရ ‘ပျော်ရွှင်မှု’ ဆိုတာ လူသားတွေရဲ့ အခြေခံကျတဲ့ ပန်းတိုင်ပါတဲ့၊ စီးပွားရေး ဖွံ့ဖြိုးမှု သာမက၊ ရေရှည် တည်တံ့တဲ့ ဖွံ့ဖြိုးမှု၊ သာယာ ဝပြောမှု.. စသည်ကိစ္စ အားလုံးနဲ့ သက်ဆိုင် ပတ်သက်နေပါတယ်။ အဲသည် နောက်ပိုင်းမှာတော့ ၂၀၁၂ ခုနှစ်က စတင်ပြီး ကုလသမဂ္ဂက ကမကထပြုလို့ ကမ္ဘာ့ပျော်ရွှင်မှု အစီရင်ခံစာ (World Happiness Report) ကို သုတေသနပြု ထုတ်ဝေ ခဲ့ပါတယ်။ နိုင်ငံ ၁၅၅ ခု ရဲ့ လူသား ပျော်ရွှင်မှု အဆင့်တွေကို အမှတ်ပေး တိုင်းတာထားပါတယ်။ ဒီသုတေသနပြုမှုကို ရေရှည် တည်တံ့တဲ့ ဖွံ့ဖြိုးမှု အဖြေများဆိုင်ရာ ကွန်ရက် Sustainable Development Solutions Network (SDSN) က ဦးဆောင် သုတေသနပြုခဲ့ပါတယ်။

‘ပျော်ရွှင်မှု’ ကို အဓိပ္ပါယ် ဖွင့်ကြရာမှာ နယ်ပယ် ကိုးခု (9 domains) နဲ့ တိုင်းတာမှု ၃၃ ခုကို သတ်မှတ်ထားတာမျိုး တွေ့ရ ပါတယ်။ နယ်ပယ်တွေကတော့ (၁) ပညာရေး၊ (၂) ကျန်းမာရေး (၃) လူနေမှု အဆင့်အတန်း (၄) စိတ်ပိုင်းဆိုင်ရာ သာယာ ဝပြောမှု (၅) လူမှုရပ်ရွာ ရှင်သန်ဖွံ့ဖြိုးမှု (၆) ယဉ်ကျေးမှု စုံလင်ထွေပြားရှိခြင်းနှင့် ကြံ့ကြံ့ခံနိုင်မှု (၇) ဂေဟ သဘာဝဝန်းကျင် စုံလင်ထွေပြားမှုနှင့် ကြံ့ကြံ့ခံနိုင်မှု (၈) အချိန်အသုံးချမှု နဲ့ နောက်ဆုံး (၉) ကောင်းမွန်သော အစိုးရ အုပ်ချုပ်ရေး စနစ်.. စတာတွေ ထည့်သွင်းထားပါတယ်။

ယခု အစီရင်ခံစာမှာတော့ ဒုက္ခ သို့မဟုတ် စိတ်ပျက် အားငယ်ရမှု (misery) ဆိုတာ ကိုလည်း အဓိပ္ပါယ် ဖွင့်ခဲ့ပါတယ်။ ဘဝရဲ့ ကျေနပ်အားရမှု (life satisfaction) အတွက် တန်ဖိုးထားချက် တွေ ဖြတ်တောက် လျော့ပေါ့ခံရတဲ့ အခြေအနေပါ။ အကယ်၍ ဆင်းရဲနွမ်းပါးမှု၊ ပညာရေး နိမ့်ကျရမှု၊ အလုပ်အကိုင် မရှိမှု၊ တစ်ဦးတည်း အထီး ကျန်နေထိုင်ရမှု၊ ကိုယ်ကာယ မကျန်းမာခြင်း၊ စိတ်ပိုင်း မကျန်းမာခြင်း… စတဲ့ အခြေအနေတွေကို အဆုံးသတ် နိဂုံးချုပ်နိုင် တဲ့အခါ လူဦးရေရဲ့ ရာခိုင်နှုန်းအချို့ကို အခုလို စိတ်ပျက်အားငယ်ရတဲ့ ဒုက္ခ အခြေအနေတွေကနေ ကယ်တင်ပေးနိုင်ပါလိမ့်မယ် လို့လည်း ဆိုပါတယ်။

ကျနော်တို့ အိမ်နီးချင်း ထိုင်းနိုင်ငံကတော့ မနှစ်ကထက် ပိုပျော်ရွှင်လာတယ် ဆိုပဲ။ ကမ္ဘာတစ်ဝှမ်း တိုင်းတာတဲ့ ကမ္ဘာ့ပျော်ရွှင်မှု ညွှန်းကိန်း (World Happiness Report 2017) အစီရင်ခံစာ အရ ၃၂ နေရာချိတ်ပါတယ်။ အာရှ-ပစိဖိတ်ဒေသထဲ မှာတော့ နယူးဇီလန် (၆)၊ သြစတြေလျ (၉)၊ စင်္ကာပူ (၂၆) အဆင့် ချိတ်ကြပါတယ်။ ယခုထိုင်း စစ်အာဏာသိမ်း အစိုးရ တက်လာတော့ ဗိုလ်ချုပ်ကြီးက “အားလုံးကို ပျော်ရွှင်စေချင်သူ” ဆိုပြီး ကြွေးကြော်သံ ပြုထားခဲ့တာပါ။ ကျနော်တို့မြန်မာ တွေလည်း ပိုပျော်ရွှင်လာပုံ ရပါတယ်။ (၂၀၁၃ ပျော်ရွှင်မှု အစီရင်ခံစာ) မှာ မြန်မာက အဆင့် (၁၂၁) ကနေ ဒီနှစ် (၂၀၁၇) အစီရင်ခံစာမှာတော့ အဆင့် (၁၁၄) တက်လာပါတယ်။

ကျွန်တော်တို့ မြန်မာတွေရော၊ ပျော်ရွှင်ကြပါသလား။ ကျနော်တို့ မနှစ်ကထက်၊ ဒီနှစ်ပိုပြီး ပျော်ရွှင်လာကြပါသလား။ ပျော်ရွှင်မှုဆိုတာ ဘာလဲ၊ ဘယ်လိုအချက်တွေက လူတစ်ဦးရဲ့ ပျော်ရွှင်မှုကို ဆုံးဖြတ်ပါသလဲ .. နီးစပ်ရာ မိတ်ဆွေအချို့ကို ကျနော် စနစ်တကျ စစ်တမ်း မဟုတ်ပေမယ့်၊ ဟိုမေးသည်မေး မေးကြည့်မိပါတယ်။

မနှစ်က မိတ်ဆွေ အမျိုးသမီးတစ်ဦးကတော့ ‘ပျော်ပါတယ်’ လို့ ဖြေခဲ့သူက “ဒီနှစ်တော့ မပျော်ပါဘူး” တဲ့။ မနှစ်က ပျော်ရွှင် တယ်သူဖြေရတဲ့ အကြောင်းက အကြွေးတွေ ကျေသွားတယ်၊ နေရေး၊ စားရေး ဖိစီးမှုတွေ လျော့ကျသွားတယ်လို့ ဖြေခဲ့ပါ တယ်။ ဒါပေမယ့် ဒီနှစ် “မြန်မာပြည်ထဲ ပြန်ပြောင်းရွှေ့လာပြီး ကတည်းက မပျော်ရွှင်ပါဘူး”လို့ ဆိုပါတယ်။ “မိသားစုနဲ့ ခွဲခွာ နေရလို့၊ အလုပ်ခွင် နဲ့ သွားလာ ဆက်ဆံရတဲ့ ဝန်းကျင်မှာ ဖိအားတွေ များတယ်။ လူတွေနဲ့ အလုပ်လုပ်ရတာ စိတ်တိုင်း မကျ၊ အားမရတာတွေ ဖြစ်တယ်” လို့ ဖြေပါတယ်။

ဌာန တစ်ခုမှာ သုတေသန လက်ထောက် လုပ်နေသူ တစ်ယောက်ကတော့ မနှစ်ကတော့ ‘သိပ်မပျော်ပါ’ လို့ ဖြေခဲ့ပါတယ်။ ဒီနှစ်တော့ အကုန်စင်းလုံးချော မဟုတ်ပေမယ့် သူပျော်ပါတယ်လို့ ဖြေပါတယ်။ အကြောင်းကတော့ အိမ်ထောင်ကျပြီး၊ မကြာသေးခင်က ကလေးရခဲ့ပါတယ်။ ဖခင် အသစ်ကျပ်ချွတ်ပါ။ အလုပ်အကိုင်အသစ်ရပြီး မြဲနေခဲ့ပြီ။ နိုင်ငံအခြေအနေက မချောမွေ့သေးသော်လည်း အပြုသဘော (positive) မြင်တယ်လို့ ဆိုပါတယ်။

အသိ နှစ်ဦးလောက်ကို မေးကြည့်ပါတယ်။ သူတို့က မပျော်ရွှင်ပါဘူးလို့ ဖြေကြပြီး နိုင်ငံရေး အကြောင်းတွေကြောင့် များပါတယ်။ တယောက်ကတော့ နယ်မှာ စီးပွားရေး လုပ်ငန်းကြီးတခုကို ဦးစီးနေသူပါ။ သူကတော့ သူ မပျော်ရွှင်ရတဲ့ အကြောင်း ကို စာရင်းထိုး ဖော်ပြပါတယ်။ ၁) လုံခြုံမှု မရှိသလို ခံစားရခြင်း၊ ၂) အလုပ်အကိုင် ရေရာမှု မရှိခြင်း၊ ၃) အစီအစဉ် (Plan) ချရန်ပင် ခက်ခဲခြင်းနှင့် လုပ်ငန်း အာမခံနိုင်မှု မရှိခြင်း၊ ၄) ငွေကြေး လည်ပတ်မှု ရပ်ဆိုင်းသွားခြင်း၊ ၅) နီးရာဓား ကြောက်နေရခြင်း၊ ၆) ရာဇဝတ်မှု ထူပြောလာခြင်း၊ ၇) ဌာနဆိုင်ရာ ရုံးလုပ်ငန်းများ ပိုမို ကြန့်ကြာခြင်း (အဆင့်များခြင်း၊ ဆုံးဖြတ်ချက်မပေးနိုင်ခြင်း၊ ကန့်သတ်မှုများခြင်း၊ ပညာပိုပြလာခြင်း)၊ ၈) ကုန်ဈေးနှုန်း၊ ယာဉ် ကား ယန္တရား ဈေးတက်လာခြင်း၊ ၉) အစိုးရ ပံ့ပိုးမှု ဘာမျှ ထူးခြားမလာဘဲ အခွန်ဖြင့် နှိပ်စက်ခြင်း… စသည်တို့လို့ ဖြစ်ပါတယ်။ သူတစ်ဦးချင်း ပုဂ္ဂိုလ်ရေးပိုင်း ရောလို့ မေးကြည့်ပါတယ်။ “ရွှေပြည်တော် ပိုဝေး သွားသယောင်ယောင်” လို့ ဖြေပါတယ်။

နယ်ဖက်က အရပ်ဖက် ဖွံ့ဖြိုးရေးကိစ္စတွေ တက်တက်ကြွကြွ လုပ်နေသူ မိတ်ဆွေ တယောက်ကတော့ “သိပ်မပျော်ပါ” လို့ ဖြေပါတယ်။ “ယခင်နှစ်က မျှော်လင့်ချက်အသစ်တွေ ရှိတယ် ခံစားရတယ်၊ ယခုနှစ် စည်းလုံးမှု ပျက်ပြားခြင်းနဲ့ နိုင်ငံရေး သမားများရဲ့ အရည်အသွေးပေါ် အားမရမှုကြောင့်” စိတ်ပျက်ရပါတယ်လို့ ဖြေပါတယ်။ သူ့ တစ်ကိုယ်ရေအနေနဲ့တော့ ဘဝကို ကျေနပ်ပါတယ်။ “မိသားစုပိုင်းကတော့ ကောင်းပါတယ်၊ သားက သင်္ဘောသား လုပ်ခွင့်ရနေပြီ၊ သမီးက ဆေး ၂ စတက်နေပြီ၊ ကိုယ်ပိုင်ချိန် ပိုရလာတယ်၊ ရွေးချယ်စရာ ရှိလာပြီ” လို့ ဖြေပါတယ်။

အခြား မိတ်ဆွေတဦးကတော့ သူမပျော်တာကို ခုလို ရှင်းပြပါတယ်။ “နိုင်ငံရေးအရ မနှစ်က ပိုပျော်တယ်၊ မမြင်ရသေးတဲ့ အစိုးရအတွက် ကြိတ်ပြီး မျှော်လင့်မိတယ်၊ တိုက်ပွဲတခု အောင်မြင်တဲ့ ခံစားမှုနဲ့၊ ကျနော် ဘုန်းကြီးပါ ဝတ်ပစ်လိုက်တယ်၊ ပါတီက ဦးဆောင်ထားနိုင်ပြီ၊ အပြောင်းလဲတွေ အတွက် အခြားသူတွေထက် ကျနော်က ပိုကြည်နူးဖြစ်ခဲ့တယ်” ဆိုပြီး ရှင်း ပြပါတယ်။ “ဒီနှစ် အစိုးရနဲ့ အမတ်တွေ လုပ်ရပ် ပါတီရဲ့လုပ်ရပ်ဟာ ကျနော့်အတွက် မပျော်ဘူးလေ” ဆိုပြီး မကြာသေးမီ က တံတားနာမည်ပေး ကိစ္စတွေအပေါ် သဘောထားကွဲလွဲ ဆန္ဒပြပွဲတွေ အထိ ဖြစ်ရတဲ့ကိစ္စကို ရည်ညွှန်း ပြောဆိုပါတယ်။

ပြည်ပကနေ ယခင်က တက်ကြွလှုပ်ရှားသူ၊ ယခုတော့ ပြန်တွင်းပြန်ပြီး စာရေး၊ ကဗျာရေး လုပ်နေတဲ့ မိတ်ဆွေတစ်ဦးကို ၂၀၁၃ ခုနှစ်တုန်းက မေးကြည့်ခဲ့ပါတယ်။ သူက ‘ဒီနှစ် ပိုပျော်တယ်ဗျ’ လို့ ဖြေခဲ့ပါတယ်။ ‘အပြောင်းအလဲတွေက ပိုမြန်ဆန် လာတယ်။ ရင်ခုန် စိတ်လှုပ်ရှားဖွယ် ဖြစ်လာတယ်။ ကျနော်က မီးပုံကြီးကို အခုမှ အနီးကပ် ထိုင်ကြည့်နေရတာဗျ။ ပျော်တယ် ဗျ’ လို့ ဆိုပါတယ်။ အခု သူ့ကိုပဲ ပြန်မေးကြည့်ပါတယ်။ ဒီနှစ်ကော။ “မပျော်ရွှင်ပါ။ အသစ်နဲ့ အဟောင်းကြားမှာ အသက်ရှု ကြပ်လွန်းလို့ပါ” လို့ ဖြေပါတယ်။ မနှစ်က သူဖြေတဲ့ မီးပုံကြီးကို ထိုင်ကြည့်နေရသူ တစ်ဦးအဖြစ်ရော.. ဘယ်လို ဆက်လက် ခံစားနေရသလဲ ဆိုတော့ “ကျနော်ဟာ မီးပုံကြီးရဲ့အနီးကိုလည်း မကပ်ရဲ၊ မီးပုံကြီးကိုလည်း ကျောပေး မထားနိုင်လို့ အသက်ရှု ကြပ်နေတဲ့ အကြောင်း” ဖြေပါတယ်။

ပျော်ရွှင်မှုဟာ နှိုင်းရတရားလို အချိန်အခါအလိုက် ပြောင်းလဲနိုင်ပုံရပါတယ်။ မြို့ပြ-ကျေးလက် နေထိုင်ရာ ဒေသအပေါ်မှာလည်း ကွာခြားမှု ရှိနိုင်ပါတယ်။

အစီရင်ခံစာ တွေ့ရှိချက်တွေအရ

۞ ပိုချမ်းသာတဲ့ နိုင်ငံတွေမှာ ပိုပျော်ရွှင်ကြပါသတဲ့။ ဒါပေမယ့် ဝင်ငွေထက်စာရင်၊ လူမှုရေး အကြောင်းအချက်၊ လူမှုရေး ပံ့ပိုးမှု၊ လူတစ်ဦးချင်း လွတ်လပ်မှု အတိုင်းဆ၊ အကျင့်ပျက်ခြစားမှု ကင်းပခြင်းတို့က ပိုလို့ အရေးပါတယ်။

۞ လူနေမှု မြင့်လာတာနဲ့အမျှ အချိန်တစ်ခုမှာ ပျော်ရွှင်မှု မြင့်လာတယ် ဆိုပါတယ်။ ကမ္ဘာတစ်ခုလုံး ခြုံကြည့်ရင် လွန်ခဲ့တဲ့ နှစ် ၃၀ အတွင်း နည်းနည်း ပိုပျော်လာတယ် ဆိုပါတယ်။

۞ အလုပ်အကိုင်မဲ့မှုက မပျော်ရွှင်မှုကို များစွာ ဖြစ်စေပါတယ်။ အလုပ် လုံခြုံရေး၊ လုပ်ငန်းခွင် ဆက်ဆံရေး၊ လုပ်ငန်းအတွင်း ကျေနပ်မှုတွေလည်း လိုအပ်ပါတယ်။ လစာနဲ့ အလုပ်ချိန် သင့်တော်မှုလည်း အရေးပါ ပါတယ်။ ပြုမူနေထိုင် ကောင်းရင်၊ လူက ပိုပျော်ရွှင်ပါတယ်တဲ့။

۞ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကလည်း နိုင်ငံတွေရဲ့ ပျော်ရွှင်မှုအတွက် အရေးကြီးတဲ့ အချက်ပါ။ ချမ်းသာတဲ့ နိုင်ငံ တွေမှာတောင် စိတ်ဝေဒနာရှင် လေးပုံတစ်ပုံပဲ ကုသမှု ရကြပါတယ်။ ဆင်းရဲတဲ့နိုင်ငံတွေက ပိုဆိုးပါတယ်။

۞ မိသားစုဘဝ တည်ငြိမ်မှု၊ အိမ်ထောင်မြဲတာကလည်း မိဘတွေနဲ့ ကလေးတွေရဲ့ ပျော်ရွှင်မှုအတွက် အရေးပါပါတယ်။

۞ တိုးတက်တဲ့ နိုင်ငံတွေမှာတော့ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုပျော်ရွှင်တယ်လို့ တွေ့ရပါတယ်။ ဆင်းရဲတဲ့ နိုင်ငံတွေက ရလဒ်ကတော့ ရောထွေးနေပါတယ်။

۞ လူလတ်ပိုင်းအရွယ်မှာ ပျော်ရွှင်မှု အနည်းဆုံးပါတဲ့။ (ရုန်းကန်နေရတာ မဟုတ်လား)။

လူတွေရဲ့ ပျော်ရွှင်မှု၊ ကြေကွဲ ဝမ်းနည်းရမှုတွေဟာ တစ်ဦးချင်းကိစ္စ မဟုတ်ပါဘူး။ အစိုးရ မူဝါဒတွေရဲ့ သက်ရောက်မှု အကြောင်းအချက်တွေလည်း ဖြစ်ပါတယ်။ နိုင်ငံ အတော်များများက လူတွေရဲ့ ပျော်ရွှင်မှုအတွက် မူဝါဒတွေကို ဦးတည် လုပ်ဆောင်နေကြပါပြီ။ ယခုအစီရင်ခံစာကို ဦးဆောင် တည်းဖြတ်သူ တစ်ဦးဖြစ်တဲ့ ကိုလံဘီယာ တက္ကသိုလ်၊ မြေကမ္ဘာ အ င်စတိကျူက ပါမောက္ခ ဂျက်ဖရီဆက် (Jeffery Sachs) ကတော့ “လူတွေအတွက် တကယ့်ကို အရေးပါတဲ့ ကိစ္စတွေ အတွက် ကိုက်ညီမယ့်၊ မူဝါဒတွေချမှတ်ဖို့ ကမ္ဘာပေါ်မှာ ပိုပြီး တောင်းဆိုမှုတွေ မြင့်မားလာနေပါတယ်။ မူဝါဒ ချမှတ်သူတွေ အတွက် အရေးကြီးတဲ့ အချက်ကတော့ လူထုတွေ ပျော်ရွှင်မှုကို ဘယ်လို မြှင့်တင်ကြမလဲ ဆိုတဲ့ မေးခွန်းပါ” လို့ ပြောခဲ့ပါတယ်။

ကျနော်တို့ မြန်မာလူထုတွေ ပျော်ရွှင်ကြပါရဲ့လား။

 

အောင်သူငြိမ်း

■ အကိုးအကား
http://worldhappiness.report/


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, အတွေးအမြင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်