နရီမင်း- အသည်းကွဲဟိုတယ်
(မိုးမခ) မတ် ၂၉၊ ၂၀၁၇
ဓားသွားလို ထက်မြက်တဲ့ စကားလုံးတွေနဲ့
နှလုံးသားကို ဓားနဲ့ မွှန်းပြီး မင်း ထွက်သွား
ပိတ်လိုက်တဲ့ တံခါးက ငါ့အသည်းကို ခွဲပစ်ခဲ့။
မင်း ဖွင့်ထားခဲ့တဲ့ မီးလုံးတွေ
စစ်ကြောရေးဝင်နေသလို
မဖြေနိုင်တဲ့ မေးခွန်းတွေ မေးနေဆဲ။
တခုတည်းသော ကြည့်စရာ
လှောင်ပြောင်နေတဲ့ မျက်နှာကျက်အောက်မှာ
ငါဟာ ဂုဏ်သိက္ခာမဲ့သွားတဲ့ လူတယောက်ပါ။
အဆုံးတင်ပစ်ခဲ့တဲ့ အဲကွန်းကြောင့်
အိပ်ရာခင်းက အေးစက်လွန်း
ခေါင်းအုံးတလုံးက စိုရွှဲနေပြီး
နောက်တလုံးက ပိုင်ရှင်မဲ့လို့။
စားပွဲပေါ်မှာတော့
မင်း ဖောက်သောက်ခဲ့တဲ့ ဘီယာဘူးခွံတွေနဲ့
စားလက်စတန်းလန်း ကြာဇံပြုပ်ပန်းကန်က
ဇာတ်လမ်းကို ဆက်ရေးဖို့ ကြိုးစားဆဲ။
နံရံတွေရဲ့ ရယ်သံတွေအကြား မင်းရဲ့ စွဲချက်များနဲ့
ထောင်ဒဏ်တစ်သက်ကျသွားတဲ့ ငါဟာ
အသည်းကွဲဟိုတယ်မှာ။
နရီမင်း
၂၉- ၃- ၂၀၁၇
Design by KT#
Recent Comments