လွင် (ဘော်တွင်း) ● အိမ်ပျောက်သူ

March 30, 2017

● အိမ်ပျောက်သူ
(မိုးမခ) မတ် ၃၀၊ ၂၀၁၇

ဆောင်းကျွတ်လုပြီ
နွေရာသီလည်း
မပီတတ်သေး
ဝိုးဝါးထွေးလျက်


ဆရာကြီးမြသန်းတင့်၏ တမာနုချိန်စစ်တမ်းကို ဖတ်သည်။ ဆရာကြီးသည် နွေဦးတွင် ဇာတိရွာ အညာကို လွမ်းလေသည်။

ရန်ကုန်မှာတော့ တမာက အရှားသား။ တမာကို ကျမ မကြိုက်ပါ။ ခါးသက်သော တမာရွက်နု၏ အရသာကို ကျမမခံစားနိုင် ပါ။ သို့သော် အညာကို လွမ်းပါသည်။ ပင်စည်ဖြူဖြူ၊ ရွက်နုစိမ်းစိမ်းနှင့် ထနောင်းတို့ အလွန်လှနေပြီ။ ကျမတို့ အညာဘက်ကို ပြောင်းကာစက ရှားပင်ငယ်တပင်ကိုခုတ်ပြီး အခက်အလက်ပြောင်အောင်သင်ကာ သနပ်ခါးပင်တွေ့၍ ခုတ်လာသည်ဟု အဖွားကို နောက်ပြောင်ဖူးလေသည်။ ချိုးဖိုကိုကင်သော ရှားမီးခဲသည် ဤရှားပင်ကရတာပဲဖြစ်မည်ဟု တွေးထင်လျက် မုန်း စိတ်ဝင်ဖူးလေသည်။ ပိတောက်ပင်ကိုမြင်သောအခါ ပိတောက်မရှိသော တောင်ပေါ်မြေကိုလွမ်းရလေသည်။ ပန်းရောင်မက် မုံပွင့်ကို ချယ်ရီပွင့်ဟု ထင်မှားခဲ့ဖူးသည်။ အလေ့ကျပေါက်နေသော မက်မုံပင်မှ မက်မုံသီးများသည် ရင့်မှည့်ချိန် မရလိုက်ရှာ။ ကျမတို့ ကလေးတသိုက်လက်ချက်နှင့် ပြောင်လေသည်။ ဈေးကြီးလှသော မက်မုံသီးတို့ကိုမြင်တိုင်း စိမ်းနုနု မက်မုံသီးကို အမွှေးပြောင်အောင် ဆံပင်နှင့်ပွတ်၍ စားခဲ့ကြသည် သတိရမိသည်။ ချဉ်ဖြုံးသော အရသာ။

ခုတော့လည်း လွမ်း၍သာနေရသည်။ အညာကိုဖြစ်ဖြစ်၊ တောင်ပေါ်ကိုဖြစ်ဖြစ် ပြန်စရာအိမ်မရှိပြီ။ ကျမတို့အိမ်သည် ဘယ်ကို ရောက်သွားလေသနည်း။

အိမ်သည် ဇာတိဖြစ်သည်။ အိမ်မှာ အမေရှိသည်။ ဇာတိတွင် ငယ်ပေါင်းကျွမ်းဖော်တို့ရှိ၍ ငယ်ကျိုးငယ်နာဖော်ကာ တသော သော ရယ်မောကြမည်။ အမေချက်ကျွေးသော ဟင်းလျာတို့ကို မက်မက်မောမော စားသောက်မည်။ ဘဝမုန်တိုင်းမှာ ပင်ပန်း သမျှ အတိုးချဖြေဖျောက်ကာ ရှေ့ခရီးအတွက် အားမွေးကြမည့် အိမ်ပြန်သူများကြောင့် ကားရထားတို့ ပြည့်ကျပ်နေပေ ရော့မည်။ ကျမတွင် ပြန်စရာ အိမ်မရှိ။

ငယ်ရွယ်စဉ်က နွေရာသီကျောင်းပိတ်ချိန် ရွာပြန်မည်ဆိုသော သူငယ်ချင်းများကို အံ့သြခဲ့ဖူးသည်။ အမေ့ကို ကျမတို့ရော ရွာမပြန်ဘူးလားဟု မေးကြည့်ဖူးသည်။ အမေ့ အမေ၊ ကျမတို့အဖွားသည်လည်း အမေပြောင်းရွှေ့ရာနောက်သို့ လိုက်နေ သည်ဖြစ်ရာ အမေ့အနေနှင့် ရွာပြန်စရာမလိုခဲ့။ ဒေသန္တရဗဟုသုတအလို့ငှာ ခရီးထွက်သော်လည်း ရွာပြန်သည်ဟူသော အတွေ့အကြုံမျိုး ကျွန်မတို့ငယ်စဉ်ကပင် မရှိခဲ့ပါ။ အမေ့ဇာတိရွာကို တခါတခေါက် ရောက်ဖြစ်သော်လည်း အမေ့အမေ၊ အမေကြီးပြင်းခဲ့သောအိမ်နှင့် မောင်နှမသားချင်းများ မရှိတော့သောရွာသည် အမေ့ကိုပြန်လာရန် မဆွဲဆောင်နိုင်တော့ပြီ။ ထို့ကြောင့်ပင် အစိမ်းကြီးစိမ်းသော အမေ့ရွာကိုလည်း ကျမတို့ မရင်းနှီးနိုင်ခဲ့။ အဖေက ပိုဆိုးသေးသည်။ ဝန်ထမ်းသား သမီးဖြစ်သော အဖေနှင့် မောင်နှမများ၊ ကျမ၏ ဘကြီး၊ ဘလေး၊ ဒေါ်ကြီး၊ ဒေါ်လေးများသည် မွေးရာဇာတိပင် မတူကြ။ အဖေ့မိဘများ၊ ကျမ၏ အဘိုးအဘွားများက နိုင်ငံအနှံ့ ရွှေ့ပြာင်းရင်းနေထိုင်ခဲ့သလို အဖေတို့ကိုယ်တိုင်လည်း ဝန်ထမ်းများ ဖြစ်လာကြ၍ ဟိုရွှေ့ သည်ပြောင်း နေထိုင်ခဲ့ကြလေရာ မြန်မာနိုင်ငံဇာတိဟူ၍သာ ပြောနိုင်တော့သည်။ နိုင်ငံကို ကိုယ်စားပြု သူ များပါပေ။

ဇာတိကို မည်သို့အဓိပ္ပါယ်ဖွင့်ဆိုပါသနည်း။ မြန်မာအဘိဓာန်မှာတော့ ပဋိသန္ဓေနေခြင်း၊ မွေးဖွားရာအရပ်ဟု အဓိပ္ပါယ်ဖွင့်ဆို ထားသည်။ ကျမမွေးဖွားရာအရပ်သည် မွေးရုံမည်ကာမတ္တဖြစ်၍ တခါမှမနေထိုင်ခဲ့ဖူးရာ ဖြတ်သွားဖြတ်လာမှလွဲ၍ ခြေမချ ဖူးပြီ။ ဇာတိသည် ကျမအတွက်မည်သို့သောအဓိပ္ပါယ်ကိုမှ မဆောင်။  ဇာတိသည် စိမ်းလေသည်။ ကျမ၏ဇာတိဟုခေါ်ချင်သော ငယ်စဉ်တောင်ကျေး ကလေးဘဝ ပျော်ရွှင်ဖြတ်သန်းရာ၊ လွမ်းစရာ အပြည့်ရှိသော တောင်ပေါ်မြို့ကလေးသည် ဝေးဝေးမှာ ကျန်ရစ်ပြီ။ နေခဲ့ဖူးသောအိမ်ကလေးမှာ သူစိမ်းတရံတို့ နေနှင့်ပြီ။ အိမ်သည် ကျမတို့အိမ်မဟုတ်တော့။ ငယ်ပေါင်း ကျွမ်း ဖော်တို့လည်း ရေကြည်မြက်နုရာ ပြောင်းရွှေ့ကြ၍ တဦးတလေပင် မရှိတော့ပြီ။ ငယ်ဆရာများလည်း ပင်စင်ယူသူယူ၍ သား သမီးများနောက်သို့ လိုက်ပါပြောင်းရွှေ့သွားကြပြီ။ ဆရာကန်တော့ပွဲပြုလုပ်ရင်း ဆုံတွေ့ကြဖို့ အားခဲကြသော်လည်း လမ်းပန်း အခြေအနေကြောင့် ဝေးသည်ထက် ဝေးရသည်။ တိုက်ပွဲများ၌ ပစ်ခတ်သောကျည်တို့သည် ရပ်ဝေးမြေခြားနေသူတို့ကိုပါ ထိမှန်လေသည်။ လက်တွေ့ခံစားနေရသူတို့ကို ကိုယ်ချင်းစာ၍သာ မညည်းညူပဲနေရသော်လည်း ငြိမ်းချမ်းစေချင်လှပါပြီ။

လူငယ်ဘဝချဉ်းနင်းစဉ်ရောက်ရှိနေထိုင်ခဲ့သော အညာကအိမ်သည်လည်း ထီးတည်းခြောက်သွေ့လျက်။ အညာက ကျွန်မ တို့ အိမ်ရှေ့မှာတမာပင် တပင်ရှိသည်။ ကျွန်မတို့ပြောင်းရွှေ့ကာစတုန်းက တတောင်လောက်သာရှိသေးသော တမာပင်ငယ် လေးဖြစ်သည်။ အပင်ကလေးမြင့်လာပြီး ပင်စည်အဖျား လက်ကောက်ဝတ်ခန့်ရှိသောအခါ အရွက်နုလိုချင်၍ ဆွဲခူးသည်က တကြောင်း၊ ကလေးများခိုစီးသည်ကတကြောင်းတို့ကြောင့် လူတရပ်ကျော်လောက်တွင် ကွေးညွတ်နေပေသည်။ ပင်စည် ကွေးညွှတ်လျက်ပင် တမာပင်သည် ဆက်လက်ဝေစည်လေရာ လေးငါးနှစ်ခန့်ကြာသောအခါ အရိပ်ကောင်းကောင်းရသော အပင်ကြီးတပင်အဖြစ် ရပ်တည်နေပေပြီ။ အမေသည် ပင်စည်ကွေးညွတ်ကိုကြည့်ပြီး မြေးကလေးများဆော့ရန် ဒန်းဆင်ရ မည်ဟု စိတ်ကူးယဉ်လေသည်။ လူငယ်ဘဝမှာမှ ရောက်ရှိနေထိုင်ခဲ့သော အိမ်ကလေးမှာ ကျမတို့ ကြာရှည်မနေပါ။ တောင် ပံကိုဖြန့်၍ ပျံဝဲဖို့အားသန်နေခဲ့ပြီ။ လောကအကျယ်အပြောကို စူးစမ်းဖို့ အသိုက်ကိုစွန့်ခွာချိန် ရောက်နေခဲ့ပြီ။

အမေကရော။ အမေသည် အိမ်မှာမနေရစ်ခဲ့နိုင်ပါ။ သားသမိးများပြောင်းရွှေ့ရာကို လိုက်ပါပြောင်းရွှေ့ခဲ့သောကြောင့် အိမ် နှင့်ဝေးသော်လည်း အမေနှင့်မဝေးခဲ့ပါ။ အမေ့ကိုလွမ်းသောကြောင့် အိမ်ပြန်ရန်မလိုအပ်ခဲ့။ ပြိးတော့ အညာမှာငယ်ပေါင်း ကျွမ်းဖော်တို့ မရှိ။ ဆွေမျိုးသားချင်းရယ်လို့လည်း မရှိ။ အရပ်ကို ဆွေမျိုးလုပ်၍နေထိုင်ရသော ဝန်ထမ်းများအဖို့ ပြောင်းရွှေ့ သောအခါ ခင်မင်ရင်းနှီးခဲ့သူအချို့မှလွဲ၍ လွမ်းစရာမကျန်ရစ်တော့။ ထို့ကြောင့် အညာကအိမ်ကလေးသည် လွမ်းရသော် လည်း ပြန်ဖို့အကြောင်းမရှိပြီ။

ထိုသို့ဆိုသောအခါ အိမ်ကိုလွမ်းသောအလွမ်းသည် အမေအပါအဝင် ကလေးဘဝအတူကြီးပြင်းခဲ့သော လူပုဂ္ဂိုလ်တို့ကိုသာ လွမ်းသည်လား။ ပတ်ဝန်းကျင် ရေမြေတောတောင်တို့မပါဘူးလား။ ထိုသို့မဟုတ်ပြီ။ ကျမ၏ အိမ်အလွမ်းတွင် တောင်ပေါ်မြို့ လေး၏ အေးမြသောရာသီဥတု အငွေ့အသက်လည်းပါဝင်သည်။ တောင်တက် တောင်ဆင်းသွားလာရသည့် ခရီးတိုများပါဝင် သည်။  နှစ်သက်စိတ်တဝက် ကြောက်ရွံ့စိတ်တဝက်ဖြင့် မြင်တွေ့ ရင်းနှီးခဲ့ရသော မြန်မာနိုင်ငံတဝှမ်း ဘယ်မှာမှမရှိနိုင်သည့် မြေအောက်မိုင်းတွင်းကြီး ပါဝင်သည်။ လေသွေးလိုက်တိုင်း လှိုင်းလုံးများတလိမ့်လိမ့်တက်သလို လှုပ်ရှားသွားတတ်သည့် မြက်ပင်ရှည်များ ပါဝင်သည်။ ထိုမြက်ပင်ရှည်များကို တဖျစ်ဖျစ် လောင်ကျွမ်းနေတတ်သော တောမီးမြင်ကွင်းတို့ ပါဝင်သည်။ တသွင်သွင် တငြိမ့်ငြိမ့်စီးဆင်းသော စမ်းချောင်းကလေးပါဝင်သည်။ ဒေါသကြီးသော တောင်ကျချောင်းရေများ ပါဝင်သည်။ တောင်စောင်းမှာပွင့်တတ်သော ပုလဲပန်းဖြူဖြူများ ပါဝင်သည်။ ပင်လုံးကျွတ်ပွင့်သော စိန်ပန်းပြာတို့ ပါဝင်သည်။

အညာအိမ်ကလေးတွင်လည်း ခဲတပစ်လောက်အကွာက ထန်းတောကိုလွမ်းသည်။ ထန်းရည်ချိုချိုအေးအေးကို လွမ်းသည်။ ဖုန်တထောင်းထောင်းနှင့် မောင်းနှင်သွားတတ်သော ခရမ်းချဉ်လှည်းများကို လွမ်းသည်။ ထန်းသီးနုနုများကို လွမ်းသည်။ ထ နောင်းဖူးသုတ်ကိုလွမ်းသည်။ ချိုးကလေးများ၏ တကူကူးမြည်သံကို လွမ်းသည်။ ဆူးဖြူတောကို လွမ်းသည်။ တမာပင်အရိပ် အောက်က ပဲခွေသုတ်၊ ထန်းလျက်ခဲနှင့် ရေနွေးကြမ်းကို လွမ်းသည်။ ပူသောအညာသည်လည်း လွမ်းစရာတောရိပ်တောင်ရိပ်ရှိပေသည်။

သို့သော်၊ အိမ်အလွမ်းသည် ပတ်ဝန်းကျင်နှင့် တောတောင်ရေမြေအတွက်ချည်းမဟုတ်။  သည်ပတ်ဝန်းကျင်မှာ အတူတကွ ဖြတ်သန်းခဲ့သော ဖြစ်ရပ်များနှင့် လူများပါ တစုတစည်းပါဝင်မှ အိမ်သည်ပြည့်စုံပေမည်။ ဝန်းကျင်သီးသန့်သည် အလွမ်း ကိုပို၍ရင့်သန်စေသည်။ ပို၍အထီးကျန်စေသည်။ ငယ်ဘဝရင်းနှီးကျွမ်းဝင်သော ရေမြေတောတောင်၊ သူငယ်ချင်းများ၊ ဆွေ မျိုးသားချင်းများနှင့် အမေရှိသောအိမ်တို့ ထပ်တူမကျနိုင်သောအခါ ဇာတိသည် ဘယ်ဆီဘယ်မှာ ရှာ၍မတွေ့တော့ပြီ။

လွင် (ဘော်တွင်း)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

http://moemaka.com/archives/57845

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်