လင်းငယ် ● မြစ်ရဲ့အဘိဓမ္မာ

March 31, 2017

● မြစ်ရဲ့အဘိဓမ္မာ
(မိုးမခ) မတ် ၃၁၊ ၂၀၁၇

ရယ်တော့လည်း ရယ်ရတယ်ဗျ။ ဘယ်လိုကြည့်ကြည့် အတူတူပဲ။ ရေတွေရှိမယ်။ ဘေးနားမှာ လမုတောတွေ ဒီရေတော တွေရှိမယ်။ ဒါကိုပဲ ခင်ဗျားတို့ လူတွေက နာမည်တွေတပ်ထားပေးသေးတယ်။ ဒါက ဖိုးသာချောင်း။ ဒါက ဖုန်သာချောင်း။ ဒါကဘာမြစ်။ ကျုပ်အတွက်ကတော့ အားလုံးအတူတူပဲ။ ချောင်းလည်း မြစ်။ မြစ်လည်း ချောင်းဘဲ။ ငယ်ငယ်တုန်းက သင်ရ တာကလည်း သောက်တလွဲ။ ချောင်းကြီးရင် မြစ်တဲ့။ ခင်ဗျားတို့ဆီကချောင်းက မြစ်ထက်ကြီးချင်လည်း ကြီးနေတာပဲ။ ဘယ်သူမှလည်း ဘယ်နှစ်ပေကျယ်ရင် မြစ်၊ မကျယ်ရင်ချောင်းလို့ တိတိပပ မပြောနိုင်ကြဘူး။ မြစ်တွေချောင်းတွေကတော့ သိမှာ မဟုတ်ပါဘူး။ သူတို့ကတော့ သဘာဝအတိုင်း စီးဆင်းနေကြတာနေမှာ။

တခါလာရင် ရှိသေးတယ်။ ဒီနားမှာတော့ မြစ်လို့ခေါ်တယ်။ ဟိုးထိပ်အဖျားပိုင်းရောက်တော့ ချောင်းတဲ့။ တဆက်တည်း ဖြစ်နေတဲ့ ရေးစီးကြောင်းကြီးများ ဘယ်လိုပိုင်းဖြတ်ကြတာလဲ။ လူတွေက အလကားနာမည်တွေနဲ့ ရှုပ်အောင် လုပ်နေ တယ်ဗျာ။

လူနှစ်ယောက်ရဲ့ မြစ်ပေါ်ကစကားတွေလို့ ဆိုရမလားပဲ။ ပင်လယ်ဝလည်းဖြစ် မြစ်လက်တက်တခုပေါ် လည်ဖြစ်တဲ့ ဟင်း လင်းပွင့်ဆိုင်တခုရဲ့ ညနေချမ်းကို မိတ်ဆွေနှစ်ယောက် ဖြတ်သန်းနေကြသည်။ တယောက်သောအညာသားဟာ ပင်လယ် နဲ့မြစ်တွေကြား အနေကြာလာသည်။ ပင်လယ်လူ၊ မြစ်လူတွေနဲ့ ရင်းနှီးလာသည်။ ဒါပေမယ့် သူ့စိတ်ထဲ မြစ်တွေမြင်ရင် ဘဝင်မကျသလိုလို ရှိနေဆဲ။ အခုလဲ ကမ်းရိုးတန်း မြစ်ကြိုမြစ်ကြား ခရီးနှင်လာခဲ့သည်။ ခရီးက ရှည်တော့ ဘာမှလုပ်စရာမရှိဘဲ တယောက်တည်း အတွေးနဲ့ စကားပြောရင်း အချိန်ကုန်စေခဲ့ရသည်။ လမ်းတလျှောက် သူတည်းယောက်တည်း ငြီးငွေးခဲ့ သမျှကို သူမိတ်ဆွေ ကန်းရိုးတန်းသားနဲ့ အတွေ့၊ ညနေ နေရီနဲ့ အတွေ့မှာ ခပ်ထွေထွေ ပွင့်ကျလာတော့သည်။ ကန်းရိုး တန်းသားအတွက်အတော့ ပင်လယ်တွေ မြစ်တွေထဲ ရှင်သန်လာတဲ့ ဘဝ။ မြစ်တွေအကြောင်း အထွေအထူး မတွေးခဲ့မိဖူး။ အညာသားရဲ့ နေပူပူ အညာမြေက အတွေးတွေကို သူက ခပ်ပြုံးပြုံးနားထောင်နေသည်။ သူ့အတွက်က ဓနိရည်နဲ့ ထန်းရည် ကို လဲသောက်နေတယ်လို့ပဲ အောက်မေ့မိသည်။

ဒါပေမယ့် သူပြန်ပြောမှတော့ဖြစ်မယ်ဟု ကန်းရိုးတန်းသား တွေးမိသည်။ သူချစ်တဲ့ ပင်လယ်။ ပြီးတော့ ဒီမြစ်တွေ ချောင်း တွေ။ သူတို့ရဲ့ မြစ်ဖျားခံရာ ဟိုးအဝေးက ရိုးမကြီး။ ဒါတွေက သူ့ဖြတ်သန်းမှုဘဝတွေ။

အေးလေ ခင်ဗျားက မြစ်တွေ ချောင်းတွေနဲ့ အခုမှ နေဖူးတာကိုးဗျ။ မြစ်နားကလူကတော့ ဘယ်နား ဘာမြစ်ခေါ် ဘာ ချောင်းခေါ်တယ် သိတာပေါ့။ နာမည်တွေဆိုတာလည်း အစဉ်အဆက် ခေါ်လာခဲ့တော့ ဒီအတိုင်း ဆက်ခေါ်လာတာပေါ့။ ရိုးရာအစဉ်အလာလို့လည်း ကြီးကြီးကျယ်ကျယ်ပြောရင် ရမှာပေါ့။ ဒီအတိုင်း အစဉ်အဆက် ထိန်းသိမ်းခဲ့တာပဲ။

ခင်ဗျားဘာသာ မြစ်အကြောင်း နားမလည်တာ။ ခင်ဗျားလို ဘယ်သူက ပေါက်ပေါက်ရှာရှာ တွေးမတုန်း။ ဟိုးတခေါက်က ခင် ဗျား ချောင်းတွေ ပတ်ပတ်လည်ကြားထဲ လမ်းမှားပြီး တဝဲလည်လည်ဖြစ်နေတာကို မခံရပ်နိုင် ဖြစ်နေတာလို့ ကျုပ်ယူဆတယ်။ ခင်ဗျားတို့ ရန်ကုန်ပဲကြည့်လေ။ နေရာတကာ ကတ္တရာလမ်းတွေ။ ဘေးမှာတိုက်တွေကလည်း ရှုပ်ပွလို့။ ဒါတောင် လမ်းနံ ပါတ်တွေပေး၊ နာမည်တွေပေးထားသေး။ ဒီလမ်းကြီး တဖြောင့်တည်းကိုပဲ ပြည်လမ်းတဲ့။ ဟိုးနားရောက်တော့ အင်းစိန်လမ်း တဲ့။ အဲ့တာကရော ဘာလဲဗျာ။ ကျုပ်တို့ကတော့ ရန်ကုန်ရောက်ရင် မျက်စိကို ရှုပ်နေတာပဲ။ ကျုပ်တို့ မြစ်တွေ ချောင်းတွေက ပိုပြီး ရှင်းသဗျ။

အေးလေ ခင်ဗျားတို့ ရှင်းလဲ ပြီးတာပါပဲ။ ကျုပ်က ရန်ကုန်သားမဟုတ်တော့ ခင်ဗျားပြောတာ သိပ်တော့ သဘောမပေါက်ဘူး။ နောက်တခါကျရင်တော့ ကျုပ်အတွက် ဘုတ်သမားကို ခင်ဗျားဆီကလူတွေပဲ ထည့်ပေးတော့။ ကျုပ်ရေတွေထဲ အကြာကြီး လမ်းပျောက်တာကို သည်းမခံနိုင်ဘူး။ လမ်းဘေးမှာကားဘီးပေါက်ရင် တနေရာထိုးရပ်ပြီး အိပ်လိုက်လို့ရတယ်။ မြစ်လယ် ခေါင်မှာ လမ်းပျောက်၊ ဘုတ်ပျက်လို့ကတော့ သွားပြီပဲ။ ပင်လယ်ဝထဲမျောရင် သေပြီ။

ဘာပဲ ဖြစ်ဖြစ်ဗျာ။ ကျုပ်ကတော့ မြစ်တွေနဲ့ နေရတာ သိပ်မကြိုက်လှချင်ဘူး။ အမျိုးမျိုး ပြောင်းလဲတတ်ကြတာ။ တော်ကြာ ဒီရေတက်ပြန်၊ ခဏနေ ရေကျသွားလို့ နွံတောထဲ လမ်းဆင်းလျှောက်ရနဲ့။ ဒါကြောင့်လည်း မြစ်တို့ရဲ့ မာယာဆိုပြီး စာတွေ ဖွဲ့ကြ သီချင်းတွေရေးကြတာပဲ။

အညာသားကတော့ ပင်လယ်စာအမြည်းတဖက်ကို ကောက်ဝါးရင် မြစ်ကို အပြစ်တင်မြဲပဲ။

အဲ့ဒါခက်တာပဲ။ ခင်ဗျားတို့တွေက ကိုယ်နားမလည်ရင် ထူးဆန်းတယ်တဲ့။ မာယာများတယ်တဲ့။ လူတွေဟာ သဘာဝတရားကို စိတ်ဝင်တစား မလေ့လာဘဲနဲ့ အရမ်းကာရော အပြစ်တင်ချင်ကြတာ ခက်တယ်ဗျာ။ ကျုပ်တို့အတွက်ကတော့ နာရီကြည့်စရာ မလိုဘူး။ ဘယ်အချိန် ရေတက်မယ်။ ဘယ်အချိန် ရေကျမယ်။ စိတ်မှန်းနဲ့ တွက်လိုက်လို့ရတယ်။ ဒါက ဒီဒေသမှာ ကလေး တွေတောင် သိတာမျိုးပါ။ ကျုပ်တို့က သဘာဝတရားကြီးနဲ့ ရှင်သန်လာရတဲ့သူတွေပါ။

အဲဒါဆို မနှစ်က ရေတွေကြီးခဲ့တာရော ခင်ဗျားတို့ ကြိုသိတယ်ပေါ့။ ဟုတ်လား။

ဘုတောတဲ့ အသွင်က သိသာလွန်းတော့ အိပ်တန်းပြန် ငှက်ကလေးတကောင်တောင် လန့်သွားတယ်ထင်ရသည်။

ဟေ့လူ အဲလိုတော့ မကျီစားပါနဲ့ဗျာ။ အဲ့သည်လို ရုတ်တရက် ရေကြီးတယ်ဆိုတာလည်း လူတွေပဲ သဘာဝတရားကြီးကို မ လေးစားလို့ဗျ။ သစ်ပင်တွေခုတ်ချင်သလိုခုတ်။ တောတွေပြုံးတော့ မိုးရေမထိန်းနိုင်။ မိုးသည်ထန်စွာရွာ။ ရေတွေကြီး။ ရာသီ ဥတုတွေ ဖောက်ပြန်တာ လူတွေကို သဘာဝတရားကြီးက ပြန်နှိပ်စက်တာပဲ မဟုတ်ဘူးလား။

ခင်ဗျားပဲ ခင်ဗျားတို့က သဘာဝကို ချစ်ကြ နားလည်ကြတယ်ဆို။ အခုပဲ ပြောခဲ့တာလေ။

အင်းကိုယ့်လူလည်း ဗဟုသုတတော့ ရှိမှာပါ။ လူတွေလုပ်လို့ လူတွေကို သဘာဝက ဒဏ်ခတ်တယ်ဆိုပေမယ့် ဒီနားက ကျွန်းကလူတွေကတော့ တောပြောင် တောင်ပြောင်အောင် သစ်မခုတ်နိုင်ဘူးဗျ။  သူတို့တသက်လုံး ဒီနားမှာ နေလာတာ ဘယ်မှာ သစ်တောပြုန်းလို့တုန်း။ လူတစုက သဘာဝကို ဖျက်စီးတယ်။ ကံဆိုးတဲ့ လူအများစုက ခံရတယ်။ မညီမျှမှုလား။ မတရားမှုလား ခင်ဗျား ဘယ်လို ဖြေမလဲ။ ခင်ဗျားတို့ ဘက်ကလူတွေပဲ လာဖျက်စီးခဲ့တာလို့ ပြောရင် နိုင်ငံရေးတွေ ပါလာ မယ်ကိုယ့်လူ။ လုပ်ပါအုံး။ မောင်ရင်တို့က လူမူရေးတွေ လုပ်နေတဲ့လူတွေပဲကို။ ပိုပြောနိုင်မှာပေါ့။

မနှစ်က ကျုပ်တို့ဘက် ရေကြီးတော့ တွေးတွေးပြီး အသည်းနာရတယ်။ အဲ့ဒီသစ်တွေခုတ်၊ သယံဇာတထုတ် ချမ်းသာသွားတဲ့ လူကြီးတွေကပဲ သူတော်ကောင်းကြီးတွေလုပ်ကာ ကယ်ဆယ်ရေးနာမည်ခံနဲ့ ပစ္စည်းတွေ လာလှူကြတယ်။ နာမည်ကောင်း တွေ ယူကြတယ်။ ဘာမှမသိတဲ့ ကျွန်းကလူတွေကလည်း ကျေးဇူးရှင်ကြီးတွေ ကျန်းမာပါစေ၊ ချမ်းသာပါစေဆိုတော့ ဘာပြောရမှန်း မသိအောင် ရင်နာရတယ်ဗျာ။ ခပ်ရိုင်းရိုင်းပြောရရင် ကိုယ့်ကို ဟိုဟာပြုသွားတဲ့သူကို ပြန်ကျေးဇူးတင်ရ လောက်အောင် ကျုပ်တို့ဘဝက ဆိုးနေတာပါ။

လေပြည်အေးက ခပ်သော့သော့။ မြစ်ပြင်ကျယ်မှာ နေလုံးက ယိုင်းနွဲ့နေသည်။ သူတို့စားပွဲဝိုင်းမှာလည်း နောက်ထပ် မှာ စရာတွေ ထပ်ရောက်လာသည်။

အေးဗျာ။ ကျုပ်က ခင်ဗျားတို့ ဒုက္ခကို မစာနာလို့ မဟုတ်ပါဘူး။ ဆောရီးပါ။ လုပ်ဖော်ကိုင်ဖက်ချင်းမို့ ပွင့်ပွင့်လင်းလင်းမေးကြည့်တာပါ။

ငြိမ်းချမ်းရေးဆိုတာအတွက် သူတို့ ဆုံခဲ့ကြတာ။ လူမှုရေးအသင်းအဖွဲ့ ကိစ္စတွေနဲ့နှီးနွယ်ပြီးတော့ မကြာခဏ အလုပ်အတူ လုပ်ရင် ရင်နှီးခဲ့ကြတာ။ တကယ်တော့ ဒီဘက်ကလူတွေနဲ့ နှစ်ယောက်တည်းတောင် တည့်အောင်နေရခက်တာမျိုး။ လေ ပြေဖြင့် ဖြေရသည်။

ရပါတယ်ဗျာ။ ခင်ဗျားတို့ သိအောင် ပြောပြရမှာက ကျုပ်တို့တာဝန်ပဲ။ တကယ်တော့ ဒီမြစ်တွေ ချောင်းတွေဆိုတာ သဘာဝ သယံဇာတတွေဗျ။ ဘယ်အချိန် ဖြစ်ဖြစ် မကုန်းမခမ်းနိုင်တာတွေ။ အနည်းဆုံးတော့ ရေမငတ်ဘူးပေါ့။ ခင်ဗျားတို့အညာလို ရေငန်သောက် မြက်ခြောက်စား မဟုတ်ဘူးဗျ။ ရေထွက်ပစ္စည်းတွေဆိုတာလဲ ဒီပင်လယ်တွေ၊ မြစ်ချောင်းတွေဆီက လို သလောက်ရနေတာ။ ဒါတွေနဲ့ပဲ ကျုပ်တို့ဒေသက လူအများစု အသက်ဆက်နေရတာ။

ဟုတ်ပါပြီ။ ဒါဆိုလည်း အားနာနာနဲ့ပဲ ဆက်ပြောကြည့်ပါရစေအုံး ဆရာသမားရယ်။ ခင်ဗျားတို့က ရေပတ်လည်ဝိုင်းပြီး ရေ ငတ်နေကြတဲ့သူတွေလို့ ကျုပ်က မြင်တယ်။ မနှစ်ကနွေမှာ ခင်ဗျားတို့ ဒေသကလူတွေ သောက်ရေပြတ်သွားတာလေ။ ဒုက္ခ ရောက်တဲ့သူတော့ သနားပါရဲ့။ ကျုပ်တို့အညာလည်း ရေရှားတာပဲ။ ဒါပေမယ့် ခင်ဗျားတို့ဘဝက ပိုဆိုးတယ်လို့ ခင်ဗျား မထင်ဘူးလား။ ရွှေကိုမလို ရေကိုသာလိုသည်တဲ့ ကျုပ်တို့ဘက်က ပြောတဲ့စကားဗျ။ လာလှူရင် ရွှေမလှူနဲ့ ရေသာလှုပါတဲ့။ ကျုပ်တို့က ရေကို အဲသလို တန်ဖိုးထားတာဗျ။

ဒီတခါတော့ ကန်းရိုးတန်းသား တော်တော်ကြီးကို တိတ်ဆိတ်နေသည်။ ဝင်လုလုနေကိုကြည့်ရင်း ပြောသင့် မပြောသင့် စဉ်း စားနေသလား။ လက်ထဲက သောက်စရာကို တကြိုက်ငုံလိုက်ရင်း တွေးတွေးဆဆပြောသည်။

ရေငတ်တာ ဘာဟုတ်သေးလို့လဲဗျာ။ ကျုပ်တို့ဘဝက တသက်လုံး ရသင့်တာတွေငတ်လာခဲ့တာ။ ကျုပ်တို့သယံဇာတတွေ ငတ်လာခဲ့တာ။ ကျုပ်တို့ဟာ ရွှေပုံပေါ်ထိုင်ပြီး ငတ်နေရတဲ့ဘဝပါ။

အညာသားမျက်စိထဲမှာတော့ ဓါတ်ငွေ့ပိုက်လိုင်းကြီးကို ပြေးမြင်မိသည်။ ဒါတော့ ကျုပ်တို့ တပြည်လုံးပါဗျာလို့ ဆိုနင့်စွာ ပြန် ပြောရသည်။ သူဘက်က ခုခံချေပဖို့အတွက် အချက်အလက် ရှားလွန်းနေတော့ ကန်ရိုးတန်းသား ပြောတာကိုသာ ဆိတ် ဆိတ်နားထောင်နေလိုက်သည်။

အင်း ခင်ဗျားပြောမှ စဉ်းစားမိတာ ပမာဏ နည်းခြင်း များခြင်းနဲ့ တန်ဖိုး အစပ်အဆက်။ ကျုပ်တို့ဘက်မှာ ရေတွေပေါတယ်။ ဒါပေမယ့် သောက်လို့မရဘူး။ စိုက်ပျိုးလို့မရဘူး။ မြို့ပေါ်မှာ သောက်ရေ တဘူးကိုကျတော့ လေးငါးရာပေးပြီး အလုအယက် ဝယ်ကြတယ်။ ဒါဟာ အသုံးဝင်မှုတန်ဖိုးပဲဗျ။ ပမာဏ နည်းသော်ငြားလည်း အရည်အသွေးရှိရင် လူတွေအတွက် အသုံးဝင်ရင် တန်ဖိုးမြင့်တာပဲ။ ကျုပ်တော့ ဒီလို တွေးမိတယ်။

မှန်တာပေါ့ဗျာ။ များတိုင်း ကောင်းတယ် ဘယ်ဆိုသာမလဲ။ ကွာလတီပဲဗျ။ ဘယ်လဂျီယံနဲ့ တရုတ်နိုင်ငံလူဦးရေ နှိုင်းယှဉ် ကြည့်လေ။ ဘယ်နှစ်ဆ ကွာမလဲလို့။ ဟော ဘောလုံးအားကစားမှာကြတော့ ဘယ်လဂျီယံက လက်ရှိ ကမ္ဘာ့အဆင့်တစ်ဗျို့။ ဒါဟာ အရည်အသွေးပဲ။

ဟုတ်တယ်ဗျ။ ကျုပ်တို့ လက်ရှိ ကြုံနေရတဲ့ လူဦးရေ ခြိမ်းခြောက်မှုဆိုတာကို ခင်ဗျားပြောတဲ့ ရှု့ထောင့်ကကြည့်ပြီး ရင်ဆိုင် ရင်ကော မရနိုင်ဘူးလား။ တဖက်က လူဦးရေပေါက်ကွဲမှုကို ကြောက်မနေနဲ့။ ကိုယ့်လူတွေကို ကွာလတီကောင်းလာအောင် လုပ်လို့မရဘူးလားဗျာ။ ပင်လယ်ရေလို များပေမယ့် သောက်မရတာထက် ရေသန့်ဗူးထဲက ရေလို အရည်အသွေးပြည့် အသုံးဝင်နေအောင် လုပ်နိုင်ရင်ရော ဘယ်လိုဖြစ်မလဲ။

နိုးနိုး ကိုယ့်လူ။ ခင်ဗျားမြစ်ထဲက ညစ်ပတ်နေတဲ့ ရေတွေကို ရေသန့်ဖြစ်အောင်လုပ်ဖို့ လွယ်မယ်ထင်လား။ မရဘူးမဟုတ်။ ရတော့ရတယ်။ ဒါပေမယ့် ပေးရမယ့် အရင်းအနှီးနဲ့ အချိန်က ကြီးလွန်းမယ်။ ပြီးတော့ ဒါက ဘောလုံးမဟုတ်ဘူးလေ။ ပင် လယ်ရေ၊ မြစ်ရေထက် ညစ်ညူးစွာ ပြုမှုတတ်တဲ့ လူတွေကိစ္စကိုး။

နေရောင်က ပိုမှိန်လာတယ်။ သူတို့ ခေါင်းတွေက ပိုငြိမ်လာတယ်။ မျက်လုံးတွေက ပိုပြီး ရီဝေလာတယ်။

ကြာခဲ့ပြီဖြစ်သော အတွေးအမြင်တခုကို ပြန်သတိရမိတယ်။ ကျုပ်ကို အခုလို လူမူရေးလုပ်ငန်းတွေထဲ နှစ်မြုတ်စေဖို့ တွန်း အားပေးခဲ့တဲ့အတွေးအမြင်လို့ ဆိုရမလား။ ကျုပ်လေးစားရတဲ့ ဆရာသမားတယောက်က ပြောပြခဲ့တာပဲ။ သူက မြစ်ကြီးတစင်းဘေးမှာ နေတယ်။ ဟိုးမြစ်ဖျားခံရာကနေ ပင်လယ်ထဲအထိ မြစ်ကြီးက သူ့ဘာသာ စီးဆင်းသွားတာပဲ။ ဘယ် သူကိုရှောင်မယ်။ ဘယ်သူနဲ့ မတွေ့ချင်ဘူးလို့ စဉ်းစားမယ်မထင်ဘူး။ ဘယ်သူဖြစ်ဖြစ် ဖြူဖြူမဲမဲ သူဆီကို ရေလာချိုးတဲ့လူလည်း လက်ခံလိုက်တာပဲ။ ရေလိုလို့ ပုံးနဲ့ ခွက်နဲ့ လာခပ်တဲ့ လူလည်း ပေးလိုက်တာပဲ။ မော်တာနဲ့တင်တဲ့သူလည်း သူမကန့်ကွက်ဘူး။ ငါ့ရေတွေလျော့သွားတော့မှာပဲ မတွေးဘူး။ နောက်ဆုံး ကုန်ကုန်ဗျာ။ သူ့ထဲကို မစင်စွန့်ချ၊ ကျင်ငယ်စွန့်ချတာတောင် အေးဆေးပဲ။ သူ့ဘာသာ စီးဆင်းစရာ သူ့လမ်းအတိုင်း မရပ်မနား စီးဆင်းသွားတာပဲဗျ။ လိုအပ်တဲ့ သက်စောက်ဓါတ် ရေနဲ့ အေးမြခြင်းကိုတော့ လူတိုင်းကို ပေးခဲ့တာချည့်ပဲ။ သူကပြောတယ်။ မင်းလည်း မင်းခရီးမင်းသွားနေတာပဲတဲ့။ လမ်းတ လျှောက် တွေ့တဲ့လူကို အဲ့သလို ကျင့်ကြံပါတဲ့။

ဒါပေမယ့် ကျုပ်ကတော့ ရေအေးပေးရမယ့်အစား ရေနွေးပူနဲ့ လောင်းခဲ့မိတဲ့ အခိုက်အတန့်တွေနဲ့ ပြည့်နေတဲ့ လူတယောက် ပေါ့။

သူတို့နှစ်ယောက်အောက်က မြစ်ကလည်း သူ့ဘာသာ စီးဆင်းသွားသည်။ ပင်လယ်ကလည်း သူ့ဘာသာ အော်နေသည်။ ပင်လယ်ကတဆင့် မြစ်ပြင်ကို ဖြတ်တိုက်လာတဲ့လေဟာ ဆားဓါတ်ပါလို့ ကျန်းမာရေးအတွက် ကောင်းတယ်လို့ သူကြား ဖူးသည်။ ဒါပေမယ့် သူ့ဘာသာ မသိမသာ ရှုရှိုက်မိနေရုံသာ။ တခါမှပင် ကျေးဇူးမတင်ဖူးခဲ့။ သူတို့နှစ်ယောက်ရဲ့ အတွေး တွေဟာလည်း သူ့ဘာသာ ဆက်နေကြတာပဲ။

လင်းငယ်
၁း၄၅ နာရီ
ဇန်နဝါရီ ၂၉၊ ၂၀၁၇၊ ညနေ၊ စစ်တွေ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်