ဆောင်းဖြူ ● ကုန်ကြမ်းဒုက္ခ (သရော်စာ)

April 3, 2017

● ကုန်ကြမ်းဒုက္ခ (သရော်စာ)
(မိုးမခ) ဧပြီ ၃၊ ၂၀၁၇

စာတိုပေစ ရေးဖို့သားဖို့ ဝါသနာပါတဲ့၊ မအောင် မြင်သေးတဲ့ကလောင်ရှင်လေး မောင်ဖိုးဆောင်းတယောက် ခုတလော ရေး စရာ ကုန်ကြမ်းပြတ်နေလို့ စိတ်ဒုက္ခရောက်နေရှာတယ်။  သူက သူများတွေလို သမားရိုးကျ ဇာတ်လမ်းမျိုးကိုလည်း စိတ်မဝင် စားဘူး။

အမှတ်မထင်တွေ့၊ အဆင်ပြေ၊ မုန်း၊ ကြိုက်၊ ညား၊ ကွဲ …
ချစ်၊ ညား၊ ကွဲ၊ ပေါင်း၊ ပြန်ခွာပြဲ …

ဒီလို ဖေတော့ မောင်တော့ ရိုးရိုးစင်းစင်း ဇာတ်လမ်းတွဲတွေကို ဗာဂျီးနီးယားဆေးတက္ကသိုလ်က ဆရာမကလေးတွေ ရေးပြီး သွားပြီလို့လည်း သူက ခပ်လှောင်လှောင်လေး ပြောတတ်သေးတယ်။ သူက ထူးထူးခြားခြား လူမှုဘဝဇာတ်လမ်းတွေကို ကုန်ကြမ်းရှာပြီး သီဖွဲ့ချင်တာ၊ ဘဝထဲကရတဲ့ အတွေးတွေကိုပဲ ချပြချင်တာ။

အဲဒီလို ရေးစရာအကျပ်အတည်းဖြစ်နေတဲ့ မောင်ဖိုးဆောင်းခမျာ တရက် မြို့ထဲသွားရင်း ကားပေါ်မှာ အတွေးတစ ရလိုက် တယ်။ အဲဒီအတွေးကိုပေးတာက ခေတ်အဆက်ဆက် မောင်ဖိုးဆောင်းတို့လို လူတန်းစားတွေနဲ့ နေ့စဉ် ထိတွေ့နေရပြီး၊ မချစ်ပေမယ့် အောင့်ကာနမ်းနေရတဲ့ မောင်မင်းကြီးသား ယာဉ်နောက်လိုက်အချို့ပေါ့။

“ကဲ … အချိန်ဖင့်အောင် အပေါက်ဝမှာ ကြော်ငြာ ရိုက်မနေကြနဲ့။ ကိုရီးယားကား မီချင်ရင် အထဲဝင်စီးကြ။ ဂေါ်ဆယ် (ငါး ဆယ်) သမားတွေ ရှေ့မှတ်တိုင်မှာ နှုတ်ဆက်မယ်။ ဆက်သွားမယ်ဆို ကားခ ဆက်လှမ်းပါ”

ယာဉ်နောက်လိုက် ငတိကလေးရဲ့ လေသံက သူ့လုပ်စာ မျှော်စားနေရတဲ့ ခပ်ချေချေ လေသံမျိုး ပေါက်နေပေမယ့် သူ့အ ပြော၊ သူ့အသုံးအနှုန်းတွေကိုတော့ မောင်ဖိုးဆောင်း သဘောခွေ့သွားတယ်။ တဆက်တည်းမှာပဲ ဒီဆရာသမားတေရွဲ့ စ ကားအသုံးအနှုန်းတွေကို ပြုစုရေးသားနိုင်ရင် မဆိုးဘူးဆိုတဲ့ စိတ်ကူးလည်း ပေါ်လာမိတယ်။

ဒါနဲ့ပဲ မောင်ဖိုးဆောင်းတယောက် အားအားရှိ ရန်ကုန်ပတ်ချာလည် ဘတ်စ်ကားလိုင်းပေါင်းစုံကို ပတ်စီးပြီး ကုန်ကြမ်းရှာ ဖြစ်နေတော့တယ်။ ကားပေါ်မှာ လှုပ်ရှားတဲ့ ခါး (ခါးပိုက်နှိုက်) တွေတောင် သူ့လောက် လိုင်းကားစီးဖြစ်မယ် မထင်ဘူး။

“ဟာ ဟာ ၊ ဟို စိုင်းစိုင်းခင်လှိုင်ကေနဲ့ ညီကို၊ အလယ်ကောင်မှာ အဲ့လိုခန့်ခန့်ကြီး ရပ်မနေနဲ့ဗျ။ ခင်ဗျားရဲ့ ဇူဇကာဗိုက်ကို လူတကာမတိုက်မိအောင် တဖက်ဖက် ကပ်ရပ်ပေးပါ။ ကားကွက်ပျောက်နေရတဲ့အထဲ ခင်ဗျားတို့လို အထူအပါးနားမလည်တဲ့ သူတွေကလည်း တမှောင့် …”

တခါတခါ ယာဉ်နောက်လိုက်ရဲ့ အဟိန်းအဟောက်ကို အဲ့သလိုခံရတဲ့အခါလည်း ရှိတယ်။ ဒါပေမယ့်လည်း မောင်ဖိုးဆောင်း အဲ့သကောင့်သားကို ပြန်မပြောမိအောင် ကျိတ်မှိတ်ခံပါတယ်။ သူ့ကို ကြိမ်းလား မောင်းလား လုပ်တဲ့စကားတောင် မှတ်သားစရာ စကားလုံးလေးတွေပါလာတတ်တော့ အပြောခံရတာနဲ့ ကာမိပါတယ်လို့လည်း ဖြေတွေးတွေးပါတယ်။

တခါတရံတော့ လွယ်အိတ်ကြီးတကားကားနဲ့ ရဲစခန်းကို ရောက်သွားတတ်တာမျိုးလည်း ကြုံရပါသေးတယ်။ ကားပေါ်မှာပါလာတဲ့ ခါးပိုက်နှိုက်အုပ်စုရဲ့ လက်ချက်ကို အနှိုက်ခံရတဲ့လူသိလို့ ပွက်လောရိုက်သွားရင် ကားဒရိုင်ဘာက အနီးဆုံးရဲစခန်းဆီ မောင်းချသွားတတ်တာကိုး။ ဒါပမေယ့် မောင်ဖိုးဆောင်း သည်းခံပါတယ်။ သူရဲ့ရည်ရွယ်ချက် အောင်မြင်ဖို့က ပထမလို့ ခံယူထားတော့ ဘယ်လိုအခက်အခဲတွေ့တွေ့ မဖြုံဆိုတဲ့ သံမဏိစိတ်ဓာတ်ကိုလည်း မွေးမြူထားပါတယ်။

ပြောရရင် သူကိုယ်တိုင်လည်း ယာဉ်နောက်လိုက်တွေရဲ့ ခေါင်းထဲက စကားအထူးအဆန်း၊ အသုံးအနှုန်း ဆန်းဆန်းတွေကို နှိုက်ယူနေတဲ့ စကားနှိုက်တယောက်ပဲ မဟုတ်လား။

(၂)
“ဆင်းမယ့်သူတွေ အပေါက်ဝနား တိုးထွက်ထားမယ်။ သောက်သောက်လဲမှတ်တိုင်းပါတယ်ဆရာရေ့။ ကဲ ခြောက်ဘီးလုံး ရပ်မှ ဆင်းမယ်နော်။ ကားမငြိမ်ခင်ဆင်းလို့ တခုခုဖြစ်ရင် ကိုယ့်ဒေါသနဲ့ ကိုယ်ပဲ”

ပထမတော့ ယာဉ်နောက်လိုက်ရဲ့စကားကို မောင်ဖိုးဆောင်းလိုက်မမီဘူး။ ဘေးဘီဝဲယာကို အတင်းပြူပြဲကြည့်လိုက်တော့မှ မှတ်တိုင်နားမှာ ဖွင့်ထားတဲ့ ဘီအီးဆိုင်လေးကို မြင်မိတယ်။ ဆိုင်ထဲမှာ ပုလင်းထောင်နေသူတွေရော၊ ဆိုင်ထဲကနေ ယိုင်တိ ယိုင်တိုင်နဲ့ ပြန်ထွက်လာသူတွေရော တွေ့မှ “သောက်ပြီး အမူးလွန်သူတွေ ခဏ ခဏ တဘိုင်းဘိုင်းလဲကြလို့ သောက် သောက်လဲလို့ ပေးထားပုံရတယ်”ဆိုတာကို မနည်းဆက်စပ်ယူလိုက်ရတယ်။

ကြာတော့ ယာဉ်နောက်လိုက်တွေရဲ့ စကားတွေနဲ့ တဖြည်းဖြည်း နားယဉ်လာတယ်။ သူတို့သုံးနှုန်းပြောဆိုပုံသဘောကို စောကြောမိလာတယ်။

စဉ်းတီတုံး စဉ်းတီတုံးဆိုရင် ကိုယ်ဝန်ကြီးနဲ့ ဆင်းမယ် ….
လိုက်ပွဲတွေနဲ့ဆိုရင် ကလေး ဘုစုခရုတွေနဲ့ …
ဘယ်ညာဆိုရင် မိန်းမနဲ့ ယောက်ျား …
ကောက်ရိုးဆိုရင် ငါးဆယ်တန်၊ တရာတန် အစရှိတဲ့ ပိုက်ဆံတွေ …
မွေးမြူရေးမှတ်တိုင်ဆိုရင် ဗဟိုအမျိုးသမီး သားဖွားဆေးရုံမှတ်တိုင် …
မောင့်သဘောမှတ်တိုင်/ ရင်ခွင်နန်းတော်မှတ်တိုင်ဆိုရင် ပန်းခြံအနီးအနားက မှတ်တိုင် …
ငိုသံကြားကားဆိုရင် နားရေးပို့တဲ့ကား …
ချက်ကြီးဆိုရင် ချက်ပလက်ဘတ်စ်ကားအိုကြီးတွေ …
ဘဲဥဆိုရင် ယာဉ်ထိန်းရဲ …
အလှူခံဆိုရင် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့/လှည့်ကင်းအဖွဲ့ …

စသည်ဖြင့် သဘောပေါက်လာတယ်။ သူ့မှတ်စုစာအုပ်ထဲမှာ တလုံးပြီးတလုံး တိုးပွားလာတဲ့ စကားလုံးတွေကို ပြန်ပြန်ဖတ် ကြည့်ပြီး ပျော်သလိုဖြစ်လာတယ်။ ရှေ့တပတ်လောက်ထိ ကားပတ်စီးပြီးရင် ဒီစကားတွေနဲ့ ပတ်သက်ပြီး စာတပုဒ်ကောင်း ကောင်း ရေးပစ်မယ်လို့လည်း စိတ်ထဲတေးမှတ်ထားလိုက်တယ်။

(၃)
ဒီကနေ့တော့ မောင်ဖိုးဆောင်း ကားပတ်စီးရင်း ရန်ကင်းဖက်ရောက်လာတယ်။ ကားထဲမှာ စကားလုံး အသစ်အဆန်း/ ဗန်း စကားအဆန်းလေးတွေ ကြားရနိုး နားစွင့်ရင်းနဲ့ပေါ့။

မောင်ဖိုးဆောင်း စီးလာတဲ့ဘတ်စ်ကား ၁၂ လုံးတန်း မီးပွိုင့်နားရောက်လာတော့ ဒီအနီးအနားမှာ သူ့မိတ်ဆွေ ရေးဖော် တ ယောက်ရဲ့အိမ်ရှိနေတာကို သွားသတိရလိုက်တယ်။ မတွေ့ဖြစ်တာလည်း အတြော်ကာနေပြီ၊ ကြုံကြိုက်တုန်း ဝင်တွေ့ဦးမှဆို တဲ့အတွေးနဲ့ ဆင်းမယ်ပြင်တဲ့အခိုက် ကားက မီးပွိုင့်ကိုဖြတ်နေပြီ။ ဒါကြောင့် ယာဉ်နောက်လိုက်ကို ရှေ့မှတ်တိုင်ဆင်းမယ်လို့ လှမ်းပြောပြီး နေရာကထလိုက်တယ်။ ယာဉ်နောက်လိုက် ကိုယ်တော်ချောက သူ့ကိုတချက်လှမ်းကြည့်ပြီး …

“ပါရင် ထွက်ထား၊ ပါရင် ထွက်ထား” တဲ့။

နောက်မှာ လိုင်းတူကားတစီးကလည်းပါနေတော့ အနားနီးမှ ထိုင်ခုံကထလာတဲ့ မောင်ဖိုးဆောင်းကိုလည်း သိပ် ကြည်ပုံမရ ဘူး။ မှတ်တိုင်ရောက်ဖို့ ဝါးနှစ်ပြန်လောက်အလိုမှာ ဒရိုင်ဗာဆီ လှမ်းအော်လိုက်တယ်။

“ပါသေးတယဆ်ရာရေ၊ ဟိုမရောက် ဒီမရောက် ဆင်းမယ်”

ယာဉ်နောက်လိုက်စကားကိုကြားတော့ ကုန်ကြမ်းရှာတဲ့ ကွင်းဆင်းကာလတလျှောက် အောင့်အည်းသည်းခံလာခဲ့တဲ့ မောင်ဖိုးဆောင်းဟာ ထောင်းခနဲ ဒေါသထွက်သွားတယ်။ ဒီစကားဟာ လုံးဝအနှောင့်အသွား မလွတ်တဲ့စကား။ ဒါဟာ မ အောင်မြင်သေးတဲ့ ငါ့ကို ထိပါးစော်ကားတဲ့စကားပဲလို့ အတွေးရောက်ပြီး  ….

“မင်း … မင်း၊ ငါ့ကို ဟိုမရောက် ဒီမရောက်ကောင်လို့ပြောတယ် ဟတ်လား။ မင်း ငါ့ကို ဘာကောင်ထင်လဲ။ နောင်တချိန်မှာ ဘာကောင်ဖြစ်မယ်များ မင်းထင်သလဲကွ … ဟေ”

လေသံမာမာနဲ့ ဒေါသအိုးကွဲဖြစ်နေတဲ့ မောင်ဖိုးဆောင်းကိုကြညြ့်ပီး ယာဉ်နောက်လိုက်က “ကျွတ်” လို့ စုတ်တချက် သပ် လိုက်တယ်။ ပြီးတော့မှ  ….

“ဒီမယ်အာစိ၊ ခင်ဗျားရဲ့ နောင်တချိန် အနာဂတ်တွေ၊ ဟင်နီပလပ်စ်တွေ လာမေးမနေနဲ့။ စိတ်လည်း မဝင်စားဘူး။ သိလည်း မသိချင်ဘူး။ ကျုပ်သိတာ ဒီမှတ်တိုင်ဟာ ရန်ကင်း ၁၂ လုံးတန်းနဲ့ ဈေးကွေ့မှတ်တိုင်ရဲ့အကြားမှာ ရှိနေတဲ့ “ကြား” မှတ်တိုင်။ ဒါ့ကြောင့် ကျုပ်တို့က “ဟိုမရောက် ဒီမရောက်မှတ်တိုင်” လို့ခေါ်တာ ရှင်းပလား။ ခင်ဗျားဘာသာခင်ဗျား၊ အိုးမလုံ အုံပွင့်ဖြစ်နေနဲ့။ ကွာ … ကိုယ့်ရည်းစားတောင် အဲ့လောက်အာညောင်းခံပြီး မရှင်းပြဖူးဘူး။ အုံးစားလိုက်တာ။ ဆွဲ ဆရာရေ့၊ ဆွဲ အမုန်းသာဆွဲ … နောက်ကား ကျော်သွားပြီ”

ကားက ရပ်ထားရာကနေ ဆောင့်ကြီးအောင့်ကြီးနဲ့ ဝူးကနဲ မောင်းထွက်တော့ မောင်ဖိုးဆောင်း ခြေနင်းခုံပေါ်ကနေ ကမန်း ကတန်း ခုန်လိုက်ရတယ်။

မအောင်မြင်သေးတဲ့ ကလောင်ရှင်လေး မောင်ဖိုးဆောင်းတယောက်မှာတော့ ရန်ကင်း “ကြားမှတ်တိုင်” ဆိုတဲ့ “ဟိုမရောက် ဒီမရောက်မှတ်တိုင်” မှာ စကားပညာကို အလကားပို့ချသွားတဲ့ ယာဉ်နောက်လိုက်အကြောင်း တွေးတွေးပြီး ငါးသလောက် ပေါင်းအိုးကြီး တရှူးရှူး တရှဲရှဲ ဖြစ်နေတဲ့ပုံစံမျိုးနဲ့ ဒေါသထွက်ပြီး ကျန်နေခဲ့လေရဲ့။

ဆောင်းဖြူ
(မိုးမခမဂ္ဂဇင်း၊ အမှတ် ၄၊ အတွဲ ၃၊ ၂၀၁၇ မတ်လထုတ် သရော်စာကဏ္ဍတွင်ဖော်ပြခဲ့ပြီး ဖြစ်သည်)

 သရုပ်ဖော်ကာတွန်း – OKKW


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သရော်စာ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

http://moemaka.com/archives/57845

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်