သစ်စိုး ● အာကာသမှ ကျူးကျော် ဝင်ရောက်လာခြင်း

April 6, 2017

● အာကာသမှ ကျူးကျော် ဝင်ရောက်လာခြင်း
(မိုးမခ) ဧပြီ ၆၊ ၂၀၁၇
(မိုးမခ အတွဲ (၃)၊ အမှတ် (၁၂)၊ ဒီဇင်ဘာ ၂ဝ၁၆ တွင် မူလပုံနှိပ်ခဲ့ပြီး ဖြစ်သည်)

 

ကနဦးအစကတည်းက ကျွန်တော်တို့ ပြင်ဆင်ပြီးသား။ ဘာလုပ်ရမည်ဆိုတာလောက်တော့ သိနေကြသည်။ ဒါမျိုးအကြိမ် တရာလောက် မကြုံခဲ့ဖူးလို့လား။ မြို့က အမျိုးသားကောင်းတွေ သူတို့အလုပ်နှင့် သူတို့ဇယ်ဆက်လို့။ ရုတ်တရက် ကဂျိုးက ဂျောင်ဖြစ်သွားသော တီဗီအစီအစဉ်များ။ လူအုပ်ထဲက မျက်နှာတွေ မော့ကြည့်မော့ကြည့်။ ကောင်မလေးက လေထဲကို လက်ညှိုး တထိုးထိုး။ ပါးစပ်တွေအဟောင်းသားနဲ့။ ခွေးတွေ တဝုတ်တဝုတ်နဲ့။ ယာဉ်အသွားအလာတွေ ရပ်သွားကြ။ ရှော့ ပင်အိတ်က လူသွားလမ်းပေါ် တုံးလုံးပက်လက်။ ဟော ကောင်းကင်ထဲမှာ ပိုပြီးနီးလာပြီ။ ဖြစ်ချိန်တန်တော့လည်း နောက် ဆုံးမှာတော့ ဖြစ်လာတော့မှာပါ။ အချိန်တန်ဖို့ပဲ လိုတော့တယ်။ စပ်စုလိုစိတ်နဲ့ အကြောက်တရားတွေ ရောယှက်နေကြပေမယ့် ကျွန်တော်တို့ ထိန်းထိန်းသိမ်းသိမ်း ရှိနေကြသည်။ အသားကျပြီးသား စိတ်တည်ငြိမ်မှု။ ဒီလိုမျိုးအခါသမယမှာ ဘာကိုမျှော် လင့်ထားရမည်ကို ကျွန်တော်တို့နားလည်ထားကြ၏။

ဒီဇာတ်လမ်းမှာ မနက်ဆယ်နာရီထိုးပြီးလေးတင်မှာ ဖြစ်ခဲ့ရသည်။ တီဗွီသတင်းအဖွဲ့သားများ ကျွန်တော်တို့ တွေးထင်ထားကြ သလိုနှင့် တထပ်တည်း။ သူတို့မျက်နှာပေါ်က ကသုတ်ကရက် အမူအရာ။ သူတို့ဆံပင်တွေက ပိပိပြားပြား။ သူတို့လှုပ်ရှား နေပုံမှာ တင်းတင်းတောင့်တောင့်။ သူတို့က ကျွန်တော်တို့အား ဂနာမငြိမ်ဖြစ်အောင် ဆွပေးနေကြသော်လည်း အရာရာမှာ ပုံမှန်အခြေအနေ ဖြစ်နေသည်ကို အခိုင်အမာပြသနေ၏။ သူတို့လည်း ဒါမျိုးတော့ ကြိုတင်ပြင်ဆင်ပြီးသား။ ဒါကိုပဲ စောင့် နေသလို အဓိပ္ပါယ်မျိုး။ ဒါမျိုးကြုံတောင့်ကြုံခဲအချိန်မှာ သူတို့လည်း ကိုယ့်အကြောင်းကိုယ် သိပြီးသားဖြစ်လိမ့်မည်။

မြင်ရသလောက်က အငြင်းပွားစရာ မရှိ။ လောလောဆယ်တော့ ကောက်ချက် မချ နိုင်သေး။ ပြင်ပမှဝင်လာသော ထိုအရာကို ထောက်လှမ်း အကဲခတ်ပြီးသား။ ကျွန်တော်တို့ လေထုထဲကို အမြန်နှုန်းမြင့်မြင့်ဖြင့် ချဉ်းကပ်လာပုံရသည်။ ပင်တဂွန်က အခြေအနေကို အနီးကပ် စောင့်ကြည့်နေ၏။ ကျွန်တော်တို့ကို တည်တည်ငြိမ်ငြိမ် ရှိနေဖို့၊ အိမ်ထဲမှာ နေကြဖို့၊ နောက်ထပ် ညွှန်ကြားချက်များ စောင့်ဆိုင်းကြဖို့ တိုက်တွန်းထားသည်။ တချို့က အလုပ်မှ ချက်ချင်းထွက်ခွာကာ မိသားစုရှိရာ အိမ်သို့ ခပ်သုတ်သုတ် ပြန်နေကြ၏။ တချို့ကတော့ တီဗီ၊ ရေဒီယို၊ ကွန်ပြူတာတို့နှင့် လက်တကမ်းအကွာမှာ။ ကျွန်တော်တို့အားလုံး ကိုယ့်အသိုင်းအဝိုင်းနဲ့ကိုယ် အဆက်မပြတ်ကြ။

ပြတင်းပေါက်များမှတဆင့်၊ အခြားသူတို့ သူတို့ပြတင်းပေါက်များမှာ ကွက်ကြည့်ကွက်ကြည့်လုပ်နေသည်ကို မြင်နိုင်ကြသည်။ ကောင်းကင်သို့ တမော့မော့။ တမနက်လုံး ကျွန်တော်တို့သတင်းကို သည်းကြီး မည်းကြီး နားစွင့်နေလျက်။ ကလေးတွေ အမှောင်ထဲက မိုးသက်မုန်တိုင်းကို နားစိုက်နေကြသည့်ပုံနှယ်။ ဘာဖြစ်လာကြမလဲဆိုတာ မသိနိုင်ကြသေး။ သိပ္ပံပညာရှင်တို့ ကလည်း ဤသဘောကို မစောကြောနိုင်ကြသေး။ ဆောင်ရန်၊ ရှောင်ရန်တို့ကို အသိပေးထုတ်ပြန်ထားသည်။ စိုးရိမ်ထိတ် လန့်ရန်မလို။ ကျွန်တော်တို့ လုပ်နိုင်သည်ကတော့ သတင်းထုတ်ပြန်ချက်အား နားထောင်ကြရန်သာ။

နားရွက် မလှုပ်နဲ့။ နောက်ထပ်ထူးခြားဖြစ်စဉ်ကို စောင့်။ ကျွန်တော်တို့ စိတ်စောနေကြသော်လည်း။ ကြွက်များကဲ့သို့ အာရုံ ကြောဂဏှာမငြိမ်ဖြစ်ခြင်းက ကျွန်တော်တို့ကိုယ်ပေါ်မှာ ရွစိရွစိ ပြေးတက်နေကြသော်လည်း။ ဘာဘေးဖြစ်ဖြစ် ပြေးတွေ့ လိုက်ချင်ကြသည်။ ရှောင်တိမ်း၍မရမည့်အတူတူ နှာဖူးတွေ့ဒူးတွေ့ ကြုံတွေ့လိုက်ချင်တော့သည်။ သူတို့ပြုသမျှ နုရတော့မည့် အချိုးအပေါက်မျိုး။ ကောင်းကင်ရဲ့တဘက်ခြမ်းကဟာတွေ။ ကျွန်တော်တို့မြို့မှာ ဆင်းသက်ဖွယ်နေရာ ဖြစ်နေသည်ဟု အပြောများနေကြသောကြောင့် တီဗီသတင်းအဖွဲ့သားတို့ ပြိုဆင်းလာကြ၏။

ဘယ်နေရာကို ဆင်းလာမှာလဲဟု ကျွန်တော်တို့တွေးဆကြည့်နေကြ၏။ ပြည်သူ့ပန်းခြံထဲက ဆီးဆောတွေနဲ့ ဘဲကန်ကြားမှာ လား။ မြို့မြောက်ဘက်စွန်းက တောအုပ် နက်နက်ထဲမှာလား။ ကုန်ပဒေသာဆိုင်နားက မြေကွက်လပ်လည်း ဖြစ်နိုင်သည်။ အဲဒိမှာ ရှေးအဆောက်အဦတွေ တူးဖော်နေတာ လတ်လတ်ဆတ်ဆတ်ကြီး ရှိသေးသည်။ လမ်းမတော်ကကုန်တိုက် အ ဟောင်းပေါ် လျှောဆင်းရင်လည်း ဖြစ်နိုင်သည်။ မင်န်ဂီအွန်းက ပစ်ဇာနဲ့ ကဖေးဆိုင်ပေါ်က ဒုတိယထပ်တိုက်ခန်းတွေ ဝင်ဆောင့်လိုက်ရင်ဖြင့် အုတ်ခဲနှင့်မှန်စတွေ တဖွားဖွားကြေမွကုန်ကြမှာ။ မြို့ဖြတ်လမ်းပေါ် ဆင်းလာရင်တော့ ဆယ့်ရှစ်ဘီး ကားတွေ လန်ပြန်ထွက်ကုန်ကြမှာ။ လူသွားလမ်းကျောက်ပြားကြီးတွေ ထိုးထိုးထောင်ထောင်ကို ဖြစ်ကုန်ကြမှာ။ ကားတွေ ဖရိုဖရဲနဲ့ လမ်းဘေးအရံအတားတွေ ဝင်တိုက်ပြီး လမ်းထိမ်းတာဘောင်အောက်ကို ထိုးကျကုန်မှာ။ တနာရီမရှိတတ် ရှိတတ် အချိန်မှာ ကောင်းကင်ထဲ ဘာမှန်းညာမှန်းမသိတာကြီး ဘွားခနဲပေါ်လာသည်။ ကျွန်တော်တို့အများစု နေ့လည်စာစား နေ ချိန်။ အခြားလူတွေတော့ အပြင်ဘက် ရောက်နှင့်နေကြပြီ။ လမ်းနှင့်လူသွားလမ်းပေါ်မှာ မိုးတိုးမတ်တပ် မလှုပ်မယှက်။

ငေးလျက်။ အော်သံတွေ၊ ခေါ်သံတွေ။ လက်တွေ လေထဲမှာ။ လက်တ်ယမ်းယမ်း ကိုယ်တဆန့်ဆန့်နဲ့။ သွေးပျက်နေကြပုံ။

ကျိန်းသေပေါ့။ အရောင်တလက်လက်နဲ့။ ကောင်းကင် ဟိုးအထက်မှာ။ တဖျတ်ဖျတ်နဲ့။နွေရာသီရဲ့ပြာမှိုင်းမှိုင်း လေထုထဲမှာ။

ဘာရယ်ညာရယ်ဆိုတာ ကွဲကွဲပြားပြား မြင်နေကြရ၏။ ရုံးအသီးသီးက အထွေထွေစာရေးများ ပြူတင်းပေါက်များဆီသို့ အူ ယားဖားယား။ ဈေးသည်တို့ ငွေရှင်းစက်များအားပစ်ထားခဲ့ကာ အပြင်ဖက်သို့ ခတ်သုတ်သုတ် ပြေးထွက်လာကြ၏။ လိမ္မော် ရောင် ဦးထုတ်အမာဆောင်းထားကြသော စည်ပင်အလုပ်သမားများ ကတ္တရာလမ်းပေါ်၌ မျက်လုံးတို့အား လက်ဖြင့်ကာ ထား၍ မော့ကြည့်နေကြ၏။ ဟိုးအဝေးကြီးက အလင်းတောက်။ တဖျတ်ဖျတ်လင်းလက်နေသည့် အစက်အပြောက်။ ကြာလှ သုံးလေးမိနစ်မျှသာ။

တဖြည်းဖြည်း ကြီးကြီးလာသည်။ နောက်တော့ ဆယ်ပြားစေ့အရွယ်။ မတ်စေ့အရွယ်။ ရုတ်တရက် ကောင်းကင်တခွင်လုံး ရွှေရောင်အလင်းတန်းများဖြင့် ပြည့်နှက်သွားတော့ မလောက်ပင်။ ထိုနောက် ကျွန်တော်တို့ကိုယ်ပေါ်သို့ တဖွားဖွား ကျလာ သည်။

နူးညံ့သော ဝတ်မှုန်တွေလို။ အဝါရောင်အမှုန်တွေလို။ ကျွန်တော်တို့ အိမ်ခေါင်ရေဆင်း မြောင်းပေါ်တွေမှာ ဖွေးဖွေးလှုပ်လို့။ လူသွားလမ်းပေါ်တွေမှာ ပြန့်ကြဲလို့။ ကျွန်တော်တို့ အင်္ကျီလက်တွေနှင့် ကားအမိုးပေါ်တွေမှာ အထပ်အထပ်။ ကျွန်တော်တို့ ဘာကိုနားလည်ရမှန်း မသိတော့ပါ။

တဆယ့်သုံးမိနစ်နီးပါးခန့် အဆက်မပြတ် တဖွဲဖွဲကျနေသည်။ အဲဒိ အဝါမှုန်တွေ။ ထိုအချိန်အတွင်း ကျွန်တော်တို့ကောင်းကင်ကို မမြင်နိုင်ကြ။ ထိုနောက် အကျရပ်သွားပြန်၏။ နေရောင် လင်းလက်လာသည်။ ကောင်းကင်ပြာပြာ။ ကျွန်တော်တို့အား အိမ် တွင်းမှာ နေကြဖို့၊ သတိထားကြဖို့၊ အာကာသမှကျလာသော ထိုအမှုန်များအား ထိကိုင်ခြင်းကို ရှောင်ရှားကြဖို့ သတိပေး ထားပြီးသား။ သို့ရာတွင် အဖြစ်အပျက်မှာ မြန်ဆန်လွန်းသမို့ ကျွန်တော်တို့အများစုခမျာ အဝတ်အစားတွေနှင့် ဆံပင်တွေ ထဲမှာ အဝါရောင်အစွန်းကွက်တွေ ပေကျံလို့။ သတိပေးထုတ်ပြန်ချက်များနှင့် မရှေးမနှောင်းမှာပင် အလေးအနက်အာမခံ ချက်များအား ကြားကြရပြန်သည်။

ပဏာမစစ်ဆေးလေ့လာချက်များအရ အဝါမှုန်များရဲ့ သဘောသဘာဝကို မသိရှိကြသေးသော်လည်း အဆိပ်အတောက် ကင်းရှင်းကြောင်း။ ၎င်းကိုစားမိသော တိရစ္ဆာန်များ မှာ မည်သည့်ရောဂါလက္ခဏာကိုမျှ မပြသသေးကြောင်း။ ၎င်းအမှုန်တို့နှင့် ထိစပ်မှုမရှိကြရန်နှင့် နောက်ထပ် စမ်းသပ်ချက်ရလဒ်များ စောင့်ဆိုင်းနေကြရန် တိုက်တွန်းလှု့ဆော်ထားကြ၏။ လောလော ဆယ်မှာတော့ ထိုအမှုန်တို့သည် ကျွန်တော်တို့ မြက်ခင်းပြင်များပေါ်၊ လူသွားလမ်းများပေါ်နှင့် အိမ်ဝလှေခါးထစ်များပေါ်၌ ပြန့်ကြဲနေကြသည်။ မေပယ်လ်ပင်များနှင့် တယ်လီဖုန်းတိုင်များပေါ်တွင် ကပ်ငြိနေကြသည်။ ဦးဦးဖျားဖျားနှင်းကျသည့် မနက်ခင်း အိပ်ရာနိုးထချိန်ကိုပင် အမှတ်ရနေမိသေး။ သုံးဘီးတပ် လမ်းသန့်ရှင်းရေးကားတို့က အဝါမှုန်များအား ဗွီပုံသဏ္ဍာန် နောက်တွဲအမှိုက်ပုံးတွေထဲထည့်သွင်းနေရင်း လမ်းတလျှောက် လေးလေးလံလံ ရွေ့လျှားနေကြသည်ကို ကျွန်တော်တို့ အိမ် ဆင်ဝင်အောက်က စောင့်ကြည့်နေကြ၏။ မြက်၊ အိမ်ရှေ့လမ်းနှင့် ဆင်ဝင်ခန်း အိမ်ထောင်ပရိဘောဂများအား ရေပိုက် ဖြင့် ဆေးကြောသန့်ရှင်းလိုက်ကြသည်။ ကျွန်တော်တို့ ကောင်းကင်ကိုမော့ကြည့်သည်။ နောက်ထပ်သတင်းထုတ်ပြန်ချက်များ ကို စောင့်နေကြသည်။ တကယ်တော့ ထိုအမှုန်များကို ဆဲလ်တလုံးတည်း ဇီဝရုပ်တို့ဖြင့် ဖွဲ့စည်းထားသည် အဆိုရှိသည့် အစီရင်ခံတင်ပြချက်တို့အား ကျွန်တော်တို့ကြားသိပြီးဖြစ်၏။ ဤသို့နှင့် ကျွန်တော်တို့ စိတ်ပျက်လက်ပျက် ခံစားမှုမှာ တိုးပွား သည်ထက် တိုးပွားလာတော့သည်။

ကျွန်တော်တို့ ဖြစ်စေချင်တာက။ ဖြစ်စေချင်တာက။ ကျွန်တော်တို့မျှော်လင့်စောင့်စားနေရတာကို ဘယ်သူတွေ ရိပ်မိကြမှာ လဲ။

ကျွန်တော်တို့ဖြစ်စေချင်တာက သွေးတွေ၊ ကျိုးပဲ့ကြေမွသွားတဲ့အရိုးတွေ၊ မချိတင်ကဲ ငိုငြီးသံတွေ။  ကျွန်တော်တို့ ဖြစ်စေချင် တာက အဆောက်အအုံတွေ လမ်းပေါ် တစစီပြိုကျပျက်စီးတာ။ ကားတွေ မီးဟိန်းဟိန်းတောက် ပေါက်ကွဲကုန်ကြတာ။ ကျွန်တော်တို့ဖြစ်စေချင်တာက ရိုးတံရှည်ရှည်နဲ့တူတဲ့ လည်ပင်းပေါ်က ခေါင်းကြီးကြီးနဲ့ ကျွန်တော်တို့ကိုယ်တိုင်ရဲ့သူရဲသဘက်စီးနေတဲ့

အတ္တနောမနိတွေ။ သေမင်းတမာန် ရောင်ခြည်လက်နက်တပ်ဆင်ထားတဲ့ အကြင်နာမရှိတဲ့ စက်ရုပ်ပြောင်ပြောင်လက် လက်တွေ။

ကျွန်တော်တို့ဖြစ်စေချင်တာက မင်္ဂလာအပေါင်းနဲ့ခညောင်းတဲ့ခေတ်သစ်ကို ခရီးဦးကြိုပြုမယ့်၊ ကြင်နာပျော့ပြောင်းတဲ့ မျက် လုံးများပိုင်ရှင်၊ စကြာဝဋ္ဌာပိုင်စိုးတဲ့ ဒေဝတာနတ်ကောင်း နတ်မြတ်တွေ။ ကျွန်တော်တို့ဖြစ်စေချင်တာက သွေးပျက်ေ ခြာက်ခြားမှုနဲ့ ပီတိ ဒေါမနဿတွေ။ ဒီအဝါမှုန်တွေကလွဲရင် ဘာပဲဖြစ်ဖြစ်။ ဒီလို ကျူးကျော်ဝင်ရောက်မှုမျိုးက ဖြစ်စရာလား။ ထိုမွန်းလွဲနှောင်းပိုင်းတွင် သိပ္ပံပညာရှင်များအားလုံးတို့က ထိုအမှုန်တို့မှာ သက်ရှိမျိုးနွယ်တမျိုးဖြစ်သည်ကို သဘောတူ လိုက်ကြကြောင်း ကြားသိလိုက်ရ၏။ နမူနာအမှုန်များအား ဘော့စ်ထန်၊ ရှီကာဂို၊ ဝါရှင်တန် ဒီစီတို့သို့ လေယာဉ်ဖြင့် ပေးပို့ လိုက်ကြသည်။ ကျွန်တော်တို့အား မထိမကိုင်ကြဖို့၊ ပြတင်းပေါက်များအား ဆက်ပိတ်ထားကြဖို့၊ လက်များ ဆေးကြောသန့် စင်ဖို့ သတိပေးထားကြပေမယ့် ထိုဆဲလ်တလုံးတည်း ဇီဝရုပ်များမှာ အန္တရာယ်ပြုလောက်ပုံမပေါ်။ ထိုဆဲလ်တို့မှာ ဒွိစုံ ကလပ်စည်းကွဲနည်းဖြင့် မျိုးပွားကြ၏။ အဆတိုးပွားလာသည်ကလွဲ၍ ဘာသက်ရောက်မှုမျှ မရှိ။

 

Feb 9, 2009 နေ့ထုတ် New Yorker မဂ္ဂဇင်းပါ Steven Millhauser ၏ Invasion from Outer Space ဝတ္ထုတိုကို ဘာသာပြန်ပါသည်။

သစ်စိုး
(မိုးမခ အတွဲ (၃)၊ အမှတ် (၁၂)၊ ဒီဇင်ဘာ ၂ဝ၁၆ တွင် မူလပုံနှိပ်ခဲ့ပြီး ဖြစ်သည်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဘာသာပြန်ကဏ္ဍ, ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်