ငြိမ်းဝေ (ကဗျာ့အိုးဝေ) ● မျက်ကွင်းညို မျောက်ကလေးတကောင်၊ သံယောဇဉ် မြစ်ဆုံ စာေးသာက်ဆိုင်နှင့် အမျိုးသား သွေဖည်မှုကြီးကို ပုံဖေါ်ကြည့်မိခြင်း (အပိုင်း – က)

April 6, 2017

ငြိမ်းဝေ (ကဗျာ့အိုးဝေ) ● မျက်ကွင်းညို မျောက်ကလေးတကောင်၊ သံယောဇဉ် မြစ်ဆုံ စာေးသာက်ဆိုင်နှင့် အမျိုးသား သွေဖည်မှုကြီးကို ပုံဖေါ်ကြည့်မိခြင်း (အပိုင်း – က)
(မိုးမခ) ဧပြီ ၆၊ ၂၀၁၇

မိုးမခ အတွဲ ၃၊ အမှတ် ၁၂၊ ဒီဇင်ဘာ ၂ဝ၁၆ မှာ မူလပုံနှိပ်ခဲ့ပါသည်။

(၁)
ကားပေါ်ကဆင်းလိုက်သည်ဆိုလျှင်ပဲ မြစ်ဆုံပန်းချီကားကြီးကို ကားလမ်းဘေး ထောင်လျက်သား တွေ့ရတော့သည်။

မေခ မေလိခပေါင်းဆုံရာ မြစ်ဆုံနှင့် ဧရာဝတီမြစ်ရဲ့ ဟိုမှာဘက် စိမ်းပြာရောင်တောင်တန်းပေါ်တွင် နေရောင်ခြည်များ ယှက်ဖြာလျက်ရှိနေကြ၏။ မနက်ခင်း ကိုးနာရီခန့်ပင် ရှိနေပြီဖြစ်သည့်တိုင် နေက ကောင်းကောင်းမပွင့်ချင်သေး။ နုဖတ်ဝင်း ပသည့် နေရောင်ခြည်များမှာ သောင်စပ်တွင်လည်းကောင်း တောင်ခြေသစ်ပင်တောတန်းများအပေါ်တွင်လည်းကောင်း မထိတထိ တင်လျက်ရှိနေသည်။

နေရောင်ခြည်များအောက် ဖြတ်သန်းတိုက်ခတ်လာနေသည့် လေနုအေးမှာ တကယ့်ကို အပျိုစင်လို သစ်လွင်လတ်ဆတ် လွန်းနေသည်။ အမေရိကန်ကဗျာဆရာ ‘ရောဘတ် ဖရော့စ်’ ရဲ့ ‘ဝင်းပတဲ့လေ’ ဆိုတာ ဒါမျိုးပဲဖြစ်မည်ဟု တွေးလိုက်မိသေး သည်။

ကားပေါ်က ဆင်းလျင်ဆင်းချင်း အခမ်းအနားကျင်းပရာဘက်ကို ကျွန်တော် မသွား။ ဧရာဝတီမြစ်ရှိရာ မြစ်ဆုံရှိရာဘက်ကိုသာ ခြေလှမ်းကျဲကျဲလှမ်းကာ သွားနေမိသည်။ ကမ်းပါးစွန်း အုတ်လှေကားထစ်များပေါ်က အဆင်းတွင် ကိုယ့်ရှေ့ မြင်ကွင်းကြီး ကိုပဲ သဲကြီးမဲကြီး ငေးကြည့်လာခဲ့သည်။ 

မေခမြစ်နှင့် မေလိခမြစ်တို့ဆုံရာသည် ကချင်တိုင်းရင်းသားတို့၏ ယဉ်ကျေးမှုကို အခြေအမြစ်ကအစ ဖန်တီးစီရင် ပြဌာန်း လျက် ရှိသည်ဟူသည့်စကားကိုလည်း နားထဲတွင် ကြားလာရ၏။ မြစ်ဆုံနှင့် ကချင်အမျိုးသားတို့၏နှလုံးသားမှာ အခိုင်အမာ ဆက်စပ်နေသည်။ ကချင်ရိုးရာ မိန်းမတောင်းခြင်း မင်္ဂလာဆောင်ခြင်းပြုကြသည့်အခါ သည်မြစ်နှစ်မွှာကိုပင် အလေးအနက် ထား တိုင်တည်ပြီး လက်တမ်းကဗျာတွေ ရွတ်ကြဆိုကြလေ့ရှိသည်ဟူသည့်အချက်ကို တွေးမိသောအခါ ကျွန်တော့်သွေးများ မှာ ဆူဝေလာခဲ့ရ၏။

တချိန်တည်းမှာပင် ‘မြစ်ဆုံတွင် ဆည်ကြီးတည်ဆောက်ပြီးသွားမည်ဆိုပါက ဤရေကာတာ စီမံကိန်းကြီးမှာ ကမ္ဘာပေါ်တွင် ဆယ်ခုမြောက် အကြီးမားဆုံး ရေအားလျှပ်စစ်စက်ရုံကြီးဖြစ်လာလိမ့်မည်’ဆိုသည့် အချက်ကို သွားတွေးမိပြန်သောအခါတွင်မူ လှေကားထစ်များပေါ်က ဆက်မဆင်းနိုင်သေးပဲ ငေးငိုင်သွားရသေးသည်။

‘ဆည်ကြီးများ တည်ဆောက်ခြင်းသည် ကြွယ်ဝခြင်းလော ကျိန်စာလော’ ဟူသည့် အဆိုအမိန့်တခုကိုလည်း သွားတွေးမိပြန် သည်။ ထိုအခါ ဤမြင်ကွင်း ဤအခင်းကျင်းကြီးသည် မကြာတော့သောကာလတွင် လူတို့၏မြင်ကွင်းမှ ပျောက်ကွယ်သွားကာ မြင့်မားလှသည့် ရေကာတာတံတိုင်းကြီးတခု အစားထိုးနေရာယူကောင်း ယူလာတော့မည်လောဟူသည့် စိတ်ကူးက ကျွန်တော့်ကို ရောက်သည့်နေရာတွင်ပင် ခြောက်ခြောက်ခြားခြားဖြစ်ကာ ရပ်တန့်သွားစေပြန်သည်။ မကြာတော့သော အချိန်ကာလတခုအတွင်း ဤနေရာတဝိုက် တောတောင်ရေမြေများသည် တာတမံရေထုကြီးအောက် ရောက်ရှိကောင်း ရောက်ရှိသွားတော့မည်လောဟူသည့်မေးခွန်းက ကျွန်တော့ကို အပြင်းအထန် တွန်းထိုးရိုက်ပုတ် လုပ်နေပြန်သည်။ 

ထိုအချိန်တုန်းကမူ စိတ်ထဲ ရုတ်တရက်ပေါ်လာနေသည့် ခံစားမှု ဒွိဟစိတ်ကို အတတ်နိုင်ဆုံး ထိန်းချုပ်ချေဖျက်ပြီး နေရောင် ခြည်များ သည့်ထက်မြင့်တက်မလာခင် ဓါတ်ပုံများ အချိန်မီ ရိုက်ယူနိုင်ရေးဘက် စိတ်ကို ဦးလှည့်ပေးလိုက်ရ၏။ ထို့ပြင် မြစ် ဆုံတဝိုက် သဘာဝအခင်းအကျင်းကြီးကလည်း ကျွန်တော့်ကို သောင်ပြင်ပေါ် အမြန်ဆင်းလာရန် မျှားခေါ်နေပြန်သည်။

အကြမ်းပျဉ်းအားဖြင့် မြစ်ဆုံတဝိုက်ကို ဓါတ်ပုံများရိုက်သည့်အခါ မေခမြစ်၊ မေလိခမြစ်၊ ပြီးတော့ ဧရာဝတီမြစ်ဝ၊ ပြီးတော့ ဧရာဝတီမြစ်နှင့် မျဉ်းပြိုင်သဘောရှိနေသည့် စိမ်းပြာရောင် မရင့်တရင့်တ့ရင့် တောင်တန်းကြီး။ မြူခိုးတန်းများ ခါးမှာစည်း နှောင်ထားသည့် တောင်တန်းကြီး။ ပြီးတော့ နေရောင်ခြည်များ တစောင်းထိုးထားသည့်အောက် မြစ်ဆုံရဲ့ ကျော်ကြားလှသည့် ရောင်စုံကျောက်စလစ်ခဲသောင်ပြင်။ 

မည်သည့်အပိုင်းကို အရင်ဦးစွာ ရိုက်ရမည်ကို စဉ်းစားသည်။ ထို့နောက် အင်္ဂတေလှေကားထစ်များပေါ်မှ ကျွန်တော်ဆင်းလာခဲ့ သည်။ ယခုအခါတွင်မတော့ လှပသစ်လွင်သည့် ပတ်ဝန်းကျင်မြင်ကွင်းကြီးက ကျွန်တော့်စိတ်ကို ခေါင်းပြန်လှည့်ပစ်နိုင်ပြီဖြစ်သည်။ သောင်ပြင်အစပ် ရေစပ်စပ်ဆီအထိ လျှောက်သွားလိုက်သည်။ ဘဝတွင် တခါဖူးမျှ မခံစားဘူးသေးသည့် ရင်ခုန်စိတ်လှုပ်ရှားမှုများဖြင့်ပင် ဓါတ်ပုံများ စတင်ရိုက်ယူသည်။

(၂)
အမှန်စင်စစ် ကျွန်တော်သည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတဦး မဟုတ်ပါ။ သုတေသီတဦးလည်း မဟုတ်ပါ။ မြန်မာ့အစိမ်းရောင်ကွန်ရက်၏ မြစ်ကြီးနားနှင့် မြစ်ဆုံတွင်ပြုလုပ်မည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆွေးနွေးပွဲ တက်ရောက်ပါရန် ဘိတ်ကြားခံရသဖြင့် ရောက်ရှိလာခြင်းဖြစ်သည်။ ကျွန်တော်သည် ကဗျာရေးသူတဦးသာဖြစ်လျက် ဤ ဆွေးနွေးပွဲတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းလိုစိတ် ပြင်းပြသူတဦးအနေဖြင့်သာ တက်ရောက်လာသူတဦးဖြစ်သည်။

တကယ်တော့လည်း ကျွန်တော်လို ကဗျာရေးသူတဦးအဖို့ ဤဆွေးနွေးပွဲကြီးတွင် ထိရောက်သည့် ပူးပေါင်းဆောင်ရွက်မှု ပေးနိုင်လိမ့်မည်မဟုတ်ဆိုသည်ကို မသိမဟုတ် သိပါသည်။ သို့သော် မြစ်ဆုံသို့ ကျွန်တော်လိုက်လာခဲ့သည်။ ထို့ပြင် ကျွန် တော့်တွင် အခြားရည်ရွယ်ချက်တခုကလည်း ရှိနေပြန်ပါသေးသည်။ မြစ်ဆုံတဝိုက်ကို ဓါတ်ပုံများ ရိုက်ယူမည်ဟူသည့် ရည်ရွယ်ချက်ဖြစ်ပါသည်။ ယင်းရည်ရွယ်ချက်မှာလည်း မြင့်မားနက်နဲသည့် ရည်ရွယ်ချက် မဟုတ်သည်ကိုလည်း ဝန်ခံရပါ မည်။ သို့သော် မြစ်ဆုံကို ကျွန်တော်လိုက်လာခဲ့ပါသည်။

ကုန်းမြင့်ပေါ်က လွင့်ပျံလာနေသည့် ဓါတ်စက်သံများကို တချက်တချက်ကြားနေရသည်။ အခမ်းအနားစတင်ကြောင်းနှင့် အဖွင့်သီချင်းသံကို ကြားလာရသည်။ သို့သော် ကျွန်တော့်မှာ ဓါတ်စက်သံများကို လုံးစေ့ပတ်စေ့ နားမစွင့်နိုင်ပါ။ ဓါတ်ပုံများ လိုက်ရိုက်ရင်းဖြင့် ဧရာဝတီမြစ်ကြီးရဲ့ အမိနှင့်အဖဖြစ်သည့် မေခမေလိခမြစ်နှစ်သွယ်၏ အဦးအစ နေရာအထိ စိတ်ကွန့်မြူး ဖြန့်ကျက်ဆန်တက်ကာ စဉ်းစားနေမိသည်။

(၃ )
မနေ့တုန်းက မြစ်ကြီးနားမြို့ မြို့တော်ခန်းမတွင်ပြုလုပ်သည့် ဆွေးနွေးပွဲတွင် မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်၏ ဟောပြောပို့ချချက်ကိုနားထောင်ခဲ့ရသည်။ သူက ဧရာဝတီမြစ်ကြီးမှာ ကမ္ဘာပေါ်က အခြားသော မြစ်ကြီးများနှင့် နှိုင်းယှဉ်လျင် ကံကောင်းသည့် သဘာဝလက်ဆောင်ကြီးတခုဖြစ်သည်ဟု ထည့်ပြောခဲ့သည်။

ကမ္ဘာပေါ်က မြစ်ကြီးများမှာ အင်္ဂါရပ် သုံးမျိုးရှိသည့်အကြောင်း ပထမ အင်္ဂါရပ်မှာ ရေခဲတောင်များမှ အရည်ပျော်ကျသည့်ရေဖြင့် ရှင်သန်ရသည့် မြစ်အမျိုးအစားဖြစ်ကြောင်း၊ ဒုတိယ အမျိုးအစားမှာ မိုးရေဖြင့် ယှဉ်သန်ရသည့် မြစ်အမျိုးအစားဖြစ်ကြောင်း၊ တတိယမြစ်အမျိုးအစားမှာ မြေအောက်ရေလမ်းကြောင်းများကို အားပြုရသည့် မြစ်အမျိုးအစားဖြစ်ကြောင်း ရှင်းပြသွားခဲ့ သည်။ 

ကျွန်တော်တို့၏ အမိဧရာဝတီသည်မူ ထိုသို့သောမြစ်များစွာထဲက ထူးခြားသည့် မြစ်တစင်းဖြစ်ကြောင်း၊ မိုးအခါ မိုးရေကို အမှီပြုနိုင်ပြီး နွေအခါ ဟိမဝန္တာရေခဲတောင်များဆီက အရည်ပျော်ကျသည့်ရေကို အမှီပြုကြောင်းနှင့် မြေအောက်ရေစီးကြောင်း များကလည်း နွေမိုးဆောင်းသုံးပါးစလုံး အလျင်မပြတ်ရရှိနေသည့် မြစ်ကြီးတစင်းဖြစ်ကြောင်း ကျွန်တော် ကြားခဲ့ရသည်။

နောက်ထပ် ဂုဏ်ယူစရာအချက် ရှိပါသေးသည်။ ဧရာဝတီမြစ်သည် ကိုယ့်နိုင်ငံအတွင်းမှာပင် အစပြု ဖြစ်ဖျားခံကာ ကိုယ့် နိုင်ငံအတွင်းမှာပင် အဆုံးသတ်သည့် မိမိတို့ အမျိုးသားပိုင်စစ်စစ် ရတနာတပါးဖြစ်သည်ဆိုသည့် အချက်ဖြစ်ပါသည်။ နိုင်ငံတချို့ စုပေါင်းခွဲဝေပိုင်ဆိုင်ရသည့် မြစ်အမျိုးအစား မဟုတ်။ ဥပမာ မဲခေါင်မြစ်လိုမဟုတ်ပါ။ မဲခေါင်မြစ်မှာ တရုတ်ပြည် တွင် အစပြု မြစ်ဖျားခံကာ လာအို၊ ဗီယက်နမ် နှင့် ကမ္ဘောဒီးယားနိုင်ငံများကိုဖြတ်လျက် ပင်လယ်တွင်း စီးဝင်သည့် မြစ်အမျိုး အစားဖြစ်သည်။ ထို့ကြောင့် မဲခေါင်မြစ်ကို နိုင်ငံလေးနိုင်ငံ စုပေါင်း ပိုင်ဆိုင်ရသည့်သဘောဖြစ်သည်။

ထိုအခြေအနေမျိုးတွင် မဲခေါင်မြစ်၏ အထက်ပိုင်းကို ပိုင်ဆိုင်ထားသည့် တရုတ်တို့က မြစ်၏ အထက်ပိုင်းတွင် ဆည်ကြီးများ အဆင့်ဆင့်တည်ဆောက်ပြီး ရေကိုထိန်းထားသည့်အခါ မြစ်၏ အောက်ပိုင်းကတိုင်းပြည်များက သောက်ရေသုံးရေအတွက် တရုတ်ကို ရေဖွင့်ချပေးပါရန် တောင်းပန်နေရတော့သည်။ မျက်နှာချိုသွေးရတော့သည်။  မြစ်တစင်းကို ဝိုင်းဝန်းပိုင်ဆိုင်ခွင့်ရှိသော်ငြား ရေကိုမူ တရုတ်တနိုင်ငံတည်းကသာ ပိုင်သည့်သဘောသက်ရောက်နေတော့သည်။ ထိုအခါ တရုတ်တို့ သနားမှ မြစ်အောက်ပိုင်းတိုင်းပြည်များ ရေသောက်ရတော့မည့်အခြေအနေမျိုး ဆိုက်တော့သည်။

ဧရာဝတီမြစ်သည်မူ ဤသို့မဟုတ်။ ကျွန်တော်တို့၏ တဦးတည်းပိုင် မြစ်ကြီးတစင်းဖြစ်သည်။ ကျွန်တော်တို့ နိုင်ငံသူနိုင်ငံသား များ၏ ကိုယ်ပိုင်ရတနာတပါးဖြစ်သည်။ သို့သော်… အကယ်၍သာ မြစ်ဆုံတွင် တရုတ်က ရေကာတာကြီးတည်ဆောက်ကာ ရေအားလျပ်စစ်စက်ရုံကြီးတည်ဆောက်လိုက်မည်ဆိုလျှင် မြစ်ဆုံအောက်ပိုင်း မြန်မာတနိုင်ငံလုံး မြစ်ရေကို လိုသလို အသုံးပြုခွင့်ရတော့မည်မဟုတ်ပဲ တရုတ်တို့သနားမှ တစက်ချင်းချပေးသည့်ရေဖြင့် မိမိတို့ပြည်သူများ အသက်ဆက်ကြရမည့် သဘော သေချာနေတော့သည်။ တရုတ်တို့က ဤဖြစ်ဆုံတွင်တည်ဆောက်သည့်ရေကာတာကြီးမှာ မြန်မာနိုင်ငံသားများ၏ လယ်ယာမြေများကို ဆည်ရေသောက် စိုက်ကွင်းစိုက်ခင်းများအတွက်မဟုတ်ဘဲ သူ့တိုင်းပြည် လျပ်စစ်ဓါတ်အား လောင်စာ ရရှိရေးအတွက်သာ ဆောက်လုပ်ခြင်းသာဖြစ်သည်။ ထိုအခါ မိမိတို့ပြည်သူများမှာ တရုတ်သနားမှ ရေသောက်ရမည့်ဘဝ လုံးလုံး ကျရောက်သွားတော့မည်။

ရင်နာစရာ အကောင်းဆုံးမှာ သဘာဝတရားကြီးက ဆုလာဘ်အဖြစ် ရရှိထားသည့် ကိုယ့် ကိုယ်ပိုင်မြစ်ကြီးကို တိုင်းတပါးသားတို့က အသားလွတ်ကြီး ပိုင်ဆိုင်ခွင့်ရသွားတော့မည့်အဖြစ်၊ ကိုယ့်ကိုယ်ပိုင် ရေကိုပင်လျင် တိုင်းတပါးသား ခွင့်ပြုမှ သောက်ရသုံးရတော့မည့်အဖြစ် နေ့ချင်းညချင်း ကျရောက်သွားတော့မည့်အဖြစ်မှာ တွေးကြည့်တိုင်း မခံမရပ်နိုင် လောက်အောင် ကြေကွဲခံပြင်းဖို့ ကောင်းပါသည်။

အဘယ်သူတို့သည် ဤသို့သော အဖြစ်ဆိုးကြီးတခုကို လက်ယပ်ခေါ်လာခဲ့ကြသနည်း။ တတိုင်းပြည်လုံးကိုယ်ကျိုးနည်းရမည့်အဖြစ်ကို အဘယ့်ကြောင့် စိတ်ကူးခဲ့ကြသနည်း။ သည်လောက်အထိ မဲမှောင်သည့်အသိညာဏ်ပညာထုံထိုင်းမှုကို အကြင်သူသည် အဘယ့်ကြောင့် တွေးဆခဲ့သနည်း။

မြစ်ဆုံဆည် ရေအားလျှပ်စစ်စက်ရုံတည်ဆောက်ခြင်းသည် ကြွယ်ဝခြင်းလော ကျိန်စာလော။ ကျွန်တော့်မှာ မခွဲခြားနိုင် လောက်အောင် စိတ်တွေ ရှုပ်ထွေးနေရပြန်သည်။

နေရောင်ခြည်များအောက်က နင်းရက်စရာမရှိအောင် လှပလွန်းသည့် ရောင်စုံ ကျောက်စလစ်ခဲလေးများပေါ်တွင် ခြေဖွဖွရပ် ကာ ဓါတ်ပုံများရိုက်ယူနေစဉ် ကင်မရာခလုပ် တချက်နှိပ်ပြီးသည့်အချိန်တိုင်း ကျွန်တော့်လက်တွေ တုန်ရင်နေခဲ့ရ၏။

ငြိမ်းဝေ (ကဗျာ့အိုးဝေ)

ကိုးကား။ ။
၁။ ရွေဒါးမောင်လေးရည်ရဲ့ ခေါင်းတွဲသစ်နှင့် ချစ်သောဧရာဝတီ
၂။ မောင်မြင့်ဇော် ရဲ့ သုတေသနအားဖြင့် ပြောဆိုရန် လိုအပ်လာခြင်း  (မြစ်ဆုံရေကာတာ)
၃။ ဦးဝင်းကျော်၏ မြန်မာနိုင်ငံအတွင်းမှ နိုင်ငံတကာမြစ်များ (၂ဝ၁ဝ)
၎။ စွမ်းအင်မူဝါဒ သုတေသနဂျာနယ်
၅။ ဂူဂဲ (Google) မှ ဧရာဝတီနှင့်ပတ်သက်သော ဝက်ဘ်ဆိုဒ်များ

မိုးမခ အတွဲ ၃၊ အမှတ် ၁၂၊ ဒီဇင်ဘာ ၂ဝ၁၆ မှာ မူလပုံနှိပ်ခဲ့ပါသည်။

အပိုင်း (ခ) ကို ဆက်လက်ဖတ်ရှုပါရန် …


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခရီးသွား ဆောင်းပါး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်