မျက်ရှု ● ပြတင်းတံခါးအပြင်ဘက်က မိုးစက်များ (ဝတ္ထုတို)

April 8, 2017

● ပြတင်းတံခါးအပြင်ဘက်က မိုးစက်များ (ဝတ္ထုတို)
(မိုးမခ) ဧပြီ ၈၊ ၂၀၁၇
(မိုးမခမဂ္ဂဇင်း အတွဲ ၄၊ အမှတ် ၂၊ ဇန်နဝါရီလထုတ်တွင် ဖော်ပြခဲ့ပြီးဖြစ်သည့် ဝတ္တုတို ဖြစ်သည်။)

ဒယ်ဒီနှင့်ညို စတင်သိကျွမ်းခဲ့သည့်ဖြစ်စဉ်မှာ ရိုးစင်းလှပါသည်။ အချိန်ကား ဟောင်းသွားသော ဆယ်စုနှစ်တခု၏အစ၊ မေလ ဆန်းပိုင်း မုတ်သုံဦးတွင်ဖြစ်သည်။ လက်ဖက်နှင့် ရာဘာတောများအုံ့ဆိုင်းနေသော တောင်ပေါ်မြို့လေးသည် ညိုမှန်းဆ ထားခဲ့သည့်အတိုင်း တစိမ့်စိမ့်စိမ်းကာ ငြိမ်သက်နေခဲ့သည်။ ညိုတို့ရုံးက နမ့်ခချောင်း ကွေ့ရစ်စီးဆင်းနေသော တောင်က မူလေး၏ထိပ်တွင် ရှိပါသည်။

ညို့အလုပ်စားပွဲမှ အရှေ့ဘက်ဆီမျှော်ကြည့်လျှင် တောင်ခိုးမပြယ့်တပြယ်အောက်တွင် တဖက်နိုင်ငံနှင့်ဆက်ထားသော တံ တားဖြူဖြူကို လဲလျောင်းနေသော ဝံဖြူတကောင်၏ အလျားဆန့်ထားသည့် ကျောရိုးပမာ မြင်တွေ့ရပါလိမ့်မည်။ ထိုရုံးကို စရောက်သည့်အချိန်က မှိုင်းပျသောရာသီနှင့်အတူ ညို့စိတ်တို့ မှုန်ထိုင်းနေခဲ့သည်။ ဝဲဘက်ပုခုံးသားသည် မိုးစက်တို့ကြောင့် စိုနေခဲ့ပြီး ညို့ဆံနွယ်တို့သည်လည်း ရေဓာတ်နှင့် အမျှင်လိုက် ကပ်ငြိနေခဲ့သည့်အချိန်ဖြစ်သည်။

“အစ်မရဲ့အလုပ်စားပွဲက ဒီမှာ။ ဟိုဘက်မှန်အခန်းထဲမှာက ဆရာပဲရှိတာ။ ဆရာနဲ့ အနီးကပ်အလုပ်လုပ်ရမယ့်သူ သုံး ယောက်ပဲ ဒီအပေါ်ထပ်မှာ ရှိတာပါ”

လုပ်ဖော်ကိုင်ဖက် ညီမလေး၏ရှင်းပြချက်ကို ယောင်နန နားထောင်ရင်း ညို့အာရုံတို့ မွန်းကြပ်လာသည်။

“ဆရာ.. ဒါက ဝန်ထမ်းအသစ်ပါ”  ဟု မိတ်ဆက်ပေးချိန်တွင် ဒယ်ဒီသည် မျက်မှောင်ကြုတ်၍ တချက်သာလျှင် မော့ကြည့်ခဲ့ပါ သည်။ သည့်နောက် “သူ့စားပွဲကို ပြပေးလိုက်” ဟု အသံပြတ်နှင့် ပြောသည်။

ညိုသည် ဘေးလွယ်အိတ်ကို ခပ်တင်းတင်းဆုပ်ကိုင်ရင်း မြူမှုန်ကြားက စိုက်ခင်းများကိုငေးကြည့်ကာ စိတ်ထွေပြားနေမိ သည်။ သည်ခရီးက မိဘရင်ခွင်နှင့်ခွဲကာ အဝေးသို့ အတောင်ပံဖြန့်ခဲ့သည့် ပထမဆုံးခရီး၊ ပြီးတော့ သည်အလုပ်က ညို့ အတွက် ဦးဆုံးအကြိမ် စွန့်စားမှုရယ်လေ။ ဥခွံအတွင်းကနေ တိုးထွက်ကာ ခေါင်းကလေးပြူ၊ ခြေကလေးဆန့်ခဲ့သော ညို သည် ပြင်ပလေစိမ်းနှင့် အသားကျအောင် ရက်ပိုင်းမျှ ရုန်းကန်ရပါလိမ့်ဦးမည်။ သည်အတွေးက ညို့ကို ထိတ်လန့်အားငယ်မှု မဖြစ်စေသော်လည်း အထက်အရာရှိ၏ မနွေးထွေးသော ကြိုဆိုမှုက တက်ကြွသော စိတ်အလျဉ်ကို တုံးထား၍ တားသည့် နှယ် နှေးကွေးရပ်တန့်သွားရသည်။

ပထမခြေလှမ်းဟူသည်တိုင်းက အယိုင်ယိုင်အနဲ့နဲ့ ဖြစ်တတ်သည်ပင်။ ညိုသည်လည်း ဦးဆုံးသောရက်သတ္တပတ်များတွင် ဝန်းကျင်အ သစ်နှင့်ရော အလုပ်နှင့်ပါ အံဝင်ခွင်ကျမရှိသေး။ ဝန်ထမ်းအချင်းချင်း ဆက်ဆံရေးတွင် ရင်းနှီးလွယ်သော်လည်း ဒယ်ဒီနှင့် အစည်းအဝေးတွင် တင်ပြပြောဆိုစရာများရှိသည်မှအပ အပိုစကားမဆိုခဲ့ရဖူးပေ။ အထူးသဖြင့် ဒယ်ဒီနှင့် စကား ပြောလျှင် ညိုသည် မျက်လွှာချထားမိမြဲ၊ အသံမူမှန်အောင်လည်း မနည်းထိန်းပြောနေရသဖြင့် အသက်ရှူမဝပေ။ သို့ပေမယ့် ဒယ်ဒီ၏ မာထန်သောအကြည့်နှင့် တင်းပြတ်သော လေသံတို့သည် ညို့တဦးတည်းအပေါ်တွင်သာ ရှိခဲ့သည်မဟုတ်ပါ။ ရုံး သူရုံးသား အားလုံးအကြားတွင် ဒယ်ဒီက တမူကွဲထွက်နေလေသည်။ ဒယ်ဒီ ဘယ်အချိန် ရုံးတက်သည်ကို ညိုမသိပါ။ သို့သော် ရုံးစတက်ချိန် ကိုးနာရီထက် တနာရီ၊ တနာရီခွဲခန့်စောပြီးရောက်ခဲ့လျှင်တောင် ဒယ်ဒီက ရုံးတွင်ရှိနှင့်နေခဲ့ပြီး ဖြစ် သည်။ မွန်းတည့် ဆယ့်နှစ်နာရီခွဲလျှင်တော့ နေ့လည်စာ စားဖို့ သူ့အခန်းထဲက ပုံမှန်ထွက်လာတတ်သည်။ ညနေ ငါးနာရီခွဲ ညိုတို့ ရုံးဆင်းလျှင်တော့ သူအမြဲကျန်ခဲ့စမြဲ။ သို့ကြောင့်ပင် သူ့ကွယ်ရာတွင် ရုံးဝန်ထမ်းများက “ရုံးစောင့်ကြီး” ဟု နာမည် ပြောင်ပေးကြလေသည်။

ညနေခင်းရုံးဆင်းခါနီး စိတ်အားလပ်ချိန်များတွင် ရာသီဥတုသာယာသည်နှင့်ကြုံလျှင် ညိုသည် ခပ် ပါးပါး မျောလွင့်နေသော တိမ်ရိပ်များကို စိတ်လိုလက်ရ ငေးကြည့်မိတတ်သည်။ တိမ်တို့မရှိခဲ့လျှင်လည်း ပြာစင်သော ကောင်းကင်အမိုးအောက်တွင် မြေပြင်ထက်က လှိုင်းတံပိုးများသဖွယ် မြင့်မားထိုးထွကနေသော အထပ်ထပ်နှင့် တောင်တန်းများ၏ အဆုံးအစကို အ ကြောင်းမဲ့ တွေးတော ရှာဖွေနေမိတတ်သည်။ လူတို့၏ ဖြစ်တည်မှုအခါများစွာ ကြေပြုန်းပြီးသည့်နောက်တွင်ပင်လျှင် မို့ မောက်နေသော မြေသားထုနှင့် ကျောက်စိုင်များသည် တင်းတင်းမတ်မတ် ကျန်ရစ်နေသေးလေသည်။ အနီးကပ်၍ ကြည့် လျှင်တော့ သဘာဝဒဏ်နှင့်အတူ မြေသားတချို့ လျှောကျပျက်ယွင်းကုန်သည်ကိုပဲဖြစ်ဖြစ်၊ သို့မဟုတ် သက်ရှိသတ္တဝါတို့၏ ပယောဂဖြင့် သူ့ဝတ်ရုံနှင့်တူသောတောအုပ်တို့ တရိရိ အစုတ်ဖြဲခံရသည်ကိုပဲဖြစ်ဖြစ် တွေ့ရလိမ့်မည်ထင်ပါသည်။

အဝေးမြင်ကွင်းမှာတော့ သတ္တလောကဟာသာ မောဖွယ်ချည်းပါပဲလေ။ အကဲဖမ်းရန်ခက်သော ပြည့်စုံကုံလုံသူတဦး၏ ဘဝ သည်လည်း သာသော်လည်း မောဖွယ်ကောင်းကြောင်း နောင်အခါတွင် ညို သိခွင့်ရခဲ့သည်။  လှစ်ဟာခြင်းဟူသမျှသည် ဝန်းကျင်၏ ဆွဲနုတ်ယူငင်မှုကြောင့် ဟင်းလင်းပြင်အဖြစ် ကျန်ရစ်ခဲ့နိုင်သည့်နည်းတူ တခါတရံတွင်တော့ ကံကြမ္မာကြောင့်၊ သို့မဟုတ် ကိုယ်တိုင်၏ အတ္တများ ချိန်ခွင်မညီခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။ ဒယ်ဒီကတော့ သူ့ဘဝကွက်လပ်အတွက် ပဋိစ္စဟူသောအကြောင်းတရားကိုသာလျှင် ယိုးမယ်ဖွဲ့ခဲ့သည်။ အထူးသဖြင့် ဒယ်ဒီ့ဇနီးဟောင်း ပက်ဂီနှင့်ပတ်သက်လျှင် ကျိုးပျက်လွယ်သော အကြောင်းတရားများကို ဆွေးဆွေးမြေ့မြေ့ ပြန်တူးဖော်တတ်ပါသည်။

သို့ပေမယ့် သမီးဝင်ဒီအကြောင်းကို အောက်မေ့တသဆိုမိလျှင် သူ့မျက်ဝန်းအစုံသည် ရောင်စဉ်တန်းနှင့် ရွှန်းစိုလျက်။ ဒယ် ဒီအဆိုအရ ဝင်ဒီနှင့်ညိုသည် အသက်အရွယ်အရ ရွယ်တူရှိလိမ့်မည်ဟု သိရသည်။ ဒယ်ဒီ့ဆိုစကားများအရ ခန့်မှန်းမိသ လောက် ညိုတို့နှစ်ဦး အရွယ်သာလျှင် တူပါလိမ့်မည်။ ဘဝအခြေအနေချင်းတော့ လားလားမျှမသက်ဆိုင်ပါ။ ဝင်ဒီသည် အင်္ဂလန်ပြည်တွင် မဟာတန်းတက်ရောက်နေသူ ကျောင်းသူတဦးဖြစ်သော်လည်း ညိုက မိသားစုဝန်ကို ပုခုံးမျှပေးနေ ရသူ ရယ်ပါ။ ညို့အကြောင်းကိုသိပြီးနောက်မှသာ ဒယ်ဒီက ညို့အပေါ် ကရုဏာသက်ခဲ့သည်။ သည်မတိုင်မီမှာတော့ ညိုသည် လည်း သူ စိတ်ရှည်ရှည်မထားနိုင်သည့် ဝန်ထမ်းတဦး၊ ရေရေရာရာ ဆိုရပါလျှင် သူ့စံနှုန်းမဝင်သည့် အောက်လက်ငယ် သား တဦးအဖြစ်သာ သဘောထားခံခဲ့ရသည်။

“ဒါ ပထမဆုံးအလုပ်လား”

ထိုသို့ ဒယ်ဒီအမေးကို မရဲတရဲနှင့် ညို ခေါင်းညိတ်မိစဉ်က အားငယ်စိတ်ဖြင့် မွှန်ထူနေမိသည်။ “ကျွတ်” ဟူ၍ ဒယ်ဒီ၏ စိတ်မရှည်သံကြောင့် ညိုသည် ရုတ်ခြည်းပင် ပျော့ခွေနွမ်းဖတ်သွားတော့မယောင် ရှိသည်။ အလုပ်နှင့် ပတ်သက်လျှင် ဒယ်ဒီက နည်းနည်းမျှ အတိမ်းအစောင်းမခံ၊ အလွန်တိကျသူ၊ ထို့အပြင် အလွန်စိတ်တိုလွယ်သူလည်း ဖြစ် သည်ကိုး။ ကြောက်ရွံ့စိတ်သည် ဖိစီးမှုကို ဖြစ်စေသည်လေ။ သည်ဖိအားကြောင့်ပင် ညို အမှားမှားအယွင်း ဖြစ်ခဲ့ရသည်။ ထို နေ့က နီကျင်နေခဲ့သော ညို့မျက်နှာကိုကြည့်ရင်း ဝင်ဒီ့ကို ရုတ်တရက် သတိရမိသွားကြောင်း နောင်အခါ ဒယ်ဒီက ပြောပြ ပါသည်။ ရုပ်အားဖြင့် ကမ္ဘာတခြမ်းတွင် ကျန်ခဲ့သော၊ နာမ်အားဖြင့် ပေါင်းစည်းရန်မလွယ်သော ဝင်ဒီသည် မည်သည့် အခြေ အနေမှာပဲဖြစ်ဖြစ် ဒယ်ဒီ၏ နှလုံးသား အကြည်ဓာတ်ဖြစ်ပါသည်။ သည်အကြောင်းကြောင့်ပင် ညိုသည် ဒုတိယဝင်ဒီ ဖြစ်ခဲ့ ရသည်။ အဆင်မချောသည့် လုပ်ငန်းခွင်က ခွင့်သုံးရက်ယူပြီးနောက် အားလျော့နွမ်းလျစွာ ရုံးပြန်တက်သည့်နောက်ပိုင်းတွင် ရှားပါးလှသည့် ဒယ်ဒီအပြုံးကို စတင်မြင်တွေ့ခွင့်ရခဲ့သည်။ ညို့ကို အရေးတယူစကားပြောလာသလို ညို့ရည်မှန်းချက်များအ ကြောင်းကိုလည်း စိတ်ဝင်တစားမေးလာတသည်။ လူနှစ်ဦးစကားဝိုင်းဆိုသောငြား ညိုကတော့ နားထောင်သူ သက်သက်ဖြစ် ရသည်က များပါသည်။ ပက်ဂီနှင့် ဝင်ဒီအကြောင်း ရယ်စံစွက်၍ လှိုက်မောစွာပြောတတ်သည့် ဒယ်ဒီကိုမြင်တိုင်း သူဟာ “လူသားတဦးပါပေ” ဆိုသည့် လှိုက်လှိုက်လှဲလှဲ အသိအမှတ်ပြုမိသည်။

“ဒယ်ဒီတို့မိသားစုမှာ ယောကျာ်းလေးချည်းပဲဆိုတော့ မိန်းကလေးသိပ်လိုချင်တာကွ။ ပက်ဂီကိုယ်ဝန်ရှိပြီဆိုတော့လည်း သမီးလေးမွေးပါစေလို့ ဒယ်ဒီဆုတောင်းခဲ့တာပဲ။ ဝင်ဒီအိမ်ထောင်ကျရင်လည်း မြေးမလေးပဲမွေးပါစေလို့ ထပ်ပြီး ဆုတောင်း မိဦးမှာ”

နောင်အခါတွင်ရှိလာမည့် ဒယ်ဒီမြေးမလေးသည် သူ့အမေ ဝင်ဒီလို၊ သူ့အဖွား ပက်ဂီလို ပျော့ခွေသောရွှေရောင်ဆံနွယ်များ ပိုင်ဆိုင်ပါလိမ့်မည်။ ပန်းနုရောင်သန်းသောအသားအရေနှင့် ပြာလဲ့သောမျက်ဝန်းအစုံက သူတို့အလိုကို တောက်ကြွစေရန် ဖြည့်ကူပါလိမ့်ဦးမည်။ ဒယ်ဒီနှင့်တူလျှင်တော့ ရှေးဗမာကြီးတို့၏ ရုပ်ပုံအတိုင်း အသားညိုညို၊ အရပ်ထောင်ထောင် မောင်း မောင်းနှင့် မျက်ခုံးကောင်းကောင်း ဖြစ်လိမ့်မပေါ့။  စိတ်လိုလက်ရရှိသည့်အခါများတွင်တော့ ညို့မိသားစုအကြောင်းကို ဒယ်ဒီက စူးစမ်းတတ်သည်။ သို့သော် လွမ်းရေးထက် ဝမ်းရေးခက်သည့်ဘဝများပေမို့ အထူးတလည် ဋီကာမချဲ့မိ။ ရုန်းကန်ရ သည်မှာ အဆန်းမဟုတ်တော့၊ တကယ်တော့ ညိုတို့တတွေ အမိဝမ်းမှာခိုအောင်းစဉ်ကတည်းက သည်လိုပဲရုန်းကန်လာကြ ရသသည်မဟုတ်လား။ ကိုယ်ကာယအားဖြင့်၊ နောက် စိတ်အာရုံအားဖြင့်၊ သို့တည်းမဟုတ် ရုပ်နာမ်နှစ်ဖြာစလုံးအတွက် နောက်ဆုံးထွက်သက်တိုင်အောင် လူးလွန့်တွန့်ထိုး လှုပ်ရှားကြရပေဦးမည်။ သည်လိုစကားမျိုး ညိုကဆိုတတ်လျှင်လေတာ့ ဒယ်ဒီသည် ခပ်ပြုံးပြုံးကြည့်တတ်ပါသည်။ ညိုက အဖွားကြီးပေါက်စလေးနှင့် တူသတဲ့။ ရုန်းကန်ရခြင်းဟာ အဆက်ဆက်ရန် အတွက် တွန်းအားတရပ်ဖြစ်ကြောင်း ညိုကယုံကြည်သော်လည်း ဒယ်ဒီကမူ ဝင်ဒီသည်သာ သူ့ဘဝရှင်သန်နိုင်ဖို့အတွက် ဇောတခုဖြစ်ကြောင်း ရှင်းပြသည်။ အန်တီပက်ဂီနှင့် ပြန်ပေါင်းထုပ်ရန်ကိုမူ သူမျှော်လင့်ဟန် မရှိတော့ပေ။  ဒယ်ဒီသည် ရုံး တွင် အစဉ်သဖြင့် မှုန်တေနေတတ်သော်လည်း ရွာထဲက ကလေးငယ်များနှင့်တွေ့လျှင်တော့ တိမ်ညိုကင်းသည့် လတ စင်း နှယ် ဝင်းပကြည်လင်နေတတ်သည်။

ထိုရွာလေးက မြို့၏ တနင်္လာထောင့်တွင်တည်ရှိပြီး ယခင်က စစ်ရိပ်စစ်ငွေ့သမ်းရာ အမှောင်နယ်မြေ ဖြစ်ခဲ့ဖူးသည်။ သည် ဒေသ ဖွံ့ဖြိုးရေးအတွက် ကလေးငယ်တို့၏ ပညာရေး အရေးကြီးကြောင်း မကြာခဏဆိုလျက် ဒယ်ဒီက သူကိုယ်တိုင်မတည် ၍ ရွာ၏ မူလတန်းကျောင်းကို ပြုပြင်ပေးထားသည်။ ဒယ်ဒီအလည်ခေါ်သဖြင့် အနှီရွာလေးဆီသို့ ညို တခေါက်တော့ဖြင့် အလည်ရောက်ခဲ့ဖူးပါသည်။ ထိုရွာသို့ရောက်အောင် မြို့ကနေ နှစ်နာရီကျော်ခန့် ဆိုင်ကယ်မောင်းရပါသည်။ လှိုင်းထနေသော မြေနီလမ်း သေးသေးသွယ်သွယ်ကြားတလျှောက် စက်တပ်ယာဉ်ငယ်သည် မြွေလိန်မြွေကောက် တလွန့်လွန့် တလူးလူး သွားပြီးခါမှ ရွာသို့ရောက်ရသည်။

“သမီး ပြုတက်ျမယ်.. သေ ချာကိုင်ထားနော်”

ဒယ်ဒီ စိုးရိမ်သလိုပင် ညိုလည်း ကြောက်လန့်သည်နှင့် ဘယ်ဘက်လက်က ဆိုင်ကယ်ထိုင်ခုံနောက်က ဘားတန်းကိုကိုင်ရင်း ညာဘက်လက်က ဒယ်ဒီပုခုံးကို အားကိုးတကြီး ဆွဲကိုင်ခဲ့သည်ပင်။ သည်အခြေအနေက ပတ်ဝန်းကျင်အတွက်  အမနာပ ပြောစရာ ဇာတ်ကွက်တကွက်တိုးခဲ့စေမှန်း မသိခဲ့ရိုး အမှန်ပါ။ သည်ဖြူစင်မှုအတွက် အများသင်္ကာကင်းစေရန် ညို ကျိန် တွယ်၍ ပြောဝံ့ပါသည။် ဒယဒ်ကီတော့ ”မလို” ဟို ဆိုသည်။

မိသားစုနှင့် ပထမဆုံးခွဲခွာရသူအဖို့ ဒယ်ဒီ့အရိပ်သည် ဖခင်သဖွယ် အားကိုးရာပင်။ ထိုနည်းတူ ညိုသည်လည်း ဒယ်ဒီ၏ ဝင်ဒီ။ သည်လိုငြိမ့်ညောင်းစွားစီးဆင်းသော ရေစီးသံကို နှလုံးသားညစ်ထေးသူတို့ကြား တတ်လိမ့်မည်မဟုတ်။ ကြာတော့ ညိုသည် ဝေဖန်သံတို့နှင့် အသားကျခဲ့ပေပြီ။ သို့သော် အမှန်တရားတခုကတော့ ရှိနှင့်နေခဲ့ပါသည်။

ဒယ်ဒီသည်လည်း တနေ့ကျလျှင် ဝင်ဒီ့ထံပြန်မှာဖြစ်သလို ညိုသည်လည်း မိဘရင်ခွင် ပြန်လှည့်နားဦးမည့်သူဖြစ်သည်။ ကံ ဇာတ်ဆရာက သဘောမျှ အခွင့်ပေးသလောက်သာ တဦးနှင့်တဦး စိတ်ချင်းလူချင်း နီးကပ်ခဲ့ကြရသည် မဟုတ်လား။ တခါ တလေတော့ ညိုက ဒယ်ဒီကို သွေးတိုးစမ်းဖူးလေသည်။ မွေးဌာနေဖြစ်သော မိခင်နိုင်ငံတွင် ခေါင်းချချိန်အထိ ဒယ်ဒီ မနေ လိုပြီလားဆိုသော ညို့မေးခွန်းသည် ကလေးဆန်မှန်း သိသာစေပါသည်။ သို့သော် ဒယ်ဒီကတော့ အလေးအနက်ထား၍ ဖြေဆိုပေးခဲ့သည်။

“အသက်ကြီးလာတဲ့အခါ ကျန်းမာရေးပြုစုစောင့်ရှောက်မှုက ဟိုနိုင်ငံမှာက အများကြီးကောင်းတယ်လေ” တဲ့။

ဒယ်ဒီဟာ ရေကန်ကျယ်ပါတယ်ဆိုသောအကြောင်းပြချက်ဖြင့် တကောင်တည်းသာရှင်သန်ရတော့မည့်အဖြစ်ကိုပင် မစိုး ထိတ်တော့သော ငါးကလေးနှင့် တူချေတော့သည်။ ဒယ်ဒီ ပျော်ပါစေပေါ့.. သည်ဆုမျိုး တောင်းဖို့သာလျှင် ညိုတတ်စွမ်း သာပါတော့သည်။ တနေ့နေ့ တချိန်ချိန်တွင် ဝေးကြပြီဆိုပါက ဆည်းဆာချိန်တွင် တောင်ထိပ်မှ အနောက်ဘက်သို့ မျက်နှာ မူကြည့်လျှင် ပတ္တမြားခဲကြီး အိကျနေသည့်အလား မြင့်နေရသည့် တိမ်ရောင်စုံဝန်းရံထားသော နေမင်း ဖန်ဝါကိုဖြစ်ဖြစ်၊ မြူဆင်းသော တောင်ခြေကိုဖြစ်ဖြစ်၊ တောင်ခိုးကြားက မှန်းရည်ဖူးမြော်ရသော ထုံးစေတီဖွေးဖွေးကိုပဲ ဖြစ်ဖြစ်၊ လက်ဖက်ပင် သွယ်သွယ်တန်းများကိုပဲ ဖြစ်ဖြစ်၊ ရာဘာတောကိုပဲဖြစ်ဖြစ် သတိရပေးပါ ဒယ်ဒီ။ ညို့အရိပ်တွေ မပါဝင်ရင် နေပါစေ။ ရှင်း သန့်နေသော လေပြေကြောင့် ဒယ်ဒီ စိတ်နှလုံး ချမ်းမြေ့ပါစေ။ ကြည်လွင်သော သဘာဝအရိပ်အောက်မှာ ဒယ်ဒီပျော်ပါးပါစေ။  ညိုသည်လည်း သည်အမှတ်တရများကို တခုတ်တရ ထုပ်ပိုးသိမ်းဆည်းသွားမည် ဖြစ်သည်။ သည့်အတွက် ဘဝ အဆက် ဆက်က သွန်းချခဲ့ဖူးသောရေစက်များကို အထူးကျေးဇူးတင် မိပါသည်။ သို့သော် ထိုရေစက်တို့သည် တနှစ်ပြည့်မြောက်ပြီး နောက် တကျော့ ပြန်လည်လာသည့် နွေဦးတွင် ခန်းခြောက်လုပြီ ထင်ပါသည်။ အဆုံးမှာတော့ ညိုက စတင်ခွဲခွာသူ ဖြစ်ခဲ့ရ သည်။

“ဘဝတက်လမ်းဆိုတာ ဒီလိုပဲ ရှာကြရတာပဲကွယ်။ နောက်အလုပ်မှာ မင်း ဒီထက်ပိုအဆင်ပြေမှာပါ”

ဒယ်ဒီက ညို့ဆီကနေ အကြည့်လွှဲလျက် အဝေးဆီက တောအုပ်ကို ရှုမျှော်ရင်း သက်ပြင်းငွေ့ငွေ့ကို ဖြေလျှော့ခဲ့သည်။ ထို စဉ်က ညိုသည် ဒယ်ဒီနှင့် လက်တဆန့်အကွာတွင် ရပ်နေခဲ့လေသည်။ ညိုသည် ကျောခိုင်းသွားရမှာကို မလုံမလဲ စိတ် ဖြစ် နေမိသည်။ ဒယ်ဒီ့ကိုလည်း မည်သို့နှစ်သိမ့်ရမည်မှန်း မသိ။ ထိုစဉ် ဒယ်ဒီသည် ညို့ဘက်ကို ရုတ်ချည်းလှည့်ကာ အနားတိုး ကပ်လိုက်သည်။ ထို့နောက် ဒုတိယအကြိမ် သက်ပြင်းငွေ့များကား ညို့မျက်နှာပေါ်တွင် နီးနီးကပ်ကပ်ဝေ့ဝဲသွားခဲ့ချေသည်။  ညိုသည် အံအားသင့်မှုအားကြီးလွန်းသဖြင့် ခေတ္တခဏ အသိကင်းမဲ့သွားသလို ခပ်ငူငူ ဖြစ်သွားခဲ့သည်။ အဖြစ်အပျက်တို့သည် လက်တဖျစ်တတွတ်စာမျှသာ ရှည်ကြာခဲ့ပါသည်။ သို့သော ရစ်သစ်ခဲ့ရသော ကြိုးမျှင်များ မရှုမလှ ပြတ်ကျခဲ့ရလေပြီ။ အပြင်တွင် တိုက်ခတ်လိုက်သော နွေလေရူးကြောင့် အိပ်တန်းပြန်လုဆဲ ငှက်တအုပ် အလန့်တကြား သုတ်ကနဲ ထပျံကြလေ သည်။ ရွက်ခြောက်များသည် သဲမှုန်များနှင့်အတူ အခန်းအတွင်းသို့ ဝင်ရောက်လာကြ၏။ အမိုက်ချိန်တွင် လေနီကြမ်းကြောင့် ရာသီမှုန်မှိုင်းခဲ့ပြီဖြစ်ကြောင်းကိုတော့ ထိုအခိုက်အတန့် အဖြစ်အပျက်အရ ညို တိတိပပ သတိရပြုမိလိုက်ပါသည်။

ညိုသည် ဒူးထောက်ထိုင်ချက ပဆစ်တုတ်၍ လက်အုပ်ချီလိုက်သည်။ ရုတ်တရက် ဒယ်ဒီ ဆွံ့အသွားဟန်တူသည်။ မည်သို့ ဆိုစေ ဒယ်ဒီသည် သွေးသားမတော်စပ်သော်ငြား ကံကြမ္မာအရ ဘဝတထောင့်နေရာတွင် အားကိုးတကြီး မော်ကြည့်ခဲ့ရဖူး သော ညို၏ ဖခင်ပင်ဖြစ်သည်။ ဆရာဆိုလည်း ဟုတ်သည်။ သို့ပေမယ့် ဒယ်ဒီဘက်မှာတော့ ဒီနှုတ်ဆက် ကန်တော့ပန်းဆင် မှုကား သူ၏စိတ်နှလုံးကို သာ၍သာ ညှိုးနွမ်းစေလေသည်။ ပျက်ယွင်းနေသော မျက်နှာသည် ရဲရဲနီလျက် မူမမှန်သော လေသံဖြင့် ဒယ်ဒီက ဆုပေးသည်။ သိမ်မွေ့သော နှုတ်ဆက်မှုကြောင့် နှစ်ဦးစလုံး နှုတ်ဆိတ်လျက်ပင် ခွဲခွာလိုက် ကြသည်။ ဒယ်ဒီ့အခန်းက လှည့်အထွက်တွင်တော့ ရှိုက်သံတချက် ကြားလိုက်ရပါသေးသည်။ ညို လှည့်မကြည့်ဖြစ်တော့။

ဝေးကွာခဲ့ သော သက္ကရာဇ်များတွင် ဒယ်ဒီနှင့် အိပ်မက်တွင်ဆုံခဲ့ရသည်မှအပ ပြင်ပလောကတွင် တရံတဆစ်သော်မျှ မတွေ့ဖြစ်ကြတော့ပေ။ ဒယ်ဒီသည် ဝင်ဒီရှိရာအရပ်သို့ ပြန်သွားခဲ့ပေပြီ။ လွန်ခဲ့သောသုံးနှစ်ကတော့ မမျှော်လင့်ပါဘဲ ဒယ်ဒီ ထံမှ အီးမေးလ်တစောင် လက်ခံရရှိခဲ့သည်။

“အရာအားလုံးအတွက် တောင်းပန်ပါတယ်”  ဆိုသော စာကြောင်းလေးကို အဖန်ဖန် ဖတ်ဖြစ်ခဲ့သည်။ ညို့စိတ်တို့သည်လည်း တင်းကြပ်လေးလံခဲ့ရသည်ပင်။ ဒယ်ဒီ့ဆီ စာမပြန်ခဲ့သော်လည်း ညိုပြုသော ကုသိုလ်ကောင်းမှုအဝဝအတွက်မူ ဒယ်ဒီ့ကိုပါ မိဘအရာ အမှူးထား၍ အမျှပေး ဝေဆဲဖြစ်သည်။

တမြန်နေ့ကတော့ တောင်ပေါ်မြို့လေးတွင် ဆုံတွေ့ခဲ့ဖူးသည့် လုပ်ဖော်ကိုင်ဖက်တယောက်နှင့် အမှတ်မထင် ပြန်တွေ့လိုက် ရသည်။ စပ်မိစပ်ရာပြောကြရင်းက ဒယ်ဒီ ကွယ်လွန်သွားပြီဖြစ်ကြောင်း သိလိုက်ရပါသည်။ မည်သည့်ရောဂါဖြင့် ကွယ်လွန်ခဲ့ သည်၊ မည့်သည့်အချိန်က ကွယ်လွန်ခဲ့သည်၊ မည့်သည့်နေရာမှာ၊ ထို့ပြင် မည်သူ့လက်ပေါ်မှာ ကွယ်လွန်ခဲ့ကြောင်း အစရှိ သည်တို့နှင့်ပတ်သက်၍ တလုံးတပါဒမျှ ညို မမေးဖြစ်ခဲ့ပါ။ သိရန်မလိုတော့ဟုလည်း ထင်ပါသည်။ အိမ်ပြန်လမ်းတလျှောက် တွင်တော့ ဒယ်ဒီရုပ်ပုံသည် အာရုံတွင် တဝဲလည်လည် လှည့်လည်လျှက်ရှိသည်။ ဒယ်ဒီ ငြိမ်းချမ်းပါစေကြောင်း အခါခါ ဆု ရည်မိလေသည်။

မိုးရေထဲတွင် လမ်းလျှောက်ရသည်ကို ကြိုက်နှစ်သက်သော ညိုသည် ဒယ်ဒီထံပါးက လွန်မြောက်လာသည့် အချိန်ကစ၍ စိတ်ထင်သလို မလုပ်ဖြစ်တော့ပါ။ မိုးရွာနေချိန်တွင် မဖြစ်မနေ အပြင်ထွက်ရမည်ဆိုပါကလည်း ကိုယ်ပိုင်ထီးတချောင်းကို မြဲမြဲမြံမြံ ဆုပ်ကိုင်ထားခဲ့နှင့်ပါပြီ။ ထိုနည်းတူ လျှပ်တပြက်ကြာညောင်းသော ပြောင်းလဲမှုတို့နှင့် ကြုံကြိုက်လာပါက နာကျင်လျက်ကပင် အေးအေးသက်သာပြုံးပြနိုင်အောင်လည်း လေ့ကျင့်ထားခဲ့ပြီး ဖြစ်သည်။

မျက်ရှု


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်