ဆလိုင်းဇုန် ● စီးဆင်းပေါ့ မဏိပူရ်မြစ်ရေ

April 9, 2017

ဆလိုင်းဇုန် ● စီးဆင်းပေါ့ မဏိပူရ်မြစ်ရေ
(မိုးမခ) ဧပြီ ၉၊ ၂၀၁၇

မိုးမခ မဂ္ဂဇင်း အတွဲ (၄)၊ အမှတ် (၃) မတ်လ  ၂၀၁၇ ခုနှစ်တွင် ဖော်ပြခဲ့သည့် အက်ဆေးဖြစ်ပါသည်။

တောင်ပြာတန်းကြီးများသည် နှင်းမြူများဆိုင်းနေသော မနက်ခင်းထဲတွင် ထင်ရှားပြတ်သားခြင်း မရှိကြသေးပေ။ ဖေဖော်ဝါရီ လကုန် မတ်လဆန်းပြီးသော်ငြား တောင်ပေါ်တွင် ဆောင်းမကုန်သေးချေ။ မပီဝိုးတဝါး မနက်ခင်းသည် အေးစက်လှသည်။ သားရေနှင့် ဝါးတုတ်ကလေးများ ရက်လုပ်ထားသော ခွေးခြေပုလေးပေါ်ထိုင်ရင်း နေရောင်မလာခင် ထင်းမီးဖိုနေရသည်။  ထင်းမီးမဖိုလျှင်လည်း အအေးဒဏ်ခံနိုင်ရည်ရှိရန် ခက်ချေမည်။ တောင်တန်းဒေသအကြောင်းကို သူတွေးမိသည်။ တောင် ပေါ်သားဖြစ်ရသည်မှာ အအေးဒဏ်ခံစားနေရ၊ ခက်ခဲသော တောလမ်းတောင်လမ်းများ လျှောက်လှမ်းရ၊ ခက်ခဲကြမ်းတမ်း သော တောင်ယာအလုပ်ကို မနားမနေလုပ်ရ၊ သိပ်ကိုကြမ်းတမ်းသည်ပဲဟု တဖက်က သူတွေးသည်။ တဖက်တွင် တောင် ပေါ်တွင် အေးအေးချမ်းချမ်းနေရ၊ ကား၊ ဆိုင်ကယ်မရှုပ်၊ လေသန့်သန့် ရှူရှိုက်ရ၊ လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ စားသုံးရ၊ ဘာသောညာသော ယှဉ်ပြိုင်နေမှုများ၊ မနာလိုမှုများမရှိ စသည် စသည် ပြန်တွေးကြည့်မိတော့ ကျေနပ်မိပြန် သည်။ တောတွေး တောင်တွေး တွေးရင်းပင် မီးအရှိရလာပြီး အနွေးဓာတ်များ မျက်နှာဆီသု့ ဟပ်လာသည်။ နဂို ခပ်နီနီဖြစ်သော သူ့အသားအရေးသည် ပိုပြီး ရွှေရောင်လင်းလက်တောက်ပြောင်လာသလိုပင် ကြည့်ကောင်းနေတော့သည်။ နဖူးခပ်ကျယ်ကျယ် ဆံပင်များက တချို့က လဲ၊ တချို့က အထောင် ကပို ကယိုပုံ၊ အိပ်ရာထစမို့ လည်းမဟုတ်၊ ပုံမှန်နေရင်းပင် ဒီပုံစံအတိုင်းဖြစ်သည်။ မုတ်ဆိတ်မွေး နှုတ်ခမ်းမွှေး တိုတိုစိမ်းစိမ်းများက ယောကျာ်း ပိုပီသစေသလို။ ဘော်ဒီတောင့်တောင့် ရင်အုပ်ခပ်ကျယ်ကျယ်၊ အလုပ်ကြမ်းများလုပ်နေရသောကြောင့် တုတ်ခိုင်သောလက်မောင်းများ၊ ကြွက်သားများက ကျန်း မာသောသူဖြစ်ကြောင်း သက်သေပြနေသည့် အလားပင် ဖြစ်သည်။

ရွှေမန်းတက္ကသိုလ်တက်စဉ်ကတုန်းကအကြောင်း သူတွေးနေမိ ပြန်သည်။ သူမျှော်မှန်းခဲ့သည်မှာ အရာရှိတယောက်ဖြစ် ရန် ဖြစ်သည်။ သူမျှော်မှန်းသည်ထက် မိဘများ၏ မျှော်မှန်းချက်သာ။ သူ၏မိဘများသည် ခြံများစွာပိုင်သူဖြစ်ကြပြီး တောထဲ တောင်ထဲတွင် ချမ်းသာသောသူများ ဖြစ်သည်။ တဦးတည်းသောသားဖြစ်သောကြောင့် အလိုလိုက်ခြင်း ခံရသလိုတော့ရှိ သည်။ သို့သော် သူ့အသေည် စည်းကမ်းကြီးသည။် ဖြစ်သင့်ဖြစ်ထိုက်ကြောင်း ကျိုးကြောင်းဆင်ခြင်ပြီးမှသာ အလိုလိုက်ခဲ့ သည်။ ကျိုးကြောင်းမဆီလျော်ပါက ပယ်ချခံရသည်သာ။ ငယ်စဉ်ကတည်းက ဆန်းဒေးစကူးလ် မှန်မှန်တက်၊ သီချင်းဆို ဂစ်တာတီး၊ ကဗျာရေးများ ဝါသနာထုံသူဖြစ်သောကြောင့် ဆန်းဒေးစကူးလ်တက်ခဲ့ရသည်မှာ သူ့အတွက် အင်မတန် ပျော် ရွှင် ကျေနပ်ရသည။် ကျောင်းတွင် သူငယ်ချင်းများနှင့် ဆောက့စားရသည်။ မပျင်းရတော့ ကျောင်းတက်မှန်သည်။ လိမ္မာပြီး စာတော်ပြန်တော့ ဆရာ ဆရာမများ ချစ်ခင်မှုကို အလိုလိုရနေပြန်သည်။

သို့သော် သူ၏တက္ကသိုလ်နောက်ဆုံးနှစ်သည် မီးနှယ်၊ မုန်တိုင်းနှယ် အလူးလူးအလိမ့်လိမ့်။ ချစ်သောမိဘနှစ်ပါး စလုံးသည် မြို့သို့ ခြံထွက်များကိုတင်ပို့ရင်း ဈေးဝယ်ရာကအပြန် ကား အက်စီးဒင့် ဖြစ်သည်။  နေရာမှာတင် ပွဲချင်းပြီးသည်။ မတ်စောက် သော လမ်းအောက်ဘက် ပေ ၄၀ဝ ကျော်ထိအောင် လိမ့်ဆင်းသွားသော ကားနောက် မည်သို့အသက်ရှင်နိုင်ပါတော့မည် နည်း။ မိဘများဆုံးသည့်အကြောင်း သတင်းသည် ယခုထိပင် လက်မခံနိုင်ခဲ့။ သို့သော် အဲ့ဒီသတင်း ကြားကြားချင်း ပြန်လာ ကတည်းက ယခုထိတိုင် ကျောင်းဆက်မတက်ဖြစ်တော့ဘဲ အိမ်တွင်းပုန်း ခြံလုပ်ငန်းကိုသာ ဦးစီးလုပ်ကိုင်နေခဲ့သည်။

နေရောင်ခြည်သန်းလာတော့ လှပသော တောင်ပေါ်မနက်ခင်းကို မရိုးနိုင်အောင် ရှုစားလိုက်သည်။ နေလုံးကြီးကို မမြင် ရသေးသော်လည်း ရောင်ခြည်သည် မြူနှင်းများကို မနိုင့်တနိုင် ဖြတ်ပြေးဝင်လာသည်က ပို၍အားမာန်ပါသလို ခန့်ညားသလို ခံစားမိသည်။ ဒီနေ့သည် အခြားနေ့များထက်ပိုပြီး သူလန်း ဆန်းနေမိသည်။ တောင်ခြေအောက်ကနေ စီးဆင်းရစ်ခွေနေသော မဏိပူရ်မြစ်ကို မပီမပြင် သူလှမ်းကြည့်တော့ ရင်ဘတ်ထဲ နွေးသွားသကဲ့သို့ ကြည်နူးပျော်ရွင်ခြင်းများက အသစ်အတိုင်း မပုပ်မသိုး တည်ရှိနေတာကို ရင်အုံအသာကိုင်စမ်းရင်း သူသိနေသည်။ လူသားတယောက်တွင်  ချစ်ခြင်းတည်ရှိနေသည်မှာ ထူးဆန်းသောကိစ္စမဟုတ်သော်ငြားလည်း၊ တဦးတယောက်ချင်းစီတိုင်းအတွက် မိမိအချစ်ကို အကြီးမြတ်ဆုံး အခမ်း နားဆုံး ဟု မှတ်ယူခံစားတတ်ကြစမြဲပင် မဟုတ်လော။

ဟိုးလွန်ခဲ့သောလေးနှစ်က ဒီလိုနေ့လေးသည် လှပနေခဲ့သည်။ ကောင်းကင်မှာ တိမ်ကင်းစင်ပြီး နေရောင်ခြည်သည် ထွန်း လင်းနေခဲ့သောကြောင့် မြစ်သို့ဆင်း၍ ရေကူးရင်း ငါးမျှားချင်စိတ်ရှိလာသည်။ ထို့ကြောင့် မြစ်ဆိပ်သို့ သွားခဲ့သည်။ အလွန် အင်မတန်မှ ကံကောင်းသည်မှာ မြစ်ဆိပ်တွင် ငယ်တုန်းက အတူတူ ဆန်းဒေးစကူးလ်တက်ခဲ့သော သူငယ်ချင်းမလေးကို မထင်မှတ်ဘဲ ပြန်ဆုံစည်းရသည်။

သူမက ကျောင်းဆရာမလေးဖြစ်လို့ သူ့ကျောင်းသားများနှင့် အတန်းတင်စာမေးပွဲပြီး နောက်တနေ့ဖြစ်၍ ပျော်ပွဲစားထွက် လာကြခြင်း ဖြစ်သည်။  ကလေးလေးများနှင့် သဲသောင်ပြင်ပေါ်ဆော့ကစားရင်း ကလေးလေးများကို ဝိုင်း ဝန်းထိန်းကျောင်း ပေးရင်း တခါ တခါ ရယ်သံလွင်လွင်နှင့် မျက်လုံးချင်းများဆုံဆည်းလို့ ရင်ဘတ်များ နွေးထွေးနိုးထလာခဲ့သည်။ နှစ်ဦးသား နားလည်နိုင်သော အကြည့်သည် စကားလုံးများထက် ပိုပြီးလေးနက်ပြီး ပိုတည်ကြည်သော စကားများပင် ဖြစ်တော့သည်။ သူမသည် ငယ်စဉ်က စာတော်သောသူ ဖြစ်သည်။

သူ့ထက် တတန်းငယ်သော်လည်း ဆန်းဒေးစကူးလ်တွင် အတူတူ ကေဂျီတန်းကို တက်ခဲ့ကြသူများဖြစ်ကြသည်။ သူမ မိဘ များသည် တောင်သူ ယာလုပ်သူများဖြစ်ြပီး အတန်သင့် စားနိုင်သောက်နိုင်သူများဖြစ်ကြသည်။ သူမတွင် အကိုတယောက်ရှိ သည်။ ယခုအခါ  နိုင်ငံရပ်ခြားသို့ ဝမ်းရေးအတွက် ရုန်းကန်အလုပ်လုပ်နေသူဖြစ်သည်။ သူတို့ရပ်ရွာတွင် သူမ၏အကိုလိုမျိုး နိုင်ငံရပ်ခြားသွားသောသူ များစွာရှိသည်။ အဆင်ပြေသောသူများရှိသလို အဆင်မပြေသော သူများစွာလည်း ရှိကြသည်။ သူမသည် ရှစ်တန်း အောင်ပြီး အခြားမြို့သို့ ကျောင်းသွားတက်ခဲ့သောကြောင့်  မတွေ့ဖြစ်ခဲ့ကြသည်မှ ယနေ့ချိန်ထိပင်ဖြစ် သည်။ သူမ၏ရုပ်ရည်သည်  ငယ်ရုပ်လုံးဝ ပျောက်မသွားသော်လည်း အတော်ကလေးကို လှနေသည်ကို ငြင်းမရဖြစ်နေသည်။ မျက်လုံးမျက်ဖန် ကြည်လင်လှပြီး သူမမျက်လုံးနဲ့၏ဆုံတွေ့ရသည်ပင် သူ၏စိတ်အတွင်းထဲထိ ထိုးထွင်းမြင်ခံရသကဲ့သို့ ခံစားရသည်။ အသားအရေ ဖြူစင်ညက်ညောလှပြီး ကိုယ်လုံးကိုယ်ထည် အချိုးအစား ညီမျှလှသည်ကတပိုင်း နှာတံစင်းစင်း နှုတ်ခမ်းခပ်ပါးပါး နီစွေးစွေးကို ကြည့်မိသူတိုင်း သုံးခါပြန်ကြည့်မိကြမည်မှာမလွှဲဟု ထင်စားရသည်။

အထီးကျန်ဆန်သောနေ့ရက်များသည် လွန်သွားခဲ့ပြီ။ အလုပ်လုပ်သည်ကိုပင် ပိုပြီးတက်ကြွလာသည်။ အရာရာ လှပနေ သည်။ အဆင်မပြေမှုများသည် နှစ်ဦးသားကို ပိုပြီးခိုင်မာစေသောကြိုးများဖြစ်စေသလို တဦးကိုတဦး နားလည်ဖို့ ကြိုးစားရ သည်က ရင်ခုန်ပျော်စရာများပင် ဖြစ်သည်။ တစ်နှစ်ပင် မကြာလိုက်ခင် ရာထူးတိုးအပြောင်းအရွေ့နှင့် အဝေးဆီကို သူမ ပြောင်းသွားခဲ့ရတော့ လွမ်းကျန်ရစ်ခဲ့ရပြန်သည်။ တယ်လီဖုန်းအခက်အခဲ၊ လမ်းပန်းဆက်သွယ်ရေး အခက်ခဲတွေကြောင့် စာတိုက်ကိုသာ အားကိုးနေရသည့်ဘဝ ရောက်သွားတော့သည်။ အလွမ်းစာများ ကဗျာများသည် ရင်ဘတ်တခုလုံး ပွင့် ထွက်လာ စေခဲ့ရသည်။ ရသလှလှလေးများကို သီကုံးခံစားကြရသည်။ ပန်းချီသရုပ်ဖော်ပုံလေးများ အောက်ခံရေးဆွဲထားသော အလွမ်းစာပေါင်း မည်မျှရေးလိုက်သည်ကိုပင် မမှတ်မိတော့။ အနည်း ဆုံး တလ စာတစောင်နှုန်း ရောက်လာမြဲဖြစ်သည်။

ဒီနှစ်နွေရာသီတွင် လက်ထပ်ဖို့ ကြံရွယ်ထားကြသည်ဖြစ်ခြင်းကား သူပျော်ရွင်တက်ကြွပြီး နှောင်းပုံရိပ်များ စားမြုံ့ပြန် တွေး တောနေမိခြင်း ဖြစ်လေသည်။ အထူးသဖြင့် လွန်ခဲ့သော နောက်ဆုံးရခဲ့သောစာအရ ကျောင်းစာမေးပွဲပြီး၍ ဒီကနေ့ပင် သူမပြန်ရောက်လာမည့်နေ့ဖြစ်ခြင်းကား ပြောဖွယ်မရှိ။ မြေမထိ လမ်းလျှောက်နေရသလို လွမ်းသမျှတွေ အတိုးချပိုချစ်ဖို့ အ တွေးများစွာက တွေးနေရင်းပင် နှလုံးသားတခုလုံး အရည်ပျော်ကျမတတ် ဖြစ်လေသည်ကား။ မဏိပူရ်မြစ်ကြီးကို ကျေးဇူး တင်စွာ ငေးမောနေရင်း နေလုံးကြီးသည် တောင်ကွယ်ကနေ တဖြည်းဖြည်း ရဲတက်လာခဲ့သည်။ စက္ကန့်ပိုင်း၏အတွင်း နေ လုံးကြီး တဖြည်းဖြည်းပီပြင်လာပြီး လောကကြီးက လင်းလင်းချင်းချင်း ဖြစ်လာသည်။ မြူနှင်းများ မကင်းစင်သေးချေ။ အိမ်ရှေ့မျက်နှာစာမြေကွက်လပ်တွင် ပေါက်ရောက်နေသော ဆင်ငိုမြက်နှင့် မြေစာမြက်များပေါ် တွဲခိုနေသော နှင်းသီးလေး များသည် နေရောင်ကြောင့် ငွေရောက် လက်လက်ထနေသည်။ နေရောင်ထိတော့ အခိုးများအငွေ့များ ထလာသည်။ ကြည့် ရင်း ချမ်းစိမ့်စိမ့်ဖြစ်စေသလို သူခံစားလိုက်ရသည်။ ငှက်ကျေးအသံများ စတင်ကြားရပြီ။ ချယ်ရီပင်ပေါ်တွင် ချယ်ရီသီးတချို့ ကျန်နေသေးသည်။ ချယ်ရီသီးကြွေကျပြီး ပြန်ပေါက်လာသော ချယ်ရီပင်ငယ်လေးများ ချယ်ရီပင်အောက်တွင် များစွာရှိသည်။ ချယ်ရီရွက်စိမ်း နုနုလေးများ စိမ်းစိမ်းစိုနေသည်။ ထိုအရာကိုကြည့်နေရင်းပင် သူ့ထံအပြေးလာသော ခြေသံ သူကြားရသည။် သူတို့အိမ်ဘေးက ရှစ်တန်းကျောင်းသားလေးဖြစ်သည်။ လက်ထဲက စာလေးကို ကိုင်ထားရင်း ဆရာမလေး အမေက ပေး ခိုင်းကြောင်းပြောသည။် စာကို ဖြေကြည့်လိုက်တော့ သူ ကျက်သေသေသွားသည။် လောကကြီးတခုလုံး ရပ်သွားသည်။ သူ့နှလုံးခုန်သံ အရာရာအားလုံး ရပ်တန့်သွားသည်။ စာသည် ကြေးနန်းစာတစောင် ဖြစ်သည်။ သူတို့ဆီတွင် ကြေးနန်းမရှိ သောကြောင့် အခြားအနီးက မြို့ကိုရိုက်လိုက်သော ကြေးနန်းစာ။ စာပါ အကြောင်းအရာမှာ

“ဆရာမ ဒေါ်ဆွီး ကွယ်လွန် နေအိမ်ပေါ်လက်နက်ကြီးကျ အမြန်လာပါ” ဟူ၍။

မဏိပူရ်မြစ်သည် စီးမြဲ စီးဆင်းနေသည်။ ကျောက်တုံးကြီးများ မြစ်ကမ်းနားတဝိုက်တွင် မဲမှောင်နေသည်။ ရေသည် မိုးရွာ ပြီးစဖြစ်ပြီး ဝါကျင်ကျင်ဖြစ်နေသည်။ ရေစီးကြမ်းလာသည်။ သဲသောင်ပြင်များကို ရေတိုက်စားကုန်သည်။ မိုးစက်မိုးပေါက်များ မစဲသေးဘဲ တပေါက်စ နှစ်ပေါက်စ ကျနေသေးသည်။ တိမ်အုပ်ကြီး နောက်ထပ် ရွာသွန်းဖို့ ကောင်းကင်ပေါ်တွင် အနေ အထိုင်ကျရန် နေရာပြင်နေပြန်ပြီ။ ရေတိုက်စားသော ကမ်းစပ်သဲသောင်ပေါ်တွင် လူတယောက်ရပ်နေသည်။ မိုးကာအင်္ကျီ ဝတ်ထားသော်လည်း မလုံခြုံဘဲ စိုရွဲနေသည။် မျက်နှာတခုလုံး သေချာစွာမမြင်ရဘဲ မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေး၊ ပါးသိုင်း မွှေးများ ရှုပ်ထွေးနေသည်။ ဟောင်းနွမ်းလှသော အဝတ်အစားများ စုတ်ပြတ်နေသော အဝတ်အစားများက သူ့ကို အနွေး ဓာတ် ကောင်းစွာပေးနိုင်ပုံမရပေ။ ချမ်း၍ တုန်နေသည်။ သူသည် နေ့စဉ်နေ့တိုင်း မနက်မိုးလင်းပြီး မကြာခင် ရောက်လာ တတ်ပြီး မိုးချုပ်လျှင် ပြန်သွားတတ်သည်။ နေပူမိုးရွာ မပြတ်တမ်း သူရောက်လာခဲ့သည်။

တနှစ်ခန့်ကြည်သည့်အခါ သဲသောင်ပြင်လေးပေါ်တွင် ကလေးများ နွေရာသီပျော်ပွဲစား ထွက်ကြသည်။ ပျော်ရွင်စွာ ဆော့ ကစားကြသည်။ သဲသောင်ပြင်ပေါ်တွင် တချို့က ဘောလုံးကန်ကြသည်။ သိုသော် အမြဲလာလာနေတတ်သောသူကို မမြင်ခဲ့ကြရသည်မှာ ၃ လခန့်ရှိနေပြီဟု အနီးအနားကလူတွေက ဆိုကြသည်။ ထိုအချိန်တွင် မဏိပူရ်မြစ်သည် စီးမြဲတိုင်း စီးဆင်းလျက်ပင်။

ဆလိုင်းဇုန်
၁၉.၁၁.၁၆


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်