နိုင်ဝင်းသီ ● ည​မွှေးပန်းဗျစ်​ဆိုင်

April 9, 2017

နိုင်ဝင်းသီ ● ည​မွှေးပန်းဗျစ်​ဆိုင်
(မိုးမခ) ဧပြီ ၉၊ ၂၀၁၇

(တ​စ်)
“စာ​ရေးဆရာ၊ ကဗျာဆရာဆိုတာ မီး​လောင်​နေတဲ့ ကြယ်​​တွေပါကွာ။ လောင်​​နေတုန်း​တော့ မီး​တောက်​​တွေနဲ့ လှပ​နေသ လိုပါပဲ။ ​လောင်​ကျွမ်းပြီးစီးတဲ့အခါမှာ​တော့..”

သူဟာ စကားကိုဆုံး​အောင်​ မ​ပြောနိုင်​ဘဲ​ခေါင်းငိုက်​စိုက်​ကျသွားပါတယ်​။ သူဟာ အမြဲတ​စေ ငြိမ်​သက်​​နေတတ်​တဲ့လူ။ စ ကား လုံး​တွေကိုလည်း အခါခပ်​သိမ်း အနည်းငယ်​မျှ​လောက်​သာ ​ပြော​လေ့ရှိသူတ​​ယောက်​ပါ။

သို့ငြား သူ့ရဲ့ ကိုယ်​ခန္ဓာထဲကို အယ်​လ်​ကို​ဟော​တွေ လိုအပ်​တာထက်​ပိုပြီးစီးဝင်​သွားရင်​​တော့ အရာရာဟာ ပုံမှန်​မဟုတ်​​တော့ပါဘူး။ စကားလုံး​တွေဟာ ပြဇာတ်​ဆန်​လာပါပြီ။ စကားလုံး​တွေ ပြဇာတ်​ဆန်​လာရုံတင်​မကဘူး။ မြို့ပြထဲမှာ ​ပျောက်​ဆုံး​နေတဲ့ သူ့ကိုယ်​သူပြန်​လည်​​တွေ့ရှိသွားပြီလို့လည်း  ခဏခဏ​ပြောပြီ​ပေါ့။

အဲဒီ​နေ့ မနက်​ပိုင်းက​တော့ သူ့ကိုယ်​သူ​​တောင်​ ရှာ​ဖွေမသွားနိုင်​ခဲ့ပါဘူး။ စားပွဲ​ပေါ်ကိုဝုန်းကနဲ လဲပြိုသွား​တော့တာပါပဲ။ဆိုင်​​ရှေ့မှာ ချက်​ပြုတ်​​ကြော်​​လှော်​​နေတဲ့ ကို​ယောဟန်​က​တော့ ဝုန်းကနဲ လဲပြိုသွားတဲ့အသံကို ကြားလိုက်​တာနဲ့ ကျွန်​​တော်​တို့ ဝိုင်းကို ​ရောက်​လာပါတယ်​။

“သူ ဆိုင်​ကို အ​စောကြီးလာတာကိုဘုရားသခင်​ကလည်း ကြိုက်​မှာမဟုတ်​ပါဘူးကွာ။ ဒါ​ပေမယ့်​ ဒီ​ကောင်​ ဆိုင်​ကို အ​စော ကြီး​​ရောက်​လာခဲ့တယ်​။ ဘာဖြစ်​လာတာလည်း​မေး​တော့လည်း မ​ပြောဘူးကွ။ သူ့ပုံစံကိုကြည့်​ရတာဟာ ဘုရားသခင်​​မေး မြန်းရင်​​တောင်​ ပြန်​​ဖြေမယ့်​ လက္ခဏာမျိုး မရှိဘူးကွ”

ကို​ယောဟန်​ဟာ ကဗျာဆရာကိုကြည့်​ပြီး ပခုန်းတ​ချက်​ တွန့်​လိုက်​ပါတယ်​။

ကျွန်​​တော်​တို့ အဝန်းအဝိုင်းမှာ​တော့ ဒီလိုဖြစ်​စဉ်​မျိုး​တွေဟာ များပြားလှပြီ​ပေါ့။ အထူးအားဖြင့်​ ကဗျာဆရာ​ပေါ့။ သူ့ဘဝမှာ သူဖွင့်​ပြီးတိုက်​​နေရတဲ့ စစ်​မျက်​နှာပြင်​​တွေဆိုတာ ခပ်​များများမို့လား။ ဘယ်​အချိန်​ကြည့်​လိုက်​ကြည့်​လိုက်​ သူဟာ စစ်​မျက်​နှာပြင်​တ​ခုခုမှာတိုက်လို့ ခိုက်လို့။ အခုလည်း တ​ခု​သောစစ်​​မြေပြင်​က​နေပြီး ကို​ယောဟန်​ရဲ့ဆိုင်​​လေးရှိရာကို အောင်​မြင်​စွာနဲ့ ဆုတ်​ခွာခဲ့တာပဲဖြစ်ပါ​လိမ့်​မယ်​။

အပြင်​ဘက်​ကို လှမ်းကြည့်​လိုက်​​တော့မိုး​ရေစက်​​တွေဟာ ဖြိုးဖြိုး​ဖြောက်​​ဖြောက်​နဲ့။ လောကသုံးပါးဟာလည်း မိုးရေစက်တွေ အောက်မှာ အေးစက်ထိုင်းမှိုင်းလို့။

အတူပါလာတဲ့ မဂ္ဂဇင်းအယ်​ဒီတာ​လေးက​တော့ ပခုန်း​ပေါ်က လွယ်​အိတ်​ကို နံရံ​ပေါ်မှာ​ပြောင်းချိတ်​လိုက်​ပြီ။ဝတ္တုတိုဆရာက​တော့ဘာမှ ​ပြောမ​နေ​တော့ဘူး။ ခုံတ​လုံးကို ဆွဲယူလိုက်ပြီး ထိုင်​ချလိုက်​ပါပြီ။

သေချာတာ​ပေါ့။ ကျွန်​​တော်​တို့ဟာ မိုး​ရေစက်​​တွေနဲ့ ​အေးစက်​စိုထိုင်း​နေတဲ့ အခုလိုနံနက်​ခင်းမျိုးမှာ သူငယ်​ချင်းကဗျာဆရာ ကိုဝန်းရံ​ပေးရမယ်​ဆိုတာ သိပ်​ကို ​သေချာသွားခဲ့ပြီ​ပေါ့။

(နှစ်​)
ဒီဆိုင်​​လေးဟာ ကျွန်​​တော်​တို့အတွက်​​တော့ တတိယနယူး​ယောက်​မြို့​တော်​ပါပဲ။ ကျွန်​​တော်​ ​သောက်​ခဲ့ဖူးသမျှ ဆိုင်​​တွေထဲ မှာ ​ကျွန်​​တော်​တို့အ​ပေါ် ​နွေး​ထွေးမှုအရှိဆုံး​ပေါ့။ လူအသွားအလာ ကျဲပါးပြတ်​​တောက်​လှတဲ့ ဒီ​နေရာ​လေးကို ဘယ်​လိုလုပ်​ပြီး​တော့များ ရှာ​ဖွေ​တွေ့ရှိခဲ့တယ်​ မ​ပြောတတ်​ဘူး။

ပြီးတော့ကဗျာဆရာလို့မပြောရဘူး။ ဆိုင်​​လေးကိုနာမည်​ပေးထားလိုက်​​တာ ည​မွှေးပန်းဗျစ်​ဆိုင်​တဲ့။

ဆိုင်​လေးနဲ့ ခပ်​လှမ်းလှမ်းမှာ အရိုင်းဆန်​ဆန်​ ထူထူအုပ်​အုပ်​ ​ပေါက်​​နေတဲ့ ည​မွှေးပန်းပင်​​လေးတွေကို သ​င်္ကေတပြုပြီး  ​ပေး ထားခဲ့တဲ့ အမည်နာမလေးပေါ့။    ​လေ​ပြေနု ဝေ့ခတ်​သွား​လေတိုင်း ရထားလမ်း​ဘေးတ​လျှောက်​ဟာ ည​မွှေးပန်းရနံ့တွေ တ​ဝေ​ဝေနဲ့​ပေါ့။

ည​မွှေးပန်းတွေပေါက်​​နေတဲ့ ​နေရာနားမှာပဲ စက်​ရုံအိုကြီး တ​ရုံရှိပါတယ်​။ လ​ရောင်​ပြာပြာမှုန်​မှုန်​ ထိုးကျ​နေတဲ့ ညမျိုးဆိုရင်​ ညထဲကိုငေါထွက်​​နေတဲ့ စက်​ရုံထဲက ​ခေါင်းတိုင်​ကြီးဟာ ​ချောက်​ချားစရာ​တောင်​​​ ကောင်းလှ​တယ်။ တိတ်​ဆိတ်​​နေတဲ့ စက်​ရုံကြီးဟာလည်းအ​မှောင်​ထဲမှာ တ​စ္ဆေကြီးတ​​ကောင်​ ငုတ်​တုတ်​ထို​င်​​နေတဲ့အတိုင်းပါပဲ။ သန်း​ကောင်​ည​တွေများ စက်​ရုံ​ရှေ့ က ဖြတ်​​လျှောက်​သွားရင်​အ​မှောင်​ထဲကနေပြီး တ​စ္ဆေ​တွေ တ​​ကောင်​ပြီး တ​​ကောင်​ ခုန်ထွက်လာမှာလားလို့တောင်​ ​ထင်မှတ် ရပါရဲ့။

ဟိုးဖက်​ နှစ်​​တွေတုန်းက​တော့ စက်​ရုံကြီးဟာ ဥသြ​တွေ အချိန်​မှန်​မှန်​ဆွဲလို့။ ခေါင်း​တိုင်ထဲမှာလည်း မီးခိုးပြာတွေ တလူလူ လွင့်လို့။ အနီးဝန်းကျင်​မှာလည်း စက်​ရုံအလုပ်​သမား​တွေနဲ့ ရှုပ်​​ထွေးလှုပ်​ခတ်​လို့။ သက်​တမ်းရင့်​ စိန်​ပန်းပင်​ကြီး​တွေကလည်း  ပင်​လုံး​ကျွတ်​နီးပါး ရဲရဲရင့်​ရင့့်​ ပွင့်​​ဝေလို့။ အုတ်​တံတိုင်းခပ်မြင့်​မြင့်​ကာထားတဲ့ ဝိတိုရိယ​ခေတ်​ပုံ အဆောက်အအုံတွေဆီက ပီယာနိုတီးသံ သဲ့သဲ့ဖွဖွကလည်း ညနေခင်းတိုင်းလိုလို ရထားသံလမ်းတလျှောက်မှာ လွမ်းဆွတ်ဖွယ်ရာ လွင့်ကျလို့။

ကျွန်​​တော်​တို့ ဒီ​နေရာ​လေးကို ​ရောက်​လာ​တော့ အခင်းအကျင်း​တွေဟာ ​ပြောင်းလဲသွားခဲ့ပါပြီ။အ​ရေပြား​ပေါ်မှာ ဆားပွင့်​​နေတဲ့အလုပ်​သမားကြီး​တွေကို ကျွန်​​တော်​တို့ မမြင်​ရ​တော့ပါဘူး။နေ​လောင်​ထားတဲ့ မျက်​နှာမည်းမည်းကြီး​တွေဟာ ကျွန်​​တော်​တို့အပါးမှာ မရှိ​တော့ဘူး။ ရထားသံလမ်းတ​​လျှောက်​ ​ပြေးလွှား​ဆော့ကစား​နေတဲ့ က​လေးငယ်​လေးတွေနဲ့မနက်​တိုင်း သန်းဥစမ်း​နေတဲ့ မိန်း​မကြီး​တွေဟာ ကျွန်​​တော်​တို့ရဲ့မြင်​ကွင်းထဲမှာ မရှိ​တော့ပါဘူး။ ​သွေ့​ခြောက်​မွဲရီ​နေတဲ့ တဲအိမ်စု​လေး တွေဆိုတာလည်း  တ​လုံးမှကို မရှိ​တော့ဘူး။

သူတို့ ဘယ်​​​တွေရောက်​ကုန်​ပြီလဲလို့ကို​ယောဟန်​ကို​မေး​ကြည့်​တော့ …

”သူတို့ ဘယ်​​နေရာ​တွေ ​ရောက်​ကုန်​လဲဆိုတာ ဘုရားသခင်​​တောင်​သိပါ့မလား မသိပါဘူးကွာ။ နှစ်​​တွေက သိပ်​ကြာသွားခဲ့ပြီ​ မဟုတ်​လား”

အဲဒီညတုန်းက ကျွန်​​တော်​က မမြင်​လိုက်​ရတဲ့ ဘဝ​ခါးခါးတွေကိုလွမ်းမိတယ်​။ ကို​ယောဟန်​က​တော့ မြင်​တွေ့ခဲ့ဖူးတဲ့ ဘဝ​တွေကို ငေးရီလွမ်း​ဆွတ်သွားပုံရတယ်။ သူ့ရဲ့မျက်လုံးတွေဟာ ညထဲမှာ တည်ငြိမ်လေးနက်လို့။

တ​ခါတ​ခါ ရထားတ​စင်းတ​လေ တဝုန်းဝုန်းနဲ့ ခုတ်​​မောင်းသွားတဲ့ အချိန်​မျိုးမှာ​တော့ လူ​တွေဟာ ယိမ်းထိုးလှုပ်​ခါသွား။ စကား လုံး တွေဟာ ယိမ်းထိုးလှုပ်​ခါသွား။ အရက်​ခွက်​​တွေဟာ ယိမ်းထိုးလှုပ်​ခါသွား။ ဘဝ​တွေဟာ ယိမ်းထိုးလှုပ်​ခါသွားတတ်​ပါရဲ့။ ညမွှေးပန်းရဲ့ ဖြစ်တည်မှုညတွေပေါ့။ တချို့ည​တွေများ ယိမ်းထိုးလှုပ်​ခါသွားရုံတင်​ ဘယ်​ကလိမ့်​မှာလဲ။ အကုန်​လုံးဟာ အလဲ လဲအပြိုပြို​တွေဖြစ်​လို့။ အားလုံးဟာ ​ရေဆူမှတ်​ကို ​ကျော်​လွန်​သွားခဲ့ပြီမဟုတ်​လား။ ည​တွေဟာ ဆူပွက်​သွားပြီ​ပေါ့။ လ​ရောင်​ဟာ ဆူပွက်​သွားခဲ့ပြီ​ပေါ့။ ကြယ်​ပွင့်​​တွေဟာ ဆူပွက်​သွားခဲ့ပြီ​ပေါ့။ ည​မွှေးပန်းရနံ့ဟာလည်း အ​သေအချာကို ဆူပွက်​သွားခဲ့ပြီ​ပေါ့။ အဲဒီလို ညမျိုးဆိုရင်​ ကို​ယောဟန်​လည်းပြာယာခတ်​ပြီ​ပေါ့။ ဖောက်​သည်​​တွေနဲ့ ဆူညံပွက်​​လောထ​နေတဲ့  ည​မွှေးပန်း ဗျစ်​ဆိုင်​​လေးကို​ ခေတ္တခဏ​ကျောခိုင်းပြီး ကျွန်​​တော်​တို့​လေး​ယောက်ကို အနီးဆုံးကားဂိတ်ကို လိုက်ပို့ပေးရပြီ​ပေါ့။

“ရိုင်းမြစ်​ကမ်း​ဘေးက ဝိုင်​အရက်​မှ​ကောင်းတာ မဟုတ်​ပါဘူးကွာ။ ရထားသံလမ်း​ဘေး​က ထန်းလျက်​မီး​တောက်​ကလည်း  ပျံ​နေ​​အောင်​ ​ကောင်းတာပါပဲကွာ”

အပြန်​လမ်းတ​လမ်းလုံးလည်း ကဗျာဆရာရဲ့ အသံ​တွေချည်းပါပဲ။ တ​ခါ တ​ခါ လဲပြို​နေရင်းနဲ့ မာယာ​ကော့စကီးရဲ့ကဗျာ​တွေကို သံ​နေသံထားနဲ့ ရွတ်​​နေတတ်​​သေးတယ်​။ ညကြီးအချိန်​မ​တော်​ မည်းမည်း​မှောင်​​မှောင်​နဲ့ဆို​တော့ ​ခွေး​တွေကလည်း  တစီစီနဲ့ ထိုး​ဟောင်​လို့​ပေါ့။ ကားလမ်းနဲ့ ရထားလမ်းလေး ဆုံရာကိုရောက်ရင်တော့ ယက်ဗ်တူရှင်ကိုရဲ့ ဇီမာလမ်းဆုံကို တ လုံးတပါဒမှ အမှားအယွင်းမရှိအောင် ရွတ်ပြီပေါ့။

အနီးဆုံးကားဂိတ်​ဆိုတာကလည်း  မည်း​မှောင်​​အေးစက်နေတဲ့ ရထားလမ်းလေးကိုတော်​​တော်​ကြာ​အောင်​ ​လျှောက်​သွားရ တဲ့ခရီးတာ အကွာအ​ဝေးပါ။

တ​လမ်းလုံး သူကလဲလိုက်​၊ ကိုယ်​က လဲလိုက်​နဲ့။ သည်​ကြားထဲ လက်​နှိပ်​ဓာတ်​မီး တဝင်းဝင်းနဲ့ ကို​ယောဟန်​ကပါ ကျွန်​​တော်​တို့ကို ထူမတ်နေရင်း လဲပြို​နေ​လေ​တော့ လ​ရောင်​မှုန်​မှုန်​ရီရီနဲ့ ညဟာ လွမ်းဆွတ်​စရာ​တောင်​​ ကောင်း​နေပါ​သေးတယ်​။

ညလို့သာဆိုတယ်​။ နှပ်​​ချေးတွဲ​လောင်းနဲ့ က​လေးငယ်​​လေး​တွေနဲ့ ​ချေးအထပ်​ထပ်​တက်​ပြီး ညစ်​​ထေး​ပေ​ရေ​နေတဲ့က​လေး ငယ်​​လေးတွေဟာ ကိုယောဟန်ရဲ့လက်နှိပ်ဓာတ်​မီးအောက်မှာ မကြာခဏဆိုသလို ဖျပ်ကနဲ ဖျပ်​ခနဲ​နဲ့ ပေါ်လာတတ်​ပါ တယ်။

“ဒီက​လေး​တွေ မအိပ်​​သေးဘူးလား။ ဘာဖြစ်​လို့ မအိပ်​​သေးတာလည်း” လို့ ကဗျာဆရာက ​မေး​တော့….

“အမြန်​ရထားတ​စီး လာဖို့ရှိ​သေးတယ်​​လေကွာ။ အဲဒီရထားလာရင်​ က​လေး​တွေအတွက်​ မုန့်​​တွေ၊ အချိုရည်​ဘူး​တွေ၊ ​ရေသန့် ဘူး​တွေ ပစ်​ချပေးသွားတတ်​တယ်​​လေ” လို့ ကို​ယောဟန်​ကပြန်​​ပြော​တော့ ကဗျာဆရာဟာ ဝမ်းနည်းပက်​လက်​နဲ့ ရှိုက်​ကြီး တငင်​ ငို​ကြွေး​နေခဲ့တာကို ကျွန်​​တော်​အမှတ်​ရ​နေ​သေးတယ်​။

ကို​ယောဟန်​က​တော့ ​ပြောရှာပါတယ်​။

“ရထားလမ်းကလည်း အမြဲတမ်းလိုလိုမည်းမှောင်​​နေ​တော့ ဘုရားသခင်​ကလည်း မမြင်​ဘူးနဲ့တူပါတယ်​ကွာ။ အကယ်​၍ မြင်​ခဲ့ရင်​​တော့ အဲဒီက​လေး​တွေနဲ့ပတ်​သက်​ပြီး ဘုရားသခင်​ဟာ တ​ခုခု​တော့ လုပ်​​ပေးမှာပါကွာ” တဲ့။

ပြောမယ့်​သာ ​ပြော​နေတာပါ။ ကျွန်​​တော်​တို့ရဲ့ကဗျာဆရာဟာ ​ဟောဒီ ညစ်​စုတ်​စုတ်​ရထားလမ်း​လေးကို ​ ရှောင်​​ဇေလီ​ဇေ လမ်းထက်​တောင် ပိုပြီးတော့ ချစ်​မက်​ပါတယ်​။ ပန်းချီကား​တွေ၊ ​ကော်​ဖီရနံ့​တွေ၊​ ရေ​မွှေးရနံ့​တွေ ​ရော​ထွေးစိမ့်​ဝင်​​နေတဲ့ ​ရှောင်​​ဇေလီ​ဇေလမ်းထက်​စာရင်​ ထမင်းတ​နပ်​၊ ဟင်းတ​ဖတ်​အတွက်​ အမြဲတ​စေ လှုပ်​ရှားရုန်းကန်​​နေရတဲ့ ​ဟောဒီရထားလမ်း မွဲမွဲရီရီ​လေးဟာ သူ့အတွက်​​တော့ ဘယ်​​သောအခါမှ ပြီးဆုံးမှာမဟုတ်​တဲ့ ကဗျာရှည်​တ​ပုဒ်​​ပေါ့။ က​လေးငိုသံ၊ ​ခွေး​ဟောင်​သံ၊ ရန်​ဖြစ်​သံ၊ ထီလှည်းက သီချင်းဖွင့်​သံများနဲ့ ဆူညံပွက်​​လောထ​နေတဲ့ ​ဟောဒီအရပ်​​လေးကို ပီကာဆိုတို့၊ ရိုဆူးတို့​နေသွားတဲ့ မွန်​မတ်​​တောင်​ကုန်းရပ်​ကွက်​ထက်​​တောင်​  သူကပိုပြီးစိတ်​ဝင်​စား​နေသေးတယ်​။ ယင်​​ကောင်​​တွေ တဝီဝီ​ အော်​ဟစ်​ပျံသန်း ပြီး အခါခပ်​သိမ်း ညစ်​​ထေးစုတ်​ချာ​နေတဲ့ လက်​ဘက်​ရည်​ဆိုင်​​လေးက​တော့ သူ့မျက်​စိထဲမှာ ရိုတွန်းက​ဖေးထက်​​တောင်​ လှ ပခမ်းနား​နေ​မလား မဆိုနိုင်​ဘူး။

တချို့​​သောနေ့ခင်း​နေ့လည်​မျိုး​တွေမှာ      အဲဒီလက်​ဘက်​ရည်​ဆိုင်​​လေးမှာ ကဗျာဆရာသွားထိုင်​ပြီဆိုရင်​ ကို​ယောဟန်​က ​နှာ​ခေါင်းရှူံ့တတ်​ပါတယ်​။

တ​ရက်​မှာ “ဒီ​လောက်​ ယင်​​ကောင်​​တွေများတဲ့ဆိုင်​ကို ဘုရားသခင်​က​တော့ ကြိုက်​နှစ်​သက်​မယ်​မထင်​ပါဘူးကွာ။ ဒီ​ကောင်​ ဘာကိုသ​ဘောကျတယ်​မ​ပြောတတ်​ပါဘူး” လို့​ပြော​တော့ ကဗျာဆရာဟာ တ​စုံတ​ခုကို သတိရဟန်​နဲ့ …

“နေပါဦး​ဗျ။  ခင်​ဗျားက ဘုရားသခင်​ကို ချစ်​ခင်​​လေးစားတဲ့လူဆို​တော့ ​မေးရဦးမယ်​။ ​ဂေါ့ (ဒ်​) က ​ကြွေအံကစားသလားဗျ၊ ကျွန်​​တော်​​တ​​နေရာရာမှာ ဖတ်​ဖူးတယ်​​ အောက်​​မေ့လို့”

“ဟာ  …​တောက်​တီး​တောက်​တဲ့ကွာ။ ဒွန္နယာမှာ ​ဘုရားသခင်​​လောက်​ အလုပ်​များတာ ရှိနိုင်​ပါ့ဦးမလားကွာ။ အဲဒီလောက်​အလုပ်​များတဲ့ ဘုရားသခင်​ဟာ ဘယ့်​နှယ့်​လုပ်​ပြီး​ ကြွေအံကစားနိုင်​မှာလဲ ငါ့​ကောင်​ရာ” လို့​ပြောပြီး ​ခေါင်းတယမ်းယမ်းနဲ့ ထွက်​သွားတာကို ကျွန်​​တော်​အမှတ်​ရ​နေ​ပါသေးတယ်​။ ​ပျော်​ရွှင်​ခဲ့ရတဲ့ ​နေ့ရက်​​တွေပါပဲ။ ဘဝအ​ခြေအ​နေမ​ပေးလို့သာ စာ​ပေနဲ့ ကင်းကွာခဲ့ရပေမယ့်​ ကို​ယောဟန်​ဟာ အရင်​တုန်းကစာဖတ်​ခဲ့တဲ့ လူတ​​ယောက်​ပါ။ အဲဒီ စာ​ပေချစ်​စိတ်​အခံနဲ့ပဲ ကျွန်​​တော်​တို့အဖွဲ့ကို ညီရင်းအစ်​ကိုလို သူ ချစ်​ခင်​ခဲ့တာ​ပေါ့။ ကျွန်​​တော်​တို့အဖွဲ့ ဘယ်​​လောက်​ဆိုးဆိုး သူ အနွံတာခံခဲ့တာ​ပေါ့။

ဟိုးတ​ညကလည်း  ကျွန်​​တော်​တို့အဖွဲ့ငြင်းကြခုန်​ကြရင်းနဲ့  ထုံးစံအတိုင်း ​ရေဆူမှတ်​ကို ​ကျော်​လွန်​သွားခဲ့ပြီ​ပေါ့။ ဆိုင်​ထဲမှာ လည်းတ​​ယောက်​မှ မရှိ​တော့ဘူး။ အမြီးတယမ်းယမ်းနဲ့ ခုနှစ်​စင်​ကြယ်​ဟာလည်း ကျွန်​​တော်​တို့ ​ခေါင်း​ပေါ်မှာ ​ရောက်​​နေပြီဆို​တော့ ပြန်​ဖို့​ကောင်းပြီ​ပေါ့။

ဒါ​ပေမယ့်​ ကျွန်​​တော်​တို့ မပြန်​ဖြစ်​ကြ​သေးဘူး။ လ​ရောင်​ကိုကြည့်​ပြီး အိမ်​ပြန်​ဖို့ ကျွန်​​တော်​တို့ ​မေ့​လျော့​နေခဲ့ကြတယ်​။

ဒီ​လောက်​ ဆန်းကြယ်​လှပတဲ့ ​လ​ရောင်​ကို တ​ကြိမ်​တ​ခါမှ ကျွန်​​တော်​မ​တွေ့ဖူး​သေးဘူး။ လ​ရောင်​ဟာ ​ဗေဒါရောင်​နဲ့ နူးညံ့စို လွင်​​နေတယ်​။ တိ​မ်​​တွေကလည်း ဖြူ မည်းနီ ညို ဝါ ပြာ စိမ်း အ​သွေးစုံ….. အ​ရောင်​စုံ …

ဗေဒါ​ရောင်​ရွှန်းစို​နေတဲ့ သန်းခေါင်​ညထဲက ရောင်​စုံတိမ်​တိုက်​များရဲ့ အ​ရွေ့အလျားကိုကြည့်​ပြီး ကို​ယောဟန်​လည်း အံ့သြ မင်​သက်​​နေတယ်​။

“ဒီလိုညမျိုးမှာ ​ဟောဒီ ရထားလမ်း​လေးထဲကို ထရိုဂျင်​မြင်းကြီး  ဟီသံ​​ပေး​ဝင်​လာရင်​​တောင်​   အံ့သြစရာ​ မဟုတ်​ပါဘူးကွာ။ ညက တအားလှ​နေတာကိုး” လို့​ပြော​တော့ ကဗျာဆရာက မီး​တောက်​တ​လုံးကို ဆွဲထုတ်​လာတယ်​။

“ဒီလိုညမျိုးမှ  ငါတို့မ​သောက်​ဘူးဆိုရင်​ ငါတို့ဟာရူး​နေလို့ပဲ ဖြစ်​ရမယ်​လို့​” ပြောပြီး ဆိုင်​အပြင်​ဘက်​ကို ထွက်​​ပြေးသွား​လေ ရဲ့။ ကျွန်​​တော်​တို့အားလုံးဟာ ခွက်တွေကိုယ်စီကိုင်ပြီး ညထဲကို ကသော​က​မျော ပြေးထွက်ခဲ့ရပြီပေါ့။

ဆိုင်​အပြင်​ဘက်​ ​ရောက်​တယ်​ဆိုရင်​ပဲ​ ရောင်​စုံတိမ်​တိုက်​များနဲ့ လှပ​နေတဲ့သန်း​ခေါင်​ညဟာ  အရက်​ခွက်ထဲ​ကို ခုန်​ဝင်​လာခဲ့ တယ်။ ​ခွက်​ထဲမှာ​တော့ ကြယ်​ပွင့်​​တွေ၊ လ​ရောင်​​တွေ၊ တိမ်တွေ၊ ချစ်ခြင်းမေတ္တာတွေ၊ ကဗျာအရေးအသား​တွေ၊ ဝတ္တုတိုအပိုင်း အစတွေ၊ မီးလျှံတ​ခုလိုတောက်​ပ​နေတဲ့ စိတ်ကူးစိတ်​သန်း​တွေ။

“ဘုရားသခင်​ ​ပေးသနား​တော်​မူတဲ့ ခွက်​ပါကွာ”

ကို​ယောဟန်​က ခွက်​ကို ​ကိုင်​မြှောက်​ပြီး တ​ချီတည်း​မော့ချလိုက်​​လေ​တော့ ကျွန်​​တော်​တို့အားလုံးဟာလည်း  သူ့ကိုကြည့်​ပြီး သူ့လိုပဲ တ​ချီတည်း ​မော့ချလိုက်​ရပါတယ်​။ ​သောက်​ခဲ့ဖူးသမျှ ခွက်​​တွေထဲမှာ​တော့ အပြင်းဆုံးနဲ့ အချိုမြိန်​ဆုံး အရက်​ခွက်​ပါ ပဲ။

အဲဒီလို လ​ရောင်​ကို အရက်​ပြင်းပြင်းနဲ့​ရောစပ်​ပြီး​သောက်​​နေတဲ့အချိန်​မှာပဲမိုး​ရေ​စက်​​တွေဟာ တ​ဝေါ​ဝေါနဲ့ ပြိုကျလာပါ​တော့ တယ်​။ အကုန်​လုံးဟာ ဆိုင်​ထဲကို ​ပြေးဝင်​ကြပြီ​ပေါ့။ ဘယ်​က​နေ မျက်​စိလည်​လမ်းမှားလာတဲ့  မိုးတိမ်​​တွေလဲမသိပါဘူး။ ကျွဲ ရိုင်းတ​​ကောင်​ခုန်​ဝင်​လာသလား ​အောက်​​မေ့ရတယ်​။ ရွာလိုက်​တာများ တလောကလုံးကို  ဗြောင်းဆန်သွားတာပါပဲ။

ဆိုင်​ထဲ​ ​ရောက်​တယ်​ဆိုရင်​ပဲ ကို​ယောဟန်​ဟာ သူ့မျက်​နှာ​ပေါ်က မိုး​ရေစက်​​တွေကို လက်​နဲ့ သပ်​ချလိုက်​ရင်း …..

“ဘုရားသခင်​က အမှတ်တရဖြစ်အောင်​လို့ ဖန်​တီး​ပေးထားတဲ့ညကွ။ ဆိုင်​ထဲဝင်​​နေလို့ ဘာအ​ကြောင်းထူးလာမှာလည်း ကွာ” လို့​ပြောပြီး ဆိုင်​အပြင်​ဘက်​ကို ​ပြေး​ထွက်​သွားပြန်​ပါတယ်​။ သူ ဆိုင်​အပြင်​ဘက်​ကို ​ပြေးထွက်​သွား​တော့ ကျွန်​​တော်​တို့ကလည်း သူ့​နောက်​ကို ​ပျော်​​ပျော်​ကြီး ​ပြေးလိုက်​ကြရပြန်​တယ်​။
အပြင်​​ရောက်​​တော့ မိုး​တွေက တ​ဝေါ​ဝေါနဲ့ ရွာလို့​ကောင်းဆဲ။ လ​ရောင်​ကလည်း မိုး​ရေစက်​​တွေ​အောက်​မှာ လင်းမြ​ ဝင်း ပနေဆဲ။ မိုး​ရေစက်​​တွေ​အောက်​မှာပဲ ကျွန်​​တော်​တို့ဟာ အရက်​​တွေ တ​ခွက်​ပြီးတ​ခွက်​ ​သောက်​ခဲ့​လေသလား။ ဒါမှမဟုတ်​ အရက်​ခွက်​​တွေကပဲ ကျွန်​​တော်​တို့ကို တ​​ယောက်​ပြီးတ​​​ယောက်​ ​သောက်​ခဲ့​လေသလား​။ ကျွန်​​တော်​လည်း ​ကောင်း​ကောင်း မမှတ်​မိ​တော့ပါဘူး။ ​နောက်​တ​​နေ့​ရောက်​​တော့ ကျွန်​​တော်​တို့အားလုံးဟာ တက်​ညီလက်​ညီ ဖျားကြ​တော့တာပါပဲ။   အဲဒီတုန်းကလည်း ​ပြောလိုက်​ပါ​သေးတယ်​။

“ဘုရားသခင်​က​တော့ ​ဆေးခန်းအထိလိုက်​ပို့​ပေးမှာ မဟုတ်​ဘူး​နော်​။ ​ဆေးခန်းကို​တော့ ကိုယ့်​အစီအစဉ်​နဲ့ကိုယ်​သွားကြ” တဲ့။

ဒီတ​ခါ​ပြောလိုက်​တာက​တော့ ကို​ယောဟန်​မဟုတ်​ပါဘူး။ ကဗျာဆရာပါ။ ဘဝထဲမှာ အမြဲတ​စေရှိ​သွားမယ့်​ ​နေ့ရက်​​တွေပါပဲ။

နောက်​တ​​ယောက်​ရှိပါ​သေးတယ်​။ချစ်ခင်အပ်သော ဝတ္ထုတိုဆရာပါ။ ကဗျာဆ​ရာဆီကနေပြီးဆူဆူညံညံအသံ​တွေထွက်​ကျ​နေရင်​ ဆွံ့အငြိမ်​သက်​​နေ​ပေမယ့် ကဗျာဆရာဆီက အသံဗလံတ​ခုမှ ထွက်​ကျမလာခဲ့ရင်​​တော့  အလှည့်ကျလာသူပေါ့။

ရထားသံလမ်းတ​​လျှောက်​မှာ​နေထိုင်တဲ့လူ​တွေဟာ ဒီ့ပြင်သီချင်းကိုသာ မကြားဖူးရင်နေရမယ်။ ကိုမြကြီးရဲ့ မိုးကိုတော့ အလွတ်တောင်ရနေပြီလားမဆိုနိုင်​ဘူး။ ဘယ်​အချိန်​ပဲဖြစ်​ဖြစ်​ သူဟာ မိုးသီချင်းကို ဆို​လေ့ရှိသူပါ။ မိုး​တွေရွာ​နေလို့၊ လျှပ်​​တွေ တဝင်းဝင်းလက်​​နေလို့ မိုးသီချင်းကို ဟဲချလိုက်​တာက ပြဿနာမဟုတ်​ဖူး​ပေါ့။ ခက်နေတာက နှင်း​တွေဝေနေအောင်ကျ​နေရင်လည်းမိုး၊ လန်​ပျံ​နေ​အောင်​ ပူလောင်အိုက်စပ်လွန်းလို့ ဝါးယပ်​​တောင်​​လေး တဖျပ်​ဖျပ်​ခတ်​​နေ​ရတဲ့ နွေညဆိုလည်း  မိုး ပဲဆို​နေ​လေတော့ ခွမကျပေ​ဘူးလား။ မိုးသီချင်းထဲမှာ​တောင်​ လိုက်​​တော်​မူသင့်​ပါငဲ့…. အခွင့်​ကို​မျှော်​ဆိုတဲ့အပိုဒ်​ကို အစွဲ အလမ်း​ တော်​​တော်​ကြီးပုံရပါတယ်​။ အဲဒီအပိုဒ်​ကိုရောက်​ရင်​ ​ရှေ့ကို​ တော်​​တော်​နဲ့ကို မဆက်​နိုင်​​တော့ဘူး။ တ​​ကျော့ပြီးတ​​ကျော့၊ တ​​ကျော့ပြီးတ​​ကျော့ ထပ်​တလဲလဲကို ဆို​နေ​တော့တာပါပဲ။

အံ့သြစရာ​ကောင်းတာတ​ခုက သူ့ရဲ့မိုးသီချင်းကို နား​ထောင်​ချင်​လွန်းလို့ ကျွန်​​တော်​တို့ပြန်​ပြီဆိုရင်​ တကူးတကန့်​လိုက်​လိုက်​လာတဲ့ပရိသတ်​တ​​ယောက်​ရှိ​နေတာပါပဲ။

ကို​ယောဟန်​ရဲ့ဆိုင်​မှာ မကြာမကြာမြင်​​တွေ့​နေရတဲ့ လူတ​​ယောက်​​ပေါ့။ မိုးသီချင်းကိုကြားရပြီဆိုရင်​ သူ့ခမျာမှာ အလိုလို​နေ ရင်း​နဲ့ကို ဝမ်းနည်းလာ​တော့တာပါပဲ။ ပြီး​တော့ အသံမထွက်​​အောင်​ တရှုံ့ရှုံ့နဲ့ ငို​​နေပြီ​ပေါ့။ သူ ငိုရှိုက်​​နေတာကို ကြည့်​ပြီး ကျွန်​​တော်​တို့ဟာ အမြဲတမ်း စိတ်​မ​ကောင်းဖြစ်​ရပါတယ်​။ အိမ်​​ထောင်​ရှိလား။ က​လေး ဘယ်​နှစ်​​ယောက်​ရှိလဲ။ မိန်းမနဲ့များကွဲ​နေလို့လား​ မေးကြည့်​တော့​ လူပျိုကြီးတဲ့။

ဝတ္တုတိုဆရာ မိုးသီချင်းကို ဆိုတဲ့​နေ့မျိုးဆိုရင်​ ကိုယ့်​လူဟာ မျက်​ရည်​​လေးစမ်းစမ်းစမ်းစမ်းနဲ့ အလွမ်းမင်းသား​ပေါ့။ ကားဂိတ်​​ရောက်​လို့ သီချင်းဆုံးသွားပြီဆိုရင်​​တော့ မျက်​ရည်တွေ၊ နှပ်တွေကို ပုဆိုးနဲ့သုတ်ပြီး  သံလမ်း​အတိုင်း ​ဆေး​ပေါ့လိပ်​​လေးတဖွာ ဖွာနဲ့ ကုပ်​ကုပ်​ရုပ်​ရုပ်​ ပြန်​သွား​တော့တာပါပဲ။

ကို​ယောဟန်​နဲ့ သူနဲ့ အ​မှောင်​ထုထဲကိုဆေးလိပ်မီးတဖွားဖွားနဲ့ တ​ရွေ့​ရွေ့တိုးဝင်​သွားပြီဆိုရင်​ ​ကြေ​ကြေ​ကွဲကွဲ ခံစား​နေရ တဲ့လူတ​​ယောက်​ ရှိပါ​သေးတယ်​။ စကား​ပြောရင်​ အမြဲတမ်း တိုးတိုးဖွဖွ​လေး ပြောတတ်​တဲ့ အယ်​ဒီတာ​လေး​ပေါ့။ သူ့ရဲ့ မျက်​လုံး​တွေဟာ ​ကြောင်​တ​​ကောင်​ရဲ့မျက်​လုံး​တွေလို နူးညံ့​နေတတ်​ပြီး သူ့ရဲ့စိတ်​​နေစိတ်​ထားဟာလည်း သူ့ရဲ့မျက်​ဝန်း​တွေလိုပဲ နူးညံ့သိမ်​​မွေ့လှပါတယ်​။ ကို​ယောဟန်​ဘုရားသခင်​ထံမှာ ဝတ်​ပြုဆု​တောင်းပြီဆိုရင်​ မျက်​လုံး​လေး​တွေကို အသာမှိတ်​ပြီး ညွှတ်​နူးတဲ့စိတ်​နဲ့ နား​ထောင်​​လေ့ရှိတယ်​။ သူ့ဟာသူလည်း အသံတိုးတိုး​လေးနဲ့ ဆု​တောင်းတတ်​တယ်​။ ​ပြောမယ်​ဆိုရင်​ ကမ္ဘာ​လောကကြီးတ​ခုလုံးကို ငြိမ်းငြိမ်းချမ်းချမ်း ရှိ​နေ​စေချင်​တဲ့ လူသားတ​​ယောက်​​ပေါ့။ သံလွင်​ခက်​ ကိုက်​ချီလာတဲ့   ချိုးငှက်​​လေး​တွေကို ရထားသံလမ်းတ​​လျှောက်​ရော၊ ကို​ယောဟန်​ရဲ့ဆိုင်​ထဲမှာ​ရော၊ စစ်​ပွဲ​တွေဖြစ်​​နေတဲ့​နေရာ​ဒေသ​​တွေမှာ​ရော ငြိမ်းချမ်းစွာ ပျံသန်း​နေစေချင်​တဲ့လူ​သားတယောက်ပေါ့။ 

သူကသာ ငြိမ်းချမ်း​ရေးချိုးငှက်​ကို မြင်​ချင်​တွေ့ချင်​​နေရှာတာ။ ကျွန်​​တော်​က​တော့ ချိုးငှက်​အစား လင်းတ​တွေ၊ ကျီးကန်း တွေကိုပဲ အုပ်​စုလိုက်​မြင်​​တွေ့နေရတယ်​။ ဒီကြားထဲ အုပ်​ဖွဲ့​ပျံသန်း​နေတဲ့ ကျီးကန်း​တွေကလည်း တ​​မှောင့်​ပါ။ သွားပြီးမထိ လိုက်​​လေနဲ့။ တအားအားနဲ့ ​အော်​ဟစ်​ပြီး ဝိုင်းဆိတ်​ကြတော့တာပါပဲ။

ဘာပဲ​ပြော​ပြော  ဒီအဝန်းအဝိုင်း​လေးဟာ ကျွန်​​တော်​တို့အတွက်​​တော့ သံလွင်ခက်တွေ​စုဝေး​ရောက်​ရှိရာ ရပ်​ဝန်းလေးပါပဲ။

ဒီ​နေရာ​လေးကို ​ရောက်​လာ​လေတိုင်း​ပျော်​ရွှင်​မှုဟာ ကျွန်​​တော်​တို့ဆီကို ​အမြဲတ​စေ​ရောက်​လာ​လေ့ရှိပါရဲ့။ ကျွန်​​တော်​တို့ ​ပျော်​ရွှင်​ပြီဆိုရင်​ ကို​ယောဟန်​လည်း ​ပျော်​ပြီ​ပေါ့။ သူ့ဘဝမှာလည်း ​ပျော်​ရွှင်​မှု​တွေ ​ပျောက်​ဆုံးခဲ့ရတဲ့ ရက်​​စွဲတွေဆိုတာ ခပ်​များများမို့လား။ ​ပြောမယ်​ဆိုရင်​ ​တော်​ရုံလူ ရူးနှမ်းသွားနိုင်​တဲ့အ​နေအထားတ​ခုမှာ ကို​ယောဟန်​ဟာ သစ္စာတရားများနဲ့ ဝင်းပ​နေခဲ့တဲ့ လူတ​​ယောက်​​ပေါ့။

ချစ်​ခြင်း​မေတ္တာဆိုတာဟာ သူ့အတွက်​​တော့ ကျိန်​စာတ​ခုပါပဲ။ ကျိန်​စာတ​ခုနဲ့တူတဲ့ ချစ်​ခြင်း​မေတ္တာအ​ကြောင်းကို သူဟာ ဘယ်​တုန်းကမှ  ကျွန်တော်တို့ကို ညည်းတွားမ​ပြခဲ့ဘူး။ နောက်​ပြီး သူ့ရဲ့ချစ်​ခြင်း​မေတ္တာ အရင်းအမြစ်​ကနေပြီး​တော့လည်း ဘယ်​ကိုမှ သွေဖီပြီး​ မသွားခဲ့​လေဘူး။

အဲဒီလို သစ္စာတရား​တွေ ကြီးမားခဲ့လွန်း​လို့ ဖြစ်​လိမ့်​မယ်​။ ပျားရည်​​ရောင်​ အသားအ​ရေ၊ လှိုင်းထ​နေ​သော ဆံပင်​များ၊ မြင့်​မား​သောအရပ်​အ​မောင်းနဲ့ သူ့ရဲ့ကိုယ်​​နေဟန်​ပန်​ဟာ ဂရိပုံပြင်​​တွေထဲက သူရဲ​ကောင်းတ​​ယောက်​နဲ့​တောင်​ တူ​နေပါ​သေးတယ်​။

မဂ္ဂဇင်းအယ်​ဒီတာ​လေးက​တော့ ကို​ယောဟန်​တို့လင်​မယားကိုကြည့်​ပြီး ထိခိုက်​နာကျင်​စွာနဲ့ ​ပြောခဲ့ဖူးပါတယ်​။ သူဟာ ချစ် ခြင်း​မေတ္တာကို ရှာ​ဖွေ​တွေ့ရှိသွားခဲ့ပါပြီတဲ့။

(သုံး)
သူမရဲ့အသားအ​ရောင်​ဟာ နုဖြူဆွတ်​မြ​​နေတဲ့လ​ရောင်​​ပေါ့။ မျက်​လုံး​တွေဟာ ဗာဒံသီးများရဲ့ တိကျဝန်းစက်​မှုမျိုးနဲ့ ကြည်​ လဲ့တောက်​ပလို့။ ကျောလည်​အထိ ဖြန့်​ချထားတဲ့ ဆံပင်​နက်​နက်​တွေဟာ သူမလှုပ်​ရှားလိုက်​​လေတိုင်း အလိုက်​တသင့်​ ​ရွေ့လျားလို့။ ဆံပင်​နက်​နက်​​တွေကြားမှာ ထိုးစိုက်​ထားတဲ့နှင်းဆီပွင့်ရနံ့ဟာ မွှေးရီထုံယစ်လို့။ ပြီးတော့ရှိ​သေးတယ်​​။ မက်မုံ သီး​ရောင်​ နူတ်​ခမ်းပါးတ​စုံ။

ဟိုဖက်​နှစ်​ကာလများဆီက ကျွန်​​တော်​တို့ မတွေ့မမီလိုက်ရတဲ့ သူမရဲ့အလှဗေဒများပါပဲ။ ဆယ်​စုနှစ်​ တ​နှစ်ကို သီသီလေး​​ စွန်း​လာခဲ့ပြီ​ပေါ့။ ကျွန်​​တော်​တို့နဲ့ ​တွေ့တဲ့အချိန်​မှာ​တော့​​ ရောဂါဘယများရဲ့ ပူးကပ်​ဖိစီးမှုများ​အောက်​မှာ သူမဟာ ယဲ့ယဲ့နွမ်း နွမ်းပဲ ရှိပါ​တော့တယ်​။ တွန့်​ရှုံ့နေတဲ့ အ​ရေပြား​အောက်​က ​ငေါထွက်​​နေ​သောအရိုးများ၊ ချိုင့်​ခွက်​​နေတဲ့ပါးပြင်​နှင့်​အတူ သီ​ဝေ​နေ​သော မျက်​လုံးအစုံ ၊တိုစိတိုနှံ့ဆံပင်​​လေး​တွေ ကျိုးတိုးကျဲတဲ​ပေါက်​​နေ​သော ​ခေါင်း​သေး​သေး​လေး။ အသက်​ဇီဝဓာတ်​  မျှင်းမျှင်းလေးကို ခဲရာခဲဆစ်​ ရှူသွင်း​နေရတဲ့ ပါးပါးလှပ်​လှပ်​ခန္ဓာကိုယ်​​လေးတ​ခုပါပဲ။

ကျွန်​​တော်​တို့ကို စ​တွေ့တုန်းက ​စောင်​ပါးပါး​လေး​အောက်​က သူမရဲ့ ကိုယ်​လုံး​သေး​သေးလှီလှီ​လေးဟာ  လွန့်​ကနဲ တ​ချက်​လှုပ်​သွားတာ၊ မွဲမွဲရီရီဖြစ်​​နေတဲ့ သူမရဲ့မျက်​လုံး​တွေ​​ထဲက အလင်းစ​သေး​သေး​လေးဟာ ဖျပ်​ကနဲအ​ရောင်​​တောက်​သွားတာ ကို ကျွန်​​တော်​မှတ်​မိ​နေ​သေးတယ်​။

မွေးထားတဲ့သမီး​ဦးလေး  လသား​တောင်​မရှိ​သေးတဲ့အရွယ်။ မြို့ပြကိုတက်​ဖို့  ကူးတို့သ​င်္ဘောဆိုက်​ကပ်​ထားတဲ့ ဆိပ်​ခံ ဘောတံတားကို  ပဲ့​ထောင်​​လှေက​လေးနဲ့အလာ။ လှိုင်းတ​ချက်​အရိုက်​မှာ  ပဲ့​ထောင်​​လှေက​လေး​မှောက်​သွားပြီး က​လေး တ ခြား လူကြီးတခြားဖြစ်​သွားတဲ့အချိန်​။ မိုးဦးကျ ​လေဦးကျဆို​တော့ နွံဝါ​ရောင်​မြစ်​ပြင်​ထဲမှာ လှိုင်း​တွေက တဝုန်းဝုန်းနဲ့​ပေါ့။

အဖြစ်​အပျက်​​တွေဟာ နှစ်​ကာလများစွာကြာမြင့်​ခဲ့​ပေမယ့်​ အဲဒီရက်​စွဲကို သူ နာကျင်​စွာနဲ့ မှတ်​မိ​နေတုန်းပါပဲ။ ​ပျော်​ရွှင်​မှုတွေ ဟာ သူ့ဘဝထဲကဆောလျင်စွာနဲ့  ထွက်ခွာသွား​လိမ့်​မယ်​လို့ သူဘယ်​ထင်​လိမ့်​မှာလဲ။ နာမည်​​တောင်​မ​ပေးရ​သေးတဲ့ မျက်​လုံးမည်းမည်း​လေးနဲ့ သမီးနီတာရဲ​လေး​။ ဇီဝဖြစ်​စဉ်​​တွေအားလုံး ဟန်​ချက်​ပျက်​ပြီး အိပ်​ယာထဲ လဲသွားခဲ့တဲ့ သူ့ချစ်​ဇနီး။ အဲဒီ အ​ကြောင်းကိုပြောပြ​နေတဲ့ ညကစကားလုံး​တွေဟာ  ​လေးဖင့်​​ကြေကွဲလို့။ သူ့ ဦး​ခေါင်းဟာလည်း တ​ချိန်​လုံး ကြမ်းပြင်​​ပေါ် ညွှတ်​ကျလို့။ မိုးညဟာလည်း ခြောက်ချားစရာကောင်း​လောက်​​အောင်​ တိတ်​ဆိတ်​​​အေးစက်​လို့။ ​ခေါင်းကို ​မော့လိုက်​​တော့ ကို​ယောဟန်​ရဲ့ မျက်​ဝန်း​တွေထဲမှာ ထိရှနာကျင်​​မှု​တွေနဲ့​ ကြေကွဲမှုန်​မှိုင်းလို့။

အဲဒီရက်​​နောက်​ပိုင်းမှာ​တော့ အရာရာဟာ ခါတိုင်းရက်​​တွေက အတိုင်းပါပဲ။ ကျွန်​​တော်​တို့ဟာ ညနေခင်းဆိုသူ့ဆိုင်လေး ကိုရောက်လာ ပြီးညဘက်​မှ ပြန်သွားတတ်တာ။ ကဗျာဆရာဟာ မူးမူးရီရီနဲ့  ကဗျာ​တွေ တ​ပုဒ်​ပြီး တ​ပုဒ်​ရွတ်​ဆိုတတ်​တာ။ ဝတ္တုတိုဆရာရဲ့ မိုးဟာ ​နွေမိုး ဆောင်း သုံးရာသီလုံး တစိမ့်​စိမ့်​နဲ့ ရွာသွန်း​နေတတ်​တာ။ ငြိမ်းချမ်း​ရေးကို ချစ်​မြတ်​နိုးတဲ့အယ်​ဒီတာ​လေးဟာ နှုတ်​ခမ်းပါး​လေး တလှုပ်​လှုပ်​နဲ့ ဘုရားသခင်​ဆီမှာ ဆု​တောင်းတတ်​တာ။ မိုးရဲ့ တ​ဦးတည်း​သော ပရိသတ်​ဟာ ကျွန်​​တော်​တို့ရဲ့ အပြန်​ခရီးမှာ မပျက်​မကွက်​အမြဲလိုက်​ပါ​လေ့ရှိတာ။ ခွေး​တွေဟာ ကျွန်​​တော်​တို့ကိုမှတ်မိသွားပြီး ည ဘက်တွေမှာ သိပ်​မဟောင်တော့တာ။ ကိုယောဟန်ဟာ သူမလဲ​လျောင်းနေရာ အထပ်ခိုးလေးပေါ်ကို မကြာမကြာတက်​ကြည့်​တတ်​တာ။ အားလုံးဟာ ပုံမှန်​အတိုင်းပါပဲ။

အဲဒီရက်​​တွေထဲမှာပဲ  ဆယ်​မာ​ဟေးယက်​ဟာ Red မဂ္ဂဇင်းနဲ့ အ​တော့်​ကိုစိတ်​ပျက်​စရာ​ကောင်းတဲ့ အင်​တာဗျူးတ​ခု လုပ်​ခဲ့ပါ တယ်​။

အဲဒီရက်​​တွေမှာပဲ မြို့ပတ်​ရထား​တွေဟာ ခါတိုင်းလိုပဲ အစီးလိုက်​ပျောက်ခဲ့တယ်​။ အဲဒီရက်​တွေထဲမှာပဲ  မိုင်​​လေဆိုင်းရပ်​စ်​ဟာ MTV အသစ်​တ​​ခွေထုတ်​ဖို့ ပြင်​ဆင်​​​နေခဲ့တယ်​။

အဲဒီရက်​​တွေတုန်းကပါပဲ။ ကျွန်​​တော်​တို့ဟာ အလုပ်​​တွေ`&ှုပ်​​ထွေးပြီး ည​မွှေးပန်းဗျစ်​ဆိုင်​​လေးကို သုံး​လေးရက်​​လောက်​ မ​ရောက်​ခဲ့​လေဘူး။ အဲဒီရက်တွေတုန်းကပါပဲ …..

`အဖြစ်´နောက်က `အပျက်´လိုက်လာတာကို သိနေပေမယ့် ကျွန်တ်ာတို့ဟာ ညမွှေးပန်းဗျစ်ဆိုင်လေးရဲ့ ဖြစ်တည်စုဖွဲ့မှုထဲ ကနေပြီး “သူမ” ကို အမြဲတစေ မေ့လျော့ထားခဲ့ကြတယ်။ အခုတော့ အဖြစ်တွေဟာ အပျက်အပျက်နဲ့ ဖြစ်သွားခဲ့ပြီ။

အဲဒီ​နေ့က မြို့ပြဟာ သည်းကြီးမည်းကြီးရွာချ​နေတဲ့ မိုး​ရေစက်​​တွေ​အောက်​မှာ နစ်​မြုတ်​ငြိမ်​သက်​​လို့။ သူမရဲ့ ​နောက်​ဆုံး အချိန်​ကို​ ​ရောက်​​နေပါပြီတဲ့။ သူမဟာ ပြီးဆုံးခြင်းကို ​ရောက်​ရှိသွားပါပြီတဲ့။ ဗလုံးဗ​ထွေးနဲ့   ရှိုက်​သံတ​ဝက်​နဲ့ တုန်​တုန်​ရီရီ စီး ဝင်​ လာ​သော စကားလုံးများ။ အားလုံးဟာ ပြီးဆုံးသွားခဲ့ပြီလား။ ဒါမှမဟုတ်​ ပြီးဆုံးခြင်းဟာ အခုမှပဲ စတင်​ခဲ့တာလား။ ကျွန်​​တော်​က​တော့ သဲသဲကွဲကွဲ မရှိလှပါ။

ဒီအချိန်​မှာ ကျွန်​​တော်​တို့ လုပ်​ရမယ့်​အလုပ်​ဟာ တ​ခုတည်းပဲရှိပါတယ်​။ ကျွန်​​တော်​တို့ဟာ ကို​ယော​ဟန်​နဲ့ တ​သားတည်း ရှိပြီး သူ့ရဲ့လက်​​ချောင်း​​လေးတွေကို​ နွေး​ထွေးစွာ ကိုင်​ဆုပ်​ထားဖို့ပဲ ဖြစ်​ပါတယ်​။

တ​လမ်းလုံးမှာ သူတို့လင်​မယားအ​ကြောင်းကို နာနာကျင်​ကျင်​နဲ့ ကျွန်​​တော်​​တွေးလာခဲ့တယ်​။ အိပ်​ယာထဲလဲ​နေတဲ့သူမကို အမျက်​အအီ အနည်းငယ်​မျှ​လောက်​​ပင်​ မရှိဘဲ ပြုစုယုယလာခဲ့တာ။ သူမရဲ့ အိပ်​ယာ​ဘေးမှာ သူမ ချစ်​မက်​တဲ့နှင်းဆီပွင့် တွေ အမြဲတ​စေ ထိုးစိုက်​ထားပေးခဲ့တာ။ သူမ ​ခေါ်လိုက်​​လေတိုင်း ဆိုင်​​လေးထဲကလူ​တွေကို ပြုံးပြပြီး သူမရှိရာ အထပ်​ခိုး​လေး​ပေါ်ကို ​ပြေးတက်​သွားတတ်​တာ။ ခါတ​ရံ ဆိုင်​​လေးထဲမှာ လူသိပ်​ပါး​နေရင်​ သူမ​ဘေးမှာ ဂစ်​တာတီးပြီး သီချင်းတိုးတိုး​လေး ဆိုညည်းပြ​လေ့ရှိတာ။ ဘုရားသခင်​ထံမှာ မကြာခဏဆိုသလို သူမအတွက်​ ဝတ်​ပြုဆု​တောင်း​ပေးတတ်​တာ။ တ​ခါ တ​ခါ သမ္မာကျမ်းစာကို သူမ​ဘေးမှာ တိုးတိ​တ်​တဲ့အသံ​လေးနဲ့ ဖတ်​ပြ​နေတတ်​တာ။ ဘုရားသခင်​ထံမှာ ဝတ်​ပြုဆု​တောင်းပြီး​လေတိုင်း “အာမင်​” ဆိုတဲ့အသံ​လေးဟာ အထပ်​ခိုး​လေး​ပေါ်က​နေ စင်​ကြယ်​စွာနဲ့ လွင့်​ကျလာတတ်​တာ။

ခံစားနိုင်​တဲ့ စိတ်​ပိုင်းဆိုင်​ရာ အခင်းအကျင်းမျိုး ကျွန်​​တော်​တို့ဆီမှာ နည်းနည်း​လေး​တောင်​ မရှိ​တော့ပါဘူး။ ကျွန်​​တော်​တို့ အားလုံးဟာ အရူးတ​ပိုင်း အမူးတ​ပိုင်းဖြစ်​ခဲ့ပြီ​ပေါ့။
တ​လမ်းလုံး ဘယ်​​လောက်​​သောက်​ခဲ့သလဲဆိုတာ ကိုယ့်​ကိုကိုယ်​​တောင်​ မမှတ်​မိ​တော့ဘူး။ အ​အေးတိုက်​ကို ​ရောက်​တယ်​ဆိုရင်​ပဲထိခိုက်​​ကြေကွဲစရာ အရိပ်​​တွေ၊အ​ရောင်​​တွေဟာ ကျွန်​​တော်​တို့ကို ဆီးကြို​နေ​လေရဲ့။ သူမရဲ့ ကိုယ်​​ပေါ်မှာ နှင်းဆီပန်း​တွေဟာအလပ်​အကြားမရှိ တ​ကိုယ်​လုံးကို ဖုံးလွှမ်း​လို့။ ခန်းမဟာ အလွမ်းနှင်းဆီရနံ့များနဲ့  တ​ခန်း​လုံးမှာ ထုံရီလို့။

ကို​ယောဟန်​ဟာ သူမ​ဘေးမှာရပ်​ပြီး သူမရဲ့ ကိုယ်​​ပေါ်ကို နှင်းဆီပွင့်​ဖတ်​​တွေ တ​​လွှာချင်း တဖတ်ချင်းညင်ညင်ဖွဖွလေးကြဲဖြန့် ပေး​နေပါတယ်​။ နှင်းဆီကိုချစ်​မက်​တဲ့ ချစ်​သူအတွက်​။ ဘယ်သောအခါမှ ပြန်​လည်​ဆုံ​တွေ့ရ​တော့မှာမဟုတ်​​တဲ့ ချစ်​ရတဲ့ သူအတွက်​။

ကို​ယောဟန်​ရဲ့ ပခုန်း​လေးကို ဖွဖွ​လေးဖက်​ပြီး သူ့လက်​​ချောင်း​တွေကို အသာအယာဆုပ်​ကိုင်​လိုက်​တယ်​။ သူ့လက်​​တွေ​ဟာ အေးစက်​​နေတယ်​။ သူ့မျက်​လုံး​တွေဟာ နှင်းဆီပွင့်​တွေကြားမှာ တ​စွန်းတ​စ​ ​ပေါ်ထွက်​နေတဲ့သူမရဲ့ မျက်​နှာ​လေးကိုပဲ လွမ်း လွမ်းရီရီနဲ့ ငေးစိုက်​ကြည့်​နေတယ်​။

သူ့ဘဝအတွက်​ အခက်​ခဲဆုံးအချိန်​​တွေပါပဲ။ ချစ်​ရသူဟာ သူ့ဘဝထဲက ထွက်​ခွာသွား​တော့မယ်​ဆိုတာ  သူကိုယ်​တိုင်​ နာ ကျင်​စွာနဲ့ အတည်​ပြု​ပေးဖို့အချိန်​ကို ​ရောက်​လာခဲ့ပါပြီ။ အပြင်​ဘက်​မှာလည်းမိုးတွေဟာသည်း​ကြီးမည်းကြီးရွာလို့။ နောက်​ဆုံးနှုတ်​ဆက်​တဲ့အ​နေနဲ့  ချစ်​သူရဲ့ပါးပြင်​​လေးကိုငုံ့ပြီး သူ မြတ်​မြတ်​နိုးနိုး နမ်းရှိုက်လိုက်​တယ်​။ ပြီး​တော့ သူမရဲ့ပါးပြင်​နားမှာကပ်​ပြီး တိုးတိုး​တိမ်တိမ်လေး သူ​ပြောလိုက်​​သေးတယ်​။ စကားသံက တိုးဖွလွန်း​တော့ သူဘာကို​ပြောလိုက်မှန်း ဘယ် သူကမှ သဲသဲကွဲကွဲ  မကြားလိုက်ရဘူး။

သူ မငိုဘူး။မျက်​ရည်​တ​စက်​မှ သူကျမလာခဲ့ဘူး။ အံကို တင်းတင်းကြိ​တ်​ထား​ပေမယ့်​ သူ့ရဲ့ကိုယ်​ဟာ တဆတ်​ဆတ်​နဲ့ တုန်​ရီ​လာခဲ့တယ်​။ သူ့ရဲ့ကိုယ်​ထဲမှာ ခုန်​တိုး​နေတဲ့နှလုံးခုန်​သံဟာ သူ့ကိုဖက်​ထားတဲ့ကျွန်တော်တို့ဆီကို​တောင်​ ဒိတ်​ဒိတ်​ ဒိတ်​ဒိတ် နဲ့ ကူးစက်စီးဝင်လာခဲ့တယ်။

သူ့ကို ​ခပ်​တင်းတင်းဖက်​ပြီး အပြင်​ဘက်​ကို ကျွန်​​တော်​တို့ ထွက်​လာခဲ့ကြတယ်​။ အပြင်​ဘက်​မှာလည်း လူ​တွေ တ​​ယောက်​မှ မရှိ​တော့ဘူး။ ကား​တွေလည်း  တ​စီးမှ မရှိ​ကြတော့ဘူး။

တဝုန်းဝုန်းရွာ​နေတဲ့ မိုး​ရေစ​က်​​​တွေ အောက်​မှာ ကျွန်​​တော်​တို့ရဲ့ ​​ခြေလှမ်း​တွေဟာ​ ​အေးစက်​​လေးကန်​လို့။ခြေလှမ်း​တိုင်း​ခြေလှမ်းတိုင်းဟာ ​ရှေ့ကိုတိုးသွားလိုက်​၊​ နောက်​ကို ပြန်​​ရောက်​လာလိုက်​နဲ့။ တချက်တချက် လျှပ်နွယ်တွေဟာ မီးပန်းပွင့် တွေလိုဖွာ.. ဖွာထွက်သွားတယ်။

တ​အောင့်​​နေ​တော့ ကျွန်​​တော်​တို့ရဲ့​ခြေ​လှမ်း​တွေဟာ ရပ်​တန့့်​ငြိမ်​သက်​သွားပါတယ်။ အားလုံးဟာ တိတ်​ဆိတ်​ညှိုးရီ​နေတဲ့ မျက်​လုံး​တွေနဲ့  အ​​နောက်​ဖက်ကို ပြိုင်တူလှည့်​ကြည့်​လိုက်​ကြတယ်​။ မိုး​တွေကလည်း တဝုန်းဝုန်းနဲ့ ရွာလို့ ​ကောင်းဆဲ​ပေါ့။ အဲဒီအချိန်​မှာပဲ ​ခေါင်းတိုင်​ကြီးထဲက မီးခိုးမည်းမည်း​တွေဟာ မိုး​ရေစက်​​တွေထဲကိုတဟဲဟဲနဲ့  တိုးဝင်​သွားခဲ့တယ်​။

အဲဒီအချိန်​မှာပဲ အယ်​ဒီတာ​လေးရဲ့နှုတ်​ခမ်း​တွေဟာ လှုပ်​လှုပ်​ရွရွဖြစ်​လာပြီး သူ့ရဲ့မျက်​လုံး​လေး​တွေကို ညင်​ညင်​ဖွဖွ​လေး မှိတ်​လိုက်​တယ်​။ြ ပီး​တော့ သူ့ရဲ့ ညာဖက်လက်ကို သူ့ရင်ဘတ်ပေါ်အသာတင်​လိုက်ပြီး ဘုရားသခင်​ဆီမှာ တိုးတိုးရီရီနဲ့ ဆု​တွေ​တောင်း​နေပြီ​ပေါ့။

အဲဒီအချိန်​မှာပဲ ကဗျာဆရာဟာ သူ့လွယ်​အိတ်​​ထဲက လက်​ကျန်​ပုလင်းပြား​လေးကို တ​ချီတည်း​မော့ချလိုက်​ပြီး ကျန်​တဲ့ အရက်​​တွေနဲ့  သူ့​ခေါင်း​ပေါ်​ကို လောင်းချလိုက်​ပါတယ်​။

အဲဒီအချိန်​မှာပဲ ဝတ္တုတိုဆရာဟာ တ​ဝေါ​ဝေါရွာ​နေတဲ့ ​ကောင်းကင်​ကြီးကို ​မော့ကြည့်​လိုက်​ပြီး မိုးသီချင်းကို​ လွမ်းလွမ်း​ဆွေး​ဆွေးနဲ့ ဆိုချလိုက်​တယ်​။   ဝဿန်ခါမှီ…. လရာသီ ပြာရီရစ်​ဝိုင်း… ဆိုင်းတွဲ့တွဲ့.. မှိုင်း​တလဲ့လဲ့.. သိုင်းဖွဲ့လို့ဟန်​ချီ… မင်း လွင်​ဆီ  ညို​ရောင်​​မှောင်​ခိုး….

သူဆိုခဲ့တဲ့အထဲမှာ ဒီတခါဆိုတာဟာ ​လွမ်းဆွတ်စရာအကောင်းဆုံးနဲ့ ကြေကွဲစရာအကောင်းဆုံးပါပဲ။ ဆွေးဆွေးမြေ့မြေ့ ဆိုနေရင်းနဲ့ သူ့ရဲ့အသံဟာ နာကျင်ထစ်အလို့။

အဲဒီအချိန်​မှာပဲ  ​ကျောက်​ဆစ်​ရုပ်​တ​ရုပ်​လို ​တောင့်​​တောင့်​မတ်​မတ်​ကြီး ရပ်​​နေတဲ့​ကို​ယောဟန်​ဟာ မျက်​နှာကို လက်​နဲ့အပ်​ပြီး ရှိုက်ကြီးတငင်​ ငိုချလိုက်​ပါတယ်​။

အဲဒီအချိန်​မှာပဲ… … …… …… …. .။

နိုင်​ဝင်းသီ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်