ယာကု (ဘ်) ယာဒလီ ● ဘယ်သူမှ စစ်ကို မကြိုက်ကြဘူး ဒါပေမဲ့ …

April 11, 2017

ယာကု (ဘ်) ယာဒလီ ● ဘယ်သူမှ စစ်ကို မကြိုက်ကြဘူး ဒါပေမဲ့ …
(ဘာသာပြန် ပန်ဒိုရာ)
(မိုးမခ) ဧပြီ ၁၁၊ ၂၀၁၇

(မိုးမခမဂ္ဂဇင်း  အတွဲ ၄၊ အမှတ် ၄၊ ၂၀၁၇ ဧပြီတွင် မူလ ပုံနှိပ်ခဲ့သည်။)


အီရန်နိုင်ငံက စာရေးဆရာ ယာကု(ဘ်) ယာဒလီ (Yaghoub Yadali) ရဲ့ စာတမ်းငယ်ကို ဘာသာပြန် တင်ဆက်လိုက်ပါတယ်။ အဲဒီစာတမ်းကို University of Iowa, International Writing Program Fall 2012 ရဲ့ “စစ်ဖြစ်နေတဲ့ နိုင်ငံတနိုင်ငံမှာ စာရေးသားခြင်း Writing in a Country at War” ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲမှာ ယာကု(ဘ်)က ဖတ်ခဲ့ပါတယ်။

အီရန်စာရေးဆရာ ယာကု(ဘ်)ယာဒလီ (Yaghoub Yadali) ဟာ ရုပ်မြင်သံကြားမှာ ဒါရိုက်တာတဦးလည်း ဖြစ်သလို  Roshd မဂ္ဂဇင်းရဲ့ ရုပ်ရှင်အယ်ဒီတာ တယောက်လည်းဖြစ်ပါတယ်။ Sketches in the Garden  ဆိုတဲ့ ဝတ္ထုတိုပေါင်းချုပ်ကို ၁၉၉၇ ခုနှစ်မှာ ရေးသားထုတ်ဝေခဲ့တယ်။ သူရေးခဲ့တဲ့  Rituals of Restlessness ဆိုတဲ့ ဝတ္ထုရှည်ဟာ ၂၀၀၄ ခုနှစ်အတွက် Golshiri’s Foundation Award ကို ချီးမြှင့်ခံခဲ့ရပါတယ်။ သူရေးသားခဲ့တဲ့ နောက်ထပ် ဝတ္ထုရှည်တအုပ်ကတော့  ၂၀၀၁ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့  Probability of Merriment and Mooning ပါ။ လက်တလော ရေးသားထားတဲ့  The World ဆိုတဲ့ ဝတ္ထုရှည်တအုပ်ကတော့ ထုတ်ဝေဖို့အတွက် သက်ဆိုင်ရာရဲ့ ခွင့်ပြုချက်ကို စောင့်နေပါတယ်။ သူ့ရဲ့ ဝတ္ထုတို၊ ဆောင်းပါး၊ အက်ဆေး၊ ဘာသာပြန် စာပေတွေကို အီရန်နိုင်ငံနဲ့ တူရကီနိုင်ငံတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ပုံနှိပ်ဖော်ပြခဲ့ပါတယ်။

Rituals of Restlessness ဝတ္ထုရှည်ဟာ သူ့ကိုထောင်နှုတ်ခမ်းကို ပို့ခဲ့တဲ့ ဝတ္ထုပါ။  ဒီ link တွေမှာ ဖတ်ကြည့်လို့ရပါတယ်။

http://pen.org/viewmedia.php/prmMID/1687/prmID/172
http://www.iran-pen.org/english/Iran_Yadali.pdf

အဲဒီအကြောင်းကို သူ့ကို မေးမြန်းကြည့်တဲ့အခါ သူက အခုလို ပြောပြပါတယ်။

“မငြိမ်သက်မှု၏ ထုံးတမ်းစဉ်လာများ (Rituals of Restlessness)” ဆိုတဲ့ ခေါင်းစဉ်နဲ့  ဝတ္ထုရှည်တပုဒ်ကို ၂၀၀၄ ခုနှစ်မှာ ကျွန်တော်ရေးခဲ့ပါတယ်။ အီရန်နိုင်ငံ ယဉ်ကျေးမှု ဝန်ကြီးဌာနနဲ့ အစ္စလမ်ဘာသာရေးလမ်းညွှန်မှု ခွင့်ပြုချက်အရ ထုတ်ဝေခဲ့ပါ တယ်။ (အီရန်နိုင်ငံမှာ စာအုပ်ထုတ်ဝေခွင့်အတွက် စာရေးဆရာတွေဟာ စာအုပ်တွေကို  ယဉ်ကျေးမှုဝန်ကြီးဌာနကို တင်ရပါ တယ်။)

နောက် ၃ နှစ်အကြာ ၂၀၀၇ ခုနှစ်မှာ ကျွန်တော့်ကို အီရန်ရဲ့ လူနည်းစု မျိုးနွယ်တခုကို စော်ကားတယ်ဆိုပြီး စွပ်စွဲခံရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့် ဝတ္ထုရဲ့ အဓိက ဇာတ်လိုက် အမျိုးသားက အဲဒီလူမျိုးစုနွယ်ဝင် အမျိုးသမီးတယောက်နဲ့ ချစ်ကြိုက်ကြတယ်လို့ ရေးမိလို့ပါ။ ကျွန်တော် အဖမ်းခံရပြီး ၄၁ ရက် အချုပ်ခံရပါတယ်။ စာရေးဆရာတွေရဲ့ ဆန္ဒပြမှုနဲ့ လူထုရဲ့ ဖိအားကြောင့် ကျွန်တော့်ကို တရားရုံးမထုတ်ခင်အထိ အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။ နောက် လအနည်းငယ်ကြာ တော့ တရားရုံးက ကျွန်တော့်ကို ထောင်တနှစ်ချပြီး အဲဒီလူမျိုးစုနဲ့ပတ်သက်တဲ့ ကောင်းကြောင်းတွေကို ဆောင်းပါး ၄ ခု ရေးခိုင်းပါတယ်။ အဲဒီနောက် ဒီလို ထူးဆန်းတဲ့ စီရင်ချက်အတွက် စာရေးဆရာတွေက ဆန္ဒပြကြပြန်ပါတယ်။ နောက်တော့ တရားသူကြီးချုပ်က စီရင်ချက်ကိုဆိုင်းငံ့ပြီး ကျွန်တော့်အမှုကို တခြားတရားရုံးကို လွှဲပေးပါတယ်။ နောက်ထပ် လေးနှစ်ကြာ အောင် တရားဆိုင်ပြီးတဲ့နောက်တော့ ကျွန်တော်ဟာ စွပ်စွဲချက်တွေအားလုံးကနေ အပြစ်မရှိကြောင်းနဲ့ လွတ်မြောက်သွားခဲ့ပါ တယ်။

အီရန်နိုင်ငံမှာ စာရေးရတာ သိပ်ကိုခက်ခဲပါတယ်။ ရသနဲ့ မဆိုင်တာတွေ အများကြီးကို ထည့်တွက် ရင်ဆိုင်ရပါတယ်။ ဖရန့်ဇ် ကက်ဖကာရဲ့ မက်တာမိုဖိုဆစ် ဝတ္ထုထဲက ဇာတ်ကောင် ဂရီဂွာ ဆမ်ဆလိုပါပဲ။ အီရန်မှာနေတဲ့ စာရေးဆရာဟာ နောက်တနေ့ မနက်မှာ အိပ်ရာက နိုးတဲ့အခါ သူ့ကိုယ်သူ ဘာဖြစ်သွားမယ်ဆိုတာ အသေအချာ မသိနိုင်ပါဘူး။ ဂရီဂွာကတော့ ပိုးမွှားကောင် ကြီးအဖြစ် အသွင်ပြောင်းသွားတယ်တဲ့။ အီရန်က စာရေးဆရာကတော့ ဘာနဲ့ ရင်ဆိုင်ရမယ်ဆိုတာကို ဘယ်လိုမှ မသိနိုင်ပါဘူး။”

မြန်မာစာဖတ်ပရိသတ်တွေကို ဘာများပြောချင်သလဲလို့ မေးတဲ့အခါ ယာကု(ဘ်) က အခုလို အမှာစကား ပါးလိုက်ပါတယ်။

“မြန်မာ လို့ ပြောလိုက်ရင် လူတွေက နှစ်ပေါင်းများစွာ ရင်းနှီးခဲ့ကြတာ ဒေါ်အောင်ဆန်းစုကြည်ရယ်၊ စစ်အစိုးရ ရယ် နိုင်ငံရေး အကျဉ်းသားတွေရယ်ပါ။  ကံမကောင်းစွာပဲ ကျွန်တော်သိသမျှဟာလည်း ဒါတွေပဲ။ ဒီ့ထက်ပိုပြီး မသိခဲ့ဘူး။  ပန်ဒိုရာနဲ့ နေ ဘုန်းလတ်ကို အမေရိကန်နိုင်ငံ အိုင်အိုဝါက International Writing Program မှာတွေ့တော့မှပဲ မြန်မာအကြောင်းကို ပိုလေ့လာနိုင်ခဲ့တော့တယ်။ အိုင်အိုဝါတက္ကသိုလ်က ယနေ့နိုင်ငံတကာကာစာပေဆိုတဲ့ စာသင်ခန်းဆွေးနွေးပွဲတခုမှာ ပန်ဒို ရာက မြန်မာစာပေအကြောင်း ပြောပြတော့မှ ခင်ဗျားတို့ရဲ့ စာပေကို အတိုင်းအတာတခုအထိ ကျွန်တော် ရင်းနှီးကျွမ်းဝင် လာခဲ့ရပါတယ်။

မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးတွေ အများကြီးရှိတယ်ဆိုတာရယ်၊ ထူးချွန်ပြောင်မြောက်တဲ့ ကဗျာဆရာတွေ  စာရေးဆရာတွေ အများကြီး ရှိနေတယ်ဆိုတာရယ်၊ နှစ်ပေါင်းရှည်ကြာခဲ့တဲ့ ယဉ်ကျေးမှုနောက်ခံသမိုင်း ရှိတယ်ဆိုတာရယ်ကို အခုတော့ ကျွန်တော် သိခဲ့ပါပြီ။ ခင်ဗျားတို့နိုင်ငံက ပြည်တွင်းစစ်တွေအကြောင်းကို ဖတ်မိတဲ့အခါမှာ ကျွန်တော် အရမ်းကို စိတ်မကောင်းဖြစ်မိပါတယ်။  မျှော်လင့်ချက်ကင်းမဲ့စွာပဲ ကျွန်တော်က ဆုတောင်းချင်ပါသေးတယ်။ စာပေဟာ ကျွန်တော်တို့ အားလုံး အတူတူ ခံစားနေရတဲ့ နာကျင်မှုတွေကို လျော့ပါးသက်သာပါစေ.. လို့။

ကံမကောင်းစွာပဲ ကျွန်တော် သိမိသလောက်တော့ ခင်ဗျားတို့ရဲ့ မြန်မာစာပေတွေကို အီရန်ဘာသာစကားဖြစ်တဲ့ ပါရှန်း ဘာသာကို ပြန်ဆိုထားတာ မတွေ့ရပါဘူး။ ကျွန်တော်သာ မမှားခဲ့ဘူးဆိုရင် ကျွန်တော်တို့ အီရန်စာပေတွေကိုလည်း ခင်ဗျား တို့ မြန်မာဘာသာကို ပြန်ဆိုတာ မရှိသေးဘူး ထင်ပါတယ်။။ တနေ့နေ့မှာတော့ ကျွန်တော်တို့ရဲ့ ဝတ္ထုတွေ ကဗျာတွေက တဆင့် တယောက်နဲ့တယောက် ပိုပြီးသိကျွမ်းလာကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ပြီးတော့ ကိုးကွယ်ယုံကြည်မှု မတူညီသူ တွေကလည်း လူသားတွေအချင်းချင်းပဲဆိုတာကို ပိုနားလည်လာကြပြီး အတူတကွ ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်ကြ မယ်လို့ မျှော်လင့်မိပါတယ်။”

■■■■■■

ဘယ်သူမှ စစ်ကို မကြိုက်ကြဘူး ဒါပေမဲ့….

ဘယ်သူမှ စစ်ကို မကြိုက်ကြဘူး ဒါပေမဲ့… ကျွန်တော် ဆယ့်ခြောက်နှစ်အရွယ်မှာတော့ အီရန်-အီရတ် စစ်ပွဲထဲမှာ ဝင်တိုက် ချင်ခဲ့တယ်။ ဒါဟာ မြင့်မြတ်တဲ့စစ်ပွဲလို့ ကျွန်တော်တို့ကို ကျောင်းမှာသင်ကြတယ်။ တိုက်ပွဲမှာ ဝင်ဆင်နွှဲပြီး ကျဆုံးတဲ့ ဘယ် သူမဆို ကောင်းကင်ဘုံကို ရောက်မှာတဲ့။ ဆယ့်ခြောက်နှစ်သား အတွက်တော့ ကောင်းကင်ဘုံဆိုတာ သိပ်ကိုကောင်း တာပေါ့။   မြင့်မြတ်တဲ့စစ်ပွဲမှာ ကျဆုံးခြင်းဟာ ကောင်းကင်ဘုံကို တိုက်ရိုက်ရောက်မယ့် လမ်းကြောင်းပဲ လို့ ဘာကြောင့် များ ကျိန်းသေအာမခံနိုင်ကြတာလဲ ဆိုတာကိုတော့ ကိုယ့်ကိုယ်ကို မေးခွန်းမထုတ်မိခဲ့ဘူး။  ရန်သူ့စစ်သားတွေကျတော့ ဘာကြောင့် ငရဲကိုသွားရသလဲ ဆိုတာကိုလည်း မစဉ်းစားမိခဲ့ဘူး။ ကျွန်တော်တို့နဲ့ အီရတ်လူမျိုးတွေ ဘာများကွာပါလိမ့်၊ သူတို့တွေလည်း မူဆလင် ကျွန်တော်တို့လည်း မူဆလင်၊ သူတို့လည်း လူသားတွေ ကျွန်တော်တို့လည်း လူသားတွေ၊ ဘာကြောင့် ကျွန်တော်တို့မှပဲ ကောင်းကင်ဘုံကို သွားရမှာလဲ ဆိုတာကိုလည်း မတွေးမိခဲ့ဘူး။

ဘယ်သူမှ စစ်ကို မကြိုက်ကြဘူး ဒါပေမဲ့… ကျွန်တော်ကတော့ ကျွန်တော်တို့နိုင်ငံက မြို့တွေပေါ်ကို ဗုံးကြဲချတဲ့ အီရတ် စစ်လေယာဉ်တွေကို သဘောကျခဲ့တယ်။ ကျွန်တော်တို့ကတော့ အဓိကပစ်မှတ်မဟုတ်တဲ့  မြို့သေးသေးလေးမှာ နေတော့ ဗုံးကြဲမခံရပဲကိုး။ မြို့ကို စစ်လေယာဉ်တွေ ဖြတ်သွားရင် ကျွန်တော်တို့က ခေါင်မိုးတွေပေါ်ကို တက်ကြည့်ကြတယ်။ ကျွန်တော် ဆယ့်နှစ်နှစ်သားအရွယ်က စစ်လေယာဉ်တွေ သိပ်ကြိုက်ခဲ့တယ်။ စစ်ကိုလည်း ကြိုက်ခဲ့တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ စစ်လေယာဉ်တွေ ပါလို့လေ။

ဘယ်သူမှ စစ်ကို မကြိုက်ကြဘူး ဒါပေမဲ့… စစ်ပြီးသွားရင် လူတိုင်းပျော်ကြတယ်။ ကျွန်တော့်အမေက လွဲလို့ပေါ့။ အနည်းဆုံး တော့ နေ့အချိန်တွေမှာဆိုရင် အမေက မပျော်ဘူး။ စစ်ပွဲပြီးဆုံးသွားတော့ နှစ်နှစ်လောက်အထိ ကျွန်တော့်အစ်ကိုရဲ့ အလုပ်က ရှေ့တန်းစစ်မြေပြင်နေရာကို မနက်တိုင်းသွားရတယ်။ အဲဒီက မိုင်းကွင်းကို သွားပြီး ကျန်နေတဲ့ မြေမြုပ်မိုင်းတွေကို ရှင်းပေးရတယ်။ ညနေစောင်းမှ အိမ်ကို ပြန်လာရတယ်။ အဲဒီ နှစ်နှစ်အတွင်းမှာတော့ မနက်ဆိုရင် အမေက စိုးရိမ်ပူပန်မှုတွေနဲ့ အိပ်ရာက ထတယ်။ အစ်ကို့အတွက် တစ်နေ့လုံး ဆုတောင်းပေးတယ်။ ညနေတွေရောက်လာတိုင်း ကျွန်တော့်အစ်ကို အသက်ရှင်သေးရဲ့လားဆိုတာ စစ်မြေပြင်ကို ဖုန်းဆက်မေးတယ်။ ညနေခင်းတွေနဲ့ ညဘက်တွေမှာပဲ ကျွန်တော့်အမေက ပျော်နိုင်တယ်။ အဲဒီအချိန်တွေမှာမှ သူ့သားက နောက်နေ့မနက်အထိ ဘေးကင်းတာကိုး။

ဘယ်သူမှ စစ်ကို မကြိုက်ကြဘူး ဒါပေမဲ့… စာရေးဆရာတွေကတော့ ကြိုက်မယ်။ စစ်ဆိုတာ ပုံမှန် နေ့စဉ်ဘဝထဲက ဖြစ်ရိုးဖြစ်စဉ်တွေမဟုတ်တဲ့ အဖြစ်အပျက်တွေ အတွေ့အကြုံတွေနဲ့ ပြည့်နှက်နေတာကိုး။ စာရေးဆရာတွေအတွက်တော့ ဒါဟာ စာသစ်တွေရေးဖို့ ကုန်ကြမ်းတွေအပြည့် ဖြစ်နေမယ်။ အော်ရီဂျင်နယ် စာအသစ်တွေ အတွက် အကြောင်းအရာအသစ် ဖြစ်နေမယ်။  ဒါပေမဲ့ အဲဒီအကြောင်းပြချက်က လုံလောက်လို့လား။ ဝတ္ထုတစ်ပုဒ်ဆိုတာ လူ့ဘဝနဲ့ နှိုင်းယှဉ်ကြည့်လိုက်ရင် ဘယ်လောက် တန်ဖိုးရှိပါသလဲ။ ဘယ်လိုပဲဖြစ်ဖြစ် စာရေးဆရာတွေက လိုချင်တယ်ဖြစ်စေ မလိုချင်တယ်ဖြစ်စေ စစ်ပွဲတွေကတော့ မလွှဲမရှောင်သာ ရှိနေဦးမှာပဲ။ ဒီတော့ စစ်ကာလအတွင်းမှာ စာရေးဆရာရဲ့ တာဝန်က ဘာဖြစ်မလဲ။ စစ်ထဲ ဝင်တိုက်မှာလား မတိုက်ဘူးလား။ တကယ်လို့ တော်လစတွိုင်းသာ ခရီမီယန်စစ်ပွဲ ထဲမှာ သေသွားခဲ့ရင် စစ်နဲ့ငြိမ်းချမ်းရေး စာအုပ် ရေးခဲ့ရမှာမဟုတ်ဘူး။ တကယ်လို့ သူသာ စစ်ထဲ ဝင်ပြီး မတိုက်ခဲ့ရင်လည်း စစ်နဲ့ငြိမ်းချမ်းရေး ဆိုတဲ့ စာအုပ်ဟာ ရေးစရာဖြစ်လာခဲ့မှာမဟုတ်ဘူး။

ဘယ်သူမှ စစ်ကို မကြိုက်ကြဘူး ဒါပေမဲ့… ကျွန်တော့်ရဲ့ အီရန်နိုင်ငံကလူတွေကတော့ ပြီးခဲ့တဲ့ စစ်ပွဲကြောင့် ပျက်စီးသွားတဲ့ အိမ်တွေ၊ ပန်းခြံတွေ၊ သစ်တောတွေ ကို ပြန်တည်ဆောက်နေလို့တောင် လက်စမသတ်သေးခင်မှာပဲ နောက်ထပ် စစ်ပွဲတစ်ပွဲ အချိန်မရွေး ဖြစ်လာဦးမလားလို့ မျှော်လင့်နေကြရတယ်။ ဓာတုဗုံးတွေကြောင့်  ဒဏ်ရာရသူတွေလည်း ကုသခံနေရတုန်း၊ ဆေးရုံတက်နေကြရတုန်းပဲ။ တစ်ခါတလေဆိုရင် သတင်းစာထဲမှာ သူတို့ထဲ တစ်ယောက်ယောက် သေတယ်ဆိုတာလည်း ဖတ်နေရတုန်းပဲ။ အဲဒါတွေ ဘယ်လိုပဲရှိနေနေ ကျွန်တော်တို့ပေါ်မှာ စစ်ငွေ့တွေက လွှမ်းခြုံထားတုန်းပဲ။ နောက်ထပ်စစ်ပွဲတွေကို ဘယ်သူက ဘာကြောင့် စတင် မှာလဲဆိုတာက အရေးမကြီးတော့ဘူး။ နိုင်ငံရေးသမားတွေအားလုံးကလည်း ဆောင်ပုဒ် လှလှပပတွေကို ဟစ်ကြွေးပြီးတော့ လူ့အသက်တွေကို တန်ဖိုးထားပါတယ်လို့ ဟန်ဆောင်ပန်ဆောင် လုပ်နေကြတုန်းပါပဲ။

စာရေးဆရာတစ်ယောက်အနေနဲ့ လူတစ်ယောက်အနေနဲ့ ကျွန်တော် စစ်ထဲမှာ ဝင်မပါချင်ပါဘူး။ ဖြစ်နိုင်ရင် ကျွန်တော်ဟာ စစ်ပွဲတွေ ဘယ်တော့မှ ထပ်မဖြစ်အောင် တားမြစ်ချင်ပါတယ်။ စစ်နဲ့ပတ်သက်လို့ တစ်ခုတည်းသော ခိုင်လုံတဲ့ အကြောင်းပြချက်က ကျူးကျော်တိုက်ခိုက်လာရင် ခုခံဖို့ ပါ။ ဒါပေမဲ့ ကံမကောင်းစွာပဲ တကမ္ဘာလုံးမှာရှိတဲ့ နိုင်ငံရေးသမားတွေနဲ့ စစ်ဘုရင်တွေက သူတို စစ်ပွဲကို စရခြင်း အကြောင်းပြချက်ဟာ အမြဲခိုင်လုံတယ်လို့ ထင်မှတ်နေကြပါတယ်။ ဆဒန်ဟူစိန်ဆိုတဲ့ အရူးတစ်ယောက်ဟာ သူ့ကိုယ်သူ အာရပ်ကမ္ဘာရဲ့ အရှင်သခင်လို့ ထင်နေခဲ့တယ်။ ပြီးတော့ အီရန်တောင်ပိုင်းမှာ နေထိုင်တဲ့ အာရပ်တွေကို လွတ်မြောက်စေဖို့ ဆိုပြီးတော့ အီရန်ကို ကျူးကျော်တိုက်ခိုက်လာခဲ့ပါတယ်။ ဒါဟာ သူ တိုက်ခိုက်ရခြင်းရဲ့ အကြောင်းပြချက်လို့ ဆိုပေမယ့်လည်း တကယ့် အဓိကရည်ရွယ်ချက်ကတော့ အီရန်ရဲ့ လောင်စာဆီအရင်းအမြစ်တွေကို သိမ်းပိုက်ချင်လို့ပါ။

အမေရိကန်နဲ့ တိုက်တဲ့ စစ်ပွဲမှာဆိုရင်လည်း ဆဒန်ဟူစိန်ဟာ သူ့ကိုသူ အစ္စလာမ်ဘာသာဝင်တွေကို ဦးဆောင်တဲ့ အစ္စလာမ်ဘာသာကို ကာကွယ်သူ၊ ဘာသာရေးခေါင်းဆောင်တစ်ယောက်လို့ ထင်မှတ်ပြန်ပါတယ်။ ဒါပေမဲ့ ကိုယ့်ပြည်သူတွေကိုတောင် ဓာတုဗုံးတွေနဲ့ တိုက်ခိုက်တဲ့လူ၊ အိမ်နီးနားချင်း နိုင်ငံနှစ်နိုင်ငံဖြစ်တဲ့ အီရန်နဲ့ ကူဝိတ်ကိုလည်း ကျူးကျော်ခဲ့တဲ့ လူတစ်ယောက်ကို ကျွန်တော်တို့ ဘယ်လိုယုံကြည်ရမှာလဲ။

စာရေးဆရာတစ်ယောက်အနေနဲ့တော့ ကျွန်တော်တို့နိုင်ငံရဲ့ ရှစ်နှစ်ကြာ စစ်ပွဲထဲမှာ အပျက်အစီး၊ နာကျင်မှုနဲ့ ကပ်ဘေးဒုက္ခကိုပဲ နောက်ဆုံးရလာဒ်အဖြစ် ကျွန်တော်မြင်ပါတယ်။ ကျွန်တော်  ဆယ်နှစ်သား ချာတိတ်အရွယ်ကတည်းက အဲဒီစစ်ပွဲ စတင်ပါတယ်။ ကျွန်တော် အသက်ဆယ့်ရှစ်နှစ် လူလားမြောက်ပြီး အထက်တန်းကျောင်းအောင်တဲ့ အချိန်ရောက်မှ အဲဒီစစ်ပွဲ ပြီးဆုံးပါတယ်။ စစ်သား ငယ်ငယ်ရွယ်ရွယ်လေးတွေဟာ စိတ်အားထက်သန်နေတဲ့ ပြည်သူတွေရဲ့ နှုတ်ဆက်မှုကို ခံယူပြီး စစ်တိုက်ထွက်သွားကြတာကို မြင်တွေ့ခဲ့ရပါတယ်။ နောက် သိပ်မကြာပါဘူး ဓာတ်ပုံတွေထဲမှာ အဲဒီ စိတ်အားထက်သန်တဲ့ ပြည်သူတွေရဲ့ နှုတ်ဆက်မှုနဲ့ပဲ အဲဒီ စစ်သားငယ်လေးတွေကို ထည့်ထားတဲ့ အခေါင်းတွေကို သင်္ချိုင်းကုန်းကို လိုက်ပို့ကြပြန်တာကို တွေ့ရပါတော့တယ်။ ကျွန်တော်တို့ရဲ့ စစ်အတွင်းမှာ တခြားစစ်တွေနည်းတူပဲ အစားအစာ အရမ်းရှားပါးပါတယ်။ မှောင်ခိုဈေးကွက်တွေ ထွန်းကားလာတယ်။ အစားအသောက် ဝေစုရဖို့ တန်းစီနေကြတဲ့ ကီလိုမီတာပေါင်းများစွာ တမျှော်တခေါ် လူတန်းရှည်ကြီးတွေဟာ နေရာတကာမှာရှိနေတယ်။ လျှပ်စစ်၊ ဓာတ်ငွေ့၊ လောင်စာဆီတွေ အကုန် ပြတ်လပ်ကုန်ပါတယ်။

အဲဒီလိုနဲ့ ရှစ်နှစ်ကြာသွားတဲ့အခါ ဘာရလာဒ်တွေများ ထွက်လာလို့လဲ။ အီရန်လူမျိုးတွေ ဒါမှမဟုတ် အီရတ်လူမျိုးတွေဟာ ဘာတွေများ အနိုင်ရလိုက်ပါသလဲ။ စစ်ဆိုတာ နိုင်သူ မရှိဘူး။ နောက်ဆုံးတော့ လူဦးရေသန်းနဲ့ချီတဲ့ သေကြေဒဏ်ရာရသူတွေ ငွေကုဋေပေါင်းများစွာ တန်တဲ့ အပျက်အစီးတွေကိုပဲ ကျန်ရစ်စေတာပါ။ အဲဒီအပြင် ကိုင်တွယ်လို့မရတဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဆုံးရှုံးမှုတွေကိုလည်း ဘယ်သူမှ တိုင်းတာတွက်ချက်လို့ မရနိုင်ပါဘူး။

စာရေးဆရာတစ်ယောက်နေနဲ့ ကျွန်တော့်အတွက်တော့ စစ်ပွဲရဲ့ရလာဒ်ဟာ ဝတ္ထုတို သုံးပုဒ် ရေးဖြစ်စေပါတယ်။ စစ်အကြောင်းကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ ရေးထားတဲ့ ဝတ္ထုတွေပဲပေါ့။ အဲဒီလို စစ်ပွဲအကြောင်း ရေးထားတဲ့ ကျွန်တော့် ဝတ္ထုတိုတွေထဲက နှစ်ပုဒ်ဟာ အီရန်မှာ ဆုတွေ အများကြီးရခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အတွက် ဒါကို ပျော်ရွှင်ရမှာ ဂုဏ်ယူရမှာ ခက်ခဲလှပါတယ်။ တစ်ဖက်မှာ ထောင်ပေါင်းများစွာသော သေကြေဒဏ်ရာရသူတွေ၊ တစ်ဖက်ကတော့ စကားလုံးတွေ နည်းနည်းပါးပါး ပါတဲ့ ဝတ္ထုတိုလေး နှစ်ပုဒ်။ ဒါဟာ ဘယ်လိုမှ မတရားပါဘူး။

နောက်ဆုံးတော့ ကျွန်တော်ဟာ ဘယ်လိုစစ်ပွဲမျိုးမှ နောက်ထပ် မဖြစ်စေချင်တော့သလို အဲဒီစစ်ပွဲတွေကို အခြေခံပြီး ရေးမယ့် ဝတ္ထုတွေလည်း နောက်ထပ် မပေါ်စေချင်တော့ပါဘူး။

ယာကု (ဘ်) ယာဒလီ

(အီရန်စာရေးဆရာ Yaghoub Yadali ၏ Nobody Likes War, but… စာတမ်းငယ်ကို ပန်ဒိုရာက အင်္ဂလိပ်ဘာသာကနေ မြန်မာဘာသာသို့ ပြန်ဆိုပါသည်။)

(မိုးမခ မဂ္ဂဇင်း  အတွဲ ၄၊ အမှတ် ၄၊ ၂၀၁၇ ဧပြီ တွင် မူလ ပုံနှိပ်ခဲ့သည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags: , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဘာသာပြန်ကဏ္ဍ, ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်