မောင်ရင်ငတေ ● ကျောက်ဖရား သောင်ရင်းမှသည် မယ့်ခေါင်ဆီသို့ – အပိုင်း (၁)

April 11, 2017

မောင်ရင်ငတေ ● ကျောက်ဖရား သောင်ရင်းမှသည် မယ့်ခေါင်ဆီသို့ – အပိုင်း (၁)
(မိုမးခ) ဧပြီ ၁၁၊ ၂၀၁၇

Suvarnabhumi « Terre de l’Or » means “Golden Land” or “Land of Gold” ခွန်ထိုင်းတို့ရဲ့ ဆီယမ် နိုင်ငံတော်တွင်းမှာ ဒီတခေါက် သွားဖြစ်တဲ့လမ်းကြောပါ။ မသွားခင် ကြိုတင်ခန်မှန်းလေ့လာထားတဲ့ လမ်းကြောရဲ့ ကိုးဆယ်ရာနှုန်းမျှ ခရီးဆက် နိုင်ခဲ့တာမို့ ကျေနပ်မိရတဲ့ခရီးတခုလို့ ပြောချင်ပါတယ်။ ဒီခရီးစဉ်အကြောင်းကို တတ်နိုင်သမျှတော့ အတိုချုံးရေးဖို့ စိတ်ကူး ရှိရပေမယ့် မောင်ရင်ငတေ့ထုံးစံ လေကြောရှည်ခဲ့ရင်တော့ ခွင့်လွှတ်ကြပါရန် ကြိုကြေညာလိုက်ပါတယ်။

ဘန်ကောက်မြို့တော်ရဲ့ Suvannabhumī လေဆိပ်ကို ဆိုက်ရောက်ခဲ့ပြီး နောက်တနေ့ညမှာပဲ ခရီးစတင်ခဲ့တာပါ။ ရှစ်ရက် ကြာမြင့်တဲ့ ခရီးစဉ်တခုပါ။ ဘီကေကေလေဆိပ်မှသည် ထိုင်း-မြန်မာ-လာအိုတို့ရဲ့ ရွှေတြိဂံဆုံချက်မြေဆီသို့သွားရာ ပေတ ရာလမ်းပေါ်မှ အတွေ့အကြုံများလို့ဆိုရင် မမှားပါဘူး။

တနည်းအားဖြင့်ပြောရရင်လည်း ကျောက်ဖရား သောင်ရင်းမှသည် မဲခေါင် (မယ့်ခေါင်) ဆီသို့ဆိုရရင်လည်း မှားဘွယ်ရာ မရှိပါဘူး။ မည်သို့ပင် ဖြစ်စေကာမူပေါ့။

သုဝဏ္ဏဘူမိဆိုတာ ဘီကေကေရဲ့ လေဆိပ်သစ်ကြီးပါ။ ၁၉၈၀ ခုနှစ်များဆီက စတင်တည်ဆောက်နေတဲ့ မောင်ရင်ငတေတို့ရဲ့ ပဂိုးဟံသာဝတီလေဆိပ်ကြီးက ဒီကနေ့တိုင် အကောင်အထည်ပေါ်လို့ မလာသေးပေမယ့် ခွန်ထိုင်းတို့ရဲ့ သုဝဏ္ဏဘူမိ လေ ဆိပ်ကြီးကတော့ လွန်ခဲ့တဲ့ဆယ်နှစ်ကထဲကပင်  လေယာဉ်ကြီးတွေ ဆင်းလိုက်တက်လိုက်နဲ့ အလုပ်ရှုပ်နေခဲ့ပါပြီ၊ သုဝဏ္ဏ ဘူမိဆိုတာက ရွှေမြေလို့ အဓိပ္ပါယ်ရပါတယ်တဲ့။ အဲဒီ ရွှေမြေ သုဝဏ္ဏဘူမိလေဆိပ်ရောက်အပြီး နောက်တနေ့မှာ တြိဂံရွှေမြေ  ဆီကို စတင်သွားခဲ့တဲ့ ခရီးတခုမို့လို့ “သုဝဏ္ဏဘူမိမှသည် တြိဂံရွှေမြေသို့” ဟူ၍ ခေါင်းစဉ်တပ်ခဲ့မိပေမယ့် “ကျောက်ဖရား သောင်ရင်းမှသည် မယ့်ခေါင်ဆီသို့” ဆိုတာကို ပိုမိုလို့နှစ်သက်ခြင်းဖြစ်မိရတာကြောင့် ဒီကျောက်ဖရား သောင်ရင်းမှသည် ခေါင်းစဉ်ကိုသာ အတည်ပြုရေးသားလိုက်ရကြောင်းပါခင်ဗျာ။

ဘီကေကေ (သို့မဟုတ်) ဘန်ကောက်တို့ မယ့်ဆောက်တို့ကတော့ သွားဖူးသူတွေများလှတာကြောင့် သိပ်စာဖွဲ့ မရေးတော့ ပါဘူး။ မယ့်ဆောက်သားတပိုင်းဖြစ်နေသူ မယ့်ဆောက်ကို ဖြတ်သန်းသွားကြသူများထဲမှာလည်း စာသမားတွေ အများကြီး ပါဝင်နေတယ်လေ။ ဒါကြောင့် မယ့်ဆောက်အလွန်က သွားဖြစ်ခဲ့တဲ့ ခရီးလမ်းပိုင်းတွေကိုသာ အဓိက ဦးစားပေးရေးဖို့ စဉ်း စားမိပါတယ်။

ဘီကေကေ-မယ့်ဆောက် ခရီးက ကီလိုမီတာ ငါးရာ နီးပါးမျှ ကွာဝေးပါတယ်။ဘန်ကောက်မြို့လယ်က ဒွန်းမောင်းလေဆိပ်ကို ဖြတ်ကျော်လို့ ထိုင်း နေရှင်နယ်လမ်း အမှတ် (၃၂) အတိုင်း မြောက်ဘက်ကို ဦးတည်ပြီးထွက်လာခဲ့ရင် အယုဒ္ဒယနဲ့ နာကွန် ဆဝမ်သို့  ရောက်ရှိပါမယ်။ ဒီနောက် အမြန်လမ်း အမှတ်တစ်အတိုင်း အနောက်မြောက်ဘက်သို့ ကီလိုမီတာ နှစ်ရာခန့်သွားရင် တာ့ခ်မြို့လမ်းဆုံကို ရောက်ပါတယ်။ တာ့ခ်မြို့ကတဆင့် အနောက်ဘက်ကို အာရှ အမြန်လမ်းမကြီး AH 1 သို့မဟုတ် လမ်း အမှတ် ၁၂ အတိုင်း ကီလိုမီတာ ကိုးဆယ်ကျော်ဆက်သွားရင် မယ့်ဆောက် နယ်စပ်မြို့တော်သို့ ရောက်ပါပြီ။ ဒါကြောင့် ဘန် ကောက်က မယ့်ဆောက်သွားရင် အာရှအမြန်လမ်းတွေရဲ့ အရသာကို ထိတွေ့ရမှာပါ။ အာရှ အမြန်လမ်းမကြီးတွေရဲ့ နံပါတ်တစ်ဖြစ်တဲ့ AH 1 ကတော့ ဂျပန်ပြည် တိုကျိုမြို့ကနေ စတင်ပြီး တောင်နဲ့မြောက်ကိုရီးယား ချိုင်းနား ဟောင်ကောင် ဗီယက်နမ် ကမ္ဘောဒီးယားကတဆင့် ထိုင်းမြေ တာ့ခ် မယ့်ဆောက်တို့ကိုဖြတ်သန်း ရွှေပြည်ကြီးကို ပေါက်မယ့်လမ်းကြောင်းပါ။ AH 1 ရဲ့ ခရီး ဂိတ်ဆုံးကတော့ အိန္ဒိယ ပါကစ္စတန် အာဖဂန် အီရန်ကနေ ဥရောပကုန်းမြေဆီမှာပါ။ တာ့ခ်မြို့က AH 1 နဲ့ AH2 တို့ ဆုံဆည်းရာနေရာပါ။ နေရှင်နယ်လမ်း အမှတ် (၁) တို့ (၃၂) တို့ ဆိုတာတွေက အင်ဒိုနီးရှား ဘာလီကျွန်း Denpasar မြို့တော်ကနေ စတင်ခဲ့တဲ့ အာရှအမြန်လမ်းမကြီး AH2 ရဲ့ အစိတ်အပိုင်း လမ်းမကြီးတွေပါ။ AH2 ကတော့ တာ့ခ်မြို့ မြောက် စူးစူးသို့ဦးတည်ပြီး ချင်းမိုင် ချင်းရိုင် မယ့်ဆိုင်ကနေ တာချီလိတ်ကို ရောက်ရှိမယ့် အာရှအမြန်လမ်းမကြီးပါ။ ဒါကြောင့် AH 2 က တောင်ကနေ မြောက်သို့သွားပြီး AH 1 က အရှေ့ကနေ အနောက်သွားတာပါ။

အားပါးတရ တိုးချဲ့ဖောက်လုပ်နေတဲ့ မယ့်ဆောက်အာရှလမ်းမကြီး (ဓါတ်ပုံ မရငတ)

တာ့ခ်-မယ့်ဆောက် AH 1 လမ်းမကြီးကို အားပါးတရ တိုးချဲ့ဖောက်လုပ်နေတဲ့ ခွန်ထိုင်းတွေရဲ့ ရည်စူးချက်တွေက ဘယ် အထိမျှရှိနေမလဲဆိုတာကို မောင်ရင်ငတေ ကားစီးလာရင်း တွေးနေမိပါတယ်။ မိုင်တိုင်တော်တော်များများမှာ လမ်းတွေတိုး ချဲ့ဖောက် တံတားတွေတိုးချဲ့ဆောက်နေတာကို တွေ့ရပါတယ်။ လမ်းဖောက်လုပ်သားတွေရဲ့ မျက်လုံးသာဖော်ထားတဲ့ ခေါင်းစွပ်တွေအောက်မှာ ရွှေလူမျိုးတွေ ရာနှုန်း ဘယ်လောက်ပါမလဲဆိုတာက ခန့်မှန်းရခက်မယ် မထင်မိပါဘူး။ သောင်ရင်း မြစ်ကမ်းနဘေးမှာ တည်ရှိနေတဲ့ မယ့်ဆောက်ကတော့ ဟိုးအရင် ထုံးစံအတိုင်း ရွှေစကားရွှေသံတွေ ရွှေအငွေ့အသက်တွေနဲ့ ရွှေတို့ လွှမ်းမိုးထားရာမြေ ဖြစ်နေဆဲပါ။ မယ့်ဆောက်ရောက်ရင် အရင်ဆုံး မုန်ဟင်းခါးဆိုင်ကို ပြေးနေကျမို့ မုန့်ဟင်းခါးဆိုင်ကို လိုက်အပို့ခိုင်းရပါတယ်။ ဒါပေမယ့်လို့ ဒီတခေါက်မှာတော့ ကထိန်ပွဲပိတ်ရက်တွေကြောင့် ကံဆိုးစွာ မုန့်ဟင်းခါးနဲ့ လွဲချော်ခဲ့ရ တာကလည်း မှတ်မှတ်ရရပါ။ ဈေးထဲမှာ ပဲကပ်ကြော်များရလေမလားလို့ ဝင်ရှာတော့လည်း မတွေ့မြင်ခဲ့ရပါဘူး။ လပ်ကီးလ ဘက်ရည်ဆိုင်က အမဲစွတ်ပြုတ် ပဲပလာတာ အာလူးပူတီနဲ့သာ စိတ်ဖြေခဲ့ရပါတယ်။ ထိုင်းမြေတလွှားရောက်ရှိခဲ့တဲ့ အခါ တိုင်းတွေမှာ တခြားမြို့တွေ နယ်တွေမှာ ထိုင်းအစာတွေကို မောင်ရင်ငတေ မက်မက်မောမောစားတတ်ပေမယ့် မယ့်ဆောက် ရောက်ရင်တော့ ထိုင်းဆိုင်တွေဘက် ခြေဦးလှည့်လေ့မရှိပါဘူး၊ မယ့်ဆောက်ဟာ ဗမာနယ်တနယ် ဖြစ်နေတာကြာခဲ့ပါပြီ၊ ဟိုးအတိတ်ဗမာဘုရင်တွေခေတ် မဆလရဲ့မှောင်ခိုခေတ်ကာလ အကြောင်းတွေကို မောင်ရင်ငတေ မပြောပါဘူး။ ရှစ်ဆယ့်ရှစ်နောက်ပိုင်းကာလတွေကစပြီး ရွှေပြည်သားတွေ အကြောင်းပေါင်းစုံနဲ့ ရောက်ရှိအခြေချ နေထိုင်လာခဲ့ကြတာ နှစ်ထောင် ခုနှစ်များမှာတော့ မယ့်ဆောက်ရဲ့ ရွှေရောင်တောက်ပခဲ့တဲ့ကာလများလို့ ပြောမယ်ဆို မမှားပါဘူး။ နေထိုင်ဖြတ်သန်းခဲ့ကြ သူတွေ ပိုသိမှာပါ။ မောင်ရင်ငတေကတော့ ဧည့်သွားဧည့်လာ ဖြတ်လျှောက်အဆင့်သာပါ။

မယ့်ဆောက်မြေရောက် ရွှေပြည်တော်မှ ရွှေဘုရားဖူးကားများ (ဓါတ်ပုံ မရငတ)


ဒီတခေါက် မယ့်ဆောက်ရဲ့ထူးခြားပြောင်းလဲနေတဲ့ အချက်တချက်ကိုတော့ မပြောမဖြစ် ထည့်ပြောရပါလိမ့်မယ်။ ဟိုတချိန် က မယ့်ဆောက်ဆိုတာ အများအမြင်မှာ သူပုန်နယ်မြေ မှောင်ခိုနယ်မြေသာပါ။ မယ့်ဆောက်တဘက်ကမ်း မြဝတီဆိုတာ ကလည်း ရောက်ရှိဖို့ အလွန်တရာ ခက်ခဲခဲ့တာကိုး၊ ၈၀ ကျော် မှောင်ခိုနှစ်များက မယ့်ဆောက်ကို ရောက်ဖူးချင်ခဲ့ပေမယ့် ရောက်ကံ မကြုံခဲ့ရပါဘူး၊ အဲဒီလို မယ့်ဆောက် မြဝတီနယ်မြေက အခုခေါက် နှစ်ထောင့်ဆယ့်ခြောက်မှာတော့ ရွှေပြည်သား ဘုရားဖူး များနဲ့ တိုးမပေါက်စည်ကားလို့နေတာ တွေ့ခဲ့ရပါတယ်။ နိုင်ငံရေး စကားသံတွေကတော့ ခပ်တိုးတိုးနဲ့ နောက်ကွယ်ကို ရောက်ရှိသွားနေတာကိုလည်း သတိပြုမိခဲ့ရပါတယ်။ ဟိုးအရင် တခေတ်တခါတုန်းက ဒီနယ်မြေကို ဖြတ်သန်းသွားခဲ့ကြသူ များလည်း ကြွေသူကြွေ၍ ဝေသူဝေခဲ့ကြပြီး မဟုတ်ပါလား၊ မယ့်ဆောက်ရဲ့ အသစ်စက်စက် ရော်ဘန်ဆန် ကုန်တိုက်ကြီးမှာ ရောင်းသူဝယ်သူတွေကြား ကြားခဲ့ ရတဲ့ ရွှေစကားသံလွင်လွင်တွေက ထိုင်းစီးပွားရေးသမားတွေအတွက်တော့ ချိုမြနေမှာက အမှန်ပါ။ ခပ်သဲ့သဲ့အသံကြားနေရတဲ့ မယ့်ဆောက် အင်တာနေရှင်နယ်လေဆိပ်ကြီးဆိုတာကလည်း စီမံကိန်းစက္ကူပေါ်မှာ ရပ်တန့်နေမှာ မဟုတ်တာကလည်း သေချာလှပါကြောင်း။

ဘယ်လိုဖြစ်ဖြစ် အချိန်တန်လို့ ပြောင်းလဲလာရတဲ့ အခြေအနေတွေနဲ့အတူ နယ်ခြားတွေ နယ်နမိတ်စည်းတွေနဲ့ တားဆီးပိတ် ဆို့ခြင်းကို မလိုလားတဲ့ မောင်ရင်ငတေ့အတွက်က အဲဒီလို နယ်ခြားစည်း ကန့်သတ်ချက်တွေမရှိ၊ ငြိမ်းချမ်းစွာ ကိုယ်သွားလိုရာ သွားခွင့် ရရှိလာခြင်းကို ကြိုဆိုထောက်ခံရင်း ဒီထက် ပိုမိုကောင်းမွန်တဲ့ အခြေအနေမျိုးတွေ ဖြစ်လာပါစေလို့ ဆန္ဒပြုလိုက်ရ ကြောင်းပါ ခင်ဗျား။

မယ့်ဆောက်ဆုံရပ် (ဓါတ်ပုံ မရငတ)


ကျောင်းသားဘဝ ကုန်ဆုံးခဲ့ပြီးနောက် နှစ်ပေါင်းများစွာ ဘယ်ရောက်ဘယ်ပေါက် အဆက်သွယ်မရှိ ခဲ့ကြတဲ့ (ဖေ့စ်ဘုတ်ခ်ဆို တာ ကီးကြောင့် ပြန်ဆုံဆည်းခဲ့ကြတဲ့) မောင်ရင်ငတေရဲ့ ကျောင်းနေဘက် မေခသားများနဲ့ ဒီတခေါက် မယ့်ဆောက်ခရီးမှာ ဆုံဖြစ်ခဲ့ကြရတာကလည်း သမိုင်းမှတ်တမ်းတခုပါ။ ကျားကြီးနဲ့ ဘိုကြီးရေ မင်းတို့နဲ့ တွေ့ဆုံဖြစ်ခဲ့တဲ့ နိုဝင်ဘာ ဆယ့်သုံးဆယ့် လေးကို ငါအမြဲ သတိရနေမှာပါ။ နောက်အခေါက်တွေမှာလည်း ဒီလိုပြန်ဆုံကြဖို့ မျှော်လင့်မိပါတယ်ကွာ။

မောင်ရင်ငတေကို ကြိုဆိုဧည့်ခံကြသူ တွေ့ဆုံခဲ့ကြသူတွေ အားလုံးနဲ့ မယ့်ဆောက်အခြေချ ထီလာ ပေါက်ချောင်းသား နှစ်ယောက်ကိုလည်း ကျေးဇူးအထူးတင်ရှိရကြောင်းပါ။ မအားလပ်လို့ ကိုယ်တိုင် လာမတွေ့နိုင်၍ လူကိုယ်စားပုလင်းစေလွှတ် လိုက်သူ မေခသားတပ်ကုန်းသားကြီးကိုလည်း ကျေးဇူးအထူးတင်ရှိရကြောင်းပါ။ နောင်တကြိမ်တော့ ကံမကုန်ရင် အားလုံးနဲ့ ပြန်ဆုံတွေ့ချင်ပါသေးတယ်။

မြဝတီ ကူးတို့ဆိပ် (ဓါတ်ပုံ မရငတ)

မောင်ရင်ငတေ မယ့်ဆောက်ကိုရောက်ရင် မသွားမဖြစ် သွားဖြစ်တဲ့ နောက်တနေရာက သောင်ရင်း သို့မဟုတ် Moei River ရဲ့ လှေဆိပ်ရှိရာကိုပါ။ ဘာလို့ သွားဖြစ်ရပါသလဲဆိုတာကတော့ ရင်ခုန်သံတူကြရင် နားလည်နိုင်ပါလိမ့်မယ်၊ ဟိုးအရင် အနှစ်အစိတ်လောက်ကလို စည်ကားနေတုန်းလို့သာ ထင်မိပါတယ်။ တရားဝင် အာရှဟိုင်းဝေး အမြန်လမ်းမကြီးတွေ ဘယ် လိုပင် ရှိလာစေကာမူ ဒီလိုမျိုးရှေးရိုးလှေဆိပ်လေးတွေက ရှိနေသင့်တယ်လို့ ထင်မိပါတယ်။ မောင်ရင်ငတေကတော့ အဲ လှေဆိပ်ထိပ်ကိုသာ ရောက်ရောက်နေတာပါ။ ဟိုဘက်ကမ်းက ဆီမီးထိန်ထိန်ဆီသို့ တခါဖူးမျှ မကူးဖူးသေးပါဘူး၊ နောင်တ ခေါက် နောက်တခါဆိုပြီး လှည့်လှည့်လို့သာ ပြန်သွားဖြစ်နေဆဲပါ။ ဒီတခေါက်လည်းသူငယ်ချင်းဖြစ်သူက ကူးဖို့ စီစဉ်ပေးပေ မယ့် ကံမကြုံခဲ့သေးပါဘူး မြဝတီရယ်ဆိုသလိုသာပါ။

ဘာစာရွက်တွေ ဘာစာတမ်းတွေ မလိုအပ်ပါဘဲ သောင်ရင်းမြစ်ကမ်းထိုင်ရာကနေ ဖုတ်ဖက်ခါထပြီး ဟိုဘက်ကမ်းက ဒီ ဘက်ကမ်းကို ကူးချင်သပဆိုရင် လွတ်လပ်စွာ ကူးနိုင်ခွင့်ရလာမယ့် နောင်တချိန်ကျရင်တော့ မောင်ရင်ငတေ့ရဲ့စိတ် ပြောင်းကောင်းပြောင်းသွားနိုင်ပြီး အလွယ်တကူဆုံးဖြတ်ချက်ချ ကူးဖြစ်ကောင်း ကူးဖြစ်သွားနိုင်ပါတယ်။

မယ့်ဆောက်ကိုရောက်ပြီး တတိယမြောက်နေ့မနက်စောစောမှာတော့ မယ့်ဆောက်-မယ့်ဆရီယန်-မယ့်ဟောင်ဆောင်-မယ့်ဆိုင်-ချင်းရိုင်-ချင်းမိုင် ခရီးစဉ်ကို စတင်ပါတယ်။ မယ်ဆောက်မှာနေနေတာ ကြာပြီဖြစ်တဲ့ မောင်ရင်ငတေရဲ့ မိတ်ဆွေကြီး ကိုကျော်ကျော့် ကောင်းမှုနဲ့ ရောက်ခဲ့ရတဲ့ ခရီးသာပါ။ (ထိုင်းဘာသာ စကားလုံး Mae ကို ရွှေဗမာစာနဲ့ (မဲ) လို့ မရေးဘဲ (မယ့်) လို့သာ မောင်ရင်ငတေက ရေးချင်မိတာကြောင့် ဒီနေရာမှာ မဲဆောက် မဲခေါင်လို့ ရေးသားမှာ မဟုတ်ကြောင်းပါ ခင်ဗျား)။

တော်ရုံတန်ရုံနဲ့သွားဖို့ မလွယ်တဲ့ ခရီးပါ။ ဒေသခံတွေ ဒါမှမဟုတ် ငွေကြေး ပေါများသူတွေသာ သွား နိုင်တဲ့ ခရီးစဉ်မျိုးပါ။ အဲဒီလမ်းကို မောင်ရင်ငတေ အရင်ကလည်း မရောက်ခဲ့ဖူးလေတော့ တွေ့သမျှ အသစ်အဆန်းတွေချည်းသာပါ။ တောတွေ တောင်တွေနဲ့ စိမ်းလန်းစိုပြေ သာယာလှသမို့ ဒီ တသက် မေ့မရနိုင်တဲ့ မမေ့နိုင်ဘွယ်ရာ ခရီးလို့ ပြောရင် မလွန်လောက်ပါဘူး။

Right-Hand Traffic   Left-Hand Traffic


ဒီခရီးစဉ်အကြောင်းတွေ မရေးခင်ပေါ ပြောချင်တာလေးတခု ရှိပါတယ်။ ဒီနေရာမှာ မောင်ရင်ငတေ နည်းနည်းလေး ဖြည့် ပြောချင်မိရတာက လမ်းမကြီးတွေရဲ့အကြောင်းပါ။ တောလမ်း ရွာလမ်း ခရိုင်လမ်း နေရှင်နယ်လမ်း ဟိုင်းဝေးလမ်း ဆိုပြီး လမ်းအကျယ် လမ်းအဆင့်ကိုလိုက်လို့ အမျိုးမျိုး သတ်မှတ်ထားပေမယ့် လမ်းတွေအပေါ်မှာ အထူးခြားဆုံး ကွာခြားချက် ကတော့ လက်ယာနဲ့ လက်ဝဲကပ်မောင်းစနစ်သာပါ။

ဥရောပတတိုက်လုံး အမေရိကတိုက်နှစ်တိုက် တရုတ်နဲ့ ရုရှားအပါအဝင် အရှေ့အလယ်ပိုင်းဒေသများရယ် အာဖရိက အလယ်ပိုင်း မြောက်ပိုင်းဒေသများကတော့ Right-Hand Traffic လို့ ခေါ်ကြတဲ့ ကားတွေ လက်ယာကပ်မောင်းတဲ့စနစ်ပါ။ (ပုံမှာတော့ အနီရောင်ချယ်ထားတဲ့ ဒေသများပါ)။

အင်္ဂလန် ပါကစ္စတန် အိန္ဒိယ ဂျပန် သြစတြေးလျှား ထိုင်း မလေးရှား အင်ဒိုနီးရှား စင်ကာပူနိုင်ငံတို့နဲ့ အာဖရိက တောင်ဖျား စွန်းက အင်္ဂလိပ်ကိုလိုနီ အဟောင်းနိုင်ငံများကတော့ Left-Hand Traffic ကို သုံးစွဲကြပါတယ်။ (အပြာရောင် ချယ်ထားတဲ့ ဒေသများပါ)။

လက်ဝဲကပ်မောင်း ထိုင်းလမ်း (Left-Hand Traffic) (ဓါတ်ပုံ မရငတ)

ဟိုး ဟိုး ရှေးခေတ် ရောမတို့ ခေါမတို့ ခေတ်များမှာက ဘယ်ဘက်ကပ်မောင်းမောင်း ညာဘက်ကပ် မောင်းမောင်း အကြောင်း ထူးလှတယ်လို့ မဆိုနိုင်ပါဘူး၊ အကြောင်း ထူးလာတာက မောင်ရင်ငတေတို့ရဲ့ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ ရွှေ နိုင်ငံ တော်ကြီးမှာပါ။

တခြား နိုင်ငံများကိုတော့ မသိပါဘူး၊ မောင်ရင်ငတေတို့ရဲ့ ရွှေမဟာ ဗမာ နိုင်ငံတော်ကတော့ Left-Hand အပြာကနေ Right-Hand အနီဘက်သို့ ၁၉၇၄ ရွှေအိုရောင် ဆိုရှယ်လစ်ခေတ်မှာ ရဲရဲဝံ့ဝံ့ကြီး ဇွတ်အတင်းကို ပြောင်းခဲ့ပါတယ်။ အဲဒီလို ထူးခြားလှပါတဲ့ မောင်ရင်ငတေတို့ရဲ့ ရွှေနိုင်ငံတော်ကြီးပါ။အဲဒီလိုနဲ့ Left-Hand Traffic အပြာနိုင်ငံ ဂျပန်ပြည်မှ ထုတ်လုပ်ပါတယ်ဆိုတဲ့ ဟီးနိုးတို့ဒတ်ဆန်းတို့ ဟိုင်းလက်တို့လို ကားများခေတ်စားလာချိန်မှာတော့ စပယ်ယာ လူတန်းစား တွေလည်း အနေအစား ချောင်ခဲ့တယ် ဆိုနိုင်ပါတယ်။ ဒရိုင်ဘာတွေအတွက် မရှိမဖြစ် ကားစပယ်ယာများ ရှိလာခဲ့ရခြင်းပါ။

မောင်ရင်ငတေ လက်ရှိ နေနေတဲ့ ပြင်သစ်နဲ့ ဥရောပက အနီရောင်ချယ်တဲ့ လက်ယာကပ်မောင်းကြ တဲ့ နိုင်ငံဆိုတော့ ထိုင်းလမ်း စနစ်နဲ့ ပြောင်းပြန်ပါ။ မောင်ရင်ငတေတို့ရဲ့ ရွှေပြည်ကြီးနဲ့တော့ ဒီနေရာ မှာတော့ သွားတူနေလေရဲ့၊ လက်ဝဲစနစ် ဂျပန်ကားတွေ မသွင်းရဆိုပြီး ဥပဒေအထက်က အမိန့်ဆိုတာများ ထုတ်ပြန်လာမယ်ဆိုရင်တော့ မောင်ရင်ငတေတို့ ဥရောပ ထုတ် လက်ယာကားတွေသွင်းပြီး ခရိုဏီဘဝခံယူရရင် ကောင်းလေမလား သို့တည်းမဟုတ် အိမ်နီးနားချင်း မလေးရှားတို့ အိန္ဒိယတို့ ထိုင်း စင်ကာပူတို့နဲ့ တူညီသွားရအောင်လို့ လက်ဝဲကပ်မောင်းစနစ် ပြန်လည် အသက်သွင်းဖို့ကို လှုံ့ဆော်ရရင် ကောင်းလေမလား စဉ်းစားမိတာပါ။ စဉ်းစားမိတာလေးပါ ခင်ဗျား။

ကျောက်ဖရား သောင်ရင်းမှသည် မယ့်ခေါင်ဆီသို့ စာစု (၁)  (ကျောက်ဖရားမှ သောင်ရင်းကမ်းပါး မယ့်ဆောက်သို့) စာစုကို ဒီနေရာမှာ ခေတ္တရပ်နားပါမည်၊

မယ့်ဆောက်ကောက်ကြောင်း ရှည်လျှားသွားခဲ့ရတာကို ခွင့်လွှတ်နားလည်ပေးကြပါခင်ဗျား၊

ကျေးဇူး အထူးတင်ပါတယ်။
မောင်ရင်ငတေ
၁၂၊ ၁၁၊ ၂၀၁၆

အားပါးတရ တိုးချဲ့ဖောက်လုပ်နေတဲ့ AH 1 မယ့်ဆောက်အာရှလမ်းမကြီး (ဓါတ်ပုံ မရငတ)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခရီးသွား ဆောင်းပါး, မောင်ရင်ငတေ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်