ခင်ဇော်မိုး ● စာကြည့်တိုက်ကလေး

April 14, 2017

● စာကြည့်တိုက်ကလေး
(မိုးမခ) ဧပြီ ၁၄၊ ၂၀၁၇

စိမ်းနုရောင်ဆေးများသုတ်လိမ်းထားပြီးစ ကျွန်တော့်ကိုယ်ထည်ဟာ သစ်လွင်လှပနေမည်ဟု ထင်ပါသည်။ စိမ်းပြာရောင် ဖောက်ဆိုးထားသည့် တံခါးရွက်လေးများကလည်း ကျွန်တော်နှင့် လိုက်ဖက်နေပါလိမ့်မည်။ ကျွန်တော့်ကိုယ်ထည်ကို ကျွန် တော်ပြန်ကြည့်ရင်း ကျေနပ်နေတာအမှန်။ ဒါပေမယ့် ကျွန်တော်ဟာ ကြီးကျယ်ခမ်းနားသည့် နတ်နန်းသဖွယ် အိမ်ဂေဟာ လည်းမဟုတ်။ ကျောင်းတော်ကြီးလည်းမဟုတ်။  ကျွန်တော်ဟာ ကျေးရွာငယ်လေးတရွာမှာရုပ်လုံးပြခွင့်ရသည့် စာကြည့် တိုက်လေးတခုသာ။

ရွာငယ်ကလေးမှာဆိုပေမယ့် ကျွန်တော်မျက်နှာမငယ်ရ။ ကျွန်တော့်တွက်ပျင်းရိရလွန်းသည့် အချိန်ဆိုတာ စနေ၊တနင်္ဂနွေများ သာ။ ထိုရက်တွေမှာ ကျွန်တော်ပြုံးပြချင်ပေမယ့် ပိတ်စေ့ထားသည့် ပင်မတံခါးချပ်ကြီးနှင့်ပြတင်းတံခါးလေးတို့ကြောင့် ကျွန်တော့်မှာ ငြိမ်သက်စွာ။ ပိတ်ထားမှန်းသိပါရက်နှင့် လှမ်း၍ကြည့်ကြသည့် ကလေးများနှင့်လူကြီးများက ကျွန်တော့်စိတ်ကို မရိုးမရွဖြစ်စေပါသည်။

တနင်္လာမနက်ခင်း၏ နေခြည်ဦးဟာ ပိုပြီးလှပနေသည်ဟု ကျွန်တော်ထင်သည်။ ကျွန်တော့်ရင်အစုံမှ ဇစ်ကဲ့သို့ပါရှိသည့် ပင်မတံခါးရွက်နှစ်ချပ်ကို ဖွင့်လှပ်လိုက်တာနှင့် ကလေး၊လူကြီး စသဖြင့် ကျွန်တော့်ဆီကိုဦးတည်လာတော့သည်။ အခုလို ရက်တွေမှာ ကျွန်တော့်အတွက် ပျော်ရွှင်စရာ၊ ကျေနပ်စရာ၊ကြည်နူးစရာများစွာကို ရရှိသည်။ တချို့ကလေးငယ်များက ခြေထောက်နှစ်ဖက်ကို ဖြတ်မျဉ်းသဏ္ဍန်လုပ်ပြီး ခြေတဖက်စီကို မြှောက်ထိုး ထိုးရင်းလာကြသည်။ ဇာတ်မင်းသားတွေ ကားလိပ်ကြားက ပရိသတ်ဆီအပြေးကလေး ခြေထိုးရင်းထွက်လာသလိုမျိုး။ သူတို့ကိုကြည့်ရင်း ကျွန်တော်ပြုံးမိမြဲ။ ကလေးတသိုက်ရောက်လာတာနှင့် ကျွန်တော့်ကိုယ်ထည်အတွင်းမှ စီစီညံညံ အသံစူးစူးလေးတွေ အပြည့်။ သူတို့တတွေ စာအုပ်ရွေးကြတာနှင့် ရုပ်ပြစာအုပ်လေးတွေကို ရွေးကြသည်။ မင်းက ဘယ်စာအုပ်ယူ၊ငါဘယ်စာအုပ်ယူမှာကွ စသဖြင့် စာအုပ်တွေကို သူတို့လေးတွေက ဝေစုခွဲကြသည်။ ပြီးရင်တော့ အပြင်ဘက်ဝရံတာလေးမှာ နေရာယူကြတော့သည်။

သူတို့လေးတွေ အုပ်စုဖွဲ့ရွာရိုးလျှောက် ဆော့တာထက် ကျွန်တော့်အရိပ်၊ကျွန်တော့်ကိုယ်ထည်လေးမှာ လာပြီး စာဖတ်ကြ၊ ငြင်းခုံကြသည်က ပိုကောင်းသည်ဟု ထင်မိသည်။ ဒါကြောင့် သူတို့ဆော့ချင်သလောက်ဆော့ ကျွန်တော်အပြစ်မတင်။ သူတို့ဆူချင်သလောက်ဆူ ကျွန်တော်မငြိုငြင်ပါ။ သူတို့မွှေနှောက်ချင်သလောက် မွှေနှောက်ယူဖတ်ကြလည်း ကျွန်တော်မငြူ စူနိုင်။ ပြုံး၍သာနေမိသည်။ သူတို့လေးတွေလာသည်ရ့က်တိုင်း ကျွန်တော့်ကို ပျင်းရိငြီးငွေ့မှုဘေးမှ ကင်းလွတ်စေသည်။ စိတ်ကိုလည်း ကြည်ကြည်လင်လင်ရှိစေခဲ့သည်။ လူကြီးတွေရောက်လာချိန်ဆိုရင် သူတို့လေးတွေမဆူညံရဲကြ။ တဦးကို တဦး လှမ်းကြည့်ရင်း ဆူခံထိလိမ့်မယ် စကားမပြောကြနှင့်ဆိုသည့် အကြောင်းကိုမျက်လုံးတွေနှင့် ကြေးနန်းရိုက်ကြ သည်။ လူလည်ကျလွန်း၊ အပါးသာလွန်းသည့် သူတို့လေးတွေ၏ အပြုအမူကိုကြည့်ရင်း တကိုယ်တည်းကြိတ်ပြုံးနေမိသည်မှာ ကျွန်တော်။

တချို့လူကြီးတွေက နေ့စဉ်ထုတ်သတင်းစာနှင့် ဂျာနယ်တွေကိုဖတ်သလို တချို့လူကြီးတွေက မဂ္ဂဇင်းတွေကိုဖတ်ကြသည်။ တချို့လူငယ်တွေက ဝတ္ထုတို၊ ဝတ္ထုရှည်တွေဖတ်သလို၊ တချို့လူငယ်တွေက ကဗျာတွေကိုဖတ်ကြသည်။ သူတို့တွေကြောင့် ကျွန်တော့်မှာ အထီးကျန်ခြင်းများနှင့် ဝေးကွာခဲ့သည်။ ကျွန်တော့်အတွက် စိုးရွံ့သည့် အကြောင်းတရားတခုကိုပြောပါဆိုလျှ င် အထီးကျန်ခြင်းတရားပင်။ လူတိုင်းလူတိုင်းရော အထီးကျန်မှုကိုကြောက်ရွံ့ကြလေမလား။ တခါတလေ စပ်စုချင်မိသည်။ ကျွန်တော်ကတော့ သူတို့တတွေမလာကြသည့် ပိတ်ရက်တွေဆိုရင် လွမ်းနေခဲ့ရသည်အမှန်။ ကြေကွဲမိသေးတာအမှန်။ နှစ်ရက်မျှပိတ်ရက်သာမကပဲ ထာဝရသူတို့တတွေနှင့် ကွေကွင်းရမည်ဆိုရင် ကိုယ့်အဖြစ်အပျက်၊ ကိုယ့်အခြေအနေ၊ ကိုယ် ဟာ ဘယ်လိုဖြစ်မယ်ဆိုတာ ကိုယ်ကိုယ်တိုင်တပ်အပ်မသိ။ မပြောနိုင်ပါ။ သူတို့တတွေရော ဘယ်လိုလဲဆိုတာ ကျွန်တော် သိချင်မိသည်။ ပိတ်ရက်တွေမှာ သူတို့တတွေကျွန်တော့်ကို လှမ်းကြည့်တာသိလိုက်ရသည့်အခါ ကျွန်တော်ကျေနပ်နေမိ သည်။ သူတို့လည်း ကျွန်တော့်ကိုလွမ်းနေကြသလား။ ကျွန်တော့်မှာ မေးခွန်းပေါင်းများစွာနှင့် နပန်းသတ်နေမိသည်။

အားလုံးနှင့် ကွေကွင်းပြီး ကျွန်တော်ဘဝကိုမရပ်တည်လို။ ကုန်ကုန်ပြောရရင် ကျွန်တော့်ဘဝကို အဓိပ္ပါယ်ရှိရှိ ရှင်သန်လိုပါ သည်။ ကမ္ဘာမြေအတွက် ကောင်းသောရှင်သန်မှုမျိုးဖြင့် ရှင်သန်လိုခြင်းသည် ကျွန်တော့်အာသီသတခုဆိုလျှင်လည်း မှား မည်မဟုတ်။

နေထွက်ချိန်ကနေ နေဝင်ချိန်အထိ ကျွန်တော့်ရင်ဘတ်အလယ်က တံခါးမကြီးနှစ်ချပ်ကို အစွမ်းကုန်လှစ်ဟထားသည်။ လေတိုးသည့်အခါ တံခါးရွက်တချပ်က ကျွန်တော့်ကိုရိုက်ခတ်လေ့ရှိတာမျိုးကိုပင် ကျွန်တော်မလိုလား။ ကျွန်တော့်ရင်ခွင်ကြီး ထဲမှာ ငြိမ်သက်နေကြသည့် စာဖတ်သူတွေကို အနှောက်အယှက်ဖြစ်မှာဆိုးမိပါသည်။ သူတို့ငြိုငြင်မှာ ကြောက်ရွံ့ မိသည်။ ထိုအကြောင်တရားတွေကို အချစ်လို့အဓိပ္ပါယ်ဖွင့်လေမလား။ ကျွန်တော်ဟာ သူတို့ဆီမှအချစ်ကို ပူလောင်စွာမငံ့လင့်လို။ မမျှော်ကိုးမိ။ ဒါပေမယ့် ကျွန်တော့်ရင်ဘတ်ကြီးအတွင်းရှိ  စာအုပ်စဉ်လေးကိုတော့ သူတို့တတွေ ချစ်စေလိုသည်။ မြတ်နိုးစေ လိုသည်။ တန်ဘိုးထားစေလိုသည်။ ဒါကြောင့် ကျွန်တော့်မှာ စာအုပ်စဉ်ကလေးကိုချစ်သည့် စိတ်နှင့် သူတို့တတွေ၏ ဥပေက္ခာတရားများကို ကြောက်ရွံ့ နေမိခဲ့တော့သည်။

ကျွန်တော်ဟာ အမည်ခံတခုနှင့် လောကကြီးထဲမှာ ရုပ်လုံးပြခွင့်ရခဲ့သူ။ ကျွန်တော့်အတွက်တော့ ပေးဆပ်ခြင်း၊ ဖြည့် ဆည်းခြင်းဆိုတာ ကျွန်တော့်အတွက် ပျော်ရွှင်မှုတခုပါပဲ။ ကျွန်တော့်ဉာဏ်ရည်မီသလောက်မျှသော အရာအားလုံးကို အကောင်းမြင်ဝါဒဖြင့်သာ ကျွန်တော်ခံစားသည်။ တွေးဆသည်။ ခံယူမှုအလွဲတခု၊ တွေးချော်မှုအလွဲတခုကြောင့် ဝဋ် ကြွေးသည် တဦးလို ပြစ်ဒဏ်သင့်နေမှုများ မလိုလား။ အတွေးမှား၊ခံယူမှုအမှားတခုဟာ ကကြီးကို ယပက်လက်ဖြစ်စေနိုင်သလို ချမ်းသာခြင်းကနေ ဆင်းရဲခြင်းသို့ အသွင်ပြောင်းနိုင်သူ။ ဒါကြောင့် သူတို့တတွေအတွက် အမည်ခံတခုနှင့် ရုပ်လုံးပြရင်း နေဒဏ်၊ လေဒဏ်၊ မိုးဒဏ်ဟူသမျှကို အရသာမတူသည့် ကော်ဖီများလိုသာ သဘောထားခံစားခဲ့သည်။

ကြုံတွေ့လာသမျှအရာအားလုံးကို အကောင်းမြင်ဝါဒနှင့် ဖြန့်ကျက်ပြီး ကျွန်တော့်စိတ်ကိုအုပ်မိုးခဲ့သည်။ စိတ်ကို အေးချမ်း စေခဲ့သည်။ “ဘယ်သူမပြု မိမိအမှု” ဆိုသလို ကိုယ့်စိတ်ကိုအေးချမ်းပျော်ရွှင်စေဖို့ တပါးသူဟာ တတ်စွမ်းနိုင်စွမ်းမရှိဟု ထင် မိသည်။ အတောမသတ်နိုင်သည့် လောဘသမား၏စိတ်ဟာ ပူလောင်မှာပါပဲ။ ပုစ္ဆာတွေကိုမှ ဆိုလူးရှင်းဖွင့်ကာ၊ ရလဒ်မျှော် ကာ တွက်ချက်ရမည်မဟုတ်။ ကိုယ့်စိတ်ကိုလည်း ပုစ္ဆာတပုဒ်လို တွက်ချက်နိုင်ရန် လိုအပ်မည်ဟု ထင်မိပါသည်။ ဒါကြောင့် ကျွန်တော့်စိတ်ကို ကျွန်တော်ဖြည်နိုင်စွမ်းရှိအောင် ကြိုးစားနေမိသည်။ ကျွန်တော်တွေးဆခံယူထားခဲ့သည်။ ပိတ်ရက်တွေ တိုင်း ကြုံရင်ကြုံသလို စည်းရိုးအပြင်ဘက်ကနေ ကျွန်တော့်ကိုလှမ်းကြည့်လေ့ရှိသည့် သူတို့တတွေဟာ ကျွန်တော့်ကိုချစ်သောသူများလို့သာ ခံယူတွေးဆခဲ့သည်။

ကျွန်တော့် ကိုယ်ထည်အတွင်းရှိ နှစ်ဆယ့်နှစ်လက်မဖန်သားတီဗွီမှာ တွေ့လိုက်ရသည့် ခမ်းနားလွန်းသော စာကြည့် တိုက်ကြီးတွေ၊ လှပသေသပ်စနစ်ကျလွန်းသည့် နိုင်ငံတကာအဆင့်မီစာကြည့်တိုက်ကြီးတွေ ဖြစ်ခွင့်မရလို့ ကျွန်တော်ဝမ်း မနည်းပါ။ ဒီရွာသေးသေးလေးကလူတွေ အပတ်တကုတ်ကြိုးစားခဲ့ကြလို့ ဖြစ်ခွင့်ရလာသည့် စာကြည့်တိုက်ကလေး တခုဆိုတာပဲ ကျွန်တော်မှာကျေနပ်မဆုံး။ ကျွန်တော်ဟာ သူတို့တတွေတွက် လိုအပ်ချက်တခုဖြစ်ခဲ့ရတာပဲ ကျွန်တော့်အ တွက် ကုသိုလ်ထူးတခုလို့ ထင်မိသည်။

မရပ်မနားရွေ့လျားနေသည့် အချိန်သွားနှုန်းအားကြောင့် စနေ၊တနင်္ဂနွေ ပိတ်ရက်တွေဟာ မကြာရောက်လာသည်။ ပြီးတော့ နေခြည်နွေးနွေး၊ လေပြေအေးလေးတွေနှင့် ပိုပြီးလှပတယ်ထင်မိသည့် မနက်ခင်းလေးတွေဟာလည်း မကြာပြန်ရောက်လာ သည်။ ဘယ်လိုပဲနှိုင်းယှဉ် နှိုင်းယှဉ် ကျွန်တော့်ကိုယ်ထည်လေးအတွင်းကို လေပြေတွေတိုးဝေ့လာသည့် မနက်ခင်း၊ရောင်ခြည်နွေးနွေးကလေးတွေ ဖိတ်လျှံကျလာသည့် မနက်ခင်းတွေက ကျွန်တော့်အတွက်တော့ အလှဆုံးမနက်ခင်းတွေပါပဲ။ သာ သာယာယာ ကလေးငယ်တွေ၏ စကားသံ၊ လူငယ်လူရွယ်တွေ၏ စကားသံ၊ လူကြီးသူမတွေ၏စကားသံ၊ အားလုံးဟာ ဘယ်တော့မှ ကျွန်တော့်အတွက် ရိုးအီသွားခြင်းမရှိခဲ့။ သူတို့တတွေကြောင့်သာ ကျွန်တော့်ဘဝက သက်ဝင်ခမ်းနားနေခဲ့သည် မဟုတ်လား။

ဒါကြောင့် မနက်ဖြန်တိုင်း၊ မနက်ခင်းတိုင်းကို ကျွန်တော်ချစ်တတ်ခဲ့ပြန်သည်။ အချိန်တွေကို နှမြောတွန့်တိုမိလာသည်။ ကမ္ဘာမြေပေါ်ကို ရွာချနေသည့် အလင်းတန်းတွေကို တန်းဖိုးထားတတ်ခဲ့သည်။ တခါတရံတိုးဝေ့သွားသည့် လေညှင်းလေး တွေကိုလည်း ခံစားနာခံခဲ့သည်။ ကုန်ဆုံးသွားတော့မည့် တနေ့သာ၏ နေဝင်ချိန်ဆည်းဆာအလှကို ရသတခုအဖြစ် ခံစားဖြစ်ခဲ့သည်။ လမင်းကြီးပုန်းရှောင်နေသည့် လမိုက်ညတွေ၊ လကြမ်းကွေးလေးတရွေ့ရွေ့သွားနေသည့် စိတ်ကောက်နေသလို မှိန်ပြပြ၊ မှုံကုတ်ကုတ်ညတွေ၊ ဝင်းမွတ်လှပသည့် အပျိုစင်တဦးလို ကျော့ရှင်းလှပသော လပြည့်ည တွေကို ကျွန်တော်လှလှပပခံစားရင်း ကုန်ဆုံးစေခဲ့သည်။ လမင်းကြီးကိုယ်ရောင်ဖျောက်ခံရသည့် ဒီညလေးဟာ မှောင်မိုက်လွန်း သည်။ ဒါပေမယ့် အမှောင်ထုကိုမကြောက်မရွံ့ အံတုနေသည့် ကြယ်ကလေးတွေရှိသည်။ အမှောင်အတိနှင့် ကောင်းကင်ပြင်ကြီးမှာ တလက်လက်တောက်ပနေသည့် ကြယ်ကလေးတွေက ပက်ကျဲထားသလို။ လမင်းကြီးမရှိသည့် ဆင်းရဲသားညဆိုပေမယ့် ခံစားကျင်လည်တတ်မယ်ဆိုရင် အချိန်တွေဟာ အလှတရားတွေပါပဲ။ သဘာဝတရားကပေးသည့် အလှတရားတွေရှိနေ၍ လမိုက်ညဟာ ကြယ်ဖူးကြယ်ခိုင်လေးတွေနှင့် အစွမ်းကုန်လှနေသည့် ညပါပဲ။ ကြယ်ကလေးတွေ မော်ကြွားနိုင်လွန်းသည့် ညတွေပေါ့။ တလက်လက်တောက်ပနေသည့် ကြယ်ကလေးတွေဟာ အသာယာဆုံး တေးသီချင်းတွေကိုလည်း သီကျူးနေနိုင်ပါသည်။ တခါတလေ စိတ်အလိုရသည့် စိတ်ကြည်လင်မိသည့် နေ့ရက်တွေမှာ ကျွန်တော်တို့လည်း တေးဆိုညည်းမိသည်ပင်။

မြေပြန့်မှာပါပေါက်ရောက် ပေါက်ရောက်၊ တောင်ပေါ်မှာပဲ ပေါက်ရောက် ပေါက်ရောက် ဆေးဘက်ဝင်သည့် သစ်တပင်အဖြစ် နှင့် ရှင်သန်ခွင့်ရခြင်းကသာ အဓိကလို့ထင်မိပါသည်။  ဘယ်လောက်ပဲ ကြီးမားလှပသည့် သစ်တပင်ဖြစ်ပါစေ ဆေးဖက်မဝင်ခဲ့ လျှင် ထင်းအဖြစ်နှင့်သာ ပေးဆပ်ခွင့်ရမှာပင်။ လှလှပပပင်စည်သားရှိသည့် ကျွန်းသစ်ပင်ကို မည်သူကထင်းစိုက်ရက်ပါအံ့။ ဒါကြောင့် ဒီရွာသေးသေးလေးမှာ စာကြည့်တိုက်ကလေးတခုဖြင့် ရှင်သန်ရသည်ကို ကျွန်တော်ကျေနပ်ရောင့်ရဲနေမိရင်း ပျော်ရွှင်ကြည်နူးမှုများဖြင့် အေးချမ်းလှပါသေးသည်။ လမိုက်ညကို ခံစားရင်း အချိန်တွေပြေးအားကောင်းလိုက်တာ ကျွန်တော့်ကိုယ်ထည်မှာရှိသည့် တံခါးရွက်ကြီးနှစ်ချပ်ကို စာကြည့်တိုက်မှူးက စေ့စပ်ပူးပေါင်းလိုက်တော့မှ အနားယူရဖို့ အချိန်ကို သတိရမိတော့သည်။ ဒါမှသာ မနက်ဖြန် မနက်ခင်းမှာ မွေးဖွားလာမည့် သဘာဝတရားတွေကို ကျွန်တော်ခံစားနိုင်စွမ်းရှိလိမ့်မည် မဟုတ်ပါလား။

ခင်ဇော်မိုး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments