တူမောင်ညို ● ပါတီနိုင်ငံရေးနဲ့ နိုင်ငံရေးပါတီ

April 15, 2017

တူမောင်ညို ● ပါတီနိုင်ငံရေးနဲ့ နိုင်ငံရေးပါတီ

(မိုးမခ) ဧပြီ ၁၅၊ ၂၀၁၇

စစ်အုပ်စုရဲ့ မဖုံးနိုင်မဖိနိုင်တဲ့ အာဃာတနဲ့ အညှိုးအတေးတွေထဲမှာ နိုင်ငံရေးပါတီနဲ့ နိုင်ငံရေးသမားတွေအပေါ်ထားရှိတဲ့ အာဃာတနဲ့ အညှိုးအတေးကလည်း တခုအပါအဝင်ဖြစ်ပါတယ်။

“ပါတီနိုင်ငံရေး” ဆိုတာ ယုတ်ညံ့တဲ့လုပ်ရပ်တစ်ခုသဖွယ်ဖြစ်သယောင် စစ်အုပ်စုက ပြစ်တင်ရှုံ့ချလေ့ရှိပြီး၊ မြင့်မြတ်တဲ့ “အ မျိုးသားနိုင်ငံရေး” ကိုတော့ သူတို့ကသာလျှင် လုပ်နိုင်တယ်လို့ အသလွတ်အချောက်တိုက်ဘဝင်မြင့်ပြီး ဝင့်ကြွားတတ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့မှာ ကာချုပ်ဗိုလ်မင်းအောင်လှိုင်က “ပါတီနိုင်ငံရေး” အပေါ် မလိုမုန်းထားတဲ့စစ်အုပ်စုရဲ့ မူလ သ ဘောထားကို “ပါတီနိုင်ငံရေးဆိုသည်မှာ မိမိပါတီအင်အားတောင့်ရေး၊ ပါတီ၏နိုင်ငံရေးအာဏာရရှိရေး၊ ရရှိပြီးသည့် အာ ဏာတည်မြဲရေးတို့ကို အစဉ်တစိုက်ဦးစားပေးနေရသည့်အတွက် အမျိုးသားနိုင်ငံရေးလမ်းကြောင်းမှ သွေဖည်မှုမျိုး၊ တခါ တရံ အမျိုးသားအကျိုးစီးပွားကို လျစ်လျူရှုမှုမျိုးရှိနိုင်ကြောင်း”  စသဖြင့် နတ်သံနှောပြီးပြောသွားပါတယ်။

စစ်အုပ်စုရဲ့ ဒီပြောစကားနဲ့ သဘောထားကို ဖြတ်သန်းခဲ့ ဖြတ်သန်းဆဲ သမိုင်းလက်တွေ့နဲ့ ဆက်စပ်ပြီး ဆန်းစစ်ကြည့်ကြပါစို့။

စစ်တပ်ကို ခါးပိုက်ဆောင်တပ်၊ တစ်လက်ကိုင်တပ်အဖြစ် ခုတုံးလုပ်အသုံးချပြီး စစ်အုပ်စုအာဏာ ရေရှည်တည်တံ့ ခိုင်မြဲရေး ဆိုတဲ့ “စစ်အုပ်စုနိုင်ငံရေး” လုပ်ရပ်ကို ဖုံးကွယ်လှည့်စားဖို့  “အမျိုးသားနိုင်ငံရေးနဲ့ ပါတီနိုင်ငံရေး” ကို စစ်အုပ်စုက အသုံးချ နေတာဟာ ပင်မအကြောင်းအချက်ဖြစ်တယ်။

ဒီအတွက် အရင်းခံလိုအပ်ချက်က စစ်တပ် (ဝါ) တပ်မတော်ကို စစ်အုပ်စုက ခါးပိုက်ဆောင်တပ်၊ တလက်ကိုင်တပ်အဖြစ် ပိုင် ပိုင်နိုင်နိုင် ချုပ်ကိုင်ထားနိုင်ဖို့ဖြစ်တယ်။ ဒီလိုလုပ်နိုင်ဖို့အတွက် တဖက်မှာ “စစ်အမိန့်/စစ်စည်းကမ်း” ဆိုတဲ့ နှောင်ကြိုးနဲ့ တင်းတင်း ကြပ်ကြပ်တုတ်နှောင်ထားပြီး၊ အခြားတစ်ဖက်မှာတော့ “အဆင့်နေရာ၊ ရာထူးနဲ့လုပ်ပိုင်ခွင့်” ဆိုတဲ့ အရာနဲ့ အချို သပ်လှည့်ဖြားထားတယ်။ ဒီလို စစ်မိန့်စစ်စည်းကမ်း၊ အဆင့်နေရာ၊ အခွင့်ထူးတွေနဲ့ ချုပ်ကိုင်ထားနိုင်သေးတဲ့ အနေအထား ဟာ “ဘယ်သူခွဲခွဲ ဒို့မကွဲအမြဲ စည်းလုံးမည်” ဆိုတဲ့အခြေအနေကို ပြောတာပဲဖြစ်ပါလိမ့်မယ်။ ဗိုလ်နေဝင်းလက်ထဲကနေ ဗိုလ်သန်းရွှေက အာဏာလုယူတာ၊ ဗိုလ်ခင်ညွန့် အစွယ်ချိုးပစ်တာတို့လို ဖြစ်ရပ်တွေကတော့ စစ်အုပ်စုတွင်း အာဏာစားခွက် လုပွဲတွေသာ ဖြစ်ပါတယ်။။

သမိုင်းလက်တွေ့ ဖြစ်ရပ်တွေကို ကြည့်ကြအုံးစို့။

ပြည်တွင်းစစ်ဆိုတဲ့ဖြစ်စဉ်ထဲမှာ စစ်အုပ်စုဟာ နေရာရ တွင်ကျယ်လာတာဖြစ်တယ်။ ဗိုလ်ကျမောက်မာလာတာဖြစ်တယ်။ ဘယ်အထိလဲ။ ရွေးကောက်ခံအစိုးရကို အကျပ်ကိုင်တဲ့အထိ ဗိုလ်ကျနိုင်တယ်။ ဒီအတွက်ထင်ရှားတဲ့အချက်က“အိမ်စောင့်အစိုးရ” ဆိုတဲ့ ဖြစ်ရပ်ပဲ။ ဒီအချက်မှာ တချို့ ဦးနုရဲ့ နိုင်ငံရေးအပါးဝမှုလို့ ဘယ်လိုပင်အမှတ်ပေးနေကြပါစေ။ တကယ့်လက် တွေ့ကတော့ စစ်အုပ်စုကို မလွန်ဆန်နိုင်တဲ့  ဦးနုဟာ “ဥပဒေ” ကို လက်တလုံးခြားလုပ်ပြီး စစ်ဗိုလ်ကို “ဝန်ကြီးချုပ်” လုပ် စေခဲ့တယ်။ “ဥပဒေကို လက်တလုံးခြားလုပ်တယ်” ဆိုတာဟာ “၁၉၄၇ အခြေခံဥပဒေ၊ ပုဒ်မ ၁၁၆” ကို  “ဆိုင်းငံ့တယ်” ဆို ပြီး (အကြိမ်ကြိမ်ရွေ့ဆိုင်းစေကာ) ” ထင်သလိုလုပ်ခဲ့တာပါ။ “ပုဒ်မ ၁၁၆” က ဒီလိုရေးထားတာပါ (အစိုးရအဖွဲ့ဝင် ဝန်ကြီး တဦးသည်၊ ခြောက်လမျှ တဆက်တည်း ပါလီမန်အမတ်မဟုတ်လျှင်၊ ထိုကာလအပိုင်းအခြား ကုန်ဆုံးသောအခါ၊ အစိုးရအ ဖွဲ့ဝင် ဝန်ကြီးအဖြစ်မှ ရပ်စဲရမည်။)

တကယ်တော့ ဒီဖြစ်ရပ်ဟာ တဖက်မှာ အကြပ်ကိုင်နေတဲ့စစ်အုပ်စုကို တနပ်စားဉာဏ်နဲ့ချော့မြှူလာဘ်ထိုးခြင်းဖြစ်ပြီး၊ အခြား တစ်ဖက်မှာတော့ (ရွေးချယ်တင်မြှောက်ခံရသူသာ အစိုးရအဖွဲ့ဝင် ဝန်ကြီးဖြစ်ရမယ်ဆိုတဲ့) ဒီမိုကရေစီစံနှုန်း/ ဒီမိုကရေစီမူကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပစ်လိုက်တာသာဖြစ်ပါတယ်။ အာဏာအလုံးစုံ မသိမ်းနိုင်သေးတဲ့အချိန်အခါမို့ စစ်အုပ် စုက ဥပဒေကိုလက်တလုံးခြားလုပ်ပြီး (အိမ်စောင့်အစိုးရ) အာဏာယူခဲ့တာပါ။

ဒါကြောင့် ၁၉၆၀ ရွေးကောက်ပွဲမှာ အနိုင်ရပါတီ (ပထစ) ကို အာဏာပြန်အပ်ခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကို “စစ်တပ်” က အခြေခံဥပဒေကို လေးစားလိုက်နာတဲ့လုပ်ရပ်၊  တိုင်းပြည်ကို ကယ်တင်ခဲ့တဲ့လုပ်ရပ်အဖြစ် စစ်အုပ်စုက မင်္ဂလာယူလေ့ရှိပါ တယ်။ အဲဒီတုန်းက ပြည်ပစာနယ်ဇင်းတွေကလည်း ဗိုလ်နေဝင်းကို အခြေခံဥပဒေကိုလေးစားတဲ့ဗိုလ်ချုပ်ဆိုပြီး မြှောက်ပင့် ရေးခဲ့ကြတယ်။ ဖိလစ်ပိုင်ကဆိုရင် “မက်ဆေးဆေးဆု” ချီးမြှင့်လိုက်သေးတယ်။ လူလည်လူပါး ဗိုလ်နေဝင်းက အဲဒီဆုကို လှည့်တောင်မကြည့်ဘူး။

၁၉၆၂ မတ်လရောက်တဲ့အခါမှာတော့ စစ်အုပ်စုက “၁၉၄၇ အခြေခံဥပဒေ” ကို ဖျက်သိမ်းနိုင်တဲ့အဆင့်ရောက်သွားခဲ့ပြီ။ အစိုးရအဖွဲ့ကိုဖမ်း၊ အခြေခံဥပဒေကိုဖျက်သိမ်းခဲ့ပြီ။  အာဏာသိမ်းပိုက်သွားနိုင်တဲ့စစ်အုပ်စု ဘာတွေလုပ်သလဲ။ သမ္မတစဝ် ရွှေသိုက်ရဲ့သားငယ် စဝ်မီမီသိုက် အာဏာသိမ်းညမှာ ပစ်သတ်ခံရတယ်။ အထက်လွှတ်တော်အမတ် သီပေါစောဘွား စဝ် ကြာဆိုင်ကို စစ်တပ်ထောက်လှမ်းရေးက သတ်ဖြတ်လက်စဖျောက်တယ်။ သမိုင်းဝင် (တကသ) အဆောက်အဦကို ဒိုင်းန မိုက်နဲ့ဖြိုချပြီး တက္ကသိုလ်ကျောင်းသား ရာကျော်သတ်ဖြတ်ပြလိုက်တယ်။ နိုင်ငံရေးပါတီအဖွဲ့အစည်းတွေကို ဖျက်သိမ်းပစ် လိုက်တယ်။ နိုင်ငံရေးအကျဉ်းသားတွေကို ကိုကိုးကျွန်းပို့ပစ်တယ်။ ဟန်ပြငြိမ်းချမ်းရေး ဆွေးနွေးပွဲခေါ်တယ်။ တဖက်သတ် ဖျက်သိမ်းပစ်တယ်။ စောဟန်တာသာမွှေးရဲ့ (KRC) တဖွဲ့ပဲ ဗိုလ်နေဝင်းစစ်အုပ်စု လှည့်ကွက်ထဲ ဝင်ရောက်သွားတယ်။ “ကော်သူလေး” ဆိုတဲ့စကားလုံးကို အခိုက်အတံ့ လက်ခံပြလိုက်တယ်။ စီးပွားရေးဘက်မှာ “ပြည်သူပိုင်” ဆိုတဲ့ ဆိုင်းဘုတ် ချိတ်ပြီး စီးပွားရေးလုပ်ငန်းတွေကို စစ်အုပ်စုပိုင်အဖြစ် လုယက်သိမ်းပိုက်ခဲ့တယ်။

ဒီလိုလုပ်နိုင်တာတွေဟာ စစ်အုပ်စုက စစ်တပ်ကို ဂုတ်ခွစီးထားနိုင်လို့ဖြစ်တယ်။

၁၉၄၇ အခြေခံဥပဒေကို စစ်ဖိနပ်နဲ့ နင်းချေနိုင်ခဲ့ပြီဖြစ်တဲ့ ဗိုလ်နေဝင်းစစ်အုပ်စုဟာ “၁၉၇၄ အခြေခံဥပဒေ” ကို စိတ်ကြိုက် ရေးဆွဲပြီး အတည်ပြုခဲ့ပြန်တယ်။ (မဆလ) “တပါတီနိုင်ငံရေး” လုပ်ခဲ့တယ်။

ဒါဆိုရင် (မဆလ) တပါတီထဲ ၁၉၇၄ ကနေ ၁၉၈၈ အထိ “တစ်ပါတီနိုင်ငံရေး” လုပ်သွားတာကို ကာချုပ်ဗိုလ်မင်းအောင်လှိုင် ပြောတဲ့စကားနဲ့ ဆန်းစစ်ဝံ့သလား။ အဲဒီ (မဆလ) တပါတီနိုင်ငံရေးကို ဒီနေ့စစ်အုပ်စုရဲ့ဂေါ့ဖားသား ဗိုလ်နေဝင်းက ဦးစီး လုပ်ကိုင်ခဲ့တာမဟုတ်လား။ ဒီတုန်းက မိုးကောင်းလှတဲ့ “တပါတီနိုင်ငံရေး” ကို “တပ်မတော်” က ဘယ်လိုများ ဝေဖန်ခဲ့ဖူးပါ သလဲ။ ပါတီဥက္ကဋ္ဌကြီး ဦးနေဝင်းကို စေ့စေ့ကြည့်ဝံ့ပါသလား။ “သမ္မတ၊ ဝန်ကြီးချုပ်၊ ဝန်ကြီး၊ ကာချုပ်တွေ၊ တိုင်းမှူးတွေ” ကို ပါတီဥက္ကဋ္ဌကြီး ဦးနေဝင်းစိတ်တိုင်းကျ ခန့်အပ်ခဲ့တာပဲမဟုတ်လား။ ခန့်အပ်ခံကြသူတွေကလည်း ဥက္ကဋ္ဌကြီးအပေါ် သစ္စာ ရှိရှိနဲ့ ထားရာနေ၊ စေရာသွား၊ ခိုင်းသမျှလုပ်ခဲ့ကြတာပဲ မဟုတ်လား။ ဒီကနေ့ စစ်အုပ်စုထိပ်သီးတွေ ဗိုလ်သန်းရွှေကို သစ္စာ စောင့်သိကြသလိုပါပဲ။  ဗိုလ်သန်းရွှေမရှိတော့တဲ့အခါ ဒီကနေ စစ်ဗိုလ်ထိပ်သီးတွေ ဘယ်သူ့အပေါ်သစ္စာခံကြမလဲ။

ဒီတော့ “(မဆလ) ပါတီ”  ပဲဖြစ်စေ၊ “စစ်တပ်” ပဲဖြစ်စေ ဗိုလ်နေဝင်းရဲ့တလက်ကိုင်၊ ခါးပိုက်ဆောင်  ပါတီနဲ့တပ် အဖြစ်သာ အသုံးတော်ခံခဲ့တာ သိပ်ကို ထင်ရှားပါတယ်။ “၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီး” ပေါ်ပေါက်လာတော့ လူထုအရေးတော် ပုံကြီးကို “စစ်တပ်ဆိုတာ  ပစ်ရင် တည့်တည့် ပစ်တယ်၊ မိုးပေါ်ထောက်ဖောက်တာမပါဘူး” ဆိုတဲ့ ဗိုလ်နေဝင်း အမိန့်အတိုင်း  ရက်ရက် စက်စက် ပစ်ခတ်နှိမ်နင်းခဲ့တဲ့ စစ်တပ်ဟာ (မဆလ) အစိုးရအဖွဲ့ဝင်တွေကို ဖမ်းဆီးခဲ့သလား။ “စောမောင်ခင်ညွန့် အာဏာသိမ်းကြ” လို့ အမိန့်ပေးခဲ့တာ ဘယ်သူလဲ။ ဗိုလ်နေဝင်းပဲမဟုတ်လား။ (နဝတ) စစ်ကောင်စီကကြေညာရမယ့် အမိန့်ကြေညာချက်တွေကို နှုတ်တိုက်ချပေးတာ ဘယ်သူလဲ။ ဒေါက်တာမောင်မောင်ပဲ မဟုတ်လား။ ပါတီနိုင်ငံရေးမကောင်း ဘူးလို့ဆိုရင် အဲဒီမကောင်းတဲ့ (မဆလ) တပါတီနိုင်ငံရေးကို စစ်အုပ်စုက စိတ်ကြိုက်ရေးဆွဲထားတဲ့ “၁၉၇၄ အခြေခံဥပဒေ နဲ့အညီ” လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ဒီတော့ စစ်တပ်ကသာ “အမျိုးသားနိုင်ငံရေး” ကို အစဉ်ထိန်းသိမ်းကာကွယ်ခဲ့တယ်၊ အမျိုးသားရေးကိုသစ္စာမဖောက်လို့ မိုး လား ကဲလား၊ ပြောနေ၊ ဆိုနေတာ မိုးလုံးပြည့် မုသာဝါဒတွေသာ ဖြစ်ပါတယ်။ အရှက်မရှိပြောနေတဲ့စကားတွေသာဖြစ်ပါတယ်။

အခုလည်း စစ်အုပ်စုက စစ်တပ်ကို ခါးပိုက်ဆောင်တပ်သဖွယ်လုပ်ထားနိုင်တဲ့အပေါ်မှာ “၂၀၀၈ အခြေခံဥပဒေ” ကို စိတ် ကြိုက် ရေးဆွဲအတည်ပြုခဲ့ပြန်တယ်။ တလက်ကိုင်ပါတီ (ကြံ့ဖွံ့ပါတီ) ဖွဲ့ထားတယ်။ ကြံ့ဖွံ့ပါတီရဲ့ခေါင်းဆောင်အင်အားကို အငြိမ်းစားစစ်ဗိုလ်ချုပ်တွေနဲ့ အားဖြည့်ပေးတယ်။ (ကြံ့ဖွံ့ပါတီ) က သူ့အဆွယ်အပွားပါတီတွေကို နာမည်မျိုးစုံနဲ့ ဖြန့်ခွဲ ဖွဲ့စည်း စေပြန်တယ်။

တချို့က“တိုင်းရင်းသား” အမည်ခံထားကြတယ်။ တချို့ကတော့ “အမျိုးသားရေး” အမည်ခံကြတယ်။ အဲဒီထဲမှာ ဒီချုပ်က နေပဲ့ ထွက်သွားသူတွေပါတယ် (ဦးခင်မောင်ဆွေ၊ ဦးသိန်းညွန့်၊ နန်းရွှေကြာတို့ရဲ့ပါတီတွေ)၊ ခေတ်သစ်ပြည်သူ့ပါတီဆိုတဲ့ ဆိုင်းဘုတ်ထောင်ထားတဲ့ “အလံနီပျက်တွေ” ပါတယ်။

အဲဒီလိုပါတီတွေရဲ့ကြောင်သူတော်မဟာမိတ်ကို (၈-၄-၂၀၁၇) ရက်စွဲနဲ့ ထုတ်ပြန်တဲ့ “နိုင်ငံရေးပါတီ ၉ ပါတီ ပူးတွဲသဘော ထားကြေညာချက်” မှာ အထင်အရှားတွေ့နိုင်တယ်။

တကယ်တော့ ၉ ပါတီလို့သာ နာမည်မျိုးစုံနဲ့ ပြန့်ကျဲဖွဲ့ထားပေမယ့်၊ ကြံ့ဖွံ့ပါတီ တပါတီထဲသာဖြစ်တယ်။ အရေအတွက် တစုံ တရာဖြစ်အောင်ဖြန့်ခွဲထားခြင်းသာဖြစ်တယ်။ သဘောထားအမြင်စုလိုက်ရင် တပါတီထဲ၊ သဘောထားတခုထဲ။ တသွေးထဲ၊ တသံထဲ၊ တမိန့် ထဲဖြစ်နေတာကို တွေ့ရလိမ့်မယ်။ စစ်အုပ်စုရဲ့ အာဘော်နဲ့လည်း တထပ်တည်း တူညီနေတာတွေ့ရလိမ့်မယ်။ မြင်သာအောင်ပုံခိုင်းရရင် (ကြံ့ဖွံ့ပါတီ) ဆိုတာ “စစ်အုပ်စု” လက်ထဲမှာကိုင်ထားတဲ့ “တရုတ်ယပ်တောင်” ပဲ။ ဖြန့်လိုက်ရင် ၉ ပါတီဖြစ်လာပြီး၊ ပြန်စုလိုက်ရင် ကြံ့ဖွံ့ပါတီတပါတီထဲ ပြန်ဖြစ်သွားတယ်။

အဲဒီလို စစ်အုပ်စုက အကွက်ရိုက်ဖန်တီးထားတာကို “စည်းကမ်းပြည့်ဝတဲ့ ပါတီစုံ ဒီမိုကရေစီစနစ်” လို့ ခေါ်နေကြတာဖြစ်ပါ တယ်။ တခြားပါတီတွေဟာ အဲဒီစစ်အုပ်စုရဲ့ အကွက်ရိုက်ဖန်တီးချက်အတွက် အိမ်ဖြည့်သဘောသာဖြစ်ပါတယ်။ အရောင် တင်ပေးဖို့ အလှခြယ်ပေးဖို့သာဖြစ်တယ်။

စစ်အုပ်စုဟာ စစ်တပ်ကို ခါးပိုက်ဆောင်တပ်၊ တလက်ကိုင်တပ်သဖွယ် ချုပ်ကိုင်ထားနိုင်တဲ့အခြေခံပေါ်မှာ  “ပုဒ်မတခု” က နေ “အခြေခံဥပဒေတခုလုံး” အထိ  ဖျက်သိမ်းနိုင်တယ်။ အခြေခံဥပဒေ စိတ်ကြိုက်ရေးပြီး အတည်ပြုနိုင်တယ်။

“ရွေးကောက် ခံ အစိုးရ” ကို အကြပ်ကိုင်နိုင်တယ်။
အခြေခံဥပဒေ ပုဒ်မတခုကို လက်တလုံးခြားလုပ်နိုင်တယ်။ (၁၉၄၇ အခြေခံဥပဒေ၊ ပုဒ်မ ၁၁၆)
အခြေခံဥပဒေ ဖျက်သိမ်းနိုင်တယ်။ (၁၉၄၇ အခြေခံဥပဒေ)
ဟန်ပြငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်နိုင်တယ်။ (၁၉၆၃ ငြိမ်းချမ်းရေးဆွေးနွေးပွဲ)
အခြေခံဥပဒေ စိတ်ကြိုက်ရေးဆွဲနိုင်တယ်။ (၁၉၇၄ အခြေခံဥပဒေ)
(မဆလ) တပါတီနိုင်ငံရေးလုပ်နိုင်တယ်။
လူထုအုံကြွမှုကို ချေမှုန်းပြီး အာဏာပြန်ထိန်းနိုင်တယ် [၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံနဲ့ (နဝတ) အာဏာသိမ်းမှု]
ပါတီစုံရွေးကောက်ပွဲလုပ်ပေးနိုင်တယ်။ (၁၉၉၀ ရွေးကောက်ပွဲ)
ရွေးကောက်ပွဲရလဒ် ဖျက်သိမ်းနိုင်တယ်။ (၁၉၉၀ ရွေးကောက်ပွဲရလဒ်)
အခြေခံဥပဒေ စိတ်ကြိုက်ရေးဆွဲ/အတည်ပြုနိုင်တယ်။ (၂၀၀၈ အခြေခံဥပဒေ)
ကာချုပ်က လွှတ်တော်ထဲကို စစ်ဗိုလ်တွေ စိတ်ကြိုက်လွှတ်နိုင်တယ်/စိတ်ကြိုက်လဲလှယ်နိုင်တယ်။
အစိုးရအဖွဲ့အဆင့်ဆင့်မှာ ဝန်ကြီး ၃ နေရာ ကာချုပ်က စိတ်ကြိုက်ခန့်နိုင်တယ်။
အခုလည်း “ဥပဒေနဲ့ညီတဲ့ ပြည်သူ့ဆန္ဒ” ဆိုတဲ့စကားကို စစ်အုပ်စုက ပြောနေပြန်တယ်။

ဒါကြောင့် စစ်အုပ်စု က “စစ်တပ် (ဝါ) တပ်မတော်” ကို ခါးပိုက်ဆောင်၊ တလက်ကိုင်တပ်အဖြစ် ဂုတ်ခွစီးထားပြီး နိုင်ငံရေးလုပ် နေတာကို “အမျိုးသားနိုင်ငံရေး” လို့ ဘယ်လိုမှခေါ်လို့ မဖြစ်နိုင်ပါဘူး။ ခွေးနဲ့ပါးချပ်ဆိုတာလို မအပ်မစပ်၊ မတော်မလျော် ဖြစ်နေပါတယ်။ တကယ်တန်း ဂုဏ်နဲ့ဒြပ်ကိုက်ညီစေတဲ့  အမည်မှန်ကတော့ “စစ်အုပ်စုနိုင်ငံရေး” ပါပဲ။

“စစ်အုပ်စုနိုင်ငံရေး” ဆိုတာ “စစ်တပ်၊ အခြေခံဥပဒေ၊ လွှတ်တော်၊ အစိုးရ၊ နိုင်ငံရေးပါတီ၊ စီးပွားရေး”  စတဲ့ဘက်ပေါင်းစုံကို စစ်အုပ်စုက ချုပ်ကိုင်ဗိုလ်ကျနိုင်တဲ့အနေအထားနဲ့ လုပ်ရပ်ကို ခေါ်တာပါ။ အဲဒီလုပ်ရပ်ကို “အမျိုးသားနဲ့နိုင်ငံရေး” ဆိုတဲ့ ရောင်စုံစက္ကူလှလှလေးနဲ့ ထုတ်ပိုးထားတာဖြစ်ပါတယ်။

ဒါကြောင့် “၂၀၀၈ အခြေခံဥပဒေဘောင်” ထဲမှာ အတိုက်အခံပါတီပီပီသသ ရပ်တည်ဖို့ ဘာဘာညာညာနဲ့ မိုးလားကဲလား ပြောဆို နေသူတွေအနေနဲ့  စစ်အုပ်စုရဲ့စပွန်ဆာပါတီ၊ အသုံးတော်ခံပါတီ၊ “စစ်အုပ်စုနိုင်ငံရေး” အတွက် အဖြည့်ခံပါတီမဖြစ်စေ ဖို့ အထူးသတိပြုကြပါ။ စစ်အုပ်စုရဲ့ခွင့်ပြုချက်နဲ့ပေါ်ပေါက်လာရပြီး၊ စစ်အုပ်စုရဲ့အမိန့်နဲ့ ဖျက်သိမ်းခံရတဲ့ပါတီဟာ “တကယ့် ဒီမိုကရေစီနဲ့ဖက်ဒရယ်ပြည်ထောင်စု” ကို ဘယ်လိုပုံစံနဲ့ ချီတက်သွားနိုင်မှာလဲ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:တူမောင်ညို, သူတို့အာဘော်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)