မောင်ရင်ငတေ ● ကျောက်ဖရား သောင်ရင်းမှသည် မယ့်ခေါင်ဆီသို့ – အပိုင်း (၂)

April 15, 2017

မောင်ရင်ငတေ ● ကျောက်ဖရား သောင်ရင်းမှသည် မယ့်ခေါင်ဆီသို့ – အပိုင်း (၂)

(မိုးမခ) ဧပြီ ၁၅၊ ၂၀၁၇

● မယ့်ဆောက်အလွန်က သောင်ရင်း
အဲဒီလိုနဲ့ မယ့်ဆောက်ရဲ့ပဲပလာတာ အမဲရိုးဆွပ်ပြုတ်နဲ့ လွမ်းမောစရာ မနက်ခင်းကို နှမျှောသတထားရစ်ခဲ့ပြီး စတင်လို့ ခရီး ဆက်လက်ထွက်ခွာရပါတော့မယ်။ တရက် ၂၄ နာရီက နည်းလွန်းနေပါတယ်။

ထိုင်းခရီးစဉ် စုစုပေါင်းတလ၊ ဒီ ကျောက်ဖရား သောင်ရင်းမှသည် မယ့်ခေါင်ဆီသို့က ကိုးရက်ရှစ်ည အချိန်မနည်းလှပေဘူးလို့ ထင်ခဲ့ရပေမယ့် တကယ့်တကယ်တော့ မနက်ကြီးမိုးလင်း အိပ်ယာထ ညသန်းခေါင် တချက်နှစ်ချက်တီးကျော် အိပ်ယာဝင်နဲ့ အိပ်ချိန်က သုံးလေးနာရီသာသာသာ ရှိပါတယ်။ ဒါပေမယ့် ခရီးသွားနေရတယ်ဆို တက်ကြွနေတတ်တဲ့ မောင်ရင်ငတေ အတွက် တလခရီး အစပိုင်းရက်တွေဆိုတော့ ဘာပြောကောင်းမလဲနော်၊ မယ့်ဆောက် သုံးညအိပ်ခရီးကတော့ အလျှင် အ မြန် ကုန်ဆုံးသွားခဲ့ပါပြီ။ မယ့်ဆောက် ပထမရက်မှာတော့ မြဝတီရုံးတရုံးမှာ အကောင်ကြီးကြီးဖြစ်နေတဲ့ မေခသား ဘိုကြီးရဲ့ ကျေးဇူးတော်ကြောင့် မယ့်ဆောက်တခွင် အနှံ့လည်ပတ်ခွင့်ရခဲ့သလို ဒုတိယနေ့မှာလည်း ထီလာပေါက်ချောင်းသားနှစ်ဦးရဲ့ အလုပ်မအားလပ်မှုတွေကြားက ဖြစ်အောင်စီစဉ်လို့ လိုက်ပို့ပေးခဲ့တာကို ကျေးဇူးများစွာ မှတ်တမ်းတင်ပါတယ်။ ကိုတိတ်ရဲ့ အေးချမ်းတိတ်ဆိတ်လှပတဲ့ စံအိမ်လေးမှာ တည်းခိုခွင့်ရခဲ့တာကိုလည်း မမေ့နိုင်ပါဘူး။ ကြိုဆိုဧည့်ခံတွေ့ဆုံခဲ့ကြရသူ အား လုံးကိုလည်း ဒီနေရာကနေ သတိတယ နှုတ်ဆက်ခဲ့ပါတယ်။

မယ့်ဆောက်-မယ့်ဆရီယန် (Route National 105) (ဓါတ်ပုံ မရငတ)

နိုဝင်ဘာ ၁၅ ရက်နေ့ မနက်ခင်းမှာတော့ မယ့်ဆောက်သား ကိုကျော်ကျော် သူတို့ရဲ့ကားဖြူ အကြီးကြီးနဲ့လာခေါ်ပါတယ်။ မောင်ရင်ငတေစီးဖူးတဲ့ ဥရောပကားတွေနဲ့ယှဉ်ရင် အတော်ကြီးပါတယ်။ ဒီလို ကားမျိုးတွေကို ထိုင်းပေတရာလမ်းမများပေါ်မှာ အတော်လေးများများတွေ့ရတာကြောင့် သူ့နိုင်ငံနဲ့ သူ့စတိုင်လ်သာလို့ ကောက်ချက်ချမိရပါတယ်။ သုံးညနဲ့လေးရက် ကီလို မီတာ တထောင်သုံးရာခရီး ဒီကားဖြူကြီးနဲ့ မငြီးမငြူ စိတ်ရှည်စွာမောင်းပို့ခဲ့တဲ့ ကိုကျော်တို့စုံတွဲ ကျန်းမာချမ်းသာလို့ နောက် အခေါက်တွေမှာလည်း ဒီလိုမျိုး စားနပ်ရိက္ခာအစုံအလင်နဲ့ လိုက်ပို့ပေးနိုင်ပါစေလို့ ကျေးဇူးမှတ်တမ်း ရေးထိုးလိုက်ရပါကြောင်း ကိုကျော်ကျော်ရေ။

(Route National 105) မယ့်ဆောက်-မယ့်ဆရီယန် လမ်းအစ (ဓါတ်ပုံ မရငတ)

ဝယ်စရာတချို့ဝယ်ပြီး မယ့်ဆောက်မြို့ပြင်လမ်းဆုံကိုရောက်တော့ မနက် ရှစ်နာရီ ထိုးခါနီးနေပါပြီ။ မယ့်ဆောက် မြူနီ စပယ်ရုံး အရှေ့ AH1 လမ်းဆုံကနေ လမ်းအမှတ် ၁၀၅ အတိုင်း မြောက်ဘက်ကို ဦးတည်လို့သွားရပါတယ်။ မြို့အထွက် လမ်းကတော့ အသွားအပြန် လေးလမ်းသွားပါ၊ တွေ့မြင်ရတဲ့မြင်ကွင်းကတော့ ထိုင်းကျေးလက်လမ်းတွေရဲ့ မရိုးနိုင်တဲ့ ပုံစံတူမြင်ကွင်းတွေသာပါ။ ခပ်လတ်လတ် စက်ရုံတွေ လမ်းဘေးဓါတ်ဆီဆိုင်တွေ လူနေဆိုင်ခန်း တိုက်တန်းလျှားတွေသာပါ၊ သိပ်မကြာခင်မှာ စစ်ဆေးရေးဂိတ်တွေ ဖြတ်ရပါတယ်။ ဘာမှ သိပ်မေးမြန်းမနေပါဘူး၊ တော်ရိလျော်ရိလောက် ထားပြီး မေး ချင် စစ်ချင်မှ တားဆီးရပ်ခိုင်းပြီးမေးမယ့် သဘောသာသာပါ။ ဒီခရီး မယ့်ဆောက်-မယ့်ဆရီယန်-မယ့်ဟောင်ဆောင်-မယ့် ဆိုင်-ချင်းရိုင်-ချင်းမိုင်တလျှောက် ဂိတ်လေးတဂိတ်အဖြတ်မှာသာ ပတ်စ်ပို့တောင်းစစ်တာ တွေ့ကြုံခဲ့ရပါတယ်။

မယ့်ဆောက်အဝင် ကားတန်းကြီးကတော့ တမျှော်တခေါ်နဲ့ ရှည်လို့သာပေါ့။ စစ်ဆေးရေးဂိတ်ကျော်လာပြီး မိနစ်အနည်း ငယ်ကြာတော့ လမ်းဘေးတဘက်တချက်က တစ တစ လူတွေ အတွေ့ရ နည်းပါးလာသလို၊ အိမ်ခြေလည်း ကျဲပါး ရှင်းလင်း လာပါတယ်။ ကားလမ်းကတော့ မြေပြန့်အတိုင်း ဖြောင့်ဖြူးနေဆဲပါ၊ တောင်ကုန်းတောင်တန်းတွေလည်း မတွေ့ရသေးပါဘူး၊ ရွှေပြည်နယ်နမိတ်နဲ့နီးတဲ့နေရာဆိုပေမယ့်လည်း သာမန်တွေ့နေကျ ထိုင်းနိုင်ငံအလယ်ပိုင်းက တောကျေးလက်လမ်းအ တိုင်း သာပါ၊ မြင်ကွင်းတွေက သိပ်မထူးခြားလှသေးပါဘူး။ လမ်းနဘေးက ဆိုင်းဘုတ်အများစုကတော့ ထိုင်းစာတွေနဲ့ချည်းမို့ တလုံးမှ နားမလည်ပါဘူး။ တနေရာမှာ လမ်းမလယ်ခေါင်ကို တက်ပြီးအလှူခံနေကြတဲ့ အလှူခံမဏ္ဍပ်တခု တွေ့မိလိုက်ရလို့ ပြုံးမိခဲ့ရပါသေးတယ်။ ဒါမျိုးကျတော့ ရွှေပြည်နားနီးလို့လား မသိပါဘူး။ ကားတားပေးနေတဲ့ ယူနီဖောင်းဝတ်တောင် တွေ့မိ လိုက်ရပါသေးတယ်။ မဏ္ဍပ်ထိပ်မှာ လော်တွေ့မလား လှမ်းကြည့်လိုက်ပေမယ့် ကားမောင်းတာက မြန်လို့လားမသိ အသံချဲ့ စက် မည်းမည်းကြီးနှစ်လုံး ဆင့်လျှက်ကိုသာ ဖျတ်ကနဲ မြင်တွေ့လိုက်မိပါတယ်။

Route National 105 (ဓါတ်ပုံ မရငတ)

Tak ခရိုင်မှာပါဝင်တဲ့ အဲဒီ Mae Ramat, Khane Chue ဒေသတဝိုက်မှာ ကရင်လူမျိုးတွေ အများစုနေလာခဲ့ကြတာ နှစ်တွေ ရာနဲ့ချီ ရှိခဲ့ပြီလို့ ဆိုကြပါတယ်။ ထိုင်းနဲ့မြန်မာတို့ရဲ့ နယ်နမိတ်စည်း သံလွင်မြစ်ကြီး အလယ်ကနေခြားထားတဲ့ ဒေါနတောင် တန်းသား ကရင်လူမျိုးတွေ နေထိုင်ကြရာနေရာပါ။

ရွာသာသာ တောမြို့လေး တမြို့နှစ်မြို့ကို ဖြတ်ခနဲ ကျော်လာတာကလွဲလို့ လမ်းနဘေးမှာ တဲပုတ်သာသာ အိမ်ကလေး တွေသာ တွေ့ရပါတယ်။ ကီလိုမီတာ ငါးဆယ်နီးပါးလောက် ခရီးပေါက်လာခဲ့ပြီ ဖြစ်ပါတယ်။ တောင်ကုန်းတွေလည်း နည်း နည်းပိုမြင့်လာသလို ပို၍လည်း စိမ်းလန်းစိုပြေလာတာကို တွေ့ရပါတယ်။ လူနေအိမ်ခြေတွေက တဲပုတ်တောင်မှ မတွေ့ရ တော့သလောက်ပါ။

ကျေးလက်လမ်းအမှတ် ၃၀၀၂ တို့ ၄၀၁၆ တို့နဲ့ဆုံတွေတဲ့ လမ်းဆုံတွေက စိတ်ဝင်စားစရာက သိပ်မရှိသလို စည်စည်ကားကား မရှိလှပါဘူး။ ၁၁၇၅ လမ်းဆုံကိုကျော်လာတော့ တောင်းကုန်းတောင်ကမူလေးတွေ စတင်တွေ့လာရပြီး ရှေ့ခပ်လှမ်း လှမ်း မှာတော့ တောင်တန်းမှိုင်းညို့ညို့တွေကို တွေ့မြင်ရပါတယ်။ အိမ်ခြေယာခြေလည်း သိပ်မရှိတော့ပါဘူး၊ နှစ်လမ်းမောင်း လမ်းသာ ရှိပါတော့တယ်။ လမ်းပေါ်မှာ လမ်းဘေးမှာ လူတွေ ဆိုင်ကယ်တွေမရှိသလောက် ရှင်းလို့နေပါတယ်။

Route National 105 (ဓါတ်ပုံ မရငတ)

မိုင်တိုင်အမှတ် ကီလိုမီတာ ငါးဆယ်အကျော်မှာတော့ လမ်းက ခပ်ပြေပြေပေမယ့် တစတစမြင့်လို့လာတာ သိသာပါတယ်။ လမ်းကျဉ်းပေမယ့် ကားရှင်းတော့ ကျော်တက်မယ့်ကားမရှိသလို ကိုယ်က ကျော်တက်ရမယ့်ကားကလည်း နည်းပါးလှပါ တယ်။ လမ်းဘေး အိမ်ခြေစုလေးတွေ အနားမှာတော့ ဆိုင်ကယ် လေးငါးခြောက်စင်း တွေ့ရလေ့ရှိပါတယ်။ အဲသလိုနဲ့ ….

မောင်ရင်ငတေတို့လည်း စကားတပြောပြောနဲ့ အေးဆေးသက်သာ ရှေ့ဆက်လို့မောင်းလာတာပေါ့။ ကားမောင်းလာသူ မောင်ရင်ငတေရဲ့မိတ်ဆွေကြီးက ဒီနယ်မြေတကြောမှာ သူ့အသက် ထက်ဝက်မျှမက နေလာခဲ့သူဆိုတော့ အပ်ကျတာ တောင် သိနေလောက်ပါပြီ ထင်ပါရဲ့။ သူရှင်းပြတာတွေနားထောင်ရင်း မောင်ရင်ငတေ သိချင်ရာတွေ မေးရင်းကနေ ခဏ တဖြုတ် အညောင်းအညာပြေနားဖို့ကို ပြောရပါတယ်။ သူကတော့ ကားကိုအေးဆေးစွာမောင်ရင်း အခုဘာခရီးမှ မပေါက် သေးဘူး ရှေ့နားကျမှ နားကြတာပေါ့လို့ပြောပြီး ဆက်မောင်းပါတယ်။ တဆက်တည်း ရှေ့မှာ သိပ်မဝေးလှတော့ဘူး Moei သောင်ရင်းမြစ်နဲ့ နီးတဲ့နေရာကိုရောက်မယ်။ ကရင်ပြည် ဒေါနတောင်တန်းရဲ့ အမြင့်ဆုံး Mela Taung မယ့်လတောင်နားပေါ့လို့ ပြောပါတယ်။ မောင်ရင်ငတေလည်း မယ့်လဆိုတော့ စိတ်ဝင်စားသွားခဲ့ရတာပေါ့။ နာမည်ကြီးနေရာမှလား၊ ကြားဖူးနေတာ တော့ ကြာပါပြီ။ ဟိုအရင် မယ့်ဆောက်ကိုရောက်ခဲ့တဲ့အခေါက်တွေတုန်းကလည်း လမ်းမသင့် သွားရေးခက်လို့ မသွားခဲ့ရတဲ့ နေရာပါ။ ဒီတခါမှာတော့ ကံကြုံလို့ ဖြတ်သန်းခဲ့ရဖူးပြီပေါ့။

အဲဒီနေရာ မိုင်တိုင် ကီလိုမီတာ ခြောက်ဆယ်မတိုင်မီမှာက ရဲကင်းလို အတားအဆီးတွေ စတင်တွေ့ နေရပါပြီ။ လမ်းနဘေးမှာ ခုတ်ပြီးသားဝါးတွေနဲ့ လူတအုပ်ကို တွေ့လိုက်ရသလို ကရင်ဝတ်စုံတွေနဲ့ လမ်းလျှောက်နေသူ သုံးလေးဦးကိုလည်း တွေ့ရပါ တယ်။ အမေရိကန်အလံနဲ့ သားသားနားနားရှိလှပါတဲ့ ရုံးတရုံးကို ဖြတ်ကနဲတွေ့လိုက်ရသလို သိပ်မကြာခင်မှာတော့ ကား လမ်းမရဲ့ ဘယ်ဘက်ခြမ်း (ရွှေပြည်တော်ကြီးဘက်ခြမ်း) တောင်စောင်းမှာ မညီမညာပေမယ့် အမြင်မှာတော့ ကြည့်ကောင်းတဲ့ အိမ်ခြေစုတွေကို တွေ့မြင်လိုက်ရပါတော့တယ်။ မောင်ရင်ငတေ မိတ်ဆွေကြီးက အဲဒါပေါ့ (မယ့်လ) ပေါ့ဆိုပြီး ပုခုံးတွန့်ပြီး ပြောပါတယ်။

ဒေါနတောင်ခြေက Ban Mae La (ဓါတ်ပုံ မရငတ)

မယ့်လ မယ့်လ နာမည်ကြီးစခန်းပါ။ ဒုက္ခသည်စခန်းပါ။ လမ်းရဲ့ ညာဘက်ခြမ်းမှာ ဘာအိမ်တလုံးမှ မရှိသလို လမ်းနဘေးမှာ လည်း ဆိုင်လေးတွေ ဗန်းလေးတွေနဲ့ ရောင်းသူဝယ်သူ လမ်းလျှောက်သူမရှိပါတဲ့ နာမည်ကျော် ဒုက္ခသည်စခန်းပါ။ ဒီက နေ့လက်ရှိမှာကို လူဦးရေ ငါးသောင်းကျော် စာရင်းရှိနေဆဲ စခန်းတခုပါ။ စတင် ဖွင့်လှစ်ခဲ့တဲ့ ၁၉၈၀ ကျော် ခုနှစ်တွေကစလို့ နှစ်ပေါင်းများစွာအတွင်းမှာ နိုင်ငံတကာသို့ရောက် အောင်မြင်ကျော်ကြားသွားသူတွေရှိသလို ဒုံရင်း ဒုံရင်း အရင်ဘဝတွေ အတိုင်း နေထိုင်နေသူတွေလည်း ရှိနေဆဲပါတဲ့ခင်ဗျာ။ ဒီလိုနေရာမျိုးကနေ အမေရိကပြည်လုံးအနှံ့ရောက်ရှိ အခြေချ နေ ထိုင်ကြသူ ကရင်လူမျိုးပေါင်း လွန်ခဲ့တဲ့ဆယ့်ငါးနှစ်အတွင်းမှာ ခြောက်သောင်းခွဲရှိပြီလို့ ဝီကီစာမျက်နှာမှာ ရေးသားထားတာကို အမှတ်ရမိလာပါတယ်။ အခုဒီ Ban Mae La ရွာ လူဦးရေက ခြောက်သောင်းကျော်မျှပေါက်နေတာမို့လို့ မယ့်ဆောက်မြို့နေ လူဦးရေထက်တောင်မှ များပြားနေတာပါ။ စတုရန်းမိုင် တမိုင်ပတ်လည်သာကျယ်ပြောပေမယ့် သာယာလှပတဲ့ ဒေါနတောင် ခြေရင်းက ဒီနေရာလေးက ဘာပြောပြော စစ်ခိုး စစ်ရိပ်တွေနဲ့တော့ ကင်းဝေးရာ ရိပ်သာလေးသဖွယ် တည်ရှိနေ  ပါတယ်လို့ ပြောရင် မလွန်လောက်ပါဘူး။ ဒီစခန်းရဲ့လူဦးရေကတော့ အမြဲတန်းလိုလို အတိုးအလျော့ မြန်တတ်တာမို့လို့ အတိအကျ ပြောဖို့တော့ မလွယ်လှပါဘူးတဲ့။ အမှန်တကယ် မယ့်လရွာဆိုတာက လမ်းအတွင်းပိုင်းသို့ အနည်းငယ်ဝင်မှသာ ရောက်ရှိမှာ ပါ။ ပုပ္ပါးတောင်မကြီးထက် ပေ ၆၀၀ ကျော်မြင့်မားတဲ့ မယ့်လတောင် (၅၆၀၀ ပေ) ဆိုတာ ဒေါနတောင်တန်းမှာ အမြင့် ဆုံးတောင်ဖြစ်ပြီး ကရင်ပြည်နယ်ရဲ့ လှိုင်းဘွဲ့နဲ့ အနီးဆုံးမှာတည်ရှိပြီး သွားရေးခက်လို့ လူသူအရောက်အပေါက်နည်းလှတဲ့ နေရာ တနေရာသာပါ။ ဒါကြောင့် မယ့်လရွာ မယ့်လစခန်းက ထိုင်းဘက်ကမ်းမှာတည်ရှိပြီး မယ့်လတောင်ကတော့ ရွှေကရင် တို့ရဲ့နယ်မြေမှာ တည်ရှိပါတယ်။

Mae Ok Hu မှ သောင်ရင်းဒေသသို့ (ဓါတ်ပုံ မရငတ)


ရွာတန်းအဆုံး ရေချောင်းလေး မရောက်ခင် ဈေးနားကတော့ လူအနည်းငယ်နဲ့ စည်စည်ကားကား ရှိပါတယ်။ အဲဒီ Mae Ok Hu ဆိုတဲ့ ရေချောင်းလေးအတိုင်း စုန်ဆင်းသွားမယ်ဆိုခဲ့ရင် ရွှေပြည်နယ်စပ်က သောင်ရင်းမြစ်ဆီသို့ ရောက်ပါတယ်တဲ့။ မြင်တွေ့ခဲ့ရတဲ့ ရေချောင်းလေးကတော့ လှေသွားလို့မရနိုင်တဲ့ ဒူးဆစ်သာသာ ပေါင်လယ်လောက်သာ ရေအနက် ရှိဟန်တူပါ တယ်။ အသေအချာဆင်း၍ကြည့်ခွင့်တော့ မရခဲ့ပါဘူး။ ဖြတ်သန်းချိန်မှာ ခန့်မှန်းကြည့်ရုံမျှသာပါ။

သောင်ရင်းဒေသ (ဓါတ်ပုံ မရငတ)


ဒုက္ခသည်စခန်း ရွာတန်းက အတော်လေးကိုရှည်လျှားပြီး အဲဒီကနေဖြတ်ကျော်လာပြန်တော့ ဘာအိမ်တလုံးမှမရှိတော့ ပြန်ပါဘူး။ သီးသန့် တည်ဆောက်ပေးထားသလိုပါ။ စခန်းအနောက်က ဒေါနတောင်တန်း ခပ်မြင့်မြင့်ကတော့ မြင်တွေ့ရတာ စိမ်းစိုသာယာ လှပပါပေတယ်။ မောင်ရင်ငတေတို့ရဲ့ ခရီးရှည်က အချိန်သိပ်မရတာမို့ ဆက်လက်ပြီး နောက်ထပ် ၁၇၀ ကီ လိုမီတာဝေးတဲ့ Mae Sariang မယ့်ဆရီယန်ဆီသို့ ဦးတည်ထွက်ခွာခဲ့ရပါတယ်။

လမ်းအမှတ် ၁၂၆၇ လမ်းဆုံကိုရောက်တော့ မောင်ရင်ငတေတို့ ခေတ္တနားကြ နံနက်စာ စားကြပါတယ်။ လမ်းအမှတ် ၁၂၆၇ က ဘယ်ကနေများရောက်လာပါသလဲလို့ ဂူဂဲလ်မြေပုံမှာပြန်ရှာကြည့်မိတော့ သိပ်ဝေးဝေးလံလံက မဟုတ်တာ တွေ့ရပါ တယ်။ တောခေါင်ခေါင်အရပ်ကလာတဲ့ လမ်းတိုလေး တလမ်းသာပါ၊ ထိုင်းရဲ့ အလယ်ပိုင်းဒေသနဲ့ဝေးပြီး သောင်ရင်းမြစ်နဲ့ ကတော့ သိပ်မဝေးလှတဲ့ နေရာဒေသက လူသူမစည်ကားလှတဲ့ ခြောက်ကပ်ကပ် ကားလမ်းဆုံတခုသာပါ။ ဒီလိုမျိုးကို မြင်မိ ပြန်တော့ ဟိုးအရင်တချိန်က မြင်ကွင်းတချို့ကို မြင်ယောင်မိရင်း ….။

အဲဒီလိုတောလမ်းဆုံမှာ ဘယ်အချိန်ရောက်လာမယ်မှန်း သေချာမသိရတဲ့ လမ်းကြုံကားကို ပါလာတဲ့အိတ်လေးတွေကို ခွ လို့ထိုင်ရင်း လမ်းဆုံလမ်းခွမှာ စောင့်ဆိုင်းနေသူများကို တွေ့လေမိပြန်တော့ ဟိုးလွန်ခဲ့သောနေ့ရက်များက မောင်ရင်ငတေ တို့ရဲ့ ငယ်ဘဝ အညာပေတရာ လမ်းမထက်မှာ နွေနေအပူ နွေလေအပူအောက် ကားအလာစောင့်ရင်း အိပ်ငိုက် အိပ်ပျော် ခဲ့ရတာတွေကို ပြန်လည်ပြီး အမှတ်ရနေမိခဲ့ ပြန်ပါတယ်။

သောင်ရင်းဒေသ (ဓါတ်ပုံ မရငတ)

ဖျတ်ကနဲ့ တွေ့မြင်ခဲ့ရတဲ့ သူတို့တတွေရဲ့ ဝတ်စားဆင်ယဉ်မှု ရုပ်ဆင်းသဏ္ဍန် သွင်ပြင်အနေအထားတွေကတော့ အလွယ်တကူနဲ့ ဘာ ဘယ်သူ ဘယ်နွယ်ဖွားတွေ ဖြစ်နိုင်မလဲ ဆိုတာကတော့ သိပ်ကို ရှင်းလင်းလှပါတယ်။ တွေ့မြင်သူတိုင်း သိလွယ်လှပါတယ်။

အဲဒီနေရာ အဲဒီဒေသတွေမှာ အချိန်တော်တော်ကြာကြာဖြတ်သန်းခဲ့ဖူးတဲ့ ကိုကျော်ကျော်ကတော့ သူတွေ့ကြုံခဲ့ဖူးတဲ့ သမိုင်း ကြောင်းတွေကို ဒီနေရာကဘာ ဘယ်သူတွေနဲ့ ဘယ်တုန်းက ဘယ်လိုဆိုတာ ပြန်လည်ပြောပြ ရှင်းပြနေပါတယ်။ တကယ် ကတော့ တိမ်မြှုပ်ချန်လှပ်ထားလို့မရမယ့် သမိုင်းအမှန်တွေက လူအများ မြင်သာထင်သာရှိမယ့် စာရွက်စာတမ်းတွေ ကွန်ပြူ တာဖန်သားပြင်တွေပေါ်မှာ တည်ရှိနေဖို့လည်း အရေးကြီးပါတယ်။ ကိုယ့် ကိုယ်တွေ့တွေကို လူတိုင်း ဖေါ်ထုတ်နိုင်သမျှ ဖေါ် ထုတ်နိုင်တဲ့ခေတ်ကြီးမှာ ဖော်ထုတ်ကြဖို့ လိုအပ်တယ်လို့ ယူဆမိပါတယ်။

ကိုကျော်ကျော်ရဲ့ ဒီအဝင်လမ်းက ဘယ်ကိုသွားတာ ဒီချောင်းရိုးက ဘယ်ထိပေါက်တာ ပြောဆိုရှင်းပြနေရင်း ကားလမ်းက မြစ်နဲ့ တစတစ နီးကပ်လို့လာပါတယ်။

အဲဒီနေရာ သောင်ရင်းမြစ်ကွေ့ကရွာက Tha Song Yang ခေါ် သစ်နှပင်ရွာလို့ အမည်တွင်ပါတယ်။ သစ်နှပင်ရွာ Tha Song Yang အမည်ရခဲ့တာကတော့ ဟိုအရင်တချိန်က ရွာလှေဆိပ်ရဲ့ ဟိုဘက်ကမ်းမှာတပင် ဒီဘက်ကမ်းမှာတပင် ပေါက်နေတဲ့ သစ်ပင်ကြီးနှစ်ပင်ကို အစွဲပြုခေါ်လာခဲ့ကြတာပါ။


သောင်ရင်းဒေသ (ဓါတ်ပုံ မရငတ)


သာဆောင်ရန်မြို့လေးကိုကျော်လို့လာ အပြီးမှာတော့ အခုထိပေါက်လာတဲ့ လမ်းခရီးတလျှောက်ရဲ့ မောင်ရင်ငတေ့ စိတ်အတွေ့ဆုံးနေရာကို ရောက်ပါပြီ။ ဒီခရီးမထွက်ခင် ဂူဂဲလ်မြေပုံထဲဝင် မွှေနှောက် လေ့လာခဲ့စဉ်ကပင် အကြိုက်တွေ့ မိရဆုံးနေရာပါ။ မယ့်ဆောက်ကနေဆို ကီလိုမီတာ တရာ့တဆယ်ဝေးတဲ့ ကားလမ်းနဘေး သောင်ရင်းမြစ်ကမ်း ကပ်လျှက် နေရာပါ။ လူနေတဲ့နေရာမဟုတ်သလို ဘာအိမ်တလုံးမှ မရှိပါဘူး။ မောင်ရင်ငတေလည်း ဝမ်းသာအားရ ကားပေါ်က အမြန် ဆင်း မြစ်ကမ်းအနီး ထိရောက်အောင်လျှောက်ရင်း ဟိုဘက်ကမ်း ဒေါနတောင်ခြေနဲ့ကပ်လျှက် ညင်သာငြိမ့်ညောင်းစွာနဲ့ စီးဆင်းနေတဲ့ သောင်ရင်းမြစ်ရေပြင်ညိုညစ်ညစ်ကို ငေးမောနေမိပါတယ်။ တအောင့်ကြာမှ ငေးမောမိတာကို ရပ်တန့် မှတ် တမ်းတင်စရာရှိတာ ခပ်သွက်သွက် မှတ်တမ်းတင်ရပါတယ်။ နောက်တခေါက် ဒီလိုနေရာမျိုးကို ပြန်ရောက်ဖို့က လွယ်တာ မဟုတ်တာလေ။ သောင်ရင်းမြစ်ပြင်က ဒီနေရာမှာလည်း သိပ်မကျယ်လှပါဘူး။ အလွန်ဆုံးရှိမှ မီတာတရာခန့်သာပါ၊ ရေစီး ကလည်း သာမန်မြစ်တွေလိုသာပါ။ ဖြေးဖြေးလေး ငြိမ့်ငြိမ့်လေးသာပါ။ သာမန် ရေကူးတတ်သူတယောက် ဖားကူး ကူးသွား ရင်တောင်မှ အလွယ်တကူနဲ့ ဟိုဘက်ကမ်းခြေရောက်နိုင်ပါတယ်။ ဟိုဘက်ကမ်းဆိုတာက မောင်ရင်ငတေတို့ရဲ့ ရွှေတိုင်း ပြည်ပါ။ ဒီဘက်ခြမ်းမှာ ကားလမ်းရှိနေတာမို့ မောင်ရင်ငတေတို့လိုခရီးသွားတချို့ ဖြတ်သွား ဖြတ်လာရှိနေပေမယ့်လည်း ရွှေပြည်ကမ်းဘက်မှာတော့ လူသံသူသံ တိတ်ဆိတ်လွန်းလှပါတယ်။

ဟိုဘက်ခြမ်းမှာရော ဒီဘက်ခြမ်းမှာပါ ဘာအတားအဆီး ဘာအပိတ်အပင်မှရှိတာကို မတွေ့ရပါဘူး။ အဲဒီကားလမ်းဘေး သောင်ရင်းကမ်းခြေကနေ ဒေါနတောင်တန်းကို ကျော်ခွလို့ အနောက်ဘက်ကိုမျှော်ကြည့်လိုက်မယ်ဆိုခဲ့ရင်တော့ ကမ မောင်း၊ ကျိုက်ထို၊ ပဲခူး၊ တိုက်ကြီး၊ ဓနုဖြူ၊ ရေကြည်တို့ကနေ ဘင်္ဂလားပင်လယ်အော်ထိတိုင်အောင် ရောက်နိုင်ပါတယ်။ မောင်ရင်ငတေရဲ့ စိတ်အတွေးထဲမှာပါ။

သောင်ရင်းမြစ်ရိုးကိုကျော်ပြီး မြင်တွေ့နေရတဲ့ ဟိုအိမ်တန်း ဟိုစခန်းက ဟိုတုန်းကတော့ ဘာတွေဆိုတာ ဆက်လက်ရှင်းပြ နေပေမယ့် မောင်ရင်ငတေ့ စိတ်အတွေးမှာတော့ သောင်ရင်းရေခလယ်က နယ်နမိတ်စည်းကိုကျော်လို့ တဘက်ကမ်းက မြင်ကွင်းအလှရဲ့ ဆွဲဆောင်မှုအောက်မှာ တဒင်္ဂခဏ နစ်မျောစီးဝင်သွားပါတော့တယ်။ အလွန်တရာအေးချမ်းသာယာလှတဲ့ မြင်ကွင်းတခုသာပါ။ ဗန်ဂိုးတို့ မိုးနေးတို့ ရေးနွားတို့ခေတ်က ပန်းချီဆရာများအကြိုက် ရှုမျှော်ခင်းလို့ပြောရင် မမှားလောက် ပါဘူး။

အဲဒီလို မှတ်တမ်းတင် ငေးမောတွေးတော အပြီးမှာတော့ ရှေ့ခရီးဆက်ရန် ကားပေါ်သို့ လေးပင်စွာ ပြန်လည်တက်ခဲ့ရပါ တော့တယ်။ မဆက်မဖြစ်တဲ့ ရှေ့ခရီးက ဆက်ချင်ချင် မဆက်ချင်ချင် ဆက်ရဦးမှာပါ။ လမ်းရဲ့သယ်ဆောင်ရာသို့ မသွားချင် ချင် သွားချင်ချင် သွားရပေဦးမှာပေါ့လေ။

အဲဒီလို Tha Song Yang အမည်နဲ့ နေရာနှစ်ခု တွေ့ရပါတယ်။ တရွာက နည်နည်းကြီးလို့ သာဆောင်ရန်မြို့ အဆင့်ဖြစ်ပြီး နောက် တရွာကတော့ Ban Tha Song Yang ရွာလေးပါ၊ နှစ်ရွာစလုံး သောင်ရင်းမြစ် ကမ်းပါးမှာ တည်ရှိပါတယ်။ သောင်ရင်း မြစ်က အဲဒီ သာဆောင်ရန် ရွာနှရွာကြားမှာ ကားလမ်းနဲ့ကပ်လျှက် စီးဆင်းသွားတာပါ။ Ban Tha Song Yang ရွာလေးကို ကျော်တော့ ကားလမ်းက သောင်ရင်းနဲ့ တဖြေးဖြေး ဝေးလို့ဝေးလို့ သွားတာပါ။ အဲဒီရွာနှစ်ရွာရဲ့ထူးခြားချက်က ရွာဦးထိပ်မှာ ရဲကင်းတွေ အစစ်အဆေးတွေ ရှိနေတာပါ။ ရွှေပြည်ကြီးနဲ့ အဝင်အထွက် အဆက်အစပ်တွေ ရှိဟန်တူပါတယ်။

မယ့်သဝေါသို့ အဝင် (ဓါတ်ပုံ မရငတ)

ကားမောင်းလာသူ မိတ်ဆွေကြီးကို မေးမြန်းကြည့်မယ်လုပ်တော့ ရွာအဝင်လမ်းကို မေးငေါ့ပြအပြီး ဒါက နာမည်ကျော် မဲသ ဝေါ အဝင်ဂိတ်ပေါ့ဗျာလို့ ပြောပါတယ်။ အဲဒီ မယ့်သဝေါအဝင်ကတော့ ထူးခြားမှု သိပ်မရှိလှဘူးထင်ရပေမယ့်လည်း မောင်ရင် ငတေရဲ့ မျက်လုံးအမြင်မှာက အနည်းငယ်တော့ ဆန်းကျယ်နေသယောင် ရှိခဲ့ပါတယ်။ အဲဒီ မယ့်သဝေါဆိုတာကလည်း ဟိုးတချိန်ကတော့ အတော်နာမည်ကြီးခဲ့တာ မဟုတ်ပါလား။ ကမ္ဘာကျော် နေရာပေကိုး။ စက္ကန်းပိုင်း မိနစ်ပိုင်းမျှသာ ဖြတ် သန်းခဲ့ရတဲ့ မောင်ရင်ငတေ့အတွက်လည်း တန်းဖိုးကြီးတဲ့ အတွေ့အကြုံတခုလို့ သတ်မှတ်ချင်ပါတယ်။

နွားစခန်း (ဓါတ်ပုံ မရငတ)

သောင်ရင်းမြစ်ကမ်း အနီးမှာ လူစခန်းတင်မက နွားစခန်း တခန်းကိုလည်း တွေ့မြင်ခဲ့ရပါသေးတယ်။ အဲဒီ ကိုရွှေနွား အသွေး အရောင်မျိုးစုံက ခွန်ထိုင်းတွေရဲ့ လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာ ဘယ်လိုမျိုး နေရာတွေကနေ အသုံးဝင်သလဲဆိုတာကိုတော့ မောင်ရင်ငတေ မသိပါဘူး။ မောင်ရင်ငတေသွားခဲ့တဲ့ ထိုင်းကာလမ်း ရထားလမ်းတွေ နဘေးမှာတော့ ဒီလို ကိုရွှေနွားတွေနဲ့ ထွန်ယက်စိုက်ပျိုးနေကြတာကို တခါဖူးမှ မတွေ့မြင်ခဲ့ဖူးတာကတော့ သေချာလှပါတယ်။

အဲဒီတော့ အဲဒီလို ဒေါနတောင်တန်းကြီးကို ခက်ခက်ခဲခဲ ပင်ပန်းစွာနဲ့ ကျော်ဖြတ်လာခဲ့ကြရတဲ့ အဲဒီ ကိုရွှေနွားတွေက ရှေ့ ဘယ်ခရီး ဘယ်လမ်းကို ဆက်ကြပါသလဲဆိုတာကို မောင်ရင်ငတေ သိချင်မိပေမယ့် မမေးမိခဲ့တော့ပါဘူး။ မောင်ရင်ငတေရဲ့ ရှေ့ခရီးလမ်း ချောမွေ့ပါစေလို့ စိတ်ထဲတွေးနေမိရသလို သူတို့တတွေလည်း ထပ်တူထပ်မျှ ရှိပါစေလို့သာ။

အဲဒီလိုနဲ့ သောင်ရင်းမြစ်ကမ်းတလျှောက် ဆယ်ကီလိုမီတာကျော်ခန့် အနီးကပ်ဆက်မောင်းလာပြီး ကားလမ်းနဲ့ သောင်ရင်း မြစ်ကြောင်းက လေးငါးခြောက်ကြိမ်မျှလောက် ပူးတုံ့ခွာချီနဲ့ ဆုံတွေ့ပါတယ်။

သောင်ရင်း (ဓါတ်ပုံ မရငတ)

မရောက်ခင် သုံးလေးလမျှ ဂူဂဲလ်မြေပုံပေါ်မှာ ကြိုတင်ရောက်ခဲ့တဲ့ သောင်းရင်းကမ်းနဘေးကိုတော့ ရောက်ဖူးခဲ့ပါပြီ။ နောက် ထပ် လည်း အချိန်ပေး အေးအေးဆေးဆေး ထပ်ရောက်ချင်ပါသေးတယ်။

အဲဒီနောက် သောင်ရင်းကို ကျောခိုင်းထွက်ခွာခဲ့ကြရပါပြီ။ မော်တော်ကားလမ်းက အရှေ့မြောက်ဘက်သို့ ခွဲထွက်သွားသလို သောင်ရင်းမြစ်ကြောင်းကတော့ အနောက်မြောက်ဘက်သို့ နှစ်နိုင်ငံနယ်ခြားစည်းအဖြစ် ဆက်လက်စုန်ဆင်းလို့သွားပြီး Yuam မြစ်နဲ့ပေါင်းဆုံ ထိုမှတဖန် သံလွင်မြစ်ကြီးနဲ့ ထပ်မံ၍ ပေါင်းဆုံ စီးဆင်းသွားပါတော့တယ်။

(မယ့်ဆောက်အလွန်က သောင်ရင်း) စာစုကို ဒီနေရာမှာ ခေတ္တရပ်နားပါမည်။ ကျေးဇူး အထူးတင်ပါတယ်ခင်ဗျာ။

မောင်ရင်ငတေ
၁၅၁၁၂၀၁၆ – ၁၈၁၂၂၀၁၆

မယ့်လစခန်း (ဓါတ်ပုံ မရငတ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခရီးသွား ဆောင်းပါး, မောင်ရင်ငတေ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

MoeMaKa Monthly July 2017 ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်