ဂါမဏိ ● ဗမာပြည်ရဲ့ ကရိုင်းမီးယားဆိုသည်မှာ…

April 17, 2017

ဂါမဏိ ● ဗမာပြည်ရဲ့ ကရိုင်းမီးယားဆိုသည်မှာ…

(မိုးမခ) ဧပြီ ၁၇၊ ၂၀၁၇

ဗမာပြည်မြောက်ပိုင်းမှာ စစ်ပွဲတွေ ပေါက်ကွဲလာပြီးနောက်မှာ၊ အထူးသဖြင့် ကိုးကန့်စစ်ပွဲ အပြင်းအထန် ဖြစ်လာပြီးနောက်မှာ ကိုးကန့်ဒေသ၊ ကချင်ဒေသ၊ ဝ ဒေသတွေဟာ ယူကရိန်းနိုင်ငံထဲက ရုရှားတွေ ဖဲ့ယူသွားတဲ့ ကရိုင်းမီးယားဒေသလို ဖြစ်လာ တော့မယ်ဆိုပြီး မင်းအောင်လှိုင်စစ်တပ်လော်ဘီတွေရော၊ တခြား ဒီမိုအရေခြုံဆရာကြီးတွေကရော သုံးသပ်ချက်တွေ အော် ချက်တွေထုတ်လာကြတာ တွေ့ရတယ်။ ဒါပေမဲ့ သူတို့ကို ကရိုင်းမီးယားအကြောင်းမေးရင်တော့ ဘာမှရေရေရာရာ ခြေခြေ မြစ်မြစ် ပြောနိုင်တာ မတွေ့ရဘူး။

ဒါကြောင့် ကရိုင်းမီးယားနောက်ခံသမိုင်းကြောင်းနဲ့ ဗမာပြည်က ကိုးကန့်၊ ဝ၊ ကချင် နောက်ခံသမိုင်းကြောင်းတွေကို သေ ချာလေ့လာဆန်းစစ်ပြီး နှိုင်းယှဉ်ကြည့်ဖို့လိုလာတယ်။

ဗမာပြည်က ပုဂံကို မွန်ဂိုတွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့အချိန်မှာ ကရိုင်းမီးယားကိုလည်း မွန်ဂိုဧကရာဇ် ဂျင်ဂျစ်ခန်နဲ့ သားမြေး တွေက သိမ်းပိုက်ခဲ့တယ်။ ဗမာပြည်မှာ ရှမ်းညီနောင်သုံးဦးရဲ့ အစွမ်းအစနဲ့ ရာသီဥတုကြောင့် မွန်ဂိုတွေ ၁၃၀၃ ခုလောက်မှာ ပြန်ဆုတ်သွားပေမဲ့ ကရိုင်းမီးယားကတော့ ၁၅၀၂ ခုနှစ်အထိ မွန်ဂိုလက်အောက်မှာ ရှိနေခဲ့တယ်။ အဲ့လိုသိမ်းထားတုန်းမှာဘဲ ၁၃၁၅ ခုလောက်မှာ မွန်ဂိုအုပ်ချုပ်သူလူတန်းစားတွေရော၊ ကရိုင်းမီးယားအပါအဝင် လက်အောက်ခံနိုင်ငံအချို့ပါ အစ္စလာမ် ဘာသာဝင်တွေဖြစ်လာခဲ့တယ်။ ဒါကြောင့် မွန်ဂိုအင်ပါယာပြိုကွဲပြီးနောက်မှာ ကရိုင်းမီးယားဒေသဟာ အော်တိုမန်တူရကီ အင်ပါယာရဲ့ အခြွေအရံနိုင်ငံလေး ဖြစ်သွားခဲ့တယ်။ အဲ့သလို အော်တိုမန်အင်ပါယာလက်အောက်ရောက်နေတုန်း ၁၅၇၁ ခုမှာ ကရိုင်းမီးယားတိုင်းရင်းသား တာတာလူမျိုးတွေဟာ ရုရှားမြို့တော် မော်စကိုကို စီးနင်းတိုက်ခိုက်ပြီး ကရင်မလင်နန်း တော်ကလွဲလို့ တမြို့လုံးကို မီးတိုက်ဖျက်ဆီးပစ်ခဲ့သေးတယ်။

ကရိုင်းမီးယားတာတာလူမျိုးတွေဟာ ၁၈ ရာစုကုန်ခါနီးအချိန်အထိ အော်တိုမန်အင်ပါယာထဲမှာ ကျွန်အရောင်းအဝယ် အ ကြီးအကျယ်လုပ်တဲ့လူတွေဖြစ်ခဲ့ပြီး ရုရှားလူမျိုးနဲ့ ယူကရိန်းလူမျိုး ၂ သန်းလောက်ကို ဖမ်းပြီးကျွန်ကုန်ကူးခဲ့တယ်။ ၁၇၈၃ ခုနှစ်ကျမှဘဲ ကရိုင်းမီးယားကို ရုရှားက သိမ်းပိုက်နိုင်ခဲ့တယ်။ ၁၉ ရာစု ထဲမှာတော့ ရုရှားကတဖက်၊ ပြင်သစ် အင်္ဂလိပ် တူရ ကီကတဖက် တိုက်ကြတဲ့ ၃ နှစ်ကြာ ကရိုင်းမီးယား စစ်ပွဲမှာ ရုရှားရှုံးပေမဲ့ ကရိုင်းမီးယားကိုတော့ ရုရှားလက်ထဲမှာဘဲ ထား ပေးခဲ့တယ်။

၁၉၁၇ ခုမှာ ရုရှားမှာ အောက်တိုဘာတော်လှန်ရေးဖြစ်ခဲ့ပြီး တပ်ဖြူတွေရဲ့ နောက်ဆုံးအခြေခံဒေသ ကရိုင်းမီးယားကိုတော့ ၁၉၂၀ ကျမှ တပ်နီတော်ကသိမ်းနိုင်ခဲ့တယ်။ ၁၉၂၁-၂၂ မှာ ကရိုင်းမီးယားဟာ ဆိုဗီယက်ပြည်ထောင်စုလက်အောက် ရုရှား ဖက်ဒရေးရှင်းထဲက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသမတနိုင်ငံဖြစ်လာတယ်။ ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၁ ကနေ ၁၉၄၄ အထိ ကရိုင်းမီးယားကို နာဇီဂျာမဏီ သိမ်းပိုက်ခဲ့တုန်းက အစ္စလာမ်ဘာသာဝင် တိုင်းရင်းသားတာတာလူမျိုးတွေဟာ နာဇီဖက်ဆစ် တွေနဲ့ ပေါင်းခဲ့တယ်လို့ ရုရှားကစွပ်စွဲပြီး စတာလင်ရဲ့အမိန့်နဲ့ တာတာလူမျိုး ၂ သိန်းခွဲကို ဥဇဘက်ကစ္စတန်ဒေသကို လူမျိုး လုံးကျွတ် နယ်နှင်ဒဏ်ပေးခဲ့တယ်။ တာတာတွေဟာ ၁၉၈၉ ခုနှစ်ကျမှ ကရိုင်းမီးယားကို လွတ်လပ်စွာပြန်လာခွင့်ရခဲ့တယ်။ ဒါပေမဲ့ တာတာလူဦးရေဟာ တချိန်က ကရိုင်းမီးယားဒေသ လူဦးရေရဲ့ ၅၀% ရှိခဲ့ရာက အခုဆို ၁၀% လောက်ဘဲရှိတော့တယ်၊ ရုရှားလူမျိုးတွေက ၇၀% ဖြစ်နေပြီး ယူကရိန်းလူမျိုးကတော့ ၁၅% လောက်ရှိနေတယ်။

၁၉၅၄ ခုမှာ ရုရှားခေါင်းဆောင် ခရူးရှက်ဗ်က ရုရှားပြည်နယ်ထဲပါဝင်တဲ့ ကရိုင်းမီးယားဒေသကို ယူကရိန်း ပြည်နယ်ဆီ လက် ဆောင်အဖြစ်လွှဲပြောင်းပေးလိုက်တယ်။ ၂၀၁၄ ခု ယူကရိန်းတော်လှန်ရေးမှာ ရုရှား သြဇာခံယူကရိန်းအစိုးရပြုတ်ကျသွားတော့ ကရိုင်းမီးယားကို ရုရှားက ပြန်သိမ်းသွင်းလိုက်တော့တယ်။ သမိုင်းကြောင်းနဲ့ လူဦးရေအချိုးအစားအပြင် သိမ်းချင်စရာတခြားအကြောင်းအချက်တချို့ကတော့ ကရိုင်းမီးယားဒေသဟာ ဆိုဗီယက်ခေတ်တလျှောက်လုံး ကွန်မြူနစ်ခေါင်းဆောင် တွေ၊ ဆိုရှယ်လစ်စံပြလုပ်သားတွေ၊ ရှေ့ဆောင်လူငယ်ကျောင်းသားလူရည်ချွန်တွေအတွက် ဇိမ်ခံရိပ်သာတွေ၊ အဓိက အပန်းဖြေစခန်းတွေ၊ အလုပ်သမားနန်းတော်တွေရှိခဲ့တာ၊ သိန်းနဲ့ချီတဲ့ ရုရှားကမ္ဘာလှည့်ခရီးသည်တွေ နှစ်တိုင်းသွားလည် တဲ့ အဓိကပင်လယ်နက်ကမ်းခြေ အပန်းဖြေစခန်းတွေ တည်ရှိခဲ့တာ၊ ကုန်သွယ်ပင်လယ်ဆိပ်ကမ်း ၁၂ ခု မကရှိတာတွေ ဖြစ်တယ်။

အခု ကရိုင်းမီးယားနဲ့နှိုင်းနေတဲ့ ကိုးကန့်ဒေသ ဗမာပြည်သမိုင်းမှာ ပါလာတာက တရုတ်နိုင်ငံက မင်မင်းဆက် ပြိုကွဲမှုနဲ့ တိုက် ရိုက်ပတ်သက်နေတယ်။ တပ်တွင်းပုန်ကန်မှု၊ လယ်သမားပုန်ကန်မှုတွေနဲ့ အရူးမီးဝိုင်းဖြစ်နေတဲ့ တရုတ်ဧကရာဇ်ဘုရင် ယုံလီကို မန်ချူးတိုင်းရင်းသားတွေက ပုန်ကန်ဖြုတ်ချလိုက်လို့ ၁၆၅၈ ခုမှာ ဗမာပြည်ထဲကိုထွက်ပြေးလာပြီး ပင်းတလဲမင်း ဆီမှာ လက်နက်ချ ခိုလှုံခွင့်တောင်းခဲ့တယ်။

ယုံလီကို စစ်ကိုင်းမှာ ထားပေးပေမဲ့ ယုံလှီရဲ့ လက်ကျန်စစ်ပြေးဓားပြတွေက မေမြို့၊ ပလိပ်၊ ပုဂံ၊ ကျောက်ဆည်၊ မိုးနဲတို့မှာ ထကြွသောင်းကျန်းပြီး တံတားဦး၊ အင်းဝကိုတောင် ခြိမ်းခြောက်လာလို့ ဗမာဘုရင်က ပေါ်တူဂီကြေးစားစစ်သားတွေ အကူ အညီနဲ့ ကာကွယ်ခဲ့ရတယ်။ အရည်အချင်းညံ့ဖျင်းတဲ့ ပင်းတလဲမင်းကိုလည်း ညီတော်ပြည်မင်းက အာဏာသိမ်းလိုက်ပြီး ရှမ်းစော်ဘွားတွေအကူအညီနဲ့ တရုတ်စစ်ပြေးတွေကို နှိမ်နင်းနိုင်ခဲ့တယ်။ ၁၆၆၂ ခုမှာ အင်အား ၂၀၀၀၀ ရှိတဲ့ မန်ချူးတပ်တွေ အင်းဝအထိလိုက်လာပြီး ယုံလီကို တောင်းလို့ ပြည်မင်းက မန်ချူးတွေလက်ထဲအပ်လိုက်တယ်။ မန်ချူးတွေက ယုံလီကို ယူနန်ပြည်နယ် ပြန်ခေါ်သွားပြီး ကွပ်မျက်လိုက်တယ်။ တရုတ်ပြည်မှာလဲ တရုတ် မင်မင်းဆက်ပြတ်သွားပြီး မန်ချူးလူမျိုးတွေ ရဲ့ ကျင်းမင်းဆက် စလာခဲ့တာ ၁၉၁၁ ခု ဆွန်ယက်ဆင်ရဲ့တော်လှန်ရေးနဲ့မှ ပြုတ်ကျသွားခဲ့တယ်။ (ဆင်ဖြူရှင် လက်ထက် စစ်တိုက်တာ တရုတ်တပ်တွေနဲ့ မဟုတ်ဘဲ မန်ချူးတပ်တွေနဲ့ ဖြစ်ပါတယ်။)

စစ်ကိုင်း မေမြို့ ကျောက်ဆည်ဝန်းကျင်မှာ သောင်းကျန်းနေတဲ့ တရုတ်စစ်ပြေးအားလုံးကို ပြည်မင်းက သတ်ပစ်လိုက်ပေမဲ့ မန်ချူးတွေရန်က ထွက်ပြေးလာတဲ့ ယုံလီရဲ့နောက်လိုက်တွေဟာ ရှမ်းပြည်မှာလဲ ကျန်နေသေးတယ်။ ပန်းသေးတရုတ် တိုက်ခုန်းခုန်းနဲ့ ဗုဒ္ဓဘာသာဝင်တရုတ် ချိန်ရှမ်းတုန်း ခေါင်းဆောင်တဲ့ ယုံလီနောက်လိုက်တွေဟာ ယုံလီမရှိတော့ပေမဲ့လဲ မန်ချူးတွေအုပ်ချုပ်နေတဲ့ တရုတ်ပြည်ကို ပြန်မသွားချင်လို့ ဗမာဘုရင်ဆီမှာ နေစရာနယ်မြေအသနားခံတော့ ကိုးကန့်ဒေ သမှာ အခြေစိုက်ခွင့်ပေးလိုက်တယ်။ ဒါ့ကြောင့် ကိုးကန့်ဒေသနဲ့ ကိုးကန့်တရုတ်လူမျိုးသမိုင်းဟာ ၁၆၆၂ ခုက စခဲ့တာလို့ ပြောနိုင်တယ်။

ကိုးကန့်ဒေသဟာ သဘာဝသယံဇာတမရှိ၊ မြေပြန့်နည်းပြီး စပါးတောင်ကောင်းကောင်းမဖြစ်ထွန်းလို့ ဘိန်း စိုက်ပျိုးရေးကို ပိုအားထားရတဲ့ နေရာဖြစ်တယ်။ ဗမာပြည်ဘက်မှာနာမယ်ကြီးတဲ့ တခြားထွက်ကုန်ဆိုလို့ ကိုးကန့်လဖက်ခြောက်ဘဲ ရှိတယ်။ ပြည်မကဗမာလူမျိုးတွေလဲ အခုနောက်ပိုင်းကျမှ ကြံခုတ်ဖို့ ရောက်လာ တာ ဆယ်နှစ်မပြည့်သေးပါဘူး။

ဗမာပြည်ရဲ့ကရိုင်းမီးယားလို့ ဘူမသိကိုးမသိသမားတွေက ထပ်ပြောနေကြတဲ့ ကချင်နဲ့ ဝ တွေဟာ နယ်စပ် နှစ်ဖက်စလုံးမှာ ရှိနေပြီး ၁၈ ရာစု ၁၉ ရာစုတွေမှာ ရွှေ့ပြောင်းစိမ့်ဝင်နေကြဆဲ ဖြစ်တယ်။ အင်္ဂလိပ်သိမ်းလိုက်တော့မှ ရွှေ့ပြောင်းမှုတွေတန့် သွားခဲ့တယ်။ နယ်ချဲ့အင်္ဂလိပ်ဟာ နယ်နိမိတ်တွေကို လက်နက်အားကိုးနဲ့ အနိုင်ကျင့်ပြီး စိတ်ကြိုက်ဆွဲခဲ့တယ်လို့ ချန်ကေ ရှိတ်တရုတ်ဖြူရော မော်စီတုန်းတရုတ်နီရော တောက်လျှောက်မကျေမနပ်ဖြစ်နေခဲ့တယ်။

ဗမာပြည်ကို အင်္ဂလိပ်သိမ်းပြီးတော့ ၁၈၉၄ လန်ဒန်စာချုပ်အရ သိန္နီမြောက်ခြမ်း၊ ကိုးကန့်၊ မုန်းလင်မ်၊ ကျိုင်းဟုံ (စစ်ဆောင် ပနား) တို့ကို အင်္ဂလိပ်က တရုတ်ကိုပေးလိုက်တယ်။ (ယိုးဒယားကိုလဲ ကျိုင်းသေဉ် ပေးလိုက်တယ်။) တရုတ်က အင်္ဂလိပ်ကို ယုန်ချန်း (ရာဇဝင်မှာ နာမယ်ကြီးခဲ့တဲ့ ငဆောင်းချမ်း) နဲ့ တိန်ယွင် ပြန်ပေးတယ်။ ၁၈၉၇ ပီကင်းသဘောတူချက်မှာတော့ သိန္နီမြောက်ခြမ်းနဲ့ ကိုးကန့်ကို အင်္ဂလိပ်ပိုင်ဗမာပြည် ထဲ ပြန်ထည့်လိုက်တယ်။ ရာဇဝင်အဆက်ဆက်မှာ ရှမ်းပြည်ထဲပါခဲ့တဲ့ စစ်ဆောင်ပနား-ကျိုင်းရုံးကြီး၊ မုန်းလင်မ်နဲ့ ကျိုင်းသေဉ်တို့ဟာ ရှမ်းပြည်ကပဲ့ပါသွားခဲ့ပေမဲ့ ဗမာပြည်လွတ်လပ်ရေး အစိုးရ အဆက်ဆက်က ပြန်ရဖို့ မစဉ်းစားခဲ့ပါဘူး။ ကောင်းကွက်ကတော့ အခုဗမာပြည်ထဲကျန်တဲ့ ရှမ်းနယ်တွေထက် ပိုတိုးတက်ဖွံ့ ဖြိုးနေပြီဖြစ်တယ်။

သံလွင်မြစ်အထိအကျုံးဝင်တဲ့ ဝ နယ်နဲ့ပတ်သက်လို့ သဘောတူချက်မရခဲ့ဘဲ နှစ်ဖက်စလုံးက သူပိုင်ကိုယ် ပိုင်ငြင်းနေခဲ့တယ်။ ကချင်ပြည်တခုလုံးကို အင်္ဂလိပ်သိမ်းထားတာလဲ တရုတ်ကလက်မခံခဲ့ဘဲ ကချင်ပြည် မြောက်ခြမ်းက ပူတာအို (ခမ်းတီးလုံ) နယ်၊ ဆွမ်ပရာဘုံနယ်၊ ရဝမ်-လီဆူနယ်တွေကို တရုတ်ပိုင်နယ်မြေအဖြစ် တောင်းနေခဲ့တယ်။ အင်္ဂလိပ်တပ်တွေ ၁၉၁၃ ခုကျမှ ပူတာအိုဒေသ နဲ့ ဖိမော်-ဂမ်လန်-ကမ်ဖန်နယ် တွေကို ဝင်သိမ်းတဲ့အခါ တရုတ်ပြည်မှာ အင်္ဂလိပ်ကိုဆန္ဒပြပွဲတွေဖြစ်ခဲ့သေးတယ်။ (တရုတ်ဝန်ကြီးချုပ်ဖြစ် လာမယ့် ချိုအင်လိုင်းတောင် ဆန္ဒပြပွဲမှာ ပါခဲ့တယ်လို့ဆိုတယ်။)

ဒီ အငြင်းပွားနေတဲ့ ဝ နယ်နဲ့ ကချင်နယ်တွေကို ၁၉၆၀ ခု ဘဘစစ်ဆင်ရေးနဲ့ တရားဝင်တရုတ်-ဗမာ နယ်နိမိတ် အပြီးအပြတ် သတ်မှတ်ခဲ့တယ်။ ဝန်ကြီးချုပ်ဦးနုကစခဲ့ပြီး ဗိုလ်ချုပ်နေဝင်းကအပြီးသတ်ခဲ့တဲ့ နယ်နိမိတ်တိုင်းတာ သတ်မှတ်မှုမှာတော့ တရုတ်နိုင်ငံဟာ ဟူးကောင်းတောင်ကြားအပါအဝင် မြစ်ဆုံအထက်ဖက် ကချင်ပြည်တခြမ်းလုံးနဲ့ ဝ ဒေသတခုလုံးအပေါ် တောင်းဆိုမှုတွေ စွန့်လွှတ်လိုက်တယ်။ ဗန်းမော် အရှေ့တောင်ဘက်နား ရှမ်း-ကချင်နယ်စပ်မှာ အင်္ဂလိပ်က တရုတ်ဆီက ၁၈၉၇ ခု စာချုပ်နဲ့ ‘ထာဝရငှားယူ’ ထားတဲ့ နမ့်ဝမ်အငှားနယ် (၈၅ စတုရန်းမိုင်) ဆိုတာကိုတော့ ဗမာဘက်က အပိုင်ရ လိုက်တယ်။ ဗမာဘက် ကပေးလိုက်ရတာက ကချင်ပြည်မှာ ဖိမော်-ဂေါ်လမ်-ကမ်ဖန် နယ်သုံးနယ် (၅၉ စတုရန်း မိုင်) နဲ့ ဝ ဒေသထဲက ပန်ဟုန်း-ပန်လောင်နယ် (၇၃ စတုရန်းမိုင်) ဖြစ်တယ်။

တရုတ်က ကချင်မြောက်ခြမ်းနဲ့ ဝ နယ်ကို တောင်းဆိုမှုစွန့်လွှတ်လိုက်တဲ့အတွက် ဗမာအစိုးရက တရုတ်နီ တပ်တွေ ဗမာပြည် ထဲဝင်ပြီး ကူမင်တန်ကို လိုက်တိုက်ခွင့်ပေးလိုက်ရတယ်။ မိုင်းတုံ-မိုင်းဆတ်ဘက်က ကူမင်တန်တပ်တွေကို ၁၉၅၄-၅၅ ခုနှစ်မှာ ဗိုလ်ကျော်ဇောဦးစီးတဲ့ ဗမာ့တပ်မတော်က ဘုရင့်နောင်စစ်ဆင်ရေး၊ ရန်ကြီးအောင်စစ်ဆင်ရေးတွေနဲ့ တိုက်ထုတ်နိုင် ခဲ့ပေမဲ့ တရုတ်ဖြူတပ် တသောင်းလောက်ဟာ ကျိုင်းတုံ-တာချီလိတ်အရှေ့ဘက်မှာ အခြေစိုက်နေဆဲဖြစ်တယ်။ ဒါကြောင့် တရုတ်နီတပ်တွေက ၁၉၆၀-၆၁ မှာ ဗမာပြည်ထဲဝင်ပြီး မဲခေါင်မြစ်ကမ်းက တရုတ်ဖြူတွေရဲ့ မိုင်းပါလျှို-ကျိုင်းလတ် အခိုင် အမာစခန်းကြီး တွေအထိ တိုက်ခိုက်သိမ်းပိုက်ပြီး တရုတ်ဖြူတွေကို ယိုးဒယားနိုင်ငံနဲ့ လောနိုင်ငံထဲ အပြီးအပိုင်မောင်း ထုတ်ခဲ့တယ်။ ဒီစစ်ဆင်ရေးမှာ ဗမာစစ်တပ်တွေလဲ လမ်းပြသဘောမျိုးအထောက်အကူပါပေမဲ့ အဓိက တိုက်အားက တရုတ်ပြည် သူ့လွတ်မြောက်ရေးတပ်မတော် ဖြစ်တယ်။ ဗမာစစ်တပ်ကလေသူရဲ ဗိုလ်ပီတာ ကတော့ နာမယ်ကြီးသွားခဲ့ပြီး ကုလသမဂ္ဂကိုတိုင်ဖို့ အချက်အလက်ရသွားခဲ့ပေမဲ့ တရုတ်နီတပ်အင်အား နှစ်သောင်းလောက် နယ်နိမိတ်တိုင်းတာရေးအကြောင်းပြချက်နဲ့ ဗမာနယ်ထဲဝင်တိုက်တဲ့ကိစ္စကိုတော့ ဖုံးဖိပေးခဲ့တယ်။ တရုတ်နီတပ်တွေဟာ မဲခေါင်စစ်ဆင်ရေးပြီးတော့ ၁၉၆၁ ဖေဖော်ဝါရီလဆန်းမှာ အားလုံး တရုတ်ပြည်ကို ပြန်ဆုတ်သွားကြတယ်။

တရုတ်-ဗမာစာချုပ်အရ ကချင်ဘက်မှာ နယ်နိမိတ်ကို ဧရာဝတီမြစ်နဲ့ သံလွင်မြစ်ကြား ရေဝေရေလဲကြော အတိုင်း ယေဘုယျ သတ်မှတ်ပေမဲ့ တရုတ်ကိုပေးလိုက်ရတဲ့ ဖိမော်နယ်သုံးနယ်ကတော့ ရေဝေကြော အောက်ဗမာဘက်ခြမ်းမှာ ရောက်နေ တယ်။ ကိုးကန့်နယ်ကတော့ အငြင်းပွားမှုထဲမှာမပါဘဲ ဗမာပြည် ပိုင်နက်အဖြစ် ၁၈၉၇ ကတည်းက နှစ်ဖက်သဘောတူ ထားပြီးဖြစ်တယ်။ ၁၉၆၀ နယ်နိမိတ်သတ်မှတ်ချက်ဟာ နိုင်ငံတကာဥပဒေတွေနဲ့လုပ်တာဖြစ်လို့ ဘင်္ဂလားဒေ့ရှ်နဲ့ဖြစ်တဲ့ စိန့်မာတင်ကျွန်းပြဿနာလို အပြီး အပြတ် သဘောဆောင်တယ်။ ပြင်လို့ မလွယ်တော့ပါ။ တရုတ်နဲ့ ကုန်း-ပင်လယ် နယ်ချင်း စပ်နေတဲ့ အိမ်နီး ချင်း ၁၈ နိုင်ငံထဲမှာ ဗမာနဲ့နယ်နိမိတ်သဘောတူချက်ကို ပထမဆုံးလုပ်နိုင်ခဲ့တာဖြစ်ပြီး အခုအချိန်ထိလဲ တရုတ်နဲ့ နယ်နိမိတ်ကိစ္စမပြေလည်သေးတဲ့ အိန္ဒိယ၊ ဖိလိပိုင်၊ ဂျပန် တို့လို အိမ်နီးချင်းနိုင်ငံတချို့ ကျန်နေ သေးလို့ တရုတ်အတွက် နိုင်ငံတကာကိုပြစားဖို့လဲ အရေးပါ လိုအပ်နေပါတယ်။

ဒီဘက်ခေတ် တရုတ်-ဗမာ အတွေ့အကြုံဖြစ်ဖြစ်၊ နိုင်ငံတကာအတွေ့အကြုံဖြစ်ဖြစ် ကြည့်ရင်လဲ ဘေးနိုင်ငံက နယ်မြေ အစိတ်အပိုင်းကို ဖဲ့ယူတာထက် ဘေးနိုင်ငံအစိုးရကို သွေးထွက်သံယိုမရှိဘဲ ကိုယ့်လက်အောက်ရောက်အောင် ခြောက်လှန့် ကျွေးမွေးပြီး တပည့်မွေးတာက ပိုကိုက်တဲ့နည်းဖြစ်နေတယ်။ (ဒါကို နိုင်ငံတကာဆက်ဆံရေးမှာ Finlandization လို့ ခေါ်ပါ တယ်။) တရုတ်ဟာ ၁၉၈၈ မတိုင်မီကာလက ဗကပကို မွေးခဲ့တာထက် ၁၉၈၈ နောက်ပိုင်း နဝတ-နအဖ-ဗမာစစ်တပ်-ကြံ့ဖွတ်ကိုမွေးတာ ပိုအလုပ်ဖြစ်ကြောင်းလဲ တွေ့ခဲ့ပြီးဖြစ်တယ်။

ဒါ့ကြောင့် သမိုင်းကြောင်းအရ၊ ပထဝီအနေအထားအရ၊ နိုင်ငံရေးအရကြည့်ရင် ဗမာပြည်ရဲ့ ကရိုင်းမီးယားဟာ ကိုးကန့်ဒေသ၊ ကချင်ဒေသ၊ ဝ ဒေသတွေ မဟုတ်ဘဲ ဗမာစစ်တပ်နဲ့ ကြံ့ဖွတ်ပါတီသာ ဖြစ်နေပါတယ်။

ဂါမဏိ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဂါမဏိ, သူတို့အာဘော်

One Response to ဂါမဏိ ● ဗမာပြည်ရဲ့ ကရိုင်းမီးယားဆိုသည်မှာ…

  1. Zarni Gyi on April 20, 2017 at 10:22 pm

    တိုင်ပတ်နေဦးမှာလားကွယ်. ငြိမ်းချမ်းရေးရယ်…… တရုပ်မြန်မာ နဲ့ငြိမ်းချမ်းရေးခရီးမှာ သမိုင်းဖြစ်ရပ်တွေကလည်း အလွန်အရေးကြီးလှပါတယ်။ မွန်ဂိုများ တရုပ်ပြည်နဲ့ဥရောပ၊ ရုရှားကရိုင်းမီးယားအထိ အောင်နိုင်ခဲ့ပုံ ..များနဲ့ ကိုးကန့်ဒေသကို မြန်မာများ ပိုင်ဆိုင်ခဲ့ပုံ သမိုင်းများ…ဂါမဏိပြုစုထားတဲ့ ဆောင်းပါးတိုကို ငြိမ်းချမ်းရေးပါ၀င်သူများ ဖတ်ကြည့်စေချင်ပါတယ်။
    ဗမာပြည်ရဲ့ ကရိုင်းမီးယားဆိုသည်မှာ…တဲ့။
    .
    နောက်တခုက ရခိုင် နဲ့ တနင်္သာရီ .. စစ်သူကြီးမဟာဗန္ဒူလ ရခိုင်ကိုအောင်နိုင်ခဲ့ပါတယ်။ တနင်္သာရီ၊ မဏိပူရ၊ကသဲ၊မီဇို၊ နာဂဒေသ တွေကို အံ့သြဘွယ်အောင်နိုင်ခဲ့ပါတယ်။ ရခိုင်နဲ့တနင်္သာရီ က ပြန်လည်တော်လှန်ဖို့လုပ်နေစဉ်မှာ မြန်မာထက် အဆများစွာသာလွန်အင်အားကြီးလှတဲ့ အင်္ဂလိပ်က ၁၈၂၄ မှာ မြန်မာကို စစ်မြူခဲ့ပါတယ်။ ကိုယ့်စစ်အင်အားကို ဟုတ်လှချည်ထင်နေတဲ့ မြန်မာဘုရင်က အင်္ဂလိပ်ကို အံတုတိုက်ခိုက်တော့ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲ မြန်မာရှုံးပြီး.. ရခိုင်နဲ့တနင်္သာရီ ဒေသများကို အင်္ဂလိပ်ရဲ့ သိမ်းပိုက်ခြင်းခံခဲ့ရတယ်။ ရခိုင်နဲ့တနင်္သာရီ ဒေသခံများက အင်အားကြီးလှတဲ့
    အင်္ဂလိပ်ကိုတော့ မတော်လှန်နိုင်တော့ပါ။
    .
    နှစ်ပေါင်း ၁၂၄နှစ် အကြာ၊ ၁၉၄၈ မြန်မာလွတ်လပ်ရေးရတော့ ရခိုင်၊တနင်္သာရီတို့ မြန်မာလက်အောက် အပြီးအပိုင် ဖြစ်သွားသလို၊ အာသံ၊ မဏိပူရ၊ မီဇို၊ နာဂ ဒေသများလည်း အိန္နိယလက်အောက ် အပြီးရောက်သွားပါတယ်။
    .
    မြန်မာ့သမိုင်းပါ။

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်