ရွှေကူမေနှင်း – ကျောက်တုံးရွာကလေး

April 18, 2017

ရွှေကူမေနှင်း – ကျောက်တုံးရွာကလေး
(မြန်မာသံတော်ဆင့်၊ ဧပြီ ၁၊ ၂၀၁၇) မိုးမခ၊ ဧပြီ ၁၈၊ ၂၀၁၇

မေရီလန်းပြည်နယ်ရှိ ရော့ခ်ဗီးလ်ဆိုသော ရွာကလေးသည် ကျမတို့မြန်မာများကို အေးချမ်းစွာထွေးပွေ့ထားလေသည်။ ရော့ခ်ဗီးလ်အမည်၏ အဓိပ္ပါယ်ကိုယ်တိုင်က ကျောက်ဆောင်ကျောက်တုံးများရှိသော ရွာဟု ဆိုလိုဟန်တူပါ၏။ နေအိမ်ကျဲကျဲများ အနီး သဘာဝကျောက်တုံးများကို တွေ့နေဆဲ့ဖစ်၏။ လမ်းမကြီးဘေးနှစ်ဘက်လမ်းနှင့် ခပ်ဝေးဝေး။ လမ်းနယ်သတ်မှတ်ထားသည်ဆိုသော်လည်း ခြံစည်းရိုး၊ ခြံဝင်း၊ အုတ်တံတိုင်းခတ်ခွင့် မရှိဟု ဆိုသည်။ သဘာဝအတိုင်း မြက်ခင်းများ စိုက်ထားရသည်။ အိမ်ကလေးများက ရှေးဆန်ပြီး ဒဏ္ဍာရီဆန်သည်။ အမိုးချွန်ချွန်နှင့် တထပ်တိုက်ကလေးများဟု ထင်ရသော်လည်း အထဲမှာက ၂ထပ်ဖြစ်အောင် အခန်းဖွဲ့ထားကြသဖြင့် အနေချောင်သည်။

ဤရော့ခ်ဗီးလ်ရွာကလေးတွင် ဒါရိုက်တာဝင်းဖေ အရင်ဆုံးအခြေချနေထိုင်ခဲ့သည်ဟု သိရ၏။ ယခု ဆရာက မြန်မာပြည်ပြန်နေသည်။ ဆရာ့သမီး အဆိုတော်မီမီဝင်းဖေက ကျန်းမာရေးဆေးကုသနေသည်။ ကျမတို့ သွားတွေ့ အားပေးချင်သော်လည်း ဆေးခန်းပြနေချိန်ဟု သိရသဖြင့် အနှောက်အယှက် မပေးခဲ့တော့ပါ။ ဤရွာကလေးမှာ အများစု မြန်မာများအပြင် မြန်မာ့နိုင်ငံရေးသမိုင်းတွင် အရေးကြီးသောအခန်းမှ တိုက်ပွဲဝင်ခဲ့သူတဦးလည်း ရှိနေသည်။ ထိုသူကား အခြားမဟုတ် … ‘အဝေးရောက်အစိုးရအဖွဲ့၏ ခေါင်းဆော် ၀န်ကြီးချုပ် ဒေါက်တာစိန်ဝင်း’ ဖြစ်ပါ၏။

ရွကလေးမှာ စာပေပွဲ ၃ ပွဲ လုပ်ဖြစ်ခဲ့သည်။ ဒေါက်တာစိန်ဝင်းက ပွဲတိုင်းကို တက်ရောက်ခဲ့သည်။ လူအများကြားတွင် ဘာမျှဝင်မပြောဘဲ ပြုံးပြုံးကြီးသာနေတတ်သည်။ ဆရာ့ဇနီး ဆရာမ ဒေါ်စီစီကတော့ ကျမတို့အား နွေးထွေးစွာ အတွင်းရေးအပြင်ရေး ပြောပါသည်။ ဆရာက သားကလေးတယောက်ကို ခေါ်လိုက်ပြီး ‘ဒီရောက်မှ မွေးတာလေ” ဟု မိတ်ဆက်ပေးသည်။ သားကလေးပင် အတော်ကြီလှပြီပဲကိုး။ ‘ဆရာပြန်လာပါ” ဟု ကျမက ပြောတော့ ဆရာက ပြုံးပြုံးကြီးဖြင့်သာ တုံ့ပြန်လေသည်။

နောက်ဆုံးပွဲအဖြစ် VOA ဦးသိန်းထိုက်ဦးအိမ်ကျမှ ဆရာနှင့် ကျမ သီးသန့်စကား ပြောဖြစ်သည်။ ဆရာ့ရင်တွင်းဆန္ဒကို သိရသည်။ ၁၉၉၀တုန်းက ဆရာသည် ပဲခူးတိုင်း အနောက်ဘက်ခြမ်းရှိ နာမည်ကျော် ‘ပေါက်ခေါင်းမြို့’ တွင် အရွေးခံခဲ့ရသူဖြစ်၏။ ၁၉၉၀ မေ ၂၇ မှာ ရွေးကောက်ပွဲ အနိုင်ရခဲ့ပြီး ၁၉၉၀ နိုဝင်ဘာမှာ ကစဥ့်ကလျားဖမ်းဆီး ချုပ်နှောင် တိမ်းရှောင် ထွက်ပြေးကြရတော့ ဆရာက ပြည်ပသို့ အောင်မြင်စွာ စုစည်းထွက်သွားနိုင်ခဲ့၏။ အဝေးရောက်မြန်မာအစိုးရအဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့၏။ ဆရာနှင့်အတူ  ၁၉၉၀ ရွေးကောက်ခံအမတ်များသည် အစိုးရအဖွဲ့အဖြစ် ဖွဲ့စည်းပြီး ပြည်ပမှနေ၍ မြန်မာဒီမိုကရေစီတိုက်ပွဲအတွက် ဦးဆောင်တိုက်ခိုက်ခဲ့သည်။ ၂၀၁၅ အရပ်သားအစိုးရဖွဲ့နိုင်သော အခါကျမှ ဆရာက သူဦးဆောင်ဖွဲ့စည်းခဲ့သော အစိုးရအဖွဲ့ကို ဖျက်သိမ်းပေးခဲ့သည်။ ဆရာ ဘာဆက်လုပ်မည်လဲ …။

ဆရာက ကျမအား စကားများများ မပြောခဲ့ပေ။ ကျစ်လစ်သိပ်သည်းစွာသာ ပြောသည်။ ကျမက စိတ်မချမ်းသာစွာ နားထောင်သည်။ အမေရိကမှာ ကျမတို့ ရဲဘော် ၁၉၉၀ အမတ်များ ရှိနေကြဆဲဖြစ်သည်။ ပြန်လာကြပြီး တာဝန်အသီးသီးယူကြချင် ဘယ်လောက်ကောင်းမည်လဲဟု ကျမက စိတ်ကူးယဉ်ခဲ့ဖူးသည်။ သို့သော် ဆရာတို့ မပြန်နိုင်သေး။ အကန့်အသတ်များ ရှိနေသည်။ ကျမက စိတ်မချမ်းမြေ့မှုကို စာနှင့်ပင် ရေးမပြချင်။

ကျောက်တုံးရွာကလေးမှာ တွေ့ရသူများအနက် ထိုင်းဒုက္ခသည်စခန်းမှာ ဖူးစာဆုံခဲ့ကြသူများလည်း ပါသည်။ အကြောင်းအမျိုးမျိုးကြောင့် တိုင်းပြည်က ထွက်ပြေးကာ ဒုက္ခသည်စခန်းမှာ ဒုက္ခဆက်ခံကြရသည်။ တတိယနိုင်ငံသို့ ရောက်ဖို့ ကြိုးစားကြသည်။ ထို့သို့ ဒုက္ခတွင်း ရုန်းကန်ရင်း အိမ်ထောင်ကျခဲ့ကြသော စုံတွဲမျိုးဖြစ်၏။ ယခုတော့ ကျောက်တုံးရွာကလေးမှာ အိမ်ရာအခြေတကျနှင့် အလုပ်အကိုင်နှင့် သူတို့ဘ၀ကို နှစ်မြုပ်လိုက်ကြပြီ။ ဘယတော့ ပြန်လာကြမလဲဟု ကျမ မေးမကြည့်တော့ပါ။

RFA မှာ အလုပ်လုပ်သော ၀န်ထမ်းမြန်မာတွေ ကျောက်တုံးရွာကလေးမှာ အိမ်ငှားနေကြသည်။ အိမ်ဝယ်နေကြသည်။ ရုံးချိန်က မနက် ၄ နာရီ ဖြစ်သည်။ သည်တော့ သူတို့စုပြီး နံနက် ၃ နာရီခွဲကတည်းက ဒီစီသို့ သွားကြရ၏။ ကားနာရီဝက်ခန့် မောင်းရသည်။ ကားတစီးတည်း စုစီးကြသည်။ ဒီနေ့ ဘယ်သူ့ကား၊ နောက်နေ့ နောက်တယောက်ကားပေါ့။ ခုတော့ အချိန်နောက်ဆုတ်ပေးလိုက်သဖြင့် မြေအောက်ရထားနှင့် သွားနိုင်ကြပြီ။ ကျမတို့ မြန်မာလူမျိုးတိုင်း မနက်လင်းသည်နှင့် ဓာတ်ခဲရေဒီယို ကိုယ်စီဖွင့်ကာ VOA, RFA, BBC နံနက်ပိုင်းသတင်းများကို စွဲစွဲမက်မက် နားထောင်ခဲ့ကြရသည်။ အင်တာနက်မပေါ်သေးစဉ်မို့ ရေဒီယိုသာ အားထားရာ ဖြစ်ခဲ့သည်။ ထိုသို့ မြန်မာသောတရှင်များကို ခွန်အားပေးခဲ့ကြသော အသံလွှင့်သမားများကား ဤမျှ ကြိုးစားခဲ့ကြပါလားဟု တွေးရင်း မြန်မာ့ဒီမိုကရေစီတိုက်ပွဲတွင် ရေဒီယိုသမားများက ရှေ့တန်းမှ တာဝန်ကျေခဲ့ကြောင်း မှတ်တမ်းပြုကြရပါမည်။

RFA ၀န်ထမ်းတဦးဖြစ်သော စာရေးဆရာ၊ ကဗျာဆရာ မောင်သစ်ဆင်းအိမ်မှာ စာပေပွဲတပွဲ လုပ်ဖြစ်၏။ သူတို့အားလုံးအတွက် မောင်သစ်ဆင်းဇနီးက တာဝန်ယူချက်ပြုတ်သည်။ ကျမလည်း ဟင်းတမျိုးချက်မည်ဟု အဆိုပြုကာ စောစောသွားပြီး ချက်၏။ ဟင်းအိုးကြီးကြီး မီးဖိုကြီးကြီးတွေမို့ မေးကြည့်ရာ မြန်မာဟင်းချက်ရောင်းဖူးကြောင်း သိရပါသည်။ မြန်မာအချင်းချင်း ဖုန်းဖြင့် မှာယူကြကြောင်း၊ အော်ဒါလည်း ချက်ကြောင်း ပြောပြ၏။ အမေရိကရောက် ဇနီးများလည်း ဇိမ်ကျကျ မနေရပါလား။ (ဒေါက်တာစိန်ဝင်းဇနီးလည်း မုန့်လုပ်သော စက်ရုံတခုမှာ အလုပ်ဆင်းသည်ဟု သိရသည်။)

VOA မှာ အလုပ်လုပ်သော ကိုဥာဏ်ဝင်းအောင်၏ဇနီးဆိုလျင် တက္ကစီမောင်း၏။ ရုတ်တရက်ကြည့်လျင် ဘောင်းဘီနှင့် ဦးထုပ်နှင့်မို့ ယောက်ျားဒရိုင်ဘာဟု ထင်ရသည်။ ကာမောင်းပုံဟန်ပန်ကလည်း ယောက်ျားတဦး၏ ဟန်ပန်များ ဖြစ်နေသည်။ သူတို့သားသမီးတွေကို ပညာကောင်းကောင်းသင်ပေးဖို့အတွက် အဖေရော အမေရော အလုပ် ၂မျိုး ၃မျိုး လုပ်နေရခြင်း ဖြစ်၏။

မောင်သစ်ဆင်းဇနီး မနီလာ ပြောပြသောစကားတခုမှာ ရယ်စရာမဟုတ် ကြေကွဲဖွယ်ဖြစ်၏။ ထိုစကားမှာ – “အိမ်တအိမ်မှာ ကားဘယ်နှစီး ရပ်ထားသလဲကြည့်လိုက်၊ ကားများများ ရှိတဲ့အိမ်ဟာ ဆင်းရဲသားပဲ” တဲ့။

ရုတ်တရက်သော် နားလည်နိုင်စရာ မဟုတ်ပါ။ သူရှင်းပြလိုက်တော့မှ သဘောပေါက်ရသည်။ ဆင်းရဲသဖြင့် အိမ်သားအားလုံး အပြင်ထွက်အလုပ်လုပ်ရကြောင်း၊ အလုပ်သွားဖို့ ကားလိုကြောင်း၊ တယောက် ကားတစီး ၀ယ်ရကြောင်း၊ ထို့ကြောင့် ကားများများရှိသောအိမ်မှာ အလုပ်လုပ်သူများများ ရှိသဖြင့် ဆင်းရဲ၍ဟု အဖြေထွက်လေသည်။

အမရိကမှာ ကားနှင့်အိမ်ကို အရစ်ကျဖြင့် ၀ယ်၍လွယ်ကူ၏။ သို့သော် ၀ယ်ပြီးသည်နှင့် အကြွေးအရစ်ကျ ဆပ်ရတော့ရာ အကြွေးဆပ်နိုင်ဖို့ မကျေမချင်း အလုပ်မထွက်နိုင်တော့ပေ။ မြန်မာပြည်ပြန်ဖို့ ဘယ်မှာ စိတ်ကူးနိုင်တော့မည်လဲ။ တကယ်တော့ ဤအိမ်ကလေးများကို ဒုတိယကမ္ဘာစစ်နောက်ပိုင်း စစ်ပြန်များကို နေရာချထားပေးခဲ့သည်ဟု သိရ၏။ အရောက်ကို အဖြူနှင့် မီးခိုးဖျော့ဖျော့ပဲ သုတ်စေသဖြင့် အားလုံး ဆင်တူနေခြင်း ဖြစ်သည်။ မူလအိမ်များကို ခွဲစိတ်ရောင်းချခြင်း မပြုရ။ အသစ်ပြင်ဆောက်ခြင်း မပြုရ။ အတွင်းမှာသာ ပြင်နိုင်သည်။ ထို့ကြောင့် ရွာကလေးသည် မူလအတိုင်း အသွင်မပြောင်းခြင်း ဖြစ်နေလေသည်။

အေးချမ်းငြိမ်သက်မှုကို ရွာကလေးက မြတ်နိုးစွာထိန်းထားရင်း မြို့ရွာ၏ လိုအပ်ချက်ဖြစ်သော ကျောင်း ဈေးတို့ကိုလည်း အနီးအနားမှာ ဖန်တီးပေးထားသည်။ နေချင့်စဖွယ်ကောင်းလွန်းသဖြင့် ဤလိုအိမ်မျိုး ၀ယ်ထားပြီး နွေရာသီကျလျင် အပန်းဖြေလာရောက်နေချင်သည်ဟု ပြောဖြစ်သေးသည်။ ‘၀ယ်ပါလား၊ ၃ သိန်းဆိ ရပြီ’ ဟု ဆို၏။ ဒေါ်လာ ၃ သိန်းပေါ့။

ရွာကလေးမှာ ပြုလုပ်သော စာပေပွဲများသို့ ကျမစာအုပ်များများ မပါတော့ပါ။ ရွာမှ လူကြီး၊ လူငယ်၊ လူလတ် အရွယ် ၃ မျိုး ရှင်သန်နေသည်။ ကလေးတွေကို ဆရာမ မေငြိမ်းက မြန်မာစာသင်ပေးနေသည်။ သူတို့ကို စာအုပ်တွေ ပေးချင်လှ၏။ စာအုပ်က မဝေငှလောက်တော့ပါ။ ထို့ကြောင့် မဲဖောက်ရသည်။ မဲပေါက်၍ ပျော်ရွှင်သွားကြသော အမေရိကရောက် မြန်မာများ၏ မျက်နှာက ပီတိရွှန်းဝေနေသည်။

ရော့ခ်ဗီးလ် ဆိုသော ကျောက်တုံးရွာကလေးသို့ အိပ်မက်ထဲမှာဖြစ်ဖြစ် နောက်ထပ်သွားချင်ပါသေးသည်။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခရီးသွား ဆောင်းပါး, ရေခြားမြေခြား မြန်မာများ, ရွှေကူမေနှင်း

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်