မောင်နောင်မွန် ● သကြားဓာတ်နည်းသော မနက်ခင်းတခု

April 19, 2017

မောင်နောင်မွန် ● သကြားဓာတ်နည်းသော မနက်ခင်းတခု
(မိုးမခ) ဧပြီ ၁၉၊ ၂ဝ၁၇

မနေ့ညကတည်းကဖွင့်ထားမိသော ပြတင်းပေါက်မှထိုးဝင်လာသောနေရောင်ခြည်သည် မျက်နှာပေါ်၌ ကလူကျီစယ်နေလေ သည်။ မနက်ခင်းရောက်ကြောင်း အခါတော်ပေးနေလေသည်။ မနေ့ညကမပိတ်ထားမိသော ပြတင်းပေါက်မှတဆင့် အိမ် ခေါင်းရင်းရှိ သရက်ပင်ကြီးကိုမြင်နေရသည်။ ဆောင်းကုန်နွေကူးစမို့ သရက်ပွင့်တွေ သရက်ကင်းလေးတွေ တွေ့နေရသည်။ ကြွေလုဆဲဆဲဖြစ်နေလေသည့် ရွက်ဝါတချို့တလေတို့သည်လည်း အပင်ပေါ်တွင် နောက်ဆုံးထွက်သက်ကို မျှင်းမျှင်း ရှူနေ သည့်အလား မြင်နေရသည်။ ထို့အတူ သစ်ကိုင်းတကိုင်းဆီမှ အခြားအကိုင်းတခုဆီသို့ ကူးလူးပျံသန်းနေသော စာကလေး နှစ်ကောင်ကိုပါ မြင်တွေ့ရလေသည်။ ထိုမြင်ကွင်းများအားလုံးပေါင်းစုလိုက်သည့်အခါ ထိုအရာသည် မနက်ခင်းဖြစ်ကြောင်း သက်သေထူပြနေပုံမျိုးဖြစ်သည်။

အခန်းမျက်နှာကျက်ရှိ ၂၅၀ ဗို့အားမီးလုံးလေးသည် လင်းနေသေးသော်လည်း နေရောင်ခြည်၏အလင်းတန်း စတင်ဝင်ရောက်လာနေပြီဖြစ်သောကြောင့် သင်းကလေး၏အလင်းရောင်သည် သိပ်ပြီး ထိရောက်မှုမရှိတော့ချေ။ အခန်းမျက်နှာကျက် ထောင့်တွင်မူ ကျပ်ခိုးမှိုင်းများ တွဲလွဲခိုနေသည်။ အခန်းမရှင်းဖြစ်တာ လနှင့်ချီပြီဖြစ်ကြောင်း သတိရမိသည်။ အခန်းနံရံဖက် တွင် တကျွီကျွီမြည်ကာ ပန်ကာတလုံး လည်နေသည်။ ဤပန်ကာသည်လည်း သုံးရာသီဆက်တိုင် နှစ်ဆယ့်လေးနာရီပတ်လုံး မနားတမ်းလည်နေရရှာလေသည်။ သို့တိုင် ဘယ်သောအခါမှ ထိုအရာကိုပိတ်ပစ်ဖို့ ကျနော့်မှာ စိတ်ကူးမရှိဖူးချေ။ အိပ်ရာ ဘေးရှိစားပွဲပေါ်တွင်မူ စာအုပ်တွေစာရွက်တွေနဲ့ ရှုပ်ပွနေသည်။ ခေါင်းအုံး၏ညာဘက်တွင် ကျော်စွာထက် ဝတ္ထုတိုပေါင်းချုပ် နှင့် မင်းလူ၏ရယ်စရာပေါင်းချုပ် ရှိသည်။ ထိုစာအုပ်နှစ်အုပ်၏အထူသည် ကျနော်ခေါင်းအုံးထက်ကို ပိုမြင့်နေသည်။ ကျောင်း သားဘဝတုန်းက ဘာသာရပ်ဆိုင်ရာ မှီငြမ်းစာအုပ် များ၏အရွယ်အစားသည် ဤကဲ့သို့ပင်ဖြစ်သည်။ သို့သော် အခန်းထဲတွင် မဖတ်ဖြစ်သည်က များသည်။ စာမေးပွဲနီးလျှင်တော့ ထို့စာအုပ်တို့ကို ခေါင်းအုံးလုပ်အိပ်ရပေတော့သည်။ osmosis ဆိုသော တဖတ်သတ် စိမ့်ဝင်မှုနည်းအရ ရေထဲရှိ ပျော်ဝင်သောပစ္စည်းများသည် ပြင်းအားများရာမှ နည်းရာသို့ စိမ့်ဝင်သည်ဟု အဆို ရှိသည်။ ထို့ကြောင့်စာအုပ်တွေထဲကစာတွေ ခေါင်းထဲ သို့စိမ့်ဝင်သွားဖို့အတွက် စာမေးပွဲနီးတိုင်း ဤသို့ ကျနော်ပြုလုပ်ပါသည်။

မြို့ပြသည် မနက်ခင်းတခုစတင်ပြီးဖြစ်ကြောင်း လမ်းမထက်က စက်သံလူသံများက အချက်ပြခြင်းဖြင့် အားဖြည့်ပါဝင်လေ သည်။ မနေ့ကမှအသစ်ခင်းပြန်ခင်းထားသောနိုင်လွန်ကတ္တရာပေါ်တွင် မော်တ်ာကားများ၊ ဆိုင်ကယ်များ မောင်းနေသည်မှာ အရင်နေ့တွေကနဲ့ မတူချေဘဲ ညက်ညောနေသည်ဟု ထင်မိသည်။ ယခင်နေ့တွေက ကတ္တရာလမ်းအလယ်ရှိ ချိုင့်တွေခွက် တွေကြောင့် ကားဖြတ်သွားတိုင်း ကားသံစက်သံသာမဟုတ် ချိုင့်ဆောင့်သံတွေကို ကြားကြားနေရသည်။

ယနေ့တွင် ထို့အသံမရှိချေ။ ခေါင်းရင်းအိမ်မှဦးကြီး၏ မနက်ခင်းပုံမှန် ရွတ်နေကြ ပရိတ်သံကိုတော့ ကြားရသည်။ ခြေရင်း လက်ဖက်ရည်ဆိုင်မှ စားပွဲထိုးလေး၏ပေါ့ဆိမ့်ကျတခွက်ဟု ဆွဲဆွဲငင်ငင်အော်သံကိုလည်း ကြားရသည်။ မြင်နေရ ကြားနေ ရသော သြကာသလောကကြီးသည် ပုံမှန်နေ့တွေထက် ဘာမှထူးခြားခြင်းလည်း မရှိပေ။

ထိုအသံများနည်းတူ ကျနော့်ခေါင်းထဲမှာလည်း တဆစ်ဆစ်ကိုက်နေသံကို ကြားနေရသည်။ ကမ္ဘာကြီးချာချာလည်နေသလိုဖြစ်နေသည်။ နားထင်တဖက်စီမှတရွေ့ရွေ့တက်လာသာအတွေ့အထိတခုသည် ဦးခေါင်းအလယ်ရှိ ဗွေတည့်တည့်တွင် ဆုံစည်းသွားသည်။ ထိုမှတဆင့် ဦးခေါင်းခွံကို ဖောက်ကာ ဦးနှောက်ထဲသို့ တိုးဝင်သွားသည်ဟု ထင်မိသည်။ အာရုံတို့ တ ဖြည်းဖြည်း မူးနောက်လာသည်။ နောက်ကျောဘက်မှတက်လာသော ခံစားရသည့်သိမှုတခုသည် ကျောရိုးမကြီးရှိ အာရုံ ကြောမှတဆင့် ဇက်ကြော တလျှောက် တက်လာခြင်းဖြစ်သည်။ အဝေးပြေးလမ်းမကြီးတခုပေါ် မိုင်ကုန်မောင်းနေသော ပြိုင်ကားတစီးလို တရိပ်ရိပ် ဖြစ်နေသည်။ ထိုခံစားမှုအစုသည် ဦးနှောက်ထဲသို့ဝင်ရောက်ကာ တကိုယ်လုံးကို ထိန်းချုပ်ဖို့ကြိုးပမ်းနေသည့်နှယ်ဖြစ်သည်။

ခေါင်းကိုဘယ်ညာ ယမ်းကြည့်မိသည်။ ပို၍တက်လာသောခံစားမှုက ထိုသို့မလုပ်ရန် သတိပေးနေသယောင်ပင်ဖြစ်သည်။ ခေါင်းထဲ တဆစ်ဆစ်ကိုက်နေသောခံစားမှုကြီးကြောင့် မျက်လုံးထဲတွင်ပါ ချာချာလည်နေသည်။ မျက်လုံးထဲတွင် ကြယ်တွေ လတွေက အစင်းလိုက် ဖြစ်နေသည်။
ထိုခံစားမှုကြီးသည် ဦးနှောက်ထဲတွင် တဖြည်းဖြည်းကြီးထွားလာသည်။ ထိုကြီးထွားသောဖြစ်စဉ်အတွက် နေရာအလုံအ လောက် ဦးခေါင်းထဲတွင် ရှိတော့ဟန်မတူချေ။ ထို့ကြောင့် သွေးပြန်ကြောမှတဆင့် ရင်ဘတ်၏ ဘယ်ဘက်ဆီသို့ တရွေ့ရွေ့ ချီတက်လာလျက်ရှိသည်။ သွေးပြန်ကြောတို့၏ ဆုံရပ်ဖြစ်သောနှလုံးသားထဲတွင် ထိုအရာက ခြေကုပ်ယူလိမ့်မည်။ ပြီးလျှင် ထို ခံစားမှုကို အသစ်ပြန်လည် မွေးဖွားမည်ဖြစ်သည်။ ကျနော့်၏နှလုံးခုန်သံသည် တဖြည်းဖြည်းချင်း မြန်လာသလိုဖြစ်နေ သည်။ ဆေးပညာစာအုပ်တချို့တွင်ဖတ်ဖူးသော နှလုံးခုန်သံမှာ လဒ်ဒပ် (lad dab) ဖြစ်သည်ဟုဆိုသည်။ သို့သော် ကျနော် ရင်ဘတ်ထဲတွင်တော့ တဒုတ်ဒုတ်နဲ့သာ မြည်နေလေသည်။ ရင်ဘတ်ထဲတွင် ရထားတစီး ခုတ်မောင်းနေသလိုပင် ဖြစ်သည်။ မြန်နှုန်းသည် ပုံမှန်ဖြစ်နေချိန်ထက် (၃) (၄) ဆမြန်လာသည်။ လူတွေပြောသော ရင်တုန်သည်ဆိုသည်မှာ ဤအရာပင်ဖြစ် မည်ဟု ကျနော်တွေးမိသည်။

ထိုနှလုံးသားမှတဆင့်ကပ်လျက်ဖြစ်နေသော အဆုတ်နှစ်ဘက်စလုံးဆီသို့ ကူးစက်သွားသည်။ မကြာမီ ကျနော်၏ အသက် ရှူနှုန်းမှာ မှန်လာသည်။ နှာခေါင်းနှစ်ပေါက်သည် နိမ့်လိုက်မြင့်လိုက်ဖြစ်နေသည်က ဖားဖိုပမာ ဖြစ်သည်။ ကျနော်တစုံတခုကို လိုအပ်နေလေပြီဖြစ်ကြောင်း သုံးသပ်မိသည်။

ကျနော့်ရင်ဘတ်ထဲရှိနှလုံးသားထဲတွင် ခြေကုပ်ယူတပ်စွဲထားသော ထိုခံစားမှုသည် တဖြည်းဖြည်းအင်အားကြီးမားလာ သည်ဟု ထင်မိသည်။ နှလုံးသားထဲတွင် တပ်သားအင်အားထူထောင်မှုအားကောင်းလာသောအခါ  ခန္ဓာကိုယ်တခုလုံးကို သိမ်းပိုက်ရန် ပြင်ဆင်တော့သည်။ သွေးလွှတ်ကြောတွေတလျှောက် ထိုခံစားမှုတပ်သားတို့ကို စေလွှတ်သွားသည်။ ခြေ ဖျားလက်ဖျားတို့တွင် အေးတိအေးစက်ဖြစ်လာသည်။ ချွေးစေးလေးတွေ စိုလာသည်။ ခန္ဓာကိုယ်အနှံ့တွင် ချွေးစက်တွေ တ ပေါက်ပေါက် ဖြစ်လာသည်။ ခြေဖျားလက်ဖျားတွေတုန်ခါလာသည်။ ဦးခေါင်ထဲတွင် မူးနောက်အောင် ပြုလုပ်ထားသည်။ နှလုံးသားထဲတွင် တုန်ခါအောင်ပြုလုပ်ထား၍ မွန်းကျပ်စေသည်။ ခြေဖျားလက်ဖျားတွင် ချွေးစေးတချို့နဲ့ တုန်ခါမှု တပ်ဆင် ထားသည်။ အမည်မသိသော တဆစ်ဆစ်ကိုက်ခဲမှုသည် တကိုယ်လုံးကို သိမ်းပိုက်လိုက်လေသည်။ ယင်းအရာသည် ကျ နော့်၏ခန္ဓာကိုယ်တွင် တစ္ဆေတကောင် စီးပူးနေလေချေပြီ။ မျက်လုံးဖွင့်ကြည့်လျှင် မျက်နှာကျက်ကို မတွေ့ရတော့ချေ။ မှောင်မည်းမည်း အရာကိုသာမြင်ရသည်။ မျက်လုံးမှိတ်လိုက်လျှင် ကြယ်တွေလတွေ မြင်နေရသည်။

အိမ်ရှေ့မှခြံတံခါးဖွင့်သံကြားရသည်။ ဆိုင်ကယ်တစီးမောင်းဝင်လာသံကြားရသည်။ အိမ်တံခါးဖွင့်သံကြားရသည်။ လမ်း လျှောက်လာသံကြားရသည်။ ထို့နောက် ကျနော်၏အခန်းတံခါး ခေါက်သံကြားရသည်။  “အကိုထတော့ နေမြင့်နေပြီ” ဟုဆို သော ညီလေးအသံ ကြားရသည်။ ကျနော်အသံပြုရန် ကြိုးစားသည်။ သို့သော် အချည်းနှီးသာဖြစ်သည်။ ကျနော်ကိုစီးပူး ထားသော တစ္ဆေဆီမှ ရုန်းထဖို့ ကြိုးစားသည်။ သို့သော် အလကားသာဖြစ်သွားရသည်။ ခေါင်းထောင်ဖို့ ကြိုးစားတိုင်း မူးနောက်ကာ ပို၍ တဆစ်ဆစ်ကိုက်ခဲ လာလေသည်။ ကျနော့်ညီလေးသည် အချိန်တခုထိ အခန်းတံခါးကို ခေါက်နေသည်။ ပြီးနောက် စိတ်မရှည်သလိုဖြစ်ကာ အိမ်နောက်ဖေးဘက်သို့ ထွက်သွားသည်။ မကြာမီ ရေကျသံကြားရသည်။ ရေလောင်း ချိုးနေသံ။ ကျနော်သာရုန်းထရန် အင်အားမရှိ ဖြစ်နေသည်။ ကျနော်သာအခန်းထဲရှိအိပ်ရာထဲတွင် ငြိမ်ချက်သား ကောင်း နေသည်။ သို့သော် အသွေးအသားထဲတွင်တစ္ဆေတကောင်လို ဆိုးရွာသော ခံစားမှုကြီးက ကြီးစိုးနေသည်။

အသွေးအသားတခုလုံးကို ဝါးမြိုနေလေသည့်ပမာဖြစ်သည်။ ကျနော့်တွင် အာရုံစူးစိုက်မှု မရှိတော့ချေ။ အသိစိတ်သည်လည်း သိတချက် မသိတချက် ဖြစ်နေလေသည်။ ယခုကဲ့သို့ခံစားမှုသည် ငယ်စဉ်က အူအတက်ယောင် ခွဲတုန်းက ခွဲစိတ်မှုပြီးဆုံးချိန် မေ့ဆေးအရှိန် မပြယ့်တပြယ် အချိန်တုန်းက ခံစားခဲ့ဖူးသည်။ ဤကဲ့သို့ပင်။ စကြာဝဠာတခုလုံးဆီကို ခရီးထွက်နေသယောင် ပင်။ ကမ္ဘာ့ဆွဲအားပျောက်လိုက်ပေါ်လိုက်ကဲ့သို့ ခန္ဓာကိုယ်ကြီး နိမ့်လိုက်မြင့်လိုက် ဖြစ်နေသည်။

ကျနော်အသိစိတ်ထဲတွင်မနေ့ညတုန်းကပါတီပွဲအကြောင်းရောက်သွားလေသည်။ ငယ်သူငယ်ချင်းများ ပြန်လည်ဆုံးစည်းတဲ့ပွဲမို့ပျော်စရာကောင်းလွန်းလှသည်။ ငယ်စဉ်က ရွာတွင်အတူတူကြီးပြင်းလာကြသော သူငယ်ချင်းများလည်း ပါဝင်သည်။ ငယ်ဘဝအကြောင်းတွေပြောနေရင်း အချိန်တွေကုန်မှန်း မသိဖြစ်ခဲ့သည်။ အနောက်ဥရောပဘက်မှလာသော ဦးဂျော်နီ၏ လမ်းလျှောက်ပုလင်းသည်လည်း ဘယ်နှစ်လုံးမှန်းမသိချေ။ သို့သော် ပုလင်းသာများနေသည်။ စားပွဲအလယ်တွင်မူ ငါးမုန့် ကြော်နဲ့ ကန်စွန်းရွက် ပလိန်းကြော်တပွဲသာ ရှိသည်။ သူငယ်ချင်းများသည် ရွာအလှုပွဲမှစု၍ လာကြသည်။ ဒီကိုရောက်မှ ကျနော့်ဆီ ဖုန်းဆက်သည်။ ကျနော်သည် အလုပ်ဆင်းသည်နှင့် သူတာဝန်ချိန်းသောနေရာဆီ အပြေးသွားခဲ့သည်။ ညစာထမင်းပင်မဟုတ် မည့်သည့်အစာကိုမှ ဟုတ်တိပတ်တိ မစားဖြစ်ချေ။ ငယ်သူငယ်ချင်းတွေနဲ့ ကွဲကွာနေတာကြာပြီ ဟုတ်လား။ သူတို့ကိုတွေ့နေရသည်ပင် အပျော်လွန်နေသည်။ ငယ်စဉ်က ဘုန်းကြီးကျောင်းတွင် စာသင်ခဲ့ဖူးသော အ ကြောင်းများ၊ လယ်တောထဲတွင် ဗျိုင်းဖမ်းသောအကြောင်းများ၊ ရာဘာတောထဲတွင် ထင်းခွေသော အကြောင်းများပြောဖြစ် သည်။ ရွာမှာနေသောသူငယ်ချင်းက ယခုလက်ရှိ ရွာ၏အခြေအနေကိုပြောပြသည်။ ရွာသည်ရွာဆန်နေတုန်းပင်ဖြစ်သည်။ မနက်လေးနာရီအုန်းမောင်းခေါက်လျှင် ရွာရှိအိမ်တိုင်းလိုလို ဆွမ်းထမင်း ထချက်ကြတုန်း၊ လယ်တောဆင်း အလုပ်ခွင်ဝင်ရန် ပင်ဆင်ကြတုန်း ဖြစ် သည်။ ရွာတွင်ရွာသားများသည် မနက်စာနဲ့ နေလယ်စာကို ပေါင်းစားကြသည်။ မနက် ရှစ်နာရီတွင် ထမင်းစားကြသည်။ သက်ကြီးရွယ်အိုများနှင့်ကလေးသူငယ်များသာအိမ်တွင်ကျန်ခဲ့သည်။ အလုပ်လုပ်နိုင်သောသူများလုပ်ငန်းခွင်သို့သွားကြသည်။ ညနေ နှစ်နာရီတွင် အိမ်တိုင်းလိုလို ညစာချက်နေလေပြီ။ ရွာသာအများစု၏ညနေစာသည် သုံးနာ ရီခွဲဖြစ်သည်။ ည ခုနစ်နာရီတွင်တရွာလုံးနီးပါးအိပ်ရာဝင်နေကြပြီ။ ရွာထိပ်တွင်တဆိုင် ရွာလယ်တွင်တဆိုင်ရှိသော လက် ဖက်ရည်ဆိုင်သည် ရွာရှိကာလသားတို့ဆုံစည်းရာဖြစ်သည်။ ရွာရဲ့အကြောင်းတွေက ပြောဖြစ်တိုင်း ရင်ထဲနွေးစေသည်။ သို့သော် မပြောင်းလဲတဲ့အဓိကတခုကတော့ ရွာသည် ရွာဆန်နေဆဲဖြစ်သည်။ ထိုသို့ပြောရင်း အသောက်အစားတွေ ကောင်းလာသည်။ ခန္ဓာကိုယ်ထဲတွင် အယ်လ်ကိုဟော ရာခိုင်နှုန်းများမှန်းမသိ များလာသည်။ ယခုလဲနေသော အိပ်ရာပေါ် သို့ မည့်သို့မည့် ပုံရောက်ခဲ့သည်မသိချေ။

အသွေးအသားထဲတွင်တော့ တခုခုလိုနေသလိုခံစားရသည်။ ခေါင်းတွေမူးနောက်နေသည်။ ရင်တွေတလှပ်လှပ်ခုန်နေသည်။ ခြေဖျားလက်ဖျားတွေ ချွေးစေးပြန်နေသည်။ ကန္တာရထဲမိုင်ပေါင်းများစွာကို ခရီးနှင်ပြီး အစာရေငတ်ပြတ်ခဲ့သောလူတယောက် ပမာဖြစ်သည်။ သွေးထဲတွင် တခုခုလိုနေသည်။ တခြားသူတွေပြောနေသလို အရက်နာကျ နေတာလားထင်မိသည်။ ကြားခဲ့ဖူးသော သီချင်းတပုဒ်ထဲကလို မနေ့ညကအရှိန် အကင်းမသေတာလားဟု ထင်မိပြန်သည်။ သို့သော် ယခုကျနော် ခံစားနေရသောဝေဒနာက ခါတိုင်းအရက်နာကျနေသလို မဟုတ်ချေ။ သွေးထဲတွင်တခုခုလိုနေသလိုရှိနေသည်။ စဉ်းစားစမ်း။ ဦးနှောက်ထဲက အသိစိတ်တချို့တဝက်ကိ မရမက စုစည်းကြည့်သည်။ တွေးကြည့်သည်။ လိုနေသည်။ သွေးထဲအသားထဲတွင် တခုခုလိုနေသည်။

“သကြားဓာတ်”

မြန်မာမှုပြုသော် သကြားဓာတ်။ ဓာတုဗေဒနည်းအရခေါ်သော် ကာဗွန်ဟိုက်ဒရို။ ကစီဓာတ်လို့ခေါ်သည်။ ထိုအရာသည် ခန္ဓာကိုယ်ထဲရောက်လျှင် ဓာတ်ပြုမှုတွေဖြစ်ကာ အဆင့်ဆင့်ပြိုကွဲကုန်သည်။ နောက်ဆုံးစုပ်ယူမှုပြုလုပ်ရန်အတွက် နောက် ဒြပ် တခုရသည်။ ထိုအရာကိုတော့ ဂလူကိုစ့်ဟု ခေါ်ကြသည်။ ထိုအရာသည် ခန္ဓာကိုယ် အလွန်အရေးကြီးသည်။ လိုနေ သည်။ ဒါကိုပဲလိုနေတာဖြစ်မည်။ မြန်မာစကားပုံတွင် ထမင်းအသက်ခုနစ်ရက်ဆိုသည်ကား ဤအကြောင်းကို ပြောခြင်းဖြစ် သည်။ အခု ကျနော်သည် ခုနစ်ရက်မပြောနဲ့ တညပဲရှိနေသေးသည်။ ခံစားမှုကား ကြောက်မက်ဖွယ်။ ဦးခေါင်းတို့မူးနောက် နေသည်။ နှလုံးသားသည်ကာ မြင်းရိုင်းတကောင်လို ခုန်ပေါက်နေသည်။ ထမင်းတနပ်မစားမိ။ ယမကာလေးမှီဝဲမိသည်။ အမြည်းမစားမိ။ ခံစားနေရသည်။

အိပ်ရာဘေးရှိစားပွဲပေါ်တွင် စားစရာတခုခုရှိမလား ရှာကြည့်သည်။ မတွေ့ချေ။ တခုခုစားမှသက်သာမည့်ဝေဒနာဖြစ်သည်။

အိမ်နောက်ဖေးရေချိုးခန်းမှရေချိုးသံမကြားရတော့ချေ။ အိမ်ခေါင်းရင်းမှဦးကြီး၏ပရိတ်ရွတ်သံလည်း ပြီးဆုံးခဲ့ပြီ။ အဝေးသ င်္ဘော ဆိပ်က ဥသြဆွဲသံကြားနေရသည်။

“အကိုထတော့ တခုခုစားရအောင် မနက်စာ ထမင်းကြမ်းနဲ့ ပဲပြုတ်နယ်ထားပေးတယ် စားလိုက်” ဟု ညီလေးအော်ပြော သံကြားရသည်။ ခေါင်းကိုထောင်ကြည့်သည်။ မူးနောက်သည်။ နည်းနည်းမတ်လိုက်သည်။ ပိုမူးနောက်လာသည်။ မရတော့။ နောက်ဆုံး အားတင်းထလိုက်သည်။ မူးနောက်နေတာကို ဂရုမပြုဘဲ ထမင်းစားခန်းသို့ထွက်ခဲ့သည်။ အခန်းနံရံရှိဘယ်တော့မှ မပိတ်သောပန်ကာကို ပိတ်လိုက်သည်။ မနက်ဖြန်အခန်းကိုသန့်ရှင်းရေးလုပ်မည် တွေးထားသည်။ ထမင်းစားခန်းဘက်ထွက် လာသည်။

အိပ်ရာပေါ်တွင်တော့ လွန်ခဲ့သောနှစ်ရက်လောက်ကဖတ်ခဲ့သော ဆရာနေမျိုး၏ အဖေနဲ့တူသောစကားပြေအတိုအထွာစာအုပ်က ဖွင့်လျက်အတိုင်း။ အဲစာမျက်နှာမှာ ပေါ်နေတဲ့ခေါင်းစဉ်က ထမင်းကြမ်းခဲ ဖြစ်သည်။ ဖွင့်ထားသော ပြတင်းပေါက် တဆင့်မြင်ရသောသရက်ပင်ပေါ်တွင် စာကလေးနှစ်ကောင် ထမင်းစေ့တွေကိုနှုတ်သီးနဲ့ပေါက်စားနေကြသည်။  ထမင်းစာပွဲ ရှိ အုပ်ဆောင်းအောက်တွင် ထမင်းကြမ်းနဲ့ ပဲပြုတ်က စောင့်နေသည်။  ။

မောင်နောင်မွန်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်