မောင်ရင်ငတေ ● ကျောက်ဖရား သောင်ရင်းမှသည် မယ့်ခေါင်ဆီသို့ – အပိုင်း (၃)

April 20, 2017

 မောင်ရင်ငတေ ● ကျောက်ဖရား သောင်ရင်းမှသည် မယ့်ခေါင်ဆီသို့  – အပိုင်း (၃)
(မိုးမခ) ဧပြီ ၂၀၊ ၂၀၁၇

● မယ့်ဆရီယန်-ခွန်ယွမ်း နေကြာရိုင်းများဆီသို့ ….
ကျောက်ဖရား သောင်ရင်းမှသည် မယ့်ခေါင်ဆီသို့စာစုများရဲ့ တတိယ အပိုင်းပါ။ ဒီအပိုင်းမှာတော့ သောင်ရင်းကို နှုတ်ဆက် ခဲ့ပြီး မယ့်စရီယန်နယ်မြေသို့သွားတာကို ဆက်၍ရေးပါမယ်။ ထိုင်းနိုင်ငံရဲ့ အမြင့်မားဆုံးတောင်တွေ အထူထပ်ဆုံးတောတွေ တည်ရှိရာ ဒေသသို့သွားခဲ့တဲ့အကြောင်းတွေပါ။ ကရင်၊ ကယား၊ ရှမ်းမြေတွေနဲ့ ဆက်စပ်ထိတွေနေတဲ့နေရာတွေရဲ့ အ ကြောင်းတွေပါ။

သောင်ရင်းကို နှုတ်ဆက်ခဲ့ပြီ (ဓါတ်ပုံ မရငတ)


သောင်ရင်းကို နှုတ်ဆက်လက်ပြခဲ့ပြီး ဆက်လက်ထွက်ခွာလာခဲ့ကြပြီး ထိုင်းနိုင်ငံရဲ့ အရှေ့မြောက်နယ်မြေ မယ်ဆရီယန် ဒေသဆီသို့ ခရီးဆက်ခဲ့ကြပါတယ်။အဲဒီ ဒေသကတော့ အနောက်တိုင်းသား တကိုယ်တော် ဘက်ပက်ကာ တိုးရစ်များအကြား လူပြောများလာတဲ့ ဒေသပါ။ ဟိုးအရင် ဆယ်စုနှစ်တွေတုန်းကတော့ နယ်မြေက မအေးချမ်း ဒေသက မဖွံ့ဖြိုးလို့ လူသူ အရောက်အပေါက် နည်းပါးခဲ့တဲ့ နေရာတွေပါ။ အခုတော့ တိုးချဲ့လာတဲ့ ထိုင်းခရီးသွားလောကမှာ ရေပန်းစားလာတဲ့ နေ ရာတွေပါ။ သဘာဝတောတောင်ရေမြေရဲ့ အလှအပတွေ အရင်းအတိုင်း ရှားရှားပါးပါး ကျန်ရှိနေသေးတယ် ပြောရင်ရနိုင်ပါ တယ်။ခက်ခက်ခဲခဲ ပေါက်ပေါက်ရှာရှာနေရာတွေကိုမှ သွားချင်တတ်ပါတဲ့ အနောက်တိုင်းသား လူဖြူတွေရဲ့ စိတ်ကြိုက် နေ ရာမျိုးတွေရှိနေတဲ့ အရပ်ဒေသပါ။ ဈေးနှုန်းတွေကလည်း ချိုသာမှုရှိ ဒေသခံတွေကလည်း ရိုးသားကြလေတော့ အနောက် တိုင်းသားတွေရဲ့ အကြိုက်ပေါ့။ သူတို့အများစုကတော့ ချင်းမိုင်ဘက်တက်ပြီးခါမှ မယ့်ဟောင်ဆောင် မယ့်ဆရီယန်ဘက်ကို ခရီးဆက်ကြတာ ပိုများပါတယ်။ မောင်ရင်ငတေကတော့ မယ့်ဆောက်သူ မယ့်ဆောက်သားနှစ်ယောက် ကျေးဇူးကြောင့် တောင်ကနေ မြောက်သို့ တက်ဖြစ်ခဲ့တဲ့ ပြောင်းပြန်ခရီးပါ။

ရွာဝင်လမ်းထိပ်တွေက ဇရပ်လေးများ (ဓါတ်ပုံ မရငတ)

မယ့်ဆရီယန်ရောက်ဖို့က ကီလိုမီတာတရာခန့်လိုသေးတာမို့ ခပ်မြန်မြန်ခပ်သွက်သွက် ဆက်မောင်းလာကြပါတယ်။ ကား လမ်းက ကျဉ်းပေမယ့် လူရှင်းလမ်းရှင်း ချိုင့်တွေခွက်တွေ မရှိသလောက်မို့လို့ သွားရတာ စိတ်အေးချမ်းပါတယ်။ သောင်ရင်းရဲ့ ဘယ်ဘက်ခြမ်း ဒေါနတောင်တန်းကသာ အတော်အတန်မြင့်မားပေမယ့် ထိုင်းဘက်ခြမ်းကတော့ သိပ်ကြီးမြင့်မားတဲ့တောင် မရှိပါဘူး၊ လမ်းနဘေးမှာလည်း သိပ်ကြီးကြီးမားမား အပင်ကြီရယ်လို့ မတွေ့မိပါဘူး။ တော်ရုံသစ်ပင်လေးတွေနဲ့ ဝါးပင်စိမ်း စိမ်းတွေကိုသာ တွေ့မြင်ရပါတယ်။ တပိုင်တနိုင် ခုတ်ထား စည်းထားပြီးသား ဝါးစည်းတွေ ကားလမ်းဘေးတလျှောက် တော် တော်များများ တွေ့ရှိမိရတာကြောင့် လွတ်လပ်စွာ ဝါးခုတ်ခွင့်ရှိသလား မသိပါဘူး။

Ban Tha Song Yang ရွာလေးကနေ အတော်လေးခရီးပေါက်လာတော့ တောင်ကုန်းတောင်တန်း တွေ ပိုမို၍ထူထပ်လာတာကို တွေ့ရပါတယ်။လမ်းနဘေးမှာတော့ ရွာအဝင်အထွက် တထောက်နားခိုကြရာ ဇရပ်လေးတွေကလွဲလို့ ခပ်ဝေးဝေး တောင်ခြေ ရင်းနားမှာသာ ရွာတွေတည်ထားကြတာပါ။

ရွာဝင်လမ်းထိပ်တွေက ဇရပ်လေးများ (ဓါတ်ပုံ မရငတ)

ထိုင်း ရွှေပြည်ရဲ့ လမ်းနဘေး ရွာဝင်လမ်းထိပ်တွေမှာတွေ့ရှိရတဲ့ ဇရပ်လေးတွေကလည်း မှတ်တမ်းတင်သင့်တဲ့ အရာလေး တွေပါ။ ဘာမှမဟုတ်ဘူးလို့ ပြောလို့ရနိုင်ပေမယ့် ဒေသခံတွေအတွက် မရှိမဖြစ် ရှိသင့်ပါတယ်။ လူနေများရင်တော့ ရွာဝင် ဇရပ်လေးတွေက ဆိုင်ကယ်ကယ်ရီသမားတွေနဲ့ ဈေးဆိုင်လေးတွေနဲ့ စည်စည်ကားကားရှိတတ်ပေမယ့် ဒီလမ်းခရီးမှာတော့ ယိုင်နဲ့နဲ့နဲ့ ခြောက်သွေ့သွေ့ ဇရပ်လေးတွေသာ အများအားဖြင့် တွေ့မြင်ရပါတယ်။

ဒီလမ်းခရီးမှာ လိုင်းကားရယ်လို့ ဘတ်စ်ကား အကြီးကြီးတွေ မတွေ့ရသလောက်ပါ။ ဟိုင်းလက်ကား အနီရောင် တစီးစ နှစ် စီးစ တွေ့ရပြီး ဟိုနား ဒီနား ရွာတွေသွားတဲ့ ကားလိုင်းတိုလေးတွေသာ ဖြစ်ဟန်တူပါတယ်။ အဲဒီလမ်းခရီးမှာ မောင်ရင်ငတေ သတိထားမိတာတခုက စိုက်ခင်းပျိုးခင်းတွေ အတွေ့ရ နည်းပါးလွန်းလှတာကိုပါ။ မဖြစ်ထွန်းတာလား မစိုက်ပျိုးကြတာလား ဘာကြောင့်ရယ်တော့ မသိနိုင်ပါဘူး။ မယ့်ဆောက် မယ်စရီယန်လမ်းပိုင်းမှာ လုံးဝနီးပါးလောက် စိုက်ခင်းကြီးကြီးမားမား မ တွေ့ခဲ့ရတာပါ။ တောအလှ တောင်အလှ ပျက်မှာစိုးလို့တော့ ဟုတ်ဟန်မတူပါဘူး။ ကားလမ်းနဘေး မြေပြန့် အနည်းငယ်မှာ ရော တောင်ခြေအနီး နေရာတွေအထိ စိုက်ခင်းတွေ မတွေ့ရတာကြောင့် အတွေးဝင် ၏လာမိတာပါ။ မြောင်းသာသာ ရေ ချောင်းလေးတွေနဲ့ ရွာနီးချုပ်စပ်တွေမှာသာ တပိုင်တနိုင်စိုက်ပျိုးခင်းတချို့ကို တွေ့မြင်ခဲ့ရပါတယ်။ ဖြတ်သန်းသွားလာသူ နည်းပါးလို့ ထင်မိပါရဲ့။ ကားလမ်းနဘေး တွေ့ရှိရလေ့ရှိတဲ့ ခြံထွက်အသီးအနှံ ဆိုင်ကလေးတွေတောင် မမြင်တွေ့ရပါဘူး။

လမ်းနဘေး တဘက်တချက်  ရွာဆက်လည်းပြတ်သလို ကားဆက်ကလည်း ပိုလို့ပြတ်လာပါတယ်။ ဆိုင်ကယ် တစီးနှစ်စီး တွေ့ရတာကလွဲလို့ပါ။ တလမ်းလုံး မောင်ရင်ငတေတို့ စီးလာတဲ့ ကားတစီးထဲရယ်ပါ။ ရွာသူရွာသားတွေလား ဟိုဘက်ကမ်းက ကူးလာလေသူတွေလား မသိပါဘူး။ ကားလမ်းနဘေး နေပူပူမှာ သုံးလေးယောက် လမ်းလျှောက်သွားနေကြတာကို တခါ တခါ တွေ့မြင်ခဲ့ရပါတယ်။


ဘဝအမောထဲက လူသားများ (ဓါတ်ပုံ မရငတ)


တချို့လည်း မောလို့ညောင်းလို့ ထင်ပါရဲ့။ အပင်ရိပ်အောက်မှာ ငုတ်တုတ်ထိုင်သူ လှဲလျောင်းနေသူတွေကိုလည်း တွေ့ရပါ တယ်။ တချို့လည်း ဈေးဗန်းလေးတွေ ဘေးနားမှာချလို့ပေါ့၊ မောင်ရင်ငတေလည်း ကားပေါ်ကနေ ရနိုင်သမျှလေး မှတ်တမ်း တင်ခဲ့ရုံမှတပါး ဒီကနေ့ ဈေးရောင်းမှ ကောင်းကြရဲ့လား၊ ဘယ်သူတွေကများ ဝယ်ကြသတုန်း၊ ခုရောင်းနေတာက ဘာတွေ တုန်း၊ ကျွဲကော်သီးတွေလား၊ ခြံထွက်လား၊ သဘာဝလား၊ ဘိုင်အိုလား၊ ဘာလား … ညာလား … လို့ လား … ပေါင်းတွေ … များစွာကို … ဆင်းလို့မေးချင်ပေမယ့် မမေးဖြစ်ခဲ့ပါဘူး။

သူတို့တတွေကို လျှပ်တပျက်မြင်တွေ့ခဲ့ရသမျှ ကောက်ချက်ချရရင်တော့ ဘဝအမောတွေရဲ့ဒဏ်ကို ခါးစည်းခံခဲ့ကြရလွန်းလို့ ထုသားပေသားကျနေပြီးသား ရုပ်သွင်သဏ္ဌာန်တွေသာပါ။ ထိုင်းတနိုင်ငံလုံးမှာ တိုးတက်ခေတ်မီမှု အနိမ့်ဆုံးဘဝကနေ ရုန်း ထွက်နိုင်ဖို့တော့ အတော်လုပ်ယူရဦးမှာပါ။

Mae Sariang မယ့်စရီယန်သို့ ၉၄ (ဓါတ်ပုံ မရငတ)

ကားလမ်းက တဖြေးဖြေးနဲ့ မြင့်တက်လာပါတယ်။ အကွေ့အကောက်တွေလည်း ပိုမိုများပြားလာတာကို တွေ့ရပါတယ်။ မကြာခင်မှာ Tak နဲ့ Mae Hong Son ပြည်နယ်တို့ရဲ့ နယ်နမိတ်စည်းကို ရောက်ပါတော့မယ်။ မယ့်ဟောင်ဆောင် ရောက် ဖို့တော့ လိုပါသေးတယ်။ မယ့်ဆရီယန်နယ်ကို ဝင်ရောက်လာတာပါ။ လမ်းပေါ်မှာ ကားသွားကားလာ များများ မတွေ့ရပေမယ့် မကြာခင်ကမှ ခင်းထားဟန်တူပါတဲ့ နိုင်လွန် ကတ္တရာလမ်း အသစ်စက်စက် နက်မှောင်မှောင်ဟာ နေပူပူမှာ ပြောင်လက် တောက်ပနေပါတယ်။ ဒီခရီးမသွားခင် ကားမောင်းလိုက်ပို့သူ မောင်ရင်ငတေရဲ့ မိတ်ဆွေကြီး ပြောကြားထားချက်တွေအရ မယ့်ဆောက်နဲ့ မယ့်ဆရီယန် စပ်ကြားဧရိယာ တောင်ပေါ်လမ်းတချို့ မကောင်းသေးဆိုတာကြောင့် စိတ်ထင့်ခဲ့ရပေမယ့် တကယ်တမ်းသွားကြတော့ ဤကဲ့သို့ အသစ်စက်စက်သဖွယ် ကောင်းမွန်လာနေတဲ့လမ်းတချို့ကြောင့် စိတ်ပိုမို ချမ်းမြေ့ ခဲ့ကြရပါတယ်ပြောရရင် မမှားပါဘူး။

 ပြင်ဆင်နေဆဲ မယ့်ဆရီယန်လမ်း (ဓါတ်ပုံ မရငတ)


ဒါပေမယ့် ပြင်တုန်းပြင်နေဆဲ ပြင်လက်စတန်းလန်းနဲ့ ရပ်ဆိုင်းထားဟန်ရှိတဲ့ လမ်းပိုင်းတွေကိုလည်း တွေ့ရပါသေးတယ်။ မြေသားညှိနေတာတွေ တောင်ကမ်းပါးဖြိုလက်စတွေ တန်းလန်းပါ။ တောင်ပေါ်လမ်းဖြစ်သလို လူသုံးနည်းပါးတဲ့ လမ်းဖြစ် လို့လည်း ဒီလိုကြန့်ကြာနေတာ ဖြစ်နိုင်ကြောင်းပါ။

ရှုခင်းသာဗျူးပွိုင့် (ဓါတ်ပုံ မရငတ)

အဲဒီလိုနဲ့   ခပ်ကျဉ်းကျဉ်း  ကွေ့ကွေ့ကောက်ကောက် တောင်အတက်တွေချည်း မိနစ်နှစ်ဆယ်ကျော်မျှ မောင်းတက်လာရာက အတော်လေးမြင့်လာတော့ သာယာလှပတဲ့ တောတောင်ရှုခင်းတွေရှိရာ ရှုခင်းသာ ဗျူးပွိုင့် တခုကို ရောက်လို့လာပါတယ်။ ရာသီဥတုက နေပူနေပေမယ့် အေးမြတဲ့လေကြောင့် အတော်လေး သာယာတဲ့နေရာလေးပါ။ ကားခဏရပ် နားကြရအောင် လို့ဆိုပြီး ပြောပြောဆိုဆိုနဲ့ရပ်၊ အညောင်းပြေ ကျောဆန့်ကြပြီး မှတ်တမ်းတင်ရန် ပြင်ဆင်ကြရတာပေါ့။ ခပ်စောစောက သောင်ရင်းကမ်းနဘေး ရှုခင်းအလှနဲ့တော့ မတူတော့ပါဘူး။

တပြန့်တပြော လွတ်လပ်တဲ့ တောင်တွေတောတွေရဲ့အလှက စိတ်ကို ပိုမိုလို့လန်းဆန်းစေသလား ရွှေပြည်နယ်နမိတ်စည်း ခြားက သောင်ရင်းက မောင်ရင်ငတေ့စိတ်ကို ထွေပြားစေခဲ့တာလား မတွေးချင်မိတော့ပါဘူး။ သေချာတာတခုကတော့ ဒီ တောင်တန်းပေါ်ရောက်လာချိန်မှာ မောင်ရင်ငတေရဲ့ စိတ်ပြန်လည်လန်းဆန်းလာခဲ့တာကတော့ အမှန်ပါ။ 

(ဓါတ်ပုံ မရငတ)

ကြာကြာတော့ ဇိမ်မခံအားပါဘူး။ ရှေ့ခရီးကို ဆက်ကြရပါဦးမယ်။ ဆယ်မိနစ် ဆယ့်ငါးမိနစ် မြင်တွေ့ ခံစားခဲ့ရတဲ့ စိမ်းလန်းတဲ့ မြင်ကွင်း၊ လတ်ဆတ်တဲ့ လေစိမ်းတွေက တန်ဖိုးရှိလှပါတယ်။

ထိုင်းရဲ့ လူသူအရောက်အပေါက်အနည်းဆုံး တောတောင်အထူထပ်ဆုံးနယ်တွေထဲက တနေရာကို မောင်ရင်ငတေတို့ စ တင် ဝင်ရောက်လာတာပါ။ ရွှေပြည်ကြီးဘက်မှာဆိုရင်တော့ ကရင်ပြည်နယ်ရဲ့ မြောက်ဖျားစွန်းဒေသပါ။ သစ်ပင်သစ်တော တွေကတော့ ပိုမိုထူထပ်လာသလို ပိုမိုစိမ်းစိုလန်းဆန်းနေတာကို အလွယ်တကူ သတိထားမိနိုင်ပါတယ်။ လမ်းဘေးမှာလည်း သစ်ပင်တွေအပြင် ဘာမှမရှိတော့ပါဘူး။ ကားလမ်းကလည်း နှစ်စီးရှောင်သာရုံ ကတ္တရာခင်းလမ်းကျဉ်းလေးသာပါ။ ဒါပေ မယ့်လို့ ဥရောပရဲ့ ပျင်းရိငြီးငွေ့ဖွယ်ရာ လမ်းကြီးလမ်းကောင်း အမြန်လမ်းမကြီးတွေထက်တော့ ပိုမိုစိတ်ဝင်စားဖို့ ကောင်း တယ်လို့ မောင်ရင်ငတေ ထင်မိပါတယ်။ ဒါကြောင့်လည်း မောင်ရင်ငတေ့အတွက်က မြင်တွေ့သမျှ မှတ်တမ်း တင်ချင်စရာ တွေချည်းသာပါ။ ဒီလိုမျိုး သဘာဝနဲ့ပိုမိုနီးစပ်၊ သဘာဝအတိုင်း ကျန်ရှိနေသေးတဲ့ ဒီလိုနယ်မြေမျိုးကိုမှ စိတ်ဝင်စားတတ်ကြ သူတွေအတွက် ဒေသမှာ တာဝန်ရှိကြသူတွေကတော့ အမျိုးမျိုးအဖုံဖုံသော ဆွဲဆောင်နည်းတွေနဲ့ ဆွဲဆောင်နေကြပါ တယ်။ လာချင်ကြသူတွေကလည်း ဒီနေရာမျိုးကိုမှ ပိုရွေးချယ်လို့ လာနေကြပါတယ်တဲ့။

တာ့ခ် မယ့်ဟောင်ဆောင် နယ်နမိတ်စည်းအနီး (ဓါတ်ပုံ မရငတ)

မောင်ရင်ငတေလည်း ထို့အတူပါ။ သိပ်ပြီး ခရီးမတွင်ချင်နေပါလေ့စေ။ ဒီလိုမျိုး လမ်း ကျဉ်းကကျဉ်း၊ ကြမ်းက ကြမ်း ဘယ် လမ်းမျိုး ဖြစ်ပါလေ့စေ၊ ခပ်ဖြေးဖြေးနဲ့ ခပ်အေးအေး လောကသဘာဝအလှတွေကို သောကငြိမ်းစွာ ထပ်မံလာ၍ ကြည့်ချင် မိပါသေးတယ်။ နောက်တခေါက်လောက်ပေါ့၊ တော်ရုံနဲ့ ဒီလိုနေရာမျိုးကို နောက်တခေါက် ထပ်မံလို့ ရောက်ရှိဖို့ မလွယ်ကူမှန်း သိပေမယ့် နေရာတနေရာကို နှစ်ကြိမ်မက ထပ်မံရောက်ရှိလေ့ရှိတတ်တဲ့ ဇာတာပိုင်ရှင် မောင်ရင်ငတေမို့ စိတ်ကူးယဉ်တွေး တွေးကြည့်မိရတာပါ။

Mae Sariang Valley (ဓါတ်ပုံ မရငတ)


တာ့ခ် မယ့်ဟောင်ဆောင် နယ်နမိတ်စည်းကို ရောက်တော့မယ်ရောက်တော့မယ်လို့ ပြောလာရင်းနဲ့လမ်းက အလယ်စည်း ဆွဲသားထားတာကမရှိ ပိုမိုကျဉ်းမြောင်းလာသလို ပိုကြမ်းပိုတမ်းလာပါတယ်။ရှောင်စရာ မျက်နှာချင်းဆိုင်ကားကလည်း အ တော်ကြာမှ တစီးသာဆိုတော့ မဆိုးပါဘူး၊ ရှောင်ချိန် တိမ်းချိန် ရတယ်ဆိုပါစို့။ နောက်ထပ် ဆယ်မိနစ်မျှ ခရီးဆက်လာတော့ ကားလမ်းက အတက်ထက် အဆင်းလမ်း ပိုများလာပါတယ်။ မြို့ပြသဏ္ဌာန်တွေ တွေ့လာပါပြီ။ မြေအတော်ပြန့်လာတာနဲ့ စိုက်ခင်းပျိုးခင်းစပါးခင်းလေးတွေလည်း တွေ့မြင်လို့လာပါပြီ။ ထိုင်းနိုင်ငံတဝှမ်း ဘယ်သွားသွား တွေ့မြင်ရလေ့ရှိတဲ့ နှစ်ထပ် တိုက်တန်း ဈေးဆိုင်ခန်းတွဲတွေလည်း လမ်းဘေး ဘယ်ညာမှာ တွေ့မြင်လာရပါပြီ။

ဒီမယ့်ဆောက်မှသည် မယ့်ဆရီယန် ၂၃၀ ကီလိုမီတာ (၁၄၃ မိုင်) ခရီးကို ကားလမ်း မကောင်းတာ ကျဉ်းတာကြောင့်ရယ် တောင်ပေါ်လမ်းဖြစ်တာကြောင့်ရယ် မောင်ရင်ငတေတို့ ဟိုနားရပ် ဒီနားရပ် မှတ်တမ်းတင်နေကြတာရယ်ကြောင့် ငါးနာရီခန့် မျှ သွားခဲ့ရကြောင်းပါ။

လမ်းအမှတ် (၁၀၅) နဲ့ (၁၀၈) လမ်းဆုံရာက မယ့်ဆရီယန်ပါ။ မယ့်ဆောက်က လာတဲ့ လမ်းအမှတ် (၁၀၅) က မယ့်ဆရီ ယန်မှာ ဂိတ်ဆုံးပါတယ်။လမ်းအမှတ် (၁၀၈) က အရှေ့ဘက် ချင်းမိုင်ကနေ စတင်ခဲ့တဲ့လမ်းပါ။ ချင်းမိုင်က မယ်ဆရီယန်သို့ ၁၈၅ ကီလိုမီတာဝေးပြီး မြောက်ဘက် Khun Yuam ခွန်ယွမ်းသို့ ၉၇ ကီလိုမီတာ ခွန်ယွမ်းမှတဆင့် မယ့်ဟောင်ဆောင်သို့ ၆၇ ကီလိုမီတာ ထပ်မံသွားရမှာမို့ ချင်းမိုင် မယ့်ဆရီယန် မယ့်ဟောင်ဆောင်ခရီးက ၃၅၀ ကီလိုမီတာခန့်ကွာဝေးပါတယ်။ ချင်းမိုင် မယ့်ဟောင်ဆောင်ခရီးကို လမ်းအမှတ် (၁၀၇) (၁၀၉၅) တို့နဲ့ Pai ပိုင်မြို့လေးဘက်ကနေ လာမယ်ဆိုရင်တော့ ကီ လိုမီတာ ၂၇၀ ကျော်ခန့်ဝေးပါတယ်။ သာယာလှပသလို အကွေ့တွေအကောက်တွေ များပြားလှပါပေတယ်လို့ နာမည်ကျော် တဲ့ တောင်ပေါ်လမ်းလေးတွေပါ။ အဲဒီ မယ့်ဆရီယန် ခွန်ယွမ်း မယ့်ဟောင်ဆောင် ပိုင် ချင်းမိုင် မြို့တွေက စက်ဝိုင်းပတ် မကျ တကျ တည်ရှိနေတာပါ။

ဒါကြောင့် ချင်းမိုင်ဘက်ကနေ မယ့်ဆရီယန်နယ်မြေကို လာရောက်ချင်တယ်ဆိုရင် ကားလမ်းနဲ့သာ ပို၍ အစဉ်ပြေနိုင်ပေမယ့် တောင်ပေါ်လမ်းတွေမို့ အချိန်တော့ ပိုပေးရပါမယ်။ နာရီဝက်မျှသာကြာတဲ့ လေယာဉ်ခရီးကတော့ အားကိုးဖို့ သိပ်အဆင် မပြေလှပါဘူး။ ဘန်ကောက်ကနေလည်း လေကြောင်းတိုက်ရိုက် မရှိသေးပါဘူး။ မကြာခင်တော့ ရှိလာဖို့ များပါတယ်။


လမ်းနဘေးမှာ ထိုင်ချင်ဖွယ်ရာ (ဓါတ်ပုံ မရငတ)

မယ့်ဆရီယန်မြို့ဆိုတာကတော့ သိပ်ကြီးကြီးမြို့ မဟုတ်ပါဘူး။ သာမန်မြို့လေးပါ။ မောင်ရင်ငတေတို့ကတော့ မယ့်ဆရီ ယန်မြို့ထဲကို ဝင်လည်ဖို့ အစီအစဉ် မရှိတာကြောင့် မြို့ပြင်လမ်းဆုံ တနေရာမှ ခေတ္တနားဗိုက်ဖြည့် အမောပြေအညောင်းပြေ ပါလာတဲ့ ဝိုင်နီလေး တခွက်တဖလားမော့ကြဖို့ နေရာရှာပါတယ်။ ကောင်းတာက ထိုင်း တနံတလျှား လမ်းမများနဘေးမှာ အဆင့်မနိမ့်လှတဲ့ သန့်ရှင်းသပ်ရပ်လှပတဲ့ ဈေးကလည်းမကြီးလှ ထိုင်ချင်စဖွယ်လည်းကောင်းပါတဲ့ ကော်ဖီရှော့ပ်စားသောက် ဆိုင်လေးတွေ တည်ရှိနေတာပါ။

ဆိုင်ထဲဝင်လာရင် မစားမနေရ အတင်းအဓမ္မ ဝယ်စားခိုင်းတာမျိုးတွေလည်းမရှိ စားချင်မှသာမှာစား လူသုံးလေးဦး ဝင်ထိုင်ပြီး တပွဲတလေသာ မှာစားရင်လည်း ရပါတယ်။ပါလာတဲ့ အဖျော်ယမကာကို ကိုယ့်စိတ်တိုင်းကျ မော့ခွင့်ရှိတာမို့ မောင်ရင်ငတေ အကြိုက်တွေ့မိတဲ့ အဓိက အချက်ဖြစ်ရတာပေါ့၊ ညမိုးကြီးချုပ်တာနဲ့ ကြုံကြိုက်ခဲ့ရင်လည်း ညအိပ်တည်းခိုဖို့ တည်းအိမ်လေး တွေလည်း တွဲလျှက် ရှိတတ်ပါတယ်။ ဖိုးစတားဖွိုက်စတားတွေလို ဘာညာသာရကာ အပိုဆာဒါးတွေမပါဝင်လို့ ဈေးနှုန်းက လည်း ချိုသာမျှတတဲ့ ဈေးနှုန်းသာပါ။ မောင်ရင်ငတေတို့ရဲ့ ဥရောပမြို့ကြီးတွေရဲ့နှုန်းထားနဲ့ဆိုရင်  ဘာမှမဆိုင်ပါဘူး။ အဲ ရွှေပြည်တော်ကြီးက နှုန်းထားများနဲ့လည်း ဘာမှမဆိုင်ပါဘူး။

ခဏနား နေ့လည်စာဗိုက်ဖြည့် စားသောက်ကြပြီး အမှတ် (၁၀၈) လမ်းအတိုင်း ခွန်ယွမ်းသို့ ဦးတည်ထွက်လာခဲ့ကြ ပါတယ်။ မယ့်ဟောင်ဆောင်မှာ ညဝင်နားကြမယ်။ လမ်းမှာ လှပမယ့် အေးချမ်းမယ့် စိတ်ဝင်စားစရာ တနေရာ နှစ်နေရာ ဝင်ကြည့်ကြ မယ်ရည်ရွယ်လို့ လာခဲ့ကြတဲ့ နေရာအနီးသို့ ချည်းနင်းဝင်ရောက်လာပါပြီ။ ဒီခရီးမစခင် မူလကတည်းက ကြိုတင်ရှာဖွေ ကြည့်ရှုထားတဲ့အတိုင်း ခွန်ယွမ်းလမ်းဆုံ ပတ်ဝန်းကျင်ကတော့ အတော်လေးကို သာယာလှပတဲ့ ဆေးရောင်စုံ ပန်းချီကား ချပ်များ အတိုင်းသာလို့ပြောရင် မမှားနိုင်ပါဘူး။ လှပတဲ့ ရှုခင်းသာ ဗျူးပွိုင့်နေရာတွေမှာ ခဏဝင်နား မှတ်တမ်းတင်ခဲ့ကြပါတယ်။

ဒီဒေသဟာ အစိမ်းရောင်နဲ့ အဝါရောင်ရောယှက်မှု လွန်ကဲစွာနဲ့ လှပတဲ့အရပ်ဒေသတခုလို့ ပြောနိုင်ပါတယ်။ မောင်ရင်ငတေ တို့ ဦးတည်သွားဖို့ ရည်ရွယ်ခဲ့တဲ့နေရာကလည်း အဝါရောင်ပန်းခင်းများ ကြီးစိုးရာနယ်မြေဆီပါ။ နိုဝင်ဘာလလယ်ဆိုရင် သဘာဝအရိုင်းအတိုင်း လှပနေတတ်တဲ့နေရာဆီပါ။

 (ဓါတ်ပုံ မရငတ)


ရည်ရွယ်ရာ ဦးတည် သွားနေဆဲမှာ လမ်းဘေးနှစ်ဘက် မြင်တွေ့ရတဲ့ တိမ်ဖြူဖြူ ကောင်းကင်ပြာပြာတွေရဲ့အောက် သစ် တော သစ်ပင်စိမ်းစိမ်း စိုက်ခင်းပျိုးခင်း စိမ်းစိမ်းတွေကိုလည်း အဝါရောင်တွေကသာ လွှမ်းမိုးလို့နေပါတယ်။ အဝါရောင် နေကြာရိုင်းခင်း Thung Bua Tong ကို မရောက်ခင်မှာတင် တတောလုံး တတောင်လုံးလိုလို ထိန်ထိန်ဝါနေသလိုပါ။

Thung Bua Tong, Doi Mae U Kho, Khun Yuam District, Mae Hong Son  (ဓါတ်ပုံ မရငတ)

အဲဒီနေကြာရိုင်းခင်းတွေ တည်ရှိရာ Mae U Kho တောင်တန်းတွေက လမ်းအမှတ် (၁၀၈) ခွန်ယွမ်း လမ်းဆုံက လမ်းအမှတ် (၁၂၆၃) ထဲသို့ ကီလိုမီတာသုံးဆယ်ခန့် ဝင်ရပါတယ်။ခရီးသွားတွေကြား မယ့်ဆရီယန် မယ့်ဟောင်ဆောင်ဒေသရဲ့ ထင် ပေါ်ကျော်ကြားလာတဲ့ နေရာတခုပါ။

မောင်ရင်ငတေတို့ရဲ့ ရည်ရွယ်ရာ Bua Tong ခေါ် မက္ကစီကန် နေကြာရိုင်းခင်းများရှိရာရောက်တော့ ခရီးသွား တော်တော်များ များရောက်နှင့်နေတာကို တွေ့ရပါတယ်။ထုံးစံအတိုင်း လူဖြူဖြူတွေကြား ကိုရီးယား ဂျပန်လူငယ်တွေလည်း တွေ့ရပါတယ်။

မောင်ရင်ငတေတို့အတွက် ကံကောင်းသွားတာက တတောလုံးတတောင်လုံးကို နေကြာရိုင်းပွင့်များ အဝါရောင်တောက် တောက်လွှမ်းမိုးနေတဲ့ နိုဝင်ဘာလလယ်ရက်နဲ့ တိုက်တိုက်ဆိုင်ဆိုင် ရောက်ရှိခဲ့တာပါ။ တခုပြောစရာရှိခဲ့တာက ရာသီ ဥတုကြောင့် ထင်ပါတယ်တဲ့။ နေကြာရိုင်းတွေရဲ့ ဝါထိန်မှုတွေက ဟိုအရင်နှစ်တွေလောက် မရှိတော့တာပါတဲ့။ ခရီးသွားတွေ အရောက်များလာတာကြောင့်လည်း ဖြစ်နိုင်တာပါ။ အကောင်းတွေချည်းလိုချင်လို့ မရနိုင်တဲ့ သဘာဝပါ။ သဘာဝ အလှတွေ ကို သဘာဝအတိုင်းရှိနေချင်ရင် လူတွေနဲ့နီးစပ်မလာစေဖို့ လုပ်ရမလိုသာပါ။ ဒေသဖွံ့ဖြိုးရေးလုပ်ရင် ဒေသကိုပျက်စီးစေ တာလည်း သဘာဝသာပါ။

 
(Giant Wild Mexican Sunflower, Tithonia Diversifolia) (ဓါတ်ပုံ မရငတ)

အဲဒီလိုနဲ့ မယ့်ဆရီယန်-ခွန်ယွန်း နေကြာရိုင်းများဆီသို့ခရီးစဉ် ဤတွင် ပြီးဆုံးပါပြီ။ တနှစ်လုံးမှာမှ ဒီလိုနိုဝင်ဘာ ဒုတိယနှစ် ပတ်ထဲသာ ဒီလိုတောအရိုင်းပွင့်သလိုမျိုး ပွင့်တာပါဆိုတဲ့ ဒီင်္နေရာကို နောက်တခေါက် တိုက်တိုက်ဆိုင်ဆိုင် ရောက်စေဖို့ ဆု ဘယ်လိုတောင်းရပါမလဲ …။

(Giant Wild Mexican Sunflower, Tithonia Diversifolia) (ဓါတ်ပုံ မရငတ)

ဒီနေကြာရိုင်းခင်းများဆီ မောင်ရင်ငတေတို့လို တကူးတက ဖြစ်စေ ဒါမှမဟုတ် အမှတ်မထင် ဖြစ်စေ ရောက်ရှိလာသူတွေထဲမှာ ဘာမှ မဟုတ်ပါဘူး၊ နေကြာလည်းဆိုသေး တူလည်းမတူဘူး၊ သေးသေး လေးတွေ မထူးတာကို ဆန်းနေကြတယ်။အဲလို ဝေဖန်ကြသူတွေ ရှိမှာပါ။ မောင်ရင်ငတေ ပြောချင် တာကတော့ ရင်နဲ့ ခံစားကြည့်တတ်ရင် နားလည်နိုင်လာပါလိမ့်မယ် လို့ သာ။

သာယာအေးချမ်းပါတဲ့နေရာ လှပတဲ့ ဒီအဝါတောက်တောက် တောပန်းနေကြာတွေကြား နေဝင်ချိန်အလှကို ခံစားကြည့် ရှုချင်ပေမယ့် ရှေ့ခရီးဆက်ရန် ညအိပ်ရပ်နားဖို့က မယ့်ဟောင်ဆောင်မှာမှသာ အစဉ်ပြေနိုင်မှာမို့ မယ့်ဟောင်ဆောင်သို့ ခရီး ဆက်ရပါဦးမယ်။

အဝါကြားက အနီဈေးကွက် (ဓါတ်ပုံ မရငတ)

မယ့်ဟောင်ဆောင်သို့ ခရီးမဆက်ခင်လေးပြောဖို့ တွေ့မြင်ခဲ့တာတခုရှိခဲ့တာမို့ ပြောပြပါရစေဦး။ ဒီလို အဝါရောင် တောက် တောက်တွေ ကြီးစိုးလွှမ်းမိုးနေတဲ့နေရာမှာ ဆန့်ကျင်ဘက် အယူအဆလို့ပြောရမယ်ထင်တဲ့ အနီတွေ အဖြူတွေ ပန်းတွေ ခရမ်းတွေနဲ့ စိုက်ပျိုးခင်းလေးတွေကိုလည်း တည်းခိုခန်း ဈေးဆိုင်ခန်းတွေနောက်မှ တွဲလျှက် တွေ့ရှိခဲ့ရတာပါ။ အဝါရောင် အရိုင်းပန်းတွေ အလှဆင်နေကြတဲ့ လွတ်လပ်နယ်မြေမှာ အနီ အဖြူ အလှစိုက်ပန်းတွေကို ဈေးကွက်တင် ရောင်းနေကြပါတဲ့ ဆိုင်တန်းတွေရဲ့ နောက်က ပန်းစိုက်ခင်းတွေကို ဝင်လို့ မှတ်တမ်းအလှ တင်ချင်ရင် ဝင်ကြေးဆယ်ဘတ် ပေးရပါမယ်တဲ့၊ ဘုတ်အုပ်ကြီးထဲက ဈေးကွက် စီးပွားရေး အခြေခံ ဥပဒေသအမှတ် ဘယ်လောက်အရလည်းဆိုတာကိုတော့ မောင်ရင်ငတေ့ ခပ်ပါးပါးသာကျန်တဲ့ ဦးနှောက်ကြီးက မေ့ခဲ့ပါပြီလေ။

(ဓါတ်ပုံ မရငတ)

ကျေးဇူး အထူးတင်စွာဖြင့်
ကျောက်ဖရား သောင်ရင်းမှသည် မယ့်ခေါင်ဆီသို့ စာစု (၃)   (မယ့်ဆရီယန်-ခွန်ယွမ်း နေကြာရိုင်းများဆီသို့) စာစုကို ဒီနေ ရာမှာ နိဂုံးချုပ်ပါမယ်။

မောင်ရင်တေ
၁၅၁၁၂၀၁၆ – ၂၃၁၂၂၀၁၆


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခရီးသွား ဆောင်းပါး, မောင်ရင်ငတေ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်