မောင်ကျေးရေ (ခေတ္တ ကယ်လီဖိုးနီးယား) – ငလျင်နှင့် မြေအောက်ရေ အရေး

April 22, 2017

Nov. 11, 2012: A bridge under construction across the Irrawaddy River, east of Shwebo, Myanmar is seen collapsed after a strong earthquake.  (Weekly Eleven News/AP)

မောင်ကျေးရေ (ခေတ္တ ကယ်လီဖိုးနီးယား) – ငလျင်နှင့် မြေအောက်ရေ အရေး

(မိုးမခ) ဧပြီ ၂၂၊ ၂၀၁၇

၁ –  စကားဦး

ကျွန်တော် ငလျင်ပညာရှင်မဟုတ်ပါ။ သို့သော် မြေအောက်ရေနှင့် စက်ရေတွင်းဆိုင်ရာ လုပ်ငန်းများကို ကျေးရွာရေရရှိရေး (၀န်ထမ်းဘ၀/ ၁၉၈၀-ခုနှစ်) ကစ၍ စဉ်ဆက်မပြတ်လေ့လာမှတ်သား လုပ်ကိုင်ခဲ့ပါသည်။ မြေအောက်ရေနှင့် စက်ရေတွင်းများဆိုင်ရာ အတိုင်ပင်ခံ၊ အကြံပေးအလုပ်များကို လုပ်ကိုင်နေဆဲဖြစ်ပါသည်။ ရေအရေးဆိုင်ရာဆောင်းပါးများကို ပြည်သူများအတွက် ဂျာနယ်၊ စာစောင်များ၊ အင်တာနက်စာမျက်နှာများတွင် အခါအားလျော်စွာ ရေးသားပါသည်။ ဤဆောင်းပါးသည် ငလျင်ကြောင့် မြေအောက်ရေနှင့် စက်ရေတွင်းများ၌ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေနှင့် ကြုံတွေနှိင်သည့်အန္တရာယ်များကို ရေးသားထားခြင်းဖြစ်ပါသည်။

၂ – ငလျင်နှင့် မြေအောက်ရေ

၂ – ၁ – ငလျင်သည် ကမ္ဘာမြေကြီး၏အပေါ်မျက်နှာပြင် တုန်လှုပ်မှု၊ တုန်ခါမှုပင် ဖြစ်သည်။ ငလျင်လှိုင်းသည် မြေတွင်း ကျောက်ချပ်လွာများ ပွတ်တိုက် တွန်းကန်အားကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်၏။ ဘူမိဗေဒပညာရပ်ဆိုင်ရာ အခေါ်အဝေါ်အရ ပြတ်ရွေ့ (Fault) ကျောများကို ဗဟိုပြု၍ ဖြစ်လေ့ရှိပါသည်။ (မြန်မာနိုင်ငံသည် ငလျင် ဘေးအန္တရာယ်မှ ရှောင်ကွင်းမရပါ။ ငလျင်နှင့် ဘေးအန္တရာယ်အကြောင်းများကို ငလျင်ပညာရှင်များ ရေးသားထားသည့်  စာစောင်၊ ဆောင်းပါး၊ စာအုပ်များ များစွာရှိပါသည်)

၂-၂ –  မြေအောက်ရေသည် ကမ္ဘာမြေမျက်နှာပြင်အောက်၊ မြေလွှာ (သဲ၊ ကျောက်စာရစ်၊ သဲဆန်သောမြေ)

(Sand, Gravel, Sandy soil) စသည်တို့ အတွင်း၌သော်လည်းကောင်း၊ ကျောက်လွှာ၊ ကျောက်ချပ်ကြား (Fractures / Rocks) များအတွင်း၌ သော်လည်ကောင်း ရေအောင်းလွှာအဖြစ် စိမ့်ဝင်ခိုအောင်းနေ၏။

၃ – ငလျင်ကြောင့် မြေအောက်ရေနှင့် ရေတွင်းများတွင် ဖြစ်ပျက်ပုံ (အကျိုး အပြစ်များ)

ငလျင်သည် ဘူမိဗေဒဆိုင်ရာအချက်အလက်များကို အခြေခံပါသည်။ ငလျင်နှင့် ဇလဗေဒဆိုင်ရာ၊ ဇလဘူမိဗေဒဆိုင်ရာ အချက်အလက်များသည်လည်း ဆက်သွယ်မှု ရှိနေကြသည်။ ကမ္ဘာအပေါ်ယံမြေသားဆိုင်ရာဂုဏ်သတ္တိများနှင့်လည်း မကင်းပေ။ မြေအောက်ရေနှင့် စက်ရေတွင်းဆိုင်ရာ ဇလဘူမိဗေဒပညာရှင်များက လေ့လာ သိရှိနေသည်။ ထိုအကြောင်းအရာများကို အင်္ဂလန်နိုင်ငံအခြေစိုက် သတ္တုတွင်းဆိုင်ရာ မြေအောက်ရေ လေ့လာရေးအဖွဲ့ကလည်း ငလျင်ကြောင့် ဇလဘူမိဗေဒဆိုင်ရာမြေအောက်ရေပြောင်းလွဲမှု ဖြစ်စဉ်ကိုစူးစမ်းကလေ့လာထားပါသည်။

ဒေးဗစ်ဟလ်အမ် (David Helms) ဆိုသူ အမေရိကန်ဘူမိဗေဒ၊ ဇလဘူမိဗေဒ စူးစမ်းလေ့လာရေးပညာရှင်ကလည်း ငလျင်လှိုင်းအားသည် ရေခိုအောင်းနေသောမြေလွှာနှင့် ကျောက်ချပ်လွှာများကို ရွေ့လျားစေသောကြောင့် မြေအောက်ရေနှင့် ရေတွင်းများကို ထိခိုက်စေကြောင်း ဖွင့်ဆိုထားပါသည်။

ငလျင်လှုပ်ခတ်မှုကြောင့် မြေအောက်ရေကို အဓိက ဆိုးကျိုးကြီး နှစ်ခု ဖြစ်ပျက်နိုင်စေသည်။ ပဌမ မြေအောက်ရေမျက်နှာပြင် (Water Level) ကိုလှုပ်ခတ်မှု ဖြစ်စေပါသည်။ ဒုတိယအနေနှင့် မြေအောက် ရေမျက်နှာပြင် အနိမ့်အမြင့်ကို ပြောင်းလွဲ သွားစေပါသည်။

မြေအောက်ရေ၏ အကျိုးအပြစ်ကို အခြေအနေသုံးမျိုး (မလှုပ်ခင်၊ လှုပ်နေစဉ်နှင့် လှုပ်ပြီး) တွင် ဖြစ်ပျက်လေ့ရှိကြောင်း လေ့လာသိရှိရပါသည်။ (ထိုအဖြစ်အပျက်များသည် စက္ကန့်ပိုင်း မိနစ်ပိုင်းအတွင်း ဖြစ်ပျက်သွားခြင်းဖြစ်သည်။ တခါတရံ ငလျင်ပြင်းအား အရှိန်မသေသေးပါက ထပ်မံဖြစ်တတ်ပါသေးသည်။)

ငလျင်မလှုပ်မီ ပြတ်ရွှေ့ကြော (ပြတ်ရွှေ့ဇုံ) (Fault Zone) နှင့်နီးသည့်နေရာတွေမှာ မြေတွင်းဖိအားကြောင့် မြေအောက်ရေမျက်နှာပြင်မြင့်လာသလို နိမ့်ကျသွားသည်လည်း ရှိ၏။

အမေရိကန် ဘူမိဗေဒစူးစမ်းလေ့လာရေးဌာန၏ လေ့လာချက်အရ ငလျင်လှုပ်ရာ ဗဟိုရပ်ဝန်းက ပေ ထောင် သောင်းအကျယ်အ၀ှမ်းအတွင်း ငလျင်လှိုင်းပြင်းအား ပမာဏအလိုက် ရေတွင်းများက ရေများ နောက်ကျိလာခြင်းသည် ငလျင်လုပ်တော့မည့်အရိပ်အရောင်ကို  ပြနေကြောင်းဖြစ်သည်ဟု ဆိုပါသည်။

ပိတ်လှောင်မထားသော မြေအောက်ရေအောင်းလွာ (unconfined aquifer) (သို့) ရေထွက်အား ကောင်းသော ပိတ်လှောင်ထားသည် မြေအောက်ရေအောင်းလွာ (high permeability confined aquifer) များတွင် ထိုသို့ဖြစ်ပျက်မူ့များ လျင်မြန်စွာဖြစ်ပေါ်လေ့ရှိပါသည်။ ထိုရေအရောင်ပြောင်းနေခြင်းသည် (၆) လ တစ်နှစ် ခန့်ထိ ရှိနေနှိင်ကြာင်း ဆက်မပြတ်လေ့လာခြင်းက သိရပါသည်။   (Brodsky et al 2003 ) ငလျင်လှုပ်နေစဉ်အတွင်း ငလျင်လှိုင်အားကြောင့် မြေတွင်းတုန်ခါမှု ဖြစ်ပေါ်သည်နှင့် တပြိုင်တည်း မြေအောက်ရေအောင်းလွှာအတွင်း ရေဖိအားပြောင်းလွဲမှု ဖြစ်စေပါသည်။ ထိုအခါ မြေအောက် ရေမျက်နှာပြင် လှုပ်ခတ် လာပါသည်။ ငလျင်ပြင်းအားမြင့်မား၍ ငလျင်ဗဟိုချက်နှင့် မဝေးကွာပါက ဆိုးကျိုးသက်ရောက်မှု ပိုပါမည်။

ရေအောင်းသဲလွှာများသည် အချို့နေရာများတွင် ငလျင်လှိုင်းအားကြောင့် သိပ်သည်းကျစ်လစ် သွားပြီး ရေခမ်းခြောက်သွားသည်။ အချို့နေရာများရှိ ရေအောင်းသဲလွှာများမှာ ကျစ်လစ်သိပ်သည်းမှု မရှိသည့် ကျေမွလွယ်သောမြေလွာ၊ ကျောက်လွာများဖြစ်သဖြင့် သဲဆန်သောဖျော်ရေအဖြစ် ပြောင်းလွဲပြီး ရေတွင်းမှတဆင့် မြေပေါ်သို့ ပန်းထွက်လာနိုင်သည်။ ပညာရပ်ဆိုင်ရာ အခေါ်အဝေါ်အရ (liquefaction) ဟု ခေါ်ဆိုပါသည်။

မြေတွင်းငလျင်လှိုင်းသွား အမြင့်ဆုံးအရှိန် (Peak Ground Acceleration –PGA) တန်ဘိုးမြင့် သော နေရာအရပ်ဒေသများတွင် မြေအောက်တွန်ကန်အားကြောင့် မြေအောက်ရေများ သဲနှင့် အတူ (သို့) ရေများသာ ရေတွင်းများမှ ပန်းထွက်လာခြင်း၊ ရေခန်းခြောက်ခြင်း၊ စက်ရေတွင်းအနီး ပတ်ဝန်းကျင်တွင် မြေကျွံကျခြင်းများ ဖြစ်ပေါ်စေနိုင်ပါသည်။

ငလျင်လှုပ်ပြီးနောက် ရေတွင်း (စက်ရေတွင်း၊ လက်တူးတွင်း) မြေအောက်ရေမျက်နှာပြင်သည် အတက်အကျဖြင့်  ဆက်လက် ဘောင်ဘင်ခတ်နေသေးသည်။ (မြေအောက်ရေဖိအား အသင့်အတင့်အ နေအထားတွင်) ထိုသို့သိရှိနှိင်ရန် မြေအောက်ရေနေကို အလိုအလျောက်တိုင်းတါသောစက်ဖြင့် စဉ်ဆက်မပြတ် တိုင်းတာ၊ မှတ်တမ်းပြုစုခြင်းက လေ့လာသိရှိလာပါသည်။ မျက်မြင်လည်း မြင်တွေ့နှိင်သည်။ တွင်းရေများလည်း ဆက်လက် နောက်နေပါသည်။ မီးခိုးရောင်၊ ညိုညစ်ညစ်ဖြစ်သွားပါမည်။

ငလျင်လှုပ်ခတ်ပြီးနောက် မြေအောက်ရေမျက်နှာပြင်နိမ့်ကျခြင်း၊ ရေလျံထွက်လာခြင်းများသည် မိနစ်အနည်းငယ်အတွင်း ငလျင်မလှုပ်မီကအခြေအနေသို့ လျင်မြန်စွာပြန်ရောက်နှိင်သကဲ့သို့ ရက်လကြာမြင့်စွာ စောင့်ဆိုင်းရသည်များလည်း ရှိပါသည်။ ဘူမိဗေဒအရ မြေလွှာနှင့် ကျောက်လွှာများ အနေအထား ပြောင်းလွဲသွားမှုကြာင့် ဇလဘူမိဗေဒအနေအထားများ ပြောင်းလွဲသွားခြင်းဖြစ်ပါသည်။

ငလျင်လှုပ်ခတ်ရာ ဗဟိုချက်နှင့်နီးပြီး၊ ငလျင်အားပြင်းထန်ပါက စက်ရေတွင်းမှရေများ မြေမျက်နှာ ပြင်အထိ လျံထွက်ခြင်း (သို့) စက်ရေတွင်းမှ ရေမျက်နှာပြင် နိမ့်ကျသွားပြီး တွင်းရေခမ်းခြောက်သွားခြင်း များဖြစ်စေပါသည်။

ထိုအပြင် မြစ်ချောင်းများ၏ ရေစီးဆင်းပုံ ပြောင်းလွဲမှုနှင့် မြေအောက်ရေမျာက်နှာပြင် ပြောင်းလွဲမှုများသည်လည်း ဆက်စပ်မှုရှိနေကြ၏။ (ဥပမာ – ရန်ကုန်မြစ်၊ လှိုင်မြစ်၊ ပဲခူးမြစ် စသည်တို့နှင် နီးကပ်နေသည့် မြိုနယ်များရှိ မြေအောက်ရေအောင်းလွှာနှင့် ရေတွင်းများ) ငလျင်လှုပ်ရာ ရပ်ဝန်းအတွင်း ငလျင်လှိုင်းဖြတ်သန်းသွားသည့်အချိန်မှစ၍ ဖြတ်သန်းသွားပြီးနောက် အချိန်အထိ မြေအောက်ရေမျက်နှာပြင်လှုပ်ခတ်နေကြောင်း၊ သုတေသနမှတ်တမ်းများအရ သိရသည်။ ဆက်လက်သုတေသနပြုလုပ်ရန်တော့ လိုသေးသည်ဖြစ်ကြောင်း အမေရိကန် ဘူမိဗေဒလေ့လာတိုင်းတာရေးက ဖွင့်ဆိုထားပါသည်။

အထက်ပါအခြေအနေသုံးရပ်သည်ငလျင်ပြင်းအားပမာဏ အမ် (၆) (M 6) (M mean earthquake magnitude) ( ပီဂျီအေ တန်ဘိုး ( ၀.၁၅ ~ ၀.၃) အထက် ပြင်းအားရှိ ငလျင်များကြောင့် ဖြစ်နှိင်ခြေများပါသည်။

ငလျင်လှုပ်ခတ်မူ့ကြောင့်လည်း စက်ရေတွင်းစကာများ သဲပိုက်ဆို့မှုများ ဖြစ်စေနှိင်ပါသည်။ ရေထွက်အား လျော့နည်းစေပါသည်။ စက်ရေတွင်းတူးစဉ်က တွင်းအပေါ်ပိုင်း၌ ပြန်ဖို့ထားသောရွံ့မြေများ၊ သရွတ်မြေများ (grouting materials) သည်လည်း တွင်းဇကာကို ပိတ်ဆို့စေခြင်း ရေစစ်ဇကာမှတဆင့် တွန်းကန်အားကြောင့် မြေပေါ်သို့ ပန်းထွက်လာခြင်းများ ဖြစ်စေနှိင်ပါသည်။

အချို့တွင်းများ သဲများလိုက်လာပြီးနောက်၊ ရေထွက်အားပိုကောင်းလာစေပါသည်။ ထိုအရာအားလုံးသည် ကျောက်လွှာအနေအထားဘူမိဗေဒ၊ ရေအောင်းလွှာအမျိုးအစားအလိုက်၊ နေရာဒေသအလိုက် ကွဲပြားခြားနားစွာ ဖြစ်ပျက်နေခြင်းဖြစ်ပါသည်။

အထက်ပါ အခြေအနေသုံးမျိုးတွင် ဖြစ်ပျက်ခြင်းများအားလုံးသည် စက္ကန့်ပိုင်း၊ မိနစ်ပိုင်းအတွင်း ဖြစ်ပျက်ခြင်းဖြစ်ပါသည်။

ဂျပန်နိုင်ငံ ဘူမိဗေဒစူးစမ်းလေ့လာရေးဌာနနှင့် အဆင့်မြင့် သိပ္ပံနှင့်နည်းပညာဌာနတို့ ပူးပေါင်းပြီး ငလျင်ကြောင့် မြေအောက်ရေ မည်သို့ဖြစ်ပျက်နိုင်သည်ကို (၁၉၄၆) ခုနှစ် နမ်ကိုင်း (Nankai) ငလျင်မလှုပ်ခင် ရက်ပေါင်းများစွာကြိုတင်၍ စူးစမ်းလေ့လာခဲ့သည့်မှတ်တမ်းများအရ မြေအောက်ရေနောက်ကျိလာကြောင်း၊ မြေအောက်ရေမျက်နှာပြင် အနိမ့်အမြင့် အတက်အကျရှိလာကြောင်း ကြိုတင်သိရှိခဲ့သည်။ ထိုအပြင် (၁၉၇၅) ခုနှစ်တွင်လည်း ဟိုင်ချင်းငလျင် (ပြင်းအားပမာဏ (၇.၃) မလှုပ်မီ ငလျင်ငယ်များလှုပ်ခြင်း၊ ရေတွင်းကရေများ ဘောင်ဘင်ခတ်လာခြင်း၊ ရေဒွန်ဓါတ်ငွေ့များ ထွက်လာခြင်းများကို ကြိုသိခဲ့ရသည်။ ရေလျံကျခြင်း၊ ရေပူများထွက်လာခြင်း၊ ရေတွင်းရေခမ်းချောက်ခြင်းများကို ဖြစ်ပေါ်စေပါသည်။

ငလျင်ဘေးန္တရာယ် စိုးရိမ်နေရသည့် မြန်မာနှိင်ငံအနေနှင့် မြေအောက်ရေ အလွန်အကျွန်သုံးစွဲနေသောမြို့များ၊ စက်မှုဇုံဒေသများအတွက် စဉ်စားစရာနမူနာ သာဓကတခု ဖြစ်ပါသည်။

၎ – မြန်မာနှိင်ငံအတွင်းငလျင်နှင့် မြေအောက်ရေ အန္တရာယ်

ငလျင်ပညာရှင်များ၏အဆိုအရ ရန်ကုန် – သန်လျင်တဝိုက်၊ ငလျင်အန္တရာယ် ကျရောက်စေနိုင်သော ဗဟိုဌာန အနည်းဆုံး ၄ခု ရှိသည်။ အရှေ့ဖက်က စစ်ကိုင်းပြတ်ရွေ့၊ အနောက်ဖက်က ဒေးဒရဲ၊ မြောက်ဖက် တိုက်ကြီးအနီးအနားနှင့် တောက်ဖက် မုတ္တမပင်လယ်ထဲက ပြတ်ရွေ့များ ဖြစ်သည်။

မြေအောက်ရေနှင့် စက်ရေတွင်းများဆိုင်ရာ ပညာရပ်ရှုဒေါင့်မှ လေ့လာကြည့်သောအခါ၊ မန္တလေး၊ အမရပူရ၊ ရန်ကုန်မြို့များသည် ငလျင်ပြင်းအား ပမာဏ အမ် (၆) အထက် လှုပ်ခတ်လာပါက မြေအောက်ရေများရေတွင်းမှ တဆင့်လျံတက်လာနိုင်ခြင်း၊ တွင်းခမ်းခြောက်ခြင်းများ ကြုံတွေနိုင်ပါသည်။

ရန်ကုန်မြို့သည် ပြင်းအားအဆင့်၊ မာကလ်လီစကေးအတန်း (၈) ထိ ခံရဖွယ်ရှိသည်ဟု ငလျင်ပညာရှင်များက ဖွင့်ဆိုထားပါသည်။ မဟာရန်ကုန်မြို့ နယ်နမိတ်အတွင်း၊ ရန်ကုန်မြို့တွင်ပိုင်း၊ အနောက်ဘက်ခြမ်း၊ ဦးဝိစာရလမ်းမှသည် အင်းစိန်လမ်းတလျောက် အနောက်ဘက်ခြမ်းရပ်ကွက်များ (ကြည်မြင်တိုင်၊ စမ်းချောင်းမှသည် ဒညင်းကုန်းအထိ) နှင့် ရန်ကုန်အရှေ့ပိုင်း၊ ဒဂုံမြို့သစ်များတွင် ဖြစ်ပျက်နိုင်ပါသည်။ အဆိုပါအရပ်ဒေသများသည် ချိုင့်ဝှမ်းပို့ချ မြေအောက်ရေအောင်းလွာ (Valley-filled aquifer) ကျယ်ကျယ်ပြန့်ပြန့်ဖြစ် တည်လျက်ရှိနေခြင်းက ဇလဘူမိဗေဒ၊ ဘူမိဗေဒအခြေအနေများက အဓိကဖြစ်ပါသည်။ ရန်ကုန်မြို့တွင် ငလျင်လှုပ်ခတ်မှု စကေး ပီဂျီအေ (၀.၂ – ၀.၃ ဂျီ) အတွင်းရှိမြို့နယ်များတွင် ရေတွင်းများက ရေလျံခြင်းဖြင့် မြေအောက်ရေများ မြေပေါ်သို့ တက်လာနှိင်ပါသည်။ ထိုအပြင် ပြည်လမ်း၊ အင်းယားကန်ဘောင်၏ အနောက်ဘက်ခြမ်း (ပြည်လမ်းနှင့် အင်စိန်းလမ်းကြား) ရှိရပ်ကွက်၊ မြို့နယ်များအတွင်းရှိ ရေတွင်းများ၊ အတွက် ပိုမိုစိုးရိမ်ရပါသည်။ အဘယ်ကြောင့်ဆိုသော် ပြည်လမ်းဘက်ခြမ်း တာဘောင်သည် ကမ္ဘာအေးဘုရားလမ်း အရှေ့ဘက်ခြမ်းတာဘောင်ထက် ခံနှိင်အား နည်းပါသည်။ အောက်ခံမြေသားသဘာဝ၊ ဂုဏ်သတ္တိမတူပါ။ အင်းယားကန်ဘောင်က ရေထုထည်ပမာဏကိုလည်း ထည့်သွင်းစဉ်းစားရပါမည်။

မန္တလေးမြို့ပြည်သူများ၏ (၆၀ – ၇၀) ရာခိုင်နှုန်းသည် မြေအောက်ရေကို မှီတင်းနေကြသည်။ မန္တလေးမြို့ ရပ်ဝှမ်းဒေသရှိ မြေအောက်ရေအောင်းလွှာမှာ ရေများစွာထုတ်ယူနိုင်သည့် မြေအောက်ရေမျက်နှာပြင်တိမ်သော နုံးမြေရေအောင်းလွာ (Alluvial aquifer) ဖြစ်သည်။ ငလျင်၏တွန်းအား၊ ဖိအားဒဏ်ကို ခံနှိင်အားနည်းသည့် မြေအောက်ရေပျော်ဝင်နေသော မြေနုမြေအောင်းလွာဖြစ်သည်။ ငလျင်ပြင်းအားပမာဏ အမ်(၆) အထက် လှုပ်ခတ်လာပါက မန္တလေးနန်းတော်ဝန်း၏ တောင်ဘက် (အနောက်ဘက်ပိုင်း)၊ အနောက်ဘက်၊ အနောက်မြောက်ဘက် နေရာအများအပြားတွင် ရေတွင်းများရေလျံခြင်း၊ အချို့နေရာများတွင် မြေကျွံသွားခြင်း (Sinkhole) များ ဖြစ်သွားစေနိုင်ပါသည်။

စာရေးသူ လေ့လာသိရှိထားသည့် သာဓကများမှာ (၂၂ – ၀၉ – ၂၀၀၃) နေ့တွင် တောင်းတွင်းကြီး ငလျင် ပြင်းအား ပမာဏ (၆.၈) ကြောင့် ဆတ်သွားရွာနှင့် ဘူတာရှိရေတွင်းများ၊ စက်ရေတွင်းများ ရေလျံ တက်လာပြီး အချို့တွင်းများ ရေခမ်းချောက်သွားခြင်းများ ဖြစ်ပေါ်ခဲ့ပါသည်။ အချို့ (ယခင်က) ရေမထွက်သည့်တွင်းများ ရေများထွက်လာခြင်း၊ မီးရထားသံလမ်းများ လိမ်ကောက်သွားကြောင်း၊ မိတ်ဆွေ (အိုးအိမ်ဦးစီးဌာနက အငြိမ်းစား၊ ဇလဘူမိဗေဒပညာရှင်တစ်ဦး) ပြောပြချက်ကို ရေးသားဖေါ်ပြအပ်ပါသည်။

(၂၄ – ၀၈ – ၂၀၁၆) နေ့တွင် အနက်မီတာ (၅၈) ကီလိုမီတာကို ဗဟိုထားလှုပ်ခတ်သွားသော ပြင်းအားပမာဏ အမ် (၆.၇) ရှိ ချောက်ငလျင်ကြောင့် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းနှင့် အနီးအနားကျေးရွာများက ရေတွင်းများ မြေမျက်နှာပြင် အထက် (၂- ၃) ပေကျော်အထိ ရေလျံကျခြင်းများ ဖြစ်ပေါ်ခဲ့ပါသည်။ ထိုနောက် ရေတွင်းမှ ရေများ ပြန်လည်နိမ့်ဆင်းသွားသည်ကို ဓါတ်ပုံများက ပြောနေပါသည်။ (ပုံ) ရှု ။

(၁၃ – ၀၄ – ၂၀၁၆)  ငလျင်ပြင်းအားပမာဏ (၆.၉) ရှိ ကလေးမြို့ ငလျင်ကြောင်းလည်း အနီးအနားပတ်ဝန်းကျင်ကျေးရွာများရှိ ရေတွင်းများ ရေလျံခြင်း၊ ချောင်းရိုး၊ မြောင်းရိုးများ ရေလမ်း ရေစီးပုံစံ ပြောင်းလွဲသွားခြင်းများ ဖြစ်ပျက်ခဲ့သည်ကို မုံရွာမြို့နေ၊ ရေအရင်းအမြစ်အသုံးချရေးဦးစီးဌာနမှ အငြိမ်းစား ဇလဘူမိဒေပညာရှင်နှင့် ဆက်သွယ်မေးမြန်းခြင်းဖြင့် စူးစမ်း သိရပါသည်။

အထက်ပါ ဖြစ်ရပ် (၃) ခု ကို အခြေခံလေ့လာခြင်းဖြင့် ငလျင်ပြင်းအား ပမာဏ (၆- ၆.၅) အထက် လှုပ်ခတ်သည့်ငလျင်များသည် မြေအောက်ရေနှင့် ရေတွင်းများကို အန္တရာယ်ဖြစ်စေကြောင်း သက်သေပြနေပါသည်။ ဘူမိဒေ၊ ဇလဘူမိဗေဒ အနေအထားများ ၊ မြေအောက် ရေနေ အနေအထားများ ပြောင်းသွားခြင်းကြောင့်ဖြစ်ပါသည်။

ကျောက်လွှာ ထူထပ်သည့်အရပ်ဒေသ၊ တောင်ကြီး၊ ရှမ်းပြည်၊ မော်လမြိုင်၊ မွန်ပြည်နယ်စသည့်ဒေသများရှိ ထုံးကျောက်၊ ရေအောင်းလွှာများ (ကျောက်ကြားရေအောင်းလွာ) (fracture rock aquifer) မှာမူ ငလျင်ပြင်းအားပမာဏများလေ ရေခိုအောင်းနေသည့် ကွဲကြောင်းများ၊ ကျယ်ပြန့်လာခြင်း၊ ကျင်းမြောင်းသွားခြင်း (သို့) ပိတ်သွားခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ ရေထွက်နှုန်းများလည်း ပြောင်းလွဲသွားစေပါမည်။

၅ – မြေအောက်ရေကို အသုံးပြုနေကြသူများ ကြိုတင်သိထားသင့်သော နည်းလမ်းများ

၅-၁။ ဆောက်လုပ်ရေးပညာရှင်များ အဆောက်အဦတည်ဆောက်ရန် ပုံစံထုတ်ရေးဆွဲရာတွင် ရေပင်ရေရင်း (ရေတွင်း) များ (water supply source) အတွက် ရေသုံးစွဲမှု ပမာဏနှင့် ရေရရှိနိုင်မှုပမာဏကို အခြေခံ တွက်ချက်၍ ရပ်ကွက် အစုအဖွဲ့အလိုက်၊ စက်မူ့ဇုံအလိုက် သီးခြားနေရာတနေရာတွင် စက်ရေတွင်း၊ ရေတွင်းများတူးပြီး မြေအောက်ရေ ထုတ်ယူသုံးစွဲသည့်စနစ်ကို ကျင့်သုံးရန်။

(ယခင် ဦးနုအစိုးရနှင့် မဆလခေတ်က ဆောက်လုပ်ထားသည့် ပြည်ထောင်စုရိပ်သာ (ယခု မရှိတော့ပါ) အိမ်ယာ၊ ဦးဝိစာရအိမ်ရာ၊ မင်းမနိုင်အိမ်ရာများကဲ့သို့ စက်ရေတွင်းများကို သီးသန့်နေရာ ပေးသင့်ပါသည်။)

ယခင်က အိုးအိမ်ဦးစီးဌာနက ဆောက်လုပ်ပေးထားသည့် ကြို့ကုန်းအိမ်ရာတွင် ရေတွင်းကို သီးခြားတနေရာတွင် တူးဖေါ်၍ တိုက်ခန်းများကို ရေဖြန့်ဝေခဲ့ပါသည်။ ယခုအခါ ပြုပြင်ထိန်းသိမ်းမှု မရှိသည့်အတွက် စက်ရေတွင်းများမှ ရေပေးဝေနိုင်ခြင်း မရှိသောအခါ တတိုက် တတွင်း၊ မိမိအစီအစဉ်နှင့် ထုတ်ယူသုံးစွဲနေကြသည်။ ငလျင်အန္တရာယ် ဖြစ်လာပါက စိုးရိမ်ရသည့်မြေသားအမျိုးအစားတွင် ပါဝင်နေသည်။

၅ -၂။ ယနေ့ ဆောက်လုပ်ထားသော ကန်ထရိုက်တိုက်၊ အဆင့်မြင်အဆောက်အဦများ အောက်ရှိ ရေတွင်းများမှ ရေထုတ်ယူသုံးစွဲနေခြင်းက ငလျင်လှုပ်သည့်အခါ ဖြစ်ပေါ်လာမည့် အန္တရာယ်ကို ဖိတ်ခေါ်နေခြင်း ဖြစ်ပါသည်။ ထိုသို့လုပ်ဆောင်ခြင်းများကို တားမြစ်ရန်။

၅ – ၃ ။ ထိုအပြင် ရန်ကုန်မြို့၊ ဦးဝိစာရလမ်း အနောက်ဘက်၊ ပြည်လမ်း အနောက်ဘက်ခြမ်း၊ အင်းစိန်လမ်းမကြီး အနောက်ဘက်ခြမ်းရပ်ကွက်များ၊ မဟာရန်ကုန် အရှေ့ပိုင်းမြို့သစ်များတွင် စက်ရေတွင်း၊ ရေထုတ်ပိုက်၌ ရေအားထွက်ပေါက်များ (relief bar) တတ်ထားသင့်ပါသည်။

၅ – ၄ ။ ငလျင်လှုပ်ပြီးကာစ (တစ်ရက် နှစ်ရက်) အတွင်း ရေတွင်းရေကို မသုံးဘဲ ပြင်ပက သန့်စင်သောရေကို သုံးရန်။

၅ – ၅ ။ ငလျင်လှုပ်ပြီးနောက် စက်ရေတွင်းကို စစ်ဆေးရန်။ မျက်မြင်ပျက်စီးမှုများကို စစ်ဆေးရန်။

၅ – ၆ ။ တွင်းရေကို သောက်သုံးရန် သင့် မသင့် ရေအရည်အသွေး စစ်ဆေးရန်။ စစ်ဆေးပြီးမှ သုံးရန်။

၅ – ၇။ ရေအရောင်အသွေးပြောင်းလဲလာခြင်း၊ အနံအသက်ရှိခြင်း၊ ရေထွက်နှုန်း ပြောင်းလဲလာခြင်း၊ တို့သည် ငလျင်ကြောင့်ဖြစ်ပေါ်လာသော အကြောင်းအရာများပင် ဖြစ်သည်။ ရေအရောင် ညိုညစ်ညစ် အရောင်သည် တရက်နှစ်ရက်အတွင်း မပြောင်းပါက မြေအောက်ရေ ကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်သင့်ပါသည်။ ရေ၀င်ပေါက်ဇကာ ကျိုးပျက်သွားပါက ထိုသို့ဖြစ်နှိင်ပါသည်။

၅- ၈ ။ ရေတွင်းကို ပြန်လည်ရေမှုတ် ဆေးကြောရန်။

နိဂုံး

ငလျင်ကြောင့်ဖြစ်ပေါ်နိုင်သည့် မြေအောက်ရေဘေးန္တရာယ်များကို သိရှိရန်နှင့် ကြိုတင်လုပ်ဆောင်၍ ရသည်များကို လုပ်ဆောင်နိုင်ပါရန် ရည်ရွယ်ပါသည်။

မောင်ကျေးရေ (ခေတ္တ ကာလီဖိုးနီးယား)

ကျမ်းကိုး၊ ။မြန်မာပြည်နှင့် ငလျင်၊ မြန်မာ့ငလျင်ဘေး လျော့ချရေး (ဒေါက်တာသိန်း) ဘူမိဗေဒ ၊ ၁၉၇၄ အသင်း ပညာရပ် စာစဉ် (၁)  ၁၉၇၄။

– SCIENCE VOL 300, 27 JUNE 2003 / Stream flow and Water Well Responses to Earthquakes

– DEC (AL / US): Earthquake Information for Private Well Owners

– Earthquakes and Groundwater and Surface Water Management at Mines Sites

Gareth Digges La Touche,Golder Associates, 1 Alie Street, London, E1 8DE, UK,

– Brodsky EE “ (2003) A mechanism for sustained groundwater pressure changes induced by distant earthquakes”


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Maung Kyay Yay, သတင်းဆောင်းပါး, လောကဓာတ်ခန်း

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်