မောင်ကြည် ● မရေးဖြစ်သေးတဲ့ အက်ဆေး

May 1, 2017

● မရေးဖြစ်သေးတဲ့ အက်ဆေး
(မိုးမခ) မေ ၁၊ ၂၀၁၇

ကျနော်အက်ဆေးတပုဒ် ရေးချင်နေတယ်။ ဘာအကြောင်းလဲ ဆိုတော့ ဘာအကြောင်းမှ မဟုတ်ပါဘူး။ နည်းနည်းနားရှုပ် သွားလား။ ဒီလိုလေ ဘာမှမဟုတ်တဲ့အကြောင်းကို ရေးမယ်လို့ ပြောတာပါ။ ဘာအကြောင်းမှမဟုတ်တဲ့ အက်ဆေးတပုဒ် ဆိုပါတော့။ ဒါဆို ခင်ဗျားအက်ဆေးထဲမှာ တခုခုတော့ ထည့်ရေးရမယ်မဟုတ်လားလို့ တစုံတယောက်က မေးလာခဲ့သော် ကျနော် ဘယ်လိုဖြေရမလဲ။ တကယ်တော့ ကျနော့်အက်ဆေးထဲမှာ ဘာမှမဟုတ်တဲ့အကြောင်းကို ထည့်ရေးချင်တာပါ။

ကျနော်ရေးမယ့် အက်ဆေးထဲမှာ တစုံတခု တစုံတတယာက်အကြောင်းပါမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘာမှ မဟုတ်တဲ့အကြောင်းကို ရေးမှာမို့လို့ပါပဲ။ အဲဒီတော့ သေချာတာက ကျနော့်အက်ဆေးထဲမှာ ဇာတ်လမ်းတွေ အဖြစ်အပျက် တွေ ဇာတ်ဆောင်တွေ နေရာဒေသတွေလည်း ပါမှာမဟုတ်ဘူး။ အချိန်ဆိုတဲ့အရာလည်း ပါမှာမဟုတ်ဘူး။ တိတိကျကျ ပြောရရင် အဲဒီအက်ဆေးထဲ မှာ ဘာဆိုဘာမှ ပါမှာမဟုတ်ဘူး။ နေဦး ဘာဆိုဘာမှလို့တော့ မသုံးသင့်ဘူး ထင်တယ်။ ဘာမှ မဟုတ်ဘူးဆိုပေမယ့် အကြောင်းအရာထဲမှာ တခုခုတော့ ပါမှာပေါ့။ ဘာလို့လဲဆိုတော့ တခုခုကိုတော့ ထည့်ရေးရမယ် မဟုတ်ဘူးလား။ ဒါဆို ဘာတခုခုလဲ။ မသိဘူး။ တခုခုတော့ တခုခုပဲ။ ဘာမှန်းမသိတာ တခုခုတော့ ဖြစ်နိုင်ပါတယ်။ ဘာမှ မဟုတ်တဲ့အကြောင်းအရာထဲမှာ အဖြစ်အပျက်တွေ ဇာတ်လမ်းတွေ တော့ ပါမှာမဟုတ်ဘူး။ ဒါဆို အဖြစ်အပျက်နဲ့ဇာတ်လမ်းမပါတဲ့အကြောင်းအရာကို စာဖတ်သူတွေ ဘယ်လိုဖတ်ကြမလဲ။ ကျနော်တို့ဟာ အဖြစ်အပျက်တွေဇာတ်လမ်းတွေမပါဘဲ ရေးလေ့ရေးထမရှိလို့ ပါပဲ။ ဟုတ်ပါတယ်။ အကြောင်းအရာထဲမှာ အဖြစ်အပျက်တွေ ဇာတ်လမ်းတွေ ပါလေ့ရှိတာ ထုံးစံပါပဲ။ ကျနော်တို့ဟာ လေတိုက်တဲ့အကြောင်းရေးတယ်။ သစ်ရွက်ကြွေတဲ့အကြောင်းရေးတယ်။ ပြီးတော့ မိုးရွာတဲ့အကြောင်း နှင်းကျတဲ့အကြောင်း မီးပျက်တဲ့အကြောင်း စသည် စသည် ဖြစ်ပေါ့။

ကျနော်တို့က စာဖတ်ပြီဆိုကတည်းက ဘာအကြောင်းရေးထားတာလဲလို့ စပြီးစူးစမ်းတယ်။ ကျနော်တို့ရဲ့ မွေးရာပါ ဗီဇစိတ် ကိုက အဖြစ်အပျက်ပါတဲ့အကြောင်းအရာဆို သိပ်စိတ်ဝင်စားတယ်။ လူဆိုတဲ့သတ္တဝါက ဇာတ်လမ်းဇာတ်ကွက် အဖြစ်အ ပျက်ကို စိတ်ဝင်စားတတ်သူမျိုးမဟုတ်လား။ ဒါကြောင့် ကျနော်တို့ ရုပ်ရှင်ကြည့်ကြတယ်။ ပြဇာတ်ကြည့်ကြတယ်။ ဝတ္ထု ဖတ်ကြတယ်။

ဒါနဲ့အားမရတဲ့ ကျနော်တို့ဟာ မိမိပတ်ဝန်းကျင်က ဇာတ်လမ်းတွေကို နားစွင့်တယ်။ စုံစမ်းတယ်။ မြိန်ရေ ရှက်ရည် နားအရ သာခံတယ်။ နောက်ဆုံး လမ်းထဲမှာ ခွေးနှစ်ကောင်ကိုက်တာကအစ ကျနော်တို့ စိတ်ဝင်တစား ကြည့်လေ့ရှိပါတယ်။ တ ကယ်တော့ ရုပ်ရှင်တို့ ပြဇာတ်တို့ ဝတ္ထုတို့ဆိုတာ ဖန်တီးထားတာတွေပါ။ တကယ့် ဇာတ်လမ်းတွေမှမဟုတ်တာ။ ဇာတ် လမ်းအတုတွေပဲ။ လှည့်စားထားတာတွေပဲ။ မျက်လှည့်ကြည့်ရသလိုပါပဲ။ အတုတွေဖန်တီးထားတာတွေဆိုတာလည်း ကျ နော်တို့ သိနေတာပဲ။ ဒါပေမဲ့ သိသိနဲ့ပဲ ကျနော်တို့က လှည့်စားခံဖို့ အသင့်ဖြစ်နေတာ အံ့သြစရာမကောင်းဘူးလား။ တကယ် မဟုတ်မှန်း သိသိနဲ့ပဲ ကျနော်တို့တကယ်ဟုတ်သယောင်ယောင်ထင်ပြီး ဇာတ်လမ်းထဲ မျောသွားကြတော့တာပါပဲ။

ကျနော်တို့အကျင့်က အကြောင်းအရာထဲမှာ ဇာတ်လမ်းကိုရှာဖွေတယ်။ ဘာတွေဖြစ်ပျက်နေသလဲလို့ စုံစမ်းတယ်။ ဇာတ် ကောင်တွေကို ဝေဖန်တယ်။ ချီးကျူးတယ် ရှုတ်ချတယ်၊ အပြစ်တင်တယ်၊ သနားတယ်၊ ဒေါသထွက်တယ်၊ ပျော်တယ် ဝမ်းသာတယ်။ ဒါ ဇာတ်လမ်းနဲ့ ဇာတ်ကောင်တွေက ပေးလိုက်တဲ့ ဝေဒနာတွေပဲပေါ့။ အဲဒါကိုက အနုပညာရဲ့ အရသာ (တနည်း) ရသပဲ မဟုတ်ပါလား။ ရသကို ခံစားရင်းနဲ့ ကျနော်တို့က အကြောင်းအရာကို ဝေဖန်ကြသေးတယ်။

ဒီဇာတ်လမ်းကကောင်းတယ် တဲ့။ ဘာဇာတ်လမ်းကြီးမှန်း မသိဘူးတဲ့။ ဇာတ်လမ်း ဇာတ်ကွက် မယ်မယ်ရရမပါရင် သိပ်မ ကြိုက်ချင်ဘူး။ ဘယ်လိုဇာတ်လမ်းကြီးလဲတဲ့။ ဇာတ်လမ်းလည်းမရှိဘူးတဲ့။ အဲဒီတော့ ပြောချင်တာက ဇာတ်လမ်းပါတဲ့ အကြောင်းအရာကို စိတ်ဝင်စားတတ်တာ လူ့သဘာဝပါ။ ဒါဆို ဇာတ်လမ်းမပါဘဲ ဖန်တီးလို့မရဘူးလား မဖြစ်နိုင်ဘူးလား။ ဇာတ်လမ်းမပါတဲ့ဇာတ်လမ်းဆို ဘယ်လိုများပြောကြလေမလဲမသိ။ ဇာတ်လမ်းမဲ့ ဇာတ်လမ်းပေါ့။ ဇာတ်လမ်းမပါတာကိုက ဇာတ်လမ်း ဖြစ်နေတာမျိုး။ ဘာဇာတ်လမ်းမှမပါတဲ့ ဇာတ်လမ်း။ ဘာဇာတ်လမ်းမှမပါဘူး။ ဒါဆို ဘာအကြောင်းအရာလဲ။ ဘာအဖြစ်အပျက် ဘာဇာတ်လမ်းမှမပါတဲ့ အကြောင်းအရာ။ ဒါဆိုတခုခုတော့ ဖြစ်ရမှာပေါ့။

ဟုတ်ကဲ့ ဘာတခုခုမှဖြစ်မသွားပါဘူး။ ဟင် ဒါဆို ဘာကြီးလဲ။ ဘာကြီးမှကိုမဟုတ်ဘူး။ တခုခုဖြစ်သွား တယ်ဆိုပြီး သတ်မှတ် လို့မရတဲ့အရာ။ သတ်မှတ်ချက်တွေနဲ့ကင်းလွတ်နေတဲ့အရာ။ ဘာဆိုဘာမှဖြစ်မသွားတဲ့အကြောင်းအရာ။ သစ်ရွက် အ ကြောင်းမဟုတ်ဘူး။ မိုးရွာနေတဲ့အကြောင်း မဟုတ်ဘူး။ ကောင်လေးနဲ့ ကောင်မလေးအကြောင်း မဟုတ်ဘူး။

အဲဒီလိုအကြောင်းအရာတွေမဟုတ်ဘူး။ ဒါဆိုဘာလို့ရေးနေတာလဲဗျာ။ ဘာမှမဟုတ်ရင် ရေးမနေနဲ့ တော့။ ဘာမှမဟုတ်တာ ကို ရေးလို့မရဘူးလား။ ရေးခွင့်မရှိဘူးလား။ မရေးသင့်ဘူးလား။ တခုခုဖြစ်မှ ရေးရမှာလား။ တစ်ခုမှ ဖြစ်မလာ(သို့မဟုတ်) ဖြစ်မသွားတာကို ရေးလို့ရမလား။ ကျနော်တို့ စမ်းသပ် မကြည့်သင့်ဘူး။ အပျင်းပြေသဘောမျိုး ဖတ်ကြည့်ပေးမလား။ ဘာမှ မဟုတ်လည်း အပျင်းပြေပေါ့လို့ ပြောကြတယ်မဟုတ်လား။ အနည်းဆုံး အပျင်းတော့ပြေသွားမယ်ထင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တနေ့ပြီးတနေ့ ဒီဇာတ်လမ်း ဒီအဖြစ်အပျက် ဒီအကြောင်းအရာတွေထဲမှာပဲ တဝဲလည်လည် ပိတ်မိနေတဲ့ ကျနော် တို့တတွေဖန်တီးထားတဲ့ ဇာတ်လမ်းတွေထဲက ခဏလောက် ဖြစ်ဖြစ် ဖယ်ခွာကြည့်ကြရအောင်လား။

ဇာတ်လမ်းတွေနဲ့ မူးယစ်ရီဝေနေတဲ့ ကျနော်တို့ကို အထိတ် တလန့်ဖြစ်အောင်လုပ်မယ့် (တနည်းပြောရရင်) အိပ်မက်ကနေ ဗြုန်းခနဲ လန့်နိုးလာသလို ဖြစ်စေမယ့် ခံစားမှုတခုခုဆီကို လေ့လာရေးခရီးထွက်သလိုသွားကြည့်ရအောင်လား။ တကယ်လို့ သွားကြည့်ပြီးမှ ဘာမှန်းမသိ တာကြီးကို စိတ်ပျက်စဖွယ်တွေ့လိုက်ရရင် ဘယ်လိုလုပ်မလဲ။ သြော် ဗျာ အဲဒီတော့လည်း အဆိုးထဲက အကောင်းရှာပြီး အင်း ဘာမှန်းမသိတာလည်း ခံစားမှုတခုပဲ။ ဒါငါတို့မသိသေးတဲ့ ခံစားမှုဆိုပြီး အတွေ့အကြုံ သစ်လို့ သတ်မှတ်ပေးလိုက်တာပေါ့ဗျာ။ မကောင်းဘူးလား။

တကယ်တော့ (ကြီးကြီးကျယ်ကျယ် ပြောတယ်လို့ မထင်ပါနဲ့) ဟောဒီ ကမ္ဘာလောကကြီးမှာ ကျနော်တို့ မတွေ့ကြုံရ သေးတဲ့ စိတ်ခံစားမှု အနုပညာရသခံစားမှုတွေ အများကြီးရှိသေးတယ်လို့ ထင်ပါတယ်။ ကျနော်အပါအဝင် လူအချို့က မိမိတို့ပုံမှန် တွေ့ကြုံနေကျ လူတွေ ဖြစ်ရပ်တွေ အတွေ့အကြုံတွေ ရသအလေ့ အကျင့်တွေမှာပဲ ပျော်မွေ့ပြီး ကျေနပ်နေတတ်ကြပါတယ်။

ဒါ အပြစ်တင်တာ မဟုတ်ပါဘူး။ သူသူကိုယ်ကိုယ် ဖြစ်တတ်တဲ့ ဖြစ်နေတဲ့ အသားကျနေတဲ့ လူ့သဘာဝ (တနည်း)ကျင့်သား ကျ အလေ့အထတမျိုးပါ။ လူဆိုတာ အပြောင်းအလဲကို အသာတကြည် လက်ခံလေ့မရှိပါဘူး။ လူမှုရေး စီးပွားရေး ပညာရေး ဆိုင်ရာကိစ္စရပ်တွေမှာလည်း ထိုနည်းလည်း ကောင်းပါပဲ။ ထားပါတော့လေ။ အခုပြောနေတာက ယဉ်ကျေးမှုနဲ့ဆိုင်တဲ့ အနု ပညာရသအပိုင်းထဲက စာပေကိစ္စပါ။ စာပေအနုပညာမှာလည်း ကျနော်တို့ဟာ ကျင့်သားကျသီအိုရီထဲမှာပဲ အရေးအဖတ် လုပ်နေတတ်ကြတာ သဘာဝပါပဲ။ အပြစ်လို့ စိုးစဉှ်းမျှမမြင်ပါလို့ ပြောပါရစေ။ ပြောချင်တာက ချိုချဉ် ဖန်ခါး အရသာအပြင် အခြားအရသာသစ်လေးများရှိဦးမလားလို့ ရှာပုံတော်ဖွင့်ချင်တာပါပဲ။ ကျနော် အခုပြောနေတဲ့ဇာတ်လမ်းမဲ့ဇာတ်လမ်းက အထူးအဆန်းတော့မဟုတ်ပါဘူး။ ကမ္ဘာ့စာပေမှာ ပြောခဲ့ပြီးတာ ကြာလှပေါ့။ မြန်မာ့စာပေမှာလည်း (ဆရာဇော်ဇော်အောင် အပါအဝင်) ဆရာ့ဆရာကြီးတွေ ပြောခဲ့ပြီးသားလို့ဝန်ခံပါရစေ။

အဲဒီတော့ ဒီနေရာမှာပဲ ကျနော့်စာစုလေးကို အဖြစ်အပျက်လေးတခုနဲ့ အဆုံးသတ်ချင်ပါတယ်။ တခါတုန်းက ဆရာမဂျူးနဲ့ စကားထိုင်ပြောနေရင်း ဇာတ်လမ်းမဲ့ဝတ္ထုအကြောင်းရောက်သွားပါတယ်။ ကျနော်က `ဆရာမရယ် ဇာတ်လမ်းမပါဘဲ ဝတ္ထု ဘယ်လိုရေးမလဲ မဖြစ်နိုင်တာ´ အဲဒီလိုပြောလိုက်တဲ့အခါ ဆရာမက ပြုံးပါတယ်။ ပြီးမှ `မဖြစ်နိုင်ဘူးလို့ထင်လား´ လို့ လူကြီးဆန်ဆန် သိမ်သိမ်မွှေ့မွှေ့ ပြန်ပြောပါတယ်။ ဆရာမက ကျနော်စကားကို မငြင်းပါဘူး။ ထောက်လည်း မထောက်ခံပါဘူး။ အခုအချိန် ပြန်စဉ်းစားလိုက်တော့မှ ဆရာမရဲ့သိမ်မွေ့တဲ့အပြုံးနောက်ကွယ်မှာ ဖုံးကွယ်နေခဲ့တဲ့ စကားလုံးတွေကို ခပ်ရေး ရေးမြင်ယောင်လာမိပါတော့တယ်။ သြော် အနုပညာပါးမဝသေးတဲ့ ကျနော်ပါလားလို့ မှတ်ချက်ချမိပါတယ်။

ကဲ ထားပါတော့လေ။ အခု လောလောဆယ် ကျနော်အက်ဆေးတပုဒ်ရေးချင်နေပါတယ်။ အဲဒီအက်ဆေးထဲမှာ ဘာအဖြစ် အပျက် ဘာဇာတ်လမ်းမှ ပါမှာမဟုတ်ဘူး။ အဲ တခုတော့ရှိတယ်။ အက်ဆေးအကြောင်းအရာထဲမှာ ဘာအဖြစ်အပျက် ဘာ ဇာတ်လမ်းမှမပါတာကိုက အဖြစ်အပျက်တွေ ဇာတ်လမ်းတွေပဲမဟုတ်ဘူးလားလို့တော့ ပြန်မမေးစေချင်ဘူး။ ဘာဖြစ်လို့ လဲဆိုတော့ အဲဒီလိုမေးခံရ ရင် ကျနော်ဘာမှပြန်မဖြေဘဲ သိမ်သိမ်မွေ့မွေ့ပြုံးပြီးကြည့်နေမှာမို့လို့ပါပဲ။ ။

မောင်ကြည်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်