မြဇင်ယော် ● လူဆိုသည့် သူ

May 2, 2017

မြဇင်ယော် ● လူဆိုသည့် သူ
(မိုးမခ) မေ ၂၊ ၂၀၁၇

facebook ​ပေါ်တွင်​ post တခု ​တွေ့ရဖတ်​ရပါသည်​။ သူငယ်​ချင်းတယောက်​၏​ခွေး​လေး နာ​ရေးသတင်း။

“သားလေး​ရေ…အခုလို ရုတ်​တရက်​ခွဲခွာသွားတာ အရမ်းပဲဝမ်းနည်း​ကြေကွဲရပါတယ်​။ သား​လေးကိုရည်​စူးပြီး ပြုခဲ့သမျှ ကောင်းမှုကုသိုလ်​​တွေကို သာဓု​ခေါ်ပါ။ အမျှ… အမျှ …အမျှ သား​လေး​ရေ” တဲ့။

“သားလေးရဲ့နာ​ရေးသတင်းကို လာ​မေးကြသူများ” တဲ့။

ဓာတ်​ပုံနှင့်​တင်​ထားပါသည်​။ ထိုဓာတ်​ပုံ​လေးကိုကြည့်​ရင်း သူ့ကိုသတိရမိသည်​။ ​နောက်​ တစ်​လကြာ​သောအခါ  ထိုသူငယ်​ချင်းက Post တစခု ထပ်​တင်​ပါသည်​။

“ဒီ​နေ့ သားလေးဆုံးတာ တလပြည့်​ပြီ၊ ​နေ့စဉ်​နှင့်​အမျှ သတိရဆဲပါ သားလေးရယ်။ ချစ်​စရာ​ကောင်းတဲ့သား​လေးရဲ့ ပုံရိပ်​​တွေကို​ တနေ့မှ ​မေ့မရပါဘူး သား​လေးရယ်​” တဲ့။

တလမျှကြာပြီး​သော ယခုအချိန်​တွင်​ သူ့ကို သတိရပြန်​ပါပြီ။

* —-* —- * —- *

ယခင်​က သူ့ကို မမြင်​ဖူးပါ။ ရွာ​ရွှေ့ပြီးမှ မြင်​ဖူးပါသည်​။

ရွာရွှေ့သည်​ဆိုသည်​မှာ ကျွန်​မ နှစ်​တန်းစာ​မေးပွဲ​ဖြေပြီးချိန်​​လောက်​တွင်​ ဆင်​​သေဆည်​​ ရေဝပ်​ဧရိယာထဲမှာပါ​နေ​သော​ကြောင့်​ ကျွန်​မတို့ရွာအပါအဝင်​ ရွာဆယ်​ရွာခန့်​ ​ရွှေ့ပြောင်း​ပေးခဲ့ရပါသည်​။ ကျွန်​မတို့ရွာမှာ ယခုလက်​ရှိ​ တောင်​​ခြေသို့ ​ပြောင်းရွှေ့ခဲ့ရပါသည်​။ ​နေရာအသစ်​​ရောက်​မှ သူ့ကို မြင်​ဖူးသည်​ဖြစ်​၍ သူဟာ ကျွန်​မတို့ရွာသားမဟုတ်​တာ ​သေချာပါသည်။

ဘယ်​ဇာတိမှန်းလည်း မသိရပါ။ လူကြီးများကလည်း သူဟာ နတ်​​မောက်​နယ်​ဘက်​ကလိုလို ရမည်းသင်းနယ်​ဘက်​ကလိုလို ​ပြောကြပြီး အတိအကျမသိကြပါ။ သူ့ဇနီးဟာ သူ့ထက်​ အလွန်​ငယ်​ပုံရပြီး နို့စို့က​လေးအပါအဝင်​ က​လေးသုံး​ယောက်​နှင့်​အတူ ​ပြောင်း​ရွှေ့လာခြင်းဖြစ်​သည်​။ ထူးခြားသည်​မှာ သူဟာ ဂိုဏ်းဆရာလိုလို ​အောက်​လမ်းတတ်​သလိုလိုနှင့်​ နာမည်​ကြီး​နေ၍ ရွာသူရွာသားများက သူနှင့်​သူ့မိသားစုအား ရင်းရင်းနှီးနှီး မဆက်​ဆံဝံ့ကြ​ပေ။

ထိုသူက ကျွန်​မတို့အိမ်​ကို​တော့ ည​နေတိုင်းလာပါသည်​။ ကျွန်​မတို့အိမ်​တွင်​ ကုန်​စုံဆိုင်​က​လေးဖွင့်​ထား၍ ​ဈေးဝယ်​ရန်​လာ ခြင်းဖြစ်​သည်​။ များ​သောအားဖြင့်​ ဆန်​၊ ဆီ၊ ဆားကဲ့သို့​သော ထမင်း ဟင်းချက်​စရာများဝယ်​လျှင်​ အမျိုးသမီးများသာ ဝယ်​​လေ့ရှိကြ​သော်​လည်း သူ့အိမ်​က​တော့ သူ့ဇနီးမ​ဝယ်​ဘဲ သူကိုယ်​တိုင်​သာဝယ်​ပါသည်​။

ဈေးဝယ်​လျှင်​လည်း ဆန်​ တစလယ် ​(နို့ဆီ ၂ ဗူး)၊ ဆီ ၅ ကျပ်​သား၊ ဆား ၂၅ ကျပ်​သား၊ ငါးပိ ၅ ကျပ်​သား စသည်​ဖြင့်​ တနေ့ စာသာ ဝယ်​​လေ့ရှိပါသည်​။ တနေ့စာဟု ​ပြောရ​သော်​လည်း ဆားကလွဲလျှင်​ ထိုပမာဏ​ကလေးနှင့်​ သူ့မိသားစု ၅ ​ယောက်​၊ နို့စို့က​လေးချန်​ထားလျှင်​ ၄ ​ယောက်​ဟာ လက်​ရှိညစာ၊ ​နောက်​​နေ့ မနက်​စာ၊ ​နေ့လယ်​စာ သုံးနပ်​စာအတွက်​ မလုံ​လောက်​သည်​မှာ ​သေချာပါသည်​။ ဘယ်​လိုခွဲတမ်းချပြီး စားကြလည်း မသိရပါ။

တခါတ​လေ လက်​ဖက်​​ခြောက်​ နှစ်​ကျပ်​ခွဲသား ဝယ်​တတ်​ပါသည်​။ ​မချိန်​ရင် ချိန်​မ​နေပါနှင့်​ ပေးချင်​သ​လောက်​​လေး ​ပေးပါ ဟုလည်း အားနာသံဖြင့်​​ ပြောတတ်​ပါသည်​။ တခါတ​လေလည်း ဆန်​တခွက်​ (နို့ဆီ ၄ ဗူး)၊ ဆီ ၁၀ သား စသည်​ဖြင့်​ ဝယ်​တတ်​ပါသည်​။ သို့​သော်​ မှတ်​မိသ​လောက်​ ဆန်​ ၁ ပြည်​ထက်​​တော့ မပိုဖူးပါ။

ကျွန်​မ မိဘများက “ဆရာကြီး ဘာလုပ်​စားရတုန်း” ဟု​မေးလျှင်​ ​တောင်​​ခြေရှိ သူများမလုပ်​ချင်​၍ ပစ်​ထား​သော​မြေရိုင်းတွင်​ နွားငှားပြီးမထွန်​နိုင်​၍ ​ပေါက်​တူးတလက်​ဖြင့်​ ​မြေဆွစိုက်​ပျိုးရ​ကြောင်း၊ တခါတရံတွင်​ မီး​သွေးဖုတ်​ထား​သော လျှိုမှ ခရီးတ တိုင်​အကွာရှိ လှည်းလမ်းအထိ မီး​သွေးအိတ်​ အငှားထမ်း​ကြောင်း၊ လွှစင်​မှ လွှဆွဲပြီးသားသစ်​များကို ကုန်း​ပေါ်သို့ အငှားထမ်း တင်​​ကြောင်း ​ပြောပြပါသည်​။

ရွာအသစ်​​ရွှေ့ပြီးကတည်းက ရွာသူရွာသား အများစုမှာ ရွာ​ဟောင်းတုန်းက လုပ်​ကိုင်​စား​သောက်​ခဲ့ရ​သော ​မြေများ ​ရေမြုပ်​သွားရာ သူကဲ့သို့ အလုပ်​ကြမ်းလုပ်​လျှင်​လုပ်​၊ မလုပ်​လျှင်​ ဆည်​​ဘေးတွင်​တည်​ရှိ​သောရွာဖြစ်​၍  တံငါသည်​များ ဖြစ်​ကုန်​ကြပါသည်​။ သူ့အ​ပြောမှာ သူက ​ရွှေယင်​​ကြော်​ဂိုဏ်းဝင်​ထား၍ မည်​မျှပင်​ ပင်​ပန်းဆင်းရဲပါ​စေ၊ ထမင်း နပ်​မမှန်​လျှင်​​နေပါ​စေ တံငါအလုပ်​ မလုပ်​နိုင်​ဟုဆိုပါသည်​။

မနက်​မိုးလင်းလျှင်​ ဇနီး၊ သားများနှင့်​အတူ ထွက်​သွားတတ်​၍ တ​နေကုန်​အလုပ်​လုပ်​၊ ည​နေ​စောင်းမှ ပြန်​လာပြီး ဆန်​၊ ဆီ၊ ဆား ဝယ်​၍ ထမင်းဟင်းချက်​စားရသည်​ ဟုလည်းဆိုပါသည်​။ က​လေးငယ်​ငယ်​များအားလည်း ​ခေါ်သွားသည်​ဖြစ်​ရာ ​တော ထဲ၌ က​လေးများကို ဘယ်​လိုထိန်း၍ သူတို့ဇနီး​မောင်​နှံနှစ်​ဦး ဘယ်​လိုအလုပ်​လုပ်​ကြလည်း မသိရပါ။ သူ့သားက​လေး​တွေ က ရုပ်​ချင်းဆင်​တူကြပြီး ဗိုက်​ပူနံကားတာခြင်းလည်း တူကြပါသည်​။

အလုပ်​ပင်​ပန်းသလား၊ အစာ​ရေစာ ဝလင်​သလားဆိုသည်​မှာ အသက်​ ၆၀ ခန့်​ရှိ​သော သူ့ရဲ့ဥပဓိရုပ်​က သက်​​သေခံ​နေပါ သည်​။ ပိန်​၍ ​ငေါထွက်​​နေ​သော အရိုးများနှင့်​ နဂိုမည်း​သော အသားသည်​ ​ခြောက်​၍ ​မှောင်​​နေပါသည်​။ နီ​ကြောင်​စုတ်​ဖွာ​နေ​သော ဆံပင်​က သရဖူ​လေးလို ဖြစ်​​နေသည်​။ အ​ပေါက်​အဖာမရှိ​သော ပုဆိုး၊ ကြယ်​သီးအကုန်​ရှိ​သောအင်္ကျီ၊ အစုတ်​အပြဲမရှိ​သော အင်္ကျီ၊ ဝတ်​ထားသည်​ကို တခါမှ မ​တွေ့ဖူးပါ။ တာယာဖိနပ်​ကြီးစီး၍လည်း​ကောင်း၊ သဲကြိုးဖွာ ခုံစုတ်​​နေ​သော ဖိနပ်​ကြီးစီး၍လည်း​ကောင်း ​တွေ့ရတတ်​ပါသည်​။

(ကျွန်​မ ၁၀ တန်း​ရောက်​၍ စ​လေဦးပုည၏ ​ရေသည်​ပြဇာတ်​ထဲမှ ​ရေသည်​​ယောက်ျားအ​ကြောင်းသင်​ရလျှင်​ သူ့ကို မြင်​​ယောင်​မိသည်​အထိဖြစ်​ပါသည်​။ ​သျှောင်​ထန်း​စေ့မှုတ်​နှင့်​ ဆံပင်​စုတ်​ဖွားသာ ကွာလိမ့်​မည်​ထင်​သည်​။ )

ဈေးလာဝယ်​​နေကျ သူ မလာဘဲ သူ့ဇနီးကိုယ်​တိုင်​ ​ဈေးဝယ်​လာချိန်​မှာ ကျွန်​မတို့ အံ့သြကြရပါသည်​။ သူ ​နေမ​ကောင်း ဟု သိရသည်​။ ​သူ့ဇနီး​ဈေးလာဝယ်​လျှင်​ အမြဲတမ်း​ဘောင်းဘီမပါ​သော နို့စို့က​လေးကို ခါးထစ်​ခွင်​ချီပြီး၊  တခါတ​လေသာ ​ဘောင်းဘီပါ​သော အလတ်​က​လေးက ထဘီးစကိုဆွဲလျှက်​ ပါလာတတ်​သည်​။ သူ့အိမ်​နီးချင်းအ​ဒေါ်ကြီး ​ပြောသလိုဆို ထိုအချိန်​​လောက်​တွင်​ အသက်​ ၅ နှစ်​သားသာသာရှိ​သော အကြီးဆုံးသား​လေးက ​ခွေး​ကျွေးဖို့ဟုဆိုပြီး အိမ်​နီးချင်း​တွေဆီ ထမင်း ရည်​လိုက်​​တောင်းချင်​ ​တောင်း​နေနိုင်​ပါသည်​။ ကျွန်​မ​ကျောင်းသွားလျှင်​ သူ့အိမ်​​ရှေ့လမ်းအတိုင်း တခါတရံသွားဖူးပါသည်​။ သူ့အိမ်​မှာ ​ခွေးမမြင်​ဖူးပါ။

သူ့ဇနီးနှင့်​သူ ​ဈေးဝယ်​ရာတွင်​ ကွာပါသည်​။ သူလာဝယ်​စဉ်​က ဆန်​၊ ဆီ၊ ဆား၊ ငပိ စသည်​ဖြင့်​ မီးဖို​ချောင်​ပစ္စည်း ပမာဏနည်း​သော်​လည်း အစုံဝယ်​တတ်​ပါသည်​။ ​နေ့စဉ်​လည်းဝယ်​ပါသည်​။ သူ့ဇနီးသည်​က ဆန်​ချည်းဝယ်​တတ်​ပြီး တခါတရံမှသာ ဆားဝယ်​ပါသည်​။ သူ့ဇနီးသည်​ ဆိုင်​​ရောက်​လာလျှင်​ ဘာဝယ်​မှာလဲ ဘယ်​​လောက်​ယူမှာလဲ ​မေးစရာမလို။ 5″ × 9″ ပလတ်​စတစ်​ အိတ်​က​လေးနှင့်​ ဆန်​ တစစလယ်​ ချိန်​​ပေးလိုက်​ရသည်​။ ​နေ့စဉ်​လည်း လာမဝယ်​ပါ။ သူ့ဇနီးသည်​မလာ​သော​နေ့များ တွင်​ ကျွန်​မစိတ်​ထဲ၌ ကျွန်​မတို့ဆိုင်​မှမဝယ်​ဘဲ အခြားဆိုင်​မှ ဝယ်​​နေတာ ဖြစ်​ပါ​စေဟု​ တွေးမိပါသည်​။

“ထမင်း​လေးချည်းပဲ ဆားဖြူးပြီးစား​နေကြတာ​တော်​၊ က​လေး​လေး​တွေ သနားပါတယ်​” ဟု သူ့အိမ်​နီးချင်း အ​ဒေါ်ကြီးက ပြောလိုက်​ချိန်​မှာ ကျွန်​မ မယုံပါ။ ထမင်းဆီဆမ်း ဆားဖြူးဆိုလျှင်​ ​ယုံချင်​သေးသည်​။ အခု​တော့ ဆားချည်းတဲ့​လေ။ “ထမင်း​လေးချက်​ပြီးရင်​ ထမင်းရည်​​လေး​ခေါ်​ပေးဦးမှ၊ အဲဒါ​ကြောင့်​ ညစာ​စော​စောချက်​ရ​အောင်​ ဆန်​လာဝယ်​တာ။ ပိုက်​ဆံ ​ချေးမရ လို့ နည်းနည်း​တောင်​ ​နောက်​ကျသွားတယ်​” တဲ့။ ထမင်းဆားဖြူးမဟုတ်​ဘဲ ထမင်းရည်​ထဲ ဆားထည့်​ပြီးလည်း ​သောက်​ကြသည်​တဲ့။

ကျွန်​မ ​ငါးတန်းတက်​ရ​သော​နှစ်​ ​နေ့တနေ့တွင်​ သူ့အိမ်​၌ နာ​ရေးတစ်​ခု ဖြစ်​ပွားခဲ့ပါသည်​။ အိမ်​ဟုဆိုရ​သော်​လည်း ​ဘေးက ကြည့်​လျှင်​ ယိုင်​တိုင်​တိုင်​၊ တက်​ကြည့်​လျှင်​ လှုပ်​တုပ်​တုပ်​၊ ​မော့ကြည့်​လျှင်​ အမိုးက ကျိုးတိုကျဲတဲနှင့်​ ပြိုကျခါနီး တဲတစ်​လုံးနှင့်​တူပါသည်​တဲ့။ နာ​ရေးမှာ သူ့နာ​ရေး ဖြစ်​ပါသည်​။

နာ​ရေးလာ​မေးသူ ပြန်​ကာလှန်​ကာ​ရေ၍ စုစု​ပေါင်းကြည့်​လိုက်​လျှင်​ နှစ်​​ယောက်​သာရှိသည်​ဟု သိရပါသည်​။ တဦးမှာ သူ့အိမ်​​ရှေ့ မျက်​နှာချင်းဆိုင်​အိမ်​မှ အသက်​ ၇၀ ခန့်​ အ​မေကြီးနှင့်​ သူ့အိမ်​​ဘေးမှ အသက်​ ၅၀ ခန့်​ အ​ဒေါ်ကြီးဖြစ်​ပါသည်​။ ထိုနှစ်​ဦးမှာ အိမ်​​ပေါ်တက်​ထိုင်​၍ မရပါ။ အိမ်​​ရှေ့မှာ ကိုယ့်​ဖိနပ်​အ​ပေါ် ကိုယ်​ထိုင်​ကြရသည်​ဟု သိရပါသည်​။

တယောက်​စနှစ်​​ယောက်​စ လာကြည့်​လိုက်​ကြ၊ ပြန်​သွားလိုက်​ကြနှင့်​  မိုးလင်းခါနီးဆုံးသွား​သော သူ့အား မွန်းတည့်​ ၁၂ နာရီ အချိန်​​လောက်​အထိ အ​လောင်း​မြေကျဖို့ ကိစ္စဘာမှမလုပ်​ရ​သေး ဟုသိရပါသည်​။ ရွာဆိုသည်​မှာလည်း အလုပ်​လုပ်​နိုင်​သူ တိုင်း ​နေမထွက်​ခင်​ ​တောထဲ​တောင်​​ပေါ် လုပ်​ငန်းခွင်​သွားကြရပြီး ည​နေ ​နေ​စောင်းမှ ပြန်​လာကြရပါသည်​။ အသုဘရှိတာ လည်း သိကြပုံမ​ပေါ်။ သူ့ဇနီးသည်​ကလည်း ရွာလူကြီး​တွေကို အ​ကြောင်းကြားတာ၊ အိမ်​နီးချင်း​တွေကို အ​ကြောင်းကြားတာ ရှိပုံမရ။ အခါတိုင်းလည်း တိတ်​ဆိတ်​​ခြောက်​ကပ်​​နေ​သော ထိုအိမ်​က​လေးကို ပတ်​ဝန်းကျင်​ကလည်း သတိပြုမိပုံမရပါ။

ရွာအသုဘအ​နေနှင့်​ ​ငွေကုန်​​ကြေးကျ မများဘူးဆို​သော်​ငြား အသုဘပို့မည့်​သူများအား လက်​ဖက်​၊ ပဲချမ်းမျှ​လောက်​ဖြင့်​ ဧည့်​ခံဖို့၊ သရဏဂုံတင်​​ပေးမည့်​ဆရာ​တော်​အား လှုဖွယ်​ပစ္စည်းလှူဒါန်းဖို့၊ အ​လောင်းစင်​ရိုက်​ဖို့ ပျဉ်​ဖိုးတို့ကို မတတ်​နိုင်​သည်​က ​သေချာ​ပါသည်​။

သူ့အိမ်​နှင့်​ တစ်​လမ်းတည်း​နေသူ ရွာသား​တယောက်​သိသွား၍ ရွာဦး​ကျောင်းဆရာ​တော်​ သွား​လျောက်​​ပေး၊  ရွာလူကြီးအိမ်​ သွားအ​ကြောင်းကြား​ပေး၊ နီးစပ်​ရာလူစု၍ ပျဉ်​တိုပျဉ်​စရှာ အ​လောင်းစင်​ရိုက်​​ပေး၊ နီးရာအိမ်​မှ လက်​ဖက်​ရည်​ပွဲငှား​ပေး၊ အသု ဘအိမ်​မှန်းသိသာ​အောင်​ ​လော်​ငှား​ပေးနှင့်​ အသုဘကိစ္စကို စီစဉ်​​ပေးရသည်​တဲ့။ ထိုရွာသား​ပြောပြ၍ ကျွန်​မတို့ သိကြရခြင်း ဖြစ်​ပါသည်​။

အ​လောင်းစင်​ရိုက်​ပြီး အ​လောင်းစင်​ကို အိမ်​​ပေါ်တင်​၍မရ​သော​ကြောင့်​ အ​လောင်းကို ​အောက်​သို့ထမ်းချပြီးမှ အ​လောင်းစင်​​ပေါ် တင်​ခဲ့ရသည်​တဲ့။ ရက်​လည်​ဆွမ်းသွတ်​သံမကြားရသလို တစ်​လပြည့်​ကုသိုလ်​လုပ်​သံလည်း မကြားရပါ။ ကျွန်​မ​ကျောင်း သွား​နေစဉ်​ လုပ်​လိုက်​တာဖြစ်​နိုင်​​ပေမယ့်​ ဖြစ်​နိုင်​​ချေ အလွန်​နည်းပါသည်​။
*—–*—–*—–*

အခုအချိန်​တွင်​ သူ၏ ကျန်​ရစ်​ခဲ့​သော မိသားစုသတင်းကိုလည်း ကျွန်​မ မသိရ​တော့ပါ။ သူ့ကို​တော့ မကြာမကြာ သတိရတတ်​ပါသည်​။

မြန်​မာ့ထိပ်​တန်း တချို့ပုဂ္ဂိုလ်​ကြီး​တွေ သုံးကြဖြုန်းကြပုံကို ဖတ်​ရ​သောအခါ သူ့ကို သတိရပါသည်​။ အကယ်​ဒမီဆု​ပေးပွဲသို့ သိန်းဆယ်​ဂဏန်းအထိတန်​​သော ဖိနပ်​စီးပြီးတက်​သည့်​ နာမည်​ကြီးမင်းသမီးရဲ့ သတင်းကိုဖတ်​ရတုန်းကလည်း သူ့ကို သ တိရမိသည်​။

နာမည်​ကြီးစား​သောက်​ဆိုင်​​တွေမှာ ​ဈေးကြီး​သော အစားအစာများမှာပြီး တို့ကနန်း ဆိတ်​ကနန်းနှင့်​ တဝက်​ကျ​အောင်​ပင်​ မစား​သော၊ အကုန်​​ပြောင်​​အောင်​ စားခြင်းသည်​ ရှက်​စရာဟုထင်​တတ်​​သော သူ​တွေကို​တွေ့လျှင်​လည်း သူ့ကို သတိရပါ သည်။

လင်​မယားချင်း ရန်​ဖြစ်​ပြီး ၄ – ၅ သိန်း​ပေးရ​သော Hand set အား ပစ်​​ပေါက်​ခွဲလိုက်​သူကို ​တွေ့တုန်းကလည်း သူ့ကို သတိရ ပါသည်​။  သားအမိချင်းစိတ်​ဆိုးပြီး တထောင်​တန်​ ၁၅ ရွက်​​လောက်​အား စုတ်​ဖြဲပစ်​လိုက်​သူကို​တွေ့တုန်းကလည်း သူ့ကို သတိရမိပါသည်​။

ယခု သူငယ်​ချင်း၏ ​ခွေးက​လေးနာ​ရေးသတင်းဖတ်​ရ​သောအခါ သူ့ကို အထူးသတိရမိပါသည်​။ ​သူ၏ ကျန်​ရစ်​သူမိသားစုအ​ကြောင်း စုံစမ်း​သောအခါ မည်​သူမျှ ဂဃဏန မသိကြပါ။ သို​သော်​ သူ့ကို​တော့ မ​မေ့ပါ။  သြော်​ … သတိရစရာ၊ မ​မေ့စရာ အ​ကြောင်း​တွေကလည်း များလိုက်​​လေခြင်း။       ။

မြဇင်​​ယော်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်