မင်းကိုနိုင် ● ရပ်နေသော ကျောက်တုံး

May 2, 2017

မင်းကိုနိုင် ● ရပ်နေသော ကျောက်တုံး
(မိုးမခ) မေ ၂၊ ၂၀၁၇
ကိုမင်းကိုနိုင်၏ လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူဖော်ပြပါသည်။

ကျနော် ၉ တန်းဖြေပြီး နွေရာသီမှာ အဖေက ကြက်တောင်ရိုကသင်တန်းတက်စေသည်။ သင်တန်းဆင်းတော့ ကျနော်တို့ ဆယ်ကျော်သက်တွေမှာ အတောင်ပေါက်စ အကောင်ဗလောင်လေးတွေလို တဖျပ်ဖျပ်ခုန်နေကြသည်။ လူကြီးတွေက ပြိုင် ပွဲစီစဉ်ပေး၏။ ပြိုင်ပွဲသာဆိုရသည် ဘာဆုမှချီးမြှင့်မည်မဟုတ်။ ကြက်တောင်ဗူး ကလေးတွေရလျှင်ပင်ကံကောင်း။ တကယ် က လက်ရည်စမ်းသည့်သဘော၊ကျနော်တို့ ချာတိတ်တွေ ချာတိတ်မတွေက ဟန်တကြွကြွရှိကြပြီ။

အခက်အခဲက လူကြီးတွေရင်ဆိုင်နေရ၏။ ပွဲစဉ်ဇယားဆွဲတော့ ကျား/မ အမျိုးအစားမညီ။ သင်တန်းတက်ကြကတည်းက မိန်းကလေးကနည်းနေတာဆိုတော့ ကျားနှစ်ယောက်ကွဲလွဲစွာ ပြဿနာမရှိပေမယ့်၊ ကျား/မနှစ်ယောက်တွဲ ပွဲစဉ်အတွက် ကျားတွေအများကြီးပိုနေ၏။ လူငယ်တွေက ပွဲဝင်ချင်လှပြီ။ ဘာလုပ်ရမှန်းမသိသည့်အခါ ကြုံရာမရသည့် အဆုံး၊ လူကြီး တွေကောင်းမယ်ထင်တာကို စီစဉ်ကြတော့သည်။ အဲ့သည်လူကြီးတွေ ကောင်းမယ်ထင်လို့စီစဉ်သည်ကပင် မမမိုးနှင့် ကျနော်ဆုံဖို့ ဖြစ်လာသည်။

မမမိုးကို အရင်က မသိမမြင်ဖူးသည်တော့မဟုတ်။ ကြက်တောင်သင်တန်းရှိရာ သူတို့ရပ်ကွက်ထဲ ကျနော် ဝင်ထွက်နေစဉ် ကပင် သတိထားမိနေသည်။ မမမိုးကတော့ ကျနော့်ကို မှတ်မိချင်မှ မှတ်မိပေလိမ့်မည်။ ကျနော် ကောင်းကောင်း သတိရ နေခြင်းမှာလည်း တချက်ရှိသည်။ တရပ်ကွက်လုံးရှိ ချာတိတ်၊ ချာတိတ်မများအားလုံးက မမမိုးဟု တညီတညွတ်တည်း ခေါ် ကြခြင်း၊ သူ့အားကြည့်လိုက်လျှင် သနပ်ခါးအဖွေးသားနှင့် ခါးရှည်အင်္ကျီ၊ ထမီ ရှည်ရှည်တွင် ကျစ်ဆံမြီးအမြဲ ချထားခြင်းတို့ ဖြစ်ပါသည်။

ကျနော်တို့သည် သင်တန်းတလျှောက်ခုန်ပေါက်ကစားကြပြီးတိုင်း မမမိုး၏အိမ်ဆိုင်သို့ ပြေးကာ ပိုက်ဆံရှိလျှင် မုန့်ဝယ်စား၊ မရှိလည်း အလကားရသည့် သောက်ရေအိုးမှရေကို တဂွပ်ဂွပ်မြည်အောင်သောက်ကြစမြဲ ဖြစ်ပါ၏။ကျနော်အမြဲ မှတ်မိနေ တာ တစ်ခုရှိသည်။

မမမိုးဆိုင်မှသောက်ရေအိုးသည် မမမိုးနှင့်အလွန်တူသည်ဟု ကျနော်ထင်သည်။ ဘာတူတာလဲ ကျနော်လည်း မပြောတတ်။ ပြောလိုက်လျှင် အဓိပ္ပါယ်မမီ ဖြစ်သွားမည်ဟုထင်သည်။ ထိုရေအိုးသည် လျော့နေခြင်းမရှိ၊ အမြဲပြည့်အမြဲအေးနေသည်။

နွေရာသီသုံးလ ကျနော်မမမိုးဆိုင်ကို နေ့စဉ်ဝင်ထွက်နေတော့၊ ကျနော့်ကို မမမိုးမှတ်မိလာသည် ထင်၏။ မုန့်ဝယ်စားတိုင်း ရေဝင်သောက်တိုင်း သူမ၏ လှမ်းအကြည့်တွေကရင်နှီးနေသလို ကျနော်ခံစားရသည်။

မမမိုး၏ ဆိုင်ကလေးမှာ ရပ်ကွက်ထဲအပျိုတွေ မိန်းမတွေဆုံစည်းရာဖြစ်သည့်တိုင်း ရေသွင်သွင်စီးစကားဝိုင်းကြီး၌ မမမိုး ဘယ်အခါမှ ဝင်ပြောနေတာမတွေ့ရပါ။ သူမကို ကျနော်ကြည့်လိုက်တိုင်းမြင်ရသည်မှာ တဝေါဝေါစီးကျနေသည့် ရေတံခွန် ကြီးနံဘေး အဆင်ပြေသလို ရပ်နေသည့် ကျောက်တုံးအရွယ်တော်တတုံးနှင့်သာ တူလှသည်။ ရေတံခွန်ဘေးမှ ကျောက်တုံး ဆိုမှတော့ ရေမှုန်၊ ရေပွား၊ရေစက်များစင်တာခံရပြီး ရေညှိတော့ ရှိနေမည်မှာမလွဲ။ ဒါသည်ကပင် ရေတံခွန်ဘေးက ကျောက် တုံးရဲ့ အချင်းအရာဟု ကျနော်ထင်ပါသည်။

အကြောင်းအရာတစ်ခုကို ဘယ်သောအခါမှ ရှည်ရှည်ဝေးဝေးဆွေးနွေးလေ့မရှိ၊ ဟုတ်ကဲ့၊ အင်း လောက်သာပြောလေ့ရှိသော မမမိုးသည် ကျနော့် အပေါ်တော့ထူးထူးခြားခြား စကားပြောပါ၏။ အဲ့ဒီစကားကို နေ့စဉ်လိုပြောသည်။ ဒါကတော့ မောမောနှင့် ရေသောက်ရန်ပြေးလာပြီး တရှိန်ထိုးမော့တတ်သော ကျနော့်အား“ဖြေးဖြေးသောက် သီးနေအုံးမယ်” ဟု လွန်စွာတည်ကြည်သည့်မျက်နှာဖြင့် သတိပေးခြင်းပင် ဖြစ်ပါသည်။

ပွဲစဉ်ဇယား အကျပ်အတည်းက မမမိုးနှင့် ကျနော့် ဇာတ်လမ်းအရှိန်ကို မြှင့်တင်ပေးတော့သည်။ အမျိုးသမီး ပြိုင်ပွဲဝင်များ လိုနေသည့် အလျောက် ရပ်ကွက်ထဲ အရွယ်ကောင်းမိန်းမပျိုများကို စာရင်းထဲဇွတ်ထည့်လိုက် သည့်အဆုံးမမမိုးနာမည် စာရင်းထဲပါလာခြင်းပင်။ ပြိုင်ပွဲကော်မတီလူကြီးတွေ ဇွတ်စီစဉ်မှုအပေါ် မမမိုး၏ တုန့်ပြန်မှုကို မှတ်မိပါသေးသည်။ ကျား/မ စုံတွဲတစ်နေရာ ကြက်တောင်ပွဲဖြစ်အောင်ဝင်ကစားပေးစမ်းပါ ဆိုသည့်အခါ မမမိုးပြောသည့်စကားကို ကျနော်မကြားရပါ။ ဘယ်ကြားရလိမ့်မလဲ။

သူ့ဆိုင်မှာ လူတွေတဝုန်းဝုန်း နှင့် ရေတံခွန်ကြီးလိုဆူညံနေသည်ဟု ကျနော်ပြောခဲ့ပြီပဲ။ ရေတံခွန်ဘေးက ကျောက်တုံးအသံကို တော်ရုံ ဘယ်ကြားရပါ့မလဲ။ ကျနော်ကလှမ်းကြည့်နေသူဆိုတော့ မမမိုး၏ အကြည့်ကိုသာ သတိထားမိသူ။

နဂိုကမှ အရပ်ထဲရှိမိန်းမများ စကားဝိုင်းကသူ့ဆိုင်တွင်အမြဲရှိနေသည့် ကြား၊ ယခု ကြက်တောင်ပြိုင်ပွဲ ဆိုတာပါထပ်ပေါ်လာ၊ သူမကို ဆွဲခေါ်နေတော့ ရေတံခွန်ကြီးဆူညံနေပါတယ် ဆိုမှ တောကောင်လေးတွေက ခုန်ဆွ၊ ခုန်ဆွလာလုပ်နေတာကိုပါ ထိုင်ကြည့်နေရသည့် ကျောက်တုံး၏အကြည့်မျိုးဟုသာ ကျနော် မြင်နေခဲ့ရပါ၏။
*-*-*-*-*

လူကြီးတွေကောင်းမယ်ထင်လို့ စီစဉ်တာ ငြင်းမရနိုင်သောမမမိုး၊ ယခုတော့ ကျနော့်ရှေ့မှာ ချွေးစို့နေရှာပြီ။ နှစ်ရက်လောက် အတွင်း ကြက်တောင်၊ ဘက်တန်အကိုင်သင်စည်းကမ်းတွေရှင်းပြ၊ သင်သူက သင်ပေးနေသော် လည်းမမမိုးတို့လို ဆွဲခေါ်ခံ ပြိုင်ပွဲဝင်များမှာ အာရုံဝင်စားပုံမရပါ။အိမ်မှာ ထမင်းမချက်ရသေးလို့ ပူနေသူ၊ အဝတ်တွေလျှော်ပြီးမလှန်းရသေးသူ၊ သူမဆိုင်မှာ ဆန်သွားထုတ်ရမည့်သူစသဖြင့် ကိုယ့်အပူနှင့် ကိုယ်မို့ ကြက်တောင် ပြိုင်ပွဲစည်းကမ်းကို အိမ်အလုပ်တွေလောက် အာရုံမရှိကြ။ မမမိုးကိုကျနော်သတိရ၍ ကြည့်လိုက် သော် ရေတံခွန်ရှေ့ ကစားခုန်ပြိုင်ပွဲဘယ်သတ္တဝါတွေ ဂျွမ်းထိုးမှောက်ခုံ ရေထဲပြုတ်ကျမလဲ စောင့်ကြည့်နေရ သည့် ကျောက်တုံးနှယ်သို့ …။
*-*-*-*-*-*-*-*-

လူအတွဲစာရင်းနှင့် ပွဲစဉ်ဇယား ထွက်လာတော့ပိုပြီး သက်ဝင်လှုပ်ရှားလာသည်။သုံးလသင်တန်းတက်ထားသည့်မိန်းကလေးများနှင့် တွဲလျက်ကျလျှင် အားရှိကြပြီး၊ နှစ်ရက်သင်တန်းဆင်း အိမ်တွင်းပုန်းများနှင့် တွဲလျက်ကျလျှင်ကားလွန်စွာစိတ်ပျက်ရပါသည်။ ကျနော်ကတော့ ကံကောင်းသည့်အထဲပါသည်။ ကျနော့် ကစားဖော်က နွေရာသီသင်တန်းစ/ဆုံး တက်ထားသူ။ ကိုယ်တိုင်းလည်း ပြိုင်ပွဲအတွက်စိတ်သန်နေသူ မိန်းကလေး။
.
ပြိုင်ပွဲဆိုတာမျိုးက အတော် နတ်ကြီးသည်ဟု ကျနော်ထင်သည်။ အိမ်ကြို၊ အိမ်ကြား ပရိသတ်မပါပဲ အချင်းချင်းကစားရသည့် အမှတ်ပေးပွဲတွေတောင် ရံဖန်ရံခါ ညိကြသေးတာ။ လောစပီကာကြီး တကျော်ကျော်နှင့် ပြိုင်ပွဲဆိုတာမျိုးက ပိုပြီး အရှိန်အဝါ ထွားကြိုင်းလှသည်ဟုဆိုချင်ပါသည်။ ကျနော်တို့ ပြိုင်ပွဲကို ကြည့်ပါ။ ကျနော်တို့ကို သင်တန်းပေးခဲ့သည့် ထိုအချိန်က မြန်မာ့လက်ရွေးစင်( ကိုအောင်ကြည်၊ ကိုဇော်ဝင်း၊ သီတာအေးညို) စသဖြင့် ရောက်လာပြီး သရုပ်ပြကစားကြသည်မို့ ပရိသတ်က အသဲစွဲနှစ်ခြိုက် အားပေးနေကြသည်။ တကယ်တမ်း ကျနော်တို့ ပြိုင်ပွဲဝင်ကြတော့လည်း ကျား+မလူငယ်တွေဆိုတော့ စိတ်လက်ပါပါသြဘာပေးနေ သည်သာ။
*-*-*-*-*-*-*-*-*-*-*

ကိုယ့်အလှည့်မကျခင် ရှေ့ကပွဲတွေကြည့်ပြီး ကျနော်နှင့်ကစားဖော်မိန်းကလေးမှာ ဂဏှာမငြိမ်နိုင်ပါ။ လူတွေများ၍ ရှုံး ထွက်ပွဲတွေဖြစ်သည်မို့ ပြိုင်ပွဲက မထွက်ချင်သူတို့ ထုံးစံအတိုင်း၊ ဘယ်လိုနိုင်အောင် ကစားရမယ်ဆိုတာ ခေါင်းနှစ်လုံးဆက် အမွှာလိုတိုင်ပင်နေရသည်။ဘယ်အတွဲက ဘာအားသာသည်။ ဘယ်အတွဲက ဘယ်လိုမညီ စသဖြင့် ဝေဖန်မဆုံးနိုင်။ သို့နှင့် ကျနော်တို့ပြိုင်ရမည့်အလှည့်ရောက်လာသည်။ ပြိုင်ဖက်အတွဲကိုနာမည်ပါကျေညာပြီ။ လက်စသတ်တော့ မမမိုး။ နောက် တစ်ယောက်က ကိုအုန်းကြိုင် လက်ရေ သာမာန်သာရှိသူ။ အနိုင်ရရန် စိတ်စောနေနှင့်ကြသည့် ကျနော်နှင့်တွဲဖက်မိန်းကလေး၊ ကွင်းထဲမဝင် ခင်ဘက်တံချင်းထိခတ်ပြီး၊ အကြည့်ချင်းဆုံ လိုက်ကြသည်။ မမမိုးနှင့်ကိုအုန်းကြိုင်လောက်တော့ အပျော့ပေါ့ …။
*-*-*-*-*-*-**-*-*-*-*-*

ပိုက်တစ်ဖက်မှာ မမမိုးက ကျနော့်ရှေ့ကန့်လန့်ဖြတ်မှာရပ်နေသည်။ ကျနော်က ဆားဗစ်ခေါ် ကြက်တောင်ကိုစ,ပေးထိုးရမည့် သူ။ မမမိုးက လက်ခံတုန့်ပြန်ရမည့်သူ။သူ့ဘေးက ကိုအုန်းကြိုင်က အသင့်အနေအထားဖြင့်(သင်တန်းတုန်းက ပို့ချချက်တွေ အတိုင်း) သတိထားစောင့်နေသည်။ ကျနော့် ကစားဖော်မိန်းကလေးကလည်းဘတ်တံကို မျက်နှာရှေ့ တံစောင်းထောင်လျက် ကျင့်သားဝနေသူပီပီ အသင့် ။

ခက်တာက မမမိုး။ ကြက်တောင်ကို စောင့်နေပုံက ပြိုင်ပွဲဝင်နှင့် တစက်မှမတူ။ သစ်ရွက်အကြွေကို တံမြက်စည်းကိုင် စောင့်နေသည်နှင့်သာ တူတော့သည်။ ကွင်းထဲမှာ အခြားသုံးဦးကအားကစားဝတ်စုံ ကိုယ်စီ ဘောင်းဘီတိုတွေ ကိုယ်စီ။မမမိုး ကတော့ ထမီရှည်ကြီးကို ခိုင်အောင်ချည်ထားရုံ။ပွဲကော်မတီက အားကစားဝတ်စုံပေးပြီး လဲလှယ်ရန်မေတ္တာရပ်ခံလည်း မရ။ ဒီတိုင်းပဲ ဝင်ပြိုင်သည်။

ကျနော် ကြက်တောင် စပေးတော့မည်။ ဆရာ၏ပို့ချချက် နားထဲရောက်လာသည်။ ပြိုင်ဘက် လွတ်တဲ့နေရာ ကို ထိုး။ တ ဖက်သို့ ကြည့်လိုက်သည်။ မမမိုးကနောက်ဘက်နည်းနည်း ရောက်နေ၏။ ကျနော် ပိုက်ကျော်ရုံကပ်ထိုးလိုက်သည်။ မမမိုး လက်နှင့်မမီ။ ကြက်တောင်ကစည်းထဲ ဝင်သွားပြီ။ ကျနော်တို့ တစ်မှတ်ရပြီပေါ့။
*-*-*-*-*-*-*

မမမိုးထံမှ လွယ်သလောက် ကိုအုန်းကြိုင် တုန့်ပြန်မှုပြင်းလှသည်။ သင်တန်းတုန်းက သာမာန်မို့ အထင်သေးမိတာ မှားပါပြီ။ ဘယ်လောက် ကြိတ်ကျင့်ထားမှန်းမသိ။ကျနော် တို့ နှစ်ယောက် ဒီဘက်မှာ ဘတ်တန်ခြင်းမကြာခဏ ခုတ်မိကြသည်အထိ သူလက်စွမ်းပြတော့သည်။ ပွဲက ထင်တာထက် ပိုကြမ်းပြီ။ နှစ်ယောက်တစ်ယောက်လို ဖြစ်နေသည့်တိုင် တဖတ်သတ်မနိုင်။
သူတစ်မှတ် ကိုယ်တစ်မှတ်။

ဒါပေမယ့် ကံတရားက ကျနော်တို့ ဖက်ကရှိသည်။စည်းမျဉ်းအရ ပြိုင်ဖက်နှစ်ဦးထံ အလှည့်ကျပေးရမြဲမဟုတ်ပါလား။ ကိုအုန်းကြိုင်မည်မျှ ကြိုးစားသည် ဖြစ်စေမမမိုးထံ ဆာဗင်ပေးရလျှင် ကျနော်တို့ တစ်ပမ်းသာစမြဲ။ ရှေ့နားကပ်ကပ်ပေးနေ၍ ကိုအုန်းကြိုင်ကမမမိုးကို ရှေ့တိုးစောင့်ရန် ကပ်ပြောသည်။ မမမိုးကလိုသည်ထက် ရှေ့ပိုတိုးလိုက်၏။ ကျနော်က ကြက် တောင်ကို မမမိုး မမှီသည့်ဟို နောက်သို့စ, ပေးလိုက်သည်။ တမှတ်ရပြန်ပြီ။ ကိုအုန်းကြိုင် ခေါင်းတဗျိဗျိကုတ်သလောက်၊ မမ မိုးကား ဘာမှတိုးမထူး၊ သူ့ရှေ့လက်လှမ်းမှီလျှင် ပြန်ရိုက်လိုက်သည်။ မမီလျှင်ဒီတိုင်းမိုးတိုးမတ်တပ်ကြီးကသာ ကျန်ခဲ့၏။ ကျနော်တို့လို သင်တန်းပြီးအောင် မတက်ထားတော့ ကြက်တောင်မမီရာရောက်လျှင် ခြေလှမ်းကို ဘယ်လိုဖြတ်ကနဲ၊ ဖြတ်ကနဲရွေ့ရမည် ဆိုသည်ကို မသိရှာ။

ကျနော့် တွဲဘက်မိန်းကလေးလို ဇရက်ခုန် (ဆက်ရက်ခုန်) လည်း မခုန်တတ်။ ကြောင်လိမ်လည်း မရွေ့တတ်။မမမိုး ကြည့် လိုက်လျှင် မိုးတိုး မတ်တပ်ကြီး ကျန်ခဲ့သည်သာ။ အမှိုက်တွေ စည်းကမ်းမရှိကျချင်ရာကျနေတာ လိုက်မလှည်းနိုင်ပဲ လက် လှမ်းမှသလောက်သာတလှုပ်လှုပ် လှည်းကျင်းနေသူနှယ်။ (ဘတ်တန်) ကိုတံမြက်စည်းကို ကိုင်လျက် ရပ်နေရရှာပါသည်။

*-*-*-*-*-*-*-*-*
ထိုပွဲမှာ ထိုသို့အနိုင်ယူခဲ့ရပေမယ့်၊ ရလာဒ်က မချိုမြိန်ပါ။ နေမထိထိုင်မသာဖြစ်ရသည်က ကျနော်ဖြစ်သည်။ ဒါကလည်း ချက်ချင်းသိသည်မဟုတ်။ပြိုင်ပွဲတွင်း သွေးပူနေတုန်း ခံစားချက်တွေက အရောရော အထွေးထွေး။ နောက်ပွဲအတွက် ပြင်ရ၊ထပ်ပြိုင်တော့လည်း နိုင်ချင်ဇောတွေနှင့်လုံးထွေးသတ်ပုတ်နေခဲ့ရ၊ နောက်ထပ် ကိုယ့်ထက်တော်သည့်အသင်းနှင့်တွေ့တော့ ကိုယ်လည်း ထွက်ရ ဘာမျှဆန်းသည်တော့ မဟုတ်။

ဆန်းတာက ကျနော့် အတွေးထဲ ဖိဆီးကျန်ခဲ့သည့်မမမိုးဖြစ်သည်။ သာမာန်အချိန်တွင် သတိရသည်ဟု မဆိုလိုပါ။ ကျနော့် ဘဝ၏ အချိုးအကွေ့တွင် သတိရခြင်းသာ ဖြစ်ပါသည်။ အားကစား ပြိုင်ပွဲတစ်ခုနှယ်၊ ကျနော်သည် ဘဝတွင် အုပ်စုအဆင့်မှ ထွက်ရလိုသူ၊ အကြာကြီး ထွက်ရပ်နေခဲ့ရဖူးပါ၏။ သူများတွေက နောက်ပွဲအတွက် အားမွေးရ၊ နည်းဗျူဟာတွေ ခင်းကျင်း နေရချိန် ကျနော်က ဘာမျှပါဝင်ခွင့်မရသူပီပီ ပြီးခဲ့သမျှကို ပြန်သုံးသပ်နေချိန်။ ပြိုင်ပွဲမှ ထွက်ခဲ့ရသူတစ်ဦး၏ အတွေးခံစားချက် များ ဖြစ်ပေါ်နေချိန်။ ဘဝတူမမမိုးအကြောင်း သတိရလာခြင်းပင်။

ကျနော် မမမိုးကို စကားတခွန်းပြောချင်လာသည်။အခုထိ စကားလုံးဝါကျဖွဲ့မရသေးသော်လည်း၊ ပြောချင်စရာ မျိုမရထွေးမရ ရှိနေတာသေချာသည်။ ကျနော်တစုံတရာ မလုံမလဲဖြစ်နေတာ သေချာသည်။ အပြစ်ရှိသည်လား ဆိုတော့မသိ။ ကျနော်က ကြက်တောင်အားကစားထုံးစံဘောင် ထဲမှာပင်ကစားခဲ့သည်ကိုး။ ပြိုင်ဘက်လွတ်နေသည့်နေရာကို ရွေးထိုး၊ ရိုက်ပို့ရတာ ပိုက်တန်းခံအားကစား၏ စည်းမျဉ်းအတိုင်း ကျနော်ကစားခဲ့ခြင်းပင်။ ခက်တာက ကိုယ့်ပြိုင်ဘက်က အားနည်းနေသူ ဖြစ် နေခြင်းပင်။ အားနည်းသည်မှာ အလွန်တရာ အားနည်းသူ။ ပွဲဖြစ်အောင် အိမ်အပြည့် ဝင်ပါရသူ၊ ထိုသူ့အပေါ် ကျနော် ကျင့်ခဲ့ သည်မှာ မှန်ပါရဲ့လား။ ဒါတွေက ယခုတွေးရင်း စကားတွေရှုပ်နေခြင်း ဖြစ်သည်။ ကျနော် ငယ်တုန်းက သတိရတိုင်း ထွက် လာသည့်စကားလုံးကမှ ရှင်းသည်။ “မမမိုးကို အားနာလိုက်တာ” ဟူ၍ ပင်ဖြစ်သည်။
*-*-*-*-*-*-*-*-*-*

အားနာရင်လည်း သွားတောင်းပန်လိုက် ပြီးရောပေါ့ကွာဟု ပြောစရာရှိသည်။ လက်တွေ့မှာ ဒီလောက်မလွယ်၊ ဘယ်လို စကားပြောရမှန်း မသိ။ ကျနော်နှင့် စကားပြောဖူးသည့် ရင်းနှီးမှုက “ဖြေးဖြေးသောက်၊ သည်းနေဦးမယ်” ဆိုတာလောက်ရှိ တော့ အခက်သား။

မမမိုး အဲဒီတုန်းက တော်တော်ရှက်မှာပဲ ကျနော် အားနာလိုက်တာဟု ပြောရကောင်းမလား၊ ကျနော် စဉ်းစားဖူးသည်။ ပြိုင်ပွဲ အပြီး ပွဲလမ်းရာသီ၌ မမမိုးတို့ အရပ်ထဲပွဲရှိတော့ ကျနော် သူ့ဆီသွားသေးသည်။ အဲဒီမမမိုးကွင်းထဲ မိုးတိုးမတ်တတ်ကြီး ရပ်နေခဲ့ရတာ ကျနော်အခုဘယ်လိုမှ ခံစားမရကြောင်း၊ အဲ့လို မလုပ်ခဲ့သင့်ကြောင်း၊ မမမိုး လက်လှမ်းမီရာကိုသာ ကြက် တောင်စ, ပေးပို့ရမည်ဖြစ်ကြောင်း ပြောမည်ဟု ကျနော်ကြံသည်။

တကယ်တမ်း မမမိုးနှင့်တွေ့သော် တမျိုးဖြစ်သွားသည်။
*-*-*-*-*-*-*-*-*-*-

တရပ်ကွက်လုံး ပွဲခင်းထဲရောက်နေပြီလားထင်ရအောင်ခြောက်ကပ်နေသည်။ မမမိုးသည် သူမ၏ အိမ်ဆိုင်ရှိထိုင်နေကျခုံတွင် ထိုင်လျက် စာအုပ်ဟောင်း တစ်အုပ်ကိုသည်းသည်းမည်းမည်းဖတ်နေပါ၏။ တရားစာအုပ်လားဘာလားကျနော် မသိပါ။ ရှေးဟောင်းစာအုပ် ဖြစ်တာတော့ သေချာသည်။ ကျနော့် ခြေသံကြားသည်နှင့် ခေါင်းထောင်ကြည့်ပြီး သြော်ဟုဆိုကာ မတွေ့တာကြာပြီဖြစ်သည့် အဆော့သန်အစားသန် ကြောင်ကလေးခွေးကလေးကို ပြန်မြင်ရသူလိုကြည့်ရင်း တယောက်ထဲ လားဟု နှုတ်ဆက်သည်။

– ဟုတ်ကဲ့၊ ပွဲလာတာ၊ မမမိုး မသွားဘူးလား။
– ဟင့်အင်း၊ မမမိုး ဥပုတ်စောင့်တယ်။
– သြော်၊ သာဓု သာဓုပါ။

ထိုမျှပင် ဖြစ်သည်။ ကျနော်တို့ စကားတွေအများကြီးပြောလိုက်မည် ထင်တာ၊ ဒါနှင့် ရပ်နေသည်။ စကားလည်းရပ် လူလည်း ရပ်ဖြစ်နေသော ကျနော့်အား၊ ဒီတခါမိုးတိုးမတ်တတ်ကြီးဖြစ်နေသော ကျနော့်အားမမမိုးက ခုံတစ်လုံးဆွဲ လာချပေးသည်။ ကျနော်ထိုင်ရမလို၊ ထရမလို၊ တကယ်တမ်းကျတော့ စကားကထွက်မလာ၊ ပွဲခင်းက အသံတွေကို နားထောင်ရင်းကျနော်တို့ နှစ်ယောက်လုံး ငြိမ်နေသည်။ ကျနော် အေးအေးဆေးဆေးပြောမည်ဟု ကြံရင်း ခုံမှာထိုင်လိုက်သည်။မမမိုးက ဗိုက်ဆာနေပြီ လားဆိုကာ ပဲမုန့်တွေယူ ပန်းကန်တချပ်ထဲထည့်ကာ ကျနော့်ရှေ့လာချပြီး ကျနော့်ကိုကြည့်နေသည်။

သူ့အကြည့်က ပြန်ပြောရခက်ပါဘိ။ ကျနော်က မျက်လုံးချင်းမဆုံရဲသူမို့၊ ဘယ်လိုအကြည့်မျိုးလဲ မဝေခွဲတတ်။ လက်ဝါးနှစ် ဖက်ကို ပတ္တာလိုဆက်ကာ ကျနော့်နောက်စေ့ကျနော်ဆွဲညှပ်နေမိတာတော့ သေချာမှတ်မိသည်။ အဲဒါပဲကျနော် လုပ်တတ် သည်။ စကားလုံးတော့ မရှာတတ်။မမမိုးပုံ ကြည့်တော့လည်း ပြိုင်ပွဲတုန်းကဟာတွေ ပြိုင်ပွဲမှာပဲထားခဲ့ပြီ ဆိုတာမျိုး၊ စားလေ ဟုဆိုကာ ယင်ကောင်မရှိသောပန်းကန်ကို ယပ်ခတ်ပေးနေသည်။

*-*-*-*-*-*-*-*-*
မမမိုးဆိုင်က ဘယ်လိုပြန်ထွက်ခဲ့တယ်ဆိုတာ သေချာမမှတ်မိ၊ ကျနော့်အတွက်တော့ ကြာလှပြီဖြစ်သော၊ အနှစ်လေးဆယ်နီး ပါး ထိုအဖြစ်များသည် ဝိုးတဝါး ဖြစ်ကုန်ပြီ။ မမမိုး ဖတ်လက်စတရားစာအုပ်လေး ငုံ့ဖတ် တိုးတိုးရွတ်ဖတ်ရင်း ကျန်ခဲ့သည်လား ထင်ပါသည်။ ကျနော်မတောင်းပန်ဖြစ်တာ သေချာသည်။ ဒါကိုပဲ ကျနော်တသက်လုံး မချင့်မရဲ ဖြစ်ရမဆုံး။ ဘဝမှာ တ ယောက်ထဲ စကားပြောဖော်မရှိ၊ အကြာကြီးနေ ရသည့် ကာလတွေမှာ ပိုဆိုးသေး။ ငါဒီကနေပြန်သွားရင် မမမိုးကို လိုက်ရှာပြီး ပြောဖြစ်အောင်ပြောမယ်ဟု အကြိမ်ကြိမ် အားခဲနေခဲ့ရသည်။

ဘယ်လိုပြောလျှင်ကောင်းမလဲ။ “မမမိုးရေ…၊ ဘဝမှာ အနိုင်ရတယ်ဆိုတိုင်း မချိုမြိန်ပါဘူး၊ အထူးသဖြင့် သိပ်အားနည်းတဲ့ ပြိုင်ဘက်ကို တဖက်သတ်အနိုင်ယူတာမချိုမြိန်ပါဘူး”၊ ဒါမှမဟုတ် ငယ်တုန်းကစဉ်းစားထားသည့်အတိုင်း “လူသူကြားထဲ မမမိုး ဘတ်တံကြီးကိုင်ပြီး ကြောင်တောင်တောင်ဖြစ်နေတာ ခုမှ အားနာလိုက်တာ၊ အဲဒါလာ ပြောတာ” ဟု ကလေးပြောလည်း ပြောလိုက်ချင်သား။

နားထောင်ပေးတတ်သည့် မိတ်ဆွေတချို့နှင့် ဆုံတိုင်း ကျနော် ထိုခံစားချက်ကို ပြောပြမိသည်။ အချို့စိတ်ဝင်စား အားပေးကြ ပါ၏။ အချို့ဆို မမမိုးဘယ်လို တုန့်ပြန်မလဲဆိုတာ ပါဝင်တွေးပေးကြသည်။

ကျနော်လည်း စဉ်းစားသည်။ ရေတံခွန်ကြီးဘေးနေခဲ့တာ ကျောက်တုံးအတွက် ကျနော့်လုပ်ရပ်က မည်မျှ သက်ရောက်ခဲ့ပါ သလဲ၊ ရေသောက်ဆင်းရင်း ကို့ယို့ကားယား ဖြစ်သွားသည့် သားကောင်ကို မြင်ရသလို ရှိပါသလား၊ ဒါမှမဟုတ်ရေတံခွန်ဖက် ရေကစားဖို့ ကျောက်တုံး (သူမ) ကို ခုန်ပေါက်နင်းကျော်သွားတာပဲဟု မြင်သိခံစားသွားလေမည်လား။ ကျနော် မလုံမလဲ စိတ်ကပဲ မမမိုး ရေတံခွန်နံဘေးကျောက်တုံးဘဝမှ မပြောင်းပဲ စဉ်းစားမိနေသလား မသိပါ။ လူ့ဘဝ ကစားပွဲများနှင့် ကြုံရ တိုင်း မချိုမြိန်သော အနိုင်များအကြောင်းကို တွေ့ရတိုင်း၊ မမမိုးကို သတိရမြဲ။

ကြက်တောင်ဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် သူ့ရှေ့ကျလာသမျှလက်လှမ်းမီသလောက် အမှိုက်ရှုပ်မခံ တံမျက်လှည်း သလိုလှဲကျင်း ထုတ်နေဆဲလား။

မေးချင်၊ တွေ့ချင်၊ သိချင်သေးသည်။

#မင်းကိုနိုင်
(သရဖူ မဂ္ဂဇင်း ၊၂၀၁၇ မေ)

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်