Gender ပညာတော်သင်ဆုရခဲ့သူကပြောတဲ့ Gender သင်ယူသင့်တဲ့အကြောင်း (အင်တာဗျူး)

May 3, 2017

Gender ပညာတော်သင်ဆုရခဲ့သူကပြောတဲ့ Gender သင်ယူသင့်တဲ့အကြောင်း (အင်တာဗျူး)

တွေ့ဆုံ မေးမြန်းရေးသား တင်ဆက်သူ – ခင်စန္ဒာမြင့်
Education Digest (ပညာပဒေသာ ဂျာနယ်)
(မိုးမခ) မေ ၃၊ ၂၀၁၇

နိုင်ငံခြားမှာ ပညာသွားသင် ကြမယ်ဆိုရင်ဖြင့် ကျောင်းသားအများစုရွေးချယ်ကြမယ့် ဘာသာရပ်တွေကတော့ အလုပ်အကိုင် ဈေးကွက်မှာ နေရာရနိုင်မယ့် ဘာသာရပ်တွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အများနဲ့မတူဘဲ ဆန်းသစ်တဲ့အတွေးအခေါ်တွေနဲ့ Gender ဆိုတဲ့ ဘာသာရပ်ကို လေ့လာသင်ယူနိုင်ဖို့အတွက် ပညာတော်သင်ထွက်ခဲ့တဲ့ မြန်မာအမျိုးသမီး“မအေးလဲ့ထွန်း” နဲ့တွေ့ဆုံခဲ့ပြီး၊ Gender အပေါ် သူ့ရဲ့ခံယူချက်နဲ့ လေ့လာမှုတွေအကြောင်း၊ သူသင်ယူခဲ့တဲ့ ဘာသာရပ်ရဲ့ လက် တွေ့အသုံးဝင်မှုအကြောင်းတွေကို မေးမြန်းဖြစ်ခဲ့ပါတယ်။

● ညီမပညာတော်သင်သွားခဲ့တဲ့ နိုင်ငံတွေကိုပြောပြပေးပါ။
ညီမပညာတော်သင်သွားခဲ့တဲ့ နိုင်ငံတွေက ဩစတြေးလျနဲ့ နယ်သာလန်နိုင်ငံတွေပါ။

● ညီမ Gender နဲ့ပတ်သက်ပြီး စကော်လာရဖို့ ဘာတွေပြင်ဆင်ခဲ့ရပါသလဲ။
ညီမက ၂၀ဝ၆ခုနှစ်က မြန်မာတိုင်းမ်မှာ သတင်းထောက်လုပ်ခဲ့ပါတယ်။ ၂၀ဝ၈ ခုနှစ်မှာတော့ ကုလသမဂ္ဂမူးယစ်ဆေးဝါးနဲ့ပြစ်မှု ဆိုင်ရာရုံးရဲ့၊ UNDP၊ Oxfam စတဲ့ နေရာတွေရဲ့ သတင်းအချက်အလက် ဖြန့်ချိရေးဌာနတွေမှာလုပ်ခဲ့ပါတယ်။ အဲ့ဒီလိုနေ ရာတွေမှာလုပ်ကတည်းက ကိုယ်က ပညာတော်သင်သွားမယ် ဆိုတဲ့ ရည်ရွယ်ချက်ရှိတယ်။ ဒါပေမယ့် ဘယ်လိုပြင်ဆင်ရမယ် ဆိုတာကို မသိခဲ့ဘူး။ တွေ့တဲ့ပညာတော် သင်ဆုတိုင်းလျှောက်ခဲ့တယ်။ မရခဲ့ဘူး။ နောက်မှ ဩစတြေးလျပညာတော်သင်ဆုကိုရခဲ့ပါတယ်။ ဒါပေမယ့်လည်း ကိုယ်တက်ချင်တဲ့ Gender နဲ့ပတ်သတ်တဲ့ကျောင်းကို လျှောက်တော့ ဒီမှာညီမရတဲ့ဘွဲ့က နိုင်ငံခြားဘာသာတက္ကသိုလ်က၊ ပြီးတော့ မီဒီယာလုပ်တယ်။ အခု လျှောက်တော့ Gender ဆိုပြီးသူတို့က မပေးဘူး။ သူနဲ့ဆက်စပ်တဲ့ Development Study ဆိုတာကို ပဲပေးတယ်။ အဲ့ဒီမှာ ၂နှစ်လောက်တက်ပြီး၊ Gender ကို ဘယ်မှာသင်လို့ ရမလဲဆိုပြီးထပ်ရှာပါတယ်။ နယ်သာလန်မှာရှိတဲ့ ကျောင်းမှာသွားတွေ့တယ်။ လျှောက်လိုက်တော့ ရသွားတယ်။ အရင်က လုပ်ခဲ့တဲ့ NGO ပရောဂျက်တွေမှာ သုတေသန အတွက်ဝင်လုပ်ခဲ့တာတွေရှိတယ်။ အများပြည်သူနဲ့သက်ဆိုင်တဲ့ နေရာတွေ မှာ အမျိုးသမီးတွေရဲ့ ပါဝင်ဆုံးဖြတ်နိုင်မှု ဘယ်လောက် ရှိလဲဆိုတဲ့ သုတေသနပါ။ အဲ့ဒါတွေ က ကျောင်းလျှောက်တဲ့အခါမှာ အထောက်အကူပြုခဲ့ပါတယ်။

● အဲ့ဒီမှာ Gender နဲ့ပတ်သက်ပြီး ညီမဘာတွေကိုအထူးပြုလေ့လာ ခဲ့ရပါသလဲ။
Gender and Sexuality၊ Gender and Conflict နောက်ပြီးတော့ Gender နဲ့ပတ်သက်တဲ့ ပရိုဂရမ် တွေကို ဘယ်လိုမြှင့် တင်မလဲဆိုတဲ့ ဘာသာရပ်ရယ်၊ Gender and International Conflict ဆိုတဲ့ နိုင်ငံ တကာနဲ့ အဆင့်ဆင့် ဘယ်လိုချိတ် ဆက်လုပ်ဆောင်မလဲဆိုတဲ့ သီအိုရီ ပိုင်းတွေပါတယ်။ နယ်သာလန် နိုင်ငံမှာတော့ သီအိုရီတွေများပြီး၊ ဩစတြေးလျမှာကတော့ NGO တွေ နဲ့ ဘယ်လိုအလုပ် လုပ်ရတယ်ဆိုတဲ့ အခြေခံတွေများတယ်။

● Gender နဲ့ပတ်သက်ပြီးဘာကြောင့် သင်ချင်ရတာလဲ။ အစိမ်းသက်သက် သင်လိုက်ရသလိုအခက်အခဲဖြစ် မနေဘူးလား။
ညီမမှာ Gender အနေနှဲ့Qualification ပြစရာမရှိပေမယ့် ညီမဝါသနာအရ ဖတ်ရှုထားတာ တွေရှိခဲ့တော့ နည်းနည်းတော့ ခံသာခဲ့တယ်။ ဒါပေမယ့် သီအိုရီနဲ့ ပတ်သက်တဲ့အခါမှာတော့ အခက် အခဲနည်းနည်းရှိခဲ့တယ်။

● ကျောင်းအတွက် ဘယ်လိုစာတမ်း တွေပြုစုခဲ့ပါသလဲ။
ကွင်းစလန်မှာတက်တုန်းကတော့ Gender Representation in Myanmar Media ဆိုပြီး မြန်မာမီဒီယာတွေက Gender နဲ့ပတ်သက်ပြီး ဘယ်လိုဖော်ပြနေသလဲဆိုတာကို စာတမ်းလုပ်ခဲ့ပါတယ်။ နယ်သာလန်မှာကတော့ မသန်စွမ်းအမျိုးသမီးလေး တွေနဲ့ ပတ်သက်တဲ့ စာတမ်းကို ရေးခဲ့ပါတယ်။ အဲ့ဒီစာတမ်းမှာဆို မသန်စွမ်းအမျိုးသမီးလေးတွေအပေါ်မှာ အမြတ်ထုတ်သွား တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီးရေး ထားတာပါ။

● ညီမရေးခဲ့တဲ့ စာတမ်းနှစ်ခုထဲက Gender နဲ့ မီဒီယာအပိုင်းမှာ ညီမ ဘာတွေလေ့လာတွေ့ရှိခဲ့ပါသလဲ။
၂၀၁၀-၂၀၁၄ခုနှစ်အတွင်း လေ့လာခဲ့ရတာတွေမှာ ဘာတွေ တွေ့ခဲ့ရသလဲဆိုတော့ ၂၀၁၀မှာ Gender သတင်းတွေ စပါလာ ပြီ ဆိုပေမယ့် ပွဲသတင်းတွေလောက်ပဲ ပါသေးတယ်။ နောက်ပိုင်းမှာတော့ သတင်းဖော်ပြမှုတွေများလာတာ ကိုတွေ့ရတယ်။ ဒါပေမယ့် ဘာဖြစ်တယ် ဆိုတာကိုပဲရေးတာကို တွေ့ရတယ်။ ဘာကြောင့်ဖြစ်တယ်ဆိုတာကို မတွေ့ရဘူး။ နောက်တစ်ခု ကလည်း မီဒီယာတွေမှာ ဒါနဲ့ပတ်သက်ပြီး သီးသန့်ခန့်ထားတဲ့လူ မရှိသေးတော့ ဒါကိုထဲထဲဝင်ဝင် လေ့လာရေးသားနိုင်တာမျိုး မတွေ့ခဲ့ရဘူး။ သင်တန်းတွေမှာ အခြေခံရတဲ့အပေါ်မူတည်ပြီးပဲ ရေးနိုင်ကြတာကိုတွေ့ရတယ်။ ဒါပေမယ့် ၂၀၁၃နောက်ပိုင်းမှာ တော့ မီဒီယာတွေရဲ့ သတင်းဖော်ပြချက်မှာ အမျိုးသမီးဆိုတာကို သူတို့ရဲ့သတင်းခေါင်းစဉ်တွေမှာ ဖော်ပြလာကြတာကို တွေ့ရတယ်။ ဒါပေမယ့် အားနည်းချက်က ပဋိပက္ခဖြစ်တဲ့နေရာတွေမှာဆိုရင် အမျိုးသမီးနဲ့ကလေးတွေရဲ့ ဓာတ်ပုံတွေကိုပဲ ဖော်ပြတာကိုတွေ့ရတယ်။ ဒါဟာ စာဖတ်သူရဲ့အာရုံကို နှိုးဆွတာမှန်ပေမယ့် တစ်ဖက်မှာ အမျိုးသမီးတွေကို အားနည်းတယ်လို့ဖော်ပြသလိုဖြစ်နေတာကို တွေ့ရတယ်။ နောက်စကားလုံးအသုံး အနှုန်းတွေပါ။ ဥပမာ “သွေးနု၊ သားနု ဒီမိုကရေစီ” ဆိုတာမျိုးတွေပါ။ ဒီလို အသုံးအနှုန်းတွေကိုတွေ့ရပါတယ်။

● နောက်ထပ် စာတမ်းလေးအကြောင်း လည်းပြောပြပေးပါ။
နယ်သာလန်မှာလုပ်တဲ့ စာတမ်းမှာတော့ မသန်စွမ်းအမျိုးသမီးလေးတွေရဲ့ လူမှုဆက်ဆံရေးဝန်းကျင် မှာခံစားနေရတဲ့ အကြမ်းဖက်ခံရမှုတွေနဲ့ပတ်သက်ပြီးဖော်ပြထားတာပါ။ သူတို့ကို မသန်စွမ်းဖြစ်တဲ့အတွက် ရပ်ရွာကဘယ်လို ဆက်ဆံလဲ၊ မိ သားစုက ဘယ်လိုဆက်ဆံလဲ စတာတွေပါ။ ဥပမာ ချို့တဲ့ တဲ့ မိသားစုက မသန်စွမ်းကလေးတွေဟာ မိဘတွေ လယ်ထဲသွား တဲ့ အချိန်မှာ ခေါ်သွားလို့မရဘူး။ ထားခဲ့ရတယ်။ အဲ့ဒီအချိန်မှာ အိမ်နီးချင်းက အနိုင်ကျင့်တယ်။ သန်စွမ်းတဲ့ မိန်းကလေး တောင် ရပ်ရွာက ‘ဖြစ်ပြီးသွားပြီပဲ၊ အပျို ပြန်ဖြစ်တာမှ မဟုတ်တာ’ ဆိုပြီး ရပ်ကွက်အုပ်ချုပ် ရေးမှူးနဲ့လောက်ပဲ ပြီးသွားတယ်။ မသန်စွမ်းအမျိုးသမီး တွေမှာ သူတို့ရဲ့ ခံစားရမှုကို ဖော်ပြဖို့ခက်ခဲတော့ သူတို့အတွက် ဖွင့်ပြောရမယ့်နေရာ၊ ဖွင့်ပြောရမယ့်လူ မရှိဘူး ဖြစ်တတ်ပါတယ်။ တချို့မသန်စွမ်းအမျိုးသမီးလေးတွေဆိုရင် အရွယ်မရောက်ခင်ကတည်းက သူ တို့ရဲ့သားအိမ်ကို မိဘတွေက ထုတ်ပစ်လိုက်တာတို့၊ သားကြောဖြတ်တာတို့ လုပ်ပစ်လိုက်တယ်။ တစ် ခုခုဖြစ်ခဲ့ရင်ဆိုတဲ့ စိတ်နဲ့ပေါ့။ ဒီမသန်စွမ်းကလေးရဲ့ဆန္ဒ ပါ၊ မပါ မသိကြဘူး။ ဥပဒေအရရော ဒါတွေက ဘယ်လိုသွားမလဲပေါ့။ ဒါတွေကို ဖော်ပြထားတာပါ။

● အခု ညီမရဲ့သုတေသနတွေကို အခြေခံပြီး နောက်ထပ်ဘာတွေများ ချဲ့ထွင်လုပ်ဆောင်ဖို့ ရှိပါသေးလဲ။
အမျိုးသမီးတွေက နိုင်ငံရဲ့ လုံခြုံရေးအခန်းကဏ္ဍတွေမှာ ဘယ်လိုပါဝင်နေကြလဲဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး သု တေသနတွေဆက်လုပ်သွားဖို့ ရှိပါတယ်။ နောက်မီဒီယာနဲ့ပတ်သက် ပြီး ဆက်လေ့လာဖို့ရှိတယ်။ မသန်စွမ်းတွေနဲ့ပတ်သက်ပြီးတော့ဆက် လုပ်သွားဖို့ရှိပါတယ်။

● ညီမ ပညာတော်သင်သွားတဲ့အချိန်က Gender ဆိုတဲ့အကြောင်းအရာဟာ မြန်မာနိုင်ငံမှာ အခုလောက်သိတဲ့ လူ မရှိသေး ဘူးလေ။ ဒီလိုအချိန် မှာ အခြားရေပန်းစားနေတဲ့ ဘာသာရပ်တွေထက် ဘာကြောင့် Gender ကို ရွေးချယ်ခဲ့ရတာပါလဲ။
ညီမတို့မိသားစုမှာ အမေက စီးပွားရှာရတယ်။ အဖေက စာရေးတယ်။ အမေက အဓိကဝင်ငွေရှာသူ ဖြစ်ပေမယ့် တကယ့် လူမှုအသိုင်း အဝိုင်းမှာတော့ အဖေက အိမ်ဦးနတ်ဆိုပြီးနေရာ ရပေမယ့် အမေကတော့ အိမ်ရှင်မပဲပေါ့။ အဲ့ဒါဘာ ကြောင့်လဲ ဆိုတာကို ငယ်စဉ်ကတည်း ကမေးခွန်းထုတ်လာခဲ့ရတယ်။ အရွယ်ရောက်လာတဲ့အခါမှာလည်း ဒါကိုသိချင်နေပေမယ့် ဘာသာရပ်တစ်ခုအနေနဲ့ သင်လို့ရတယ်ဆိုတာကို မသိခဲ့ဘူး။ ညီမနောက်ဆုံးလုပ်ခဲ့တဲ့ Oxfam က Gender နဲ့ပတ် သက်ပြီး တော်တော်များများလုပ်တယ်။ အဲ့ဒီမှာ ညီမပိုပြီးစိတ်ဝင်စားမှုများလာခဲ့တယ်။ ဒါနဲ့ပတ်သက်ပြီး ပညာရှင်တစ်ယောက်ဖြစ် ချင်ခဲ့တယ်။

● ညီမက Gender နဲ့ပတ်သက်ပြီး ပညာသင်ဆုရခဲ့ဖူးတဲ့သူတစ်ယောက် အနေနဲ့ နောက်ပိုင်းပညာတော်သင် လျှောက်ကြမယ့် ကလေးတွေကို Gender ဘာသာရပ်နဲ့ပတ်သက်ပြီး ဘာပြောချင်ပါသလဲ။
Gender က ဘာကြောင့်သင် ယူသင့်သလဲဆိုရင် လူတန်းစားအလွှာ အားလုံးနဲ့ သက်ဆိုင်တဲ့ဘာသာရပ် ဖြစ်တဲ့အတွက် လူ့အခွင့်အရေး ဘာသာရပ်ပါ။ Gender နဲ့ ပတ်သက်ပြီး ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာနိုင်တယ်ဆိုတာကို သိဖို့လိုသလို ဒါတွေကို ဘယ်လိုပြုပြင်ကြမယ်ဆိုတာဟာ အမျိုးသားရော၊ အမျိုးသမီးတွေနဲ့ပါ သက်ဆိုင်နေတဲ့အတွက် နောင်လာမယ့်မျိုး ဆက်တွေအနေနဲ့လည်း လေ့လာသင့်တဲ့ ဘာသာရပ်ဖြစ်ပါတယ်လို့ ပြောချင်ပါတယ်။

တွေ့ဆုံ မေးမြန်းရေးသားသူ – ခင်စန္ဒာမြင့်
Education Digest (ပညာပဒေသာ ဂျာနယ်) တွင် မူလပုံနှိပ်ခဲ့ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခင်စန္ဒာမြင့်, အင်တာဗျူး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်