Than Win Hlaing – Articles

October 6, 2013

မြန်မာ့လွှတ်တော်
သန်းဝင်းလှိုင်
အောက်တိုဘာ ၆၊ ၂၀၁၃


ရှေးမြန်မာမင်းလက်ထက် မြန်မာ့အုပ်ချုပ်ရေးနှင့်တရားစီရင်ရေးတွင် အရေးပါသောဌာနကြီးမှာ မြန်မာ့လွှတ်တော်ပင် ဖြစ်သည်။ မြန်မာနိုင်ငံတွင်တကောင်းခေတ်မှစ၍ သက်ဦးဆံပိုင်ဧကရာဇ်စနစ်ဖြင့်အုပ်ချုပ်ခဲ့ရာ ကုန်းဘောင်ခေတ် ကုန် ဆုံးသည်အထိ ကာလကြာမြင့်ခဲ့သည်။ ထိုခေတ်များတလျှောက် အုပ်ချုပ်ရေး တရားစီရင်ရေးကိစ္စများ ဆောင်ရွက် ရာ၌ လွှတ်တော်သည်အချုပ်အခြာဖြစ်သည်။ တန်ခိုးအာဏာအကြီးဆုံးဖြစ်သည်။ မင်းဧကရာဇ်တို့ ယာယီနန်းတော် တည်ဆောက်ကာ ယာယီနန်းမှာစံစဉ်တွင် ယာယီလွှတ်တော်ကိုလည်း တပါတည်း တည်ဆောက်ရမြဲဖြစ်သည်။ ဤအချက်ကိုထောက်၍ လွှတ်တော်နှင့်လွှတ်ဝန်ကြီးများသည် မည်မျှအရေးကြီး၍ အရေးပါကြောင်း သိနိုင်လေသည်။ ဘုရင်ကလွဲလျှင်လွှတ်တော်ဝန်ကြီးများသည် တန်ခိုးအကြီးဆုံး အာဏာအရှိဆုံးဖြစ်သည်။ တစ်ခါတရံ ဘုရင်ကိုပင် အာဏာပေးနိုင်စွမ်းရှိသည်။ ဘုရင့်အမိန့်ကိုလည်း သွေဖယ်နိုင်စွမ်းရှိသည်။ ရာဇဝတ်ကောင်ကို သေဒဏ်ပေးခြင်းမျိုး ကဲ့သို့ အကြီးဆုံးသောအပြစ်ဒဏ်ကို လွှတ်တော်အမိန့်ပေးနိုင်စီရင်နိုင်သည်။ မြန်မာဘုရင်များ လွှတ်တော်သည် ဤမျှ အရေးပါလှ၍ သြဇာကောင်းလှ၏။ အမိန့်အာဏာလည်း ထက်မြက်လှပေ၏။
● လွှတ်တော်ဆိုသည်မှာ-
လွှတ်တော်အကြောင်းလေ့လာသောအခါ `လွှတ်တော်´ဝေါဟာရကို သိထားဖို့လိုသည်။ လွှတ်တော်ဝေါဟာရကို သိထားလျှင် လွှတ်တော်အကြောင်း၊ လွှတ်တော်တမန်၊ လွှတ်တော်၏ဆောင်ရွက်ချက်များကို ခြုံ၍သဘောပေါက်မည်။ `လွှတ်တော်´ဟူရာ၍ `လွှတ်´တွင် အဓိပ္ပါယ်တခု၊ `တော်´တွင်အဓိပ္ပါယ်တစ်ခုရှိသည်။
`လွှတ်´နှင့်ပတ်သက်၍ ဇေယသင်္ခယာရာ၏ ရွှေဘုံနိဒါန်း ၅၈-၅၉ တွင်ဤသို့တွေ့ရသည်။ ပုဂံပြည်ဝယ် ပျူစောထီးလက် ထက် မယ်တော်နတ်ရေနဂါးက နဂါးအမတ်စောင့်ရှောက်လာရသည်။ ခမည်းတော်နေမင်းက လေးမြှားအပ်သည်။ မဇ္စိုမဒေသ၌ စန္ဒဂုတ္တမင်း၏အနွယ်မျိုးဖြစ်သော မင်းမျိုးလေးယောက်တို့သည် ဆင်အစီးရှစ်ဆယ် ဆင်သည်ရှစ်ကျိပ်နှင့် ပုဂံပြည်သို့ ရောက်လာရာ ထိုလူတို့ကိုစုစုရုံးရုံးနေစေ၍ မင်းလေးယောက်တို့ကိုလည်း သစ္စာကတိအမှတ်ဖြင့် စားတော်တဆုပ်စီပေး၏။ ထီးလည်းတစ်စင်းပေး၏။ ရာဇဎုနာ၊ နာမ၀ဎုနာ၊ ဒေ၀ဎုနာ၊ ဇေယဎုနာ အမည်ဟူကုန်၏။ ထိုမင်းမျိုးလေးယောက်ကို ဆင်အ စီးလေးဆယ်နှင့် မြို့လေးမျက်နှာ နဂါးပြည်တိုင်အောင်စီရင်စေ အခွင့်လွှတ်၍စီရင်ရသည်။ ထိုသူတို့ရောက်သည့် ကာလစု ရုံး၍ နေရာအဆောက်အဦကို `ရုံး´ဟူ၍ ခေါ်ဝေါ်ခြင်း၊ ပြည်ထဲလေးမျက်နှာကို စီရင်ခွင့်လွှတ်၍ စီရင်တက်နေရသည့် အဆောက်အဦကို `လွှတ်´ဟုခေါ်ဝေါ် သမုတ်ခြင်းဖြစ်သည်။
ရွှေနန်းသုံးဝေါဟာရအဘိဓါန်နှင့် မြန်မာမင်းအုပ်ချုပ်ပုံစာတမ်း တတိယပိုင်းတွင်လည်း ဤနည်းအတိုင်းဖော်ပြထား သည်။ ဤတွင်`လွှတ်´အဓိပ္ပါယ်မှာ မင်းမျိုးလေးယောက်တို့ ပြည်ထဲရေးလေးမျက်နှာစီရင်ရန် ပျူစောထီးမင်းက ခွင့် လွှတ်သည်။ ထို့ကြောင့်အဆောက်အအုံတခုတွင် မင်းမျိုးလေးယောက်တို့ ပြည်ထဲရေးလေးမျက်နှာစီရင်ရသည်။ ဘုရင် ကခွင့်လွှတ်၍ အမှုစီရင်ရသောအဆောက်အအုံဖြစ်သဖြင့် `လွှတ်´ ဟုခေါ်လေသည်။
`လွှတ်´ ၏အဓိပ္ပါယ်တစ်မျိုးကို ရွှေဘုံနိဒါန်းတွင် ဇေယသင်္ခယာက- တစ်ကြောင်းလည်းနရပတိစည်သူမင်းတွင် သားတော် ဇေယျသူရ၊ သင်္ခသူရ၊ ရာဇသူ၊ ပျံချီဇေယ၊ ဇေယသိင်္ခ ငါးယောက်ရှိသည်။ သားတော်အငယ် ဇေယသိင်္ခမင်းမယ်တော်သည် နရပတိစည်သူမင်း၏ လက်ညှိုးခူအနာကိုကိုက်ခဲ့လှ၍ နှုတ်ဖြင့်ငုံသည့်အခိုက် အကိုက်သက်သာ၍ပြည်ပေါက်သည်ကို နိုးမည်စိုးသောကြောင့် ၀မ်းထဲသို့မျိုသည့်အရေးကြောင့် မိဘုရားဆုပန်လိုရာ ခွင့်လွှတ်ပေးသည်။ သားတော်ငါးယောက်တို့ကို နေစေပြီးလျှင် အလယ်၌ထီးဖြူဆောက်သည်။ လုံ့လပရောဂကြောင့် ဇေယသိင်္ခရှိရာ ထီးညွှတ်သည်။ နောက်ကိုမြှောက်ထား၍ မင်း၏အဖြစ်ကိုခွင့်လွှတ်သည်။ နောင်တော်လေး ယောက်တို့သည်လည်း ထီးနိမိတ်ကိုထောက်သဖြင့် မဖောက်မပြန်ခွင့်လွှတ်သည်။ နန်းဦးတွင်ထီးဆောင်းရန် လုပ်ဆောင်၍ ထီးဆောက်ပြီးလျှင်ခွင့်လွှတ်သည်ကိုအစွဲပြု၍ အခွင့်လွှတ်ရာအရပ်ဖြစ်သောကြောင့် လွှတ်ဟုခေါ်ဝေါ် သမုတ်လေသည်။၂ ဟုလည်းကောင်း၊ တစ်ကြောင်းလည်းညီတော်သည် ဧကရာဇ်မင်းဖြစ်လျှက် နောင်တော်တို့ကို အားနာတော်မူ၍ ညီတော်နောင်တော်ငါးယောက်တို့ တနေ့မပြတ်စုရုံးရသည်။ `ညီတော်မှာမင်း၏ အဖြစ်ဖြင့်သာ နေတော်မူတော့၊ နောင်တော်လေးယောက်တို့သာ စီရင်ပါတော့´ အခွင့်လွှတ်သည်ဖြစ်၍ အခွင့်လွှတ်ရာ အရပ် အဆောက်အဦကို လွှတ် ဟူ၍ အခွင့်လွှတ်ရာအဆောက်အဦကို လွှတ်ဟူ၍ ခေါ်ဝေါ်သမုတ်သည်လည်းဆို သည်။၃ ဟုလည်းကောင်းဖော်ပြထားသေးသည်။
ဤတွင်လည်း`လွှတ်´ သည်ခွင့်လွှတ်ခြင်းအနက်ကိုပင်ဆောင်သည်။ ဇေယသိင်္ခကမင်းလုပ်သည်ကို နောင်တော်လေး ပါးက ခွင့်လွှတ်သည်။ နောင်တော်လေးပါးတို့ပြည်ထဲရေးစီရင်ရန် ဇေယသိင်္ခကခွင့်လွှတ်သည်။ ခွင့်လွှတ်ရာဌာနဖြစ် သဖြင့် `လွှတ်´ ဟုတွင်သည်။ သို့သော်`မြန်မာမင်းအုပ်ချုပ်ပုံစာတမ်း´ တတိယပိုင်းတွင်မူ `လွှတ်´တော်ကို `လက်လွှတ်သည်´ဟူသော အဓိပ္ပါယ်ဖြင့်ဖော်ပြထားသေးသည်။ `လွှတ်´ဟုသောဌာနတွင် ဆင်းရဲသားပြည်သူတို့က မင်းဧကရာဇ်ထံ အခွန်အတုတ် လွှတ်မြဲဆက်သမြဲဖြစ်သည်။ သို့ဖြစ်၍ ဆင်းရဲသားပြည်သူတို့ အခွန်အတုတ်လွှတ်ရာ ဆက်သရာဌာနကို `လွှတ်´ဟူ ၍ ခေါ်သည်။
ထို့နောက်ဆရာကြီးသည် ရွှေပြည်ဦးဘတင်က`လွှတ်´သည် `ပူဇော်သည်´ဟု အနက်ရကြောင်း အမိန့်ရှိခဲ့ဖူးသည်။ အကြောင်းသော်ကား ဇေယသိင်္ခမင်သည် နောင်တော်ဘုရားများ၏ အိမ်တော်အသီးသီးသို့ နံနက်တိုင်းလှည့်လည် ၀တ်ပြပြီးမှ ဆောင်ရွက်ဖွယ်ရာကိစ္စများကိုဆောင်ရွက်သည်။ ဤကဲ့သို့ ညီတော်ကဘုရင်ပင်ဖြစ်သော်လည်း မိမိတို့ ကိုလေးစားသ ဖြင့် ညီတော်ကိုကူညီဆောင်ရွက်သင့်သည်ဟု နော်တော်လေးပါးကြံစည်မိပြီး နန်းတော်အနီးတွင် အဆောက်အဦတခုဆောက်ကာ တိုင်းပြည်အုပ်ချုပ်သောကိစ္စများကို ကူညီဆောင်ရွက်သည်။ ထိုအခါညီတော်သည် နောင်တော်၏အိမ်သို့ သွားပြီးပူဇော်ရန်မလိုတော့ဘဲ နော်တော်လေးပါးကို တိုင်းပြည်အုပ်ချုပ်ရေးကိစ္စဆောင်ရွက်ရန် စုဝေးနေသောအဆောက်အဦး၌ပင် ပူဇော်ကန်တော့နိုင်သည်။ ဤသို့ပူဇော်သောအဆာက်အဦကို `လွှတ်´ဟုခေါ် သည်။
တရားဆုံးဖြတ်ရာတွင် လွှတ်တော်ကိုပါဠိဘာသာဖြင့် `သန္ဓာဂါရ´ ဟုခေါ်သည်။ ထို့ကြောင့်အမ္ဗဋ္ဌသတ် အဋ္ဌကထာ၌ `သန္ဓာဂါရန္တိရဇ္ဇအနုသာသနသာလ´ဟူ၍မိန့်ဆို၏။ အနက်ကား သန္ဓာဂါရန္တိ-သန္တာဂါရံ ဟူသည်ကား ရဇ္ဇ-တိုင်းနိုင်ငံသူ အပေါင်းကို၊ အနုသာသနုသာလာ – ဆုံးမရာဇရပ်ဆောင်တည်း။ ထို့ကြောင့် လွှတ်တော်ကိုသန္ဓာဂါရဟူ၍ ဆိုအပ်၏။ စစ်မြေ ပြင်အရပ်မှပြန်လာခဲ့သည်ရှိသော အကြင်မျှလောကနန်းတော်၌ ရေသန့်စင်ခြင်း၊ နွားချေးအင်္ဂတေတို့ဖြင့် အပြေအပြစ်ပြုခြင်း စသည့်တို့ကိုပြု၍မပြီး။ နှစ်ရက်သုံးရက်ပတ်လုံး ရေမြေသေဌ်နင်းမင်းတို့သည် ထိုလွှတ်၌နေကုန်၏။ ထို့ကြောင့်လည်းထို လွှတ်ကို သန္ဓာဂါရဟူ၍ဆိုအပ်၏။၎
ဝေါဟာရတ္တပကာနီကျမ်းတွင် ဒုတိယကျော်အောင်စံထား ဆရာတော်က – လွှတ်ရုံးဟူသည်၌လည်း နည်းတူ၊ ပြည်သူတို့၏ အမှုကိုဆောင်ရွက်စေခြင်းငှာ အာဏာစက်လွှတ်သော အရပ်ဝိသေသဖြစ်၍ `လွှတ်ရုံး´ ဟူသော အမည်ဖြစ်၏။၅ ဟုဖော်ပြထားသည်။ မြန်မာအဘိဓါန်အကျဉ်းချုပ် အတွဲ၎စာမျက်နှာ(၁၄၅)၌မူ `လွှတ်´ ၏အဓိပ္ပါယ်ကို – `အနှောင်အဖွဲ့မှလွတ်ကင်း စေသည်။ အကျယ်အချုပ်မရှိဘဲနေစေသည်။ အငြိအတွယ်မရှိချောမောစွာ ထွက်စေသည်။ တစ်စုံတဦးအားတနေရာသို့ တစ်စုံတရာဆောင်ရွက်ရန်သွားစေသည်။ ထွက်ခွာသွားရောက်စေသည်။ အကျုံးမ၀င်စေဘဲချန်လှပ်သည်။ လပ်ကျန်စေသည်။၆ ဟူ၍ဖွင့်ဆိုထားသည်။
ဤနည်းအားဖြင့် `လွှတ်´ဆိုသည်မှာ မင်းမျိုးလေးယောက်တို့ပြည်ထဲရေးမျက်နှာစီရင်ရန် ဘုရင်ကခွင့်လွှတ်သောနေ ရာဖြစ်သည်။ နောင်တော်လေးပါးတို့တရားစီရင်ရန် ညီတော်ဘုရင်ကခွင့်လွှတ်သောအဆောက်အဦလည်းဖြစ်သည်။ အခွန်အတုတ် များ လက်လွှတ်ဆက်သရာဟုလည်းဆိုနိုင်သည်။ ပူဇော်ကန်တော့ရန်ဌာနလည်းဆိုနိုင်သေးသည်။
`တော်´သည် မြင့်မြတ်သော၊ ကောင်းမွန်သောအနက်ကိုဆောင်သည်။ `တော်´ ဟူသောစကားမှာ `အသျှင်´ခေါ် ခြင်း၊ `ဘုရား´ခေါ်ခြင်းတို့နှင့်သက်ဆိုင်သည်။ ရှေးအခါကဘုရင်လက်မှတ်ထိုးသောအခါ ဘွဲ့ကိုမထိုး၊ `တော်´ဟုသာ ထိုးသည်။ ထို့ကြောင့်ရှင်ဘုရင်နှင့်နီးစပ်သောအမှတ်အသားများမှာ တော်ဟုသုံးသည်။ အိမ်တော်၊ နန်းတော်၊ ကျောင်းတော်၊ ဆရာတော်၊ သားတော်၊ သမီးတော်၊ ဥယျဉ်တော်စသည်တို့တွင် `တော်´သည်ရှင်ဘုရင်နှင့် သက်ဆိုင် ကြောင်းဖော်ပြသည်။
ထို့ကြောင့်`လွှတ်တော်´ဆိုသည်မှာ ဘုရင်နှင့်သက်ဆိုင်သော ကြီးကျယ်မြင့်မြတ်သော တရားဆုံးဖြတ်ရာအဆောက် အဦ၊ အပူဇော်ခံရာအဆောက်အဦဟု အဓိပ္ပါယ်ရှိပေသည်။ မြန်မာအဘိဓါန်အကျဉ်းချုပ်အတွဲ(၄)၌မူ `လွှတ်တော်´ အဓိပ္ပါယ်ကို `မြန်မာဘုရင်လက်ထက် ဘုရင်မှတပါးအာဏာအမြင့်မြတ်ဆုံးပိုင်ဆိုင်သောမှူးမတ်များ ပါဝင်စုပေါင်းတိုင် ပင်စီမံဆောင် ရွက်သည့်အဖွဲ့အစည်း´ဟူ၍ဖော်ပြထားသည်။
● လွှတ်တော်ပေါ်ထွန်းပုံ
လွှတ်တော်တွင် အမှုထမ်းများစွာရှိသည့်အနက် ဝန်ကြီးလေးပါသည်အဓိကဖြစ်သည်၏။ ဝန်ကြီးလေးပါးခန့်ထားသည် မှာလည်း ရှေ့ထုံအစဉ်အလာအရဖြစ်ပေမည်။ အဟော်သဓာဇ်ာတော်၌ ဝိဒေဟတိုင်း၊ ဝိဒေဟရာဇ်မင်းကြီးမှာသေနက၊ ပက္ကူသ၊ ကာမိန္ဒ၊ ဒေ၀ိန္ဒဟူသော အမတ်သုခမိန်လေးပါးရှိကြောင်း မှတ်သားရသည်။ ထိုအမတ်ကြီးလေးပါးသည် ဘုရင်၏ အတိုင်ပင်ခံများဖြစ်ကြသည်။ ဘုရင်ကိုအကြံဥာဏ်များပေးကြရ၏။ နိုင်ငံအုပ်ချုပ်ရေး၊ သာသနာတော်ရေး၊ စစ်မက်ရေး၊ ရာထူးခန့်ထားရေး၊ ရာထူးပယ်ချရေးမှအစ ဘုရင်၏ကိုယ်ရေးကိုယ်တာကိစ္စများပင်လျှင် အမတ်ကြီးလေး ပါးကကူညီဆောင်ရွက်ပုံနှင့် ဆင်ဆင်တူပေသည်။
ပျူစောထီးမင်းလက်ထက်၌ မင်းမျိုးလေးယောက်ကိုခန့်ထား၍ ပြည်ထဲရေးစီရင်ရန်ခွင့်ပြုခဲ့သည်။ ထိုအချိန်မှစ၍ လွှတ် တော် ပေါ်ပေါက်သည်ဟု ရွှေဘုံနိဒါန်းတွင်လာရှိသည်။ ဤအဆိုအတိုင်းမှန်ပါမူ လွှတ်တော်သည်ပုဂံခေတ်ဦးကတည်း က ပေါ်ပေါက်ခဲ့သည်ဟု ယူဆရပေမည်။ သို့သော်ဇေယသိင်္ခလက်ထက်နောင်တော်လေးပါးကို ပြည်ထဲရေးစီရင်ရန် အခွင့်လွှတ်ခဲ့သဖြင့် လွှတ်တော်သည်သိင်္ခမင်းသားလက်ထက်တွင်မှ စတင်ပေါ်ပေါက်သည်ဟုလည်း ရွှေဘုံနိဒါန်း တွင်ပါရှိသေးသည်။
ဂျီအီးဟာဗေး(G.E.Harvey)က လွှတ်တော်ပေါ်လာပုံကို သူ၏မြန်မာရာဇဝင်စာအုပ် စာမျက်နှာ(၅၄)တွင်- `နောင် တော်တို့ က ညီနန်းရသည်ကိုကြည်ဖြူနိုင်သောအချက်တစ်ချက်ကား စင်စစ်အားဖြင့် မင်းအာဏာအားလုံးကို ၎င်းတို့အားလုံးလက် တွင်းသို့လွှဲပြောင်းပေးအပ်ခြင်းကြောင့်ဖြစ်၏။ မင်းသားကြီးလေးပါးသည် နေ့စဉ်တွေ့ဆုံလျက် နိုင်ငံတော်ကိစ္စအ၀၀ကို ဆောင်ရွက်ကြ၏။ ဤနည်းဖြင့်ဘုရင်ခန့်အပ်သောအဖွဲ့အနေဖြင့် လွှတ်တော်ရုံးပေါ်လာ၍ ၀န်ကြီးအဖွဲ့အဖြစ်ဖြင့် မြန်မာမင်း ဆက်ကုန်ဆုံးသည်အထိရှိနေပါသည်။၈ ဟူ၍မှတ်တမ်းတင်ခဲ့သည်။
ဤနည်းအားဖြင့်လွှတ်တော်သည် ပုဂံခေတ်ဇေယျသိင်္ခလက်ထက်မှ စပေါ်သည်ဟုဆိုရပေမည်။ သို့သော်ပုဂံခေတ် ကျောက် စာများတွင်လည်းကောင်း၊ `လွှတ်တော်´ ဟူသောဝေါဟာရကို မတွေ့ရသေးပေ။ ပုဂံမင်းများအလှူဒါနပြုရာ တရားစီရင်ရာအဖြစ် `ကွန်း´ ဟူသောအဆောက်အဦးရှိကြောင်း ပုဂံကျောက်စာများအရသိရသည်။
`ဇေယျသူမင်းကြီး ကွန်မြင်ထက်နိယ်တင်မူသော´ `ငအတွင်း ရုပ်ကိုင်ယိယ်ပိမ်ကွန်ပြောက်တွင် မိယ်ဧ´ `ပုရှာရင်ကွန် ပြောက်ကြီးထွက်တင်မူသော မိန်တင်မူသော´ `အတိုဝ်သ္ခိင်စ၀်ကြီ။ ကွန်ပြောက်ငယ်နှိုက်နိယ်တ၀်မူသော။ `ဤယ်သု၎ ယောက်သောကာ တြှိာကွန်သာ သာယာတွင် မိယ်ပိယ်သတေ´၉ ဤသာဓကများကိုထောက်၍ ကွန်းမြင့်၊ ကွန်းပြောက်ကြီး၊ ကွန်းပြောက်ငယ်၊ ကွန်းသာယာ၊ တရားကွန်သာယာများရှိနေပြီဖြစ်ကြောင်း အတိအကျသိရသည်။
လွှတ်တော်သည် ပုံဂံခေတ်မှစ၍ အင်းဝခေတ်၊ တောင်ငူခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ်တိုင်အောင် အစဉ်မပျက်ရှိခဲ့ရာ မြန်မာမင်းဆက်တွင်နောက်ဆုံးဖြစ်သော သီပေါမင်းလက်ထက်တိုင်ဖြစ်ပေသည်။ စတုတ္ထသမီး တော်အရေးတော်ပုံစာတမ်းတွင် ဖော်ပြထားသည့်အတိုင်း မန္တလေးမြို့ကိုအင်္ဂလိပ်တို့သိမ်းပိုက်ပြီးနောက် ခြောက်လခန့် အကြာ နန်းတော်ကလွဲလျှင် အမြင့်ဆုံးနှင့်နိုင်ငံရေးကိုကြိုးကိုင်ရာဌာနဖြစ်သဖြင့် လွှတ်တော်ကိုဖျက်သိမ်းလိုက်ခြင်း ဖြစ်သည်။ ရှေးအစဉ်အလာမြန်မာတို့အုပ်ချုပ်ပုံကို တစ်ခါတည်းရုပ်သိမ်းရပ်စဲပစ်လိုက်သည့် သဘောပင်ဖြစ်သည်။
● လွှတ်တော်တည်ရာ
လွှတ်တော်သည် နန်းမြို့တော်သစ်တပ်အတွင်း တံခါးနီးတော်အထွက် လက်ယာဘက်တွင်ရှိသည်။ လွှတ်တော်ကို ဘုရင်မင်းမြတ်ဆိုင်ရာ နန်းတော်ရှိသောနေပြည်တော်မှာသာ တည်ဆောက်ရသည်။ နန်းတော်မရှိလျှင် လွှတ်တော် လည်းမရှိ။ ထို့ ကြောင့် ဘုရင်ခံအုပ်စိုးသောနေရာ၌သာ လွှတ်တော်မရှိ၊ ရုံးသာရှိသည်။
● လွှတ်တော်အဆောက်အဦ
လွှတ်တော်အဆောက်အဦကို အရှေ့သို့မျက်နှာပြု၍ လက်ဝဲလက်ယာရှေ့မျက်နှာများ၌ ကြမ်းပြင်ကြီးပတ်လည်နှင့် တ ကွ လွှတ်တော်ဆောင်၊ သီဟာသနပလ္လင်ထားရာဖြစ်သော ဇေတဝန်တို့ဖြင့် နှစ်ဆောင်တွဲနေကျော်ဆောက်ထားသည်။ ၁၄ခန်း ပတ်လည်အဆောက်အဦကြီးဖြစ်သည်။ အရှေ့ဘက်ဆောင်တွင် အမိုးနှစ်ထပ်ရှိပြီး အနောက်ဘက်ဆောင်မှာ အမိုးသုံးထပ် ရှိသည်။ ဧကရာဇ်မင်းမြတ်သာလျှင်တက်တော်မူရန်ဖြစ်သော သီဟာသနပလ္လင်တော်နှင့်တူရူဖြစ်သော အရှေ့မျက်နှာမင်္ဂလာအုတ်လှေကားတော်၊ လွှတ်တော်မင်းသာကြီးနှင့် အဂ္ဂမဟာသေနာပတိဝန်ရှင်တော်တို့သာလျှင် တက်ခွင့်ရသောလက် ၀ဲသစ်သားလှေကားတော်၊ အရာရှိကြီးငယ်နှင့်တကွ တက်ခွင့်ရသူတို့တက်ရန်ဖြစ်သော လက် ရာသစ်သားလှေကားတော်များကို ဦတိုက်တပ်ထားသည်။
လွှတ်တော်ကိုတစ်ထပ်တည်းသာလျှင် ဆောက်မြဲဖြစ်သည်။ တစ်ထပ်တည်းဆိုသော်လည်း အောက်ထပ်သည်လူလမ်း လျှောက်သာအောင်မြင့်ရသည်။ လွှတ်တော်ပေါ်၌ ကြမ်းပျဉ်ထူထူခင်းထားသည်။ ထိုကြမ်းပေါ်တွင် ဖျာ၊ ကော်ဇော စသည်တို့ခင်းမထားပေ။ ၀တ်ကောင်းဝတ်ထားသူတို့ထိုင်နိုင်လောက်အောင် ဖုံအမှိုက်များကို လွှတ်တော်များက သုတ်သင်ရှင်းလင်းထားကြသည်။ ကြမ်းပေါ်၌စနစ်တကျဖောက်ထားသော အချင်းသုံးလက်မခန့်ရှိ အပေါက်ဝိုင်းများကို တွေ့ရသည်။ ယင်းတို့ကို `ကွမ်းထွေးပေါက်´ဟုခေါ်သည်။ ကွမ်းထွေးပေါက်ကိုသတ်မှတ်ထားသည့် အရေအတွက်အ တိုင်း ညီညွတ်စွာဖောက်ထားသည်။ ကွန်းစင်တိုင်ကြီးလေးတိုင်မှာ ရွှေပိန်းချထားသဖြင့် ရွှေရောင်တ၀င်းဝင်း တောက် နေသည်။ သည်ရံ၊ သည်မ စသော အခြားတိုင်းများမှာ အနီတစ်စု ရွှေတစုခြယ်ထားသည်။ ဇေတဝန်ဆောင်ရှိ အာဏာ မရဘင်ကိုလည်းရွှေပိန်းချထားသည်။ ဤအဆောင်၌ဘုရင်စံတော်မူရန် သီဟာသနပလ္လင်ရှိသည်။ ပလ္လင်ပေါ်တက်၍ မစံသေးမီ အညောင်းအညာပြေစေရန် ခေတ္တထိုင်သည့်သလွန်ညောင်စောင်းလည်းရှိသေးသည်။ ဘုရင်အပေါ့အပါး သွားရန်သီးခြားအခန်းလည်းထားသည်။
အင်းဝခေတ်ကလွှတ်တော်၌ ဝါကျွတ်ကန်တော့ခံ အခမ်အနားကျင်းပသည်ဟု လောကဗျူဟာကျမ်းတွင်ပါရှိသည်။ ထို့အပြင်စော်ဘွားတို့က လက်ဆောင်တော်ဆက်ရန် သံများစေလွှတ်သည့်အခါတွင်လည်း ဤလွှတ်တော်မှာပင် လက်ဆောင်တော်ဆက်အခမ်းအနားပြုလုပ်သည်။ သို့သော်နောက်ပိုင်းခေတ်များ၌ မခင်းကျင်းကြတော့မပေ။ လွှတ်တော်ကိုအမှုအ ခင်းစီရင်ရာဌာနအဖြစ်ဖြင့်သာ အသုံးပြုကြလေသည်။
● လွှတ်ရုံးငါးရပ်
လွှတ်တော်နှင့်ဆက်စပ်နေသော ရုံးများရှိသေးသည်။ ထိုရုံးများသည်တစ်ရုံးနှင့်တစ်ရုံး အဆက်အသွယ်ရှိကြ၏။ ယင်းတို့ကို လွှတ်ရုံးငါးရပ်ဟုခေါ်သည်။
လွှတ်ရုံးငါးရပ်ဟူသည်-
(၁) လွှတ်တော်
(၂) ဗြဲတိုက်
(၃) ရှေ့ရုံးတော်
(၄) အနောက်ရုံးတော်
(၅) တရားရုံးတော်တို့ဖြစ်သည်။
လွှတ်ရုံးငါးရပ်တွင် `လွှတ်တော်´သည်အကြီးဆုံးဖြစ်သည်။
ဗြဲတိုက်သည် ဒုတိယအကြီးဆုံးဖြစ်၏။ `ဗြဲတိုက်´ဟူသည် မွန်စကားဗွဲာတိုက်ဖြစ်၍ လူပျိုတော်များနေသော အဆောင် ဟူ၍အနက်ရသည်။ မင်းဧကရာဇ်စံတော်မူရာ ရွှေနန်းတော်ဇေတဝန်ဆောင်၏ လက်ဝဲဘက်တွင်ရှိသည်။ တောင် မြောက်အလျားဆောက်ထားသည်။ တောင်ဘက်ပိုင်းကိုသစ်သားဖြင့်ဆောက်ပြီး မြောက်ဘက်ပိုင်းကို အုတ်သံမံတ လင်းခင်းထားသည်။ တောင်ပိုင်းကမြောက်ပိုင်းထက်မြင့်၏။ တောင်ပိုင်းကိုအထက်ဗြဲတိုက်၊ မြောက်ပိုင်းကိုအောက် ဗြဲတိုက်ဟု အနိမ့်အမြင့်ကိုလိုက်၍ခေါ်သည်။ အထက်ဗြဲတိုက်တွင်အတွင်းဝန်များနေပြီး အောက်ဗြဲတိုက်တွင်အရာရှိ ငယ်များနေသည်။ အတွင်းဝန်တို့အမှုထမ်းရာဖြစ်သောကြောင့် ဗြဲတိုက်ကိုအတွင်းဝန်ရုံးဟုလည်းခေါ်သေးသည်။
ဗြဲတိုက်အရာရှိများမှာအတွင်းဝန်၎၊ သံတော်ဆင့်၎၊ ဗြဲတိုက်ဆင့်၎နှင့် စာရေးတော်ကြီးများဖြစ်ပေသည်။ သို့သော်ဘုရင့် သဘောအတိုင်း ပိုမိုခန့်ထားသည်လည်းရှိ၏။ ဖွားဖက်ကျော်အမှုထမ်း၊ ဒိုင်းတော်အမှုထမ်းဟူသော ဗြဲတိုက်တော်အ စေခံများလည်းရှိသည်။ အဝေးအလံသို့ခိုင်းစေရန်အလို့ငှာ ခြေလျင်တော်များလည်းထားရှိသည်။ ဗြဲတိုက်သည်မြန်မာ မင်း၏အမိန့်တော်များထုတ်ပြန်ခြင်း၊ ယင်းအမိန့်တော်များလိုက်နာရေးကိုစည်းကြပ်ပေးခြင်း စသည်တို့ကိုဆောင်ရွက်ရ သည်။ ရှေ့ရုံးတော်မှာနန်းမြို့တော်သစ်တပ်အရှေ့ ရွေးတော်ယူခံတံခါးအထွက် အရှေ့ဘက်ဦးထိပ်တံခါးလမ်းမတော် ၏ လက်ယာတွင်ရှိသည်။ နန်းမြို့တော်၏ရှေ့တွင်ရှိသည်ကိုအကြောင်းပြု၍ `ရှေ့ရုံးတော်´ဟုခေါ်သည်။ ရာဇ၀တ်မှု များကိုကြည့်ရှုရသောကြောင့်လည်း `ရာဇဝတ်ရုံး´ဟုပြည်သူတို့ကခေါ်ကြသည်။ ရှေ့ရုံးတော်သည်အမိုးနှစ်ထပ်ရှိပြီး ခုနှစ်ခန်းပတ်လည်ကျယ်သည်။ တစ်ခန်းလျှင်ငါးထောင်ရှိသည်။ ရှေ့ရုံးကိုမြို့ဝန်ကကြီးမှူးအုပ်ချုပ်သည်။ ရုံးတော်၏ ဆောင်ရွက်ချက်များမှာ ရွှေမြို့တော်ကြီးနှင့်တကွ ဆင်ခြေဖုံးရာဇ၀တ်ရုံးဆင့်စုပါ မြို့ရွာနယ်မြေအတွင်း ရာဇ၀တ်ရေး၊ ခိုသေးမွးပွားထွက်ပေါ်ဖမ်းဆီးရမိလျှင် အပြစ်စီရင်ရခြင်း၊ အလေးတင်တောင်းစဉ်းချိန်၊ ပုဆိုး၊ ဖျင်၊ မိုးကပ်၊ ကာကပ် မမှန်မကန်မရှိစေရ။ ကစားလောင်းစားမထွက်၊ ဘိန်းဘင်းအရက်၊ ထန်းရည်မပေါ်စေရန်ထိန်းသိမ်းခြင်း၊ ဧကရာဇာ် မင်းမြတ်ထွက်တော်မူခွင့်ရှိသည့်အခါလမ်းပြခြင်း၊ မီးသင့်လောင်အခါ သတ်ငြိမ်းခြင်း စသောရွှေမြို့တော်ဝန်၏ကိစ္စကို လေးပြင်ထောင်မှူး၊ ရုံးထိုင်၊ မြို့စာရေး၊ ထောင်စာချီအ ရာတို့နှင့် နေ့ညမပြတ်အားထုတ်ဆောင်ရွက်ခြင်းတို့ဖြင့် အမြဲနှလုံးသွင်းထမ်းရွက်ရသည်။ မြို့ဝန်သည်နှစ်စဉ်ဝါဆိုလဆန်း(၅)ရက်နေ့ ဆင်ရဲကထက်တင်၍ ဖက်ပြန်သော ဂရုဓမ္မစည်တော်လည်ရာကိုလည်း လိုက်ပါရသည်။ ထို့ပြင်ရှေ့ရုံးသည် ကြီးလေးသောအပြစ်ဒဏ်များချမှတ်လိုက် လျှင် မူ လွှတ်တော်သို့တင်ပြ၍ အမိန့်နာခံရသည်။ (ယခုခေတ်စက်ရှင်တရားရုံးများက သေဒဏ်ချမှတ်သည့် အမှုခင်းတိုင်း ကို နိုင်ငံတော်တရားရုံးချုပ်တို့တင်ပြ၍ အတည်ပြုချက်ရယူသည့် အစဉ်အလာကဲ့သို့ဖြစ် သည်။)
အနောက်ရုံးတော်ဌာနသည် နန်းမြို့တော်သစ်တပ်အနောက်ဘက် အနောက်ဘက်တံခါးလမ်းမတော်၏ တောင်ဘက် ထောင့်တွင်တည်ရှိသည်။ မင်းမိန်းတို့နှစ်စပ်ဆိုင်သော အနောက်ဝန်တို့တက်၍ စီမံဆောင်ရွက်ဆုံးဖြတ်စီရင်ရသည်။ တရားရုံးတော်သည်ကား နန်းတော်အရှေ့သစ် တပ်ပြင်ဘက်ရွေးတော်ယူတံခါး လမ်းမတော်ဝဲဘက်တွင်ရှိသည်။ ယာ ဘက်က ရာဇဝတ်ရုံးတော်နှင့်ယှဉ်လျက်ရှိသည်။ တရားရုံးတော်သည် ရာဇ၀တ်ရုံးတော်ကြီးကဲ့သို့ပင် အနည်းငယ် ငယ် သည်။ ဤရုံး တော်တွင်တရားသူကြီးနှစ်ဦး အလှည့်ကျတက်၍ အမွေမှု၊ အိမ်မှု၊ ကညာဖျက်ဆီးမှု၊ မြေမှု၊ ကျွန်မှု၊ နှုတ်လွန်မှု၊ လက်ရောက်မှုစသည်ဖြင့် များစွာသောအမှုအခင်းတို့ကို စီရင်ဆုံးဖြတ်ရသည်။၁၀
● လွှတ်တော်တက်ချိန်နှင့်ဆောင်ရွက်ချက်
သတင်းနေ့များမှတပါး အခြားနေ့များတွင်ဆိုင်ရာအရာရှိများသည် တစ်နေ့မှနှစ်ကြိမ် လွှတ်တော်တက်မြဲဖြစ်သည်။ နံနက်တစ်ချက်မတီးမီ(စက်နာရီကိုးမထိုးမီ) လွှတ်တော်မြောက်နှာယောင်တွင်စုလာသည်။ မြောက်နှာယောင်ဟူသည် လွှတ်တေယ်နှစ်ဆောင်တွင် ရှေ့ဆောင်ကမြောက်ဘက်ထိပ်ဝကို ဆိုလိုသည်။ ထိုမြောက်နှာယောင်တွင်စုဆဲအခါ `လျှောက်လွှာ လျှောက်လွှာ´ဟု တစ်နေရာမှ အော်သူကအော်ရသည်။ ဤတွင်တရားရာဇ၀တ်မှုမှတပါး အခြား လျှောက်လွှာသေးအဖွဲ့ကလေးများကိုလက်ခံသည်။ နံနက်အချိန်၌ လွှတ်တော်တက်သည်ဟူသော်လည်း အရာရှိများ မှာ နှာယောင်တွင်သာနေကြသည်။ လျှောက်လွှာများလက်ခံပြီး၍ နံနက်တစ်ချက်တီးသော် နန်းတော်သို့ဝင်၍ နံနက်ညီလာခံသည်။
နေ့နှစ်ချက်တီး(စက်နာရီ၁၂နာရီခန့်)တွင် လွှတ်တော်တစ်ကြိမ်တက်ကြရသည်။ ဤအခါ၌တရားရာဇ၀တ်လျှောက် လွှာများကို လက်ခံသည်ပြင် အမှုများကိုလည်းစစ်ဆေးဆုံးဖြတ်သည်။ ညနေသုံးချက်တီး(စက်နာရီ ၃နာရီခန့်)လျှင် လွှတ်ဆင်းမြဲ ဆင်းကြသည်။
ဤနည်းအားဖြင့် ဒုတိယအကြိမ်လွှတ်တော်တက်ခြင်းသည် တစ်ချက်တီးမျှကြာသည်။ နှစ်ချက်တီး၌လွှတ်တော်အရာရှိ တို့ဆုံသည့်အခါ စီရင်ခင်း စီရင်ဖွယ်ကြီးကျယ်စွာ ရှိမရှိ၊ အဝေးမြို့ရွာများက အကြောင်းထူးခြားစွာရောက်မရောက် လွှတ်တော်တွင်မှတ်ထား၍ ဆိုခဲ့သည့်ကိစ္စရှိလျှင် ရှိကြောင်း၊ မရှိလျှင်မရှိကြောင်း သေပြစ်သေဒဏ်ထိုက်သူရှိ၍ အဆုံး စီရင်ရန်ရှိလျှင် မင်းထံတင်ရန်ရှိသမျှ တင်လွှာများကိုလည်း နာခံသို့အပ်ရသည်။
နာခံတော်ကတစ်ဆင့် ဗြဲတိုက်သို့ဝင်ပြီး သံတော်ဆင့်ကိုအပ်ရသည်။ သံတော်ဆင်ကတစ်ဆင့် အတွင်းဝန်များကို တိုင်း ကြားပြသပြီးနောက် အနာက်အတွင်းသို့ဝင်ခွင့်ရသူမိန်းမစိုးကိုခေါ်၍ အပ်ရသည်။ အငြိမ့်အပျိုတော်ကမှ ရှေ့တော် ၀င်၍ ဘုရင့်လက်အရောက်ဆက်သသည်။ သို့ရာတွင်လူကိုအဆုံးစီရန်ရန် နာခံကြားလွှာပါလျှင် ထိုအလွှာကိုချိန်ထား ပြီး ဧကရာဇ်မင်းအိပ်သာတော်ဝင်မှ အဆောင်ပေါက်ကဆီး၍ဆက်သရသည်။ ဘုရင်ကထိုစာကိုဖတ်ရှုတော်မူပြီး ဆိတ် ဆိတ်နေလျှင် ချက်ချက်းလွှတ်ရသည်။
နားခံတော်မှ ညနေသုံးချက်တီးခါနီးတိုင်အောင် ဗြဲတိုက်ကစောင့်နေရသည်။ အမိန့်တစ်စုံတစ်ရာထွက်လာလျှင် သံ တော်ဆင့်က နားခံတော်သို့အပ်ရသည်။ နားခံကလည်းအမိန့်စာကို ရိုသေစွာကိုင်ဆောင်၍ ညနေသုံးချက်တီးသည် နှင့် တစ်ပြိုင်နက်ဗြဲတိုက်မှထွက်လာပြီး လွှတ်တော်ရောက်သော် သီဟာသနပလ္လင်၏ လက်ဝဲဘက်အိမ်ရှေ့မင်းနေရာဖြစ် သော ကတ္တီပါကွပ်သင်းဖြူးရှိရာသို့ ဦးသုံးကြိမ်ချပြီးမှ ပါလာသောအမိန့်ကိုဖတ်ပြန်ရသည်။ အမိန့်မဖတ်မီ စမြောင်က `တိတ်စေ´ဟုဆိုလိုက်သည်နှင့်တစ်ပြိုင်နက် လွှတ်တော်အရာများသည် မိမိတို့နေရာတွင် ဆိတ်ငြိမ်စွာနေ၍ အမိန့်ကို နာခံရသည်။ ဤအချိန်တွင်ဝန်ကြီးမင်းဖြစ်စေရှိရသည်။ အမိန့်တစုံတရာမပါလာလျှင် နားခံကကတ္တီပါကွပ် သင်းဖြူးရှိ ရာသို့ ဦးသုံးကြိမ်ချပြီးမှ လက်တွင်ကိုင်ဆောင်ပါရှိသော ယပ်ရိုးရှည်ကိုလွှတ်ချလိုက်သည်။ ထိုအခါယနေ့ အမိန့် တော်ပြန်ရန် မပါလာသည်ကိုသိကြရသည်။ နားခံတော်ဗြဲတိုက်ထွက်လာ၍ အမိန့်ပြန်ပြီးမှ သို့မဟုတ် ယပ်ရိုးရှည်ကို လွှတ်ချပြီးမှ လွှတ်ဆင်းကြရသည်။
လွှတ်တော်က အမြဲဆင့်ဆိုလုပ်ဆောင်ရသည့်အမှုများမှာ သာသနာရေးနှင့်စပ်လျဉ်းသည့်အမှု၊ မြို့နန်းတော်တည် လုပ် မှု၊ စစ်လက်နက်ကိုင်ခန့်ထားစီရင်မှု၊ နိုင်ငံခြားနှင့်ဆက်စပ်သည့်အမှု၊ မင်းခမ်းမင်းနားနှင့်စပ်၍ အကြီးအကျယ် စာတမ်း စာရင်းဆက်သွင်းလုပ်ဆောင်ရသည့်အမှု၊ ၁၂ရာသီမင်းမှု၊ ကျောင်းဘုရားဝတ္ထုကံမြေနှင့်စပ်၍ ရှင်းလင်းရသည့် အမှု၊ မြို့ရွာလယ် မြေလုဆိုမှု၊ အစုအမှုထမ်းချင်းလုဆိုမှု၊ ကြီးရိုးဆိုးခိုးမှု၊ အောက်ရုံးတို့မှစီရင်ရာမပြီးပြတ်သည့် အယူခံတရား မှု၊ ရာဇ၀တ်မှု၊ သေပြစ်သေဒဏ်ထိုက်သူတို့ကို အပြစ်လျောက်အမိန့်ပေးရသည့်အမှု၊ အဝေးမြို့ဝန်စော်ဘွား မြို့စားတို့ နှင့်စပ်၍ အရပ်ရပ်ဆင့်ဆိုမှာထားရန်အမှု၊ သူကြီးကလန်မှစ၍ အရာရှိခန့်ထားသူတို့ကို သစ္စာပေးအပ်သည့်အမှုမှစ၍ အစဉ်ဆင့်ဆိုလုပ်ဆောင်မြဲအမှုကို ဆင့်ဆိုစီရင်လုပ်ဆောင်ရသည်။၁၁
● လွှတ်တော်စည်းကမ်း
လွှတ်တော်တက်၍အမှုကိစ္စများကိုဆောင်ရွက်သည့်အခါ လွှတ်တော်တို့အရာရှိတို့လိုက်နာကျင့်သုံးရန် စည်းကမ်းဥပေ ဒေများကို သတ်မှတ်ထားသည်။ လွှတ်တက်ရန်ဖြစ်စေ၊ ဘုရင့်ရှေ့ဝင်ရန်ဖြစ်စေ နန်းတော်အတွင်းဝင်လာသည့်အခါ မင်းသားများမှတပါး အခြားအရာရှိများသည် ထီးဆောင်းခြင်း၊ သက်ရှိသက်မဲ့ယဉ်စီးချင်းများကို ခွင့်မရပေ။ အထူးခွင့်ပြု လျှင်ဝေါယဉ် ထမ်းပေါင်း စသောယဉ်များကိုစီး၍၀င်နိုင်သည်။
လွှတ်တက်အရာရှိများသည် အင်္ကျီအဖြူလက်ကျယ်ကြီးများကိုဝတ်ရသည်။ ထိုအကျီင်္သည် ခြေသလုံးအထိအောင်ရှည် သဖြင့် ကိုယ်ထည်ကျယ်ကျယ် ဖားဖားရှိသည်။ ရွှေစလွယ်ရသူများ ရွှေစလွယ်ဆင်ရသည်။ ထို့အပြင်နားဍ္ဍောင်း ၀တ် ကြရသည်။ သျှောင်ကိုတည့်မတ်စွာထုံးရသည်။ ခေါင်းပေါင်းဖြူဖော့လုံးကိုလည်း တည့်တည့်မတ်မတ် လှလှပပပေါင်း ထားရသည်။ လူတစ်ရပ်ခန့်ရှည်သည့် အရိုးပါသောယပ်ကိုလည်း ယူဆောင်လာကြရသည်။ ပုဆိုးကိုမူနှစ်သက်ရာရာ ၀တ်နိုင်ကြသည်။ သို့သော်ခါးပုံထိုး၍၀တ်ရသည်။ ဤကားလွှတ်တော်အရာရှိတို့အတွက် သတ်မှတ်ထားသော အဆင် အယင်အဆောင်အရွက်များဖြစ်သည်။
ထိုအဆောင်အရွက်များအတွက် ရည်ရွယ်ချက်ရှိသည်။ အကျီင်္အဖြူသည် ဖြူစင်သောသဘောကိုဖော်ပြ၏။ စလွယ် သည်အမျိုးအကျင့်ကို ဆောက်တည်ခြင်းအထိမ်းအမှတ်ဖြစ်၏။ ဆံထုံးနှင့်ခေါင်းပေါင်းဖြူဖော့လုံးတည့် မတ်ခြင်းသည် တရားစီရင်သည့်အခါ တော်တည့်မတ်ဖြောင့်မတ် မှန်ကန်စွာစီရင်ရမည်ဟူသော လက္ခဏာဖြစ်၏။ ယင်ကားအေးအေး လူလူဖြစ်စေသည့်နိမိတ်ကိုဆောင်သည်။
ဖိနပ်ကိုလွှတ်တော်သို့ယူလည်းမယူခဲ့ရ။ မစီးခဲ့ရ။ လွှတ်တော်ပေါ်သို့စိတ်ရောက်နေသူများမတက်စေရ။ ခွေးမတက်ရ။  လွှတ်တော်အောက်သို့ခွေးမ၀င်ရန်စောင့်ရှောက်ရသည်။ လွှတ်တော်တွင်ဖျာ၊ ကော်ဇောများမခင်းရ။ လွှတ်တော်အရာ ရှိများသည် အရိပ်မြင်ရလောက်အောင် ချောပြောင်သန့်ရှင်းနေသည့် ကြမ်းပေါ်တွင်ထိုင်ကြရသည်။ အမိန့်တော်ခန့်ဗိုလ် မှတပါး မည်သူမျှလွှတ်တော်ပေါ် ခါးတောင်းကျိုက်လျှက်မတက်ရ။
လွှတ်တော်တက်သည့်အခါအရာရှိများသည် မိမိတို့ဆိုင်ရာနေရာတွင်ထိုင်ကြရသည်။ သူတပါးနေရာတွင်မနေရ။ ယင်း သို့ သတ်မှတ်ထားသောလွှတ်တော်နေရာစဉ်ကား ကွန်းစင်အတွင်း၌ တောင်စွန်းအခန်းကအသည်ဝန် ထိုမှအနောက် မြင်းစုကြီးဝန် ထိုမှမြောက်တစ်ခန်းခြားတွင် ရွှေပိန်းကွန်းစင်တိုင်လေးလုံးအတွင်း အဂ္ဂမဟာသေနပတိ ၀န်ရှင်တော် လေးပါး အရှေ့အနောက်ရာထူးအဆင့်အတန်း နိမ့်မြင့်အလျောက် စဉ်လျက်နေရသည်။ ထိုမှမြောက်တစ်ခန်းခြားတွင် ရှေ့ခပ်ကျကျ၌ အမိန့်တော်ပြန်နေရာ၊ ထိုမှ မြောက်ကျန်ကွန်းစင်တစ်ခန်းကို အလပ်ထားသည်။ ကွန်းစင်အပြင် မြောက်နှာယောင်တွင် လက်ဆောင်စာရေးများ၊ ထိုမှအနောက်ရှမ်းသံခံ၊ ထိုမှ အနောက်ယွန်းသံခံ၊ ထိုမှ အနောက် တလိုင်းသံခံ၊ ထိုမှအနောက်မြန်မာသံခံများ စဉ်လျက်တစ်ခန်းစီနေရသည်။ အရှေ့နှာယောင်တွင် အဝေးရောက်များ၊ ထိုမှ တောင်တွင်နားခံတော်များ၊ ထိုမှ တောင်တွင် ဝန်ထောက်တော်မင်းများ၊ ထိုမှ တောင်တွင်စာရေးကြီးများ၊ ထိုမှ တောင်တွင် အသုံးစာရေးများတစ်ခန်းစီနေရသည်။ တောင်နှာယောင်တွင် အသည်စာရေးများ၊ ထိုအနောက် ရှမ်းမြင်း စာရေးကြီး၂၊ ထိုအနောက် မြန်မာစာရေးကြီး၂တို့ တစ်ခန်းစီနေရသည်။ ဤကဲ့သို့ မိမိတို့နေရာစဉ်အတိုင်းနေကြရ သည်။
လွှတ်တော်ကွန်းစဉ်အခန်းကြီးများအတွင်း မင်းသားများနှင့် ဝန်ကြီးမင်းများမှတပါး အခြားမည်သူမျှဝင်ခွင့်မရ။ ဝန်ကြီး လေးပါးသည် ကွန်းစင်တိုင်ကြီးလေးတိုင်ကို မှီထိုင်နိုင်သည်။ ဝန်ကြီးများရှေ့၌ကွန်းသွေးပေါက်တပေါက်စီရှိသည်။ လွှတ်တက်၍ အလုပ်လုပ်နေချိန်တွင်ဖြစ်စေ၊ အလုပ်အားနေချိန်တွင်ဖြစ်စေ ကွမ်းစားနိုင်၊ ဆေးတံသောက်နိုင်သည်။ ကွမ်းစား၍ကွမ်းသွေး ထွေးသည့်အခါ ထိုအပေါက်မှထွေးချသည်။ ဆေးတံသောက်လိုသည်အခါ လွှတ်တော်အောက်ရှိ မိမိတို့အဆောင်ကိုင်များက ဆေးတံကို ကွမ်းသွေးပေါက်မှပေးကြရသည်။ ၀န်ကြီးများလွှတ်တက်လာသည့်အခါ ၀န် ကြီးရရှိသောအဆောင်အယောင်များကိုကိုင်ဆောင်လာသည့် အဆောင်ကိုင်များပါလာရာ လွှတ်တက်နေချိန်တွင် အ ဆောင်ကိုင်များသည် လွှတ်တော်အောက်၌ရှိနေကြသည်။ အပျင်းပြေခုံညင်းထိုးကစားနေတတ်သည်။ သို့သော် မဆူ ရ။ လွှတ်တော်ပေါ်မှ မိမိတို့ဝန်ကြီးကွမ်း စားဆေးသောက်သည့်အခါ အောက်မှအလွယ်တကူစီစဉ်ပေးရသည်။ လွှတ် ဆင်းသောအဆောင်ကိုင်များက ၀န်ကြီးများစီးရန်ဖိနပ်ကို ခင်းပေးကြရသည်။ ထို့နောက်အဆောင်အယောင်များကိုင် ၍ ၀န်ကြီးနှင့်အတူပြန်ကြရသည်။
ဝန်ထောက်လေးနေရာတွင်လည်း ကွမ်းသွေးပေါက်လေးပေါက်ဖောက်ထားသည်။ နားခံတော်၊ စာရေးတော်ကြီး၊ အမှာ တော်ရေး၊ အသုံးစာရေး၊ အဝေးရောက် စသောအရာရှိများမှာလည်း ကွမ်းသွေးပေါက်လေးပေါက်စီရှိကြသည်။ ကွမ်း သွေးပေါက်ရသူများသာ ကွမ်းသွေးပေါက်အတွင်းဝင်ထိုင်ခွင့်ရှိသည်။ လွှတ်တော်အရာရှိများမှတပါး အခြားအရာရှိ၊ အဝေးအရာရှိများလည်း ကွမ်းသွေးပေါက်အတွင်းဝင်ပြီး ကွန်းစင်တိုင်ကိုမှီ၍ ထိုင်ခွင့်မရ။ သို့ရာတွင်အမိန့် တော်ပြန်ရန် နားခံတော်သည် ကွန်းစင်တိုင်အတွင်းသို့ခေတ္တ၀င်၍ ရာဇပလ္လင်အရှေ့တွင် အမိန့်ပြန်ခွင့်ရသည်။
နန်းတော်လောက၌ အညီအညွှတ်ဆောင်ရွက်ရသော ထုံးတမ်းဓလေ့ရှိသည်။ ထိုဓလေ့အရ လွှတ်တော်သော် အညီအ ညွှတ်တက်ကြ၍ လွှတ်ဆင်းသော်အညီအညွှတ်တပြိုင်နက်ဆင်းကြရသည်။ လွှတ်တက်အရာရှိတဦးတယောက်မျှ နောက်ချန်မနေရ။ ဤကဲ့သို့အညီအညွှတ်မဆောင်ရွက်က တစ်ဦးနှင့်တစ်ဦးအထင်အမြင်လွဲဖွယ် မယုံသင်္ကာမှုများဖြစ် ပေါ်တတ်၏။ လွှတ်တော်တက်သည့်အခါ ရာထူးငယ်သူများကရှေးဦတက်ရပြီး ရာထူးကြီးသူများကနောက်မှ တက် သည်။ လွှတ်ဆင်းသည့်အခါတွင် ရာထူးကြီးသူများကရှေးဦစွာဆင်း၍ ရာထူးငယ်သူများကနောက်မှ ဆင်းကြရသည်။ လွှတ်တော်တက်နေချိန်တွင် လွှတ်တော်မြောက်ဘက်လှေကားမှ မည်သူမျှတက်မလာရ။
လွှတ်တော်အရာများစာရင်းကိုလည်း နားခံတော်ကမှတ်သား၍ ဘုရင်ထံအစီအရင်ခံရသည်။ ထို့ကြောင့်ဘုရင်ကိုယ် တိုင် လွှတ်မတက်သော်လည်း မည်ကလွှတ်တက်သည်။ မည်သူတို့မတက်သည်ကို အတိအကျသိရသည်။ မင်းတုန်း မင်းလက်ထက်အိမ်ရှေ့မင်းဖြစ်သော ညီတော်ကနောင်မင်းသားကြီးသည် နောင်တော်အပေါ်တွင်အထင်မှား၍ စိတ် ဝမ်းကွဲသည့်အလျောက် အခစားမဝင်၊ လွှတ်တော်သို့ပင်မတက်ဘဲ နားကိုက်ဟန်ပြု၍ မင်္ဂလာအိမ်တော်၌သာစံနေ သည်။ အကြောင်းစုံကိုမင်းတုန်းမင်းသိ၍ ညီတော်၏အိမ်သို့ နန်းမတော်ကြီးနဲ့အတူကြွတော်မူပြီး ညီတော်၏အနာကို မေးမြန်းတော်မူသည်။ လက်ဖွဲ့ခမည်းငွေတစ်သောင်းကိုလည်း ညီတော်အားပေးခဲ့သည်။ ဤကဲ့သို့ညီတော်လွှတ်မ တက်ကြောင်း မင်းတရားကြီသိသည်မှာ နားခံတော်ဆက်သော လွှတ်တက်သူများစာရင်းရရှိသောကြောင့်ဖြစ်သည်။
လွှတ်တော်ဝန်မင်းကြီးများမှတစ်ပါး လွှတ်နှင့်ဆိုင်သောအခြားအရာများသည် ဝဲယာအလှည့်ခွဲလျက် တစ်ရက်ခြား တစ် ခါ လွှတ်တော်မှာလာရောက်အိပ်ကြရသည်။ ဤသို့အိပ်သည်ကိုအိပ်ဖန်အိပ်သည်ဟုခေါ်သည်။ အိပ်ဖန်ရက်ပျက်လျှင် ထိုက်သင့်ရာအပြစ်ဒဏ်ခံရသည်။
ထို့နောက်လွှတ်တော်တွင် စည်းကမ်းတခုပမာလိုက်နာရသော အစဉ်အလာတစ်ခုရှိသေးသည်။ ယင်းကားလွှတ်တော် အရာရှိများတိုးသည့်အခါ လွှတ်တော်နှင့်သက်ဆိုင်ရာလူများကို ထမင်းကျွေးရခြင်းဖြစ်သည်။ ထိုအခါထမင်းစားရသူတို့ က ၀မ်းမြောက်ဝမ်းသာ သြဘာစကားပြောကြရသည်။
● လွှတ်တော်မှပေးစာနှင့်လွှတ်တော်သို့လျှောက်လွှာ
လွှတ်တော်ဝန်ကြီးများအမှုကိစ္စစီရင်ပြီးသောအခါ သက်ဆိုင်ရာအမှုထမ်း အရာထမ်းများထံအမိန့်စာများ ရေးသားပေးပို့ ရသည်။ ၀န်ကြီးများသည်မိမိတို့အောက်အဆင့်အတန်းနိမ့်သူထံရေးလျှင် `ကြားလိုက်သည်´ဟုရေး၍ မိမိတို့နှင့်အ ဆင့်တန်းတူသူထံရေးလျှင် `မှာလိုက်သည်´ဟုရေးသည်။ ထိုစာများကို ထန်းဖူးတစ်မျက်နှာတွင် နှစ်ကြောင်းသာရေး ရသည်။ ယင်းတို့နှစ်ကြောင်းစာချွန်ဟုခေါ်သည်။ ထိုထန်းဖူးလက်ဝဲဘက်ထိပ်တွင် လွှတ်တော်တံဆိပ်ကိုလည်း ခပ်နှိပ် လေ့ရှိသည်။
လွှတ်တော်သို့အရေးအရာရှိများကလျှောက်ထားသော လျှောက်လွှာရေးနည်းကိုလည်း သတ်မှတ်ထားသေးသည်။  လျှောက်လွှာ၌ `ဘုရင့်ကျွန်တော်မည်သူက´ဟု လျှောက်ထားသူ၏ဘွဲ့အမည်ဖော်ပြပြီး လျှောက်ထားသောအကြောင်း အရာကို အလယ်၌ဖော်ပြ၍ `ရှိခိုးအစီရင်ခံတော်ခံပါသည်ဘုရား´ဟုအဆုံးသတ်ရသည်။
လွှတ်တော်မှအမိန့်ထုတ်ပြန်သည့်အခါ နှစ်ကြောင်းစာချွန်ရေးရမြဲဖြစ်သည်။ တစ်ကြောင်းတည်းမရေးရ။ ဧကရာဇ်မင်း မြတ်၏အမိန့်တော်ကိုသာ ထန်းဖူးညွှန့်ရှည်တစ်မျက်နှာလျှင် စာတစ်ကြောင်းတည်းသတ်စုံနှင်ရေးရသည်။ ယင်းကိုတစ် ကြောင်းစာချွန်ဟုခေါ်သည်။ ထို့နောက်တစ်ကြောင်းစာချွန်လက်ဝဲဘက်ထိပ်တွင် ဘုရင်၏တံဆိပ်ကိုခပ်နှိပ်မြဲဖြစ်သည်။
နန်းတော်နှင့်လွှတ်တော်၌ ဤကဲ့သို့စာချွန်လွှာများသာအသုံးပြုသည်မဟုတ် ထန်းဖူးစာခွေလည်းသုံးကြသေးသည်။ နန်းတော်မှအမိန့်တော်စာဖြစ်မှ အ၀ိုင်းတစ်ထွာ၊ လွှတ်တော်မှစာဖြစ်မူ အ၀ိုင်းတစ်ညှို၊ ရုံးတော်မှဖြစ်စာဖြစ်မူ အ၀ိုင်း တစ်မိုက်၊ အမတ်တဦးဦးကပေးသောစာဖြစ်မူ အ၀ိုင်းခုနစ်သစ်သား၍ ထန်းဖူးစာကိုခွေရသည်။၁၄
● လွှတ်တော်နှင့်သတ်ပုံ
လွှတ်တော်စာများရေးသားရာတွင် ဆိုင်ရာဌာန ဆိုင်ရာအရာရှိများအလျောက် အချီအချရေးဟန်နည်းသည် အရေးကြီး သကဲ့သို့ သတ်ပုံသည်လည်းအရေးကြီးလှသည်။ လွှတ်တော်၌သတ်ပုံသည် အလွန်အရေးကြီးရကား သတ်ပုံမှားလျှင် လက်အဖြတ်ခံရသည်ဟု ဆိုစမှတ်ပြုကြသည်။
သတ်ပုံအညွှန်းသည် လွှတ်တော်တွင်သာမက နန်းတော်လောက၊ ရုံးလောက၊ ဆရာတော်ကြီးများလောက၊ တိုင်းသူ ပြည်သားလောကအထိပါ အလွန်အရေးကြီးသည်။ ထို့ကြောင့်ရှေးအခါက မင်းများသည်သတ်ပုံကို ဂရုစိုက်အရေးပေး ခဲ့ကြသည်။ အမရပူရပထမမြို့တည်မင်းနန်းတည် မင်းတရားကြီးလက်ထက် သက္ကရာဇ်၁၁၄၅ခုနှစ်၊ ၁၁၄၇ခုနှစ်၊ ၁၁၇၈ ခုနှစ်တွင် သတ်ပုံနှင့်ပတ်သက်၍ အမိန့်တော်များထုတ်ခဲ့သည်။ ရတနာပုံပထမမြို့တည် နန်းတည်ပဉ္စမသင်္ဂါယနာတင် မင်းကြီးသည်လည်း ၁၂၁၈ ခုနှစ်တွင် အမိန့်တော်ထုတ်ခဲ့သေးသည်။ ရတနာပုံနေပြည်တော် ဒုတိယနန်းစံမင်းလက် ထက် သက္ကရာဇ် ၁၂၄ဝ ပြည့်နှစ်၊ နတ်တော်လပြည့်ကျော်(၆)ရက်နေ့တွင် တောင်ဥယျာဉ်တော်အစည်းအရုံးတော်၌ ပညာရှိ(၂၈)ဦးတို့ သတ်ပုံသတ်ညွှန်းရေးနှုန်းတို့ကို စုံညီညှိနှိုင်းဆုံးဖြတ်ခဲ့ကြသည်။ ထိုပြဌာန်းဆုံးဖြတ်ချက်အရ အ သတ်ကာရန်အတွက် ၀ဏ္ဏဗောဓနသတ်အင်းကို အရအမိကျက်မှတ်လိုက်နာရသည်။ က၀ိလက္ခဏာ သံပေါက် လင်္ကာ နှင့် သတ်အင်းအတိုကောက်ကို အာဂုံဆောင်ရသည်။ အသတ်ကာရန်အပင့်အရစ်အတွက် တွင်းသင်းတိုက်ဝန် သတ် ညွှန်း၊ သံတော်ဆင့်စိန္တကျော်သူသတ်ညွှန်း၊ ရတနာကြေးမုံသတ်ညွှန်းတို့ကိုလိုက်နာစေရသည်။
● လွှတ်တော်အာဏာ
ရှေးခေတ်မင်းမူမင်းထမ်းများ ရာထူးခန့်ထားခြင်း၊ ရာထူးတိုးခြင်း၊ ရာထူးမှနှုတ်ပယ်ခြင်းများကို ဘုရင့်သဘောအတိုင်း ဆောင်ရွက်ရသည်လည်းရှိ၏။ လွှတ်တော်ဝန်ကြီးများ၏သဘောအတိုင်း ဆောင်ရွက်ရသည်လည်းရှိ၏။ လွှတ်တော် စာရေးတော်မှစ၍ လက်အောက်အရာရှိများခန့်ထားသည့်အခါ လက်ကိုင်ဆိုင်ရာအရာရှိမှစ၍ တစ်ဆင့်တစ်ဆင့်ဝန်ကြီး များထံအစီရင်ခံရသည်။ ပုံစံအားဖြင့်စာရေးတော်ခန့်လိုလျှင် စာရေးတော်ခေါင်းမှစ၍ စာရေးတော်ကြီး၊ ဝန်ထောက်မင်း စသည်ဖြင့် တစ်ဆင့်စီအစီရင်ခံစာတင်သွင်းရသည်။ ဝန်ထောက်မင်းများကလည်း ဝန်ကြီးမင်းများထံအစီရင်ခံရသည်။ ဝန်ကြီးလေးဦး သတောတူသည့်အခါ ဘုရင်ထံအမိန့်တော်ခံပြီး ဘုရင်ကအမှတ်ထက်မှတ်၍ ခန့်ထားဆောင်ရွက်စေရ သည်။ ဘုရင့်ထံအမိန့်မခံပဲဝန်ကြီးမင်းများ၊ ဝန်ထောက်မင်းများသဘောတူချက်ဖြင့် ထမ်းရွက်စေရသော အရာရှိများ လည်းအနည်းငယ်ရှိသေးသည်။ ရုံးခေတ်သစ္စာတော်ရေး၊ တံဆိပ်စာရေး၊ ကသောင်းမြောင်တိုက်စိုး ယင်းတိုက်စာရေး၊ လက်ဆောင်ယူတိုက်စိုး၊ ယင်းတိုက်စာရေးများမှာ ဘုရင့်အမိန့်တော်မခံဘဲ ဝန်ကြီးမင်းလေးဦးသဘောတူညီဖြင့် ခန့် ထားဆောင်ရွက်စေနိုင်သည်။ ဤကား လွှတ်တော်ဝန်ကြီးများ၏ လုပ်ပိုင်ခွင့်တစ်ရပ်ဖြစ်သည်။
ထို့နောက်ဝန်ကြီးလေးဦးသဘောတူမှခန့်ထားရသောရာထူဖြစ်လျှင်`မည်သူကို မည်သူရာထူးတွင် ခန့်ထားဆောင်ရွက် စေမည်။ ဘုရားကျွန်တော်ဝန်တို့ဆိုသည်ဘုရား´ဟူ၍ ၀န်ကြီးအားလုံးကဘုရင့်ခံစာသွင်းရသည်။ ထိုစာမျိုးကို `လွှတ် သွင်းစာ´ဟုခေါ်သည်။ ထိုကဲ့သို့လွှတ်တော်ဝန်ကြီးအစုံအညီ သွင်းသောစာအရ ဘုရင်ကခန့်ရသည်။ မခန့်မနေရ။ သို့ ရာတွင် ထင်ရှားသောအပြစ်ပေါ်ထွက်သည့်အခါ နုတ်ပယ်လဲလှယ်ခန့်ထားရန် စီမံခွင်ရှိသည်။
ထို့အပြင် ရာထူးမှနှုတ်ပယ်ရန်ရှိသည့်အခါတွင်လည်း ၀န်ကြီးလေးဦးသဘောတူမှ နုတ်ပယ်ခွင့်ရသောအရာမျိုးဖြစ်လျှင် `မည်သူ့ကိုမည်သည့်အကြောင်းကြောင့် မည်သည့်အရာမှနှုတ်ပယ်သည်။ ဘုရားကျွန်တော် မည်သည့်ဝန်ကြီးဆို သည်ဘုရား´ဟူ၍ လွှတ်တော်ကသွင်းသောစာအရ ဘုရင်ကအမိန့်ထုတ်ပြန်၍ နုတ်ပယ်ရသည်။
လွှတ်တော်ဝန်ကြီးများသည် ဘုရင့်အလိုတော်အတိုင်း အမြဲလိုက်နာဆောင်ရွက်ခြင်းမရှိ။ တရားနည်းလမ်းမမှန်ကန် လျှင် ဥပဒေနှင့်မညီညွှတ်လျှင် ဘုရင့်ကိုပင်ဆန့်ကျင်ဝံ့ကြသည်။ ထို့ကြောင့်လွှတ်တော်ကဘုရင့်အာဏာကို လွှမ်းမိုး ထားကြောင်းသိရသည်။ တရားရုံးကစစ်ဆေးစီရင်ပြီးသည်ကို အမှုရှင်ကမကျေနပ်လျှင် လွှတ်တော်တက်၍ အယူခံဝင် နိုင်သည်။ အကြောင်းသော်ကား လွှတ်တော်သည်ရုံးအားလုံး၏ အချုပ်ဖြစ်သောကြောင့်ဖြစ်သည်။ တရားမမှုနှင့်စပ် လျဉ်း၍ တန်ဖိုးငွေအပိုင်းအခြားမရှိစီရင်နိုင်သည်။ ရာဇ၀တ်မှုနှင့်စပ်လျဉ်း၍လည်း သေဒဏ်စီရင်နိုင်သည်။ လွှတ်တော် ၀န်ကြီးလေးပါးမှတစ်ပါး အခြားမည်သည့်အရာရှိ မည်သည့်မှူးကြီးမတ်ကြီးကမျှ လူတစ်ယောက်ကို သေဒဏ်မစီရင် နိုင်ပေ။ ရာဇ၀တ်မှုနှင့်ပတ်သက်၍ အပြစ်ရှိသောရာဇ၀တ်ကောင်ကို လွှတ်တော်ကချုပ်တည်းချည်နှောင်ခွင့်ရှိသည်။ သာမညအမှုနှင့်လွှတ်တော်အဆင့်ကခေါ်ရန်နှင့် လွှတ်တော်ကချုပ်ထားရန် အလုပ်ဝတ္တရားများကို လွှတ်စေလေးတန်း က ဆင့်ခေါ်ချုပ်ထားရသည်။ လွှတ်စေလေးတန်းကခေါ်ရန်မဟုတ်ဘဲ အကျပ်အတည်းခေါ်ရန်အမှုများမှာ လက်ရသုံး တန်းအမှုထမ်းများကခေါ်ရသည်။ ခေါ်ပုံမှာလည်း မောက်တို၊ ကြိုး၊ ကြိမ်များဆောင်သွား၍ ဖမ်းဆီးချုပ်နှောင်ခေါ်ယူခဲ့ ရသည်။ ကြွေးမှုနှင့်ပတ်သက်၍ခံဝန်ချက် လရက်အချိန်လွန်သည်တိုင်အောင် မပေးသွင်းနိုင်လျှင်လည်း အချုပ်နှောင် တောင်းခံလေ့ရှိသည်။ ရာဇဌာနီအတွင်း၌ လွှတ်တော်အမိန့်မှတပါး အခြားရုံးများကချည်နှောင်ခွင့်မရ။ တရားရုံးက ချည်နှောင်တောင်းခံလိုလျှင် လွှတ်တော်သို့အစီရင်ခံစာတင်ပို့ရသည်။ ရာဇဌာနီနယ်မှတပါး အဝေးမြို့ကျေးရွာများတွင် လည်း အဝေး၀န်မရှိခိုက်ကြုံလျှင် အဝေး၀န်ကလွှဲယူထားသူတစ်ဦး၏ အမိန့် အရတမျိုးမျိုးရှိမှသာ ချည်နှောင်ရသည်။
သေဒဏ်ပေးရန်ရှိသည့်အခါ သက်ဆိုင်ရာအရာရှိများက လွှတ်တော်သို့တင်ပို့လျှောက်ထားရသည်။ လွှတ်တော်ကဆင့် ဆိုရာကို နာခံစီရင်၍ကွပ်ညှပ်ရသည်။ ဤအဆင့်အလာရှိသောကြောင့် ခရိုင်ဝန်တို့စောင့်ထိန်းရန် ဥပဒေအခန်း၌- သူခိုးဓားပြလူသတ်မှုမှစ၍ သေပြစ်သေဒဏ်ထိုက်အောင် ဆိုးသွမ်းကျင့်ကြံသူတို့ကို အပြစ်အလျောက် စီရင်ကွပ်ညှပ် ရန်ရှိလျှင် အမှုရင်းမြစ် စစ်ချက်ထွက်ချက်များကို လွှတ်တော်သို့တင်ပို့လျှောက်ထားပြီးမှဆင့်ဆိုရာ နာခံစီရင်ကွပ်ညှပ်ရ သည်။ ဟူသောအချက်တစ်ချက်ကို ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။
ဤနည်းအားဖြင့်သေဒဏ်ကို လွှတ်တော်ကအမိန့်အရသာ စီရင်ရမြဲဖြစ်သည်။ သို့သော်မင်းတုန်းမင်းလက်ထက်၌ ဤ အစဉ် အလာတိမ်းယိမ်းသည်ဟုဆိုရမည်။ မင်းတုန်းမင်းသည်မြို့တော်ဝန်ဦးသာအိုးကို အထူးသဖြင့်သဒ္ဓါယုံမှတ်၍ အ ခွင့်အရေးပေးတော်မူသည်။ ထိုအခွင့်အရေးအတိုင်း ဦးသာအိုးသည် လူကိုအဆုံးစီရင်သင့်သည်ဟုထင်မြင်လျှင် လွှတ် တော်သို့တင်၍ သုံးတန်းမတောင်းဘဲ ချက်ခြင်းမင်းဒဏ်ခတ်၍သတ်ဖြတ်လေ့ရှိသည်။ ဤကဲ့သို့စီရင်သတ်ဖြတ်ပြီး မှ လွှတ်တော်သို့အမှုအကြောင်းအရာကို ထုံးစံအတိုင်းရေးသားလျှောက်ထား၍ သုံးတန်းတောင်းသည်။ ဤကဲ့သို့မြို့ တော်ဝန်လွှတ်တော်ဝန်ကြီးများထက် သြဇာအာဏာကောင်းနေခြင်းမှာ ဘုရင်၏ဦးစားပေးမှုကြောင့်ဟုဆိုရပေမည်။ သို့ဖြစ်၍လည်းစလေဦးပုညကို သတ်စေရန်ဘုရင်ကသဘောမတူသော်လည်း မြို့ဝန်မင်းကလက်လွန်ခဲ့ခြင်းဖြစ်သည်။ ဤကဲ့သို့လွှတ်တော်အာဏာထက် မြို့ဝန်အာဏာထက်မြက်ခြင်းသည် မြန်မာမင်းအဆက်ဆက် လွှတ်တော်အဆက် ဆက်မှာရှားပါးသည်။
ယင်းကဲ့သို့လွှတ်အာဏာအရေးမပါခြင်းသည် တစ်ခါတစ်ရံသာဖြစ်ပေါ်တတ်၏။ သို့သော်အမိန့်နာခံမည့်သူတစ်ဦးထံသို့ လွှတ်တော်ကတိုက်ရိုက်မဆင့်ဆိုနိုင်ဘဲ ကြားပုဂ္ဂိုလ်တစ်ဦးကတစ်ဆင့် ဆင့်ဆိုရသောအစဉ်အလာတစ်ရပ်ရှိသည်။ ထို သို့အမိန့်နာခံမည့်သူကား မင်းသားဖြစ်၏။ လွှတ်တော်အကြောင်းကိစ္စရှိ၍ဆင့်ဆိုလိုလျှင် မင်းသားကိုတိုက်ရိုက် မဆင့် ဆိုရ။ မင်းသား၏အကြီးတော် အကြီးစာရေးတို့သို့ ထန်းဖူးညွှန့်ရွှေတွင် နှစ်ကြောင်းစာချွန်ရေး၍ ဆင့်ဆိုရသည်။
ထို့ပြင်လွှတ်တော်ဝန်ကြီးများက တိုက်ရိုက်အမိန့်မပေးနိုင်သော လူများရှိသေးသည်။ ထိုလူများကားနိုင်ငံတော်အတွင်း အရပ်မြို့ရွာရှိ အစုကြီး၊ အငန်းကြီး၊ စုသေး၊ ငန်းသေးတွင်မပါသော အသည်၊ အလာ၊ ကပ်ပါးတို့ပင်ဖြစ်သည်။ ထိုသူ တို့သည် လွှတ်တော်အမိန့်ကိုမလိုက်နာ၊ လွှတ်တော်ကခန့်ထားသောသူကြီး၏အမိန့်ကိုလည်း မလိုက်နာ၊ အဘယ် ကြောင့်ဆိုသော် လွှတ်တော်နင့်သူကြီးက မိမိတို့ကိုတိုက်ရိုက်အုပ်ချုပ်သည်မဟုတ်ဟု ယူဆသောကြောင့်ဖြစ်သည်။ မိ မိတို့အတွက်သီးသန့်ခန့်ထားသော အသည်ဝန်ကသာ မိမိတို့ကိုအလုပ်ချုပ်သည်ဟုယူဆသည်။ ထို့ကြောင့် အသည် ၀န်အမိန့်ကိုသာနာယူသည်။ သို့ဖြစ်၍မြို့ရွာပေါ်၌ မြို့သူကြီး ရွာသူကြီးခန့်ထားသည့်အခါ အသည်၊ အလာ၊ ကပ်ပါး တို့က ခန့်ညားရိုသေကြစေရန် လွှတ်တော်ကပေးရင်း စာချွန်တော်နှစ်ကြောင်းစာမှတစ်ပါး တသည်ဝန်က`အသည်ဝန် စာ´ဟူ၍ သီးခြားပေးမြဲစာလည်းပေးရသေးသည်။ ထိုသို့အသည်ဝန်စာပါမှသာ ထိုသူကြီးကိုရိုသေ၍ ထိုသူကြီး၏အမိန့် ကိုလည်း လိုက်နာဆောင်ရွက်ကြသည်။ လွှတ်တော်သည်အကြီးဆုံးတရားရုံးချုပ် အကြီးဆုံးရာဇ၀တ်ရုံးချုပ်ဖြစ်သည်။ တရားမအာဏာ၊ ရာဇ၀တ်အာဏာအပြည့်အ၀ရှိသည်။ သို့သော်လည်းစစ်အာဏာမရှိ။ စစ်ချီတက်၍ တိုက်ခိုက်စေရန်၊ စစ်ပြေငြိမ်းရန်လွှတ်တော်ဝန်ကြီးများက အမိန့်မပေးနိုင်။ စစ်ရေးကိစ္စနှင့်ပတ်သက်လျှင် ဘုရင်ကသာအမိန့်ပေးနိုင် သည်။ သို့ဖြစ်၍လွှတ်တော်သည် စစ်ရေးကိစ္စတွင် ထိထိရောက်ရောက် အာဏာမပေးနိုင်ပေ။
လွှတ်တော်ဝန်ကြီးများကိုအမိန့်ပေးနိုင်သူမှာရှားလှ၏။ ဘုရင်ကပင်နေရာတိုင်းမှာအမိန့်မပေးနိုင်။ သို့သော်ဝန်ကြီးများ ၏ ချွတ်ယွင်းချက်၊ ချို့တဲ့ချက်များထင်ရှားနေလျှင် သြဇာတိက္ကကြီးသော ဆရာတော်ကြီးများကသတိပေးဆုံးမလေ့ရှိ သည်။ ဝေဖန်ပြစ်တင်လေ့ရှိသည်။ မင်းတုန်းမင်းလက်ထက်လွှတ်တော်ဝန်ကြီးလေးပါးရှိရာ သတိုးမင်းကြီးမဟာစည်သူ ဘွဲ့ခံ ပခန်းကြီးမြို့စားဝန်ရှင်တော်မင်းကြီးသည် လေနာစွဲကပ်၍အမှုကိစ္စများကို ရှင်းလင်းပြီးပြတ်စေချင်ငှာ ကောင်းစွာ မဆောင်ရွက်နိုင်ပေ။ သတိုးမင်းကြီးမဟာသီရိစည်သူဘွဲ့လောင်းရှည်မြို့စား ၀န်ရှင်တော်မင်းကြီးသည် ၁၂၈၈မြင်ကွန်း မင်းသားအရေးတော်အတွင်းက ဓားထိခိုက်၍မသန်မစွမ်းဖြစ်သောကြောင့် တိုင်းရေးပြည်မှုကိုမဆောင်ရွက်နိုင်ပေ။ သတိုးမင်းကြီးမဟာမင်းလှဥစ္စနာဘွဲ့ခံ ခန်းပတ်မြို့စားဝန်ရှင်တော်မင်းကြီးသည် နားလေးသဖြင့် တရားစစ်ဆေးမှု ကောင်းစွာမဆောင်ရွက်နိုင်ပေ။ သတိုးမင်းကြီးမဟာမင်းလှမင်းခေါင်ကျော်သူဘွဲ့ခံ ရေနံချောင်းမြို့စားဝန်ရှင်တော်မင်း  ကြီးတစ်ပါးသာ သန်မာသည်ဖြစ်၍နိုင်ငံတည်းဟူသော တိုက်ခန်းကြီး၌ရေနံချောင်းမင်းဟုဆိုအပ်သော မီးတိုင်တစ်တိုင် တည်းဖြင့်လင်းနိုင်မည်မဟုတ်ပေ။ ဤအကြောင်းကိုပဏ္ဍိတ၀ံသသီရိပဝရ မဟာဓမ္မရာဇာဂုရု တံဆိပ်နာမံတော်ရှိသော ဗန်းမော်ဆရာတော်ဘုရားကြီးသိသည်။ ထို့ကြောင့် ဆရာတော်ဘုရားအကြောင်းကိစ္စ ရွှေနန်းတော်သို့ကျရောက်လာ သောအခါ မဟာဝန်ရှင်တော်မင်းကြီးများကို အ ကြောင်းပြု၍ စာချိုးတစ်ခုရေးသားချထားလေသည်။ ထိုစာချိုးကား
ပခန်းမှာလေ၊ လောင်းရှည်မှာဓား၊
ခန်းပတ်မှနား။
ရေနံတစ်တိုင်းချင်းရယ်နှင့်လင်းပါ့မလား။ ဟူ၍ဖြစ်၏။ ဤသည်ကားအာဏာကြီးမြင့်သော ၀န်ကြီးများအပေါ် ဆရာ တော်များက အုပ်စိုးမိုးနိုင်ခြင်းပင်ဖြစ်သည်။၁၅
● လွှတ်တော်သိမ်းအစီအရင်
ဘုရင်အသစ်နန်းတက်သော ဥကင်တော်ဖွင့် အစီအရင်ကျင်းပမြဲဖြစ်သည်။ ဥကင်သသုံးရက်ဖွင့်တော်မူသည်နောက် ခုနှစ်ရက်လည်လျှင် လွှတ်သိမ်းထွက်တော်မူသည်။ ခုနှစ်ရက်တွင်အခါနေ့ရက်မသင့်လျှင်လည်း သုံးရက်တွင်ဖြစ်စေ၊ ငါးရက်တွင်ဖြစ်စေ အခါနေ့ရက်သင့်တော်ရာထွက်တော်မူသည်။ ထိုနေ့နက်မြေနန်းတော်တောင်တွင် တစ်ရပ်၊ ၀င်းရုံး လေးမျက်နှာတွင် လေးရပ်၊ မြို့ထိပ်ရှစ်ရပ်၊ အရှေ့ရုံး အနောက်ရုံးနှစ်ရပ်တွင် တစ်ရပ်တွင်သံဃာတော်ရှစ်ပါးဆီ ဆွမ်း လုပ်ကျွေးရသည်။ ထိုနောက်ဘုရင်မင်းမြတ်သည် လွှတ်တော်ပေါ်၌ဘုရားခုနှစ်ဆူကို လှူဖွယ်ပစ္စည်းများနှင့်ပူဇော် သည်။ ဘွဲ့တပ်ရမည့်သူများကိုလည်း ဘွဲ့တပ်ပေးသည်။ လက်ဆောင်ကန်တော့ဆက်လာသည်တို့ကိုလည်း အကန် တော့ခံတော်မူသည်။၁၆
● လွှတ်တော်အရာရှိများ
လွှတ်တော်သိမ်းပြီးနောက် ရှင်ဘုရင်တို့သည်လွှတ်တော်တက်ရမြဲဖြစ်၏။ လွှတ်တော်တက်သောအရာရှိများတွင် ဘုရင် သည်အကြီးဆုံး အမြင့်ဆုံး အမြတ်ဆုံးဖြစ်၏။ ဦးထိပ်၌ရေသွန်းလောင်း၍ ဗုဒ္ဓါသိသိက်မခံသောမင်းတို့သည် တရား လွှတ်တော်သဘင်၌နေရသော အဍ္ဎုကရနိသီဒနနှင့်ပြည့်စုံရသည်။ ထို့ကြောင့်ဗုဒ္ဓါဘိသိက်ခံပြီးတော့မင်းတို့သည် လွှတ် ရုံးသဘင်၌ မချွတ်နေရာသည်။ တတ်အားသည်ရှိသော် နေ့တိုင်းပင်နေအပ်၏။ မတက်အားသည်ရှိသော် ရံဖန်ရံခါနေ အပ်၏။
အင်းဝဘုရင်တို့သည် တစ်လလေးသီတင်း နေ့စဉ်ရက်ဆက်လွှတ်တော်သို့တင်သည်ဟု ဝန်ကြီးသီရိဥဇနာက လောက ဗျူဟာကျမ်းတွင်ဖော်ပြထားသည်။ အင်းဝဘုရင်သို့လွှတ်တော်တက်သောအခါ လွှတ်ရှေ့တွင်ဝင်းငါးတပ်ခင်းသည်။ ထီးဖြူမင်းခင်းကျင်းသည်။ မင်းသားမင်းမြေး မှူးတော်မတ်တော်တို့ နားဍ္ဍောင်းနှင့်နေရာသို့တက်၍ခစားရသည်။ စည် တော်စုံနှင့်ဝင် စည်တော်လည်း လွှတ်တော်အရှေ့လှေကားရင်းတွင်ခံသည်။ အင်းဝမင်းဗြဲတိုက်တော်မှ လွှတ်တော်သို့ ဝေါစီး၍ထွက်တော်မူသည်။
ဘုရင်လွှတ်တော်တက်သော များသောအားဖြင့် ဝေါစီးလျက်တက်တော်မူသည်။ ဝေါတော်ကိုဝေါသား(၄၀)ခန့် ခါး တောင်ကျိုက်လျက်ထမ်းကြရသည်။ လွှတ်တော်ရောက်သော် ဝေါတော်ကိုဝေါတော်ယာဉ်တွင် ယှဉ်၍ချသည်။ ထိုအခါ ဘုရင်သည်ဝေါ်ပေါ်မှ လွှတ်တော်ကြမ်းပြင်ပေါ်သို့လှမ်းတက်လိုက်သည်။ ဝေါတော်ယှဉ်ရန် ဆောက်လုပ်ထားသော ဝေါယာဉ်တော်အုတ်ခုံကို လွှတ်ကြမ်းပြင်နှင့်ယှဉ်လျက်ဆောင်လုပ်ထားသည်။ ဘုရင်လွှတ်တော်တက်သော် ဝေါတော် နှင့်တက်သည်များ၏။ မင်းတက်လှေကားရှိသော်လည်း ထိုလှေကားမှအတက်နည်းသည်ဟု ရွှေပြည်ဦးဘတင်က အ မိန့်ရှိဖူးသည်။
ဘုရင်လွှတ်တော်တက်၍ စီရင်ဖွယ်ရှိသည်ဟုတို့ကိုစီရင်ဆုံးဖြတ်ပြီး ညသုံးချက်တီးကျော် ငါးမောင်းတိုင်လျှင် နာရီမှူး က လွှတ်တော်အရှေ့လှေကားတွင် ငွေမောင်းငါးချက်တီးပြီးလျှင် ၀င်စည်တော်တီး၍ အင်းဝမင်းဝင်တော်မူသည်။ အများအားဖြင့်ရှင်ဘုရင်များသည် တစ်ခါတရံသာလွှတ်တက်ကြသည်။ အချို့ဘုရင်များမှာတစ်နှစ်လုံးတွင် သုံးကြိမ်ခန့် သာတက်ကြသည်။ အထူးသဖြင့်မန္တလေးရတနာပုံ ဒုတိယနန်းစံသီပေါဘုရင်သည် ဘုရင်ဖြစ်သည့်နေမှစ၍ လွှတ်တော် သို့သုံးရက်သာဆက်တက်သည်။ နန်းသက်(၇)နှစ်အတွင်း နောက်ထပ်တစ်ကြိမ်မျှမတက်သောဟု ပြောစမှတ်ပြုကြ သည်။ ဤသို့သီပေါဘုရင်လွှတ်တော်မတက်သည်မှာလည်း အကြောင်းရှိ၏။ သီပေါမင်းသားဘုရင်ဖြစ်၍ လွှတ်တော် တက်လာလျှင်လာချင်း လွှတ်ရုံးရှေ့ရှိ ကြွေးပူသူများ၊ ကြွေးမှုရှိသူများ၊ အမှုအပြီးပြတ်သေးသူများက `ကယ်တော်မူပါ ဘုရား´ ဟူ၍တပြိုင်နက်အော်ကြသည်။ သီပေါမင်းအလွန့်လန်တော်မူ၍ နောက်ရက်များတွင် ဘုရင်ထွက်လာလျှင် မ အော်ရဟူသော အမိန့်မြတ်မှတ်ရသည်။
လွှတ်တော်၌ဒုတိယအကြီးဆုံးမှာ အိမ်ရှေ့မင်းသားဖြစ်သည်။ အိမ်ရှေ့မင်းသားသည် လွှတ်တော်သို့မှန်မှန်တက်ရ၏။ အိမ်ရှေ့မင်းသားသည်တစ်နေ့တွင်ရှင်ဘုရင်ဖြစ်လာမည့် မင်းလောင်းဖြစ်သည်။ ထို့ကြောင့်မင်းမဖြစ်မီကပင် မင်းရေး မင်းရာနန်းဓလေ့များကို နားလည်ထားသင့်သည်။ မင်းတုန်မင်းလက်ထက်၌ အိမ်ရှေ့မင်းကနောင်မင်းသားသည် သက္ကရာဇ် ၁၂၂၈ ခုနှစ်တိုင် မန္တလေးလွှတ်တော်တွင် တက်ရောက်၍တရားရုံးဆုံးဖြတ်ကြောင်း မြန်မာမင်းအုပ်ချုပ်ပုံစာ တမ်း တတိယပိုင်းတွင်ပါရှိသည်။ ဤတွင် ကနောင်မင်းသားကြီးသည် မင်းတုန်းမင်း၏ညီတော်ဖြစ်သည်။ သားတော် များရှိသော်လည်း ညီတော်ကိုအိမ်ရှေ့နှင်းတော်မူသည်။ သားတော်အိမ်ရှေ့မင်းဖြစ်လျှင်လည်း သားတော်အိမ်ရှေ့မင်း အဖြစ်ဖြင့် လွှတ်တက်ရသည်။ သို့သော် အိမ်ရှေ့မင်းဖြစ်သားရှိပြီးဖြစ်လျှင် သားတော်များသည်လွှတ်တက်မင်းသား အဖြစ်တက်ရောက်ကြရသည်။ မင်းတုန်းမင်း၏သားတော်မက္ခရာမင်းသားသည် လွှတ်တက်၍စီရင်ရသော ဓမ္မရာဇာ ခံဖြစ်သည်ဟု ဝန်ထောက်မင်းဦးမောင်မောင်တင်က စလေဦးပုညသမိုင်း စာအုပ်စာမျက်နှာ ၃၁တွင် ဖော်ပြထားသည်။
မင်းတုန်းမင်းသည်းမင်းသားဘ၀မှရှိစဉ် ခမည်းတော်သာယာဝတီမင်းလက်ထက်တွင်လည်း အိမ်ရှေ့မင်းသားမဟုတ်။ နေတော်ပုဂံမင်းလက်ထက်တွင်လည်း အိမ်ရှေ့မင်းသားမဟုတ်။ သို့သော်မင်းနှစ်ပါးစလုံးလက်ထက်တွင် လွှတ်တော် မင်းသားကြီးဖြစ်ခဲ့သည်။ လွှတ်တော်မင်းတုန်းမင်းသားအကြောင်း မြန်မာမဟာမင်္ဂလာမင်းခမ်းတော်စာအုပ်တွင် ဤသို့ တွေ့ရသည်။ (မင်းတုန်းမင်းသားသည်) ခမည်းတော် နောင်တော်မင်းတရားကြီးနှစ်ပါးလက်ထက် မြို့ဝှန်းတိုက်မင်း တုန်းမြို့များကို ကံကျွေးခံရသည်။ သီရိသုမဟဟာဓမ္မရာဇာဘွဲ့၊ သီရိမဟာသီဟသူဓမ္မရာဇာဘွဲ့များနှင့် မင်းသားကြီးတို့ နေရာ လွှတ်တက်၍စီရင်ရသည်။
လွှတ်တက်ဓမ္မရာဇာခံမင်းသားများကို လေးပါးခန့်ထားလေ့ရှိသည်။ ဓမ္မရာဇာခံမင်းသားများသည် အိမ်ရှေ့မင်းသား ထက် ပိုမိုမှန်ကန်စွာလွှတ်တက်ကြရသည်။ လွှတ်တော်အရာရှိများတွင် လွှတ်တော်ဝန်ကြီးလေးပါးလည်းပါဝင်သည်။ ၀န်ကြီးလေးပါးသည် တရားသူကြီးလည်းဖြစ်သည်။ အဂ္ဂမဟာသေနာပတိလည်းဖြစ်၏။ ၀န်ကြီးဟူသောအဂ္ဂမဟာသေ နာပတိဖြစ်ကြောင်း ၀န်ကြီးခန့်အမိန့်တော်ပြန်တမ်းတွင် တစ်ပါတည်းပါလာသည်။ အဂ္ဂမဟာပတိဘွဲ့နှင့်အညီ စစ်ရေး ဖြစ်ပွားသည့်အခါ ထိုဝန်ကြီးများကကြီးမှူး၍ စစ်ပွဲဆင်နွှဲကြရသည်။ ထို့ကြောင့်လွှတ်တော်ဝန်ကြီးများသည် စစ်တိုက်ပုံ တိုက်နည်း သေနင်္ဂဗျူဟာကိုလည်း နှံ့နှံ့စပ်စပ်ရှိရပေလိမ့်မည်။ အဂ္ဂမဟာသေနာပတိဘွဲ့ခံ လွှတ်တော်ဝန်ကြီးများ သည် အင်္ဂလိပ်-မြန်မာဒုတိယစစ်ပွဲဖြစ်စဉ်က ၀င်ရောက်တိုက်ခိုက်ခဲ့ကြသည်။ ထိုအခါရန်ကုန်မြို့၊ ကြည့်မြင်တိုင်တွင် လွှတ်တော်ဝန်ကြီးသုံးပါးကျဆုံးခဲ့ဖူးလေသည်။
လွှတ်တော်ဝန်ကြီးလေးပါးတွင် ဝန်ကြီးသက်တော်ရှည်လည်းပါရှိလေသည်။ ဝန်ကြီးသက်တော်ရှည်ဆိုသည်မှာ မင်း ပြစ်မင်းဒဏ်ဖြစ်သည့် သေဒဏ်မှကင်းလွှတ်ခွင့်ပေးထားခြင်းခံရသော ဝန်ကြီးဖြစ်သည်။ ဘုရင်မင်းမြတ်၏ အားကိုးယုံ ကြည်မှုရရှိထားသူဖြစ်ပေသည်။ လွှတ်တော်အဖွဲ့တွင် ၀န်ကြီးသက်တော်ရှည်ပါဝင်ခြင်းသည် အလွန်အရေးပါ အရာ ရောက်သော စီမံချက်ဖြစ်ကြောင်းသတိချပ်သင့်သည်။ ၀န်ကြီးများသည်ဘုရင်၏မျက်နှာကိုကြည့်၍ ခစားနေရသူဖြစ် သဖြင့် ဘုရင်အလိုမကျသည့်ကိစ္စကို လျှောက်ထားဝံ့မည်သူများမဟုတ်ပေ။ ၀န်ကြီးသက်တော်ရှည်မှာကား သေဒဏ် အပြစ်မှလွတ်ကင်းသြူုဖစ်ပြီး ဘုရင်၏ယုံကြည်ကိုးစားမှုရရှိနေသဖြင့် ဖြောင့်မှန်သည့်အတိုင်းလျှောက်ထားဝံ့သူဖြစ် သည်။ ၀န်ကြီးသက်တော်ရှည်ပါဝင်သဖြင့် လွှတ်တော်သည်ဘုရင့်အကြိုက်ကိုချည်းသာလိုက်၍ ဆောင်ရွက်ခြင်းမ ဟုတ်ဘဲ အုပ်ချုပ်မှုကိစ္စအ၀၀ကို ဖြောင့်မှန်စွာဆောင်ရွက်နိုင်လေသည်။
ရာထူးခန့်ထားပုံအမျိုးမျိုးရှိသည်။ အချို့တွင်`မည်သူကိုမည်သည့်ရာထူးနှင့်ထမ်းရွက်စေ´ ဟူ၍ခန့်ထားသည်။ ဤကဲ့ သို့ခန့်ထားသူများသည် အမိန့်တော်ပြန်တမ်းခံရန်မလိုပေ။ အမိန့်တော်ပြန်တမ်းခံဆိုသည်မှာ ဘုရင့်အမိန့်တော်ကိုနား ခံတော်က လွှတ်တော်တွင်ဖတ်ပြန်သည့်အခါ ရာထူးခန့်ခံရသူသည် အမိန့်တော်ဖတ်ပြန်ရာအနီးတွင် ရိုသေစွာနာခံရ သည်ကိုခေါ်သည်။ ပြန်တမ်းတွင်လည်းပြန်တမ်းကြီးနှင့် ပြန်တမ်းရိုးဟူ၍နှစ်မျိုးရှိသည်။ ရာထူးကြီးခြင်းမှသာ ပြန်တမ်း ကြီးခံရသည်။ ရာထူးငယ်သူများမှာ ပြန်တမ်းရိုးသာခံရသည်။ ပြန်တမ်းကြီးဆိုသည်မှာ မည်သူ့ကို မည်သည့်နေ့ မည် သည့်ရာထူးတွင်ခန့်ထားသည်။
ယင်းသို့ခန့်ထားရာတွင် မည်ကဲ့သို့သတ္တိဗျတ္တိရှိသည်။ မည်ကဲ့သို့ယုံကြည်စိတ်ချရသည် စသောဂုဏ်ထူးဝိသေသအေ ကြောင်းများကိုဖော်ပြသည့်အပြင် ဂုဏ်ထူးဝိသေရှိသည်ကိုအကြောင်းပြု၍ ယခုရာထူးကိုခန့်သည်ဟု ရှည်လျားစွာအ ဖော် ဖတ်ပြန်ရသောအမိန့်တော်စာတမ်းဖြစ်သည်။ ဤကဲ့သို့ပြန်တမ်းကြီးနှင့်ပြန်တမ်းရိုးနှစ်မျိုးရှိသည်တွင် ၀န်ကြီးများ သည်ပြန် တမ်းကြီးခံများဖြစ်ကြ၏။
ဝန်ကြီးဝန်ထောက်တို့သွားလာသောရှေ့ကလိုက်ပါရသော အမှုထမ်းနှစ်ယောက်ရှိရာ ယင်းတို့ကို`လက်ရတောင်´သို့မ ဟုတ် `ရှေ့လိုက်´ဟုခေါ်သည်။ ရှေ့လိုက်နှစ်ယောက်သည် ၀န်ကြီးဝန်ထောက်တို့ရှေ့အတောင်၃ဝ ကွာလောက်မှ ဝဲ ယာ ကြိမ်ကိုထောင်လျက်ကိုင်ဆောင်သည့်အပြင် ပုဆိုးခါးတောင်ကျိုက်လျက်လိုက်ပါရသည်။ အင်္ကျီဖြူထမသိမ်း ဝတ် ရသည်။ မောက်တိုကိုလည်းတည့်တည့်ဆောင်းရသည်။ ဝန်ကြီးဝန်ထောက်တို့ ဆင်၊ မြင်း၊ လှည်းများစီးသွားသော် ရှေ့ လိုက်များသည် အလွန်ပင်ပန်းသည်။ ထို့ကြောင့်လူလဲနှင့်ထားရသည်။ သို့သော်နန်းတော်အတွင်းနှင့် ကျောင်း၊ ဘုရား ၀င်းအတွင်းသွားလာသည့်အခါ ရှေ့လိုက်များကိုဆိုခဲ့သည့်နည်း ခင်ကျင်းစီရင်၍သွားလာရသည်။
လွှတ်တော်၌၀န်ကြီးလေးပါးနှင့် ၀န်ထောက်လေးပါးတို့သည် အရေးပါဆုံးဖြစ်၏။ ထို့အပြင်လွှတ်တော်အရာရှိများစွာ ရှိ သေးသည်။ ဝန်ကြီးလေးပါးမှစ၍လွှတ်တော်တွင် အမှုထမ်းနေသော အရာရှိများကို      `မြန်မာမင်းအုပ်ချုပ်ပုံစာတမ်း´တ တိယပိုင်းတွင် ဤကဲ့သို့စာရင်းတင်ထားသည်။၂၁
ဝန်ကြီး  ၄ ယွန်းခံ    ၂
မြင်းစုကြီးဝန် ၁ ကသည်းစာပြန်   ၂
အသည်ဝန် ၁ တရုတ်စာပြန်   ၁
မြေတိုင်အမတ် ၁ အသည်စာရေး   ၎
ဝန်ထောက် ၁ အမိန့်တော်ရေး   ၎
နားခံတော် ၄ သစ္စာတော်ရေး   ၁
စာရေးတော်ကြီး ၄ ပြော့နေရာချသွေးသောက်ကြီး ၁
မြင်းစာရေးကြီး ၂ လွှတ်စောင့်သွေးသောက်ကြီး ၁
အမိန့်တော်ရေး ၄ လက်နက်တိုက်ဝန်  ၁
အမှာတော်ရေး ၄ လက်နက်တိုက်စိုး   ၂
အသုံးစာရေး ၄ ကသောင်းမြောင်တိုက်စာရေး ၁
အဝေးရောက် ၄ ကသောင်းမြောင်တိုက်စာရေး ၁
မြန်မာသံခံ ၄ လက်ဆောင်ယူတိုက်စိုး  ၁
ရှမ်းသံခံ  ၂ လက်ဆောင်ယူတိုက်စိုး  ၁
● လွှတ်တော်၏နောက်ဆုံးနေ့ရက်များ
လွှတ်တော်သည်ပုဂံခေတ်လောက်မှစတင်ပေါ်ပေါက်ခဲ့ပြီး သားစဉ်မြေးဆက်မြစ်တော်အထိ အဓွန့်ရှည်စွာတည်ရှိခဲ့ သည်။  ခေတ်ပေါင်းများစွာ နှစ်ပေါင်းများစွာထင်ရှားခဲ့သည်။ သို့သော်သီပေါမင်းလက်ထက်အင်္ဂလိပ်-မြန်မာစစ်ပွဲဖြစ်ပြီး ရပြီး သူ့ကျွန်ဘ၀ရောက်ခဲ့ရသည်မှစ၍ မြန်မာ့လွတ်လပ်ရေးနှင့်အတူ မြန်မာ့ရှေးရိုးအစဉ်လာလွှတ်တော်ကြီးသည် လည်း ပျောက်ကွယ်သွားရလေတော့သည်။ ၂၂
● ကျမ်းညွန်းကိုးကား
၁။ ဇေယသင်္ခယာ။ ရွှေဘုံနိဒါန်းရန်ကုန်
၂။ ယင်း။ ၅၉။
၃။ ယင်း။
၎။ ပညာသာမိသီရိဝိဓမဟာရာဇိဓိရာဇာဂုရု။ ရာဇသေ၀ကဒီပနီကျမ်း။ ရန်ကုန်၊ ဟံသာဝတီ၊ ၁၉၀၁။ စာ-၁၁၂
၅။ ကျော်အောင်စံထား။ ဒုတိယ။ ဝေါဟာရတ္ထပကာသနီ။ ရန်ကုန်၊ လယ်တီပဏ္ဍိုင်၊ မ-၁၃၂၀၊ စာ-၆၅၄။
၆။ မြန်မာအဘိဓာန်အကျဉ်းချုပ် တွဲ(၄)၊ စာ-၁၄၅။
၇။ ယင်း။ ၁၄၅။
၈။ သန်းထွန်း။ ခေတ်ဟောင်းမြန်မာရာဇ၀င် ရန်ကုန်၊ မဟာဒဂုံစာပေထုတ်ဝေရေး၊ ၁၉၆၉။ စာ-၁၄၈။
၉။ ဖေမောင်တင်နှင့် ဂျီ၊ အိပ်၊ လုစ်။ မြန်မာတိုင်းရင်းကျောက်စာများ၊ ပ-စတုတ္ထစာအုပ်၊ လန်ဒန်၊ အောက်စ်ဖို့ဒ်တက္က သိုလ်ပုံနှိပ်တိုက်၊ ၁၉၃၉-၁၉၅၆။ ပုံ-၃၆၅၊ ၂၂၈၊ ၂၈၂၊ ၂၃၄၊ ၁၇၅၊ ၅၄/၆-၇။
၁၀။ ဦးဝင်းမောင်၊ `ရှေးဟောင်းလွှတ်တော်နှင့် မင်းမှုထမ်းများ´ တက္ကသိုလ်ပညာပဒေသာစာစောင်(၀ိဇ္ဇာ) တွဲ(၉)၊ ပိုင်း (၄)၊ (၁၉၇၄၊ ဒီဇင်ဘာ)၊ စာ-၁၁၀၊ ၁၁၂။
၁၁။ ဦးဝင်းမောင်၊ `ရှေးခေတ်လွှတ်နှင့်ဆောင်ရွက်ချက်များ´ တက္ကသိုလ်ပညာပေဒေသာစာစောင်(၀ိဇ္ဇာ) တွဲ ၁၀၊ ပိုင်း (၂)၊ (၁၉၇၅ ခု၊ ဇွန်လ)၊ စာ-၃၅၊ ၃၇။
၁၂။ ဦးမောင်မောင်တင်၊ စလေဦးပုညသမိုင်း၊ မန္တလေး၊ သူရိယသတင်းစာပုံနှိပ်တိုက်၊ စာ-၇၈။
၁၃။ မြကေတု၊ နန်းဓလေ့မှတ်တမ်းများ၊ ရန်ကုန်၊ လုပ်အားပုံနှိပ်တိုက်၊ ၁၉၆၆။ စာ-၃၂၁။
၁၄။ မစ္စတာတော်စိန်ခို၊ လွှတ်တော်မှတ်တမ်းရန်ကုန်၊ အစိုးရပုံနှိပ်ရေးနှင့်စာရေးကိရိယာဌာန၊ ၁၉၆၀၊ စာ-၁၃၇၊၁၄၉။
၁၅။ တက္ကသိုလ်ပညာပဒေသာစာစောင်(၀ိဇ္ဇာ)၊ တွဲ၉၊ ပိုင်း၎ (၁၉၇၄ခု၊ ဒီဇင်ဘာ) စာ-၄၃၊ ၄၈။
၁၆။ သီရိဥဇနာ။ လောကဗျူဟာကျမ်း၊ ရန်ကုန်၊ ပညာနန္ဒ၊ ၁၉၅၅။ စာ-၁၇၊ ၁၈၀။
၁၇။ ရာဇသေ၀ကဒီပနီကျမ်း စာ-၁၁၁။
၁၈။ နန်းဓလေ့မှတ်တမ်းများ စာ-၆၇၉။
၁၉။ မြန်မာမဟာမင်္ဂလာမင်းခမ်းတော် စာ-၂၃၇၊ ၂၃၈။
၂၀။ မြန်မာမင်းအုပ်ချုပ်ပုံစာတမ်း တတိယပိုင်း၊ စာ-၁၇၁။
၂၁။ ယင်း။ စာ-၂၇၂။

၂၂။ မောင်မောင်အေး(B.A.B.L)၊ `အမျိုးသားဘ၀နှင့်မြန်မာ့လွှတ်တော်´ ငွေတာရီမဂ္ဂဇင်း၊ မှတ်၂၈၃(၁၉၈၄၊ ဇန်န၀ါရီလ)၊ စာ-၆၄

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သန်းဝင်းလှိုင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်