ခင်ဇော်မိုး -`အဖေ´

May 7, 2017

ဂရပ်ဖစ် – အောင်ထက်

-`အဖေ´

(မိုးမခ) မေ ၇၊ ၂၀၁၇အဖေ့အသွင်မှာ သေးသေးသွယ်သွယ်ရှိပြီး ပေါ့ပါးဖျတ်လပ်သည်။ ပါးလှပ်နေသော မျက်နှာခင်းပေါ်၌ သွယ်စင်းနေသည့် နှာတံရိုးရှိသည်။ အချိုးကျကျ ပိရိသေသပ်သော နှုတ်ခမ်းသည် ယောက်ျားပီသစေပြီး ရဲရင့်ပြတ်သားခြင်းကို ဖော်ဆောင်နေဟန်ရှိသည်။ ကျယ်ပြန့်သော နဖူးပြင်သည် အင်္ဂလိပ်ဗျည်းအကြီး အယ်မ်(M) သဏ္ဌန်ရှိသည်။ ရှည်လျားသော အရပ်အမောင်းရှိပြီး အသားအရေသည် မဖြူမညို။ ဘေးတဖက်ခွဲကာ အမောက်ပုံစံယူသိမ်းထားသည့် ဆံပင်တိုတိုဘိုကေပုံစံမှာ အဖေ့ရုပ်ရည်နှင့် အင်မတန်လိုက်ဖက်တင့်တယ်သည်။ ကျမမျက်စိထဲတွင် အဖေသည် လေးစားချစ်ခင်ဖွယ် ဥပဓိဖြင့်ပြည့်ဝသည်။

အဖေနှင့် အတူရှင်သန်နေထိုင်ခွင့်ရသော မိသားစုအသိုက်အမြုံ ကလေးမှာ သက်တမ်း ၁၄ နှစ်မျှသ ရှိသည်။ ကျမအသက် ၁၄ နှစ်သမီးအရွယ်တွင် အဖေဆုံးသွားခဲ့ခြင်းဖြစ်သည်။ အင်မတန်တိုတောင်းနည်းပါးသည့် အချိန်ဟုထင်မြင်မိ၏။ န၀မတန်းစာမေးပွဲကြီး မဖြေမီအချိန်လေးတွင် အဖေဆုံးသွားခဲ့သည်။ ကျမအတွက် အင်မတန်မှချောက်ချားစရာ ကောင်းခဲ့သည်။ ဤမျှကာလအပိုင်းခြားလေးဖြင့် အဖေနှင့်ခွဲခွာရမည်ဟု ထင်မထားခဲ့ခြင်းပင်။ အဖေ့စကားတွေ အဆုံးအမတွေ နားထောင်ကောင်းသည့် အချိန်မှာပင် ချစ်လို့မ၀၊ ဆိုးလို့နွဲ့လို့မ၀၊ မသိနားမလည်ခြင်းတွေ စူးစမ်းမေးမြန်းလို့မပြီးသေးသည့်အချိန်ကာလကလေးမှာ အဖေ့ကို ဆုံးရှုံးလိုက်ရသည်။ ယူကျူံးမရ ဖြစ်ရလွန်းခဲ့သည်။

ကျမသည် အမေထက် အဖေ့ကိုသာ ပို၍အားကိုးချစ်ခင်သော သူဖြစ်သည်။ ဤသို့ဖြစ်ရသည်မှာလည်း အကြောင်းရင်းများစွာ ရှိနေသောကြောင့်ပင်။ ဘယ်သောဘယ်အခါမှ မေ့မရသော အတိတ်ပုံရိပ်များစွာရှိသည်။ ကျမအထက် သုံးနှစ်ကြီးသော အစ်ကိုတယောက်ရှိသည်။ ငယ်ငယ်ကရန်ဖြစ်လျှင် အဖေသည် ကျမဘက်မှအမြဲနေပေးသည်။ `မင်းကအကြီး ငါ့သားရဲ့ ကိုယ့်ညီမလေးကိုအလျှော့ပေးမှပေါ့´ဟုဆိုကာ သင့်မြတ်အောင်နေဖို့ ကြီးနိုင်ငယ်ညှဉ်းမလုပ်ဖို့ အမြဲဆုံးမသည်။ ထို့ကြောင့် ကျမသည် ဆိုးခွင့်နွဲ့ခွင့် ဂျီကျခွင့်ကို ထိုစဉ်က အပြည့်အ၀ရရှိခဲ့သည်။ ကလေးဘ၀ဖြစ်၍ ဘယ်လိုကြောင့်ပဲဦးစားပေးပါစေ အင်မတန်မှ ကျေနပ်ပျော်ရွှင်စရာ ကောင်းလှသည်။ မှတ်မိပါသေးသည်။ ကျမငယ်စဉ် ဆယ်နှစ်၊ ဆယ့်တစ်နှစ် အရွယ်ခန့်တခုသော သီတင်းကျွတ် မီးထွန်းပွဲတွင် အများနည်းတူ ​ဗြောက်​အိုးများ ၊ဗြောက်လိပ်ဗူးကလေးများ ၊ တဖျပ်ဖျပ်မြည်ကာ မီးများဖွာကျနေတတ်သည့် ကြိုးဗြောက် ကလေးများ ဖောက်လိုခဲ့သည်။ အမေသည် အစ်ကို့အားဗြောက်အိုး ဗြောက်လိပ်များဝယ်ရန် ပိုက်ဆံပေးခဲ့သော်လည်း ကျမအား မပေးခဲ့ပါ။ အကြောင်းမှာ မိန်းကလေးဖြစ်၍ ဗြောက်အိုး၊ ဗြောက်လိပ်မဖောက်ရဘူးဟု ဆိုခဲ့သည်။

အမေသည် ရှေးမကျ နောက်မကျ ဖြစ်သူဟုပင်ပြောလို့ရသည်။ သို့သော် ကျေးရွာဓလေ့များတွင် မိန်းကလေးများအား တင်းကြပ်သော စည်းများဖြင့် အရောင်ပြယ်စေတတ်သည်။ မှေးမှိန်စေသည်ဟု မြင်မိသည်။ ထိုအခါ၌ ဘယ်လိုပင်ချွဲနွဲ့ပြောစေ ဗြောက်အိုးမဖောက်ရ သည့်အဆုံး စိတ်ပျက်အားငယ်စွာဖြင့် ကျမသည် ငိုသံမထွက်ဘဲ မျက်ရည်ပေါက်ကြီးများတသွင်သွင်ကျနေသည်ကို အဖေမြင်သောအခါ `ညည်းအမေမပေးရင် အဖေပေးမှာပေါ့သမီးရယ် ´ဟုဆိုကာ အဲ့ဒီခေတ်ကအထူတစ်လက်မခန့်ရှိသော ဗီဒွီယိုခွေဆံနှင်အခွံကြား ထိုးခေါက်ထည့်ထားသော ပိုက်ဆံခေါက်များကို ထုတ်ယူကာ ပေးသည်။ ထို့နောက် `ဟောဒီမှာကြည့် အဖေ့မှာနောက်ထပ်ပိုက်ဆံတွေ ကျန်သေးတယ်။ နောက်ကျလည်း သမီးအမေမပေးရင် အဖေပေးမယ်´ဟုဆိုကာ ပြောသဖြင့် ကျမမှာအင်မတန်ပျော်ရွှင်ခဲ့ရသည်။ ဤသို့အမေ့ထက် အလိုလိုက်ခဲ့ခြင်းများသည် အဖေ့အား ပို၍အားကိုးချစ်ခင်ခဲ့တော့သည်။

နောက်ထပ် ရှိပါသေးသည်။ အဖေ၏အလိုလိုက်မှု၊ ဦးစားပေးမှုများကြောင့်လားမသိပါ။ အဖေအနားအား ပို၍ကပ်ခဲ့သည်။ အဖေတို့ငယ်စဉ် အဖေတို့ခေတ်၌ ရွာမှာတန်းကျောင်းမရှိသေးသော်လည်း အဖေသည် ဘုန်းကြီးကျောင်းနေခဲ့၍ စာဖတ်နိုင်သည်။ မုံရွာဇောတိကကျောင်းတိုက်တွင် ပညာသင်ကြားနေသော ဦးပဉ္ဇင်းသည် သူ၏ရဟန်းဒါယိကာဖြစ်သော အဖေ့ထံ စာအုပ်များ ပို့ပေးတတ်သည်။ ထိုစဉ်က စာအုပ်များမှာ ရတနာမွန်မဂ္ဂဇင်းများနှင့် ငါးရာ့ငါးဆယ်ဇာတ်နိပါတ်တော် စာအုပ်များသာဖြစ်သည်။ အဖေသည် နေ့တိုင်းလိုလို ပုံပြင်များပြောပြလေ့ရှိသည်။ ညနေခင်းချိန်များတွင် ပုံပြင်ပြောလေ့ရှိ၍ ရွယ်တူအိမ်နားနီးကလေးများသည် အဖေ့ပတ်ပတ်လည်တွင် နေရာလုကြစမြဲ။ ကျမတို့တတွေသည် ပုံပြောသော အဖေ့အမူအယာ အဖေ့မျက်နှာအား မှင်တက်ငေးမော ရဆဲ။

မူလတန်းမှ လေးတန်းအထိ ရွာချင်းကပ်လျက်ရှိသော အဖေတို့ရွာကျောင်းတွင် နေရသည်။ ရွာခံကျောင်းသားများသည် ကျောင်းဆင်းသည့် အချိန်တိုင်း ကျမတို့တတွေအား လိုက်ရိုက်တတ်သည်။ အဖေ့ကိုပြောပြသည့်အခါ မကြောက်ဖို့ပြောပြသည်။ `ကြောက်မှန်းသိရင် ချောက်ချင်ကြတယ်သမီးရဲ့၊ သူများကိုလည်းမစနောက်နဲ့ ၊ သူ့များအပေါ်ကိုလည်း မဟုတ်မမှန်တာမလုပ်ရဘူး။ ဒါဆို ဘယ်သူ့ကိုမှ သမီးကြောက်နေစရာမလိုဘူး´ဟု ပြောပြခဲ့သည်။ နေ့တိုင်းလိုလိုအရိုက်ခံရ၍ ကျောင်းမသွားရဲတော့အောင်၊ စိတ်အနှောက်အယှက် ဖြစ်နေရသောကျမကို အဖေသည် မကြောက်ရွံ့တတ်အောင်သင်ကြားပေးခဲ့သည်။ ထို့နောက် တယောက်တည်းသီးခြားနေ၍ တကုပ်ကုပ် ပန်းချီဆွဲရခြင်းကို နှစ်ခြိုက်သည်။ သဘောကျသောရုပ်ပုံမှန်သမျှ ပန်းချီဆွဲသည်။ အဖေ၊ အမေနှင့် အစ်ကိုအစ်မများအား ဆွဲထားသောပုံများလိုက်ကြွားတိုင်း အမေသည် မချီးမွှမ်းပါ။ အဖေသာလျှင် `သမီးက တော်လိုက်ဟု အသိအမှတ်ပြုလေ့ရှိခဲ့သည်။

ဆဋ္ဌမတန်း၊ သတ္တမတန်းအရွယ်ရောက်သောအခါ အဖေ့နည်းတူ စာအုပ်များကိုလိုက်လံဖတ်သည်။ မှတ်မှတ်ရရ ရတနာမွန်မဂ္ဂဇင်းတွင် ရာဇ၀င်ဇာတ်ကြောင်းများကို လစဉ်စောင့်၍ဖတ်သည်။ အဖေ့ထံမှ စာဖတ်ခြင်းကို အမွေရကာ စာကိုခံတွင်းတွေ့လာသည်။ ကျောင်းတွင် မုန့်စားကျောင်းနှင့် အားလပ်ချိန်၊ ထမင်းစားကျောင်းဆင်းချိန်များတွင် ဆရာမနားနေခန်းမှ ရုပ်ပြစာအုပ်များကို ယူ၍ဖတ်သည်။ အဖေသည် စာဖတ်ခြင်းကို အားပေးသော်လည်း အမေသည် လခစားမဟုတ်ဘူးဟုပြောကာ စာဖတ်ခြင်းအားငြိုငြင်လေ့ရှိသည်။ ထို့ကြောင့် အဖေ့ကို အမေ့ထက် အားကိုးမိသည်။ ချဉ်းကပ်မိသည်။

အသက် ၁၂ နှစ် ၁၃ နှစ်အရွယ် ကျွန်မကို အဖေသည် သျှောင်နောက်ဆံထုံးပါသော အကြောင်းမှ စပ်လျဉ်း၍ ဖခင်ဖြစ်သူမှာကြားသော အချက်များအား ပြောပြ၏။
ထိုအထဲမှ အဖေသည် အတွင်းမီးကိုအပြင်မထုတ်ရန်နှင့် အပြင်မီးကိုအိမ်မသယ်ရန် အချက်အား ကောက်နှုတ်ပြော၏။ ထို့နောက် စေးထမ်းသော အမွှေးအမျှင်ရှိပြီး လူသားစားဘီလူးကြီးအကြောင်းကိုလည်း ပြောပြခဲ့သည်။ မင်းသားလေးသည် အင်းအားမယှဉ်နိုင်သဖြင့် ဉာဏအားဖြင့် သူ့ဝမ်းဗိုက်အတွင်း၌ ၀ရဇိန်လက်နက်ရှိသည်ဟုဆိုကာ ဉာဏ်ကိုသုံးခဲ့ခြင်းဖြင့် ဘီလူးကြီးအားကျွတ်တမ်းဝင်စေခဲ့သည့် ပုံပြင်ကိုလည်း ပြောပြဖူးသည်။ မလိုအပ်ဘဲကြောက်ရွံခြင်းဖြစ်လျှင် အသုံးမ၀င်ကြောင်းကိုလည်း ပြောပြခဲ့သည်။ ထို့နောက် ဆုတော်ငွေ ထုတ်ယူမိသဖြင့် ဘီလူးထံထမင်းထုပ်ပို့ရသော မုဆိုးမမိခင်ကြီး၏သားအကြောင်းကိုလည်း ပြောပြခဲ့သည်။ ထီး၊ ဖိနပ်နှင့် အိုးစည်မောင်း ကိုယူဆောင်ကာ ထမင်းပို့သွားသော လူငယ်ကလေးသည်လည်း မိခင်မှာသော တရားကိုမမေ့သည့်အပြင် ဉာဏ်ပညာစူးရှမှုကြောင့် အသက်ဘေးမှ လွတ်ခဲ့သည်။ ဘီလူးကို ကျွတ်တမ်းဝင်စေသည့် လူငယ်ကလေးသည် သတိနှင့်ဘာသာတရားအပေါ် မမေ့မအပ်သောကြောင့် ဘီလူးကြီး၏အစာအဖြစ်မှ လွတ်ခဲ့ရကြောင်းကိုလည်း အဖေပြောပြပေးခဲ့သည်။

နှာစေးနေပါသည်ဟုဆိုသော ယုန်ကလေး၏အကြောင်းကိုလည်း ပြောပြခဲ့သည်။ ထိုပုံပြင်များသည် မမေ့နိုင်သောပုံပြင်လေးများသာ။ ဒဿ ဂီရိနှင့် မယ်သီတာအကြောင်း၊ သီဝိမင်းကြီးနှင့် ဥမ္မာဒါနီအကြောင်း၊ ရှင်မွေ့နွန်းနှင့် မင်းနန္ဒာ အကြောင်း၊ ပဋိက္ခရားနှင့် ရွှေအိမ်စည်အကြောင်း စသဖြင့် မရေမတွက်နိုင်သော ပုံပြင်များစွာကို ပြောပြခဲ့ပါသည်။

အဖေသည် ပုံပြောရာတွင် ဟန်ပန်မုအပြည့်ဖြင့် ရင်ဘတ်ကိုလက်ဝါးဖြင့်ဖိလိုဖိပြ၊ မျက်လုံးတွေကိုမှေးစင်းထားပြီး ပြောလိုပြောပြသည်မှာ အသက်ဝင်လွန်း၍ ကြေကွဲစို့နစ်ဖွယ်ရာ ဇာတ်ကြောင်းများဆိုလျှင် ကျမငိုမိတော့သည်။ နှပ်တရှုံ့ရှုံ မျက်ရည်တသုတ်သုတ် ဖြစ်နေတတ် သော ကျမကိုကြည့်ပြီး `အမလေး ငါ့သမီးရယ် ခံစားတတ် သနားတတ်လိုက်တာ မငိုနဲ့တိတ်တိတ်´ဟုဆိုကာ ကျမဦးခေါင်းကို လက်ဝါးဖြင့်ပွတ်သပ်ရင်း အဖေက ရယ်မောတတ်သည်။

အဖေသည် ဟင်းချက်လည်း ကောင်းသည်။ အမေ့ကို အလိုလိုက်သည်ဟု သိရသည်။ အဖေသည် အမေ့ကို အင်မတန်ချစ်သည်ဆိုသည် မှာ အကြွင်းမဲ့ယုံကြည်ပါသည်။ ထန်းရေ၊ အရက်ကို အဖေလုံးဝမသောက်တတ်ပါ။ သို့သော် ကွမ်းကြိုက်သည်။

တခါက ထမင်းဝိုင်း၌ ကုလားပဲရွက်ဟင်းထဲတွင် ခါးဖြတ်ချိုးကာထည့်ထားသော ငရုတ်သီးတောင့်ကို ပဲရွက်နှင့်ရောပြွမ်းစားမိ၍ လျှာကို ထုတ်လျက် လက်ဖြင့်လေဟပ်ရင်း စပ်လိုက်တာဟု အော်ပြောရာ `ဘယ်ငရုတ်သီးလဲ အဖေ့သမီးကို စပ်အောင်လုပ်တာ၊ ကဲစပ်ချင်ဦး´ဟု ဆိုကာ ဟင်းခွက်ထဲရှိငရုတ်သီးပိုင်းများကို ခပ်ယူကာ စားပြသည်။ ငရုတ်သီးစိမ်းတောင့်များသည် ရင့်နေလှ၍ စပ်လွန်းလှသည်။ အဖေက မစပ်ဘူးဟုပြောသော်လည်း မျက်ရည်များလည်နေသောကြောင့် ထမင်းဝိုင်းရှိလူအားလုံး ရယ်ကြတော့သည်။ အဖေလည်း ရောပြီးလိုက်ရယ်မောသည်။

အဖေသည် ကျမဘ၀မှာ အမှတ်တရများစွာဖြင့် ပြည့်နှက်နေဆုံးသော သူတဦးဖြစ်သည်။ ၂၀၀၅ ခုနှစ် နှစ်ဆန်းပိုင်း၌ အဖေ့တွင် ရောဂါဆိုး၏လက္ခဏာရပ်များကို စတင်ခံစားရတော့သည်။ မျက်လုံးမှမျက်ရည်စက်သည် အလိုအလျောက်ကျလာတတ်သည်။ အမြဲတမ်းမဟုတ်ဘဲ တစက်တလေ ကျလာတတ်ခြင်းဖြစ်သည်။ ဦးခေါင်းနောက်ဘက်တခြမ်းကိုက်ခဲသည်။ တဖြည်းဖြည်း ရောဂါဝေဒနာ ခံစားရမှုသည် တနေ့ထက်တနေ့ ပိုကဲလာသည်။ ခေါင်းကိုက်ပျောက်ဆေးတွေစားသည်။ မုံရွာဆေးခန်းကိုသွားပြသည့်အခါ ဆရာမက မျက်ရည်ယိုခြင်းကြောင့် မျက်လုံးေ၀၀ါးသည်ဟုထင်ကာ စာတွေဖတ်ခိုင်းသည်ဟု အဖေပြောပြသည်။

ဒီလိုနှင့် ဆေးတွေစားလိုက် ဆေးခန်းပြလိုက်လုပ်နေရင်း မျက်လုံးအိမ်အရင်းမှ အဖုအကြိတ်တခုထွက်လာတော့သည်။ သွေးပြည်နာထင်ကာ အပ်ဖောက်၍စုပ်သည်ဟု သိရသည်။ ထိုအချိန်က ကင်ဆာဆိုသည်မှာ ကိုးရီးယားဇာတ်လမ်းတွဲထဲမှ လီဆောင်းဦးတွင် သွေးကင်ဆာရှိနေခြင်းသာ ကြားဖူးပါသည်။ ထို့ကြောင့် မည်သူမျှကင်ဆာဟု မထင်မိသည်မှာ အပြစ်မတင်လို။ မုံရွာတွင်မသက်သာ၍ မန္တလေး နန်းတော်တွင်ပြသသည်။ နောက် ဓာတ်ကင်ဖို့ပြောသည်။ အားလုံးတိုင်ပင်၍ ထိုကုသမှုကို ငြင်းပယ် လိုက်ကြသည်။ နောက် `ငြိမ်း´မှာကုသသည်။ ဆေးထုတ်ဆေးစားရသည်။ နောက် ဗမာဆရာနှင့်လည်းကုသည်။ ဆေးမြီးတိုအစုံပါပဲ။

နောက်ဆုံး ကုသမှုမှာ မြိုင်နယ်ထဲမှ ညောင်ပင်သာရွာတွင် ကုသမှုခံယူလိုက်တော့သည်။ အမနှစ်ယောက်က တယောက်တလဲ အဖေ့ကို ပြုစုကြသည်။ အစာစားနိုင်ကာ ၀ဖြိုးလာ၍ ရောဂါပျောက်ကင်းပြီဟု အားလုံးကထင်မှတ်နေကြသည်။ အနာမှအမြစ်ဖွေးဖွေးများကျွတ်ကျသွားပြီးဟု သိရသည်။ နောက်ထပ်အမြစ်ထွက်မလာပါက အကင်းပျောက်မှာဖြစ်ကြောင်း ဆရာကပြောသည်။

အချိန်အနည်းငယ်စောင့်ကြည့်ရမည်ပြော၍ တမိသားစုလုံး ရင်တထိတ်ထိတ်ဖြစ်ခဲ့ရသည်။ နောက်ဆုံးတော့လည်း ခွဲခွာကြဖို့ အဖေဟာ ခရီးအဝေးကြီးသွားဖို့ လက်မှတ်တစောင်ဖြတ်လိုက်သလိုပါ။ ဘယ်တော့မှပြန်မလာတော့မည့် ဘယ်အရပ်ကိုရည်ညွှန်းရမှန်း မသိနိုင် သည့်တနေရာဆီကို အဖေထွက်ခွာတော့မည်။ ဒါဟာ ကျမတို့မိသားစုအတွက် ၀ဋ်ကြွေးတခုပါပဲ။

အဲသလိုရောဂါဝေဒနာသည်းထန်နေသည့်ကြားမှ အစာအိမ်ပေါက်ခဲ့သေးသည်။ အလွန်အမင်းသောက်ခဲ့မိသော ခေါင်းကိုက် ပျောက်ဆေး များဒဏ်က ရုပ်လုံးဝင်ပြသည်။ မုံရွာမှာခွဲစိတ်မှုပြုခဲ့သည်။ ထို့နောက်မှ အိမ်တွင်တတ်အားသမျှ ကုသနေတော့သည်။ ရောဂါဆိုးထံမှ အဖေ့ကို ဆွဲထုတ်ယူလို့မရတော့ဘဲ ရောဂါဆိုးကသာ အဖေ့ကို မိသားစုနှင့်ဝေးရာသို့ ခေါ်ဆောင်သွားတော့မည်သာ။ မယုံကြည်နိုင်စရာ ဖြစ်ခြင်းတွေကိုလက်ခံရတာ အပင်ပန်းဆုံးအခက်ခဲဆုံးပါပဲ။ အဖေကွယ်ရာ၌ ကျမတို့တမိသားစုလုံး နေ့စဉ် ရက်ဆက် ငိုကြွေးခဲ့ကြသည်။ `အဖေ့ကို မရတော့ဘူးလို့´ဆရာ့ဆီကစကားကို အစ်မတွေပြန်ပြောသည့်နေ့က အဲ့ဒီစကားလေးမဆုံးခင် အစ်မအသံတွေ တိမ်ဝင် သွားခဲ့သည်။ အဖေ့ကိုဆုံးရှုံးရတော့မယ်ဆိုသော အတွေးမှာ နာကျင်ကြေကွဲစွာ ခံစားကြရသည်။

မိုးနဲ့လေ ရောပြွမ်းပြီး သည်းကြီးမဲကြီးမိုးတွေရွာ လေတွေတိုက်သည့်အခါ `ကြောက်စရာကြီးနော်လို့´အဖေ့အနားကပ်ပြီးပြောရင် `အဖေရှိတယ်လေ သမီး၊ ဘာမှကြောက်စရာမလိုဘူး´လို့ ပြောခဲ့သည်။ လျှပ်စီးတွေလက်ပြီး မိုးတွေထစ်ချူန်းနေတဲ့ညတွေဆိုလည်း `အဖေရှိတယ် မကြောက်ပါနဲ့သမီး´တဲ့။ ကျမတို့ငယ်ငယ်က ရွာမှာအသုဘရှိရင် ဇာတ်ထုပ်တွေ၊ ငိုချင်းသီချင်းကြီးတွေဖွင့်လို့
ချွေးစေးတွေထွက်ပြီ်း အိပ်လို့မရကြောင်းပြောတဲ့အခါ `ကိုယ့်အိမ်ကိုယ်ယာက သန့်နေတာ ပြီးတော့အဖေရှိပါတယ် ဘာမှ ကြောက် စရာမလိုဘူး´တဲ့လေ။

သိပ်ဟုတ်တာပေါ့။ အကြောက်တရားများစွာကို အဖေဟာ မောင်းထုတ်နိုင်တဲ့သူ။ အင်အားများစွာ ပေးနိုင်တဲ့သူ။ အဖေရှိတာပဲ ဆိုသည့်အတွေးသည် တလောကလုံးမှာ အာဏာအရှိဆုံးသူလို ခေါင်းမော့ရင်ကော့နေမိတာ။ နောက်ဆုံးတော့ ကျမတို့သားသမီးတွေအပေါ် အားပေးအားပြုနိုင်သည့် အဖေဟူသောလူတဦးကို ကျမတို့ဘ၀ထဲက ဆွဲထုတ်သွားခံလိုက်ရသည်။ မဖေမရှိတော့သည့်နောက် မိသားစုထမင်းဝိုင်းကလေး ပျက်သုဉ်းသွားခဲ့သည်။ သူဆာလျှင် သူစား၊ ကိုယ်ဆာလျှင် ကိုယ်စားစနစ်ဖြင့်သာ ခူးခပ်စားကြတော့သည်။ အဖေနှင့်အတူစားခဲ့ဖူးသော လက်စုံမိသားစုထမင်းဝိုင်းကလေးကို နေ့စဉ်သတိရလွမ်းဆွတ်မိပါသည်။ မိသားစုတန်ဖိုးဟာ အဖေမရှိတာနှင့် ပျက်ပြယ်လွင့်နိုင်သည်မှာ အမှန်ပင်။

အဖေပြန်လာမှာပဲလို့ ကျမထင်ခဲ့ဖူးသည်။ သို့သော် အဖေပြန်မလာတော့သည့် နေ့ရက်များကို နာနာကျင်​ကျင်​ လက်ခံခဲ့ရတော့သည်။

တချို့တွေက ပြောကြသည်။ အဖေကို အမေလောက်မချစ်ကြဘူးဟု ဆိုသည်။ ကျမဘ၀တလျှောက် ဘယ်တော့မှ အမေ့ထက်နည်းသော ချစ်ခြင်းဖြင့် မချစ်ခဲ့ပါ။ အဖေတွေဟာ အမေတွေထက် နှုတ်စကားနည်းချင်နည်းမည်။ သို့သော် ချစ်ခြင်းမေတ္တာသည် နည်းလိမ့်မည်မဟုတ် ဟု ကျမယုံကြည်သည်။ စိတ်ချင်းထပ်တူကျ၍ ပိုလို့သာချစ်ခဲ့ အားကိုးခဲ့ရသည်။ အဖေ့ချွေးဖြင့်ဆောက်ခဲ့သည့်အိမ်မှာ ကျမတို့ အေးချမ်းစွာ နေထိုင်နိုင်သည်။ အဖေစိုက်ခဲ့သည့် မာလကာပင်မှအသီးများအား ကျမတို့လွယ်လင့်တကူ ခူးစားနိုင်သည်။ သရက်ပင်မှသရက်သီးများ လိုသလိုစားနိုင်သည်။ အုန်းပင်ကအုန်းသီးတွေ စားချင်သည့်အချိန် စားနိုင်သည်။ တောကကန်သင်းရိုးပေါ်မှာ သြဇာပင်တွေ စိုက်ထားခဲ့ သည်။ အဲ့ဒီအချိန်က `တောမှာဘာ့လိုစိုက်တာလဲ´မေးတော့ `နောက်ကျရင် အဖေ့သမီးတွေသားတွေ ခူးစားဖို့ပေါ့´ဟုအဖေပြောသည်။

အခုဆိုသြဇာသီးချိန် တောကိုရောက်သွားသည့်အခါ သြဇာပင်တန်းကသြဇာသီးတွေ အလွယ်တကူ ခူးခဲ့နိုင်ပါသည်။ အဖေသည် ကျမအတွက် တနေ့တရက်မှ မေ့ပျောက်ခြင်းမရှိနိုင်သော လူသားတဦးဖြစ်ပါသည်။ နေ့စဉ်ပြုသမျှသော ကုသိုလ်များကို အဖေ့အတွက် ရည်စူးပါသည်။ ယခုဘ၀ကဲသို့သော ရောဂါဝေဒနာဆိုးနှင့် ဖြစ်လေရာဘ၀တိုင်း အဖေမကြုံမတွေ့ရပါစေနှင့်ဟုသာ ကုသိုလ်ပြုတိုင်း၊ ဖျတ်ခနဲ ဖျတ်ခနဲသတိရလိုက်တိုင်း မမေ့မလျော့ ဆုတောင်းမေတ္တာပို့သမိပါသည်။

ခင်ဇော်မိုး
၂.၅.၂၀၁၇


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်