မောင်စွမ်းရည် – စာအုပ်

May 9, 2017


မောင်စွမ်းရည် – စာအုပ်

(မိုးမခ) မေ ၉၊ ၂၀၁၇

‘စာအုပ်စာပေ၊ လူ့မိတ်ဆွေ’ဆိုတဲ့ စကားကို အဆွေစာဖတ်သူကြားဖူးပါစ၊ ကမ္ဘာတခွင်မှာ ‘စာအုပ်နှစ်’ ဆိုပြီး အထိမ်းအမှတ်ပွဲတစ်ခုလုပ်ခဲ့ဖူးတယ်။ ဗမာပြည်မှာပဲ လုပ်တယ်။ ကျွန်တော်ကအသက်ကြီးလာတော့ ခုနှစ်တွေသိပ်မမှတ်မိတော့ဘူး။ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ကျော်လောက်ကလို့ ထင်တာပါပဲ။ ထားပါတော့။ စာအုပ် ကိုအလေးအမြတ်ပြုပြီး ‘စာအုပ်နှစ်’ဆိုတာကို ပြုလုပ်ဂုဏ်ယူခဲ့ကြဖူးတယ်ဆိုတာလေးကို သိစေချင်တာပါပဲ။

‘စာအုပ်’ဆိုတာ ဗမာလူမျိုးတွေရဲ့အိမ်မှာ အိမ်တိုင်းရှိလိမ့်မယ်လို့ မျှော်လင့်လို့တော့မရပါဘူး။ သာမန် စာအုပ်တအုပ်ရဲ့ဈေးနှုန်းဟာ မပြောပလောက်ပါဘူး။ ကွမ်းယာတယာဖိုး၊ လက်ဖက်ရည်ကော်ဖီတခွက်ဖိုး လောက်နဲ့ ၀ယ်လို့ရတဲ့စာအုပ်တွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ အဲဒီစာအုပ်ကလေးတအုပ်ကိုပဲ စာမဖတ်တတ် လို့ မ၀ယ်သူလဲရှိတယ်။ စာဖတ်တတ်ပေမဲ့ စာအုပ်ဖိုး မတတ်နိုင်လို့ မ၀ယ်သူလဲရှိတယ်။ စာအုပ်ဖိုးလဲတတ်နိုင်ပါ ရဲ့၊ စာလဲဖတ်တတ်ပါရဲ့၊ ဒါပေမဲ့ စာမဖတ်အား၊ မဖတ်ချင်လို့မ၀ယ်သူလဲ ရှိလေရဲ့။

တကယ်တွေးကြည့်ရင် ‘စာအုပ်’ဆိုတာ လူ့သမိုင်းမှာ ပေါ်ထွက်လာတာ အလွန်အံ့သြစရာကောင်းပါ တယ်။ လူသားရဲ့အစွမ်း၊ လူသားရဲ့အရည်အချင်းဟာလဲ အလွန်အံ့သြစရာကောင်းပါတယ်။ စာအုပ်တအုပ်မှာ ၁။ စာတွေရယ်၊ ၂။ စက္ကူရယ်၊ ၃။ ပုံနှိပ်အတတ်ပညာရယ်၊ အဓိက ‘လူ့အစွမ်း သုံးရပ်’ပါရှိနေပါတယ်။

စာအရေးအသား တီထွင်အောင်မြင်ခြင်းဟာ လူ့သမိုင်းမှာ အလွန်ကြီးကျယ်တဲ့အောင်မြင်မှုပါ။ ခုအခါ တွေးကြည့်ရင်တော့ ဘာမှမဆန်းသလိုပဲပေါ့။ ‘စာ’ဆိုတာ ‘စကား’ကို အက္ခရာသင်္ကေတနဲ့ ပြောင်းလဲမှတ်သား တဲ့ကိစ္စပါ။ ‘စကား’ဆိုတာလဲ လူသားရဲ့ကြီးကျယ်တဲ့တီထွင်မှုတစ်ခုပါပဲ။ စကားပြောတတ်တဲ့အတွက် လူသား ဟာ အများကြီးတိုးတက်လာခဲ့တယ်။ တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ရေးတိုးတက်လာခဲ့တယ်။ တိရစ္ဆာန်တွေမှာ ဆက်သွယ်ရေးစကားရှိပေမဲ့ အလွန်နည်းတယ်။ လူတွေက အတွေ့အကြုံနဲ့ အတွေးအခေါ်တွေကို အသံနဲ့ဖော် ထုတ်နိုင်တယ်။ အဲဒါ ‘စကား’ပေါ့။ ‘စကား’က ‘အသံ’ပဲ။ အဲဒီအသံကို အက္ခရာသင်္ကေတနဲ့ မှတ်သားတာကို ‘စာ’ လို့ခေါ်တာပဲ။ စာကို ပေရွက်၊ ထန်းရွက်၊ ကျူရွက်၊ ၀ါးပြား၊ သစ်ပြား၊ ရြွံ့ပား၊ ကျောက်ပြား၊ စက္ကူစတဲ့အပေါ်မှာ ရေးမှတ်နိုင်တယ်။ ရေးမှတ်ထားတဲ့စာကို ကမ္ဘာတည်သရွေ့တည်တံ့နေအောင် ထိန်းသိမ်းနိုင်တယ်။ ဗမာပြည် တနံတလျား၊ ကမ္ဘာအနှံ့အပြား ဘယ်လောက်ဝေးဝေး စာတိုက်ကပို့လိုရတယ်။ ကားနဲ့၊ သင်္ဘောနဲ့၊ လေယာဉ် ပျံနဲ့အပြင် အင်တာနက်အီးမေးနဲ့လဲပို့လို့ရတယ်။

စာကို ရွှံ့ပြား၊ ကျောက်ပြား၊ ပေရွက်၊ ထန်းရွက်ပေါ်ရေးတဲ့အခါ ရေးစရာစာရွက်က ရှားပါးတယ်။ စက္ကူ ကို တရုတ်လူမျိုးတွေက တီထွင်လိုက်တော့ ရေးစရာစာရွက် ပေါပေါများများရလာတယ်။ စာတမျိုးကို စာရွက် သိန်းသန်၊ ပွားများအောင်လုပ်လို့ ပုံနှိပ်စက်လဲ တရုတ်ကတီထွင်တယ်ပြောပေမဲ့ တကယ့်ခေတ်မီပုံနှိပ်စက်ကို ကူတင်ဘတ်ကတီထွင်တယ်။ ၁၄ရာစု အလယ်လောက်က ဂျာမနီမှာ ပုံနှိပ်စာလုံးနဲ့ ပုံနှိပ်စက်ကိုတီထွင်လိုက်တဲ့အတွက် လူသားသမိုင်းဟာ အကြီးအကျယ်ပြောင်းလဲ တိုးတက်သွားခဲ့ရတယ်။ ဒါ့ကြောင့် စာအုပ်တစ်အုပ်မှာ ‘စာ’ ‘စက္ကူ’ ‘ပုံနှိပ်စက်’ဆိုတဲ့ လူသားတို့ရဲ့ မဟာတီထွင်မှုကြီး သုံးခုပါနေတယ်လို့ဆိုလိုပါတယ်။ ဒါ့ကြောင့် စာ အုပ်ဟာ လေးစားဖွယ်ဖြစ်ပါတယ်။

ဗမာလူမျိုးကတော့ ‘စာတလုံး ဘုရားတဆူ’လို့အယူရှိတယ်။ ဗျည်း ၃၃လုံး ဘုရားရှိခိုးစာကို ကျွန်တော် တို့ငယ်စဉ်က ရွတ်ဆိုခဲ့ကြရတယ်။ ကကြီးဟူသည်ကား က္ဏောည ပုဏ္ဏားသည်… … က စတင်ပါတယ်။ ဒါ့ကြောင့် စာအုပ်ကို မြေပေါ်မချရဘူး။ ဘုရားစာအုပ်၊ တရားစာအုပ်ဆိုရင် ဘုရားစင်ပေါ်မှာ တင်ထားလေ့ရှိပါတယ်။ ဒီ ဓလေ့ဟာ တောရွာမှာတော့ ခုထက်တိုင်အောင် ရှိပါသေးတယ်။ မြို့ပြမှာတော့ မရှိတော့သလောက်ပါပဲ။ အမေရိကားရောက်တော့ စာအုပ်တွေလွှင့်ပစ်ထားတာ လမ်းဘေးအမှိုက်ပုံမှာ မကြာခဏတွေ့ရတတ်ပါတယ်။ ဗမာလူမျိုးက ဗမာစာအုပ်မဟုတ်ရင် ခြေနဲ့နင်းဖို့ ၀န်မလေးပါ။ ဗမာစာကို အိမ်သာထဲ ယူမသွားပေမဲ့ အင်္ဂလိပ်စာရွက်နဲ့ ကလေးမစင်ကို ထုပ်ပြီးပစ်ဖို့ ၀န်မလေးပါ။ အံ့စရာပါပဲ။

ဒီတိုင်းပြည်မှာ ဗမာလူမျိုးတွေရောက်နေကြတာ အများကြီး။ ဒီမှာပဲ ကျောင်းနေ၊ စာသင်၊ ဘွဲ့ရသူတွေလဲ အများကြီး။ စာဖတ်သူတော့ အလွန့် အလွန် နည်းပါတယ်။ ကျွန်တော်က ‘ဖတ်မလား’လို့ စာအုပ်တွေထုတ်ပေးတာတောင် မအားလို့တဲ့။ ကျွန်တော်တို့ကတော့ အားလို့ယားလို့ ဖတ်နေတဲ့သဘောပေါ့။ အလွန်ရှားပါးတဲ့ ဗမာသတင်းစာလေးကို လက်ထဲထိုးထဲ့ပေးတာတောင် ချထားခဲ့ပါတယ်။

ကျွန်တော်ကတော့ လွန်သလားမသိပါ။ အမှိုက်ပုံကို လိုက်ရှာပြီး နှိုက်ပါတယ်။ တခါတော့ ဗမာလူမျိုးနှစ် ယောက်ခုလိုပြောနေတာကို မတော်တဆကြားခဲ့ရလို့ ဇနီးအရှက်တော်ပွား၊ အမျက်တော်ထားခဲ့ဖူးပါတယ်။ ‘ဒီမှာ ဆရာဦးစွမ်းရည်ဆိုတာ ရောက်နေတယ်ဆို’ ဟုတ်တယ်။ ဟို-အဖိုးကြီးဟာ ဦးစွမ်းရည်ပဲ’ ‘သြော်….အမှိုက်ပုံနှိုက် နှိုက်နေတဲ့အဖိုးကြီးက ဦးစွမ်းရည်ကိုး’တဲ့။

ဟုတ်ကဲ့။ နယူးယောက်မှာ အမှိုက်ပုံနှိုက်နေတဲ့ ဗမာအဖိုးကြီးကိုတွေ့ရင် နှုတ်ဆက်ပါနော်။ အမှိုက်ပုံ နှိုက်နေတဲ့အဖိုးကြီးကို နှုတ်ဆက်ရမှာ ရှက်ရင်လဲ အဝေးကြီးက ရှောင်သွားပေတော့။ ကျွန်တော် မောင်စွမ်းရည်ပါ။ အသက် ၈၀။ စာဖတ်ဝါ ၇၅၊ စာရေးဝါ ၆၀။

မောင်စွမ်းရည်
၂၀၁၆ အောက်တိုဘာ ၁၂


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မောင်စွမ်းရည်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်