ဖွတ်ကလေး၊ အီကြာအော်နှင့် ယုန်ကန် ”ယိုင်းဗြီးဆဲ(ယဘဆ)” ဘတ်စ်ကားများ

May 12, 2017

ဖွတ်ကလေး၊ အီကြာအော်နှင့် ယုန်ကန် ”ယိုင်းဗြီးဆဲ(ယဘဆ)” ဘတ်စ်ကားများ
အီကြာအော်၊ (မိုးမခ) မေ ၁၂၊ ၂၀၁၇

”ဟေ့ကောင်….ဖွတ်ကလေး….ကျားသားမိုးကြိုး စပို့ရှပ် အသစ်နဲ့ပါလား

မင်း ရင်ပတ်က ဘာတံဆိပ်ကြီးလည်း”

အီကြာအော်က ခက်သေးရွာလူကြီးမင်းစတိုင်ဖမ်းနေသော ဖွတ်ကလေးကို မျက်မှန်ကို ပင့်ရင်း လှမ်းပြောလိုက်လေသည်။

အသက်ကလေးက ၅၀ ကျော်လာပြီမို့ အနီးကလည်း မှုံသောကြောင့် ဖွတ်ကလေး၏ စပို့ရှပ်မှ စာကို ကောင်းကောင်း မမြင်ရချေ။

”ဒါကတော့ ”ယိုင်ဘီအက်စ်”လေ ဆြာအော်ရဲ့…”

ဖွတ်ကလေးက သူ့ကိုယ်သူ တန်ဘိုးနည်းတိုက်ခန်း မဲပေါက်သည့်သူအလား စိတ်ကြီးဝင်စတိုင်ဖြင့် အီကြာအော်၏ အမေးကို ဖြေလိုက်လေသည်။

တလောက ခက်သေးရွာကြီးတခုလုံး နေရာတကာတွင် ရွာကြိုအုံကြား ဖွဘုတ်ကြိုဖွဘုတ်ကြားကအစ ”ယိုင်ဘီအက်စ်” ခေါ် ”ယိုင်းဗြီးဆဲ… ယဘဆ” ဘတ်စ်ကားအကြောင်း ပြောမဆုံးပေါင် တောသုံးတောင် ဖြစ်နေကြလေသည်။ ယုန်ကန်ဘတ်စ်ကားဆားဗစ်စ် ”ယိုင်ဘီအက်စ်” သည်ကား ယုန်ကန်ရွာသားများအား မထင်လျှင် မထင်သလို တီးတတ်သော မထင်တီး ”မထတ” ဘတ်စ်ဆားဗစ်ကို အစားထိုးခြင်း ဖြစ်လေသည်။ ကြွက်နီတို့လို ကလေးကအစ ရွာလယ်ကဂုတ်ကြားပါမကျန် ”ယုံဘူးဆို ယိုင်းဗြီးဆဲ’ ယဘဆ ယဘဆ”နှင့် တဆဲတည်း ဆဲနေလေတော့သည်။

ဘပြောင်တို့ခေတ်တွင်သာမက အမေပုခေတ်ရောက်သည်အထိ အတော်ပင် တိုးတက်ရလေသော ခက်သေးရွာကြီး ဖြစ်လေသည်။ ယုန်ကန်ရွာကြီးကား အမြဲလိုပင် တန်းမစီပဲ တိုးတက်လိုသူ ခက်သေးရွာသားအပေါင်းနှင့် ပြည့်နှက်နေလေ့ရှိသည်။

”မထတ” ကားဆားဗစ်စ်မှ ကားဒရိုင်ဘာ စပယ်ရာများကား ခရီးသည်များကို မထင်လျှင် မထင်သလိုလုပ်ကာ လူကြီးလူငယ်မရွေး ဘစ်စ်ကား စီးသူအပေါင်းကို တုတ်ဖြင့်တီးလေ့ရှိသဖြင့် ခက်သေးရွာသားအများ၏ ရွာ့မေတ္တာအပေါင်းကို ခံယူနေကျ ဖြစ်လေသည်။ ”မထတ”၏ မထင်သလိုတွယ် အဆူအဆဲသံကို မခံဘူးသူ ခက်သေးရွာသား ရှိမည် မထင်ချေ။ အီကြာအော်တောင် ဘတ်စ်ကားစီးရင်းဖြင့် တခါက ”ဟေ့… ဘိုးတော်… ဗိုက်ပူ သေချင်လို့လား… နှေးတုန့်နှေးတုန့်နဲ့ ကားပေါ်တက်မှာဖြင့်တက်ပါလား” ဟူသော ”မထတ”စပယ်ယာ၏ ငှက်ဆိုးထိုးသံကို နာခံခဲ့ရသည်။ ပြန်ပက်ပြန်လျှင်လည်း အဖွဲ့အားကိုးဖြင့် တုတ်နဲ့ဝိုင်းခံရနိုင်သည်။ ထိုသို့မေတ္တာပို့ခံရပြီးသကာလ ”မထတ”ဘတ်စ်ကားကို သေတောင်မစီးဟု အီကြာအော်တယောက် သံဓိဋ္ဌာန် ချထားခဲ့လေသည်။ အီကြာအော်က ”မိမဆုံးမ ဖမဆုံးမ ခက်သေးသားလေးတွေ”ဟု ခက်သေးသားပြီပြီ စိတ်ထဲမှ လှမ်း၍ ပုဆိုးခြုံထဲမှ လက်သီးပြပြီး ”မထတ”ကို မေတ္တာ ပို့မိသည်။ အသံထွက်ပြီး ပြောမိလျှင်ကား ဘတ်စ်ကားပေါ်မှ မဆင်းမီ မိမိ အသက်ပါထွက်နိုင်သည်ကို အီကြာအော်တယောက် သိနေခဲ့သည်။ ”မထတ” ဒရိုင်ဘာ စပယ်ယာများ ဆွမ်းကြီးလောင်းသဖြင့် မကြာခဏ သက်ဆိုးတိုရသော ကံဆိုးသူ မောင်ရှင်ယုန်ကန်သားများအကြောင်းကို ဖွဘုတ် ကျေးဇူးတော်ဖြင့် သိနေသည် မဟုတ်ပါလား။

ခက်သေးရွာကြီး၏ တရားဥပဒေ စိုးမိုးရေး ကျွေးကြော်သံကြီး သတင်းစာထဲတွင် အိပ်ပျော်နေသည်မှာကား လက်ရှိအမေပု လက်ထက်အထိပင် ဖြစ်လေသည်။ အမေပုမှာကား ခက်သေးရွာသားများကို ပြောင်းလဲကြရမည်ဟု တရားဟောရင်းသာ အမေပုသာ ဘဝပြောင်းသွားမှာ စိုးရိမ်မိလေသည်။ ခေါက်ရိုးကျိုးယုံသာမက ပြတ်လုလုဖြစ်နေသော ခက်သေးရွာ နေရာရလူကြီးအပေါင်းကား “ပြောင်းလဲချိန်တန်ပါပြီ”ဟု အမေပုအော်သလို ခါတော်မှီ လိုက်အော်နေကြသော်လည်း ဘာပြောင်းရမှန်း မသိသူက ရွာလူကြီးအများစု ဖြစ်နေပုံရသည်။

အခုများတော့ ရွာ့မေတ္တာခံယူခဲ့သည့် ”မထတ”လည်း ဂျောင်းပေပြီ။ ဘယ်အရာမှ မမြဲ ဟူသော စကားသည် မှန်လှပေသည်။

”ဟေ့ကောင်…မင်းက ထုံးစံအတိုင်း…ဘယ်က စပို့ရှပ်နဲ့ ဘာလိုက်ရှုပ်တာလည်း”

”ယဘဆ လိုင်းဖွင့်ကာစ ဗော်လန်တရာ လုပ်တုန်းကလေ ဆရာအော်ရဲ့”

”မင်းက အဲ့ဒါဆို ဘတ်စ်ကားလမ်းကြောင်းတွေ တော်တော် သိမှာပေါ့”

”အဟီး….အဲဒါတော့….. ကျုပ်လည်း သေချာ မကျက်ရသေးလို့ သိပ်မသိဘူးလေ

မြေပုံပေါ် ဟိုထောက် ဒီထောက်ပေါ့”

မသိသူက မတတ်သူကို လမ်းညွှန်သည့် ခက်သေးရွာ၏ ထုံးစံမပျက် ထိန်းသိမ်းထားသော ဖွတ်ကလေးကိုကြည့်ရင်း အီကြာအော် စိတ်ပျက်လက်ပျက် ပက်လက်လန်သွားသည်။

”မင်းကလည်းကွာ တို့ခက်သေးရွာကြီး တကယ်ပဲ ပြောင်းလဲနေပြီလား ”ယဘဆ”ဘတ်စ်ကားစမ်းပြီး စီးချင်လို့ မင်းကို ငါတို့ အားကိုးလို့များ ရမလားလို့ အောက်မေ့တယ်”

”တို့ ခက်သေးရွာကတော့ လွယ်တာတွေ ခက်အောင် လုပ်ထားတုန်းပဲ ထင်ပါတယ်ကွာ”

”ကွီးဖြိုးက လိုအပ်သည်များကို သေချာညွှန်ကြားထားပါတယ် ဆရာအော်ရဲ့”

”ဘာတွေများလိုအပ်လို့ ညွှန်ကြားထားသလည်းကွ ပြောစမ်းပါဦး”

”အဲဒါတော့ ကျုပ်လည်း သေချာမသိဘူးလေ

သူများတွေ ပြောတာကြားတာလေး ပြန်ဖောက်သည်ချရတာပေါ့”

“ထုံးစံအတိုင်း လိုအပ်သည်များကို ညွှန်ကြားနေတုန်းပဲလားကွာ…

ငါတော့ …လိုအပ်သည်များ ဆိုတဲ့ အသံကြားရုံနဲ့တင် အော်ဂလီကို ဆန်နေတယ်”

”တို့ ခက်သေးရွာကို အဲလို ရမ်းတုတ် ဘုမသိ ဘမသိ အတင်းမျက်စိမှိတ်ထောက်ခံတွေက ဖျက်ဆီးသွားတာပေါ့ကွ”

ခက်သေးရွာ ဖွဘုတ်တခွင်တွင် အမေပုတို့ပါတီအာဏာရလာပြီးနောက် ခက်သေးသားအများစု ”ထူးမခြားနား” သီချင်းကို ဆိုနေရသည်။ မပြီးခင် ခက်သေးရွာသားမမြင်စေနဲ့ဟူသော စကားအတိုင်း ဝေဖန် လေကန်သူများကိုလည်း ဖွဘုတ်တခွင်တွင် တွေ့ရပေခြိမ့်မည်။

အမေပု၏ ”စူကာပင်ရွာအား အနှစ် ၂၀အတွင်း ကျော်တက်ရေးစီမံကိန်း”ကို ခက်သေးရွာသားတို့ ကြိုးစား၍ ဖွအကောင်အထည် ဖော်နေကြဟန်တူသည်။ အမေပုက မဖွသဖြင့် သိပုံမရ။ အမှန်မှာ ခက်သေးရွာက စူကာပင်ထက် ဖွမှုတွင် နှစ်ပေါင်း ၂၀ရှေ့ရောက်နေပြီဖြစ်သည်။

”ဖွတ်ကလေးရေ…စားပေါက်လေးဘာလေးတွေ့ရင်တော့ မင်းဆရာကို ပစ်မထားနဲ့ဦးနော်”

”ခွီးဖြိုး၊ ခွီးဖြိုး နဲ့ ခိုးဖြီး၊ ခိုးဖြီးမလုပ်နေနဲ့ဦး ကွ..၊ တို့ ခက်သေးရွာမှာက သူခိုးကြီး သူခိုးလေးတွေက ပေါမှပေါ ချိုတပ်ထားတာ မဟုတ်ဘူး”

”ချိုမတပ်ထားပေမယ့် ဘုရားတွေ ဘုန်းကြီးကျောင်းတွေမှာ ရေးထားတာမှထင်းနေတာပဲ ဆရာအော်ရဲ့..၊ ကျုပ်တို့ ရွာလူကြီးတွေ လှူထားတာများ သူတို့ လစာနဲ့တွက်ရင် တရားဝင်ရတာထက် ဆယ်သက်တောင်မကဘူး  ဘယ်က ချိုပေါက်ပြီး ရောက်လာသလည်း မသိဘူး”

”ဟေ့ကောင် ဖွတ်ကလေး …၊အဲဒါ မင်းပြောတာနော် ငါမပါဘူး”

ခက်သေးရွာသားတို့ ထုံးနှလုံးမူပြီး ကြောက်တော်မူလိုက်လေသည်။ စိတ်ထဲမှာတော့ ဒီကောင် ဖွတ်ကလေး ငါ့နီးနီး တော်လာပြီဟု မှတ်ချက် ချလိုက်၏။

သူကြီးဘုရား ရွာသားကောင်းမှု ဆိုသော စကားမှာ ရှေးကတည်းက ခက်သေးရွာ သူကြီးများလ္ဘက်ရည်ဘိုး တောင်းသော ယဉ်ကျေးမှု ရှိခဲ့လေသလားဟု အီကြာအော် တွေးမိလိုက်လေသည်။

ထိုစဉ်အခါတွင် မီးဖိုချောင်မှ ထွက်လာသော ဒေါ်အွန်မေးက

”ကိုအော်ရေ တိုးတိုးပြော၊ ၆၆ဃနဲ့ ငြိပြီး ရှင်လည်း တစ်တစ်သတင်းစာပိုင်ရှင်လို လက်ထိပ်စာ မိနေဦးမယ်”

”ရွာလူကြီးတွေက ထမင်းမငတ်ဘူး ကိုအော်ရေ၊ ဘယ်ခေတ်ဖြစ်ဖြစ် ကိုခိုနီတို့က ပသထားတာ အခုတောင် ”ယဘဆ” ဘတ်စ်ကားအသစ်တွေဝယ်တာ ခွင်တွေ့တော့ ကျုပ်တို့ခက်သေးရွာမှာ ဘုရားမှာလှူတာတွေ ဘုန်းကြီးကို မာစီးဒီးကပ်တာတွေ တွေ့ရမှာပေါ့”

”သာဓု သာဓု နာနာထုပေါ့ကွာ”

”ကိုအော်ရေ ကိုခိုနီတို့က ဘုန်းကြီးတွေကို မာစီးဒီးတွေ ဘာဆီးသီးတွေလှူတာ အရေးမကြီးဘူး…၊ အိမ်မှာက ဆန်မရှိတော့ဘူး…၊ ကို ခိုနီ့ဆိုင်မှာ ထုံးစံအတိုင်း ဆန် အကြွေးသွားဝယ်ပေးပါဦး”

”ဖွတ်ကလေးရေ ခိုနီ့စူပါမားကက်ကို ဘတ်စ်ကားဘယ်လို စီးရမလည်း လမ်းညွှန်ပါဦးကွ”

ဗော်လန်တရာ လုပ်ထားသော ဖွတ်ကလေးက သူ့ခွင်ထဲ ရောက်လာပြီမို့ ယဘဆ စပို့ရှပ်အိပ်ကပ်ထဲမှ စမတ်ဖုန်းကို စိတ်ကြီးဝင်နေပုံဖြင့် ထုတ်လိုက်လေသည်။

စမတ်ဖုန်းမှ ”ယဘဆ”အပ်ပ်ကို လက်ဖြင့်ထောက်လိုက်ပြီး

”အခု ဘတ်စ်ကားက ခိုနီ့စူပါမားကက်ကို တဆင့်တည်း မရောက်တော့ဘူး ဆရာအော် ၂ ဆင့်စီးရတယ် အချိန် နည်းနည်းတော့ ပိုကြာမယ်”

”ဆရာအော်ရေ တရာဆိုပေမယ့် ၂၀၀ တောင်းတာ သတိ ထားဦးနော်”

”ယဘဆရယ် ယုံပါပြီကွာ…၊မင်း ဗော်လန်တရာလုပ်တာမို့ပေပဲ”

အီကြာအော်ကလည်း ခေါင်းယမ်းပြီး ကြွပ်ကြွပ်အိတ်အဟောင်းကို လက်ထဲကိုင်ကာ ”ယိုင်ဘီအက်စ်” ဘတ်စ်ကားလိုင်းဖြင့် ဆန်အဝယ်တော်ရန် ယိုင်တိုင်ယိုင်တိုင်ဖြင့်ထွက်သွားလေတော့ သည်။

ခက်သေးရွာလယ်တွင်ကား ကြွက်နီတို့ ကလေးတသိုက် တုတ်တချောင်းစီကိုင်ကာ ဘတ်စ်ကားမောင်းတမ်း ကစားနေကြလေသည်။

ကလေးချင်း တုတ်ဖြင့် အုပ်စုဖွဲ့ ရိုက်ရန် ပုံပြလုပ်ပြီး
”ယဘဆ၊ ယဘဆ
ယုံဘူးဆို၊ ယုံဘူးဆို
ယိုင်ဗြီးဆဲ၊ ယိုင်းဗြီးဆဲ” ဟု တဆဲဆဲဖြင့် အော်ဟစ်ကာ ပြေးလွှား နေကြလေသတည်း။ ။

သဗ္ဗေသတ္တာကမ္မသကာ
အီကြာအော်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သရော်စာ, အီကြာအော်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်