မောင်မောင်စိုး – နှင်းဆီနီနီ အိပ်မက်များ – ၂၃

May 13, 2017

မောင်မောင်စိုး – နှင်းဆီနီနီ အိပ်မက်များ – ၂၃

(မိုးမခ) မေ ၁၃၊ ၂၀၁၇

ပထမဦးဆုံးတိုက်ပွဲ

မုန်းပေါ်လေးဟုသိကြသည့် ရှောက်မုန်းပေါ်ကွင်းငယ်လေးသည် သိပ်မကြီးလှပေ။ တောင်ပေါ်ကွင်းငယ်လေးများတွင် တွေ့ရသည့်အတိုင်း ကွင်းပတ်လည်တွင် ကချင်ရွာ ရှမ်းရွာလေးများရှိသည်။ ၁၉၆၀ ခုနှစ်များကထဲက KIA စတင်အခြေပြု သည့်ဒေသဟုသိရသည်။ ဆိုက်ခေါင်မှ ထွက်လာပြီး မိမိတို့တပ်ဖွဲ့လည်း ရှောက်မုန်းပေါ်ကွင်းလေးသို့ ရောက်လာသည်။

ထိုနေ့မနက်ကတော့ ထမင်းချက်စားပြီးသည်နှင့် တပ်ဖွဲ့အားလုံး ခရီးထွက်ရန် အသင့်ဖြစ်နေပေပြီ။ တိုက်ပွဲတပွဲတိုက်ရတော့မည်ဟုသိထားသော်လည်း မည်သည့်နေရာဟုမသိ။ မည်သို့ဖြစ်စေ မိမိအတွက် ပထမဆုံးတိုက်ပွဲ ဖြစ်သဖြင့် စိတ်လှု ပ်ရှား၍နေပါသည်။ ထိုစဉ် တပ်မဟာ ၂ နှင့်အတူ ရင်း ၃ နှင့် အထူးတပ်ရင်းလည်းပါသည်။ ကွင်းငယ်အတွင်းရှိ ရွာများတွင် ဖြန့်ခွဲချ ထားပေရာ ထိုနေ့မနက်က စစ်မိန့်ရပြီးသည်နှင့် တရွာပြီးတရွာမှ ရဲဘော်များ တဖွဲ့ပြီးတဖွဲ့စတင်ချီတက်ကြတော့သည်။ စုစုပေါင်း အင်အား ၅၀၀ နီးပါးခန့် ရှိပေရာ စစ်သည်တသီတတန်းကြီးသည် ကွင်းငယ်လေးအားပတ်၍ တောင်ကြောပေါ်သို့ တက်သွားသည့် မြင်ကွင်းအား မိမိမြင်ခွင့်ရခဲ့သည်။ မိမိတို့တပ်ဖွဲ့ကအလယ်လောက်တွင်ရှိ၍ ရှေ့အား၎င်း နောက်အား၎င်း မျှော်ကြည့်ရင်း  စိတ်အားတက်ကြွမှု နှင့် စိတ်လှု ပ်ရှားမှု တို့မျ ဉ်းပြိုင်ဖြစ်၍ နေပေတော့သည်။

မိုးသည်းည
ထိုညက မိုးကသည်းလွန်းလှပါသည်။ တဝေါဝေါရွာချ နေသောမိုးစက်မိုး ပေါက်များ အောက်တွင် ညအမှောင်ထုက စိုးမိုးနေသည်။သည်းလွန်းသောမိုး အောက်တွင် တကိုယ်လုံးတုတ်တုတ်ရွှဲနေသည်။ ကျောပေါ်တွင်လွှမ်းချုံထား သော စစ်မိုးကာစက မိုးဒဏ်အား အံမတုနိုင်ပေ။ခေါင်းပေါ်က စစ်ဦးထုပ်အစ အကျီင်္ ဘောင်းဘီရှည်စစ်ဖိနပ် ကျောပိုးအိတ် စစ်ချပ်ဝတ်အဆုံး မိုးရေဖြင့် နစ်နေအောင်စိုရွှဲလေးလံနေ သည်။ထိုမိုးသည်းညသည် စစ်ချီနေသောည ဖြစ်သည်။

မနက်ထမင်းစားပြီး ၉ နာရီလောက်ကထဲကစစ်ချီမိန့်ကျ၍ တတပ်လုံး စစ်ချီခဲ့ရသည်။ ညနေ ၄ နာရီလောက်က ညစာချက်စားရင်း တခါနားရ သည်။ မှောင်သည်နှင့် ပြန်လည်ချီတက်ရပြနသည်။ တနေ့လုံးရာသီဥတုသာယာခဲ့ ပေမဲ့ မိုးချုပ်သည်နှင့် မိုးစက်ပေါက်များနှင့်အတူ မိုးမှောင်ကျတော့သည်။ ၁၉၇၆ ဇူလိုင် မိုးတွင်းကာလဆိုတော့မိုးကိုရှောင်ဖယ်၍ မရနိုင်ခဲ့ပေ။

ရှမ်းမြောက်၏တောင်တန်းများက မြင့်မား မတ်စောက် လွန်းသည်။ မိုး သည်းညတွင် ထိုတောင်တန်းများပေါ် စစ်ချီရသည်မှာ မလွယ်ကှူပေ။ မှောင်မဲ ၍ လမ်းလည်းမမြင်ရ ။ရှေ့က ရဲဘော်၏ ဦးထုပ်မှ အဖြူရောင်မှုံ ပြပြကိုသာ ကြည့်၍တယောက်နောက် တယောက်ကပ်လိုက်နေရ သည်။ အစိုးရစစ်တပ် ၏ တောစီးစစ်ဦးထုပ်တွင်မူ ဦးထုပ်နောက်ဖက်တွင် တြိဂံပုံအဖြူ စလေးတပါတည်း ကပ်ချုပ်ထားပြီးဖြစ်သည်။ မိမိတို့ဦးထုပ်များက ထိုသို့မပါချေ ။ သို့သော် ဦးထုပ်အတွင်းသားက အဖြူ ရောင်ဖြစ်၍ ဦးထုပ်ကိုလှန်ဆောင်း ထားရသည်။ မှောင်မဲမဲ အတွင်း ထိုအဖြူရောင်ကလေးကိုရိပ်ကနဲ ရိပ်ကနဲသာ မြင်နေရသည်။ အပေါ်မြင့်မြင့်သွားလျင် တောင်တက်နေတုန်းဟု မှတ်ရ သည်။နိမ့်ကျသွားလျင် အဆင်းဟုမှတ်ရသည်။ ထိုသို့မှတ်ယူသည့်အတူ မိမိခြေလှမ်းအချကို ဂရုထားရသည်။ မည်မျှပင်ဂရုထားသည်ဖြစ်စေ ကျဉ်းမြောင်းကွေ့ကောက်သော ကျောက်တုံးကျောက်ဆောင်ပေါများသော တောင်ပေါ်လမ်းတွင် ခလုတ် တိုက်မဆုံး လဲ၍ မဆုံးပါ။ သို့သော်ထိုအနာ တရအား ခံစားနေ၍မရ။ချက်ချင်း ဆိုသလို ကုန်းရုန်းထပြီး အမှီလိုက်ရ သည်။သို့မဟုတ်လျင် တောကြီးမျက်မဲထဲ လမ်းပျောက်ချေမည်။စစ်ချီနေသော တပ်ဖွဲ့တခုအနေနှင့် လက်နှိပ်ဓါတ်မီး သုံး ခွင့်မရှိ။ ဆေးလိပ်သောက်ခွင့်မရှိ။ မှောင်မိုက်သော တောတောင်ထဲတွင် အနဲ ငယ်မျှသော မီးရောင်သည် တဖက်ကို အသိပေးရာရောက်သည်။ တပ်ဖွဲ့ဝင်အားလုံး၏အသက်နှင့် ဆိုင် သည့် တင်းကြပ်သောစည်းကမ်းဖြစ်သည်။ အားလုံး လိုက်နာရသည်။ မှောင်နှင့်မဲမဲ မိုးထဲရေထဲ အလဲလဲ အကွဲကွဲဖြင့် စစ်ချီခဲ့သည့်မိုးသည်းညတည ဖြစ်ခဲ့သည်။

တစ်နာရီ ချီတက်ပြီးလျင် ငါးမီးနစ်ခန့်နားခွင့်ရသည်။ ဆင့်ကဲဆင့်ကဲ တီးတိုးလေသံဖြင့် နားခွင့်ရောက်လာလျင် အတော်ဝမ်းမြောက်မိသည်။ နဘေးတောင်စောင်း ရွံ့ထဲဗွက်ထဲတွင် ကျောမှီလိုက်ရင်း အနားယူရသည်။ စိတ်ကိုလျှော့ချပြီးသက်ပြင်းကို ခပ်ထန်ထန် မှုတ်ထုတ်မိသည်။တက်ကြွသော စိတ်ကိုဆောင်၍ လျှောက်နေသော်လည်း လူတကိုယ်လုံးတော့ နုံးချိနေပေပြီ။ ထိုငါးမီးနစ်တာသည်လည်း ထိုအချိန်က အရမ်းကို တိုတောင်းလှသည်ဟု ခံစားရသည်။

တနေ့လုံးလမ်းလျှောက်ရ၍ ပင်ပမ်းလှချေပြီ။တောင်တန်းပေါ်တွင် ရေကတော့မရှားလှ ။ တသွင်သွင် စီးဆင်းနေသော စမ်းရေငယ်များက  တောတောင်အနှံ့ဆိုတော့ ပြသနာမရှိ။ ဒါပေမဲ့ ဝမ်းဖြည့်စရာက နတ္တိ။ မိမိ ရှေ့က ဝ ရဲဘော်ကအတွေ့ကြုံရှိသူပီပီ မိမိဝမ်းဟာနေမှန်းသိသည်။ ရော့ဟု သူ၏ စစ်သုံးမတ်ခွက် လှမ်းထိုးပေးသည်။ မတ်ခွက်အတွင်း ညနေက ကျန်သည့် ထမင်းနှင့်ဆားနယ်၍ သိပ်ထည့်ထားသည်။ ထိုညက စားခဲ့ရသည့် ဆားနှင့်ထမင်းဆုပ်သည် အရသာရှိလှပေစွ။ ထို့ကြောင့် မှိန်ရာ ဟင်းကောင်း ဟု ဆိုကြဟန်တူသည်။လောလောဆယ်တော့ထမင်းချည်းဘဲလည်း ကောင်း ပါ၏။

မောရသည်ကြားထဲရီစရာကရှိသေးသည်။ ရှေ့ဘက်က အမိန့်ပေးလိုက်သည်။ ထိုအမိန့်ကို နောက်သို့ တယောက်ချင်း ဆက်တိုက်စကားပါးပေးရ သည်။ အမိန့်က တရုတ်လို ” မား ချင့်စမ့်လိုင် ” ” မြင်းရှေ့ကိုဆွဲလာ” ဟူသည့် အဓိပ္ပါယ်ရသည်။ မိမိအပါ တရုတ်စကားမပီသော ဒေသခံများကြောင့် အမိန့်
ကနောက်ရောက်သွားသောအခါ ” မာကျင်း စမ့်လိုင် “” မာကျင်း ရှေ့တက်လာ” ဖြစ်သွားရာ တပ်မဟာ ၂ စစ်ဦးစီးဌာနက စစ်အကြံပေး ရဲဘော်မာကျင်း ( ယခင် ဗိုလ်နော်ဆိုင်းတပ်) က ရှေ့သို့မောကြီးပန်းကြီး တက်လာရတော့ သည်။ ရဲဘော်မာကျင်းကား မော မောနှင့်ဒေါပွမဆုံး။ ရဲဘော်များကား ပါးစပ်ပိတ်၍ တခွိခွိဖြစ်နေကြသည်။

မိမိနှင့် ကပ်ပါလာသူက ကိုကြီးမြင့်ခေါ်ရဲဘော်မြင့်ထွန်း။ ရန်ကုန်မြို့ ပညာတတ်အထက် လွှာက ယုံကြည်ချက် စစ်သည် ။ မိမိနှင့် တပ်ဖွဲ့တခု တည်း ။စစ်ဦးစီးအဖွဲ့၏ အရန်တပ်ဖွဲ့မှဖြစ်သည်။ သူ့နောက်မှကပ်ပါလာသူက ကိုသိန်းဝင်းခေါ် ရဲဘော်ရဲအောင်။ သူက မန္တလေး ပုလင်းဝင်းမှ။ ဒန်အိုးပေါက် ပုလင်းခွံ သတင်းစာစက္ကူ အရပ်တကာ လှည့်ဝယ်ရင်း ဘဝကိုဖြတ်သန်းခဲ့ရ သူ။ သူကတော့ စက်သေနတ်ကြီးတပ်စုကဖြစ်သည်။ ဘဝချင်းခြားနားခဲ့သော် လည်းယုံကြည်ချက်တူ စစ်သည်နှစ်ယောက် ကတော့ရှမ်းမြောက်၏ မဲမှောင် မိုးသည်းနေသောတညတွင်ကျနော်၏ နောက်မှ ကပ်ပါခဲ့သည်။

စိတ်တင်းထားသော်လည်း ကိုယ်ကမလိုက်နိုင် တော့ပေ။ မည်မျှပင် အားတင်းထားသည်ဖြစ်စေ သန်းခေါင်ကျော်လောက်တွင် လူကပျော့လာ သည်။ ခြေလှမ်းတွေကနှေးလာသည်။ မိမိရှေ့ က ဝ ရဲ ဘော်က မိမိပြတ်ကျန်မှန်းသိ၍ ပေးဟု ဆိုကာ မိမိ ပုခုံးထက်က မောင်းပြန်ရိုင်ဖယ်ကို လှမ်းယူပြီး သေနတ် နှစ်လက်ဖြင့်ရှေ့ကထွက်သည်။ သေနတ်တစ်လက်စာ အလေးချိန်ပေါ့သွား၍ မိမိလည်း ခြေလှမ်း အနည်းငယ် ပြန်သွက်လာခဲ့ ပါသည်။မိုးထဲရေထဲ ရွံ့ထဲဗွက်ထဲ တောကြီးမျက်မဲ မှောင်မဲမဲတွင် ပြတ်ကျန်၍ မဖြစ်။အားတင်း၍ အမှီလိုက်ရသည်။လူကွဲပါက အမောင်တောင်မှန်း မြောက်မှန်းမသိ ဖြစ်ချေရော့မည်။

ညလည်လောက်တွင် မိမိတို့သွားနေရာ တောင်ကြောနှင့်အပြိုင်မှ တောင် ကြောပေါ်တွင် လက်နှိပ်ဓါတ်မီး ဝင်းကနဲ ဝင်းကနဲတွေ့ရသည်။အသံတချို့ ကြားရသည်။ ဘာမှန်းရုတ်တရက်မသိ၍ မျက်စေ့သူငယ်ဖြစ်မိသည်။ ရှေ့က ရဲဘော်က ဘာမှမဟုတ်ဘူး အမြောက်တပ်ခွဲ လမ်းမှားနေတာ ဖြစ်မယ် မှီ အောင်သာလျောက်ဟုဆိုသည်။ သူ၏အတွေ့အကြုံအရ အမြောက်တပ်ခွဲမှ မြင်းလားတို့၏အသံကို မိုးရေထဲမှာ ကျက်မိဟန်တူသည်။ လမ်းမှားနေကြ၍ မဖြစ်မနေ လက်နှိပ်ဓါတ်မီးအရဲစွန့် သုံးနေကြဟန်တူသည်။

အာရုံကျင်းခါနီးတော့ မိုးတိတ်သွားသည်။အနဲငယ် ပြန်မြင်ရလာ သည်။ မိုးမရွာတော့သဖြင့်လမ်းလျောက်ရတာ ပိုအဆင်ပြေလာသည်။ မိမိ သေနတ်ကိုကူထမ်းပေးသည့် ရဲဘော်ထံမှ မောင်းပြန်ရိုင်ဖယ်ကို ပြန်ယူလိုက် သည်။ တနေ့လုံးတညလုံး လမ်းလျှောက်နေရသဖြင့် အနဲငယ်တော့မောဟိုက် နေပြီ။ ခဏနေတော့ မိမိတို့ တပ်ဖွဲ့မှူးကမိမိအားကျော်တက်ရင်း ရော့ဟူ၍ သေနတ်တစ်လက်ထိုးပေးသွား၍ ယူလိုက်ရသည်။ သူ လူမှားပြီဟု သဘော ပေါက်လိုက်သည်။ မိမိနောက်မှ လိုက်ပါလာသည့်ကိုကြီးမြင့်ခေါ်ရဲဘော် မြင့်ထွန်းမှာလည်း မိမိလိုပင် မျက်မှန်နှင့် အရပ်ရှည်ရှည် ခပ်ကိုင်းကိုင်းဖြစ်ေ ရာ ကိုကြီးမြင့်ထင်၍ ပေးသွားပုံရသည်။ ကိုကြီးမြင့်က ကျနော်နောက် တွင်ပါမလာခဲ့ အတန်ငယ် ပြတ်ကျန်ခဲ့ပုံရသည်။

အတန်ငယ်ကြာမှ ကိုကြီးမြင့် လိုက်မှီလာသည်။ သူသေနတ်ပြန်ပေး ရင်း သူကျန်နေသည့် အကြောင်းရင်း သိရ၏။ ကျဉ်းမြောင်းသော တောင်ပတ် လမ်းတနေရာတွင် ဘေးချော်၍ ချောက်ထဲပြုတ်ကျသည်ဟုဆို၏။ ကံကောင်းထောက်မစွာ တောင်ကမ်းပါးတွင် ကပ်ပေါက်နေသောချုံပုတ်ပေါ်တင်နေခဲ့ သည်ဟုဆိုသည်။ နောက်မှကပ်ပါလာသော ကိုသိန်းဝင်းက ဝါးလုံးတို ထိုးချ ပေးပြီး အပေါ်ကလည်းဆွဲတင် သူလည်းကုတ် ကပ်တက်ရင်း အပေါ်ရောက် လာသည်ဟုဆိုသည်။ မိုးသည်းမှောင်မိုက်ညမှ မည်မျှနက်မှန်းမသိသော ချောက်ထဲ မကျသည်မှာ ကံထူးပေစွဟု ဆိုရမည်။

မိုးမလင်းမှီ တိုက်ပွဲဂွင်သို့ရောက်သည်။ ရောက်ထုံကျိုက် ဟုသော တရုတ် ရွာလေးအနီးက စခန်းငယ်တခုကို တိုက်ခိုက်မည်ဖြစ်သည်။ တရုတ်စကား အရ ကျိုက်မှာ ရွာဟု အဓိပ္ပါယ်ရသဖြင့် ရောက်ထုံရွာဟုဆိုရမည်။ သို့သော် မြန်မာမှုပြု၍ ရွာထုံကြိုင်ဟုလည်းခေါ်ဆိုကြသည်။ မွှေးရနံ့ ကြိုင်မကြိုင်တော့ မသိ။ မကြာမှီ သေနတ်သံ အမြောက်သံတို့ ကြိုင်တော့လှိုင်တော့မည်။

စစ်ဦးစီးအဖွဲ့နေရာယူမည့် တောင်ကုန်းတနေ ရာတွင် မိမိတို့နေရာယူရသည်။ မိမိနှင့်ကိုကြီးမြင့်တို့က ရဲဘော်သစ်တွေလည်းဖြစ် ခြေကုန်လက်ပမ်းလည်းကျနေသည်ဖြစ်ရာ ဘာတာဝန်မှပေးဘဲ နားခိုင်းထားသဖြင့် တောင် စောင်းတနေရာတွင် ခြေပစ်လက်ပစ် မှီထိုင်ရင်း မောင်းပြန်ရိုင်ဖယ်ကို ပုခုံး ပေါ်မှီတင်၍ ပိုက်ထားပြီး စစ်မြေပြင်ကိုမျှော်ကြည့်နေရတော့သည်။

ခဏနေတော့ လားတွေမြင်းတွေနှင့် အမြောက်တပ်ခွဲ ရောက်လာသည်။တိုက်ပွဲမှာ ပထမဦးဆုံးပစ်ရမည့်သူများ လမ်းမှားပြီး ကျန်နေရစ်၍ တက်
သုတ်ရိုက်နေရသည်။ ဒီနောက်မှာတော့ ရဲဘော်အိုက်အေးတစ်ယောက် အပြေး တပိုင်းလမ်းလျော်လာသည်ကို တွေ့ရသည်။ သူလည်း ညက လမ်းမှားပြီး နောက်ကျန်နေခဲ့သည့်အဖွဲ့များတွင် ပါပုံသည်။ ကိုအိုက်အေးက ဗန်းမော်ဘက်ကဖြစ်ပြီး တပ်တွင်း၌ လူချစ်လူခင်များသည်။ ဖင်ပေါ့၍ သူတပါးအား ကူညီဖို့ ဝန်မလေးသူဖြစ်သည်။ လူကသာအရပ်ပုပေမဲ့ သူ့တရပ်ခန့်ရှိသည့် အမ် ၁၄ မောင်းပြန်ရိုင်ဖယ်လွယ်ထား သည်။ ပုခုံးပေါ်တွင်တွင် တီအင်တီယမ်းတထုပ် ထမ်းထားသေးသည်။သူက ဖေါက်ခွဲရေးတပ်စုကဖြစ်သည်။ လက်နက်ကြီး ပစ်ခတ်ပြီးသည်နှင့် စခန်းတပ်စည်းရိုးအား မိုင်းခွဲရှင်းလင်းပြီး ကျားတက်ထိုး မည့် ခြေလျင်တပ်အတွက် လမ်းရှင်းပေးရမည့်အဖွဲ့ဖြစ်သည်။ရှေ့ဆုံးက စရ မည့်အဖွဲ့တွေ နောက်ကျနေ၍ အားလုံး အဆောတလျင် လှုပ်ရှားနေကြသည်။

မဲမှောင်သောညသည် မှုံ ပြပြအလင်းဝင်စပြုချေ ပြီ။ ထိုစဉ် အမြောက်သံ တချက် စတင်ထွက်လာသည်။ စစ်သားသစ်မို့ မော်တာသံလား နောက်ပွင့်လား မကွဲပြားသေးပေ။ တိုက်ခိုက်သိမ်းပိုက်မည့်စခန်းရှိရာ တောင်ကုန်းတွင် ကျရောက်ပေါက်ကွဲသည်ကို တွေ့လိုက်ရသည်။မိမိလည်း ရင်တချက်ခုန်၍ စိတ်လှုပ်ရှားသွားသည်။ မိနစ်ဝက်လောက်တော့ ရင်တွေတဒုန်းဒုန်း ခုန်နေသည်။ သေသေကြေကြေဟု စိတ်ပိုင်းဖြတ်ထားသော်လည်း စိတ်လှုပ်ရှား မှုကိုတော့ မတားဆီးနိုင်ခဲ့။ ပထမဆုံးစစ်မြေပြင် တိုက်ပွဲအတွေ့အကြုံမဟုတ် ပါလား ။

နောက်ဆက်တိုက်ဆိုသလို လက်နက်ကြီးများ ပစ်ခတ်ပေါက်ကွဲနေသည်ကို ကြားရ မြင်နေရတော့သည်။ မိမိရှိရာ စစ်ဦးစီးအဖွဲ့နေရာယူထားသော တောင်ကြောညာဘက် အနဲမြင့်သောတောင်ကုန်းတွင် လက်နက်ကြီး တပ်ခွဲက နေရာယူပစ်ခတ်လျက်ရှိပြီး ပစ်မှတ်ဖြစ်သော စခန်းငယ်ရှိရာတောင်ကုန်းက မျက်နှာချင်းဆိုင်တွင်ရှိသည်။ မီတာ တစ်ထောင်ပင် မဝေးလောက်ပေ။ စခန်းကုန်းပေါ်ရှိလူ တဲသစ်ပင်တို့ကို မနက်အလင်းရောင်အောက်တွင် ရှင်းလင်းစွာတွေ့မြင်နေရသည်။

နာရီဝက်ခန့်ကြာ လက်နက်ကြီးပစ်ခတ်ပြီးနောက် စခန်းအရံအတား များဖြစ်သော မိုင်းများညှောင့်များကို ကို တီအင်တီ ယမ်းခဲ ယမ်းချောင်းများဖြင့် ဖေါက်ခွဲရှင်းလင်းကြရာ ပေါက်ကွဲသံများဆက်တိုက်ဆိုသလို ဟိန်း၍ ထွက်ပေါ်လာသည်။ တိတ်ဆိတ်နေသော ရှမ်းမြောက်တောင်တန်းများပေါ် တွင် ပေါက်ကွဲ ပစ်ခတ်သံများ သောသောညံလျက်ရှိချေပြီ။ ပေါက်ကွဲသံများ တိတ်ဆိတ်သွားသည်နှင့် လက်နက်ငယ် ပစ်ခတ်သံများနှင့်အတူ ကျားတက် ထိုးသံများဆူညံစွာပေါ်ထွက်လာသည်။ တိုက်ပွဲစပြီး တစ်နာရီကျော်ခန့်တွင် စခန့်းကို သိမ်းပိုက်နိုင်လိုက်သည်။ အင်အားနည်းသည့် အစွန်အဖျားစခန်း ငယ်တခုဖြစ်သဖြင့် လျင်မြန်ခဲ့သည်။ အကျအဆုံး အနည်းငယ်ရှိခဲ့ပြီး အချို့ကတော့ စခန်းကို လက်လွှတ်ဆုတ်ခွါသွားသည်ဟုသိရ သည်။

ပစ်မှတ်တောင်ကုန်းပေါ်တွင် မိမိတပ်ဖွဲ့ဝင်များ အေးဆေးစွာလျောက်သွား နေခြင်းကို မြင်ရခြင်းနှင့်အတူ တိုက်ပွဲပြီးသွားဖြစ်ကြောင်းသိလိုက်ရ သည်။ တောင်တန်းတခုလုံးပြန်လည် တိတ်ဆိတ်ငြိမ်သက်သွားသည်။ အရှေဖက်က နေထွက်လာ ချေပြီ။ နေရောင်အောင်တွင် အရှေ့ဖက်ဆီ၌ မြင့်မားသော တောင်ကြီးတခုတွေ့ရသည်။ မြန်မာပြည် ပြည်တွင်းစစ်တွင် နံမည်ကျော်ခဲ့ သည့် ဟိုက်ကမ်းပါးတောင်ကြီးဖြစ်သည်ဟု သိရသည်။ ကွန်လုံမြို့အထက်ကို စိုးမိုးနေသော တောင်ကြီးဖြစ် သည်။ ထိုအခါမှပင် မိမိတို့ရောက်နေသော နေရာသည် ကွန်လုံနှင့် သိန္နီကြား နာတီးနှင့် နန့်ဇလပ်အပေါ်ဖက် တောင်ကြောတွင် ဖြစ်ကြောင်း သိရပေတော့သည်။

တိုက်ပွဲကတော သိပ်မကြာလိုက်ပါ။သို့သော် တိုက်ပွဲပြီး၍ ထမင်း ချက်စားပြီး ပြန်လည်ဆုတ်ခွါရသည်ကတော့ မိုးစုန်းစုန်းချုပ်သည်ထိပင် ဖြစ် သည်။ တပ်ချင်းကွဲသွား၍ ထမင်းပင် ငတ်မလိုဖြစ်ခဲ့သေးသည်။

တကယ်တော့ ဤတိုက်ပွဲသည် တိုက်ပွဲငယ်တခုမျှသာဖြစ်သည်။ အကျအဆုံးလည်း မများလှ။ လေး ငါးယောက်မျှသာ ရှိလိမ့်မည်။ သေနင်္ဂဗျူဟာအရ အရေးပါသည့်တိုက်ပွဲလည်း မဟုတ်ခဲ့။ စစ်ဆင်ရေးကြီးတခု၏ အစိတ်အပိုင်းလည်း မဟုတ်ခဲ့ပေ။ ထိုစဉ်က မိမိက ထိုတိုက်ပွဲငယ်အား စတာလင်ဂရက်တိုက်ပွဲကို စံပြု ပြီး ရွာထုံဂရက်တိုက်ပွဲဟု ခေါ်ဝေါ်သမုတ်ခဲ့သဖြင့် အထက်လူကြီးများ၏ မကြည်လင်မှုပင် ခံလိုက်ရသေးသည်။

သို့သော် အနှစ်လေးဆယ်ခန့်ရှိပြီဖြစ်သော ထိုတိုက်ပွဲငယ်သည် မိမိစိတ်အာရုံတွင် ထင်ဟပ်နေဆဲဖြစ်သည်။ မိမိ၏ ပထမဆုံးတိုက်ပွဲ အတွေ့ အကြုံ ဖြစ်နေ၍ မိမိအာရုံတွင် ခမ်းနား ကြီးကျယ်နေပုံရသည်။ ဤသည်မှာ လူတို့၏အတ္တ ဖြစ်ပုံရသည်။ တကယ်တော့ မဟာစင်္ကြာဝဠာနှင့် အနုစကြာင်္ဝဠာအတွင်း လူတဦးအချင်းအရတော့ သေးငယ်လှသောအနုမြူ မှုံငယ်မျှသာ ဖြစ်ပေလိမ့်မည်။ သို့သော် ဆင်လည်း ဆင်အထွာ ကြွက်လည်းအထွာနှင့် စကားကဲ့သို့ပင် ရှိချေပေလိမ့်မည်။

စိုင်းထီးဆိုင် သီချင်းတပုဒ်ကိုသတိရသည်။ “ကိုယ်စွမ်းသလောက်တော့ ကိုယ်ကြိုးစားခဲ့ပါတယ် … …”

(ဆက်လက်ဖေါ်ပြပါမည်)

မောင်မောင်စိုး ( Mg Mg Soe )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မှတ်စုမှတ်တမ်း, မောင်မောင်စိုး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်