ဂါမဏိ ● လမ်းသုံးကြောင်း

May 14, 2017

ဂါမဏိ ● လမ်းသုံးကြောင်း

(မိုးမခ) မေ ၁၄၊ ၂၀၁၇

ဒုတိယကမ္ဘာစစ်ပြီးတော့ ဂျပန်ဖက်ဆစ်နယ်ချဲ့ စစ်ရှုံးသွားပြီး အင်္ဂလိပ်ကိုလိုနီနယ်ချဲ့လဲ တော်တော်ကြီး ချိနဲ့အားနည်း သွားတဲ့အချိန်မှာ ဗမာပြည်သူလူထုတွေနဲ့ ဗမာပြည်နိုင်ငံရေးသမားတွေအဖို့ လွတ်လပ်ရေး စိတ်ကူးတွေ အကောင်အထည် ပေါ်ဖို့ နီးစပ်လာခဲ့တယ်။ လွတ်လပ်တဲ့ဗမာပြည် ထူထောင်ရေးနဲ့ပတ်သက် ပြီး လမ်းကြောင်းသုံးကြောင်းလဲ အပြိုင်ပေါ် လာခဲ့တယ်။ (လက်ဝဲ) ဖက်ဒရယ်လမ်းကြောင်း၊ သီးခြားလွတ် လပ်ရေးလမ်းကြောင်းနဲ့ အင်ပါယာလမ်းကြောင်းတို့ဖြစ်တယ်။

အင်္ဂလိပ်တွေ ၁၈၂၆ မှာ ပထမဆုံးသိမ်းခဲ့တဲ့ ရခိုင် နဲ့ တနင်္သာရီ၊ ၁၈၅၂ မှာ ဒုတိယမြောက်သိမ်းခဲ့တဲ့ အောက်ဗမာပြည်၊ ၁၈၈၅ မှာ တတိယသိမ်းခဲ့တဲ့ အထက်ဗမာပြည်တို့ဟာ ဗမာပြည်မ Burma Proper အဖြစ် ပူးပေါင်းအုပ်ချုပ်ရေးချခံရပြီး  ၁၈၈၅ နောက်ပိုင်းမှ သိမ်းပိုက်ခံရတဲ့ ရှမ်း ကချင် ချင်း ကရင်နီ နယ်မြေ တွေကိုတော့ သီးခြားအုပ်ချုပ်ရေးတွေချခဲ့တယ်။ ဒီနယ်မြေတွေကို ၁၉၃၅ ခုမှာ ခြွင်းချန်နယ်မြေများ Scheduled Areas လို့သတ်မှတ်ပြီး ဇယား (၁) နယ်မြေနဲ့ ဇယား (၂) နယ်မြေတွေအဖြစ် ခွဲခြားခဲ့တယ်။ ဇယား (၁) ဝင်နယ်မြေတွေက ဗမာပြည်မအစိုးရအောက်မှာမရှိဘဲ ကိုယ်ပိုင်အုပ်ချုပ်ရေး ကြီးကြီးမားမားရ ပြီး ဇယား (၂) ဝင်နယ်မြေတွေကတော့ ဗမာပြည်မအစိုးရအောက်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တစုံတရာရခဲ့ တယ်။

အင်္ဂလိပ်တွေရဲ့ နှိပ်ကွပ်သွေးစုတ်မှုကို အများဆုံးခံရတဲ့ ဗမာပြည်မဟာ သဘာဝကျစွာဘဲ နိုင်ငံရေးအရ အလှုပ်ရှား အထကြွဆုံးဖြစ်ခဲ့တယ်။ ရခိုင် မွန် ဗမာ နိုင်ငံရေးသမားတွေဟာ နယ်ချဲ့ဆန့်ကျင်ရေး လွတ်လပ် ရေးကို အပြင်းထန်ဆုံးတိုက်ပွဲဝင်ခဲ့ကြတယ်။ အဲသလိုတိုက်ပွဲဝင်ရာမှာ အဓိကအားဖြင့် ဗမာပြည်မ အဝန်း အဝိုင်းရဲ့ လွတ်လပ်ရေးကိုဘဲ စိတ်ဝင်စားခဲ့တာဖြစ်ပြီး ရှမ်း ကချင် ချင်း ကရင်နီ နယ်မြေတွေကို ဗမာပြည် နဲ့ မသက်ဆိုင်ဘူးလို့ဘဲ သဘောပေါက်ကြတယ်။ အင်္ဂလိပ်နယ်ချဲ့သမားရဲ့ သွေးခွဲအုပ်ချုပ်ရေး Divide-and-Rule ကြောင့် သွေးကွဲရတာလို့ အကြောင်းပြကြပေမဲ့ တကယ်တော့ သမိုင်းကြောင်းအရ၊ ပထဝီအနေ အထားအရ၊ ယဉ်ကျေးမှုနဲ့သဘာဝအရ သီးခြားစီဖြစ်နေခဲ့တာ ဖြစ်တယ်။

ဒီနိုင်ငံရေးသမားတွေထဲမှာ လက်ဝဲသမားတွေကတော့ မာ့က်စ်-လီနင်တို့ရဲ့ နိုင်ငံတကာဝါဒ (ဝါ) လူမျိုးစုံ သွေးစည်းချစ်ကြည်ရေးဝါဒ Internationalism ခံယူကြတာဖြစ်လို့ ဗမာပြည်မအပါအဝင် တိုင်းရင်းသားနယ် မြေတွေ တပူးတပေါင်းတည်း လွတ်လပ်ရေးယူဖို့၊ အဲ့ဒီကာလက ဆိုဗီယက်ပြည်ထောင်စုလို ဖက်ဒရယ်ပြည် ထောင်စုဖွဲ့ဖို့ လိုလားကြတယ်။ ဒီထဲမှာ ဗိုလ်ချုပ်အောင်ဆန်း၊ ကွန်မြူနစ်ခေါင်းဆောင်များနဲ့ ရှမ်းပြည်က ဦးတင်ဧတို့လို တိုင်းရင်းသားလက်ဝဲလူငယ်တွေ ပါဝင်ကြတယ်။

အဲဒီကာလက ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် ဗမာပြည်လက်ဝဲသမားတွေဟာ ဆိုဗီယက်ရုရှား၊ ယူဂို ဆလားဗီးယား ဖွဲ့စည်းပုံအခြေခံဥပဒေတွေမှာ ခွဲထွက်ခွင့်ထည့်ထားတာ၊ သမတနိုင်ငံတွေ စုပေါင်းပြီး ပြည် ထောင်စုဖွဲ့ထားတာကို အထင်ကြီးအားကျနေတာဖြစ်တယ်။ ဗမာနဲ့ပေါင်းပြီး ပြည်ထောင်စုဖွဲ့ချင်တဲ့ ရှမ်းပြည် ကလက်ဝဲလူငယ်တွေကလဲ အကြွင်းမဲ့ပူးပေါင်းရေးကို လိုလားတာမဟုတ်ဘဲ ဆိုဗီယက်မှာလို လုံးဝကိုယ်ပိုင် အုပ်ချုပ်ရေးနဲ့ ခွဲထွက်ခွင့်ရှိတဲ့ပြည်နယ်မျိုးကို လိုချင်တာဖြစ်တယ်။

ရှမ်းပြည်ကလက်ဝဲလူငယ်တွေ လွှမ်းမိုးထားတဲ့ အာရှလူငယ်အသင်းရဲ့ ၁၉၄၄ ခု ဧပြီလ တောင်ကြီး ညီလာခံမှာ အဆို ၂၁ ချက်ချတဲ့ထဲက အမှတ်(၁၅) မှာ “နာမည်ပြောင်းရေးကိစ္စ။ မိစ္ဆာအင်္ဂလိပ်လက် အောက်မှ လွတ်မြောက်သောအထိမ်းအမှတ်၊ ကျွန်ဘဝကို မေ့ပျောက်နိုင်ရန်လည်းကောင်း၊ နိုင်ငံတော် အတွင်းရှိ တိုင်းရင်းသားများသွေးစည်းညီညွတ်မှုကိုလည်းကောင်း ရည်ရွယ်၍ လက်ရှိ ဗမာနိုင်ငံတော်၊ ဗမာ လူမျိုးဟူသောအမည်မှ တိုင်းရင်းသားအားလုံးတို့နှင့်သက်ဆိုင်၍ အားလုံးတို့ သဘောတူကျေနပ်မည့် သင့် လျော်သောနာမည်တခုကို အမြန်ဆုံးပြောင်းလဲ၍ မှည့်ခေါ်ပေးရန် နိုင်ငံတော်အစိုးရအား လေးနက်စွာ တိုက်တွန်းကြောင်း” လို့ ဆုံးဖြတ်ခဲ့တယ်။ (‘ဇာနည်နိုင်ငံ’ ဆိုတဲ့နာမယ်ကိုတောင် အဆိုပြုခဲ့သေးတယ်။) ဂျပန်လက်နက်မချခင်၊ ဒုတိယကမ္ဘာစစ်မပြီးခင် ကျင်းပတဲ့ ၁၉၄၅ ခု ဇူလိုင်လ ဗကပ ဒုတိယကွန်ဂရက်က ဖက်ဒရယ်နိုင်ငံထူထောင်ဖို့ နိုင်ငံရေးပါတီတွေထဲမှာ ပထမဆုံးအဖြစ် အဆိုပြုခဲ့တယ်။ ၁၉၄၆ ခု ဇန်နဝါရီလ ရွှေတိဂုံအလယ်ပစ္စယံ ဖဆပလပထမညီလာခံမှာလဲ ဗကပ ကွန်ဂရက်လောက် မတိကျ အသေးမစိတ်ပေမဲ့ ခွဲထွက်ခွင့်နဲ့ လွတ်လပ်စွာသဘောတူညီမှုအခြေခံပေါ်မှာ စုပေါင်းနိုင်ငံထူထောင်ဖို့ မူချခဲ့တယ်။

ဗမာနိုင်ငံရေးသမားတွေထဲမှာ လက်ဝဲသမားအုပ်စုအပြင် နောက်အုပ်စုနှစ်စုကတော့ ပြည်နယ်တွေမပါဘဲ ဗမာပြည်မတခုတည်းနဲ့နိုင်ငံထူထောင်ချင်သူတွေရယ်၊ ပြည်နယ်တွေကို ကိုလိုနီအဖြစ်သဘောထားပြီး ပြည် ထောင်စုနာမယ်ခံ တကျော့ပြန်ဗမာအင်ပါယာထူထောင်ချင်သူတွေရယ်ဖြစ်တယ်။ ယေဘုယျအားဖြင့် ပြော ရရင် ဗမာနိုင်ငံရေးသမားတွေနဲ့ တိုင်းရင်းသားနိုင်ငံရေးသမားတွေအများစုကတော့ သီးခြားစီလွတ်လပ် ရေး၊ သီးခြားစီတိုင်းပြည်ထူထောင်ရေးကိုဘဲ စိတ်ဝင်စားကြတယ်။ ဒီထဲမှာ ထူးခြားတာက ပအိုဝ်းတိုင်း ရင်းသား ဆီဆိုင်စော်ဘွား စဝ်ခွန်ကြည်ဟာ ၁၉၃၅ ခုကတည်းက ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေး ကို တင်ပြခဲ့တာဖြစ်တယ်။

၁၉၄၅ စက်တင်ဘာလ ကန္ဒီစာချုပ်ချုပ်ဖို့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗမာကိုယ်စားလှယ်အဖွဲ့ သီရိလင်္ကာနိုင်ငံ အသွားလမ်းမှာ ကပ္ပလီကျွန်းမှာ လေယာဉ်ခဏနားတော့ ဗိုလ်ကျော်ဇောက လွတ်လပ်ရေးရရင် ဒီကပ္ပလီ ကျွန်းတွေလဲ ဗမာပြည်ထဲပြန်ထည့်ဖို့ အင်္ဂလိပ်ဆီကတောင်းရမယ်လို့ပြောတော့ ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေးရရင် အန်ဒမန်ကျွန်း နီကိုဘာကျွန်းတွေရဖို့ထက် ရှမ်းပြည် ကချင်ပြည်တွေ ဗမာပြည်ထဲပါဖို့ ပိုအရေးကြီးတယ်လို့ ပြောခဲ့တယ်။ နောင်မှာ ဗမာ့တပ်မတော်ဗိုလ်မှူးချုပ်ဖြစ်လာပြီး ဗကပ ဗဟိုကော်မတီ ဖြစ်သွားခဲ့တဲ့ ဗိုလ်ကျော်ဇောဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ‘အမြော်အမြင်ကြီးမှု အသိဉာဏ်ကြီးမှု’ကို အသက် ထက်ဆုံး တလေးတစားနဲ့ တဖွဖွပြောခဲ့တယ်။

၁၉၄၆ ဖေဖော်ဝါရီလ ၈ ရက်မှာ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ပါဝင်တဲ့ ဖဆပလ အလုပ်အမှုဆောင်အဖွဲ့နဲ့ ရှမ်းပြည်လူငယ် ကိုယ်စား လှယ်တွေ တွေ့တဲ့အခါ “ခြွင်းချန်နယ်များမပါဘဲ ဗမာပြည်အား လုံးဝလွတ်လပ်ရေး ပေးခဲ့ရင် လက်ခံမလား” မေးတော့ ဦးဘဖေက “ယူတန်ယူမယ်၊ အခြေအနေအရသာ ဆောင်ရွက်ရမယ်” လို့ ဖဆပလကိုယ်စားဖြေခဲ့တယ်။

ဖဆပလ အလုပ်အမှုဆောင်တချို့ကလဲ “ရှမ်းပြည်ဟာ ပထဝီအနေအထားအရ ကုန်းတွင်းပိတ် ဖြစ်နေလို့ စီးပွားရေးနဲ့ အကြပ်ကိုင်လိုက်ရင် ဗမာများနဲ့ မပေါင်းမဖြစ် ပေါင်းကိုပေါင်းရမယ်” လို့ပြောခဲ့သေးတယ်။ ဗိုလ်ချုပ်အောင်ဆန်းကတော့ အဲသလိုပြောင်မပြောဘဲ “စီးပွားရေးစီမံကိန်းလုပ်လိုက်ရင် တခါတည်းပေါင်း လာရမယ်”လို့ စကားပရိယာယ်နဲ့ ပြောခဲ့တယ်။ နောင်မှာ ဖဆပလက ထုတ်ပစ်လိုက်ရတဲ့ ဝါရင့်နိုင်ငံရေး သမား ဗမာမွတ်စလင် ဦးဘဖေ (ဘကြီးဘဖေ–တောင်ကျရေနွားနှစ်ကောင်မဝသလိုပ၊ မောင်ဘဖေ ငါးထောင်မရသော်ကြောင့်လို့ သခင်ကိုယ်တော်မှိုင်းက စာချိုးခဲ့ရတဲ့ ‘ပူးသတ်ရေး’အချောင်ဝါဒသမား) က ၁၉၃၁-၃၂ လန်ဒန်စားပွဲဝိုင်းအစည်းအဝေးမှာ ‘ဗမာပြည်မနဲ့မပေါင်းရင် ရှမ်းပြည်ထဲက ရထားလမ်းတွေ ပြန် ဖြုတ်ပစ်မယ်၊ စာတိုက်တွေ ကြေးနန်းဓာတ်တိုင်တွေ ဖြုတ်ပစ်လိုက်မယ်၊ အာလူးမဝယ်ဘဲ နေလိုက်မယ်’ လို့ ခြိမ်းခြောက်ခဲ့ဖူးကြောင်း ရူးသလိုပေါသလိုနဲ့ ဂုဏ်ယူပြီး ပြောနေတယ်။ (တကယ်တော့ အဲဒီရထားလမ်း တွေ ဓာတ်တိုင်တွေကလဲ အင်္ဂလိပ်ကလုပ်ပေးခဲ့တာဖြစ်လို့ ဗမာအစိုးရ၊ ပြည်မအစိုးရနဲ့ ဘာမှမဆိုင်ပါဘူး။) ဖဆပလ ထဲက တောင်ကြီးသား ဗမာမွတ်စလင် ဦးဖေခင်ကတော့ ရှမ်းပြည်လက်ဝဲလူငယ်တွေဘက်က ပါပြီး ဂရုတစိုက်နဲ့ ဗိုလ်ချုပ်နားပေါက်အောင် ဖြောင်းဖြပေးနိုင်ခဲ့တယ်။

ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်း ပင်လုံစာချုပ်ချုပ်ပြီးပြန်လာတော့ ဦးနု၊ ဦးကျော်ငြိမ်းတို့က ခွဲထွက်ခွင့်ပေးတာ ကို အပြင်းအထန်ကန့်ကွက်ကြတယ်။ ဒါကြောင့် ဗိုလ်ချုပ်ကလဲ မလွန်ဆန်နိုင်ဘဲ တရားသူကြီးချုပ် ဦးမြင့် သိန်းကို “ဖြစ်နိုင်ရင် ရှမ်းနဲ့ကချင်ကို အခြေခံဥပဒေထဲမှာ ခွဲထွက်ခွင့်အပိုဒ်မထည့်ဖို့ ပြောပေးပါ” လို့ ခိုင်းခဲ့ တယ်။ ဒါပေမဲ့ ပြောလို့မရရင်လဲ “မရလဲပြီးရောပေါ့။ အရေးကြီးတာမှမဟုတ်ဘဲ။ တခြားနိုင်ငံ အခြေခံဥပဒေ တွေမှာ အဲလိုခွဲထွက်ခွင့်ပါတဲ့အပိုဒ်ကို ဘယ်တိုင်းပြည်မှာမှ အသုံးပြုခဲ့တာ မရှိခဲ့ပါဘူး။ လိုလိုလားလား ထည့်ထားတဲ့အပိုဒ်ဖြစ်တယ်။ ဒါ့အပြင် ကျနော် ပင်လုံမှာသဘောတူခဲ့တာကို ဖဆပလ အဖွဲ့ချုပ်က လက်ခံ အောင် ဆောင်ရွက်ပါမယ်” လို့ ဗိုလ်ချုပ်ကပြောခဲ့တယ်။ ပြောတဲ့အတိုင်းဘဲ ဗိုလ်ချုပ်မကျဆုံးခင် မေလကုန် အပြီး ကျင်းပခဲ့တဲ့ ဖဆပလ ပဏာမညီလာခံမှာ တိုင်းပြု ပြည်ပြုလွှတ်တော်အတွက် အခြေခံဥပဒေမူကြမ်း ဆွဲတော့ နံပတ်တစ်အဆင့်ရှိတဲ့ ပြည်ထောင်စုပြည်နယ်တွေနဲ့ နံပတ်နှစ်အဆင့်ရှိတဲ့ ကိုယ်ပိုင်အုပ်ချုပ်ရပြည် နယ်တွေအတွက် ခွဲထွက်ခွင့်ထည့်ပေးခဲ့တယ်။

ဗိုလ်ချုပ်ကျဆုံးပြီးနောက် ဖဆပလခေါင်းဆောင်တွေက ၁၉၄၇ အခြေခံဥပဒေထဲမှာ ခွဲထွက်ခွင့်မပါစေဖို့ အပြင်းအထန်ကြိုးစားခဲ့ကြတော့ အမျိုးသားရေးအားနည်းသေးတဲ့ ချင်းခေါင်းဆောင်တွေက အလွယ်တကူ လက်ခံလိုက်ပြီး KNU ခွဲထွက် KYO ကရင်ခေါင်းဆောင်တွေကိုလဲ စည်းရုံးလို့ရခဲ့တယ်။ ကချင်ပြည်ကိုတော့ ဇယား ၂ ဝင် ဗန်းမော်ခရိုင် ထည့်ပေးရလို့ ခွဲထွက်ခွင့်စွန့်ရမယ် ဆိုပြီး တပတ်ရိုက်နိုင်ခဲ့တယ်။ ဒါပေမဲ့ ရှမ်းပြည်မှာတော့ စော်ဘွားတွေတင်မကဘဲ လက်ဝဲသမားရှမ်းလူငယ်တွေကပါ ခွဲထွက်ခွင့်ကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားလို့ ၄၇ အခြေခံဥပဒေထဲ ထည့်ပေးရတယ်။ ဒါတောင် ၁၀ နှစ်ပြည့်မှ ခွဲထွက်နိုင်တယ်လို့ ညစ် လိုက်သေးတယ်။ ကရင်နီမှာလဲ ကင်းဝန်မင်းကြီးစာချုပ်ရှိနေတဲ့အတွက် ဗိုလ်ချုပ်အောင်ဆန်းကို ထောက်ခံ ပြီး ပူးပေါင်းချင်တဲ့ ကရင်နီခေါင်းဆောင်တွေက တခြားကရင်နီခေါင်းဆောင်တွေ ကရင်နီပြည်သူတွေကို စည်းရုံးနိုင်အောင် ခွဲထွက်ခွင့် ထည့်ပေးလိုက်ရတယ်။ ဒီလိုနဲ့ ၄၇ အခြေခံဥပဒေမှာ ရှမ်းနဲ့ကရင်နီ နှစ်ပြည် နယ်ဘဲ ခွဲထွက်ခွင့်ရခဲ့တယ်။

ပဏာမပြင်ဆင်မှုညီလာခံမှာ ချမှတ်ခဲ့တဲ့ ပြည်နယ်လေးမျိုးနဲ့ ပြည်နယ်အစိုးရ-ပြည်နယ်လွှတ်တော် အာဏာ တွေကိုလဲ ကုန်ကျစရိတ်များတယ်၊ အကောင်အထည်ဖော်ဖို့ အရည်အချင်းရှိတဲ့လူ မလုံလောက်ဘူး၊ လွတ် လပ်ရေးအမြန်ရဖို့ အရင်လုပ်ရမယ်၊ နောက်မှ အခြေခံဥပဒေပြင်လဲရတယ်လို့ လှည့်ပတ်ပြောပြီး တိုင်းပြု ပြည်ပြုလွှတ်တော်မှာ အပေါ်ယံပြည်ထောင်စု၊ အနှစ်သာရတပြည်ထောင်နိုင်ငံလုပ်လိုက်တော့တယ်။ တကယ်တော့ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ကလဲ ရှမ်းပြည်မှာ ပဒေသရာဇ်စော်ဘွားတွေအတွက် ပြည် နယ်(အထက်)လွှတ်တော်တခု၊ သာမန်ပြည်သူတွေအတွက် ပြည်နယ်(အောက်)လွှတ်တော်တခု သီးသန့်စီ ထားပေးဖို့ ပဒေသရာဇ်ဆန့်ကျင်ရေးသမား ရှမ်းပြည်လက်ဝဲလူငယ်တွေ တင်ပြတာကို ငွေမရှိ၊ လူမရှိဘူးလို့ အဖြေပေးခဲ့ဖူးတယ်။

မွန်တွေနဲ့ဗမာတွေ အတူတူလိုဖြစ်နေလို့ မွန်တွေအတွက် သီးခြားပြည်နယ်၊ သီးခြားအခွင့်အရေးတွေ မလို ဘူးလို့ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်က ပြောခဲ့သေးတယ်။ ဒါ့အပြင် တိုင်းပြုပြည်ပြုလွှတ်တော်အတွက် အခြေခံဥပဒေမူကြမ်းဆွဲတဲ့ ဖဆပလ ပဏာမညီလာခံမှာလဲ ဗိုလ်ချုပ်အောင်ဆန်းဟာ ဗမာပြည်မ အနေ အထားကို မရှင်းမရှင်းလုပ်ခဲ့ပြီး လူမျိုးစုလွှတ်တော်အတွက် ပြည်နယ်တိုင်း အမတ်ဦးရေတန်းတူရွေးခွင့် မပေးခဲ့ဘဲ ဗမာပြည်မက အမတ်ဦးရေအများဆုံး (၇၀)၊ ရှမ်းနဲ့ကရင်က ဒုတိယအများဆုံး (၃၂ ယောက်စီ)၊ ကျန်ပြည်နယ်တွေက ကချင် ၁၃ ယောက်၊ ချင်း ၉ ယောက်၊ ကရင်နီ ၄ ယောက်ဆိုပြီး လျာထားခဲ့တယ်။ ဒါပေမဲ့ တဖက်မှာလဲ ပြည်နယ် ၄ မျိုးနဲ့ ပြည်နယ်သစ်တွေ ထူထောင်ခွင့်၊ ခွဲထွက်ခွင့်တွေ လမ်းဖွင့်ပေးခဲ့ တယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ ပင်လုံညီလာခံလုပ်နေတုန်းကလဲ အတူပါလာတဲ့ ဗမာပြည်မအစိုးရအဖွဲ့ဝင် ဝန်ကြီး ရခိုင်တိုင်းရင်းသား ဦးအောင်ဇံဝေကို အခြေခံဥပဒေဆွဲရင် ရခိုင်ပြည်နယ်အတွက် စဉ်းစားပေးမယ် လို့ ကတိပေးခဲ့ဖူးတယ်။

ပင်လုံစာချုပ် ချုပ်ပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းက သိန်းဖေမြင့်ကို မဏိပူရနဲ့အာသံကိုလွှတ်ပြီး လွတ်လပ် ရေးရရင် ဗမာပြည်ထဲပါဖို့ သွားစည်းရုံးစေခဲ့တယ်။ ဒါပေမဲ့ ဗမာစစ်သူကြီး ဗန္ဓုလကို စိတ်အနာကြီးနာနေဆဲ ဖြစ်တဲ့ မဏိပူရနဲ့ အာသံပြည်နယ်တွေက လက်မခံဘဲ အိန္ဒိယနဲ့ဘဲ ပေါင်းခဲ့ကြတယ်။ ဒါကြောင့် အဲဒီပြည် နယ်တွေအောက်မှာရှိနေတဲ့ ချင်းနဲ့ နာဂတွေလဲ ၂ နိုင်ငံထဲ ကွဲပါသွားခဲ့တယ်။

နောက်ဆုံးမှာတော့ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ချင်တဲ့ လက်ဝဲသမားတွေလဲ အရေးနိမ့်သွားခဲ့တယ်။ ဗကပ ကိုယ်တိုင်လဲ ၁၉၇၅ နောက်ပိုင်းမှာ ဖက်ဒရယ်ကိုစွန့်လွှတ်ပြီး တရုတ်ပုံစံကိုယ်ပိုင်အုပ်ချုပ်ရေးလိုင်း ဝင်သွားခဲ့တယ်။ ဒီလိုနဲ့ တိုင်းရင်းသားတွေကို သဏ္ဌာန်အမျိုးမျိုးနဲ့ ဖိနှိပ်ကျွန်ပြုပြီး (စတုတ္ထမြန်မာနိုင်ငံတော် ပဉ္စမမြန်မာနိုင်ငံတော် စတဲ့) တကျော့ပြန် ဗမာအင်ပါယာ ထူထောင်ချင်သူတွေကဘဲ လွှမ်းမိုးသွားတာ အားလုံးမျက်မြင်ဖြစ်တယ်။ ပြည်နယ်တွေမပါဘဲ ပြည်မတခုတည်းနဲ့ နိုင်ငံထူထောင်ချင်သူတွေလဲ အခု တော့ ဗမာအင်ပါယာအရသာတွေ့သွားပြီး ဒီမိုကရေစီဆန့်ကျင်ရေး စစ်အုပ်စုဗဟိုပြု အင်ပါယာထူထောင် ချင်သူတွေအောက် ခေါင်းသျှိုးဝင်သွားပြီဖြစ်တယ်။

ဘယ်လိုဘဲဖြစ်ပစေ ဒီကနေ့မှာတော့ လက်ဝဲမဟုတ်တဲ့ ဖက်ဒရယ်သမားတွေ ဗမာထဲမှာလဲ များလာပြီး တိုင်းရင်းသား တွေထဲမှာဆိုရင် အထူးအားကောင်းနေပြီဖြစ်တယ်။

ဂါမဏိ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဂါမဏိ, သူတို့အာဘော်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်