နို င် ဝ င်း သီ – ရူးနှမ်းနေတဲ့မိုးတိမ်

May 14, 2017

နို င် ဝ င်း သီ – ရူးနှမ်းနေတဲ့မိုးတိမ်

(မိုးမခ) မေ ၁၄၊ ၂၀၁၇
(ဆယ့်ငါး )
စင်တီဂရိတ်တွေ တရိပ်ရိပ်နဲ့ တက်တက်လာတဲ့ ရက်စွဲတွေပေါ့။ မြို့ပြဟာ ဆာရီယယ်နှင်းဆီပွင့်ဖြူ။ ငါတို့ဟာ အမှောင်ခေတ်ထဲမှာလား၊ အလင်းခေတ်ထဲမှာလား။ ကိုယ့်ကိုကိုယ်လည်း သိပ်မသဲကွဲလှ။ ခရစ်သက္ကရာဇ် ၂၀၁၇ အထိ ပျော်ရွှင်မှုဆိုတာ ငါတို့ဘဝတွေထဲကို ရောက်မလာသေးဘူးဆိုတာတော့ အသေအချာပြောနိုင်ခဲ့တဲ့ နှစ်ကာလတွေပေါ့။
မည်းနက်နေတဲ့ သူမရဲ့မျက်လုံးတွေဟာ နူးညံ့သိမ်မွေ့မှု မရှိပေမယ့်ခက်ထန်ကြမ်းရှ မနေခဲ့ဘူး။ အဲဒီမျက်လုံးမျိုးတွေဟာ တစုံတခုကိုတွေ့ရှိလိုမှုအတွက်ထက်သန်ပြင်းပြနေတဲ့ မျက်လုံးမျိုးတွေပေါ့ ။ နယ်သစ်ပယ်သစ်ကို ရှာဖွေနေတဲ့ မျက်လုံးမျိုးတွေပေါ့။ အဖြစ်အပျက် တခုခုကို စူးစူးရဲရဲ ကြည့်လိုက်လေတိုင်း တစုံတခုခုငြိကပ်ပါလာမှ အာလျပြေမယ့်မျက်လုံးမျိုး။
ပူလောင်အိုက်စပ်နေတဲ့ ရက်စွဲတခုမှာပဲ “တိမ်တိုက်တွေရဲ့အဆုံး”ကိုသူမဟာ အမှတ်တရ ပေးသွားခဲ့တယ်။ ရက်စွဲကို ပြန်ကြည့်လိုက်ရင် ၃၀ ၊ ၅ ၊ ၂၀၀၂ ဆိုပြီး တွေ့ရလိမ့်မယ်။ တိမ်တိုက်တွေရဲ့အဆုံးကို ပေးအပ်ပြီး ဆယ့်ငါးနှစ်အကြာမှာ သူမဟာလည်း တိမ်တိုက်တွေရဲ့အဆုံးကို ရောက်ရှိသွားခဲ့ပြီ။ ငါတို့ဟာလည်း တနေ့နေ့မှာ တိမ်တိုက်တွေကြားထဲကို ရောက်ရှိသွားမှာ အသေအချာ။(ဆယ့်ခြောက် )

လွင့်ချင်ရာ လွင့်နေခဲ့တဲ့ မြို့ပြသစ်ရွက်တွေပေါ့ကွာ။ စီးချင်ရာ စီးဆင်းနေခဲ့တဲ့ မြစ်ချောင်းတွေပေါ့ကွာ။ ငါတို့ရဲ့ဘဝတွေဟာ။ ပစ္စည်းမဲ့ လူတန်းစားဆိုတာ နာမည်လေးကကဗျာဆန်သလောက် တကယ့်ဘဝထဲမှာ စုတ်ပြတ်သပ်နေတာပါကွာ။ နေလောင်ထားတဲ့ အရေပြားတွေ၊ ဆားပွင့်နေတဲ့ ရှည်မျောမျောလည်ပင်းတွေ၊ ဆာရလောင်ရလွန်းလို့ အစွမ်းကုန်ဖြဲဟထားတဲ့ ပါးစပ်ပေါက်ကြီးတွေ၊ နေဖို့လည်း အဆင်မပြေ၊ သေဖို့လည်းအဆင်မပြေသေးတဲ့ ဘဝတွေ။ ခေတ်အဆက်ဆက် ဘယ်လို`စိန့်´တွေကများ ငါတို့ရဲ့ဘဝတွေကို ထူမတ်ပေးခဲ့လို့လဲကွာ။ အဲဟိုငတိတွေကလည်း ဟုတ်မလိုလိုနဲ့ ငါတို့ရဲ့ဘဝတွေကို အစုလိုက်အပြုံလိုက် မြောင်းထဲ ကန်ချသွားခဲ့တာပဲမဟုတ်လား။ ဒီလိုနဲ့ပဲ ငါတို့ဟာ အလုံးစုံသောရာဇဝတ်မှုတွေရဲ့အရင်းအမြစ်တွေ ဖြစ်လာခဲ့ရတာပေါ့။ ဘယ်လိုပြစ်မှုမျိုးပဲ ဖြစ်ဖြစ် လှိုက်လှဲစွာ ကူညီနိုင်ပါတယ်ကွာ။ ဘဏ်ဓားပြတိုက်တာလောက်တော့ ထည့်ပြောမနေနဲ့။ သိကြားမင်းရဲ့ခေါင်းကို ရိုက်ခွဲပေးရမယ်ဆိုရင်တောင်  အဆင်သင့်ဖြစ်နေကြတဲ့ ရေအဆုံး ကုန်းတဝက်ကောင်တွေပါကွာ။ ဓာတ်ငွေ့လွှတ်မယ့်အခန်းထဲကို တန်းစီဝင်သွားတဲ့ဂျူးတွေနဲ့ ငါတို့
ဘဝဟာ ဘာခြားလို့လဲကွာ။ မြို့ပြဟာကွန်ဒိုတွေ တထပ်ပြီးတထပ် မြင့်တက်သွားသလို ငါတို့ရဲ့ငရဲဘုံဟာလည်း တထပ်ပြီးတထပ် နိမ့်နိမ့်ဆင်းသွားတာ ဘာများဆန်းလို့လဲကွာ။

(ဆယ့်ခုနှစ်)

ဧပြီ ၂၆ ရက်နေ့ ရက်စွဲနဲ့ရန်ကုန်ဟာ တအားပူခဲ့တာပေါ့။ smitt & wesson ၃၂ ဗို့ တလက်သာ လက်ထဲမှာ ရှိနေခဲ့ရင် ဆုံလည်ထဲမှာရှိတဲ့ ကျည်ဆံခြောက်တောင့်လုံးကို အကုန်ပစ်မိမှာပဲ။ မားဆိုးလည်း အခုလို ပူပြင်းတဲ့နေရောင်အောက်မှာပဲ ရှော့ခ်ဖြစ်သွားခဲ့တာ မဟုတ်လား။ မြို့ပြဟာ အယ်လ်ဂျီးရီးယားကမ်းခြေထက်တောင် ဆိုးနေပါလားကွာ။

ကားရောင်စုံဟာ လိမ္မော်ရောင်မီးလျှံတွေကြားမှာ တဝီဝီနဲ့။ လမ်းမတွေပေါ် ဖြတ်တိုက်သွားတဲ့လေဟာ မီးလေတွေ။ အသက်ရှူသံ ပြင်းပြင်းဟာ မြွေတွန်သံလို တရွှီရွီနဲ့။အချိတ်အဆက်အားလုံးကလွတ်မြောက်ပြီး ဗန္ဓုလပန်းခြံထဲရောက်တော့ အေးမြမှုဟာ ငါ့ ဆီရောက်ရှိလာခဲ့ပြီ။ ငုပန်းခိုင်တွေဟာ ဝင်းဝါညွှတ်အိလို့။ စိန်ပန်းပွင့်တွေကတော့ စုတ်ချက်ထူထူကြမ်းကြမ်းပေါ့ကွာ။ မြက်ခင်းစိမ်းစိမ်းပေါ်မှာတော့ မြို့ပြခို လေးငါးခြောက်ကောင်ပေါ့။လွတ်လပ်ရေးကျောက်တိုင်ကြီးကတော့ ဒုံးပျံတစ်စင်းလို တိမ်တွေထဲ တိုးဝင်သွားခဲ့ပြီ။  ဝိတိုရိယခေတ်ပုံ တရားရုံးအဆောက်အအုံကြီးဟာ နေရောင်အောက်မှာ ခန့်ညားထည်ဝါလို့။ ငါကတော့ ဂျူရီလူကြီးတွေရဲ့ စီရင်ချက်ကိုသာ ခန့်ငြားဖို့အလိုရှိတဲ့ သာမန်ပြည်သူတယောက်ပေါ့။ တရားရုံးထိပ်က နာရီစင်ဆိုတာ အချိန်ကို ပြညွှန်းချင်တာထက် အမှန်တရားကို ဖော်ကျူးထားတဲ့နိမိတ်ပုံပေါ့ကွာ။ အခုတော့ အဲဒီပိန်လှီလှီ လက်ချောင်းလေးတွေဟာ ပန်းခြံဘက်မှာတမျိုး။ ဧမာနွေလဘုရားရှိခိုးကျောင်းဘက်မှာတမျိုး။ လေးဘက်လေးတန်မှာ အချိန်ကာလလေးမျိုးဆိုတော့ကြေကွဲစရာကောင်းသွားပြီပေါ့ကွာ။ ဂရင်းနစ်စံတော်ချိန်ကိုပါ ထည့်တွက်ခဲ့ရင် ငါးမျိုးပေါ့။ အားလုံးကောင်းပါသည်ခင်ဗျားပေါ့ ကိုယ့်လူတို့ရာ။ ငါတို့ရဲ့ရတောင့်ရခဲ လူ့ဘဝကြီးမှာ။

( ဆယ့်ရှစ် )

အာရုံခံစားမှုတဲ့လား။ သွားစမ်းပါကွာ။ ဘယ်နေရာမှာများသွားပြီး အာရုံခံစားခိုင်းဦးမလို့လဲ။
ဒီကောင့် ရေဒါက ပျက်နေတာကြာပါပြီကွာ။ ခါတိုင်းဆို ဒီကောင်ဟာ သွေးစက်ကျရာ အမြဲလိုက်နေလေ့ရှိတဲ့ မြို့ပြငါးမန်းတကောင်ပေါ့။ တိုက်ရည်ခိုက်ရည်ပြည့်ဝနေတဲ့ ကဗျာဆရာတယောက်ပေါ့။ ဘယ်နေရာမှာတိုက်ပွဲဖြစ်နေလဲ။ ဒီကောင် အရင်ဦးဆုံး ရောက်ရှိနေ ခဲ့ပြီ။ သူ့ဘက်က ငြိမ်သက်နေရင်တောင် တိုက်ပွဲတွေဟာ သူရှိရာအရပ်ကို အာရုံခံပြီး လိုက်လာလေ့ရှိတာပေါ့။ နောက်ဆုံးပေါ်အနုပညာနဲ့ လက်နက်အသစ်အဆန်းမှန်သမျှ တအားစိတ်ဝင်စားခဲ့တဲ့ ကဗျာဆရာလူငယ်တယောက်ပေါ့။ ခုတော့ လော့ခ်ဟိရဲ့ F 35. A တစင်း
သူ့နားရွက်ဘေးက ရှပ်ပျံသွားရင်တောင် စိတ်ဝင်စားမှာ မဟုတ်တော့ဘူး။ ဘာတွေဖြစ်နေလို့လည်းဆိုတာကိုတော့ မမေးနဲပေါ့ကွာ။ အနုပညာဆိုတာ လျာထားချက်ထက် ပြည့်မီကျာ်လွန်သွားအောင် ထုတ်လုပ်နေတဲ့ စည်သွတ်ဘူးစက်ရုံတခုမှ မဟုတ်တာကွာ။

သဇင် ၂၂ လမ်းကပြန်လာတော့ ညဟာပူနွေးနေခဲ့ပြီ။ ဝေါခနဲ ဖြတ်ဖြတ်မောင်းသွားတဲ့ ကယ်ရီတွေပေါ်မှာတော့ သွေ့ခြောက်မွဲရီနေတဲ့ နွမ်းလျအိမ်ပြန်လေးတွေပေါ့။ ငါ့ ခြေဖဝါးအောက်မှာ ကိုယ်ထူကိုယ်ထလမ်း။ ငါ့ လမ်းနံဘေးမှာ ကိုယ်ထူကိုယ်ထ လမ်းမီးတိုင်လေးတွေ။

ငါတို့ရဲ့ညဟာ ကိုယ်ထူကိုယ်ထအလင်းရောင်အောက်မှာ တိုးသက်နွမ်းရီလို့။ ငါတို့ရဲ့တော်တီလာဖလက်ရပ်ကွက်လေးဟာ အဲဒီ ညတုန်းကလည်း ထုံးစံအတိုင်းမူးကြ ရူးကြမြူးကြနဲ့ ပျော်ရွှင်စရာလည်းကောင်း၊ စိတ်ညစ်စရာလည်း ကောင်းခဲ့တာပေါ့။ ဒီလိုနဲ့ပဲ ငါတို့ဟာ ကိုယ်မထူရင် ကိုယ်မထနိုင်တဲ့ ခေတ်ကြီးထဲမှာ လောကဓံနဲ့ လုံးထွေးသတ်ပုတ်ရင်း ဆင်းရဲတွင်းရော မိုက်တွင်းပါ နက်ခဲ့ရတာ မဟုတ်လား။ ။
နိုင် ဝင်း သီ
၉ ၊ ၅ ၊ ၂၀၁၇
ည ၈း ၁၀ နာရီ

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)