တူမောင်ညို – အဂတိလိုက်စားမှု “ ကြီးကြီးလား – သေးသေးလား ”

May 16, 2017

တူမောင်ညို – အဂတိလိုက်စားမှု “ ကြီးကြီးလား – သေးသေးလား ”
(မိုးမခ) မေ ၁၆၊ ၂၀၁၇

“ အဂတိလိုက်စားမှု” အကြောင်းတင်ပြချင်တာပါ။ ဒါကြောင့် အခုလို နိဒါန်းပျိုးပါတယ်။

အကြင် စစ်အုပ်စုတစ်စုစုက စစ်တပ်ကို ချုပ်ကိုင်ပြီး အာဏာသိမ်းပိုက်မှုတိုင်းမှာ မျက်နှာစာ နှစ်ဖက်ပါရှိ တတ်ပါတယ်။

ပထမတစ်ဖက်က တိုင်းပြည်ကို ချောက်ထဲကျဖို့ လက်မတင်အခြေအနေကနေ အချိန်မီကယ်တင်လိုက်တဲ့ ကယ်တင်ရှင်ဟာ သူတို့ပဲဖြစ်တယ်ဆိုတဲ့ ကြွားလုံးထုတ်ပြီး နိုင်ငံရေးအရ မင်္ဂလာယူတဲ့ဘက်။ အခြားတစ်ဖက်ကတော့ တိုင်းပြည်ရဲ့အသက်သွေးကြော စီးပွာရေးလုပ်ငန်းကြီးတွေမှန်သမျှကို လက်ဝါးကြီးအုပ်သိမ်းယူတာနဲ့အဂတိလိုက်စားမှုဆိုတဲ့ဘက်ပါပဲ။

ဒီမျက်နှာစာနှစ်ဖက်ဟာ ဒင်္ဂါးပြားတစ်ချပ်ရဲ့ခေါင်းနဲ့ပန်းလိုပဲ ဘယ်လိုမှ ခွဲခြားလို့ မရစကောင်းပါဘူး။

ပြီးတော့ စစ်တပ်အာဏာသိမ်းပိုက်မှုတိုင်းရဲ့နိုင်ငံတကာလက္ခဏာလည်းဖြစ်ပါတယ်။ စစ်တပ်ကို ချုပ်ကိုင်ပြီး နိုင်ငံရေးအာဏာ ကို အတင်းအဓမ္မသိမ်းပိုက်လုယူထားတဲ့ စစ်အုပ်စုတိုင်းဟာ တိုင်းပြည်ရဲ့အသက်သွေးကြောစီးပွားရေးလုပ်ငန်းမှန်သမျှ လက်ဝါးကြီးအုပ် သိမ်းယူကြတာချည်းပဲ မဟုတ်ပါလား။

သိမ်းပိုက်ထားနိုင်တဲ့ ကာလရှည်ကြာလေလေ သူတို့ချုပ်ကိုင်ထားတဲ့ “အာဏာနဲ့ဘဏ္ဍာအဆောက်အအုံ” (စစ်ဗျူရိုကရက် ယန္တယားနဲ့စစ်ဗျူရိုကရက်အရင်းအနှီး)ဟာ ပိုပြီးခြေမြဲလက်မြဲရှိနေပါတယ်။ ခြေမြဲလက်မြဲတယ်ဆိုတာ တည်ငြိမ်အေးဆေးနေတယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ပြည်သူလူထုရဲ့ အဆက်မပြတ်တဲ့ ဆန့်ကျင်အုံကြွမှုတွေကို တဖက်မှာရင်ဆိုင်နေရပြီး၊ အခြားတစ်ဖက်မှာတော့ သူတို့အုပ်စုတွင်း ဗိုလ်လုမှု၊ စားခွက်လုမှုတွေကလည်း တသီတတန်းကြီးဖြစ်ပေါ်နေတာပါ။

၁၉၆၂ ကနေ ယနေ့မျက်မှောက်ကာလအထိ ဗမာပြည်က စစ်အုပ်စုအနေအထားကို ကြည့်ပါ။ “ဆဲဗင်းဇူလိုင်” အစ၊ “၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီး” အလယ်၊ “လက်ပံတန်းကျောင်းသားလှုပ်ရှားမှု” အဆုံး ပြည်သူလူထုရဲ့အဆက်မပြတ်တဲ့ ဆန့်ကျင်အုံကြွမှု တသီတတန်းကြီးတွေ့မြင်နေကြရပါလိမ့်မယ်။

သူတို့ အုပ်စိုးမှုပုံစံကိုလည်း စစ်အုပ်စုအနေနဲ့ အမျိုးမျိုးပြောင်းလဲခဲ့ကြရပါတယ်။ ဒီလိုပြောင်းလဲရတာမှာ ပြည်သူလူထုအုံကြွ တောင်းဆိုမှုတွေဟာ အဓိကဘက်ဖြစ်ပါတယ်။ (မဆလ) ပါတီအာဏာရှင်စနစ်ကနေ၊ (နဝတ-နအဖ)စစ်အာဏာရှင်စနစ်၊ အဲဒီကနေမှ တဆင့်၊ အခုနောက်ဆုံး “အခြေခံဥပဒေမရှိတဲ့ စစ်အာဏာရှင်စနစ်” ကနေ “၂၀၀၈အခြေခံဥပဒေရှိတဲ့ စစ်အာဏာရှင်စနစ်” သို့ ပြောင်း လဲလာခဲ့တာဖြစ်ပါတယ်။ အခုလည်း အနိမ့်ဆုံးအဆင့်မှာ “၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး” – အမြင်ဆုံးအဆင့်မှာ “၂၀၀၈ အခြေခံ ဥပဒေ ဖျက်သိမ်းရေး” ဆိုတဲ့ လူထုဆန့်ကျင်အုံကြွမှုကို စစ်အုပ်စု ရင်ဆိုင်နေရတာဖြစ်ပါတယ်။

စစ်အုပ်စုတွင်း ဗိုလ်လုမှု၊စားခွက်လုမှုတွေကလည်း ရပ်နားနေတာမဟုတ်ဘဲ။ အစဉ်မပြတ်ပေါ်ပေါက်နေတာပါ။ “ဗိုလ်အောင် ကြီးကန်ထုတ်ခံရတာ” က အစ၊ “ ဗိုလ်ခင်ညွန့်ထောက်လှမ်းရေးဂိုဏ်းဖျက်သိမ်းခြင်း” အလယ်၊ ဗိုလ်ရွှေမန်းတို့အစု ဖယ်ရှားခံရတဲ့ “သန်း ခေါင်ယံအာဏာသိမ်းမှု” အထိ သူတို့ချင်း ဗိုလ်လုမှု၊ စားခွက်လုမှုတွေကို ပုံစံတမျိုး မဟုတ်တမျိုးနဲ့ ကြားနေ၊ သိနေကြရတာပဲ မဟုတ် ပါလား။

ထူးခြားချက်တစ်ခုက “အဂတိလိုက်စားမှု” ဟာ စစ်အုပ်စုအတွင်း ဗိုလ်လုမှု၊ စားခွက်လုမှု သည်းသန်ပြင်းထန်လာပြီး အဆုံး အဖြတ်အဆင့်ကို ရောက်ရှိသွားတဲ့အခါ မြုံထား၊ မြှုပ်ထားတာတွေ လူသိရှင်ကြား ပွင့်ကန်ထွက်လာတတ်တဲ့ အချက်ပါပဲ။

ဒီလိုနဲ့ စစ်အုပ်စုတွင်းဂိုဏ်းတိုက်ပွဲမှာ လက်ဦးမှုမဲ့သွားတဲ့ အုပ်စုဟာ “အဂတိလိုက်စားမှု” ဆိုတဲ့ ပြစ်ချက်မျိုးစုံနဲ့စွဲချက်တွေ တင်ခံရပြီး၊ အာဏာစည်းဝိုင်းကနေအဝေးကို ကန်ထုတ်ခံလိုက်ရတယ်ဆိုတဲ့ အချက်ပါပဲ။

စစ်အုပ်စု ကြီးစိုးထားဆဲ ဗမာပြည်မှာ “အဂတိလိုက်စားမှု” ရှိ/မရှိဟာ အငြင်းပွားစရာပြဿနာမဟုတ်ပါ။

အတိုင်းအတာပမာဏ ဘယ်လောက်ကြီးကြီးမားမားရှိနေသလဲဆိုတဲ့ အချက်ကသာ “အဂတိလိုက်စားမှု” တိုက်ဖျက်ရေးက ပစ်မှတ်ထားရမယ့်အချက် ဖြစ်ပါတယ်။

“အဂတိလိုက်စားမှု” ဆိုတာဟာ အာဏာကို လက်မလွှတ်စတမ်း ချုပ်ကိုင်ထားတဲ့ အခြေခံပေါ်မှာ ဥစ္စာဓနကို ဗြောင်အကျဆုံး လုယက်တဲ့ ကိုယ်ကျိုးရှာမှုပုံစံ တမျိုးသာလျှင်ဖြစ်ပါတယ်။ “အဂတိလိုက်စားမှု”ကို နေရာတိုင်းမှာ တွေ့နိုင်ပါတယ်။

အထူးသဖြင့် နာမည်လှလှပေးထားပြီး ကြီးမားလှတဲ့ ဖွံ့ဖြိုးရေး စီမံကိန်း လုပ်ငန်းကြီးတွေကို ကြည့်ရင် အထင်အရှားမြင်နိုင်ပါ တယ်။ ဥပမာအားဖြင့် နေပြည်တော်တည်ဆောက်ရေးစီမံကိန်း၊ နိုင်ငံတကာလေဆိပ်နဲ့ပြည်တွင်းလေဆိပ်တည်ဆောက်ရေးစီမံကိန်းများ၊ ပေ ၁၈၀ အထက်မြစ်ကူး တံတားကြီးများ တည်ဆောက်ရေးစီမံကိန်း၊ အဝေးပြေးကားလမ်းစီမံကိန်း၊ ဆည်မြောင်းတာတမံနဲ့ရေအား လျှပ်စစ်စီမံကိန်း၊ တက္ကသိုလ်၊ စာသင်ကျောင်းဆောက်လုပ်ရေးစီမံကိန်းများ၊ ကျောက်မျက်ရတနာ၊ ကျောက်စိမ်း၊ ပုလဲရောင်းချခြင်း အပါ အဝင်တင်ဒါမျိုးစုံ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ လယ်ယာထွက်ကုန်ချုပ်ကိုင်ရောင်းဝယ်ရေး၊ မွေးမြူရေးနှင့်ရေလုပ်ငန်း၊ သစ်နှင့်သစ်တော ထွက်ပစ္စည်းမျိုးစုံ၊ ရေနံ၊ သဘာဝဓာတ်ငွေနဲ့ သတ္တုတူးဖော်ရေး စသဖြင့် ပမာဏအတိုင်းအတာကြီးမားသလို အကွက်အကွင်းနယ်ပယ် ကလည်း လက်ညှိုးထိုးမလွဲ များမြောင်စုံလင် လှပါတယ်။

ဦးသိန်းစိန် ကြံ့ဖွံ့ပါတီအစိုးရ သက်တမ်းကာလ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ (ဗိုလ်) ဦးခင်အောင်မြင့် ပြောတဲ့ “ဇီးသီးဗန်းကြီး” ဆိုတာ အဲဒီစီမံကိန်းကြီးတွေ စစ်အုပ်စုထိပ်သီးတွေနဲ့အဆင်ဆင့်အာဏာပိုင်တွေ မိဆိုင်ဖဆိုင် အမွေဆိုင်လို သဘောထားပြီးပျော်ပျော် ကြီး ကိုယ်ကျိုးရှာကြတဲ့ ဖြစ်ရပ်ကို တဖက်လှည့်နဲ့ ဝန်ခံတာဖြစ်ပါတယ်။

“ကာကွယ်ရေးဆိုတာ စစ်ရေးတစ်ခုတည်းသာမကဘဲ များစွာကျယ်ပြန့်တယ်” လို့ ကာချုပ်ဗိုလ်မင်းအောင်လှိုင်ပြောတဲ့ စကား လိုပေါ့။ “ကာကွယ်ရေး” ဆိုတာ အင်မတန်ကျယ်ပြန့်လှတဲ့ “ဇီးသီးသမုဒ္ဒရာကြီး”တစ်ခုဖြစ်ပါတယ်။ စားပွဲထိုးဝတ်စုံလား၊ဂျိမ်းစ်ဘွန်းဝတ်စုံ လား မခွဲခြားတတ်တဲ့ “စစ်ဝတ်စုံသစ်” ကိစ္စကိုပဲကြည့်ပေါ့။ ဘယ်သူတွေ တင်ဒါရသလဲ။ ဒီလို တင်ဒါမျိုးရတဲ့သူဟာ တစ်သက်လုံး စားပေ တော့ပဲ။ ဒီလို တင်ဒါမျိုးရဖို့လည်း စို့စို့ပို့ပို့ ကြီးကို “ဂါ” ရမှာ မလွဲပေဘူးပေါ့။

အထက်မှာတင်ပြခဲ့တဲ့ စီမံကိန်းကြီးတွေဟာ စစ်အုပ်စုအဖို့ တစ်ဖက်က နိုင်ငံရေးအရ မင်္ဂလာယူ ကြွားလုံးထုတ်နိုင်ပြီး အခြား တစ်ဖက်မှာတော့ အိတ်ထောင်ထဲကို အကျိုးအမြတ်တွေကို သဲ့ပြီးထည့်ယူနိုင်တဲ့ ဘယ်တော့မှ လက်မလွှတ်နိုင်တဲ့ ချိုမြအီဆိမ့်တဲ့ အခွင့် အလမ်း နှစ်ခုပါရှိမြဲ ပါရှိနေပါတယ်။

ဒါကြောင့် “ဘယ်ခေတ်ဘယ်ကာလ၊ ဘယ်အစိုးရခေတ်ကာလမှာမှ မရှိခဲ့ဖူးတဲ့ လမ်း၊ တံတား၊ ဆည်မြောင်းတာတမံကြီးတွေ၊ တက္ကသိုလ်ကြီးတွေ၊ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံကြီး” တည်ဆောက်ခဲ့တယ်၊ တည်ဆောက်နေတယ် စတဲ့စကား တွေ နဲ့မစားရ ဝခမန်းကြွားဝါလေ့ရှိကြသလို၊ ဒီလို စီမံကိန်းကြီးတွေကြောင့်လည်း သူတို့မှာထားစရာမရှိအောင် ချမ်းသာကြွယ်ဝလာကြ တာဖြစ်တယ်ဆိုတဲ့ အချက်ကလည်း ဘယ်လိုမှ ဖုံးဖိထားလို့ မရတဲ့၊ တကဲ့ဖြစ်ရပ်မှန်ပဲ မဟုတ်ပါလား။ တိုင်းပြည်နဲ့ ပြည်သူတွေကတော့ ကုန်းကောက်စရာ မရှိအောင် ဆင်းရဲမွဲတေကုန်ပါတယ်။

ဒါကြောင့် “အဂတိလိုက်စားမှု” ရဲ့ အတိုင်းအတာကိုသိချင်ရဲ့ စီမံကိန်းရဲ့အတိုင်းအတာနဲ့ပမာဏကို ကြည့်တာနဲ့ခန့်မှန်းတွက် ချက်နိုင်ပါတယ်။

နောက်တစ်ချက်က “အဂတိလိုက်စားမှုတွေ”ရဲ့အတိုင်းအတာနဲ့ပမာဏကို သူတို့ချင်း ဗိုလ်လုပွဲ၊စားခွက်လုပွဲတွေကနေတဆင့် တစွန်းတစ သိရှိလာရတယ်ဆိုတဲ့ အချက်ပဲ။

ဒီတိုင်း ရိုးရိုးတန်းတန်းတော့ ဘယ်သူမှမသိရဘူး၊ မသိနိုင်ပါဘူး။ ဥပမာ – ဗိုလ်နေဝင်းလို စစ်အုပ်စုထိပ်သီးကြီးက သိမ်းပိုက် ရယူသွားတဲ့ ဥစ္စာဓနရဲ့ ပမာဏအတိုင်းအတာကို ဘယ်သူက အတိအကျသိနိုင်မလဲ၊ ဘယ်လိုရေတွက်နိုင်ပါမှာလဲ။ ဗိုလ်လုမှု၊ စားခွက်လု မှုတွေပေါ်လာပြီး၊ လက်ဦးမှုရတဲ့ အုပ်စုက လက်ဦးမှု မဲ့သွားတဲ့ အုပ်စုကို ထိုးနှက်တဲ့အခါမှသာ “အဂတိလိုက်စားမှု”ရဲ့ အတိုင်းအတာနဲ့ ပမာဏကို တစွန်းတစ သိလာရတာပါ။ ဒါကလည်း လက်ဦးမှုရတဲ့အုပ်စုဘက်က ဖော်ပြတဲ့ ၊ ပြောတဲ့အတိုင်းအတာပမာဏလောက် ကိုသာသိခွင့်ရတာပါ။ အာဏာခွာရာတိုင်းလာသူတိုင်းကို “အဂတိလိုက်စားမှု”စွဲချက်တွေတင်ပြီး ဖြုတ်ထုတ်ပစ်တာကတော့ စစ်အုပ်စုရဲ့ ဓလေ့စရိုက်တစ်ခုလို ဖြစ်နေပါတယ်။

ဗိုလ်နေဝင်း ဟာ သူ့ကို ခွာရာတိုင်းလာတဲ့ (မဆလ) စစ်ဗိုလ်တစ်စုကို “နို့ဆီသကြားအမှု”နဲ့ စွဲချက်တင်ဖြုတ်ချခဲ့ဖူးတယ်။

(နဝတ-နအဖ) ခေတ်မှာ ဗိုလ်ထွန်းကြည်၊ ဗိုလ်ကျော်ဘတို့ကို ကျောက်စိမ်း၊ စိန် စတဲ့ အမှုတွေ ဖြုတ်ပစ်ခဲ့တာပဲ။

ဗိုလ်ခင်ညွန့်တို့ ထောက်လှမ်းရေးဂိုဏ်းကို ဗိုလ်သန်းရွှေတို့၊ ဗိုလ်ရွှေမန်းတို့ဂိုဏ်းက ဖြုတ်ချတော့လည်း “အဂတိလိုက်စားမှု” ဆိုင်းဘုတ်ပဲ ချိတ်ပေးလိုက်တာ မဟုတ်လား။

ဗိုလ်ခင်ညွန့်ဂိုဏ်းကိုဖြိုတော့ “ လွန်စွာကြီးမားသော ကြောက်မက်ဖွယ်ကောင်းသော လာဘ်ယူမှုဖြစ်ပါကြောင်း — တချို့အမှု များမှာ လူကိုယ်ရင်းနှီးပေးရသည့်အမှုများရှိပါကြောင်း ” စသဖြင့် ဗိုလ်ရွှေမန်းပါးစပ်ကနေ အခုလို တရားဝင်ထုတ်ဖော်ပြောဆိုဖူးတာပဲ မဟုတ်ပါလား။ တစ်လ၊ နှစ်လအတွင်း လာဘ်ယူမှုဟာ (အနိမ့်ဆုံးဈေးနှုန်းနဲ့ တန်ဖိုးတွက်ချက်တာတောင်) စုစုပေါင်း ကျပ်သိန်းပေါင်း (၃ သောင်း) ရှိတယ်လို့ တွက်ချက်ဖော်ပြခဲ့ပါတယ်။

အဲဒီ ကျပ်သိန်းပေါင်း (၃သောင်း) ဆိုတဲ့ ပမာဏကို ၁၉၈၈ ကနေ ၂၀၁၁ အထိ ပဲ အကြမ်းဖျင်း နှစ် ၂၀ ထားပြီး အပျင်းပြေ မြှောက်ကြည့်စမ်းပါ။ ကျပ်သိန်းသန်းပေါင်း ဘယ်လောက်ရှိနေမလဲ။ ဒါဟာ တခြားသောမရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းတွေ၊ လက်ရှိလည်ပတ် လုပ်ကိုင်နေဆဲလုပ်ငန်းတွေနဲ့ အဲဒီကနေရနေတဲ့ အကျိုးအမြတ်တွေ မပါသေးဘူး။

ဒီတော့ “အာဏာ”ဟာ သူတို့အဖို့ ရွှေဆိုလည်း ဟုတ်၊ ငွေဆိုလည်း ဟုတ်၊ ဒေါ်လာဆိုလည်း ဟုတ်၊အရာရာတိုင်း ဟုတ် နေ တော့တာပါပဲ။ “အာဏာဟာ သေနတ်ပြောင်းဝက လာတယ်/ မလာဘူး” ဆိုတဲ့ကိစ္စ ကတော့ အတိုက်အခံတွေ အချင်းချင်း အကြားမှာ မပြီးနိုင်မစီးနိုင် အောင်ငြင်းခုန်နေကြပေတော့။

ကိုးကားဖော်ပြချင်တဲ့ ကိစ္စတစ်ခုက ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရက ထောင်သွင်းအကျဉ်းချခဲ့တဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယ တိုင်းမှူး (ဟောင်း)၊စစ်ရာထူးခန့်ချုပ်(ဟောင်း)၊ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ(ဟောင်း)၊ သာသနာရေးဝန်ကြီး(ဟောင်း) (ဗိုလ်) ဦးဆန်းဆင့် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ဖူးတဲ့ စကားကို ဖော်ပြပါ့မယ်။

“အစိုးရတာဝန်ရှိပုဂ္ဂိုလ်များ၏ အကျင့်ပျက်ခြစားမှုသက်သေ အထောက်အထားများ မိမိတွင် ရှိနေကြောင်း၊ တပ်မတော် စစ်ရာထူးခန့်ချုပ်တာဝန်ထမ်းဆောင်စဉ်က အဆိုပါအချက်အလက်များကို မှတ်တမ်းပြုစုထိန်းသိမ်းကိုင်တွယ် ဆောင်ရွက်ရကြောင်း၊ အချို့သောတိုင်ကြားစာများမှာ ကတ္တီပါဖုံး ရွှေစာလုံးများဖြင့်ရေးသားထားသည့်တိုင်ကြားစာများလည်း ပါဝင်ကြောင်း” တဲ့။

(ဗိုလ်) ဦးဆန်းဆင့် ကို (ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့ပါတီအစိုးရက ပြည်သူပိုင်ပစ္စည်းအလွဲသုံးစားမှု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄ဝ၉၊ နိုင်ငံတော် အကြည်ညိုပျက်အောင်လုပ်ဆောင်မှု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၄(က) တွေနဲ့စွဲချက်တင်ပြီး ထောင်ဒဏ်၁၃ နှစ်၊ ဒဏ်ငွေ ကျပ် ၁သိန်း ချမှတ်ခဲ့ပါတယ်။

နောက်ထပ်ကိုးကားပြချက်တာတစ်ခုက အလဲဗင်းဂျာနယ် (၂၀ စက်တင်ဘာ၂၀၁၄ ) မှာပါတဲ့ မာန်သူရှိန် ရဲ့ “ဦးရဲထွဋ် တုန့်ပြန်၍ ဦးခင်အောင်မြင့်ကိုယ်စား ကျွန်တော်ပြောချင်သည်” ဆိုတဲ့ သတင်းဆောင်းပါးဖြစ်ပါတယ်။ ဒီဆောင်းပါးက ဦးခင်အောင်မြင့် ဇီးသီးကိစ္စကို တုန့်ပြန်တာပါ။ ဒီအထဲ တချို့ကို ကောက်နုတ်ဖော်ပြပါ့မယ်။

“နိုင်ငံတော်သမ္မတလစာက တစ်လ ကျပ် ၁၅ သိန်းနဲ့ ၃၆ လ သိန်း ၅၄ဝ၊ အခု ပြင်ဆင်လိုက်တဲ့ တစ်လ သိန်း ၅ဝ နဲ့ ဩဂုတ်လကုန်အထိ ၅ လစာ သိန်း ၂၅ဝ၊ သမ္မတသက်တမ်းတစ်လျှောက် ၄၁ လစာအတွက် စုစုပေါင်းသိန်း ၇၉ဝ ရပါမယ်”

“အစိုးရသစ်လက်ထက် ၄၁ လလုံးလုံး တောက်လျှောက် ပြည်ထောင်စုဝန်ကြီးဖြစ်တဲ့သူက ကျပ် ၃၆၆ သိန်းရပါမယ်။

ဒုဝန်ကြီးက ကျပ် ၂၆၂ သိန်းရပါမယ်။ ညွှန်ချုပ်အဆင့်က တစ်ဦးကို သုံးနှစ်ခွဲကျော်အတွင်းမှာ လစာကျပ်သိန်း ၈၀ နီးပါး ပဲရပါမယ်”

ဝန်ကြီး၊ ဒုဝန်ကြီးတွေဆိုတာ (ကြံ့ဖွံ့ပါတီအစိုးရ) အစိုးသစ်သက်တမ်း ၄၁ လအတွင်း မစား မသောက်ပဲ သူတို့လစာစုထားရင် တောင် (၃၃၆ သိန်း) နဲ့ တိုက်ခန်းကျဉ်းကျဉ်းဝယ်လို့မရနိုင်ဘူးတဲ့။

ဒီတွက်ချက်နည်းက “၂၀၀၈အခြေခံဥပဒေ”အတည်ပြုပြီးနောက် ပထမဆုံးပေါ်ထွက်လာတဲ့ (ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့ပါတီအစိုးရ သက်တမ်းအတွင်းရရှိလာတဲ့ သမ္မတနဲ့ဝန်ကြီးတွေရတဲ့ “လစာ” အပေါ်ကွက်ပြီး တွက်ချက်ပြနေတာပါ။ ဒိအရင် စားထား၊ မျိုထားတာ တွေတော့ ထည့်တွက် မထားပါဘူး။ ဒီတွက်ချက်မှုက ဘာကို ဖော်ပြဝန်ခံနေပြန်သလဲဆိုတော့

သူတို့ ချမ်းသာမှု၊ ပိုင်ဆိုင်မှု၊ ကြွယ်ဝမှုတွေအားလုံးဟာ သူတို့လစဉ်ရရှိတဲ့ “လစာငွေ”ကို ချွေတာစုဆောင်းပြီး တိုးပွား လာတာ၊ချမ်းသာလာတာ မဟုတ်ဘူး။ သိန်းတစ်ထောင်ထီပေါက်လို့လည်း မဟုတ်ဘူး။ ယောက္ခမသေလို့အမွေရတာ လည်း မဟုတ်ဘူး ဆိုတဲ့ အချက်ကို အတိအလင်း ဝန်ခံနေပါတယ်။

ဒီအချက်ကို (ဗိုလ်) ဦးဆန်းဆင့် သတင်းစာရှင်းလင်းပွဲမှာ ပြောတဲ့ “ရွှေစာလုံးတိုင်စာ”တွေနဲ့ ဆက်စပ်ကြည့်လိုက်ရင် အလီဘာဘာနဲ့ ခိုးသား ၄၀ ဇာတ်လမ်းက အထင်အရှားပေါ်နေပါပြီ။

အခုလည်း သမ္မတဦးထင်ကျော် ဒီချုပ်ပါတီအစိုးရလက်ထက်မှာ မကွေးတိုင်းဒေသကြီးက အစပြုလို့ ယခင်ဦးသိန်းစိန်ကြံ့ဖွံ့ အစိုးရ လက်ထက်တိုင်းဒေသကြီးဝန်ကြီးချုပ်တွေရဲ့ ပုတ်သင်ဥတွေ တစ်ခုပြီး တစ်ခု ဆက်တိုက်ဆိုသလို ပေါ်ထွက်လာနေပါတယ်။

စပေါ်နေတာ “မကွေး”၊ အဲဒီနောက်“ဧရာဝတီနဲ့စစ်ကိုင်း”တဲ့၊ “မန္တလေးတိုင်းဒေသကြီး” ကလည်း နောက်ကျမခံဘူး၊ အမှီလိုက် မယ်လို့ဆိုတဲ့ အသံတွေကြားနေရပါတယ်။

ပြန်ဆက်ရရင် “အဂတိ လိုက်စားမှု၊ အမိန့်မနာခံမှု၊ ပြည်သူပိုင်ပစ္စည်းအလွဲသုံးစားမှု၊ နိုင်ငံတော် အကြည်ညိုပျက်အောင် လုပ်ဆောင်မှု” လို့ ဘယ်လိုပဲ အမည်တတ်ပါစေ၊ ဘိန်းစားချင်း တလုံးပိုရှူပြတာသာဖြစ်ပါတယ်။ တကယ်တော့ လက်ဦးမှုရတဲ့အုပ်စုက လက်ဦးမှုမဲ့တဲ့အုပ်စုက ဒီဆိုင်းဘုတ်တွေတတ်မှာပဲဖြစ်တယ်။ ဘယ်သူဘယ်လောက်စားတယ်ဆိုတာ စားတဲ့သူအချင်းချင်း အူမ ချေးခါး မကျန် ပိုပြီးသိမှာပေါ့။

“အဂတိလိုက်စားမှု” ဆိုတာကလည်း အကောင်ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ အများစုက ကင်းရှင်းကြတာမှ မဟုတ် တာ။ သူတို့အကြားမှာကွဲပြားတာက စားတဲ့ အတိုင်းအတာပမာဏအကြီးအသေးသာ ခြားနားတာပါ။ “အဂတိလိုက်စားမှု” ကင်းရှင်းတဲ့ သူ ရှိချင်လည်း ရှိပါလိမ့်မယ်။ ဒါပေမယ့် အဲဒီလိုကင်းရှင်းသူ မောင်သန့်ရှင်းများမှာလည်း ဒီလို “အဂတိလိုက်စားမှုတွေ” ကို လက်ပိုက် ကြည့်နေတဲ့ “တာဝန်ပျက်ကွက်မှု” ရှိနေတာပဲ မဟုတ်ပါလား။

နောက်တစ်ချက်က စစ်အုပ်စုက သူတို့အချင်းချင်းအကြားမှာ နိုင်ငံရေးအရ ထိုးနှက်ဖွင့်ချတယ်ဆိုတာ မရှိသလောက်ပါပဲ။ (တကသ) အဆောက်အအုံဒိုင်းနမိုက်နဲ့ ဖြိုချတဲ့ကိစ္စမှာလည်း ဗိုလ်နေဝင်းနဲ့ ဗိုလ်အောင်ကြီး သူ့အပြစ်၊ ငါ့အပြစ် အပြန်အလှန်လွှဲချနေ တာသာဖြစ်တယ်။

သူတို့အချင်းချင်းအကြား “နိုင်ငံရေးအရ ထိုးနှက်ဖွင့်ချတာမရှိဘူး” ဆိုတဲ့ကိစ္စမှာ အကြောင်းအချက် ၂ ချက်တွေ့ရပါတယ်။

ပထမအကြောင်းအချက်က သူတို့အချင်းချင်းအကြားမှာ နိုင်ငံရေးအရဘာမှကွဲလွဲစရာမရှိဘူးဆိုတဲ့အချက်ပဲ။

ဒါဆို သူတို့ နိုင်ငံရေးက ဘာလဲ။

သူတို့နိုင်ငံရေးက “စစ်တပ်ကို ခုတုံးလုပ်ထားတဲ့အခြေခံပေါ်မှာ ပြည်သူလူထုတစ်ရပ်လုံးကို ဖိနှိပ်ချိုးနှိမ်ထားပြီး တိုင်းပြည်ရဲ့ အဆီအနှစ်မှန်သမျှ စုပ်ယူဝါးမျိုရေးဖြစ်တယ်” (စစ်အုပ်စုနိုင်ငံရေးဆိုတာ ဒါပါပဲ။ ဒါကို “အမျိုးသားနိုင်ငံရေး” လို့လည်းခေါ်လေ့ရှိတယ်) ဒီကိစ္စမှာ“ဘယ်သူခွဲခွဲ ဒို့မကွဲအမြဲစည်းလုံးမည်” ဆိုတဲ့ ကြွေးကြော်သံကို သူတို့ပီပီပြင်ပြင်ကျင့်သုံးလေ့ရှိတယ်။

သူတို့ချင်း ငယ်ကျိုးငယ်နာ မဖော်ကြဘူး။ ထိန်းထိန်း သိမ်းသိမ်းရှိကြတယ်။ ဒါတွေကို ဖော်ထုတ်လို့ မဖြစ်ဘူး။ ဖော်ထုတ်ပြီး တိုက်မယ်ဆိုရင် “ဘုန်းကြီး ငါးမျှားတာကို ဖိုးသူတော်က တီတူးရင်း မြင်တယ်” ဆိုတဲ့ ကိန်းပဲဆိုက်မယ်။ ဒီတော့ ဒီလိုတိုက်တာခိုက်တာ မျိုးမလုပ်ဘူး။

ဒုတိယအကြောင်းအချက်က လက်ဦးမှုရတဲ့သူက လက်ဦးမှုမဲ့သွားတဲ့သူတွေကို “နိုင်ငံရေးမလုပ်ပါဘူး” ခံဝန်ချက်နဲ့ တခါထဲ အစွယ်ချိုးပစ်ထားတဲ့ အချက်ပဲ။

“နိုင်ငံရေးမလုပ်ပါဘူး” လို့ ဂါထာရွတ်သလို ဗိုလ်ခင်ညွန့်ပြောနေတာပဲကြည့်ပေါ့။ ဒါပေမယ့် မထိခလုတ်စကားနာထိုးတာလေး တွေတော့ လုပ်တတ်ပါတယ်။ စာတိုစာရှည်တွေရေးတတ်ပါတယ်။ ဒါကလည်း လက်ဦးမှုရထားတဲ့သူထံ အမျက်ဖြေစာ ဆက်သွင်းတာ လောက်ပါပဲ။ ဒီအထဲမှာ သူတို့အချင်းချင်းအကြားက ကိစ္စလေးတွေ တစွန်းတစဖော်ပြီး ရေးတတ်တယ်။ ကျနော်တို့ဟာသူတို့ စကားနာ ထိုးတဲ့အချက်လေးတွေကို စုစည်းပြီး စစ်အုပ်စုထဲက ဂိုဏ်းတိုက်ပွဲ အနေအထားကို ခန့်မှန်းရတာသာဖြစ်ပါတယ်။

ဗိုလ်ထွန်းကြည်က သူ့စာအုပ်ထဲမှာ ဗိုလ်နေဝင်းမိသားစု စင်းလုံးငှားလေယာဉ်နဲ့ ဆွစ်ဇာလန်သွားဇိမ်ခံတာထည့်ရေးသလိုပေါ့။ စာအုပ်ထဲဘာတွေပဲရေးရေး နောက်တော့လည်း ဗိုလ်ထွန်းကြည်ဟာ ဗိုလ်နေဝင်းသားမြေးတွေနဲ့အတူ “အမျိုးသားနိုင်ငံရေး” လုပ်နေတာ မြင်ကြမှာပေါ့။

ဒါကြောင့် စစ်အုပ်စုထိပ်သီးတွေထဲက ဗိုလ်လုမှု၊ စားခွက်လုမှုဆိုတဲ့ ဂိုဏ်းတိုက်ပွဲဟာ ပြည်သူ့အကျိုးစီးပွားကို အခြေခံပြီးဖြစ် ပွားတဲ့ ပဋိပက္ခမဟုတ်ပါဘူး။ စစ်အုပ်စုနံပတ်ဝမ်းဆိုတဲ့ နေရာနဲ့ ဂွင်ကို သူတို့အချင်းချင်းအကြား လုယက်ကြတာသာဖြစ်ပါတယ်။

နောက်တစ်ခုက စစ်အုပ်စုအချင်းချင်းတိုက်ပွဲဟာ ဘယ်တော့မှာ စစ်အုပ်စုအခြေခံအုတ်မြစ်ကို ထိခိုက်အောင် မလုပ်ကြဘူး ဆို တဲ့ အချက်ပါပဲ။ ဒီအချက်ကို စစ်အုပ်စုဆန့်ကျင်တဲ့ ဒီမိုကရေစီအင်အားစုတွေ သတိမူကြဖို့လိုပါတယ်။

၂၀၀၈ အခြေခံဥပဒေဘောင်ထဲမှာ “အဂတိလိုက်စားမှုတိုက်ဖျက်တယ်” ဆိုတာ အိပ်ချင်ဟန်ဆောင်နေတဲ့ ကျားပါးစပ်ကိုဖြဲပြီး အစွယ်နုတ်ရတဲ့ အဖြစ်မျိုးနဲ့တူနေပါလိမ့်မယ်။ စစ်အုပ်စုက သူ့ကိုယ်သူ အရောင်တင်ဖို့အတွက် တချို့ကို ထိုးကျွေးပြီး အသုံးချဖို့လည်း ဝန်လေး နေမှာမဟုတ်ပါဘူး။ ဒါ့အပြင် “တပ်မတော်ဖြိုခွဲမည့်အကြံ – ဒို့လက်မခံ” ဆိုတဲ့ ဆင်ထားတဲ့ အကွက်ထဲ ဝင်လာအောင် အစာ တပ်ပြီး မျှားခေါ်တာမျိုးလည်း ဖြစ်နိုင်သေးတာပဲ မဟုတ်ပါလား။ နှစ်ပေါင်းများစွာ အထိုင်ကျနေတဲ့ စစ်အုပ်စု၊ စစ်ဗျူရိုကရေစီယန္တယား ကြီးလေ။ ဒီယန္တယားကြီးကို အခု “၂၀၀၈အခြေခံဥပဒေ” နဲ့ ရစ်ပတ်ထားတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:တူမောင်ညို, သူတို့အာဘော်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

MoeMaKa Monthly July 2017 ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်