မောင်မောင်စိုး – နှင်းဆီနီနီ အိပ်မက်များ – ၂၄

May 17, 2017

မောင်မောင်စိုး – နှင်းဆီနီနီ အိပ်မက်များ – ၂၄
(မိုးမခ) မေ ၁၇၊ ၂၀၁၇

ပေပေတေတေ

တောတောင်ထဲဖြတ်သန်းရသည်က မိမိတို့အတွက် ကြီးမားသော အပြောင်းအလဲတရပ်ဖြစ်နေသည်။ မြို့ ပေါ်တွင် ဖြတ်သန်းခဲ့သည်နှင့် အစစအရာရာကွာခြားခဲ့သည်။ ဘာသာစကား ဓလေ့ထုံးတမ်း ယဉ်ကျေးမှု အစားအသောက် ရေမြေရာသီဥတုမှစ၍ ကွာခြားခဲ့သကဲ့သို့ ကျောင်းသားဘဝနှင့် တော်လှန်ရေးသမား စစ်သားဘဝသည် ကြီးမားသောကွာဟမှု ရှိခဲ့သည်။ ထို့ကြောင့်လည်း လူ့အဖွဲ့အစည်းကိုပြောင်းလဲလိုပါက မိမိကိုယ်ကို အရင်ပြောင်းလဲပါဟု ဆိုခြင်းဖြစ်သည်။

ရဲဘော်မြင့်ထွန်း တဖြစ်လဲ ကိုကြီးမြင့်တယောက် ဤအပြောင်းအလဲဒဏ်အား ခံနိုင်ပါ၏လောဟု မိမိတစေ့တစောင်းကြည့်မိသည်။ သူက မိမိထက်ပို ၍ သက်တောင့်သက်သာနေသည့်ဘဝမှ လာခဲ့သူဖြစ်သကဲ့သို့ ပြင်ပလူမှု ဘဝဆက်ဆံထိတွေ့မှု အားနဲခဲ့ပြီး စာအုပ်ထူထူကြီးများကြားတွင် ခေါင်းမြှုပ် ထားခဲ့သူဖြစ်သည်။ ရှောက်မုန်းပေါ်တွင် မိမိတို့တပ်ချနားနေခိုက် မိမိ၊ ကိုဇော် တို့နှင့် အိမ်ရှေ့က မာလကာပင်ငယ်လေးတပင်ရှေ့တွင် ရပ်၍ စကားပြောနေခိုက် ” ဒီဇီးသီးက အကြီးကြီးဘဲနော် ” ဟုသူဆိုဘူးသည်။ ” မာလကာသီးဗျာ ” ဟု မိမိတို့ကဆိုတော့ ” အော် ဟုတ်လား ” ဆိုပြီး ရီမောနေခဲ့သူဖြစ်သည်။

သို့သော် ကိုကြီးမြင့်သည် ပင်ပမ်းခက်ခဲသည့်ဒဏ်ကို မိမိထက်ပို၍ ပေပေတေတေခံခဲ့သူဟုဆိုရမည်။ မိမိတို့မုန်းကိုက ထွက်လာသည့်ခရီးတုန်းက မိုးတွေကရွာ လမ်းကလည်း ရွံ့ဗွက်များနှင့်ချောနေသည်။ အတက်တွင် ချော်မလဲအောင်ကုတ်၍ ဖြေးဖြေးလျောက်၍ရသေးသော်လည်း အဆင်းတွင် တဗိုင်းဗိုင်းလဲသည်။ နောက်တော့ မိုးရေများစီး၍ ရွံ့များနှင့်ချောနေသော တောင်ဆင်းကို ဖင်ထိုင်ချ ပြီး ဖင်ဒရွတ်တိုက်၍ လျှောဆင်းသွားသည်။ တကယ်တော့ ထိုတောင်ဆင်းလမ်းသည် မြေသားသက်သက်မဟုတ် ကျောက်ခဲလေးများရောနေသည်။ ” ဟေ့လူ ခင်ဗျား တင်ပါးစူးကုန်မှပေါ့ ” ဟု မိမိက ဆိုတော့ မိမိအားပြန်ပြုံးပြပြီး ဆက်၍ ဖင်ဒရွတ်တိုက်ဆင်းသွားသည်။ မိမိ ခေါင်းရမ်း၍ ကျန်ခဲ့ရသည်။

တကယ်တော့ မိမိတို့ ရွာထုံစိုက်သို့ သွားမတိုက်မှီ အခြားတနေရာသို့ တိုက်ခိုက်ရန် စစ်ချီခဲ့သေးသည်။ တောင်ကြောတခုအရောက်တွင် အစိုးရစစ်ကြောင်းတကြောင်း ဖြတ်ဝင်လာသည်ဟု သတင်းရ၍ရှေ့ဆက်မတိုးဘဲ ထိုတောင်ကြောပေါ်တွင် သတင်းစောင့်ရင်း ညအိပ်စခန်းချ ဖြစ်သည်။ တော
ထဲမှာ အိပ်မည်ဆိုတော့ပြင်ကြ ဆင်ကြသည်။ မိုးကာတဲထိုးသူထိုး အခင်းအတွက် ဂျာမဏီပင် ခုတ်သူကခုတ်နှင့် တပ်ဖွဲ့တခုလုံး အလုပ်ရှု ပ်နေသည်။

မိမိနှင့် ကိုကြီးမြင့် မိမိတို့နှစ်ယောက်နေဘို့ တဲပြင်ရသည်။ တပ်ထဲရောက်သည် တလပင်မပြည့်တတ်သေး၍ နှစ်ယောက်စလုံး ဘာမှ မယ်မယ်ရရ မလုပ်တတ်ကြ။ သစ်ပင်နှစ်ပင်ကြားတွင် မိုးကာတစကို လေးဘက်လေးတန် ကြိုးနှင့်ဆွဲ၍ ချ ည်လိုက်ပြီး အောက်တွင် မိုးကာတစခင်းလိုက်သည်။
ဤမျှ သာလုပ်တတ်၍ ဤမျှသာ လုပ်ထားလိုက်သည်ဟု ဆိုရမည်။ လုပ်ပြီးသည်နှင့် ညနေစောင်းပြီဖြစ်ရာ မိမိတို့နှင့် မလှမ်းမကမ်းတွင်ရှိ အမြောက်တပ်ခွဲသို့ မိမိက သွားလည်၍ စကားပြောသည်။ ကိုကြီးမြင့်ကတော့ တဲတွင် ငုတ်တုတ်ကျန်ခဲ့သည်။

ထိုစဉ်က အမြောက်တပ်ခွဲတွင် ဗမာရဲဘော် ၆ ယောက်ခန့်ရှိပြီး မိမိတို့ထက် ၆ လခန့်စောပြီး တပ်ထဲရောက်နေကြသူများဖြစ်ကြသည်။ မိမိတို့တွင် မြို့ ပေါ်လှု ပ်ရှားမှု များအကြောင်း ပါတီအကြောင်း တပ်အကြောင်း ပြောစရာများစွာရှိနေသည်။ မိမိတို့စကားကောင်းနေစဉ် ည ၇ နာရီလောက်ကစပြီး
မိုးက သဲသဲမဲမဲရွာပါသည်။ အမြောက်တပ်ခွဲက ရဲဘော် ၄ ယောက် က သူတို့ တဲကိုလေးငါးယောက်စာ အိပ်၍ ရအောင် မိုးအတန်ငယ်လုံဆောက်ထားသည့်ပြင် တောင်ကြောက စီးလာသည့်ရေ အိပ်သည့်နေရာမဝင်အောင် မြောင်းငယ်လေးများတားဆီးဖေါက်လုပ်ထားရာ သဲကြီးမဲကြီးရွာနေသည့်မိုး
ဒဏ်ကိုခံနိုင်သည်။ မိုးအတန်ငယ်ပက်သည်မျှ သာရှိသည်။

ည ၉ နာရီလောက် မိုးအတန်ငယ်စဲလာသည့်ချိန်တွင် မိမိတဲသို့ပြန်သည်။ မိမိတို့၏ ခနော်နိခနော်နဲ့ ချ ည်ထားသည့် အမိုး မိုးကာစကား ပြတ်ကျသွားချေ ပြီ။ ရေတားလဲ လုပ်မထား၍ အိပ်သည်နေရာတွင်လည်း ရေများစီးနေသည်။ ကိုကြီးမြင့်ကား မိုးရေများအောက် အပေါ်က ပြတ်ကျ သည့် မိုးကာစကို ခြုံ ၍ ငုတ်တုတ်ထိုင်နေသည်။ ” ဟာ ဘယ်လိုမှ အိပ်မရတော့ဘူးဘဲ” ဟု မိမိကဆိုတော့ ” အေးဗျ ” ဟူ၍ သံပြတ်နှင့်ဆိုသည်။ သူလည်းဘာမှ မလုပ်တတ်၍ မိုးရေထဲ ငုတ်တုတ်ထိုင်နေပုံရသည်။ သို့နှင့် ညကြီးမှောင်မဲ မိုးထဲ လေထဲ ဘာမှလုပ်လည်းမရတော့ဖြင့် မိမိစကားသွားပြောခဲ့သော တဲသို့သွား
၍ အကူအညီတောင်းပြီး ကိုကြီးမြင့်ပါခေါ်ကာ နှစ်ယောက်သား တိုးခွေ့အိပ် အိပ်ခဲ့ကြရသည်။ သူတို့ကလည်း ရဲဘော်သစ်များဖြစ်သော မိမိတို့ နားလည် ခွင့်လွှတ်ပေးခဲ့ကြသည်။ မည်သို့ဆိုစေ ကိုကြီးမြင့် ပေပုံတေပုံကား မိမိအောချ ယူရပေတော့သည်။

နမ့်ကျွမ်း

မုန်းကျီ နားလယ် နှင့် မလှမ်းမကမ်းရှိ တရုတ်ရွာလေးဖြစ်သည်။ မိမိအနေနှင့် တရုတ်ကို တလျောက်လုံး နိုင်ငံခြားသားဟု ထင်မှတ်ထားခဲ့ရာမှ မိမိတို့ တိုင်းပြည်နယ်နမိတ်အတွင်း တရုတ်ရွာများတည်ရှိနေသည်ကို တစတစ တွေ့ရှိလာခဲ့ရသည်။ ထိုတောင်တန်းပေါ်တွင်တွေ့ရသော တရုတ်များသည် မိမိရန်ကုန် မန္တလေးတွင်တွေ့ရသော အရောင်းအဝယ်လုပ်ကြသော တရုတ်များကဲ့သို့မဟုတ် ဆင်းရဲသော တရုတ်လယ်သမားများဖြစ်သည်။

မြန်မာပြည်တွင်းရှိ တရုတ်တောသူတောင်သားများဖြစ်သော်လည်း အခြားဒေသခံတိုင်းရင်းသားများနှင့် ယဉ်ကျေးမှု ဓလေ့ထုံစံများကတော့ ကွာခြားကြပါသည်။ အိမ်ဖွဲ့စည်းမှု ပုံစံပင်မတူပေ။ ဒေသခံ ရှမ်း ကချင် တအန်း ပလောင်တို့က လူမျိုး၊ ဘာသာစကား၊ ထုံးတမ်းများကွာခြားသည့်တိုင် အိမ်ဆောက်ပုံတော့ တူကြသည်။ ခြေတန်ရှည်အိမ်များဖြစ်ပြီး အနိမ့်ဆုံး ဝါးကြမ်းခင်း၊ အတန်ငယ်ကြွယ်ဝပါက ပျဉ်ခင်း ပြီးလျင် အိမ်မကြီး၌ ဧည့်ခန်း အိပ်ခန်း ခွဲခြားထားပြီး ကျယ်ဝန်းသော ဧည့်ခန်းထားလေ့ရှိသည်။ ထိုပြင် အိမ်မနှင့်
တွဲလျက် ကပြင် ထုတ်ထားလေ့ရှိကြသည်။

တရုတ်အိမ်များကတော့ မြေစိုက်အိမ်များဖြစ်ကြပြီး ဧည့်ခန်းတွင် ဧည့်သည်အိပ်ရန် တယောက်အိပ်ခုတင် နှစ်လုံးသာ ထားရှိသည်။ အတန်ငယ်ကြွယ်ဝသူများကတော့ တမံတလင်းခင်းလေ့ရှိသော်လည်း နဲပါးသည်။ မိမိတို့ တပ်ဖွဲ့ဝင်များအဖို့ ရှမ်း ကချင် ပလောင်ရွာများရောက်လျင် အိမ်တလုံး၏ဧည့်ခန်း၌ တပ်စိတ်တစိတ် ကောင်းစွာအိပ်၍ရသော်လည်း တရုတ်အိမ်ရောက်လျင် နှစ်ယောက်စာသာ အိပ်ရန်ကုတင်ရှိသဖြင့် ကျန်သူများ မြေကြီးပေါ် ပလပ်စတစ်ခင်း၍ အိပ်ကြရပေတော့သည်။ မြေကြီးပေါ်အိပ်ရသည့်မှာ ခဏ
တဖြု တ်ဆိုလျင် ပြသနာမရှိသော်လည်း နှစ်နှင့်ချီ ၍ ကြာမြင့်လာသောအခါ အဆစ်အမြစ်ကိုက်ခဲသည့် ဝေဒနာစွဲကပ်လာပေတော့သည်။ ဤကား စကားချပ်။

တပ်မဟာမှူး ရဲဘော်စောထွန်းတင်၏ ညွှန်ကြားချက်ဖြင့် မိမိတို့ အထူးတပ်ဖွဲ့သည် ရွာထုံကျိုက် တိုက်ပွဲအပြီးတွင် နမ့်ကျွမ်းတဝိုက်ရှိ ရွာများအား တရွာလျင် သုံးလေးရက်ညအိပ်ပြီး ရွာစဉ်လှည့် ရပါတော့သည်။ အင်အား ၅၀၀ခန့်ရှိ တပ်ဖွဲ့ကြီးနှင့် တပျော်တပါးချီ တက်ရာမှ အင်အား ဆယ်ယောက်ကျော်
ခန့်သာရှိသည့် ပြောက်ကျားတပ်ဖွဲ့ငယ်ပြန်ဖြစ်သွားသည်။ မဆလအစိုးရစစ်ကြောင်းများလည်း ရံဖန်ရံခါ ဝင်ရောက်လှု ပ်ရှားတတ်သည့် ဧရိယာဖြစ်၍ တနေရာမှ တနေရာအသွား လမ်းခရီးတွင်ဖြစ်စေ ရွာတရွာတွင် ရပ်နားနေစဉ်ဖြစ်စေ အမြဲ အသင့်အနေအထားနှင့် သတိရှိနေရသည်။ မနက်မိုးလင်း
သည်နှင့် ခရီးထွက်သည်ဖြစ်စေ မထွက်သည်ဖြစ်စေ ကျောပိုးအိပ်သိမ်းပြီး ကျည်ခါးပတ်နှင့် သေနတ်လွယ်ပြီး ဖြစ်နေရသည်။ ရေခပ်၊ ထင်းခွေပင် သေနတ်ကို လက်လွှတ်၍မရတော့။ တပ်ဖွဲ့ကြီးနှင့်အတူတွဲနေရစဉ်ကဲ့သို့ ပေါ့ဆ၍ မရတော့ပေ။

ညဘက်တွင်လည်း တပ်ဖွဲ့ကြီးနှင့် နေသကဲ့သို့ ဇိမ်မကျတော့။ အလှည့်ကျ ကင်းစောင့်ရတော့သည်။ မိမိတို့က အတွေ့မကြုံမရှိသေးသည့် ရဲဘော်သစ်များဖြစ်၍ ရဲဘော်ဟောင်းများနှင့် တွဲ၍ နှစ်ယောက်တတွဲ စောင့်ရသည်။ တိတ်ဆိတ်မှောင်မဲနေသောညတွင် စစ်ကြောင်းဝင်လာမည့်လမ်းတွင် မျက်စေ့ကိုဖြဲ
၍ နားကိုစွင့်နေရသည်။ မိုးသားလွင့်၍ လရောင်ဖြာကျသည့်ညဆိုလျင်တော့ စိတ်ထဲတွင် အနဲငယ် သက်တောင့်သက်သာရှိသည်။ သို့သော် ညဘက် လှု ပ်ရှားနေသည့် အရိပ်မဲများ ချိုးချိုး ချွတ်ချွတ်မြည်သံများက မိမိတို့အာရုံကို ထိုးဆွနေသည်။

တကယ်တော့ တောတောင်တွင်းမှညသည် မတိတ်ဆိတ်ချေ ။ အကောင်ပလောင်ငယ်များ၏ တစီစီအော်သံဖြင့် အသက်ဝင်နေသည်။ ခပ်လှမ်းလှမ်းမှ တောကောင်များ၏ အသံဗလံများလည်း ရံဖန်ရံခါ ကြားရသည်။ အများဆုံးကြားရသည့်အသံက ဂျီ ဟောက်သံဖြစ်သည်။ မိမိတို့မရောက်မှီ ၇၅၁၀ စစ်
ရေးလှုပ်ရှားမှု ( ၁၉၇၅ ခုနှစ် ၁၀ လပိုင်းပြု လုပ်သောလှုပ်ရှားမှု ) ပါဝင်ခဲ့သော ရဲဘော်ဟောင်းများ၏ အတွေ့အကြုံအရ ပြောပြကြသည်မှာ “တတောလုံးတိတ်ဆိတ်သွားတာကို တောခြောက်တာ လို့ ခေါ်ကြ
တယ်။ ၇၅၁၀ စစ်ရေးလှုပ်မှုတုန်းက ကြုံဘူးတယ်။ ညဘက် ရွှေကျင်ဝမ်တောင်ကြော ပတ်တက်နေတုန်း တောထဲမှာ တဝေါဝေါ အသံကြီးကြားလိုက်ရတယ်။ လူလုပ်တဲ့အသံမဟုတ်ဘူးနော်။ သိပ်တော့မကြာဘူး အဲဒီအသံကြီး ပျောက်သွားတဲ့အခါ တတောလုံး တတောင်လုံး တိတ်ဆိတ်သွားတော့တာ။ ဘာပိုးကောင် မွှားကောင်အသံတောင် မကြားရတော့ဘူး။ လုံးဝတိတ်ဆိတ် သွားတာဗျ ။ ဒီအရပ်ကလူတွေကတော့ တောခြောက်တယ်လို့ခေါ်ကြတယ်” ဟူ၍ဖြစ်ပါသည်။ သဘာဝ တောတောင်များ၏ လျှို့ဝှက်ဆန့်ကျင်မှု
ဖြစ်ပေလိမ့်မည်။

တကယ်တော့ မိမိတို့အား နမ့်ကျွမ်းသို့သွားခိုင်းလိုက်သည့် အကြောင်းရှိသည်။ ပြီးခဲ့သော တပတ်ခန့်က မဆလ အစိုးရစစ်ကြောင်းတကြောင်း ဝင်လာခဲ့သည်။ ထုံးစံအတိုင်း စစ်ကြောင်းတက်လာသည့် သတင်းရသည်နှင့် ဗမာလာပြီဟုဆိုကာ ရွာသားများလည်း ရွာလုံးကျွတ် ထွက်ပြေးကြသည်။ ရွာနှင့် မလှမ်းမကမ်းရှိ လျှိုကြီးတခုအတွင်း၌ ရွာသားများ ပုန်းအောင်ရန် ပြင်ဆင်ထားပြီးဖြစ်သည်။ အသက် ၂၀ ခန့်ရှိ တရုတ်မလေးတယောက်ကတော့ ပစ္စည်းယူနေချိန် စစ်ကြောင်းဝင်လာသဖြင့် မပြေးနိုင်တော့ဘဲ အိမ်ဘေးက ကောက်ရိုးစင် အပေါ်တွင်ပုန်းနေခဲ့ရသည်။

တကယ်တော့ ထိုနမ့်ကျွမ်းရွာတွင် ဗမာစကားတတ်သူမရှိဟုဆို၍ရသည်။ ရှားရှားပါးပါး ထိုတရုတ်မလေးက ဗမာစကားတတ်နေသည်။ ငယ်စဉ်ကပင် လားရှိုးသို့အလုပ်သွားလုပ်ခဲ့သဖြင့် ဗမာစကားတတ်နေခဲ့သည်။
ယခုသူမ ရွာသို့ပြန်လာချိန် ထိုအဖြစ်နှင့်ကြုံ ခြင်းဖြစ်သည်။ သူမအနေနှင့် ထိုစစ်ကြောင်းရွာမှ ပြန်ထွက်သည်အထိ လုံခြုံစွာ ပုန်းအောင်းနိုင်ခဲ့ပါသည်။ ထိုစစ်ကြောင်းရွာမှ ပြန်ထွက်စဉ် အိမ်အချို့၏ တံခါးဝတွင် နင်းမိုင်းများ မြှု ပ်ရန် အမိန့်ပေးပြောဆိုနေသည်ကို သူမ ကောင်းစွာကြားလိုက်ရသည်။

စစ်ကြောင်းပြန်ထွက်သည်နှင့် ထိုတရုတ်မလေးလဲ ခြံစည်းရိုးကျော်ခွပြေးကာ လျှိုထဲရှိ သူမတို့ရွာသားများထံပြေးကာ စစ်ကြောင်းထွက်သွားသော်လည်း ရွာထဲပြန်မဝင်ရန် တားဆီးခဲ့ပါသည်။ ထိုရွာလူကြီးများလည်း CPB တပ်မဟာ ၂ သို့ အကြောင်းကြား အကူအညီတောင်းရာ တပ်မဟာ ၂ မှ
မိုင်းရှင်းအဖွဲ့စေလွှတ်ပေးပြီး မိုင်းရှင်းပေးခဲ့ရသည်။ ရွာသားများကတော့ ဗမာဆိုလျင် မုန်းတီး ဆန့်ကျင်မှု ဖြစ်နေချိန် လူမျိုးရေးအရ မုန်းတီးမှု သည် ပြသနာ မဖြေရှင်းနိုင်ကြောင်း ပြသရန် CPB တပ်ဖွဲ့တွင်းမှ ဗမာရဲဘော်များ လူထုစည်းကမ်းလိုက်နာမှု ရှိသည်ကို ပြသရန်စေလွှတ်ခဲ့ခြင်းဖြစ်သည်။

မိမိကိုယ်တိုင် ထိုအဖြစ်အပျက်ကို မျက်မြင်တွေ့ကြုံ ခဲ့ရသဖြင့် အလွန်အမင်း စိတ်ပျက်မိသည်။ ထိုစစ်ကြောင်းသည် တရွာလုံး ထွက်ပြေးသဖြင့် သူပုန်ရွာအဖြစ် သတ်မှတ်လိုက်ခြင်း ဖြစ်ပုံရသည်။ ထို့ပြင် စစ်ဦးဘီလူးဆိုသည့်အတိုင်း ကြမ်းခြင်းရမ်းခြင်းလည်း ဖြစ်နိုင်သည်။ ခံရသူများအတွက်တော့ နာကျည်းမှု များစွာပေးခဲ့ပါသည်။

မိမိတိုတပ်ဖွဲ့လည်း လူထုစည်းကမ်း အကောင်းဆုံးလိုက်နာပြရတော့သည်။ မိမိတို့သည် ကြက်ခြံထဲက ကြက်များကို ရိုက်သတ်စားသည့်၊ ကြက်ဥများနှိုက်သွားသည့်၊ ဝက်ခြံထဲမှ ဝက်ပစ်သတ်စားသွားသည့်၊ မီးဖိုချောင်းတွင်းမှ စားစရာများ ခြံဝင်းတွင်းမှ ဟင်းသီးဟင်းရွက်များ ထင်သလို မွှေနှောက်ယူ
စားသည့်၊ ရွာသားပစ္စည်းများ မွှေနှောက်၍ လိုချင်သည့်ပစ္စည်းယူသည့်၊ စည်းကမ်းမဲ့သော တပ်မျိုးမဟုတ်ကြောင်း လူထုပစ္စည်းများအားမထိပါးသော လူထုစည်းကမ်းလိုက်နာသော တပ်ဖွဲ့ဖြစ်ကြောင်း ပြသရပါသည်။

သို့သော်လည်း စကားကမပေါက်သဖြင့် စည်းကမ်းလိုက်နာမှုအား လုပ်ဟန်အရသာ ပြသနိုင်ပါသည်။ ဗမာစကားတတ်သော တရုတ်မလေးအား မိမိတို့ စကားပြောရန် ကြိုးစားသော်လည်း  မိမိတို့အား ရှောင်နေပါသည်။  မိမိတို့တပ်ဖွဲ့မှူး ပင်လယ်ရပ်ခြားတရုတ်ဖြစ်သူ ကိုရဲဟူနှင့်သာ စကားပြောသည်။ မိမိတို့အား အမြင်မရှင်းသေးသော်လည်း ရန်သူအဖြစ်တော့ သဘောမထားပါ။ အပြည့်အဝတော့ မယုံကြည်နိုင်သေးဟုဆိုရမည်။

မြင်မားသော တောင်တန်းများ နက်ရှို င်းသောလျှိုမြောင်များ သေနတ်သံ ဗုံးသံများ ပင်ပမ်းဆင်းရဲမှု များ လုံးပမ်းတိုက်ခိုက်ရမှုများကိုသာ မျှော်လင့်၍ အရှေ့မြောက်တောင်ပြာတန်းပေါ်ရောက်ရှိလာသော မိမိအား မတူကွဲပြားသော လူမျိုး ၊ ဘာသာစကား ၊ ဓလေ့ထုံးစံနှင့် နာကျည်းမှုများ၊ အမုန်းတရားများ၊ အာဃာတများပါ ဆီးကြို၍ စောင့်နေသည်ကို တွေ့ရပေတော့သည်။

(ဆက်လက်ဖေါ်ပြပါမည်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မှတ်စုမှတ်တမ်း, မောင်မောင်စိုး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

MoeMaKa Monthly July 2017 ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်