မောင်စွမ်းရည် – တင်မိုးရဲ့ သူငယ်ချင်းများ (၂)

May 19, 2017

Zaw Zaw Aung, Maung Moe Thu, Khin Swe Oo, Maung Swan Yi, Gon Htoo Thein Naing, U WIn Pe

မောင်စွမ်းရည် – တင်မိုးရဲ့ သူငယ်ချင်းများ (၂)
(မိုးမခ) မေ ၁၉၊ ၂၀၁၇

တင်မိုးရဲ့ သူငယ်ချင်းများစာရင်းမှာ အမျိုးသမီးထဲက တယောက်သာ ရေးစရာ စဉ်းစားလို့ ရတဲ့အတွက် အဲဒီတစ်ယောက်ကိုပဲ ရေးလိုက်ပါတယ်။ မာမာအေးပါ။ တေးဂီတ၀ါသနာရှင်မောင်နှမပါ။

နောက်တစ်ယောက်ရေးဖို့စဉ်းစားတော့ အလွယ်တကူတွေးမိမြင်မိတာက အခု “ဂုဏ်ထူးသိန်းနိုင်”လို့ နာမည်ကျော်ကြားနေတဲ့ ကလောင်အမည် တက္ကသိုလ်မောင်သိန်းနိုင်ဖြစ်ပါတယ်။ တက္ကသိုလ်ကျောင်းသား ဘ၀မှာ တင်မိုးနဲ့အတူ ကလောင်ရှင်အသင်းအတွင်းရေးမှူး၊ ကျောင်းသားညီညွတ်ရေးတပ်ဦးအမှုဆောင်၊ မန်းတက္ကသိုလ်ကျောင်းသားသမဂ္ဂအမှုဆောင်၊ တက္ကသိုလ်နှစ်ပတ်လည်မဂ္ဂဇင်းရဲ့မြန်မာစာ စာတည်း၊ အထက်ဗမာ နိုင်ငံစာရေးဆရာအသင်း ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူး စသဖြင့် ကျောင်းသားအဖွဲ့အစည်းတာဝန်တွေ အသင်းအပင်းတာဝန်တွေ အများကြီးယူခဲ့ဖူးလို့ အဖမ်းခံရဖူးတာ အခါခါပါ။

ရှစ်လေးလုံးအရေးအခင်းမှာ ဇာဂနာရယ်၊ မင်းသိင်္ခရယ်၊ ဂုဏ်ထူးဦးသိန်းနိုင်ရယ် အပြောကောင်းလှချေ ရဲ့လို့ နာမည်ကျော်ခဲ့တဲ့အပြင် စစ်တပ်က အဝေးကနေပြီး အမိန့်ပေးတာခံရပါတယ်။ “ဗိုလ်နေ၀င်းအကြောင်း မကောင်းလာပြောတာ ခုရပ်၊ မရပ်ရပ် သေနတ်နဲ့ ပစ်မယ်” လို့ ခြိမ်းခြောက်တာခံရခြင်းပါ။ ပြောတာမရပ်ရပ် သေနတ်နဲ့ တကယ်ပစ်မှာပါ။

မကြာခင် ဒေါ်အောင်ဆန်းစုကြည်ကို ဗဟိုပြုပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့ စည်းတဲ့အခါ မောင်မိုးသူ၊ တင်မိုး၊ မောင်သိန်းနိုင်၊ မြင်းခြံအောင်သူ စတဲ့ မတကသ ရဲဘော်များအားလုံး ပါဝင်ခဲ့ပါ တယ်။ မောင်သာနိုး၊ ကိုတင်မိုးက ဇွတ်ဆွဲပါတယ်။ “လူမသန့်လို့ မပါတော့ဘူး” လို့ အကြောင်းပြပြီး ဆက်မပါ တော့ပါ။ မောင်စွမ်းရည်ကိုတော့ ဦးဝင်းတင်က “ခင်ဗျားစာကြည့်တိုက်မှူးအလုပ် (အစိုးရအလုပ်) ဆက်လုပ် နေရမယ်ဆိုရင် မပါနဲ့တော့။ စာကြည့်တိုက်တွေကို ၀င်ထွက်ပြီး ကျွန်တော်တို့အတွက် ကိုးကားစရာစာအုပ်တွေ ရှာပေးပါ” လို့ တာဝန်ပေးလိုက်ပါတယ်။ စာကြည့်တိုက်က စာအုပ်တွေတချို့နဲ့ ကျွန်တော့်ကိုယ်ပိုင်စာအုပ်တချို့ကို သူနဲ့ အခြားတစ်ယောက် ကိုထွေးမြင့်ကို ငှားလိုက်တာ ပြန်မရတော့ပါ။ သူကိုတောင်မကျရင် စာအုပ်ခိုးမှုနဲ့ ကျွန်တော်အရင်ကျမှာပါ။

“တင်မိုးနဲ့ မောင်စွမ်းရည် မပါလို့မရဘူး။ တနေရာရာက ပါရမယ်” ဆိုပြီး မြင်းခြံကိုအောင်သူက လာခေါ် ပါသေးတယ်။ ကိုခင်မောင်မြင့်၊ ကိုလှရွှေ (ဘိုကလေး) တို့နဲ့ ပီသုံးလုံးအဖွဲ့မှာပါမို့တဲ့။ တင်မိုးကပဲ ဒို့နှစ်ယောက်လုံး တခြားတာဝန်တွေရှိတယ်ဆိုပြီး သူကိုယ်တိုင် သဘာပတိအဖြစ်နဲ့ ဆောင်ရွက်ရင်း ဦးဝင်းတင်၊ မောင်မိုးသူ၊ ဗိုလ်သော်က၊ ကိုစိုးသိန်း (မောင်ဝံသ) တို့နဲ့ အတူ တတ်သိပညာရှင်အဖွဲ့ကို ဖွဲ့လိုက်ပါတယ်။ အဖွဲ့ချုပ်ကို ၀န်းရံဖို့တဲ့။ ပန်းချီဝင်းဖေနဲ့ ပေါ်ဦးသက်တို့လည်း ပါရပါတယ်။

ဦးဝင်းတင်၊ တင်မိုး၊ မောင်မိုးသူတို့ အဖမ်းခံရတော့ ကိုသိန်းနိုင်က ရန်ကုန်မြို့ပေါ်မှာပဲ ရှောင်နေတာ ကို ကျွန်တော်သွားတွေ့ခဲ့ရပါတယ်။ နိုင်ငံရေးအဖွဲ့အစည်းတွေ တရားဝင်ဖွဲကရမယ်ဆိုတော့ အဖွဲ့ချုပ်ကနေ ကွဲလာတဲ့ ဦးအောင်ကြီး (ကျာယီဝါလား) အဖွဲ့ကို မောင်သိန်းနိုင် ၀င်လိုက်ပါလို့ ကိုမောင်မိုးသူက တာဝန်ခွဲဝေပေး လိုက်တယ်။ ဦးအောင်ကြီးအဖွဲ့မှာ အမ်အေဒေါ်အုန်း လဲ ပါတဲ့အတွက် သူ့ဆရာမနဲ့ အတူ မောင်သိန်းနိုင်ပါသွား လေရဲ့။ နောက်တော့လည်း ဒုန်ရင်းဒုန်ရင်းဆိုသလို ကျူရှင်ဆရာပြန်လုပ်ပါတယ်။ မြန်မာစာသင်ရာမှာ “အတူမမြင်တဲ့ ကျူရှင်ဆရာ” အဖြစ် လူနာမည်ပါလိုက်ပြီး “ဂုဏ်ထူးကြီး” လို့တောင် နာမည်တွင်လာခဲ့ပါတယ်။ အဲဒါ တင်မိုးရဲ့ သူငယ်ချင်းပါပဲ။

အနီးကပ်အမြင်ကိုဖော်ပြရရင် တင်မိုးက မောင်သိန်းနိုင်ကို တွယ်တာတာထက်၊ မောင်သိန်းနိုင်က တင်မိုးကို တွယ်တာမှုပိုပါတယ်။ တွေ့စကတည်းက မောင်သိန်းနိုင်က တင်မိုးကို “ဂျမ်း”၊ “ဂျမ်း”နဲ့ အဖျားဆွတ်ခေါ်ခဲ့ပါတယ်။ တင်မိုးကတော့ “မောင်သိန်းနိုင်”လို့ပဲ ခေါ်ပါတယ်။ တင်မိုးက မောင်သိန်းနိုင်ထက် ၂-၃နှစ်လောက် အသက်ပိုကြီးပါတယ်။ တင်မိုးနဲ့ မောင်သိန်းနိုင် နှစ်ယောက်ပေါင်းပြီး မောင်စွမ်းရည်ဆိုတဲ့ ကလောင်အမည်ကို မောင်ဝင်းဖေ (မြင်းခြံ)အတွက် ချီးမြှင့်ခဲ့ပါတယ်။ မောင်သတ္တိကို မြန်မာလို ဘာသာပြန် တာ ဆိုပါတယ်။ (ဂုဏ်ထူးကြီးမှတ်မိပါစ)

သူတို့နှစ်ယောက်ဟာ တက္ကသိုလ်မရောက်ခင်က တစ်ယောက်ကိုတစ်ယောက် လုံးဝမသိကြပါ။ ၁၉၅၆ မှာ မောင်သိန်းနိုင်က မြန်မာစာဂုဏ်ထးနဲ့ ဆယ်တန်းအောင်သလို ၁၉၅၇ မှာ တင်မိုးအလောင်းအလျာ မောင်ဘဂျမ်းက မြန်မာစာဂုဏ်ထူးနဲ့ ဆယ်တန်းအောင်ခဲ့ပါတယ်။ မောင်သိန်းနိုင်က မုံရွာကအောင်တယ်။ မောင်ဘဂျမ်းက ရေစကြိုကအောင်တယ်။ မောင်သိန်းနိုင်က မူလတန်းပြဆရာအဖြစ် တစ်နှစ်လုပ်ပြီး ငွေစုခဲ့သေးတယ်။ သူက အိမ်ထောင်ရှိနေပြီ။ သားသမီး ၃-၄ ယောက် ရှိနေပါပြီ။ နောက်တစ်နှစ် ၁၉၅၇ ကျမှ နှစ်ယောက်အတူ တက္ကသိုလ်မှာ ဆုံကြတယ်။ ရောက်ရောက်ချင်းပဲ မင်းတို့ယောက် ငါ့အိမ်မှာ အတူနေ အတူစားလို့ မြန်မာစာကထိက ဦးမောင်မောင်တင်က ဖိတ်ခေါ်ပြီး တွေ့ဆုံပေးခဲ့ပါတယ်။ ဆရာကပဲ သူတို့နှစ်ယောက်ကို မြန်မာစာပါမောက္ခ ဦးချမ်းမြ (ခေတ်စမ်းစာဆိုမြကေတု) ရှေ့မှောက်ကို ပို့ပေးခဲ့ပါတယ်။

ဆရာဦးမောင်မောင်တင်က ကျွန်တော်မန္တလေးအထက(၁)မှာ ၈တန်း၊ ၉တန်း ကတည်းက စာပေ၀ါသနာ ပါခဲ့၊ စာရေးခဲ့တာကို ကြားသိထားရလို့ ကျွန်တော့်ကိုလည်း သူတို့နဲ့ တွဲပေးပါတယ်။ ပါမောက္ခ အခန်းကိုဝင်ကြတော့ တင်မိုးက ဖိနပ်ချွတ် ၀င်မယ်လုပ်တယ်။ တင်မိုးရဲ့ ဖိနပ်က စုတ်နေလို့တဲ့။ ဆရာက ကျောင်းသားတစ်ယောက်ကို အသစ်ဝယ်ခိုင်းတယ်။ မြန်မာစာဂုဏ်ထူးချင်းဆိုပေမယ့် တင်မိုးက မောင်သိန်းနိုင်မှာ မြောက်ကြွမြောက်ကြွနဲ့ တချွင်ချွင်မြည်နေတဲ့ ဆာလာအိတ်ကြီးထမ်းလာလို့ မျက်စိနောက်နေပါတယ်။ “ခင်ဗျားရော ဒါတွေမပါဘူးလား”လို့ မောင်သိန်းနိုင်ကမေးတယ်။ “ဘာတွေလဲ” ဆိုတော့ ဆုတံဆိပ်တွေ၊ ဖလား တွေတဲ့။ တင်မိုးက “ကျုပ်မှာ အဲဒါမျိုးတွေ တစ်ခုမှမရှိဘူး” လို့ ပြန်ကောလိုက်ပါတယ်။

မောင်သိန်းနိုင်မှာ ဆုတံဆိပ်တွေက ဆာလာအိတ်ကြီးနဲ့ တင်းနေအောင်ထည့်ပြီး ထမ်းလာရအောင် များပါတယ်။ ဦးသိန်းဖေမြင့်စာပေဆုတဲ့။ ကျောင်းတွင်းစာပေဆု။ မြို့နယ်အလိုက်စာပေဆု စသဖြင့်၊ ဆုတွေ ဒိုင်းတွေရထားတာပါ။ တင်မိုးက ရေစကြိုကဆိုတော့ မြို့ကငယ်လို့နဲ့ တူပါရဲ့။ ဆုတံဆိပ်နည်းပုံရပါတယ်။ ရသမျှကိုလည်း လုံးဝမသယ်ခဲ့ပါဘူး။ သူက မကြွားတတ်ဘူးတဲ့လေ။

သူတို့နှစ်ဦးကို ကလောင်ရှင်အသင်းနဲ့  ကျောင်းသားညီညွတ်ရေးတပ်ဦးအဖွဲ့ တွေထဲ ဆွဲထည့်သူက တက္ကသိုလ်ဝင်းတဲ့။ အမည်ရင်း “၀င်းမောင်” လူထုဂျာနယ်မှာ စာပေဆောင်းပါးတွေ မောင်သာနိုး နဲ့ အတူနေရေးနေသူပါ။ တင်မိုးက ကိုရင်လေးဘ၀နဲ့ “ကိုရင်ဂျမ်း”နာမည်ခံပြီး လူထုမှာကဗျာတွေ ရေးနေလို့ သူတို့ချင်း ဆက်စပ်မိသွားတာပါ။ မြန်မာစာဂုဏ်ထူးဆိုတာ အဲဒီခေတ်က သိပ်ရှားတာလည်း ပါတယ်။ တစ်နှစ်မှ တစ်ယောက်နှစ်ယောက်ပါဖို့ မလွယ်ပါဘူး။ ခုခေတ်တော့ နှစ်တိုင်း ရာချီပြီး ၁၀တန်း မြန်မာစာဂုဏ်ထူးတွေ ထွက်နေပါတယ်။ သူတို့ ၂ယောက်ရဲ့ စာစီစာကုံးတွေကို တရုတ်ကပြားတွေက ကျက်ဖြေကြတာပါ။ သူတို့မှတ်စု၊ သူတို့မြန်မာအဖြေတွေကလည်း “ရောင်းမလောက်”။

သူတို့နှစ်ယောက် မန္တလေးရောက်လျှင်ရောက်ချင်းပဲ ဆရာဦးမောင်မောင်တင်က ပုံနှိပ်တိုက်တွေ၊ စာအုပ်တိုက်တွေနဲ့ ဆက်ပေးပါတယ်။ အလွတ်ပညာသင်ကျောင်းတွေနဲ့လည်း ဆက်ပေးပါတယ်။ သူတို့စာစီစာ ကုံးတွေကို ကျောင်းတွေမှာ နမူနာယူရအောင်ဆိုပြီး ဦးမောင်မောင်တင်ပဲ ဖြန့်ပေးပါတယ်။ မောင်သိန်းနိုင်က ရတနာပုံအလွတ်ပညာသင်ကျောင်းမှာ မောင်ဘဂျမ်း (တင်မိုး) က ပွဲကုန်းအလွတ်ပညာသင်ကျောင်းမှာ မြန်မာစာအချိန်ပိုင်းကျူရှင်ဆရာတွေ ဖြစ်လာကြပါတယ်။ အလွတ်ပညာသင်ကျောင်း ဘော်ဒါဆောင်တွေမှာ လည်း ကျောင်းအိပ်ကျောင်းစား အခမဲ့နေခွင့်ရပြီး အဆောင်ဆရာအဖြစ်လည်း နေခွင့်ရပါတယ်။ တစ်နေရာစီ နေကြပေမယ့် တက္ကသိုလ်ကျောင်းသားလှုပ်ရှားမှုတွေနဲ့ စာပေကိစ္စတွေမှာ သူတို့နှစ်တစ်နေကုန် တွဲလုပ်နေကြ တဲ့အပြင် ညကျတော့ တင်မိုးရှိရာ နန်းရှေ့ ပွဲကုန်းကျောင်းဘော်ဒါဆောင်မှာ မောင်စွမ်းရည်ပါ အတူသွားအိပ်လေ့ ရှိကြပါတယ်။ ကြမ်းပိုးကိုက်တဲ့ ကုတင်သေးသေး၊ တစ်ယောက်အိပ်ကုတင်မှာ သုံးယောက်အိပ်ကြပါတယ်။ သူတို့နှစ်ယောက်လုံး အအိပ်ကြမ်းလို့ ကျွန်တော်က ကြမ်းပြင်ပေါ် ဆင်းအိပ်ရတာများပါတယ်။

အိပ်ရာထ၊ စားသောက်ပြီးရင် တက္ကသိုလ်နှစ်လည်မဂ္ဂဇင်းကိစ္စ၊ တက္ကသိုလ်ကလောင်ရှင်ရန်ပုံငွေ အလှူခံရေးကိစ္စ၊ တကသနဲ့ တပ်ဦးအဖွဲ့ကိစ္စတွေနဲ့ လုံးလည်လိုက်နေတတ်ပါတယ်။ ထူးခြားတာကတော့ တက္ကသိုလ်ဝန်း မောင်သိန်းနိုင်၊ တင်မိုးတို့ သုံးယောက်ပေါင်းမိမှ စာဆိုတော်နေ့တိုင်း စာဆိုတော်ကန်တော့ပွဲကို တက္ကသိုလ်မှာ နှစ်စဉ်တခမ်းတနား လုပ်ဖြစ်လာတာပါပဲ။ မိန်းဘီလ်ဒင်ခေါ်တဲ့ တက္ကသိုလ်အဆောင်မကြီးရဲ့ တောင်ဘက်ကွင်းပြင်မှာ သဲဖြူခင်း၊ ရာဇမက်ကာ၊ ဒေါင့်တွေမှာ ငှက်ပျောပင်စိုက်ပြီး အဆောင်မကြီးပေါ်က မီးမောင်းထိုးကျင်းပတာပါ။ အမာစိန်၊ နွဲ့နွဲ့စန်းတို့ အငြိမ့်ပွဲနဲ့ ဧည့်ခံပါတယ်။ မောင်သိန်းနိုင်လုပ်မှ ပိုပြီး စည်ကား လာလိုက်တာ၊ ကလောင်ရှင်အသင်းလှုပ်ရှားမှုဟာ ကျောင်းသားတပ်ဦးလှုပ်ရှားမှုပြီးရင် အစည်ကားဆုံးပါ။ နိုင်ငံရေးအယူအဆမတူသူတွေ၊ ကျောင်းသားအဖွဲအစည်းမတူသူတွေ အားလုံးစာပေ၀ါသနာပါရင် လာရောက် စုစည်းနိုင်ကြတာကိုး။

၁၉၅၆-၅၇ ခုနှစ်ဆိုတာ မောင်သိန်းနိုင်၊ တင်မိုး၊ မောင်စောလွင် (လူထု)၊ မောင်စွမ်းရည်၊ ကြည်အောင်၊ မောင်မိုးသူ၊ ညွန့်အေး၊ ပင်းယမွှေး၊ ပင်းယဌေး၊ အရိုင်း (ရွှေမန်းညာမြေ)၊ ရွှေဘိုတူးမာ၊ မောင်လူခင်စတဲ့ ကလောင်သွေးနေသူတွေ တစ်ပြိုင်တည်း မန်းတက္ကသိုလ်ကို ရောက်လာကြတဲ့အပြင် ၁၉၅၃ အောက်တိုဘာ ကျောင်းသားလှုပ်ရှားမှုမှာ အဖမ်းခံ၊ အထုတ်ခံရတဲ့ မောင်သာနိုး (မောင်သိင်္ဂါ)၊ မုံရွာတင်ရွှေ၊ တက္ကသိုလ်ဝင်းတို့ လို ကျောင်းသားဟောင်းတွေ ပြန်ဝင်ခွင့်ရတဲ့နှစ်လည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် စာပေသမားတွေ တစ်ပြိုင်တည်း ဆုံမိနေကြပါတယ်။ သူတို့အရင်စာပေလောကထဲ ရောက်ကြတဲ့ မောင်ပေါက်စည်တို့၊ ဇော်ဇော်အောင်ခေါ် ဇော်(သလ္လာ) တို့ကလည်း ရှိနေကြတဲ့အပြင်၊ ပြင်ပမှာ ရှေ့နေလုပ်နေတဲ့ တက္ကသိုလ်မောင်ထွန်းဝေ၊ မောင်အောင်သျှန် (ကျူရှင်ဆရာ)၊ ဘုတလင်ချစ်လေး (အထက်တန်းပြဆရာ) တို့ကလည်း အဆက်အသွယ် မပြတ်လှပါဘူး။ တက္ကသိုလ်မောင်ထွန်းဝေက လူထုဦးလှနဲ့အတူ တက္ကသိုလ်ဆီးနိတ်အဖွဲ့မှာ ကျောင်းသား သမဂ္ဂကိုယ်စားလှယ်အဖြစ် ပါဝင်နေပါသေးတယ်။

နှစ်စဉ် စာဆိုတော်နေ့ အခမ်းအနားတွေမှာ ဆရာကြီးရွှေဥဒေါင်း၊ ဆရာကြီးမြမျိုးလွင်၊ ဆရာကြီး စစ်ကိုင်းဦးဖိုးသင်း၊ လူထုဦးလှ၊ ဆရာကြီးမြကေတု (မြန်မာစာပါမောက္ခဦးချမ်းမြ)၊ ဆရာမကြီးဒေါ်အုန်း၊ လူထု ဒေါ်အမာစတဲ့ သက်ကြီးစာဆိုများကို ကန်တော့ကြပါတယ်။ ကန်တော့ပြီးရင် အငြိမ့်ပွဲနဲ့ ဧည့်ခံပါတယ်။ အမစိန်ကို ကလောင်ရှင်အသင်းက တက္ကသိုလ်အမာစိန်-စလွယ်ကြီးချိတ်ဆွဲပေးပြီး ပွဲထုတ်မြှောက်စားခဲ့ကြပါ တယ်။ အမာစိန်ရဲ့ ဖခင်ကြီးက လေဘာတီမမြင်ရင်ရဲ့ အငြိမ့်တိုင်းအဖွဲ့မှာပါခဲ့တာဆိုတော့ မမြရင်သီချင်း (နန်းတော်ရှေ့ဆရာတင်နဲ့ မြို့မငြိမ်းတို့ရေးတဲ့ သီချင်းတွေလည်း ပြန်လည်ခေတ်စားခဲ့ပါတယ်။

မန်းတက္ကသိုလ်နဲ့ ရန်ကုန်တက္ကသိုလ်တို့ပူးပေါင်းပြီး တက္ကသိုလ်နဲ့ ကောလိပ်ကျောင်းသားပေါင်းစုံ ပညာရေးနှီးနှောဖလှယ်ပွဲကို​ ၁၉၅၈ မှာ ၀န်ကြီးချုပ်ဦးနုရဲ့ အားပေးမှုနဲ့ ရန်ကုန်မှာ ကျင်းပတော့ မောင်သိန်းနိုင် နဲ့ မောင်စွမ်းရည်တို့က တကသတာဝန်၊ ကလောင်ရှင်အသင်းတာဝန်တွေနဲ့ လိုက်ပါရပါတယ်။ တင်မိုးက မလိုက်တော့ဘူးလို့ဆိုပြီးမှ အဖော်တွေမကျန်ရစ်တော့ လိုက်ချင်တယ်ဆိုလို့ ကျွန်တော်က မလိုက်ဖြစ်တဲ့ ချင်းကျောင်သားကိုယ်စားလှယ်တစ်ယောက်ကိုယ်စား တင်မိုးကို ခေါ်ခဲ့ပါတယ်။ နာမည်က “ကေ-အယ်လ်-တိုက်ကွဲလ်” တဲ့။ တင်မိုးကို အဲဒီကစပြီး မောင်သိန်းနိုင်က “တိုက်ကွဲကြီး” လို့ ခေါ်ပါတယ်။ ရန်ကုန်ရောက်တော့ နေ့ခင်းတင်မိုးသွားချင်သမျှ ကသာဝင်းကြွယ် (ခင်မောင်ဝင်း) က လိုက်ပို့ရတယ်။ ညကျတော့ ကမ္ဘာအေး၊ ဒေါ်မြရီတန်ဆောင်းမှာ အိပ်ကြတဲ့အခါ မောင်သိန်းနိုင်က စောင့်ရှောက်ရပါတယ်။ မောင်သိန်းနိုင်နဲ့ မောင်စွမ်း ရည်တို့က အစည်းအဝေးထိုင်နေကြစဉ် တင်မိုးကအိပ်နေပြီး မန္တလေးက ရဲဘော်တွေ လုပ်ကြပါဦးလို့အော်ရင် ကိုသိန်းနိုင်က တင်မိုး စောင်လပ်နေတာ ပြေးပြီး ဖုံးဖိပေးရပါတယ်။ ခဏခဏထရတာ အလုပ်ပျက်တော့ အတွင်းခံဘောင်းဘီဝတ်လေ့မရှိတဲ့ သူယ်ချင်းကို စွပ်ကျယ်အင်္ကျီပြောင်းပြန်စွပ်နေပြီး လုံချည်ခါးတောင်းကျိုက် ပေးထားလိုက်မှ ငြိမ်သွားခဲ့ပါတယ်။

ပညာရေးနှီးနှောဖလှယ်ပွဲအဖွင့်ပွဲမှာ ကျွန်တော်တို့သုံးယောက် အတူဆုံခဲ့ပါတယ်။ မှတ်မှတ်ရရ ဖွင့်ပွဲ နေ့မှာ သီချင်းဆိုကြတယ်။ “ပညာရေးနှီးနှောဖလှယ်ရန်လာ။ လာ-လာ-ဟေ့လာ” ဆိုတဲ့သီချင်းကို ဆိုဖို့ မတ်တတ်ရပ်လိုက်တော့ မောင်သိန်းနိုင် ရုတ်တရက် ရပ်လိုက်တာ သူ့ရှေ့က စားပွဲခုံကို တိုက်ပြီး လဲကျလို့ ပွဲလန့်သွားတာကို သတိရမိပါရဲ့။ ပွဲပြီးလို့ ပြန်ကြတော့ ဘူတာကြီးကို ရုပ်ရှင်မင်းသားကိုမြတ်လးတို့ လိုက်ပို့တယ်။ တင်မိုးက “ရန်ကုန်ရောက်လို့မှ ရွှေတိဂုံဘုရားမဖူးရသေးသ၍ မပြန်သေးဘူး” လို့ ဘူတာရောက်မှ “ဂျီကျ” ပါတယ်။ ကိုမြတ်လေးက “ငါတာဝန်ယူတယ်၊ နေခဲ့” လို့ ၀င်ပြေောတာ့ သူ့ငွေကိုပါ ထိန်းသိမ်းရတဲ့ မောင်သိန်းနိုင်ကို “ပိုက်ဆံပေးခဲ့” လို့ တောင်းတယ်။ မောင်သိန်းနိုင်နဲ့ မောင်စွမ်းရည်နှစ်ယောက်ပေါင်းမှ ဆယ့်သုံးကျပ်ပဲ ကျန်တယ်။ လမ်းမှာ မုန့်ဝယ်စားဖို့ တစ်ကျပ်စီပဲ နုတ်ထားပါတယ်။ “ကဲ-ဒါအကုန်ပဲ” လို့ မောင်သိန်းနိုင်ငွေစက္ကူကျပ်တန်ဆယ့်သုံးရွက်ကို တင်မိုးလက်ထဲ လက်နှစ်ဖက်နဲ့ ရိုရိုသေသေပေးတယ်။ တင်မိုးက ထွက်စပြုနေတဲ့ ရထားဘီးတွေကြားထဲကို ငွေစက္ကူတွေ လုံးချေပြီး လွှင့်ပစ်လိုက်ပါတယ်။ ပြီးမှ လာသွားမယ်ဆိုပြီး ကိုမြတ်လေးရဲ့ လက်ကိုဆွဲပြီး နေရစ်လေရဲ့။

အဲဒီက ပြန်လာပြီးမှ (ထင်တယ်) ကလောင်ရှင်အသင်း စာစဉ်ဆိုပြီး တင်မိုးနဲ့ မောင်သိန်းနိုင်တို့ စီစဉ် တယ်။ ပထမဆုံးထုတ်ဖြစ်တဲ့ စာအုပ်က “ဖလ်မီးအိမ်”ကဗျာစာအုပ်ပါ။ သူတို့နှစ်ယောက်ထဲ ကျိတ်ကြံပြီး မောင်သိန်းနိုင်ရဲ့ ဆွဲကြိုးပေါင်ပြီး စာစဉ် (၁) ကို ထုတ်ကြဖို့ စီစဉ်တာပါ။ မြန်မာစာပါမောက္ခဆီကို အမှာစာ တောင်းဖို့ကိစ္စမှာ သူတို့မသွားရဲမှ မောင်စွမ်းရည်ကို ခေါ်တိုင်ပင်ပြောဆိုတာပါ။ မြန်မာစာပါမောက္ခရေး မပေးလို့ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်၊ ဆရာဒဂုန်တာရာတို့ဆိုလို့ အမှာစာသွားတောင်းချေဆိုတော့လည်း “လူရည်လည်” လို့ သူတို့ထင်တားတဲ့ မောင်စွမ်းရည်ကို ရန်ကုန်လွှတ်ပါတယ်။ ဆရာဇော်ဂျီတို့ကတော့ စာပေဗိမာန်ကဗျာဆုရွေးချယ်ရေးအဖွဲ့မှာ သူတို့ပါနေလို့ အမှာရေးဖို့မသင့်ဘူး။ ဒါပေမဲ့ အမှာစာထက်ကောင်းတဲ့ ချီကျူးအားပေးစာတွေ ရေးပေးလိုက်ကြလို့ ဆရာတွေကိုပါ ပြတဲ့အခါ မြန်မာစာပါမောက္ခကပါ အံ့သြ၀မ်းသာ ဖြစ်ခဲ့ပါတယ်။ စာပေလောကမှာ ကဗျာကြယ်တပွင့် တောက်လာမှာမို့ ၀မ်းသာကြောင်း ရေးတဲ့စာပါ။

ဖန်မီးအိမ်စာအုပ်ထွက်ခါနီးမှ ကလောင်နာမည် “ကန်မြဲနန်းမြင့်နွယ်” လို့ ပြောင်းဖို့ ကြိုးစားကြပါတယ်။ “မောင်သတ္တိ”လို့ ရွေးပြီးမှ မြန်မာလိုလုပ်ပါလို့ တစ်ယောက်က ၀င်ပြောလို့ မောင်သတ္တိကိုပဲ မြန်မာလို “မောင်စွမ်းရည်”၊ “”မောင်ရဲရင့်” စသည်တွေးကြပါတယ်။ နောက်ဆုံး “မောင်စွမ်းရည်” လို့ ကိုဘဂျမ်းက ရွေးလိုက်ပြီးမှ ဘေးမှာချထားတဲ့ ငွေတာရီမဂ္ဂဇင်းထဲက ထင်ပါရဲ့။ ကဗျာစာသား “ထိပ်ဝယ်တင်မိုး၊ ငါရှိခိုးသည်၊ မိုးသို့ ငါ့ဉာဏ်ကျယ်စေသော” ဆိုတာကို သွားဖတ်မိပြီး တင်မိုးလို့ ရွေးလိုက်ပါတယ်။ “မောင်စွမ်းရည်”နာမည်ကို မောင်သိန်းနိုင်ယူပါဆိုတော့ “ငါက သွေးသောက်မှာ “တက္ကသိုလ်သိန်းနိုင်”၊ “အရက်ဖိုမောင်ယိမ်းယိုင်” ဆိုတဲ့ ကလောင်နာမည်ယူပြီးနေပြီ။ “မင်းယူ”ဆိုပြီး မောင်ဝင်းဖေ (မြင်းခြံ) ကို မောင်စွမ်းရည်ဘွဲ့နှင်းလိုက်ပါတယ်။ ဒီလိုနဲ့ မောင်ဝင်းဖေကို မောင်ဘဂျမ်းနဲ့ မောင်သိန်းနိုင်တို့ရဲ့ “အချစ်”တွေနဲ့ မောင်စွမ်းရည်နာမည် ချီးမြှင့် ပေးလိုက်ခဲ့ကြပါတယ်။

တင်မိုးရဲ့ “ဖန်မီးအိမ်” ကဗျာစာအုပ်က နာမည်ကြီးကဗျာဆရာတွေကိုကျော်ပြီး စာပေဗိမာန်ဆုရလိုက် တော့ မောင်သိန်းနိုင်က သူဆုရသလို ဆွေ့ဆွေ့ခုန်ဝမ်းသာတယ်။ ကလောင်ရှင်အသင်းစာစဉ်တွေ ဆက်ထုတ်ဖို့ ကြိုးစားပါတယ်။ ကြည်အောင် ဆုရပြန်တော့ ပိုအားတက်လာကြပြီး တင်မိုးနဲ့ မောင်ညိုကြီးတို့က မောင်စွမ်းရည်ရဲ့ “အနီနဲ့ အပြာ” ကို အင်္ဂလိပ်လိုနဲ့တွဲထုတ်ပေးတယ်။ ဆုရတယ်။ နောက် ကိုလေး ဆုရပြန်တယ်။ မောင်သိန်းနိုင်ကလည်း ဇာတ်သဘင်တို့၊ ရုပ်သေးတို့နဲ့ သုတေသနဆိုင်ရာ ဆုတွေရတယ်။ ဒုတိယ၊ တတိယ စသည် ရပါတယ်။ သူလည်း မုံရွာအထက်တန်းကျောင်းမှာ ကဗျာဆုတွေရခဲ့တယ်။ တက္ကသိုလ်ရောက်မှ မြန်မာစာပြိုင်ပွဲတွေ လုပ်တော့ တင်မိုးနဲ့ မောင်သိန်းနိုင်တို့ပဲ ကဗျာဆု ဆောင်းပါးဆုတွေရကြပါတယ်။ ဒီတော့ သူလည်း သူ့သူငယ်ချင်းတွေနဲ့အတူ စာပေဗိမာန်ကဗျာဆု ၊ (အမျိုးသားစာပေ-ကဗျာဆု) ရချင်တယ်။ ဒါကြောင့် သူငယ်ချင်းတွေ အံ့အားသင့်သွားအောင် တိတ်တိတ်ပြိုင်ပွဲဝင်တယ်။ ပုံနှိပ်မူနဲ့ မတင်ဘဲ လက်နှိပ်စက်မူနဲ့တင် တယ်။ ဆုမရတော့မှ “ငါမင်းတို့ကို ကဗျာဆုရချင်လို့ ကဗျာစာအုပ်တစ်အုပ်ရေးပြီး လက်နှိပ်စက်စာမူနဲ့ တင်ခဲ့တယ်။ မရဘူးဟ” ဖွင့်ပြောပါတယ်။ (အဲဒီ စာအုပ်ထုတ်လိုက်ပါသူငယ်ချင်း။)

ကိုသိန်းနိုင်ဟာ ကဗျာကို စနစ်တကျရေးတတ်ပေမယ့် ကဗျာဉာဏ်မရှိဘူး။ သူ့စွမ်းဆောင်နိုင်တာ အစစ်က ပြဇာတ်ပဲ။ ရှေးဟောင်းသုတေသနတောင် ဇွဲနဲ့ မလုပ်ချင်ဘူး။ ပြဇာတ်ကိုတော့ ဆက်မလုပ်ဘူး။ လုပ်ရင် အောင်မြင်မှာပါ။ သူနဲ့ တင်မိုးတို့ကို ဆရာတွေနဲ့ တခြားသူငယ်ချင်းတွေ အထင်ကြီးတာက ရှေးစာပေ အဖတ်အမှတ်များတယ် ထင်လို့ပါ။ ကိုသိန်းနိုင်က တင်မိုးဟာ သူ့ထက် မြန်မာစာပေအဖတ်အမှတ် များတယ်ဆို လို့ အထင်ကြီးပါတယ်။ ဒါ့ကြောင့် တင်မိုးကို သူငယ်ချင်းဖြစ်ပေမယ့် ဆရာတစ်ဆူလို သဘောထားပြီး ချစ်ခင် လေးစားခဲ့တယ်။ တင်မိုးကို ထိုင်ပြီး ဦးချကန်တော့ဖူးပါတယ်။ တင်မိုးက အဲသလို၊ အဲသလောက် ရိုကျိုးတာမျိုး မကြိုက်ဘူး။

တစ်ခါက တင်မိုးနဲ့ မောင်သိန်းနိုင်တို့ တက္ကသိုလ်နယ်မြေမှာ လမ်းလျှောက်နေစဉ် မြန်မာစာပါမောက္ခ (ရန်ကုန်) ဦးဧမောင်နဲ့ ဆုံမိကြတော့ မောင်သိန်းနိုင်က ရုတ်ချည်းထိုင်ဝတ်ချတယ်။ ဒီလိုပဲ ဦးသိန်းဖေမြင့်ကို လည်း လမ်းသွားရင်းတွေ့တော့ မောင်သိန်းနိုင် ထိုင် ၀တ်ချတယ်။ အတူလာကြတာဆိုတော့ တင်မိုးလည်း ရပ်နေလို့မသင့်တဲ့အတွက် ထိုင်ဝတ်ချရတယ်။ လူကြီးတွေ လွန်သွားတော့ တင်မိုးက မောင်သိန်းနိုင်ကို ဆူပူငြူစူတယ်။ သူပါထိုင်ပြီး ၀တ်ချလိုက်ရလို့တဲ့။ မောင်သိန်းနိုင်က “ဟ-ငါ့ဖာသာဝတ်ချတာ၊ မင်းဝတ်မချချရင် မချနဲ့ပေါ့” လို့ ပြန်ပြောသတဲ့။ တင်မိုးက တော်ရုံသူမပြောနဲ့ တော်ရုံဘုန်းကြီးတောင်ဝတ်ချလေ့မရှိပါ။ တော်ရုံ တန်ရုံစာပေသမားကိုလည်း “ပညာရှိ” ခေါ်လောက်အောင် တတ်သိတယ်လို့ မထင်ပါ။ လူငယ်တွေကြား မှာလည်း သူအထင်ကြီးလောက်အောင် စာတတ်သူသိပ်မရှိပါ။ သူ့အနေနဲ့ သိသိသာသာ အလေးထား၊ လေးစားသူက မောင်သာနိုးတစ်ယောက်ပဲ ရှိပါတယ်။ ရိုးဂုဏ်ကိုလည်း လေးစားပါတယ်။

မောင်သိန်းနိုင်က တင်မိုးမွေးနေ့ကို နှစ်စဉ်လုပ်ပါတယ်။ တင်မိုးတားလို့မရပါ။ တင်မိုးထောင်ကျနေ လည်း အလွတ်မခံဘဲ တင်မိုးရဲ့အိမ်ကို သွားပြီး ထမင်းဟင်းအစုံနဲ့ မွေးနေ့ပွဲ နှစ်စဉ်ကျင်းပပါတယ်။ ဖန်မီးအိမ် ကဗျာစာအုပ်ငွေရတုပွဲ၊ ရွှေရတုပွဲများလည်း တခမ်းအနား ကျင်းပပါတယ်။ ဖန်မီးအိမ်ငွေရတုပွဲမှာဆိုရင် ခြံကျယ်ကြီးတစ်ခုအတွင်းမှာ ကြိုးတန်းတွေနဲ့ ဖန်မီးအိမ်တွေချိတ်ပြီး အကြေအညာက တင်မိုးလေးစား ချစ်ခင်တဲ့ ဆရာသမားတွေနဲ့ သူငယ်ချင်းတွေကိုဖိတ်ပြီး ခေါ်ကျင်းပခဲ့ပါတယ်။ ခေတ်စမ်းစာဆိုများပါရှိပါတယ်။ အခမ်းအနားမှူးက မောင်စွမ်းရည်ပါ။

တင်မိုးက မောင်သိန်းနိုင်ကို အရွယ်ချင်းမကွာလှပေမယ့် ညီငယ်လိုပဲ ချစ်ပါတယ်။ သူ့အပေါ်ဂရုစိုက် ယုယလွန်းတာကိုတော့ မနေတတ်ပါ။ ကျောင်းသားဘ၀မှာကို ရေမိုးချိုး၊ အ၀တ်အစား လဲလှယ်ပေးတာကအစ ဂရုစိုက်ခဲ့တာမဟုတ်လား။ ဘာပဲဖြစ်ဖြစ် မောင်သိန်းနိုင်ကတော့ တင်မိုးကို သူငယ်ချင်းလိုရော၊ ဆရာသမား လိုပါ ချစ်ရှာတာပါ။ လေးစားချစ်ခင်တာလို့ ပြောရမှာပါ။ တင်မိုးထောင်ကလွတ်တဲ့နေ့မှာဆိုရင် မောင်သိန်းနိုင်က ထောင်ဗူးဝထိ ကားနဲ့ သွားကြိုတာပါ။ သူငယ်ချင်းနှစ်ယောက် ဖက်ငိုကြတာပါ။ တင်မိုးကွယ်လွန်တော့ အမေရိက ရေခြားမြေခြားရာအရပ်မှာပါ။ ရင်းနှီးသူငယ်ပေါင်းထဲက ပန်းချီဝင်းဖေ၊ ကဗျာဝင်းဖေ (မောင်စွမ်းရည်) နဲ့ ဒေါက်တာအောင်ထွန်း (ရေစကြိုကျောင်းနေဖက်) တို့ပဲ ရှိတာ။ မောင်သိန်းနိုင်ကတော့ ဗမာပြည်မှာပဲ ငိုပွဲဆင်ခဲ့ရတယ် ကြားပါတယ်။

တင်မိုးကွယ်လွန်တာ ၁၀နှစ်မြောက်နေ့က ဗမာပြည်ရန်ကုန်မှာ တင်မိုးအရိုးအိုးကို အမေရိကားက သယ်ယူသွားပြီး ဂူသွင်းသဂြိ င်္ုဟ်ခဲ့ပါတယ်။ သူ့သမီးများက တင်မိုးရဲ့ အုတ်ဂူကို သူတို့အမေရဲ့ အုတ်ဂူကြားမှာ ယှဉ်ပြီး ပြုလုပ်ခဲ့ကြပါတယ်။ တင်မိုးကွယ်လွန် ၁၀နှစ်မြောက်ပွဲမှာ ငယ်သူငယ်ချင်းမောင်သိန်းနိုင် အားရပါးရ လွမ်းစကား ချွေခွင့်ရသွားခဲ့ပါတယ်။ တကယ်တော့ မောင်သိန်းနိုင်ရယ်၊ တင်မိုးရယ်၊ မောင်စွမ်းရည်ရယ်၊ သုံးယောက်အတွဲပါ။ ဘေးကမြင်တာက သူတို့ကို မြန်မာစာဂုဏ်ထူးရှင်တွေအဖြစ် နှစ်ယောက်တွဲပဲ မြင်ခဲ့ကြပါ တယ်။ သူတို့နှစ်ယောက်ကလည်း မောင်စွမ်းရည်ကို သုံးယောက်အတွဲလိုက်ရယ်လို့ မြင်ခဲ့ကြရဲ့လား မသိပါ။ အမေရိကားမှာတော့ တင်မိုးနဲ့ မောင်စွမ်းရည်နှစ်ယောက်တွဲပဲ မြင်စရာရှိပါတယ်။ တကယ်တာ့ မန္တလေးက ခွဲသွားတာလည်း တင်မိုးပါ။ ရန်ကုန်ကခွဲသွားတာလည်း တင်မိုးပါ။ နောက်ဆုံးအမေရိကားမှာ ခွဲသွားတာလည်း တင်မိုးပါပဲ။ ဗမာပြည်မှာတော့ မောင်သိန်းနိုင်က အသက် ၈၀ ကျော်ပေမယ့် အလုပ်က အနားမယူသေးပါ။ တွဲချိန်ရမယ် မဟုတ်ပါ။ ဘာပဲဖြစ်ဖြစ် တစ်နေ့တော့ အပြီးအပိုင်ခွဲကြရမှာချည်းပါပဲမဟုတ်ပါဘား။ ဒင်းတို့နှစ်ဦး နောင်ဘ၀မှာလည်း ဆုံကြပါစေ။

မောင်စွမ်းရည်
၂၀၁၇ မတ် ၈
နယူးယောက်

(မိုးမခမအယ်ဒီတာမှတ်ချက် – ဒီစာကို ဖတ်မိသူများ ဆရာကြီး ဂုဏ်ထူးသိန်းနိုင်ကို သွားပြောကြပါ၊ သူငယ်ချင်း တင်မိုး ဆိုတဲ့ ခေါင်းစဉ်နဲ့ မောင်စွမ်းရည်စာအုပ်ထုတ်မှာ၊ ခုထိ ဦးသိန်းနိုင်ဆီက အမှာစာ မရသေးပါကြောင်းလို့။ ဆရာကြီး မောင်မိုးသူနဲ့ ဆရာကြီး မောင်သာနိုးဆီကလည်း အမှာစာတွေ မရသေးပါကြောင်း၊ (မောင်ရစ်)) သက်ဆိုက်ရာကို အကြောင်းကြားပေးကြပါရန်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မောင်စွမ်းရည်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်